← Chapters

အခန်း (၇၇)

Vol. 9 Ch. 77

အခန်း (၇၇)

Vol. 9 Ch. 77

"ယုယု"

အန်းနင် နန်ယု လက်မောင်းအား ဆွဲကိုင်ကာ တိုးတိုးလေးပြောလိုက်သည်။

"နင် အရင်ပြေး၊ ငါ့ကို စိတ်မပူနဲ့"

သူမသည် ကိုယ်ဝန်သည်ဖြစ်သောကြောင့် ယခုအခါ ဝန်ထုပ် ဝန်ပိုးတစ်ခုဖြစ်နေကြောင်း အန်းနင်သိ၏။ နန်ယု တစ်ယောက် တည်းပြေးလွှားခြင်းဖြင့် လွတ်မြောက်ရန် ပိုအခွင့်အရေးရှိသည်။

နန်ယုအား ယနေ့ အပြင်ထွက်ရန် ဖိတ်ခေါ်ခဲ့သူမှာ သူဖြစ် သည်။ မဟုတ်လျှင် ဤကဲ့သို့ ဘေးအန္တရာယ်နှင့် ကြုံတွေ့ရမည် မဟုတ်ပေ။ နန်ယု တစ်စုံတစ်ရာထိခိုက်ခဲ့ပါလျှင် အန်းနင် သူ့ကိုယ် သူ ဘယ်တော့မှခွင့်လွှတ်နိုင်မည်မဟုတ်ပေ။

နန်ယု အန်းနင်လက်မောင်းအား ပုတ်၍နှစ်သိမ့်လိုက်သည်။ ထို့နောက် သူ့ လက်ကောက်ဝတ်မှ ပုလဲလက်ကောက်အား အသာအယာချွတ်လိုက်သည်။ လက်ဝတ်ရတနာများ ဝတ်လေ့မရှိသူပီပီ ထိုအခြေအနေအတွက် သုံးရန် "လက်နက်" တစ်ခုမျှ သူမ၌ မရှိချေ။

သူမ အခြေအနေအား စကင်န်ဖတ်ပြီး စိတ်ထဲမှအကဲဖြတ်လိုက်သည်။

"ငါ့ အတွက် စိတ်မပူနဲ့ ဒီနေရာမှာငြိမ်ငြိမ်လေးရပ်နေ၊ လှုပ်မသွားနဲ့""

စုစုပေါင်း လူ နှစ်ဆယ့်ခြောက်ဦး ရှိနေပြီး တစ်ဦးတစ်ယောက်မျှ သေနတ်ကိုင်ဆောင်ထားခြင်း မရှိသည်ကိုတွေ့ရသည်။ ၎င်းတို့အနက် ကိုးဦးမှာ သိုင်းပညာရှင်တို့နှင့် ဆင်တူကာ သာမန်ခါးပိုက်နှိုက်ငယ်များကဲ့သို့ မဟုတ်သည်ကိုသတိပြုမိသည်။ ထိုကိုးဦးအား ဦးစွာရှင်းလင်းဖယ်ရှားရမည်။

ကျန်သူများအတွက်မူ နန်ယု ခေါင်းဆောင်အားတစ်ချက်ကြည့် လိုက်သည်။

"ကျွန်မက သူတို့ပေးတဲ့ ပိုက်ဆံထက် ဆယ်ဆပိုပေးနိုင်တယ်နော်"

"ဟဲဟဲ!"

ခေါင်းဆောင် လှောင်ပြောင်သည့်အမူအရာဖြင့် ရယ်မောလိုက်သည်။

"နင်တို့လို မိန်းမချောလေးတွေက ပိုက်ဆံရှိရင် အကုန်ပြီးတယ်လို့ တကယ်ကြီးထင်နေတာလား?"

"ငါ ပြောမယ်! ဒီနေ့ နင်တို့ကို သတ်မှာမဟုတ်ဘူး! ဓာတ်ပုံနည်းနည်းပဲရိုက်မှာ၊ နင်တို့ အကောင်းပကတိနေမယ်ဆိုရင် ငါတို့ အင်အားသုံးစရာမလိုဘူး ဒါပေမဲ့..."

ခေါင်းဆောင်အကြည့်မှာ အန်းနင်းထံသို့ ရုတ်ချည်းကျရောက်သွားသည်။

"ဒီမှာ ကိုယ်ဝန်သည်အမျိုးသမီးတစ်ယောက်ပါနေတယ် ဒါကြောင့် ငါတို့ အရမ်းကြီးရမ်းကားမှာ မဟုတ်ပါဘူး"

"ရှင်တို့ နန်မိသားစုကလက်စားချေမှာကို မကြောက်ဘူးလား!"

အန်းနင် ကြောက်ရွံ့မှုအားထိန်းချုပ်လိုက်ပြီး မျက်နှာချင်းဆိုင်ရှိ လူများအား ပြင်းထန်သောစူးရှသည့်အကြည့်ဖြင့် ကြည့်လိုက်သည်။ ဓာတ်ပုံရိုက်ခြင်းတဲ့လား ? ၎င်းမှာ သာမန်ဓာတ်ပုံမျှသာဖြစ်သည်ဟု ထင်ရလောက်အောင် သူမသည် အသိ ဉာဏ်မဲ့သူတစ်ဦး မဟုတ်ချေ။

ဓာတ်ပုံရိုက်ပြီးနောက် သူတို့ တကယ်တမ်း ဘာမှမလုပ်ဘဲနေလိမ့်မည်ဟုလည်း သူ လုံးဝမယုံကြည်ပေ။

မိန်းကလေးများအတွက် တစ်ခါတစ်ရံတွင် ကိုယ်ထိလက် ရောက်ခံစားရသည့် ထိခိုက်နစ်နာမှုအချို့မှာ အသက်သေခြင်းထက်ပင် ပိုရက်စက်ပြီး ကြောက်မက်ဖွယ်ကောင်းတတ်သည်။

မည်သူကများ သူတို့အား ဤမျှလောက်မုန်းတီးနေရသနည်း။

"နန်မိသားစုက ဘာလုပ်နိုင်မှာလဲ"

ခေါင်းဆောင်က စိတ်ပူပန်မှုကင်းမဲ့စွာပြောသည်။

"ဓာတ်ပုံတွေသာ ငါတို့လက်ထဲ ရောက်သွားရင် နန်မိသားစုက တစ်ခုခုလုပ်ရဲရင်တောင် အဆိုးဆုံးမှ ငါတို့ အားလုံးအတူတူ ဒုက္ခရောက်ရုံပေါ့"

"ဟားဟားဟား"

"ဟားဟားဟား"

ရယ်သံများမှာ ပိုကျယ်လောင်လာသည်။ ဤမျှ ဆူညံနေပါသော်လည်း မည်သူမျှရောက်မလာခဲ့ပေ။ သူတို့ ပြင်ဆင်မှုမှာ သေချာပေါက်ကောင်းမွန်လွန်းသည်။

"စကားမများနဲ့တော့! ဒီ ကိုယ်ရံတော် ၄ ယောက်ကိုအရင် ဖယ် ပစ်လိုက် မဟုတ်ရင် အဲ့နှစ်ယောက်က လိုက်လျောမယ်လို့ ငါ မထင်ဘူး"

ခေါင်းဆောင်၏အမိန့်ပေးသံနှင့်အတူ လူများမှာ နန်ယုနှင့် သူမ အဖွဲ့ထံသို့ အရှိန်အဟုန်ဖြင့်ပြေးဝင်လာကြသည်။ ကိုယ်ရံတော်လေးဦးသည် ထိုမျှများပြားသော လူအုပ်အား ယှဉ်ပြိုင်ရန်လုံးဝအခွင့်အရေးမရှိချေ။

ကိုယ်ရံတော်လေးဦး မည်မျှပင် ကျွမ်းကျင်ကြစေကာမူ လက် သီးနှစ်သီးဖြင့် လူအများအား အနိုင်ယူနိုင်မည်မဟုတ်ပေ။ ထိုမျှမက ၎င်းတို့အထဲတွင် သိုင်းပညာရှင်အချို့ပါဝင်နေပြီး သူတို့အကြောင်းအား ခေါင်းဆောင်ပင်မသိနိုင်ပေ။

သို့သော်! နန်ယု ရှိနေခဲ့သည်။

သူမ ဤငြိမ်းချမ်းသော ကမ္ဘာတွင်ပင် လေ့ကျင့်ခန်းအား တစ် ခါမျှမရပ်တန့်ခဲ့ခြင်းအတွက် ကိုယ့်ကိုကိုယ် ကျေးဇူးတင်မိပြန်သည်။

သူမ၏ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုမှာ ယခင်ဘဝ၏ အထွတ်အ ထိပ်သို့ မရောက်သေးသော်လည်း ဤလူများမှာပြောင်းလဲထားသော သတ္တဝါများမဟုတ်ကြချေ။

နန်ယုတွင် ပြောင်းလဲထားသော သတ္တဝါငါးဆယ်အား တစ်ဦးတည်းရင်ဆိုင်ဖူးသည့် ထူးခြားသောမှတ်တမ်းရှိခဲ့သည်။

တစ်ခုတည်းသောပြဿနာမှာ နန်ကျီအား ဤမျှအံ့မခန်းသော စွမ်းရည်များအား မည်သို့ရုတ်တရက်ရရှိခဲ့ကြောင်း ရှင်းပြရမည့်နည်းလမ်းပင်။ အဖြူရောင်မုတ်ဆိတ်မွေးရှိသော အဖိုး ကြီးကအိပ်မက်ထဲ သင်ပေးခဲ့သည်ဟု ပြောရမည်လား?

ထားလိုက်ပါတော့၊ ဒီလူတွေကို ရှင်းပြီးမှစဉ်းစားကြတာပေါ့၊ အခုလိုအရေးကြီးတဲ့အချိန်မှာ စိတ်ပျံ့လွင့်လို့မဖြစ်ဘူး။

နန်ယု သူ့ပုလဲလက်ကောက်မှ ကြိုးအားဆောင့်ဆွဲလိုက်ပြီး လက်နှစ်ဖက်အားကိုအသုံးပြုကာ မရေမတွက်နိုင်သော ပုလဲများအား လူအုပ်ဆီသို့အရှိန်ပြင်းပြင်းပစ်လွှတ်လိုက်သည်။

"အား! ငါ့မျက်လုံးတွေ!"

ချက်ချင်းလူတစ်ဒါဇင်ကျော် မျက်လုံးများအားဖုံးအုပ်ကာ အော်ဟစ်လဲကျသွားကြသည်။ နန်ယု အားမှာသိသိသာသာ ထူးခြားကောင်းမွန်ပြီး မျက်လုံးများမှာ ခန္ဓာကိုယ်၏အထိခိုက်လွယ်ဆုံးအစိတ်အပိုင်းဖြစ်သည်။ အချို့သာ မျက်လုံးအစား ထိုးမကုသနိုင်ပါက မျက်စိကွယ်ရန်ကံပါနေမည်ကို သူ စိုးရိမ်မိသည်။

သို့သော် နန်ယု သနားညှာတာမှုပြသရန် ရည်ရွယ်ချက်မရှိပေ။ ရန်သူအပေါ် နူးညံ့ခြင်းမှာ ကိုယ့်ကိုကို ရက်စက်ခြင်းဖြစ်သည် ဆိုသည့် နိယာမက သူမ စိတ်ထဲအမြစ်တွယ်နေသောကြောင့်ပင်။

"အန်းနင်ကို ကာကွယ်ထားကြ! ကျန်တာ ဘာမှစိတ်မပူနဲ့!"

လျင်မြန်စွာ ကိုယ်ရံတော်တစ်ဦးထံမှ လျှပ်စစ်တုတ်အားဆွဲယူလိုက်ပြီး နန်ယု အနီးဆုံးရှိ လူလေးဦးအားလျှပ်တပြက် အရှိန် အဟုန်ဖြင့် ရှင်းထုတ်လိုက်သည်။

ထိုအရှိန်၊ ထိုစွမ်းရည်... သူက စစ်မှန်တဲ့အထူးတပ်ဖွဲ့ဝင်တစ်ယောက် မဟုတ်ဘူးလား ?

ခေါင်းဆောင်နှင့် ကိုယ်ရံတော်များသာမက အန်းနင်ပင် မျက် လုံးများပြူးကျယ်သွားရသည်။

"ယုယု၊ သူ ဒီလောက်ထိ သန်မာတာလား?"

"သူ့ကို ထိုး! ထိုး! သူက မိန်းမတစ်ယောက်ပဲ! မင်းတို့ ဘာကို ကြောက်နေတာလဲ?"

ခေါင်းဆောင်မှာ အော်လိုက်ပြီး နန်ယုဆီသို့ တဟုန်ထိုး ပြေးဝင်သွားသည်။ သူတို့ ယနေ့ အမှန်တကယ်ပေါ့ဆခဲ့ကြသည်။ အမျိုးသမီးနှစ်ဦးမှာ ပြဿနာကြီးကြီးမားမား မဖြစ်စေနိုင်ဟု ထင်ခဲ့ကြသလို ကိုယ်ရံတော်များလည်း မယှဉ်နိုင်ဟုထင်ခဲ့ကြသည်။ နောက်ထပ် မိစ္ဆာတစ်ကောင်ပါလာလိမ့်မည်ဟု မည်သူကသိနိုင်မည်နည်း။

နန်ယု မျက်နှာသွင်ပြင်ကြောင့်သာမဟုတ်ခဲ့လျှင် ခေါင်းဆောင် သည် တစ်စုံတစ်ယောက်မှ သူတို့ အစီအစဉ်အားသိရှိပြီး လူစားလဲလှယ်လိုက်သည်ဟုပင် ထင်မိပေမည်။

ချမ်းသာသောအမျိုးသမီးငယ်တစ်ဦးမှာ ဤမျှ ထူးခြားသော စွမ်းရည်များအား မည်သို့ပိုင်ဆိုင်နိုင်မည်နည်း။

နန်မိသားစုက ရှေးဟောင်းလျှို့ဝှက်သိုင်းပညာရှင်မိသားစုတစ်ခုဖြစ်နေတာလား ?

ခေါင်းဆောင်၏အတွေးများမှာ ရုတ်ခြည်း ပြတ်တောက်သွားခဲ့သည်။ သူ့ဝမ်းဗိုက်နှင့် မျက်နှာမှ ပြင်းထန်သောနာကျင်မှုမှာ သူ့အား စဉ်းစားရန်အချိန်မပေးတော့ပေ။

သူ ဘယ်လိုအရိုက်ခံရမှန်းတောင် မမြင်လိုက်ရဘဲ သူ့သွားနှစ်ချောင်းကျွတ်ထွက်သွားသည်ကိုသာ မြင်လိုက်ရသည်။ မြင် ကွင်းမှာ လျင်မြန်စွာဝေဝါးသွားပြီးနောက် သူ မြေပြင်ပေါ်သို့ ဒုန်းကနဲ ပြင်းထန်စွာလဲကျသွားခဲ့သည်။

ကျယ်လောင်သောအသံဖြင့် ခေါင်းဆောင်ဆိုသူမှာ သတိလစ်သွားခဲ့သည်။

"ဘယ်လိုလုပ်ပြီး သူက အဲ့လောက်အားရှိနေရတာလဲ ?" ဤသည်မှာ ခေါင်းဆောင်၏နောက်ဆုံးအတွေးပင်။

တိတ်ဆိတ်ခြင်း၊ သေလုနီးပါး တိတ်ဆိတ်ခြင်း ~

ခေါင်းဆောင်သည် ခေါင်းဖြတ်ခံရသကဲ့သို့ (သို့မဟုတ်) သုံးမီတာနီးပါး လွင့်ထွက်သွားသောအခါ ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။

၎င်းမှာ လုံးဝတိတ်ဆိတ်နေခြင်း မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် တစ်ဒါဇင်ကျော်သော အော်ဟစ်နေသည့် လူများမှာ မြေပြင်ပေါ်တွင် လဲလျောင်းနေကြဆဲ ဖြစ်သောကြောင့်ပင်။ သို့သော် ကျန်ရှိသူများ၏စိတ်ထဲတွင် ပြည့်နှက်နေသော အေးစက်သည့် ထိတ်လန့်မှုမှာနောက်ဆုံးတိတ်ဆိတ်ခြင်းအား ခံစားရစေသည်။

"ဒါ လူသားရော ဟုတ်ရဲ့လား"

သို့သော် ၎င်းတို့ရပ်သွားသော်လည်း နန်ယု မရပ်သေးပေ။

ဒုန်း၊ ဒုန်း၊ ဒုန်း—

နောက်ထပ် ကန်ချက်သုံးချက်ဖြင့်၊ လူသုံးဦး ထပ်မံလွင့်ထွက်သွားခဲ့သည်။

"မလှုပ်နဲ့၊ မလှုပ်နဲ့!"

နောက်ကျမှ ရောက်ရှိလာသော ကုန်တိုက်လုံခြုံရေးဖြစ်စေ၊ ရဲ ဖြစ်စေ၊ သူတို့ ကယ်ဆယ်ရန်ရောက်လာသည်ဟု ထင်ခဲ့ကြသည်။ သို့သော် သူတို့ ရင်ဆိုင်ရသောမြင်ကွင်းမှာ မည်သူ၏ မျှော်လင့်ချက်ကိုမဆို ကျော်လွန်နေခဲ့သည်။

လူလေးဦးသည် ကိုယ်ရံတော်များဖြစ်သည်မှာ ရှင်းနေသည်။ အမျိုးသမီးနှစ်ဦးအား တင်းကျပ်စွာဝန်းရံကာကွယ်ထား သည်။ ကျန်သူများထဲမှ အများစုမှာမြေပြင်ပေါ်တွင် အော်ဟစ်နေကြပြီး အချို့မှာခေါင်းအား လက်ဖြင့်ဖုံးကာ ထိုင်နေကြသည်။

သူတို့ တကယ်ခြောက်လှန့်နေခြင်းလား ?

သေချာပေါက် မဟုတ်ပေ။

နန်ယု သူတို့ထဲမှ အသန်မာဆုံးအား သတိလစ်သွားအောင် လုပ်ခဲ့ခြင်းသာဖြစ်သည်။ ကျန်သူများမှာ ခါးပိုက်နှိုက်အငယ်များသာဖြစ်ကြသည်။

ဤလူဆိုးများမှာ အခြေအနေအား လိုက်လျောညီထွေ ဖြစ်အောင် ပြုမူတတ်သူများဖြစ်သည်။ သူတို့ တုတ်ဖြင့် နန်ယုအား အနိုင်ယူရန် အင်အားမရှိတော့သည်ကို မြင်သောအခါ ကယ် ဆယ်သူများ ရောက်လာပြီဖြစ်သောကြောင့် သူတို့ ထုံးစံအ တိုင်းအလျင်အမြန်လက်လျှော့လိုက်ကြသည်။ အရမ်းနှေးပြီး အကန်ခံလိုက်ရလျှင် ဘယ်လိုလုပ်မလဲ ?

ထိုအတောအတွင်း နန်ယု သူ့ လက်ထဲရှိ လျှပ်စစ်တုတ်အား ကိုယ်ရံတော်ထံပြန်ပေးပြီးနောက် အားနည်းသူတစ်ဦးအဖြစ် ဟန်ဆောင်ကာ အန်းနင် အနားတွင်မှီလိုက်သည်။

ဤနေရာ၏လုံခြုံရေး ဗီဒီယိုများ အားလုံးကို ဖျက်ဆီးထားပြီး သက်သေခံ အနည်းငယ်သာရှိသည်။ အဖြစ်အပျက် အားလုံးအားပြောပြလျှင်ပင် မည်သူမျှ ယုံကြည်မည်မဟုတ်ပေ။ အန်းနင်နှင့် ကိုယ်ရံတော်များသည်လည်း သူမအား ဖော်ထုတ်မည် မဟုတ်။

နန်မိသားစု သိသွားပါက အဆင်ပြေမည် ဖြစ်သော်လည်း နန်ယု အပြင်ဘက်တွင် ကျားကိုစားရန် ဝက်အဖြစ်ဆက်လက် သရုပ်ဆောင်လိုသည်။ ဤတစ်ကြိမ်ကဲ့သို့ ရန်သူမှ သူမ စွမ်းရည်အားသိရှိပါက လူနည်းစုအား စေလွှတ်မည်မဟုတ်တော့ပေ။

---

နန်ကျီ ဒေါသအလွန်ထွက်နေပြီး ၎င်း၏အကျိုးဆက်များမှာ ပြင်းထန်လိမ့်မည်။

တစ်စုံတစ်ယောက်မှ နန်ယုနှင့် အန်းနင်အား တိုက်ခိုက်ရဲသည်အထိ ရဲရင့်လိမ့်မည်ဟု သူ လုံးဝမမျှော်လင့်ခဲ့ပေ။ ဤသည်မှာ သူ့အာရုံကြောများအား အထိမခံနိုင် ဖြစ်စေခဲ့သည်မှာ သေချာသည်။

အန်းနင်နှင့် အခြားသူများမှာ လက်ရှိ နန်ယု ဗီလာတွင် ရှိနေကြသည်။ အန်းနင်အား စစ်ဆေးခဲ့ပြီး အနည်းငယ် ထိတ်လန့်မှုမှလွဲ၍ ကျန်သည့် အပိုင်းအားလုံးအဆင်ပြေသည်။ ခြစ်ရာတစ်ခုပင် မရှိချေ။

အမှန်စင်စစ်၊ နန်ယု လူတိုင်းအား သူမကိုယ်တိုင် လက်တွေ့ကျကျ ရှင်းပစ်ခဲ့ခြင်းဖြစ်သည်။ ကိုယ်ရံတော်လေးဦးအတွက်ပင် တုံ့ပြန်ရန် အခွင့်အရေး မရှိခဲ့ပေ။ အလယ်တွင် ကာကွယ်ထားသော အန်းနင်အတွက်ဆိုလျှင် ပြောစရာပင် မလိုတော့ပေ။

သို့သော် ယခုအချိန်တွင်၊ ဤ "သူရဲကောင်း" မှာ ဆိုဖာပေါ်တွင် နာခံမှုရှိစွာထိုင်နေပြီး လက်များအားပေါင်ပေါ်တွင် တင်ထားကာယဉ်ကျေးစွာဟန်ဆောင်နေသည်။ တစ်ချိန်တည်းမှာပင် တစ်ဖက်ရှိ ဖေးယီကျန့်အားမျက်စပစ်ပြနေသည်။

[ဘယ်လိုဖြစ်ပြီး ငါ့ကောနဲ့အတူ ဒီကို ရောက်နေရတာလဲ ??]

[တိုက်တိုက်ဆိုင်ဆိုင် ဖြစ်သွားတာ]

"မင်းတို့နှစ်ယောက် မျက်စပစ်ပြပြီး ဘာတွေလုပ်နေကြတာလဲ ?"

နန်ကျီ၏ပြင်းထန်သော အသံပဲ့တင်ထပ်လာသည်။

နန်ယု လျင်မြန်စွာခေါင်းငုံ့လိုက်သည်အား မြင်သောအခါ သူ့မျက်နှာမှာမှောင်မိုက်သွားသည်။

"ငါ့မှာ သိုင်းပညာရှင် ညီမလေးတစ်ယောက်ရှိနေတာ ငါ မသိခဲ့ဘူးပဲ"

"ဟမ် ? တစ်ယောက်က အယောက် ၂၀ ကိုယှဉ်နိုင်တယ် ? အတော်လေးကို! အံ့ဩစရာပဲ!"

ထိုကဲ့သို့သောလှောင်ပြောင်သံဖြင့်ဆိုလျှင် နန်ယု ချက်ချင်း တုံ့ပြန်လိမ့်မည်။ သို့သော် ၎င်းမှာ နန်ကျီဖြစ်နေသည်။

နန်ယု အပြစ်ကင်းစင်စွာပြုံးလိုက်သည်။

"ကော၊ နင့်ဆီကနေ ဒါကိုဖုံးကွယ်ထားဖို့ ငါ မရည်ရွယ်ခဲ့ပါဘူး၊ ဒါပေမဲ့ ငါ တကယ်ပြောပြလို့ မဖြစ်တာပါ"

လိမ်ညာခြင်းသည် အလွယ်တကူဖမ်းမိနိုင်သောကြောင့် နန်ယု "ငါ ပြောပြလို့မရဘူး" ဟူ၍သာပြောရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

နန်ကျီ ထိုအဖြေကိုကျေနပ်ပါသလား? သေချာပေါက် မကျေ နပ်ပေ။

သို့သော် သူ ဘာလုပ်နိုင်မှာတဲ့လဲ ?

နန်ယုအား အမှန်တရားပြောပြရန် အတင်းအကျပ်လုပ်ရမလား? သူ့တစ်ဦးတည်းသော ညီမလေးအား အတင်းအကျပ် လုပ်ရန် သူ မည်သို့စိတ်အားထက်သန်နိုင်မည်နည်း။

ထို့အပြင်၊ နန်ယုသာ မရှိခဲ့လျှင် သူ့ အန်းနင်မှာ...

နန်ကျီ သူ့ဘေးရှိလက်အား တင်းကျပ်စွာဆုပ်ကိုင်ထားမိသည်။ သူ အသုံးမဝင်တော့ပေ။

သူ့ဇနီးနှင့် ညီမလေးအား ကာကွယ်ပေးနိုင်ခြင်းမရှိခဲ့ပေ။

"အချစ်"

အန်းနင်လက်မှာ နန်ကျီ၏လက်သီးဆုပ်အား ညင်သာစွာ ဖုံးအုပ်လိုက်သည်။

"ဒါ ရှင့်အမှား မဟုတ်ပါဘူး၊ အဲ့ဒီကောက်ကျစ်တဲ့ လူတွေကိုပဲ အပြစ်တင်ရမှာ"

"ဟုတ်တယ်၊ ဟုတ်တယ်၊ ကော၊ နင် ဘယ်တုန်းက ဒီလောက် ဟန်ဆောင်ကောင်းသွားရတာလဲ ?"

"ပါးစပ်ပိတ်"

နန်ယု: "..."

ထားလိုက်ပါတော့၊ ဒီတစ်ခါတော့ သူ့ကို အလွှတ်ပေးလိုက်တာတော့!

---

လူနှစ်ဆယ်ကျော် ရဲစခန်းသို့ခေါ်ဆောင်သွားခဲ့သည်။ ရဲများ စစ်ဆေးမေးမြန်းနေစဉ် နန်မိသားစုမှာ ပြစ်မှုကျူးလွန်သူများအားစုံစမ်းရန် သူတို့ အရင်းအမြစ်များ အားလုံးကို အသုံးပြုနေကြသည်။ သို့သော် ဤလုပ်ငန်းစဉ်မှာ အချိန်ယူရလိမ့်မည်။

သက်ကြီးရွယ်အိုများအား စိတ်ပူပန်မှု မပေးလိုသောကြောင့် နန်ယုနှင့် အန်းနင်တို့ အဖိုးနန်နှင့် မိဘများထံမှ လျှို့ဝှက်ထားရန် အကြံပြုခဲ့ကြသည်။ နန်ကျီ စဉ်းစားပြီးနောက် သဘောတူလိုက်သည်။

"ပေထန်ချင်းယဲ့က ရဲကို ဖုန်းဆက်ခဲ့တယ်လို့ပြောတာလား ?"

ခေါင်းဆောင်မှာ နာရီဝက်လောက် ဘယ်သူမှလာမည်မဟုတ်ဟု ပြောခဲ့သည်။ ထိုအချိန်သည် ချဲ့ကားထားနိုင်သော်လည်း ရဲများမှာ လျင်မြန်စွာ ရောက်ရှိလာခဲ့သည်။ ငါးမိနစ်ခန့်သာ ကြာခဲ့သည်။

တနည်းဆိုရသော် နန်ယုသာထိုစွမ်းရည်မရှိခဲ့လျှင် ကိုယ်ရံ တော်လေးဦး၏ ခွန်အားဖြင့် သူတို့ ထိခိုက်မှုမရှိဘဲ လွတ် မြောက်နိုင်ရန် မသေချာပေ။

"ဟုတ်တယ်၊ ရဲတွေက သူ့ကိုမေးမြန်းခဲ့တယ်၊ သူ စာအုပ်ဖတ်နေရင်း အရေးပေါ်လှေကားကနေ ဖြည်းဖြည်းချင်းဆင်းလာခဲ့တယ်လို့ပြောတယ်.. ဒီမှာ ဆူညံသံတွေတိုက်တိုက်ဆိုင်ဆိုင် မြင်လိုက်ရလို့ ချက်ချင်း ရဲကိုဖုန်းခေါ်ပြီး လုံခြုံရေးကိုသွားခေါ်ခဲ့တာတဲ့"

ထိုအဖွဲ့မှာ သူတို့ အစီအစဉ် သေချာစေရန်ဖြစ်နိုင်ခြေရှိသည့် နည်းလမ်းတိုင်းအားကြိုးပမ်းခဲ့ကြသည်။

ပထမဦးစွာ နန်ယု ကုန်တိုက်၏အမြင့်ဆုံးအဆင့် VIP အဖွဲ့ဝင်ဖြစ်သည်။ သီးသန့်ကားပါကင် ရှိပြီး ၎င်းမှာ ကျယ်ဝန်းသော် လည်း လူခြေနည်းသည်။

နန်ယုနှင့် အခြားသူများ ဆင်းလာပြီးနောက် ထိုဧရိယာနှင့် အနီးဆုံး ဓာတ်လှေကားနှစ်ခုအား လုံးဝဖျက်ဆီးခဲ့သည်။ ခေါင်းပေါ်ရှိ လုံခြုံရေးကင်မရာအား ဟက်ခ်ခဲ့သည်။ ကုန်တိုက်ဝန်ထမ်းများထဲမှ ပူးပေါင်းပါဝင်သူများရှိရမည်။

လူအများစုမှာ မှောင်မိုက်ပြီး ဝေးလံသော အရေးပေါ်လှေကားများအား အကြောင်းမဲ့ အသုံးပြုမည်မဟုတ်ပေ။ သူတို့၏ မူလပြင်ဆင်မှုများဖြင့် မိနစ် ၂၀ မှ ၃၀ အထိ "အလွတ်အချိန်" အား အာမခံနိုင်ခဲ့ကြသည်။

မည်သူက ဤ "ထူးဆန်းသော" နန်ယု နှင့် ပုံမှန်မဟုတ်သည့် ပေထန်ချင်းယဲ့တို့နှင့် ရင်ဆိုင်ရမည်နည်း။

"ဒါ တကယ် တိုက်ဆိုင်မှုလား ?"

ဒါ ဘယ်လိုလုပ်ပြီး ပေထန်မိသားစုဖြစ်နိုင်မှာလဲ?

နန်ယုနှင့် အခြားသူများထက် အန်းနင်ပင် မယုံနိုင်ချေ။ ထိုသို့မဟုတ်လျှင် ပေထန်မိသားစု ဤအရာမှာ သံသယဖြစ်နိုင်ဖွယ် ရှိသည်ကို မသိပေဘူးလား ?

နန်ယုနှင့် အခြားသူများမှာ မိုက်မဲသူများ မဟုတ်ကြချေ။

နန်ကျီ လှောင်ပြောင်လိုက်သည်။

"တိုက်ဆိုင်မှုဆိုရင်တော့ ပြီးတာပါပဲ မဟုတ်ရင်လည်း အမှန်တရားက မကြာခင် ဒါမှမဟုတ် နောက်ကျထွက်ပေါ်လာမှာပဲ"

နန်ကျီ စကားဆုံးသည်နှင့် ဖေယွင်ကျင်း ကျောင်းမှထွက်ခွာနေပြီဖြစ်သည်။

သူသည် သူ့ကျောင်းလွယ်အိတ်အား နောက်ကျောတွင် ထားကာ ပျော်ရွှင်စွာ ဗီလာထဲသို့ဝင်လာခဲ့သည်။ လူတိုင်း ဧည့်ခန်းတွင် ထိုင်နေကြသည်ကိုမြင်သောအခါ အလျင်အမြန်သွားလိုက်သည်။

"ဦးလေး၊ အန်တီ၊ မင်္ဂလာနေ့လည်ခင်းပါ၊ ရီရန်ကော ဘယ်မှာလဲဟင်"

"ရီရန်က နောက်ထပ် နာရီဝက်လောက်မှရောက်မှာ"

အန်းနင် ဖေယွင်ကျင်း ကျောင်းလွယ်အိတ်အားကူညီရန် လက် လှမ်းလိုက်သော်လည်း သူ ရှောင်တိမ်းလိုက်သည်။

"မရဘူး၊ အန်တီ့မှာ ကိုယ်ဝန်ရှိတယ်၊ ပင်ပန်းလို့ မရဘူး"

ဖေယွင်ကျင်း အိတ်အား လျင်မြန်စွာယူလိုက်သည်။

"ရှောင်ကျင်း၊ ကိုယ့်ဘာသာ လုပ်နိုင်ပါတယ်!"

ဖေယွင်ကျင်း၏နားလည်မှုရှိမှုကို မြင်သောအခါ အန်းနင် ယခင် လေးနက်သောမျက်နှာမှပြုံးလိုက်သည်။

"ရှောင်ကျင်း၊ သားက တကယ်ချစ်စရာကောင်းတယ်"

ကလေးရောက်ရှိလာခြင်းနှင့်အတူ စကားဝိုင်းမှာ ခဏတာ ရပ်ဆိုင်းသွားခဲ့သည်။ ခဏတာအတွင်း မည်သူမျှ စကားမပြောကြဘဲ ရုတ်တရက် တိတ်ဆိတ်မှုဆင်းသက်လာခဲ့သည်။

ဖေယွင်ကျင်း သူ့ကျောင်းလွယ်အိတ်အားဘေးတွင် ထားလိုက်ပြီး နန်ယုအနားသို့ကပ်လာခဲ့သည်။ မည်သူမျှ စကားမပြော သည်ကို မြင်သောအခါ သူ သိချင်စိတ်ဖြင့်မေးလိုက်သည်။

"အန်တီတို့၊ ဘာလို့ စကားမပြောကြတာလဲ ?"

ချစ်စရာကောင်းသော ဖေယွင်ကျင်းအား ကြည့်လိုက်ပြီး နန်ယု ရုတ်တရက် အကြံတစ်ခုရလိုက်သည်။ နန်ကျီအား လက်ညှိုး ထိုးပြပြီး သူ ပြောလိုက်သည်။

"အန်တီ ဒီနေ့ လူဆိုးတွေကိုရိုက်ပစ်လိုက်တယ် ဒါပေမဲ့ အန်တီ ဒဏ်ရာရမှာကို ဦးလေးကစိုးရိမ်ပြီး စိတ်ဆိုးနေတာကိုး ဘယ် လိုလုပ်မလဲ"

"အိုး၊ နားလည်ပြီ"

ဖေယွင်ကျင်း နားလည်သည့်အလားခေါင်းညိတ်လိုက်သည်။ သူ နန်ကျီဆီသို့တွန်းထိုးသွားပြီး လူကြီးတစ်ယောက်ကဲ့သို့ နန်ကျီလက်အားပုတ်လိုက်သည်။

"မပူပါနဲ့ ဦးလေး၊ အန်တီက အရမ်းသန်မာတယ်၊ ဘယ်လူဆိုးကိုမှမကြောက်ဘူး"

၎င်းမှာယုံကြည်စိတ်ချလောက်အောင် မဖြစ်သေးသည့်အလား၊ ဖေယွင်ကျင်း ထပ်ဖြည့်ပြောလိုက်သည်။

"အန်တီပြောတာ ဦးလေးအယောက် ၁၀၀ ဆိုရင်တောင် အန်တီက ရိုက်နှက်နိုင်တယ်တဲ့"

(T/N : ဒီမှာပြောတဲ့ ဦးလေးက နန်ကျီ အယောက် ၁၀၀ ပါ)

နန်ကျီ: "..."

နန်ယု: "..."

သေပါပြီဟယ် !

ယခင်လေ့ကျင့်ခန်းအချို့ လုပ်နေစဉ်အတွင်း ဖေယွင်ကျင်းသည် နန်ယု မည်မျှသန်မာကြောင်းမေးခဲ့ပုံရသည်။ ထိုစဉ်က သူမ နန်ကျီနှင့်ဖုန်းပြောပြီးသွားခဲ့ပြီး သူ့အား ဥပမာအဖြစ် အသုံးပြုကာ စကားမှားသွားခဲ့ခြင်းဖြစ်သည်။

ကလေးငယ်က ၎င်းအား ဤမျှလောက် ရှင်းလင်းစွာမှတ်မိလိမ့်မည်ဟု မည်သူက ထင်မှတ်ထားမည်နည်း ?

အဲ့တာ အမှန်တရားဆိုပေမယ့်လည်း ရှောင်ကျင်းရေ အပြင်မှာ မပြောရဘူးလေ။

ပတ်သက်သူ နန်ကျီရှေ့မှာတော့ လုံးဝမပြောသင့်ဘူး!

All Chapters