အခန်း (၇၉)
Vol. 9 Ch. 79
ကံကြမ္မာသည် အန်းနင်၏မမွေးသေးသော ရင်သွေးအားလူ့ လောကထဲ မရောက်လာစေလိုပေ။
---
ထိုညတွင် နန်ယု ဖေးယီကျန့်တိုက်ခန်း၌ ထပ်မံပေါ်ထွက်လာသည်။ ဗီလာ အဆင်သင့် မဖြစ်သေးသဖြင့် ဖေးယီကျန့် မကြာမီပြောင်းရွှေ့ရန် အစီအစဉ်မရှိသေးရာ ၎င်းတို့သည် သူ့နေရာ၌ တွေ့ဆုံကြခြင်းဖြစ်သည်။
နန်ယုအနေဖြင့် ယခင်ဘဝမှ ပေထန်မိသားစု အန်းနင်အား နောက်ဆုံးတွင် တိုက်ခိုက်ခဲ့ခြင်း ရှိ၊ မရှိကို သိရှိရန်နည်းလမ်းမရှိခဲ့ပေ။ ဝတ္ထုစာအုပ်မှာ ထိုအကြောင်းအား ဖော်ပြခဲ့ခြင်းမရှိချေ။
သို့သော် ဤဘဝတွင်မူ ကံကြမ္မာ၏အန်းနင် အပေါ် ရည်ရွယ် ချက် မကောင်းသည်မှာရှင်းလင်းနေသည်။
မမွေးဖွားသင့်သော ဤကလေးအား ရှာဖွေတွေ့ရှိရုံမျှဖြင့် ကံကြမ္မာစွမ်းအားကို ၃၀ ရာခိုင်နှုန်းနီးပါးလျော့ကျစေခဲ့သည်။ အကယ်၍ ထိုကလေး မွေးဖွားလာခဲ့ပါက ကံကြမ္မာသည်ပိုအားနည်းသွားဖွယ်ရှိသည်။
"မစ္စတာပေထန် ဘယ်လိုသေတယ်ဆိုတာ မှတ်မိလား ?"
နန်ယု မေးမြန်းလိုက်သည်။
ထိုမေးခွန်းအား ကြားသောအခါ ဖေးယီကျန့် ညင်သာစွာ ရယ်လိုက်သည်။ သူ့လေသံတွင် လှောင်ပြောင်မှုများပြည့်နှက်နေခဲ့သည်။
"ဒေါသအထွက်လွန်ပြီး နှလုံးရပ်သေတာပေါ့"
"သေတဲ့နည်းလမ်းက တော်တော်စိတ်ဝင်စားစရာပဲ"
နန်ယုလည်း ရယ်မောလိုက်သည်။
ဒေါသကြောင့် နှလုံးရပ်သေတာလား ?
ဒါဆို ဘယ်လောက်တောင် ဒေါသထွက်နေရမှာလဲ ? ဘာကြောင့်လဲ ?
၎င်းသည် ကောင်းကျိုးတစ်ခု မဟုတ်သည်မှာ သေချာသည်။ သို့သော် ပေထန်မိသားစုအတွက် မကောင်းသော်လည်း သူတို့နှစ်ဦးအတွက်မူ လုံးဝဆန့်ကျင်ဘက်ဖြစ်သည်။
"ဒီအကြောင်းကို နန်ကျီနဲ့ အန်းနင်ကို ပြောပြဖို့လိုတယ်"
"ငါလည်း အဲဒီလိုပဲတွေးထားပါတယ်"
ဤကိစ္စမှာ အန်းနင်နှင့် သက်ဆိုင်နေသဖြင့် နန်ယု သူမကိုယ် တိုင် နန်ကျီထက်ပိုကောင်းအောင် ဂရုစိုက်နိုင်မည်ဟု မထင်ခဲ့ပေ။ ၎င်းတို့ ကြိုတင်ပြင်ဆင်ထားပါကမလိုအပ်သောပြဿနာ များစွာအား ကာကွယ်နိုင်လိမ့်မည်။
"ဒါနဲ့၊ ဒါက ရှင့်အတွက်"
သတင်းအချက်အလက်နှင့် ဖြေရှင်းနည်းများအား အပြန်အ လှန် ဖလှယ်ပြီးနောက် နန်ယု သူမ အိတ်ထဲမှလက်ဆောင်ပုံးငယ်တစ်ခုအား ဆွဲထုတ်လိုက်သည်။
"အိမ်ပြောင်းတာကို ဂုဏ်ပြုပါတယ်၊ အရင်တုန်းက အရမ်းအလျင်လိုနေလို့မေ့သွားခဲ့တယ်"
ဖေးယီကျန့် အံ့အားသင့်သွားသည်။ နန်ယုထံမှ လက်ဆောင်အား သူ လုံးဝမျှော်လင့်မထား ခဲ့ပေ။
"ဒါ၊ ဒါက... ငါ မကြာခင် ဗီလာကိုပြောင်းတော့မှာပါ"
"ဒါဆို နောက်မှ အသစ်တစ်ခုထပ်ပေးမယ်လေ၊ ဒီတိုက်ခန်းမှာ ကျမ နေဖူးတော့ ရှင့်ကိုအိမ်ရဲ့နွေးထွေးမှုပေးတဲ့သဘောပါ"
နန်ယု ပေါ့ပေါ့ပါးပါး လက်ဝှေ့ယမ်းလိုက်သည်။
"ရပါတယ်၊ ကျွန်မသွားတော့မယ်၊ နောက်တနင်္လာနေ့ မနက် ၁၀ နာရီမှာ ကားထွက်မှာ၊ မမေ့နဲ့အုံး"
စူးချန်သည် မြို့တော်နှင့်သိပ်မဝေးပါ။ ကားဖြင့် နှစ်နာရီခန့်သာ မောင်းရုံသာမက တိုက်ရိုက်လေကြောင်း ခရီးစဉ်များလည်း ရှိသည်။
အကယ်၍ ဤတစ်ကြိမ် ဖေယွင်ကျင်းအား ခေါ်မသွားပါက နန်ယုနှင့် ဖေးယီကျန့်တို့ ကိုယ်ပိုင်လေယာဉ်ဖြင့် စမ်းသပ်ကြည့်ကာမတော်တဆမှုများ ဖြစ်ပွားနိုင်ခြေအား မြင်လိုပေသည်။
သို့သော် ဖေယွင်ကျင်းကဲ့သို့ကလေးရှိနေသဖြင့် သူသည် အမျိုးသားဇာတ်ဆောင်ဖြစ်ပြီး မတော်တဆဖြစ်နိုင်ခြေ နည်းသည်အား သိသော်လည်း နန်ယု ထိုကလေးဖြင့်စမ်းသပ်ရန် စိတ်ကူးမရှိချေ။
"ကောင်းပြီ"
ဖေးယီကျန့် နန်ယု ဘာကြောင့် ရုတ်တရက် စူးချန်သို့ သွားချင်ပြီး သူနှင့် ဖေယွင်ကျင်းအား အတူခေါ်သွားရသည်ကို မမေးခဲ့ပေ။ အချို့အရာများမှာမပြောဘဲ ထားခြင်းကပိုကောင်းသည်။ အလွန်အမင်း ရှင်းပြခြင်းမှာအဓိပ္ပာယ်မရှိပေ။
---
နန်ယု ထွက်သွားပြီးနောက် ဖေးယီကျန့် နန်ယု၏ လက်ဆောင်အား ဖွင့်လိုက်သည်။ ၎င်းမှာ ဝလွန်းသော Ultraman တစ်ကောင်ပင်။
လုံးဝန်းသော ဝမ်းဗိုက်၊ လုံးဝန်းသော ဦးခေါင်း၊ လုံးဝန်းသော ခြေလက်များ။ ဖေးယီကျန့် မူရင်း Ultraman ဇာတ်ကားအား မကြည့်ဖူးသော်လည်း ပုံမှန် Ultramanမှာဤပုံစံမဟုတ်ကြောင်း သူသိသည်။ ၎င်းမှာ ဟာသမြောက်သော ပုံစံမျိုးဖြစ်ရမည်။
ရိုးရိုးသားသားပြောရလျှင် ထိုသို့သော လက်ဆောင်မှာ ဖေးယီကျန့်၏လက်ရှိအိမ်ပုံစံနှင့် လုံးဝကိုက်ညီမှု မရှိပေ။ သို့သော် ဖေးယီကျန့် ဂရုမစိုက်ပေ။ သူပြုံးလိုက်ပြီး ၎င်းအား ဝင်ပေါက် ရှိ စင်ပေါ်တွင်ထားလိုက်သည်။ အိမ်ထဲသို့ ပထမဆုံးဝင်လာချိန်၌ ချက်ချင်းမြင်နိုင်စေရန်ဖြစ်သည်။
တစ်စုံတစ်ယောက်မှ သူ့အား အိမ်တက်လက်ဆောင်ပေးခြင်းမှာ ဤတစ်ကြိမ် ပထမဆုံးဖြစ်သည်။
သို့သော် ဖေးယီကျန့်၏ကောင်းမွန်သော စိတ်ခံစားချက်မှာ ဖုန်းခေါ်ဆိုမှု တစ်ခုကြောင့် လျင်မြန်စွာပျက်စီးသွားခဲ့သည်။
၎င်းမှာ ဖေရှင်းလင်းထံမှ ဖြစ်သည်။
ဖေးမိသားစုတစ်ခုလုံးတွင် ဖေရှင်းလင်းနှင့် သူသည် သွေးသားအရ အနီးစပ်ဆုံး ဖြစ်ဖွယ်ရှိသည်။ ဖေးယီကျန့် သူ့အား "ဒုတိယဦးလေး" ဟု ခေါ်ဝေါ်ခဲ့သည်။ သို့သော် သွေးသားဆက်နွယ်မှုမှာ အရာအားလုံးတော့ မဟုတ်ပေ။
"ယီကျန့်၊ မင်း ဒါကို တကယ်လုပ်တော့မလို့လား ?"
ဖေးရှင်းလင်း၏ အသံမှာ အေးခဲနေသည်။ ဖုန်းတစ်ဖက်ရှိသူမှာဆွေမျိုးမဟုတ်ဘဲ ရန်သူနှင့်တူနေသည်။
ဖေးရှင်းလင်းအမြင်တွင် ဖေးမိသားစု၏ အကျိုးစီးပွားမှာ အဓိကကျဆုံးဖြစ်ကြောင်း ဖေးယီကျန့် ကောင်းကောင်းသိသည်။ ဖေးမိသားစု အကျိုးစီးပွားအား ပြင်းပြင်းထန်ထန် ထိခိုက်စေပါက ဖေရှင်းလင်း မည်သူ့ကိုမျှမျက်နှာသာပေးမည် မဟုတ်ပေ။
"မင်း နန်ယုကို ငါ့ ခွင့်ပြုချက်မပါဘဲ ကွာရှင်းခဲ့တာ၊ ဖေးယွင်ကျင်းကိုပေးလိုက်တာ၊ ဖေးမိသားစုဝင် အများအပြားကို ထောင်ချပြီးအပြင်ထွက်သွားတာ၊ ဘယ်တော့မှပြန်မလာဖို့ လုပ်ခဲ့တာတွေကို ငါတို့ ခွင့်လွှတ်နိုင်ပါသေးတယ် ဒါပေမဲ့ ဖေးယီကျန့်"
ဖေရှင်းလင်း တင်းမာသောလေသံဖြင့် ပြောသည်။
"မင်းက ဖေးမိသားစုရဲ့အခြေခံအုတ်မြစ်ကိုလှုပ်ခါပြီး လုံးဝ ဖျက်ဆီးပစ်ဖို့ကြိုးစားနေတာ ဒါကြောင့် ငါတို့ သက်ကြီးရွယ်အိုတွေက တရားဝင်မျိုးဆက်ကိုမျက်နှာသာမပေးနိုင်တာကို အပြစ်မတင်နဲ့"
အစပိုင်းတွင် ဖေးယီကျန့် လုပ်ရပ်များမှာ ဖေးမိသားစုအား ပြန်လည်ပြုပြင်လိုသော ပြင်းထန်သော ကြိုးပမ်းမှုအဖြစ်သာ သူတို့ ယူဆခဲ့သည်။ သက်ကြီးရွယ်အိုများမှာ သူ့လုပ်ရပ်များအားကြမ်းတမ်းသည်ဟု ယူဆခဲ့သော်လည်း သူတို့ခွင့်ပြုချက်မယူဘဲ ဆောင်ရွက်ခြင်းကို အတင်းအကျပ်ဆန့်ကျင်ခြင်းမရှိဘဲသည်းခံခဲ့ကြသည်။
သို့သော် ဖေးယီကျန့် အဆင့်မြင့်ပုဂ္ဂိုလ်များနှင့် ဆက်သွယ်ကာ ဖေးမိသားစုအား "ရောင်းချရန်" ကြိုးပမ်းနေသည်ကိုတွေ့ရှိသောအခါ အကြီးအကျယ်ဒေါသထွက်ခဲ့ကြသည်။
ဖေးမိသားစုသည် ညှိုးနွမ်းနေသော အရွက်နှင့်ပုပ်နေသော အကိုင်းအခက်များအားဖယ်ရှားခြင်းကိုလက်ခံသည်။ သို့သော် "အမြစ်များ" အား မည်သူမျှမထိရ။
မည်သူမှ ထိုသို့ ပြုလုပ်ရန် ခွင့်မပြုပေ။
"ဒုတိယဦးလေး"
ဖေးရှင်းလင်း၏အေးစက်မှုနှင့် ဆန့်ကျင်ဘက် ဖေးယီကျန့် အသံမှာ အံ့ဩစရာကောင်းလောက်အောင် တည်ငြိမ်နေသည်။
"ဖေးမိသားစုက ကျွန်တော့်ရဲ့ဖေးမိသားစုပါ၊ 'ကျွန်တော်တို့' ရဲ့ မဟုတ်ပါဘူး"
၎င်းမှာ မှတ်သားဖွယ်ရာဖြစ်သည်။ ဖေးမိသားစု ဂုဏ်သတင်းကျော်ကြားမှုမှာ ဖေးယီကျန့်၏တိုက်ရိုက်ဘိုးဘေးများနှင့် စတင်ခဲ့သည်။ နောက်ပိုင်း ဝန်ကြီးချုပ်များနှင့် ဗိုလ်ချုပ်များမှာလည်း ဤမျိုးရိုး၏ တိုက်ရိုက်မျိုးဆက်များဖြစ်သည်။ ဘေးထွက်မျိုးနွယ်များတွင် ထူးချွန်သူများရှိခဲ့သော်လည်း တိုက်ရိုက်မျိုးရိုး၏ထက်မြက်မှုအား မကျော်လွန်နိုင်ခဲ့ချေ။
ဖေးမိသားစုအား ဖေးယီကျန့်၏ဘိုးဘေးများ ခွန်အားဖြင့် တည်ဆောက်ခဲ့သည်ဟုဆိုနိုင်သည်။ ထို့ကြောင့် သူ မိသားစုခေါင်းဆောင်ဖြစ်လာသောအခါ ဖေးမိသားစုစည်းစိမ်ဥစ္စာ၏ ၈၀% နီးပါးအား အမွေရခဲ့ခြင်းမှာ မူလကပင် ၎င်းတို့ပိုင်ဆိုင်သောကြောင့်ဖြစ်သည်။
သို့သော် ကောင်းကင်ဘုံ၏မနာလိုမှုကြောင့် ဖြစ်နိုင်သည် တိုက် ရိုက်မျိုးဆက်များမှာ အမြဲတမ်းရှားပါးခဲ့သည်။ တစ်ကြိမ်လျှင် အများဆုံး နှစ်ဦးသာရှိခဲ့သည်။
ဖေးယီကျန့် အဖိုးမှဖေးယွင်ကျင်း မျိုးဆက်အထိတစ်ဦးတည်းသာ အမြဲရှိခဲ့သည်။
ထို့ကြောင့် ဖေးယီကျန့်၏စကားမှာ မှန်သည်။ ဖေးမိသားစုမှာ တကယ်ပင် တိုက်ရိုက်မျိုးရိုးပိုင် ဖေးမိသားစုသာ ဖြစ်ပြီး ကျန်သူများ ပိုင်ဆိုင်သော ဖေးမိသားစုမဟုတ်ချေ။
ဖေးရှင်းလင်းသည် ဖေးယီကျန့် ဤမျှ ပွင့်ပွင့်လင်းလင်း ပြောလိမ့်မည်ဟု မမျှော်လင့်ခဲ့သဖြင့် ဖေးယီကျန့်၏ ဆုံးဖြတ်ချက်အား သူ သဘောပေါက်သွားခဲ့သည်- သူ ဖေးမိသားစုအား စွန့်ပစ်ရန် အမှန်တကယ်ဆုံးဖြတ်ထားသည်။
"ကောင်းပြီ၊ ကောင်းပြီ"
ဖေးရှင်းလင်း ဒေါသတကြီး ရယ်မောလိုက်သည်။
"ဒါဆို ငါတို့ ရက်စက်ရင်အပြစ်မတင်နဲ့တော့"
ဘိ—
ဖုန်း ခေါ်ဆိုမှု ပြီးဆုံးသွားသည်။ ဖေးယီကျန့် သူ့ဖုန်းအား ဆိုဖာပေါ်သို့ ပေါ့ပေါ့ပါးပါး ပစ်တင်လိုက်ပြီးနောက် ပြင်သစ်ပြတင်း ပေါက်ကို ဖွင့်ကာ အေးစက်သောလေအားခံစားရန် လှေကား ထစ်ပေါ်သို့တက်လိုက်သည်။
ဖေးမိသားစု...
သူ ဘယ်လောက်ကြာအောင် ရပ်နေခဲ့ပြီး၊ ဘာတွေစဉ်းစားနေခဲ့သည်အား မသိလိုက်ပေ။ သူ့လက်နှင့် ခြေထောက်များလုံးဝ အေးခဲပြီး ထုံကျဉ်သွားမှသာ သတိပြန်ဝင်လာပြီး အိမ်ထဲသို့ ပြန်ဝင်ခဲ့သည်။
သူ့ဖုန်းပေါ်တွင် နန်ယုထံမှ မက်ဆေ့ချ် တစ်စောင်ပေါ်လာသည်။ မိနစ်နှစ်ဆယ်ခန့်က ပို့ထားခြင်းဖြစ်သည်။
"နန်ယု- ရိုးသားစွာ ပြောရရင် အချိန်ရရင် လေ့ကျင့်ခန်းလုပ်ဦး၊ ရှောင်ကျင်းက ရှင့်ထက်ပိုကျန်းမာနေပုံရတယ်"
ဖေးယီကျန့် စိတ်ထဲ ဖေးမိသားစုအကြောင်း အတွေးများပြည့်နှက်နေခဲ့ရာမှ ရုတ်တရက် ရှင်းလင်းသွားပုံရသည်။ သူ မရည် ရွယ်ဘဲ နှုတ်ခမ်းအားကွေးလိုက်မိပြီး အနီးရှိမှန်ထဲတွင် သူ့ကိုယ်သူ တစ်ချက်ကြည့်လိုက်သည်။ သူ ဖြူဖျော့နေပုံရသည်။ သို့သော် မကျန်းမာသည့်ပုံတော့ မပေါက်ပါချေ။
ဖေး - ကောင်းပြီ၊ လုပ်ပါ့မယ်
မည်သို့ပင်ဖြစ်စေ၊ သူ နန်ယု၏အားနည်းချက်ဖြစ်နေလို့မရပေ။
---
နန်ယု ဤ စူးချန်ခရီးစဉ်သို့ ရီပိုင်အား မူလကဖိတ်ခေါ်ခဲ့သည်။ သို့သော် ကလေးငယ်မှာ သူ့မိဘများမှ နှစ်သစ်ကူးနေ့တွင် သူနှင့် သူ့အစ်ကိုထံ လာရောက်လည်ပတ်မည်ဖြစ်ကြောင်း ဝမ်းနည်းစွာပြောပြခဲ့သည်။
"ရှောင်ကျင်းတို့ နန်ကျဲတို့နဲ့အတူ အပြင်ထွက်လို့မရတော့ဘူး"
ရှောင်ကျင်းမှာ လွန်ခဲ့သောအကြိမ်က လီရီပိုင် နိုင်ငံခြားသို့မထွက်ခွာမီ ရှောင်မီအား ဂရုတစိုက်အပ်နှံခဲ့သလိုမျိုး ရှောင်မီအား ကိုယ်အလေးချိန် လျှော့ချပေးရန်တောင်းဆိုခဲ့သည်။
လပေါင်းများစွာ ဂရုတစိုက်ကျွေးမွေးခဲ့ပြီးနောက် ထို လိမ္မော် ရောင်ကြောင်ငယ်လေးမှာ အရွယ်အစား စတင်ကြီးထွားလာခဲ့သည်။
အစပိုင်းတွင် ဖေးယွင်ကျင်း သူ့အား ပွေ့ချီနိုင်သေးသော်လည်း တဖြည်းဖြည်း မယူရသည်အထိဖြစ်လာသည်။ ယခုမူ မရွှေ့နိုင်လောက်အောင်ဖြစ်လာခဲ့သည်။
ရှောင်မီကိုယ်အလေးချိန် လျှော့ချခြင်းမှာ မလွဲမသွေဖြစ်တော့မည်။
"စိတ်မပူနဲ့ ရှောင်ကျင်း၊ ငါ ရှောင်မီကို တစ်ကိုက်ထက်ပိုစားခွင့် ဘယ်တော့မှမပေးဘူး"
အရေးကြီးသော စစ်ဘက်အမိန့်တစ်ခုအား လက်ခံရရှိသည့် နှယ် လီရီပိုင် ကတိသစ္စာပြုရန်ပြင်ဆင်လိုက်သည်။
ဘေးမှ ရှောင်မီသည် ဖေးယွင်ကျင်းအား ပျင်းရိစွာတစ်ချက်ကြည့်သည်။ အိမ်ပြောင်းရမည့်ကိစ္စအား ဂရုမစိုက်ပေ။ သူ လီရီပိုင်၏နေရာသို့ မကြာခဏ ခေါ်ဆောင်ခံရပြီး ထိုနေရာမှ ခွေးများ၊ ဘဲများနှင့် ကစားရသဖြင့် လီရီပိုင်နှင့် ရင်းနှီးပြီးသားဖြစ် သည်။
သို့သော် ဤ နှစ်ချောင်းခြေထောက် ကလေးငယ်နှစ်ဦးမှာ သူ့ရိက္ခာအား လျှော့ချချင်နေကြသတဲ့လား ?
ရှောင်မီ ဆန့်လိုက်ပြီးလုံးဝန်းသော ကြောင်မျက်လုံးများဖြင့် ရှောင်ယွမ်အား ကြည့်ကာ မဖြစ်နိုင်ကြောင်းဖော်ပြသည်။
---
ရှောင်ပိုင်၊ ရှောင်မီနှင့် အခြားသူများအား ခက်ခဲစွာ နှုတ်ဆက်ပြီးနောက် ဖေးယွင်ကျင်း နန်ယု နောက်သို့ လိုက်ကာ ကားထဲသို့ ဝင်ခဲ့သည်။ ဖေးယီကျန့် ကား၏တစ်ဖက်တွင် သူတို့အား စောင့်ဆိုင်းနေနှင့်ပြီ ဖြစ်သည်။
"အန်တီ၊ ကျွန်တော်တို့ သုံးယောက်တည်းလား"
"ဟုတ်တယ်"
ဤခရီးစဉ်တွင် အခြား မည်သူ့ကိုမျှမခေါ်ခဲ့ပေ။ ဖေးယွင်ကျင်းမှာလွတ်လပ်စွာနေသူဖြစ်သဖြင့် နန်ယု လူများစွာနောက် ယောင်ခံနေခြင်းအားမလိုလားခဲ့ပေ။ ထို့ကြောင့် ယာဉ်မောင်း မှလွဲ၍ သူတို့သုံးယောက်တည်း၏ ခရီးစဉ်ဖြစ်သည်။
ဖေးယွင်ကျင်းတွင် ဖေးယီကျန့်အား မကျေနပ်မှု ရှိကြောင်း နန်ယု သိသည်။ ဖေးယွင်ကျင်း သူ့အား တစ်ခါမျှ 'ဖေဖေ' ဟု မခေါ်ဖူးပေ။ သူသည် တိုက်ရိုက် နာမည်ဖြင့်သာ ခေါ်ဝေါ်သည်။ ဦးလေး သို့မဟုတ် ဖေဖေ ဟုခေါ်ရန်ပင်မရှိချေ။
"ကောင်းပြီ"
ဖေးယွင်ကျင်း ခေါင်းညိတ်လိုက်သည်။ အတူတကွ အချိန်အချို့ ကုန်ဆုံးပြီးနောက် သူ ဖေးယီကျန့်အား အရင်ကလိုမရွံမရှာတော့ဘဲ မကြောက်ရွံ့တော့ပေ။ သူ ထိုသူ့အား သူ သိသော လူကြီးတစ်ဦးကဲ့သို့သာဆက်ဆံသည်။
အဓိကအချက်မှာ အန်တီနှင့်အတူ အပြင်ထွက်ခွင့်ရခြင်းဖြစ် သည်။
သူတို့ နှစ်ဦးတည်း!
ထိုအတွေးမှာ သူ့အား ပျော်ရွှင်စေသည်။
"အန်တီ၊ ကျွန်တော်တို့ ရက်နည်းနည်းနေလို့ရမလား?"
"သဘက်ခါ ညလောက်အထိ"
"ဒါဆို၊ ရှောင်ကျင်း အန်တီနဲ့အတူ ဒီနှစ်ရက်လုံးအိပ်လို့ရမလား ?"
"သေချာတာပေါ့"
ဖေးယွင်ကျင်း အပြုံးမှာ ပိုမိုကျယ်ပြန့် လာပြီး သူ ဖေးယီကျန့် ဘက်သို့ တစ်ချက်ကြည့်လိုက်သည်။ ဖေးယီကျန့် ကြည့်နေ သည်အား မြင်သောအခါ သူ ချက်ချင်း နန်ယုလက်မောင်းထဲသို့ဝင်လိုက်ပြီး ထိုသူ့အား စိန်ခေါ်လိုက်သည်။
ဖေးယီကျန့် ကလေးမှ သူ့ကိုယ် သူတီးတိုးပြောဆိုနေသည်ကို သံသယမရှိပေ။
"ရှောင်ကျင်း၊ ထိုင်ခုံမှာ ငြိမ်ငြိမ်နေ၊ မလှုပ်နဲ့"
"ဟုတ်..."
နှစ်နာရီကြာပြီးနောက် သူတို့ သုံးဦး ကြိုတင်စာရင်းသွင်းထားသော ဟိုတယ်သို့ရောက်ရှိခဲ့သည်။ နန်ယုနှင့် ဖေးယွင်ကျင်းတို့ အခန်းတစ်ခန်းအား မျှဝေသုံးစွဲပြီး၊ ဖေးယီကျန့်မှာ သူတို့၏ မျက်နှာချင်းဆိုင် အခန်းတွင်တည်းခိုသည်။
ထိုအခန်းများမှာ ဟိုတယ်၏ အပေါ်ဆုံးထပ်တွင်ရှိပြီး ထိုအ ထပ်တွင် အခန်းနှစ်ခန်းသာရှိသဖြင့် တစ်ထပ်လုံးအား သူတို့ပိုင်သကဲ့သို့ ဖြစ်နေသည်။
ပစ္စည်းများအားချထားပြီးနောက် သုံးဦးသား စုဝေးကာ နေ့လယ်စာ စားရန် ဟိုတယ်မှထွက်ခွာခဲ့သည်။ ဆယ်မိနစ်မျှ လမ်းလျှောက်ပြီးနောက် နန်ယု စားသောက်ဆိုင်ငယ်လေး တစ်ခုအား သတိပြုမိလိုက်သည်။
ဆိုင်က သိပ်မကြီးသော်လည်း နေ့လယ် တစ်နာရီနီးပါးတွင်ပင် လူအနည်းငယ် ရှိနေသေးရာ အစားအစာကောင်းရမည်ဟု သူမ တွက်ဆလိုက်သည်။
နန်ယု ဖေးယီကျန့်အား တစ်ချက်ကြည့်လိုက်သည်။
"ဒီဆိုင် အဆင်ပြေရဲ့လား၊ ကျွန်မ ဒီမှာ စားချင်တယ်"
နေ့စဉ် ကြယ်သုံးပွင့် စားဖိုမှူး၏ချက်ပြုတ်မှုအား စားသုံးနေရသူ နန်ယုမှာ ကွဲပြားခြားနားသော အရသာအား ရံဖန်ရံခါမြည်း စမ်းလိုသည်။ ပြီးခဲ့သည့်အကြိမ်က ညစာမျိုးဖြစ်သည်။
ဖေးယီကျန့် ချက်ချင်းပင် သဘောတူလိုက်သည်။
"သေချာပေါက်ပေါ့"
ဖေးယွင်ကျင်း ဤကဲ့သို့သော နေရာအား ပထမဆုံးအကြိမ် ရောက်ဖူးခြင်း ဖြစ်သည်။ ဆိုင်က သေးငယ်ပြီး ပရိဘောဂများမှာ အဟောင်းပုံ ပေါက်နေသည်။ သူ သိချင်စိတ်ဖြင့် ပတ်ဝန်း ကျင်အား ဝေ့ကြည့်နေသည်။ အထူးသဖြင့် နံရံပေါ်ရှိ လက်ရေးမီနူးအား ကြည့်လိုက်ရာ လက်ရေးများမှာ ဖတ်ရခက်လွန်းသဖြင့် အများစုအား သူ ခွဲခြားမရနိုင်ခဲ့ပေ။
"အန်တီ၊ ကျွန်တော်တို့ ဘာစားကြမလဲ ?"
"ကြည့်ရအောင်လေ"
နန်ယုသည်လည်း နံရံပေါ်ရှိ စာများအား ကြိုးစားဖတ်နေသည်။ သူမ ဖေးယီကျန့်ဘက်လှည့်လိုက်သည်။
"ရှင် ဘာစားမလဲ ? ကျွန်မတို့ သုံးယောက်အတွက် ဟင်းလေးပွဲဆို လုံလောက်မယ်ထင်တယ်"
ဖေးယီကျန့် မှာယူသူတိုင်းကို စိတ်ပျက်စေတတ်သော အဖြေ အား ပေးသည်။
"ကျွန်တော်က ဘာမဆိုအဆင်ပြေပါတယ်"
ထို့နောက် နန်ယု သူ့အား လျစ်လျူရှုလိုက်သည်။ ကလေးပါ လာခြင်းနှင့် နန်ယု အစပ်မစားနိုင်ခြင်းတို့ကြောင့် သူမ ကြော်ထားသော ဟင်းနှစ်မျိုး၊ စွပ်ပြုတ်တစ်မျိုးနှင့် ဟင်းရည်တစ်မျိုးအားမှာလိုက်သည်။ အော်ဒါပေးပြီးနောက် သုံးဦးသား စားပွဲ၌စောင့်ဆိုင်းနေကြသည်။
ထိုစောင့်ဆိုင်းချိန်မှာ အချည်းနှီး မဟုတ်ပေ။ နန်ယုနှင့် ဖေးယွင်ကျင်းတို့ နေ့လည်ခင်း လည်ပတ်ရန် ကိစ္စများအား ဆွေးနွေးနေကြသည်။ သူတို့၏ စူးချန်ခရီးစဉ်မှာ ရိုးရိုး အပန်းဖြေခရီးသာ ဖြစ်သည့်အလားပင်။
မီးဖိုချောင်မှ အသံများထွက်ပေါ်လာသည်။
"အန်တီယာ၊ ဝက်ချိုချဉ်ကြော်ဖို့ လိုအပ်တဲ့ ပစ္စည်းတွေအရင်လိုပဲ ထုပ်ပိုးပေးပါဦးနော်"
"အော်၊ ရပါတယ်၊ နွမ်နွမ်က နောက်တစ်ခါထပ်စားချင်တယ်ပေါ့"
"ဟားဟားဟား၊ သူက အန်တီ့လက်ရာကို အရမ်းကြိုက်တာ၊ ဒီည ချက်ကျွေးမလို့ပါ" ဟူသော ယောက်ျားတစ်ဦး၏စကားသံမှာ မီးဖိုချောင်ရှိ တစ်စုံတစ်ဦးနှင့်ပြောဆိုနေခြင်းဖြစ်သည်။
ထို့နောက် ထိုလူသည် ပတ်ဝန်းကျင်အးဝေ့ကြည့်လိုက်ရာ နန်ယုတို့ စားပွဲတွင် ကုလားထိုင်လွတ်တစ်လုံးရှိနေသည်ကို တွေ့လိုက်ရသည်။ သူ ပြုံးရွှင်စွာဖြင့် ချဉ်းကပ်လာသည်။
"ဟေး၊ ဒီကုလားထိုင် ယူလို့ရမလား ?"
နန်ယု ခေါင်းညိတ်ပြလိုက်သည်။
"ယူပါ"
ထိုလူမှာ သူတို့နှင့်သိပ်မနီးဘဲ ကျေးဇူးတင်စကားပြောပြီး ကုလားထိုင်အား အခြားစားပွဲသို့ အနည်းငယ်ရွှေ့လိုက်သည်။
နန်ယု ထိုလူအား အစပိုင်းတွင်ဂရုမစိုက်ခဲ့ပေ။ သူမ ဖုန်းလင်းလာပြီး ဖေးယီကျန့်ထံမှ မက်ဆေ့ချ်ဖြစ်ကြောင်း မြင်လိုက်ရသည့်အခါမှသာ အာရုံစိုက်မိသည်။
ဒီလောက်နီးနေတာကို မက်ဆေ့ချ် ပို့နေတာလား ?
နန်ယု မက်ဆေ့ချ်ဘောက်စ်အား နှိပ်လိုက်သည်။
ဖေး - ဒီလူရဲ့ ခေါင်းပေါ်ကစာတွေက အရမ်းစိတ်ဝင်စားဖို့ ကောင်းတယ်
ဖေး - စူးရီဖေး: စူးရှောင်နွမ်ရဲ့ဖခင်၊ သမီးကိုအသက်လိုချစ်တယ်၊ ဖေးယွင်ကျင်းကိုကယ်တင်ရာကနေ ညာခြေထောက်မသန်စွမ်းဖြစ်ပြီး အသက်ကြီးမှသေဆုံးခဲ့ရသူ
နန်ယု တည်ငြိမ်သော မျက်နှာထားဖြင့် ထိုလူအားတစ်ချက်ကြည့်လိုက်သည်။ သူ အမျိုးသမီးဇာတ်ဆောင်၏ အိမ်အနီးရှိ ဟိုတယ်အား ရွေးချယ်မိခဲ့ခြင်းမှာ ထူးဆန်းသောကံကြမ္မာပင်။
ဤလူမှာ မူရင်းဇာတ်လမ်းရှိ ဖေးယွင်ကျင်း၏ယောက္ခထီးဖြစ်နေသည်။