အခန်း (၇၆)
Vol. 9 Ch. 76
တုကတော် မစ္စစ်တု၏စကားကြောင့် ပေါ်ပေါက်လာသော ပြဿနာမှာ တုမိသားစု၏ တရားဝင် တောင်းပန်မှုတစ်ခုတည်းဖြင့် ရပ်တန့်သွားခြင်းမရှိပေ။
လူအများပြောလေ့ရှိသည့် စကားပုံအတိုင်းပင်– သစ်ပင်လဲသဖြင့် မျောက်များ ကွဲပြားကြရပြီး၊ ပြိုတော့မည့် နံရံအား လူတိုင်းက တွန်းချကြသည်။ မစ္စစ်တု ရုတ်တရက် အကျပ်အ တည်းနှင့် ကြုံတွေ့ရချိန်တွင် သူ့အပေါ်ထားရှိသော လူထု၏ ယုံကြည်ကိုးစားမှုမှာ အရှိန်အဟုန်ဖြင့် ပြိုလဲပျက်စီးသွားခဲ့သည်။
ထိုသို့သော မျိုးရိုးမကောင်းသည့် သားအား မည်သည့် ဂုဏ်ရှိန်ရှိသော မိသားစုက မွေးထုတ်ပေးနိုင်မည်နည်း။ ထို့အပြင်၊ ဥပဒေအားသိလျက်နှင့် ဖောက်ဖျက်ကာ ပရိသတ်များအား မျောက်များသဖွယ် ဆက်ဆံခဲ့သော မိခင်နှင့်အတူ ဤတုမိသားစုမှာ စိတ်ဓာတ်ပိုင်းဆိုင်ရာ လုံးဝမကောင်းသည်မှာ သေချာပြီး သူတို့ ထုတ်ကုန်များလည်း အရည်အသွေးမမီနိုင်ပေ။
နောက်တစ်နေ့တွင် တုကုမ္ပဏီ၏ရှယ်ယာဈေးနှုန်းမှာ သမိုင်း ဝင် အနိမ့်ဆုံးသို့ထိုးဆင်းရောက်ရှိသွားခဲ့သည်။ ဆက်လက်လုပ်ဆောင်နေသော စီမံကိန်း အများအပြားကိုလည်း ချက် ချင်းရပ်ဆိုင်းခဲ့ရသည်။ အင်တာနက်စာမျက်နှာများမှာ ဝေဖန်ပြစ်တင်မှုများနှင့် ပြည့်နှက်ကာ ဆူညံနေသည်။
မစ္စစ်တု မျက်စိအောက်မှ အပျောက်မခံဘဲ ကာကွယ်ပေးခဲ့သော သူ့သားမှာ ထုံးစံအတိုင်း ဤအမှုကိစ္စတွင် ပါဝင်ပတ် သက်လာခဲ့သည်။ အဆင့်မြင့် အရာရှိများမှာ ဤကိစ္စအား အနီးကပ်စောင့်ကြည့်စစ်ဆေးနေကြသည်။ တုကျားဟောင်အား ပုံစံပြုအပြစ်ပေးကာ အရက်မူးပြီး မောင်းနှင်သူများအတွက် သတိပေးချက်တစ်ခုဖြစ်စေဖွယ်ရှိသည်။
မည်သည့် မိသားစုအင်အားမျှ ဤနေရာတွင် အသုံးဝင်တော့မည် မဟုတ်ပေ။ ဥပဒေအား ချိုးဖောက်ခဲ့လျှင် ပြစ်ဒဏ်မှာ ၎င်း၏တန်ဖိုးအတိုင်းသာ ကျသင့်မည် ဖြစ်သည်။
တုကျားဟောင် ထောင်ကျမည်မှာ သေချာနေပြီဖြစ်သော် လည်း သူ မည်မျှကြာကြာ ပြစ်ဒဏ်ကျခံရမည်ကိုသာ သိရန် ကျန်ရှိတော့သည်။
"နန်ယု! နန်ယု!"
တုမိသားစု ဗီလာအတွင်းပိုင်း၌ မျက်နှာမသာမယာနှင့် မျက် လုံးများ နီရဲရောင်ရဲနေသော မစ္စစ်တုမှာ နန်ယု နာမည်အား ဒေါသတကြီး ကြုံးဝါးခေါ်ဝေါ်နေသည်။ နန်ယုသာ သူမ ရှေ့တွင် ရှိနေပါက ခုန်အုပ်၍ကိုက်ဖြတ်တော့မည့်အလားပင်။
တုမိသားစုမှာ လွန်ခဲ့သော ရက်အနည်းငယ်ကတည်းက စတင် ဂယက်ရိုက်ခတ်နေခဲ့သည်။ ဒါရိုက်တာ ဘုတ်အဖွဲ့ဝင်များနှင့် အခြားသော ဆွေမျိုးများအားလုံးမှာ လင်မယားနှစ်ဦးအား ပြစ်တင်ဝေဖန်ရန် ရောက်လာကြသည်။ ၎င်းတို့သည်ရှင်းလင်း သော အဖြေတစ်ခုအားတောင်းဆိုခဲ့သည်။ မဟုတ်ပါက တုမိသားစုခေါင်းဆောင်နေရာအား ပြောင်းလဲရတော့မည်ဖြစ် သည်။
"အဲ့ဒါကို သူတို့က 'အလွန်အကျွံဆိုးသွမ်းမှုက နောက်ဆုံးမှာတော့ ကိုယ့်ကိုကိုယ် ပျက်စီးစေလိမ့်မယ်' လို့ခေါ်ကြတာပဲ!"
တစ်ချိန်တည်းတွင် နန်ကျီ တုမိသားစုသတင်းအား နန်ယုနှင့် မျှဝေပြောဆိုနေသည်။
"တုဝေဖုန်း အိပ်မက်ထဲမှာ အဖိုးတုဆီက နားရွက်ဆွဲလိမ်ခံရပြီး အဆူခံနေရမလား မသိဘူး"
အဖိုးနန်နှင့် အဖိုးတုတို့မှာ အတူတကွ စီးပွားရှာခဲ့ကြပြီး ရင်းနှီးသော မိတ်ဆွေများဖြစ်ခဲ့ကြသည်။ သို့သော်လည်း အဖိုးတုမှာ အမျိုးသမီးကိစ္စများနှင့် ပတ်သက်၍အလွန်အမင်း ဖြုန်းတီးခဲ့သည်။ ပြည့်တန်ဆာများအား ပေါ်ပေါ်ထင်ထင်ထားရှိခဲ့ပြီး စည်းမဲ့ကမ်းမဲ့ဖြင့် ကလေးများစွာမွေးဖွားခဲ့သည်။
၎င်းအပြုအမူများမှာ အဖိုးနန်အား စိတ်အနှောင့်အယှက်ဖြစ်စေခဲ့ပြီး သူတို့နှစ်ဦး တဖြည်းဖြည်းလမ်းခွဲခဲ့ကြရသည်။ တုမိသားစုမျိုးဆက်တိုင်းတွင် တကယ် ဆုတ်ယုတ်ပျက်စီးသွားခဲ့သည်အား မြင်တွေ့ရခြင်းမှာအံ့ဩစရာပင်။
"နင်က တကယ် အတင်းပြောတတ်တာပဲ"
နန်ယု တုမိသားစု၏ ဆင်းရဲဒုက္ခနှင့် ပတ်သက်၍သိပ်ပြီး တုံ့ပြန်မှု မရှိခဲ့ပေ။ ထိုအစား၊ နန်ကျီ၏တစ်နေ့ သုံးကြိမ်နီးပါး စိတ်အနှောင့်အယှက်ပေးသော ဖုန်းခေါ်ဆိုမှုများကြောင့် သူမ အနည်းငယ် စိတ်ပျက်မိသည်။ ၎င်းမှာ နန်ဂရု မကြာသေးမီက စီမံကိန်း လက်ကျန်များကုန်သွားပြီလားဟု တွေးတောမိစေ သည်။
ဖုန်းတစ်ဖက်မှ နန်ကျီ နန်ယုအား စိတ်မသက်မသာဖြင့် မျက် လုံးလှန်ပြလိုက်သည်။ နန်ယုက သူ အဲဒီလိုအချိန်ဖြုန်းနေတဲ့ အလုပ်မျိုး လုပ်နေတယ်လို့ထင်နေတာလား?
ဒါက နောက်ကွယ်မှာ အကြောင်းရင်းခိုင်လုံစွာရှိနေတဲ့ ကိစ္စပဲ!
နန်မိသားစုတွင် လူထုသဘောထားအား သီးခြားစောင့်ကြည့်စစ်ဆေးသည့် ဌာနတစ်ခုရှိသည်။ နန်ယု နာမည်မှာ မကြာသေးမီက မီဒီယာလောကတွင် မကြာခဏပေါ်ထွက်နေသဖြင့်၊ သူတို့ ၎င်းအား အထူးဂရုပြုရန်နှင့် အပျက်သဘောဆောင်သော ဝေဖန်မှုများအား ချက်ချင်းဖြေရှင်းရန်လိုအပ်သည်။
နန်ကျီ လွန်ခဲ့သော ရက်အနည်းငယ်ကတည်းက ထိုကိစ္စများအား အနီးကပ်စောင့်ကြည့်နေခဲ့သည်။ ထိုသို့ စောင့်ကြည့်နေစဉ်အတွင်း ပို့စ်တစ်ခုအား သူ မြင်လိုက်ရသည်။
ထိုပို့စ်မှာ သာမန်အလုပ်သမားတစ်ဦး၏ရေးသားမှုဖြစ်ပုံရသည်။ သူနှင့် သူ့သူငယ်ချင်းများမှာ ညနှောင်းပိုင်း စားသောက် ဆိုင်တွင် အပြင်ထွက်နေစဉ် နန်ယုနှင့် ရုပ်ဆင်တူသော အမျိုး သမီးတစ်ဦးအားတွေ့ရှိခဲ့ကြောင်းနှင့် အစားအစာများစွာဝယ် ယူသွားကြောင်း ရှင်းပြထားသည်။
ပို့စ်တွင် အနည်းငယ်မှုန်ဝါးနေသော၊ ထင်ထင်ရှားရှား လျှို့ဝှက်ရိုက်ယူထားသည့် ဓာတ်ပုံနှစ်ပုံပါဝင်သည်– တစ်ပုံက လူတစ်ဦး၏နောက်ကျောပုံအား ပြသထားပြီး၊ နောက်တစ်ပုံမှာ သူမ မောင်းလာသော ကားပုံအားပြသထားသည်။
နန်ယု နာမည်ပါဝင်နေခြင်းကြောင့် အင်တာနက်အသုံးပြုသူ များစွာမှာ သူ့အား လှောင်ပြောင်ရယ်မောခဲ့ကြသည်။ အဆင့် အတန်းမြင့်သော နန်ယုမှာ လမ်းဘေးဆိုင်တွင် မည်သို့စားသောက်နိုင်မည်နည်းဟု သံသယဖြင့် မေးခွန်းထုတ်ခဲ့ကြသည်။
သို့သော်၊ နန်ကျီဆိုတာ ဘယ်သူလဲ?
သူ ပြာဖြစ်သွားရင်တောင် သူ မှတ်မိလိမ့်မည်။ ထိုကားမှာ သူ့ လက်ဆောင်ပေးထားတာဆိုတာ ထည့်မပြောသေးပေ!
ဒါဆို သူ့ညီမလေး ညစာအတွက် အပြင်ထွက်ခဲ့တာလား ?
မရှင်းပြနိုင်သော ဉာဏ်ပညာအားပိုင်ဆိုင်ထားသော နန်ကျီ ဖေးယီကျန့်၏နောက်ဆုံးပေါ် သတင်းအချက်အလက်အား ရှာဖွေခိုင်းလိုက်သည်။
နန်ကျီ ဖေးယီကျန့် မကြာသေးမီက ဖေမိသားစုမှ ပြောင်းရွှေ့သွားကြောင်းသိထားသော်လည်း သူ ဘယ်ကိုသွားရောက်နေ ထိုင်သည်အား မသိခဲ့ပေ။
သို့သော် သုတေသနအချို့ ပြုလုပ်ပြီးနောက် အံ့ဩစရာကောင်းသော အချက်တစ်ချက်အား ရှာဖွေတွေ့ရှိလိုက်သည်။ ၎င်းမှာ ထိုညနှောင်းပိုင်း အစားအစာရောင်းသည့် နေရာအနီးနားမဟုတ်ပါလား? သူ့ညီမ ညသန်းခေါင်မှာ ဖေးယီကျန့်နဲ့ သွားတွေ့ခဲ့တာလား?
ဒါ၊ ဒါ၊ ဒါ!
နန်ကျီ နန်ယုအား တိုက်ရိုက်မေးမြန်းပါက စကားလုံးအနည်း ငယ်ဖြင့် ပယ်ချခံရမည်ကိုသိသည်။ ထို့ကြောင့် သူ သွယ်ဝိုက်သော နည်းလမ်းအားအသုံးပြုခဲ့သည်။
ဥပမာအားဖြင့် တုမိသားစုအကြောင်း ညည်းညူပြီးနောက် နန်ကျီ စကားဝိုင်းအား ဖေးမိသားစုဘက်သို့ အကြောင်းအရာ ပြောင်းလိုက်သည်။
"ဖေးမိသားစုက အခုတော့ရှုပ်ထွေးနေပြီ၊ ဖေးယီကျန့် ဘာတွေ စဉ်းစားနေလဲ မသိဘူး"
"သူ ဖေးမိသားစုကိုဖျက်ဆီးဖို့ ကြိုးစားနေတာ ဖြစ်နိုင်တယ်"
နန်ကျီ: ...
ဖေးယီကျန့် ဘာလို့ ဒီလိုလုပ်ရတာလဲဆိုတာကိုမပြောခင်၊ ညီမလေး နင်က ဘယ်လိုသိတာလဲ ? နင်တို့နှစ်ယောက်က ဒီလိုကိစ္စမျိုးကို မျှဝေနိုင်လောက်အောင် ရင်းနှီးနေကြပြီလား ?
နန်ကျီ ဖေးယီကျန့်နှင့် အမြန်ဆုံးစကားပြောရန် လိုအပ်သည်ဟုဆုံးဖြတ်လိုက်သည်။
ကောင်းပြီ၊ ကောင်းပြီ၊ စကားပြောမယ်၊ စကားပြောရမယ်!
---
နန်ယု နန်ကျီ၏ရှုပ်ထွေးနက်နဲသော အတွေးများအား လုံးဝမသိရှိခဲ့ပေ။ တုမိသားစု ကိစ္စကိုတစ်ခန်းရပ်ပြီးနောက် နန်ယု အန်းနင်ထံမှ ဖိတ်ကြားချက်တစ်ခု လက်ခံရရှိခဲ့သည်။
အန်းနင်ဗိုက်မှာ အနည်းငယ်ထွက်နေပြီ ဖြစ်ပြီး မွေးဖွားမည့်ရက်မှာ လာမည့်နှစ် မေလခန့်တွင် ဖြစ်သည်။ သူမ ပထမသုံးလပတ်အားအောင်မြင်စွာ ဖြတ်ကျော်ပြီးနောက် သူမ နောက် ဆုံးတွင် အပြင်ထွက်နိုင်ခဲ့သည်။
နန်မိသားစုခြံဝင်းမှာ ကျယ်ဝန်းလှသည်။ တစ်နေကုန် လမ်း လျှောက်လျှင်တောင် မလုံလောက်သော်ငြားလည်း ၎င်းသည် အတော်လေး ဟာလာဟင်းလင်းဆန်နေဆဲဖြစ်သည်။ လူများမှာ လူမှုရေးရှိသော သတ္တဝါများဖြစ်လေရာ ရံဖန်ရံခါနေ့စဉ်ဘဝ၏ရိုးရှင်းသော အငွေ့အသက်အားလိုချင်ကြဆဲပင်။
သို့သော် သူမ နန်ကျီနှင့်အန်းရီရန်တို့နှင့်အတူ အပြင်ထွက်ပါက ၎င်းမှာ နောက်ထပ်ကြောက်မက်ဖွယ်ကောင်းသော နေ့တစ်နေ့ ဖြစ်ဖွယ်ရှိသည်။ ထိုသို့ စဉ်းစားမိသောအခါ အန်းနင် တွေးကြည့်ရုံဖြင့်ပင် ပင်ပန်းသည်ဟုခံစားရစေသည်။
အများကြီးစဉ်းစားပြီးနောက် သူ နန်ယုအား အတူတူစျေးဝယ် ထွက်ချင်လားဟုမေးသည့် မက်ဆေ့ချ်တစ်စောင် ပို့လိုက်သည်။
နန်ယု သေချာပေါက် သဘောတူလိုက်သည်။ သူမ လုပ်စရာ တခြားဘာမှ မရှိသဖြင့် ရံဖန်ရံခါလမ်းလျှောက်ခြင်းမှာ ကောင်းသော အကြံဖြစ်သည်။
ထို့ကြောင့် ဖေယွင်ကျင်းနှင့် အန်းရီရန်တို့ ကျောင်းတက်နေကြသည့် အချိန် နန်ကျီလည်း အလုပ်များနေသည့် အချိန်တွင် ထိုသူငယ်ချင်းနှစ်ဦးမှာမြို့တော်၏အထက်တန်းလွှာ အရောင်းဆိုင်များသို့ ပျော်ရွှင်စွာစျေးဝယ်ထွက်ခဲ့ကြသည်။
"ထူးဆန်းတယ် ဒီတစ်ခါ ဘာလို့ ဒီလောက် စိတ်သက်သာရာရနေမှန်းမသိဘူး"
သူတို့ အောင်မြင်စွာတွေ့ဆုံပြီးနောက် နန်ယု ညည်းတွားလိုက်သည်။
အန်းနင် ပြုံးလိုက်သည်။
"ကလေး ခေါ်မလာလို့မှတ်လား?"
သူတို့ အခြေအနေမှာ ခင်ပွန်းနှင့် ကလေးအားထားခဲ့ပြီး အချစ်ဆုံးသူငယ်ချင်းနှင့် အပြင်ထွက်သော အမျိုးသမီးတစ်ဦးနှင့်မတူပေဘူးလား? သူမသည် ကလေးအတွက် စိတ်ပူစရာမလိုတော့ဘဲ ထိုကြောင့် သူတို့ အလွန် စိတ်သက်သာရာ ရနေခြင်း ဖြစ်သည်။
နန်ယု သက်ပြင်းချလိုက်သည်။
"ငါ ဒီလိုအတွေ့အကြုံမျိုး ထပ်ရလိမ့်မယ်လို့ တစ်ခါမှ မတွေးခဲ့မိဘူး"
သူသည် လက်မထပ်ရသေးဘဲ၊ ကလေးလည်း မရသေးပေ!
၎င်းမှာ အဓိက အချက်မဟုတ်ပေ။ နန်ယု အန်းနင်ဗိုက်အား စိုးရိမ်တကြီး ကြည့်လိုက်သည်။
"ဈေးဝယ်ထွက်တာ ပင်ပန်းတာ ဘာညာ မဖြစ်ဘူးလား?"
နန်ယု ကိုယ်ဝန်ဆောင်များအပေါ် နားလည်မှုအကန့်အသတ် ရှိသော်လည်း ကလေးတစ်ဦး မွေးဖွားဖူးသူ အန်းနင်တွင် ကိုယ် တိုင်အတွေ့အကြုံအရ သိသင့်သော အကြံဉာဏ်များရှိသင့်သည်။
အန်းနင် ခေါင်းခါပြလိုက်သည်။
"မပင်ပန်းပါဘူး၊ လမ်းလျှောက်တာလေးပဲလေ... ငါတို့ ခဏလေး လမ်းလျှောက်ပြီးရင် စားသောက်ဖို့ တစ်နေရာရှာမယ်၊ အချိန်တိုင်း လျှောက်နေမှာမှ မဟုတ်တာ"
သူမ အန်းရီရန်အား ကိုယ်ဝန်ဆောင်စဉ်ကလည်း အလုပ် ဆက်လုပ်နေဆဲဖြစ်ကြောင်း၊ နေ့စဉ် မြေအောက်ရထား စီးခဲ့ရခြင်းမှာ ကြီးမားသော ကိစ္စမဟုတ်ကြောင်း ပြန်သတိရလိုက်သည်။ သူမ၏ ရုပ်ပိုင်းဆိုင်ရာ အခြေအနေအား သူမ နားလည်သည်။ ယခု ကိုယ်ဝန်ဆောင်ခြင်းမှာ ကောင်းမွန်နေပုံရသဖြင့် အနည်း ငယ်လမ်းလျှောက်ခြင်းသည်ပင် အကျိုးရှိလိမ့်မည်။
"ဒါနဲ့ ဆရာဝန်က မိန်းကလေးဖြစ်နိုင်တယ်လို့ပြောတယ်"
အန်းနင်နှင့် နန်ကျီတို့ ကလေး၏လိင်အား အမှန်တကယ် ဂရုမစိုက်ကြသည်မှာ သေချာပါသည်။ ဆရာဝန်မှာ သူတို့ စိတ်ဝင် စားသည်ဟု ယူဆပြီးမှသာလျှင် လိင်ကိုသိရှိကြောင်း သူတို့အား ပြောပြခဲ့သည်။
၎င်းမှာ ကောင်းသောကိစ္စပင်။ သူတို့ ကလေးအတွက် လိုအပ်သည်များအား ကြိုတင်ပြင်ဆင်နိုင်ပေသည်။
"ဟားဟားဟား၊ ကောနဲ့ ရီရန်တို့ အရမ်းပျော်နေကြလောက်တယ် ?"
တစ်ဦးမှာကလေးလိုချင်ခဲ့ပြီး၊ နောက်တစ်ဦးမှာ ညီမငယ်လေး လိုချင်ခဲ့သည်။ ၎င်းမှာ သူတို့ လိုချင်တောင့်တသည့်အတိုင်း ဖြစ်လာခဲ့သည်။
အန်းနင် ခေါင်းအား ညင်သာစွာငုံ့လိုက်ကာ ဗိုက်ကို ထိလိုက်သည်။
"ယောက်ျားလေးဖြစ်ဖြစ်၊ မိန်းကလေးဖြစ်ဖြစ် အဆင်ပြေပါတယ်.. ကောင်မလေးဆိုရင်တော့ ယုယု၊ နင့်လိုမျိုးလေး ဖြစ် လာစေချင်တယ်"
"ငါလား ? ငါ ငယ်ငယ်က အရမ်းဆိုးခဲ့တာပါ"
သူမသည် သဘောထားကွဲလွဲမှု အနည်းငယ်ရှိရုံဖြင့် မျက်ရည်များပင် ကျခဲ့သည်။ သူမ၏ချစ်စဖွယ် အသွင်အပြင်သာ မရှိခဲ့လျှင် သူမ အရိုက်ခံရမည်မှာ အသေအချာပင်။
နန်ယု မိမိကိုယ်ကို အပြစ်တင်သည့် စကားအားကြားသော အခါ အန်းနင် ချက်ချင်းပယ်ချလိုက်သည်။
"ယုယု၊ နင်က အရမ်းကောင်းပါတယ်... ငါ့ နှလုံးသားထဲမှာ နင်ကကမ္ဘာပေါ်မှာ အကောင်းဆုံးမိန်းကလေးပဲ"
နူးညံ့သိမ်မွေ့သော်လည်း အတွင်းစိတ်ခိုင်မာပြီး၊ ကြင်နာတတ်သော်လည်း အမှန်တရားအား မလွန်ဆန်သူ မဟုတ်ပေ။ သူမသည် ပွင့်လင်းလွတ်လပ်သော ဘဝတွင် ရှင်သန်နေပြီး မည်သည့်အခါမျှ ဆုံးရှုံးမှု မခံပေ။ မိခင်များအားလုံးမှာ သူတို့၏ ရင်သွေးငယ်များ နန်ယုကဲ့သို့ ဖြစ်လာစေရန်မျှော်လင့်ကြသည်ဟု အန်းနင် ယုံကြည်သည်။
နန်ယုမှာ အန်းနင် သူမအား ဤမျှလောက်အမြင့်မားဆုံးတန်ဖိုးထား သတ်မှတ်လိမ့်မည်ဟုမမျှော်လင့်ခဲ့ပေ။ သူ့မျက်လုံးများမှာ အန်းနင်ဗိုက်ပေါ်ရှိလက်အား လိုက်လံကြည့်ရှုနေမိသည်။
"ကောင်းပြီ၊ ဒါဆိုရင် ငါ သူ့ကို လေ့ကျင့်ပေးဖို့ခေါ်သွားမယ်! ငါကတော့ ဖက်ရှင်ကျတဲ့အမေကြီး ဒါမှမဟုတ် စံပြပုဂ္ဂိုလ်ဖြစ်လာလိမ့်မယ်"
"ဟားဟားဟား ~"
အန်းနင် ရယ်မောလိုက်သည်။
"ဟုတ်ပါပြီ! ဒါဆို ကလေးကိုယ်စား အန်တီ့ကို ကျေးဇူးတင်ပါတယ်"
သူတို့နှစ်ဦး ပျော်ရွှင်စွာစကားပြော၊ ရယ်မောရင်း သူတို့မျက်စိအား ဆွဲဆောင်သည့် မည်သည့် ဈေးဆိုင်ကိုမဆိုဝင်ရောက်ခဲ့ကြသည်။
သတိမထားလိုက်မိမီမှာပင် သူတို့ ခမ်းနားကြီးကျယ်သော ကလေးနှင့် ကလေးသုံးပစ္စည်းဆိုင်ကြီးသို့ ရောက်ရှိလာခဲ့သည်။ အန်းနင် အကြည့်မှာ ခဏတာ ရပ်တန့် ငြိမ်သက်သွားသည်အား မြင်သောအခါ နန်ယု သူမကို အားပေးသည့်သဘောဖြင့် ဆွဲခေါ်လိုက်သည်။
သူမ မည်သည့်အရာမျှ အလွန်အကျွံ ဖြစ်မည်မဟုတ်ကြောင်း သိသည်။ ထို့ကြောင့် သူမ ဤဝယ်ယူမှုအားလုံးကို အနာဂတ် တူမလေးအတွက် အန်တီထံမှ ကြိုဆိုလက်ဆောင်အဖြစ်သတ် မှတ်ရန် ဆုံးဖြတ်လိုက်သည်။
နန်ယု ဤခေတ်တွင် ကလေးပစ္စည်းများ၏ အမျိုးမျိုးသော ဆန်းသစ်ကွဲပြားမှုကို မမျှော်လင့်ခဲ့ပေ။
ပြီးတော့ သူတို့အားလုံးမှာ အသည်းယားစရာ ကောင်းလောက်အောင် ချစ်စရာကောင်းလှသည်။
အိမ်ရှိ သူမ၏လေးနှစ်သားလေး ဖေယွင်ကျင်းအား တွေးတောမိလိုက်သည်နှင့် နန်ယု စိတ်လှုပ်ရှားမှုဖြစ်ပေါ်လာခဲ့သည်။
"ဒါ Ultraman ရေဘူးလား?"
ဝယ်မယ် !
"အဲဒီ ဒိုင်နိုဆောဝတ်စုံက အရမ်းမိုက်တယ်!"
ဝယ်မယ်!
"ပြီးတော့ ဒီဘဲဝတ်စုံက ရေချိုးချိန်မှာ ပျော်စရာကောင်းတာတွေ ဖြစ်လာမှာသေချာတယ်"
ဝယ်!
အခြားသော ကျပန်းပစ္စည်းများအတွက်မူ နန်ယု သူ့ကိုယ်သူအတွက် အချို့အားဝယ်ယူခဲ့သည်။
သူမ ကလေးဘဝတွင် မကစားခဲ့ရသောအရာများအား အသက်ကြီးလာသောအခါ ပြန်လည် ဖြည့်ဆည်းနိုင်ပေသည်။
နောက်ဆုံးတွင် ငွေရှင်းချိန်ရောက်သောအခါ ဆိုင်ဝန်ထမ်း သုံးဦးမှာ သူတို့ ပစ္စည်းများအား သယ်ယူရာတွင် ကူညီပေးခဲ့သည်။ ဂရုတစိုက်ရှိသော ပို့ဆောင်ရေးဝန်ဆောင်မှုကိုပင် စီစဉ်ပေးခဲ့ကြသည်။ ၎င်းမှာ နန်ယုအား ကိုယ်ရံတော်များကို ခေါ်ယူရန်ပင် မလိုတော့ပေ။
နန်ကျီ အန်းနင် အပြင်ထွက်ခြင်းအား စိုးရိမ်နေသည်မှာ ထင် ရှားသည်။ ထို့ကြောင့် သူတို့၏ စျေးဝယ်ထွက်ခြင်းအား အနှောင့်အယှက်မပေး လိုခဲ့ကြပေ။ ကိုယ်ရံတော်များမှာ အရာအားလုံးအား ကွယ်ဝှက်၍ ဆောင်ရွက်ခဲ့ကြသော်လည်း အန်းနင် ဘာမှမသိခဲ့သကဲ့သို့ပင်။
ထို့ကြောင့် နန်ယု မလိုအပ်သော စကားများအားမပြောခဲ့ပေ။
"နန်ယုလား?"
နေ့လည်ခင်း အချိန် နီးနေပြီဖြစ်ပြီး သူတို့နှစ်ဦး ခေတ္တနားကာ စားသောက်ရန် နေရာရှာရန် ပြင်ဆင်နေစဉ်တွင် နောက်ကွယ်မှ အသံတစ်သံအားကြားလိုက်ရသည်။
ကြည်လင်ပြတ်သားပြီး သာယာသော ယောက်ျားအသံ ဖြစ် သည်။
နန်ယု ထိုအသံပိုင်ရှင်အား ချက်ချင်းသိလိုက်သည်။
"ပေထန်ချင်းယဲ့"
ပေထန်သခင်ကြီး မွေးနေ့ပွဲပြီးနောက် နန်ယု ပေထန်မိသားစုဝင်တစ်ဦးအား ယခုပထမဆုံးအကြိမ်ဆုံတွေ့ခြင်း ဖြစ်သည်။
လတ်တလောတွင် အရှုပ်တော်ပုံများစွာဖြစ်ပွားခဲ့ပြီး ပေထန် ချင်းယဲ့၏ ဖခင်ပေထန်ယောင်မှာ ရဲစခန်းသို့ပင် ခေါ်ဆောင်စစ်ဆေးခြင်းခံခဲ့ရသော်လည်း ပေထန်ချင်းယဲ့ ထိုကိစ္စများအား စိတ်အနှောင့်အယှက်ဖြစ်ပုံမရပေ။
နန်မိသားစုဝင်ဖြစ်သော နန်ယုအားမြင်သောအခါ သူ့မျက်နှာတွင် ဒေါသ သို့မဟုတ် စိတ်ပျက်အားငယ်သည့် အရိပ်အ ယောင်မျှပင်မပေါ်ချေ။ ထို့အစား၊ သူ သူမအားတည်ငြိမ်စွာ နှုတ်ဆက်ပြီး အပေါ်ထပ်သို့လက်ညှိုးထိုးပြလိုက်သည်။
"ကျွန်တော် စာအုပ်အချို့ ရှာဖို့လာခဲ့တာပါ၊ ခင်ဗျားတို့ကို ဆက်ပြီး အနှောင့်အယှက်မပေးတော့ပါဘူး၊ အဆင်ပြေပြေ ဈေးဝယ်ထွက်နိုင်ကြပါစေ"
နန်ယု မှတ်ဉာဏ်ထဲတွင် ပေထန်ချင်းယဲ့သည် စာအုပ်များအား အလွန်နှစ်သက်သူ တစ်ဦးဖြစ်သည်။ ချမ်းသာသော ဒုတိယမျိုးဆက်များ၏အပျော်အပါး လိုက်စားရာနေရာများကိုလည်း အမြဲ ရှောင်ရှားသူဖြစ်သည်။ သူ၏အကြီးမားဆုံး ဝါသနာမှာ စာအုပ်ဖတ်ခြင်းသာ။
နန်ယုနှင့် ပေထန်မှာ အသက်အရွယ်ချင်းတူညီကြသော်လည်း သူ့အမူအရာမှာ အသက်ငါးဆယ် သို့မဟုတ် ခြောက်ဆယ်အရွယ် အငြိမ်းစားယူထားသော လူကြီးတစ်ဦးကဲ့သို့ဖြစ်နေ သည်။ ၎င်းမှာ ပေထန်မိသားစု၏ဆူညံသော ပတ်ဝန်းကျင်နှင့် သိသိသာသာ ကွဲပြားခြားနားနေသည်။
သို့သော်လည်း ပေထန်ယောင်တွင် သားသမီးများစွာရှိနေသော ကြောင့် သူ ပေထန်ချင်းယဲ့၏အပြုအမူအား အထူးတလည် ဂရုမစိုက်ပေ။ သူ သူ့အား ကျွေးမွေးဖို့သာလိုအပ်သည်။
"ကောင်းပါပြီ၊ နှုတ်ဆက်ပါတယ်"
ထိုသူမှာ ဤမျှ ရည်မွန်ယဉ်ကျေးစွာဆက်ဆံသဖြင့် နန်ယု သူ့အား အပြစ်တင်စရာအကြောင်းမရှိတော့ပေ။
နှုတ်ဆက်စကားများပြောဆိုပြီးနောက် သူတို့ တစ်လမ်းစီခွဲခွာသွားခဲ့ကြသည်။
သို့သော် ထိုသူထွက်ခွာသွားပြီးနောက် အန်းနင် သက်ပြင်းချလိုက်သည်။
"ဒီလူက ပေထန်မိသားစုဝင်နဲ့ မတူပါဘူး"
အမှန်စင်စစ် ပေထန်ချင်းယဲ့မှာ သူ့ ကိုယ်ပိုင် မာနကြီးသည့် ဟန်ပန်တစ်ခုအား ပြသခဲ့သည်။ မည်သည့် လှည့်ကွက်များ၊ ကောက်ကျစ်မှုများက သူ့အတွက် အရေးမကြီးသကဲ့သို့ သူ ပါဝင်ပတ်သက်ရန် ငြင်းဆန်နေခဲ့သည်။
"ကောင်းတဲ့ အရာတွေက မကောင်းတဲ့ အခြေအနေတွေကနေ ထွက်ပေါ်လာတာလည်း ဖြစ်နိုင်ပါတယ်"
နန်ယု ဂရုမစိုက်ခဲ့ပေ။ သူမ ပေထန်မိသားစု မကြာမီက တည် ငြိမ်သွားကြောင်း ကြားခဲ့ရသည်။ ၎င်းတို့ ပိုင်ဆိုင်မှုဆယ်ပုံတစ်ပုံသာဆုံးရှုံးသော်လည်း အဖိုးကြီးပေထန် ပြတ်ပြတ်သားသား လုပ်ဆောင်မှုကြောင့် အနည်းငယ်မျှော်လင့်ချက် ရှိနေဆဲပင်။
သူမ နန်ကျီ ပြဿနာ လုံးဝပပျောက်စေချင်သည်ဟု ပြောခဲ့သည်ကို သတိရသော်လည်း သူ မည်သို့ စီစဉ်ခဲ့သည်အား သူမ တွေးတောနေမိသည်။ နောက်ဆုံး အဖိုးကြီးပေထန် ဉာဏ်ရည်ဖြင့် သူတို့သာ တစ်ခါတည်းဖမ်းမိပါက သူ အခွင့်အရေးယူနိုင်မည်မဟုတ်ပေ။
သူမသည် ပြန်ရောက်သောအခါ နန်ကျီအားမေးကြည့်ရမည်။ ၎င်း မေ့သွားမှာစိုးရသည်။
---
ညစာစားပြီးနောက် အန်းနင်နှင့် နန်ယုတို့ ခဏမျှ လမ်းလျှောက်ခဲ့ကြသည်။ ကိုယ်ဝန်ဆောင်အမျိုးသမီး၏အခြေအနေကြောင့် သူတို့ နားရန် ဆုံးဖြတ်လိုက်ကြသည်။ နောက်မှ စူးစမ်းလေ့လာရန် အချိန်များစွာရှိသောကြောင့် အလျင်စလို လုပ်ဆောင်ခြင်း မရှိခဲ့ကြပေ။
သို့သော် သူတို့ ဓာတ်လှေကားမှထွက်ပြီး မြေအောက်ကားရပ်နားရန်နေရာ သို့ ရောက်သောအခါ နန်ယု တစ်ခုခုမှားယွင်းနေသည်ကို အာရုံခံမိလိုက်သည်။
နန်ယု အန်းနင်လက်အား တစ်ဖက်ဖြင့်ကိုင်ထားသည်။ ထို့နောက် အရေးပေါ် ဆက်သွယ်ရန် ခလုတ်ကို နှိပ်နိုင်ရန်အတွက် သူ့ အိတ်ကပ်ထဲသို့ ကျန်လက်တစ်ဖက်ဖြင့်လှမ်းလိုက်သည်။
နန်ယု သူမ တစ်ယောက်တည်းဆိုလျှင် မကြောက်ပေ။ သို့ သော် ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦး ပတ်ဝန်းကျင်တွင် ရှိနေသဖြင့် သတိထားကပိုကောင်းသည်ဟု သူမ ခံစားရသည်။
"မစ္စနန်"
သူတို့နှစ်ဦး ကားဆီသို့ ရောက်ခါနီးတွင် စစ်တုရင်ကွက် အင်္ကျီ ဝတ်ထားသော လူတစ်ဦး လျှပ်စစ်တုတ်အာ ကိုင်ဆောင်လျက် နောက်ကွယ်မှ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
ထိုသူ့နောက်တွင် အခြားသော နေရာများမှ လူနှစ်ဆယ်ကျော် ထွက်ပေါ်လာခဲ့သည်။ သူတို့ တစ်ဦးစီ တုတ် သို့မဟုတ် ဓား အား ကိုင်ဆောင်ထားကြသည်။ ၎င်းတို့သည် မြေအောက်လောကအဖွဲ့ဝင်များဖြစ်သည်မှာ ရှင်းနေသည်။
နန်ယု ယာဉ်မောင်း မြေပြင်ပေါ်တွင် လဲလျောင်းနေသည်အား မြင်ခဲ့ရပြီးဖြစ်သည်။
"မင်းက ဒီရက်ပိုင်း နည်းနည်းမာန်တက်နေပုံပဲ၊ တစ်ယောက် ယောက်က မင်းကို မကျေနပ်လို့ မင်းကို သင်ခန်းစာပေးခိုင်း လိုက်တာ"
ခေါင်းဆောင်ဖြစ်ပုံရသော ထိုလူသည် "ဖူး" ဟူသော အသံဖြင့် မြေပြင်ပေါ်သို့ တံတွေးထွေး လိုက်သည်။
"စိတ်မပူပါနဲ့၊ ဒီကလုံခြုံရေး ကင်မရာစနစ်တွေ အားလုံးကို ငါတို့ပိတ်ထားပြီးပြီ..နာရီဝက်လောက် ဘယ်သူမှ လာမှာမဟုတ်ဘူးလို့ ငါ အာမခံတယ် ပြီးတော့ အကူအညီခေါ်ဖို့မစဉ်းစားနဲ့၊ အချက်ပြတာတွေက မကောင်းဘူး"
"မင်းရဲ့ ကိုယ်ရံတော်တွေ အတွက်ကတော့..."
ခေါင်းဆောင် လှောင်ပြောင်လိုက်သည်။
"သူတို့ မင်းကို ကာကွယ်ပေးနိုင်မယ်လို့ မထင်ပါဘူး"
နူးညံ့သော အမျိုးသမီးငယ်တစ်ဦးမှာ အနည်းငယ်ခြစ်ရာ ရလျှင်ပင် အချိန်အကြာကြီး ငိုနေလိမ့်မည် ဖြစ်သည်။
ခေါင်းဆောင် စကားဆုံးသောအခါ ပတ်ဝန်းကျင်တွင် ရယ်သံများ ပျံ့လွင့်လာပြီး ထိုသူတို့သည် နန်ယုနှင့် အခြားသူများအား အကူအညီမဲ့သော သိုးငယ်များကဲ့သို့ ကြည့်နေကြသည်။
ကိုယ်ရံတော်လေးဦး ချက်ချင်းထွက်ပေါ်လာခဲ့ပြီး နန်ယု နှင့် အန်းနင်အား လေးနက်သော အမူအရာများဖြင့်ဝန်းရံလိုက်သည်။
"မဒမ်၊ သခင်မလေး၊ ကျွန်တော်တို့ ကာကွယ်ပေးထားပါမယ်၊ အခုပဲ ပြေးပါ"
ယနေ့ ဖြစ်ပျက်ခဲ့သည့် ကိစ္စမှာ အချိန်အကြာကြီး စီစဉ်ထားခဲ့ပုံရသည်။
နန်မိသားစုအား လူသိရှင်ကြား စိန်ခေါ်တိုက်ခိုက်ရဲတဲ့သူတွေ ရှိလိမ့်မယ်လို့ ဘယ်သူမှ မထင်ခဲ့ကြဘူး။ သူတို့က နန်မိသားစု လက်စားချေမှာကို မကြောက်ကြဘူးလား ?
တုမိသားစုကများလား? ပေထန်မိသားစုကလား?
ဒါမှမဟုတ် အတွင်းမှာလျှို့ဝှက်ပြီး ဖုံးကွယ်ထားတဲ့ တတိယလူများ ရှိနေတာလား ?