← Chapters

အခန်း (၈၀)

Vol. 9 Ch. 80

အခန်း (၈၀)

Vol. 9 Ch. 80

ဤပုဂ္ဂိုလ်မည်သူမည်ဝါဖြစ်ကြောင်း သိရှိနေသော်လည်း နန်ယု အပိုအလုပ်များမလုပ်ခဲ့ချေ။ သူ ဖေးယီကျန့်ထံ ရုပ်ပြောင် စတေကာတစ်ခု တည်ငြိမ်စွာပို့လိုက်သည်။

"နန်ယု: Hush.JPG"

ဖေးယီကျန့်: ...

သူ ဖုန်းသိမ်းလိုက်ပြီး ထိုလူအား စိတ်ဝင်တစားကြည့်နေခြင်းကို ရပ်လိုက်သည်။ စူးရီဖေး သူမှာထားသောတစ်ဝက်ပြီးဟင်းလျာအား လျင်မြန်စွာ ရရှိသွားသည်။ သူ့ကုလားထိုင်အား နန်ယုတို့ စားပွဲနားပြန်ထားပြီးနောက် ချက်ချင်းထွက်ခွာသွားခဲ့သည်။

(တစ်ဝက်ပြီးဟင်းလျာ = မကြော်၊ မချက်ရသေးတာပါ)

ထိုအချိန်တွင် နန်ယုတို့၏ဟင်းပွဲများလည်း တစ်ပွဲပြီး တစ်ပွဲ စားပွဲပေါ် ရောက်ရှိလာခဲ့သည်။ ပထမဆုံးမှာ ဂန္ထဝင်ဟင်းလျာ ဖြစ်သည့် ဟင်းသီးဟင်းရွက် သုံးမျိုးကြော်ဖြစ်သည်။ ဤဟင်းလျာအား စားသောက်ဆိုင်များစွာတွင် ရနိုင်သော်လည်း ပါဝင်ပစ္စည်းများမှာ မတူညီကြပေ။ ဤဆိုင်ကမူ မုန်လာဥနီ၊ ပဲပင်ပေါက်နှင့် ဝက်သားလွှာတို့အားအသုံးပြုထားသည်။

မုန်လာဥနီကို မြင်လိုက်သည်နှင့် ဖေးယွင်ကျင်း မျှော်လင့်ချက်များ ချက်ချင်း ပျောက်ဆုံး သွားခဲ့သည်။ သူ မုန်လာဥနီအား မုန်းသည်။ အစက အနည်းငယ်သာမကြိုက်ခဲ့သော်လည်း အတင်းအကြပ် စားခိုင်းခံရပြီးနောက် လုံးဝမုန်းတီးသွားခဲ့ခြင်း ဖြစ်သည်။

ဦးလေးကျိုးအား သူ့ခံစားချက်များ ပြောပြပြီးနောက်ပိုင်း မုန်လာဥနီအား အချိန်ကြာကြာ မစားခဲ့ရပေ။ ယနေ့တွင် ဤဟင်းသီးဟင်းရွက်အား ထပ်တွေ့ရမည်ဟု သူ မထင်ခဲ့ပေ။ ၎င်းကို အလွန်သေးငယ်အောင် လှီးထားသဖြင့် ဖယ်ထုတ်ရန်ပင် ခက်ခဲသည်။

သို့သော် ဖေးယွင်ကျင်း ဖေးယီကျန့်အား တစ်ချက်ကြည့်လိုက်ရာ ၎င်းသည် တူဖြင့်ကြော်ထားသော ဟင်းသီးဟင်းရွက်အား သဘာဝအတိုင်း ယူကာ မုန်လာဥနီ ပါ၊ မပါ စစ်ဆေးခြင်းမရှိဘဲ စားနေသည်ကိုတွေ့လိုက်ရသည်။ ဤမြင်ကွင်းမှာ သူ့ကိုယ်သူ အစားရွေးလွန်းသည့် ကလေးတစ်ယောက်လို ခံစားရစေခဲ့သည်။

'ငါ့အန်တီကရော အဲ့လိုထင်မလား ?'

ဖေးယွင်ကျင်း ရှုယီကျစ် စကားအား ရုတ်တရက်သတိရသွားသည်။

"ကလေးတွေမှ အစားရွေးတာ၊ လူကြီးတွေက ဘယ်တော့မှမရွေးဘူး"

ဖေးယီကျန့်၏လှောင်ပြောင်မှုအား မခံရစေရန်နှင့် သူ့အန်တီ ထိုလူကြီးအား ပိုမိုစည်းကမ်းရှိသည်ဟု မထင်စေရန် စိတ်အားထက်သန်မှုဖြင့် ဖေးယွင်ကျင်း ဟင်းလျာအများအပြားအား တူဖြင့် ခပ်ယူလိုက်ပြီး ပါးစပ်ကိုပင် မကြည့်ဘဲ အားလုံးကိုထိုးထည့်လိုက်သည်။

သူ့ပါးများ ဖောင်းနေပုံမှာ အစားစားနေသော ကြွက်ကလေး တစ်ကောင်နှင့် တူနေသည်။ သူ့ပါးအား သွားတို့ကြည့်ချင်စဖွယ်ပင်။

သူ ချန်ကန်းမှာ ရှုယီကျစ်၏ စကားအပြီးတွင် ပြန်ပြောခဲ့သော စကားအား လုံးဝမေ့လျော့နေခဲ့သည်။

"ဘာဖြစ်လို့လဲဆိုတော့ လူကြီးတွေက သူတို့ ကြိုက်တာကိုပဲ ဝယ်ကြလို့ပါ"

ကလေးစိတ်ထဲတွင် ယခုအခါ 'မျက်နှာသာရဖို့ ကြိုးစားခြင်း' ဟူသော အတွေးများဖြင့်သာပြည့်နေသည်။

"ဘာလို့ အဲ့လောက် အလျင်စလိုစားနေရတာလဲ?"

နန်ယု ဖေးယွင်ကျင်း လုပ်ရပ်များအား ပျော်ရွှင်စွာကြည့်နေ သည်။ ကလေး ဘာတွေတွေးနေသည်ကို သူ မသိခဲ့ဘဲ သူ ဗိုက်ဆာနေသည်ဟုသာယူဆခဲ့သည်။ ကားထဲတွင် မုန့်များ များစွာ ပါလာသဖြင့် ဖေးယွင်ကျင်း လမ်းတစ်လျှောက်စားခဲ့သည်။ ထိုမျှလျင်မြန်စွာ အစာကြေသွားသည်ကို သူ အံ့ဩမိသည်။

"ရီ ၊ အိုး..."

"ရတယ်၊ ရတယ်၊ စကားမပြောခင် မျိုချလိုက်ဦး"

ဖေးယွင်ကျင်း အရသာဘယ်လောက် မကောင်းပါစေ စားမည်ဟု ဆုံးဖြတ်ကာ ကြိုးစားဝါးလိုက်သည်။

သူ ဝါးလိုက်ရာ... ဟမ် ? မုန်လာဥနီ အရသာက ဘယ်ရောက်သွားတာလဲ ?

သူ ထပ်ဝါးလိုက်သည်။ သင်းပျံ့သောရနံ့သာ ရှိနေသေးသည်။ ဖေးယွင်ကျင်း ၎င်းအား အတိအကျဖော်ပြမတတ်သော်လည်း လန်းဆန်းစေသည်။

ဂလု!

အားလုံးကို မျိုချပြီးနောက် ကလေး၏မျက်လုံးများ အရောင်တောက်လာသည်။

"အန်တီ၊ အရမ်းအရသာရှိတယ်"

"အရသာရှိရင်တောင် ဖြည်းဖြည်းချင်းစားရမယ်"

နန်ယု အစားအစာအား စိုက်ကြည့်နေရင်း စကားပြောနေသဖြင့် ဖေးယွင်ကျင်း ဖေးယီကျန့်အား ပစ်လွှတ်လိုက်သော 'ငါလည်း ကောင်းကောင်းစားတတ်ပါတယ်' ဟူသော မာနကြီးသည့် အကြည့်အား သတိမထားမိခဲ့ပေ။

ဖေးယီကျန့်မှာမူ ထိုကလေး ဘာတွေတွေးနေသည်ကို ခေတ္တမျှ ရှုပ်ထွေးသွားသည်။ သူ ဒီဟင်းပွဲကို တကယ်ကြိုက်တာလား?

ကလေးငယ်အား ဂရုစိုက်သည့်စိတ်ဖြင့် ဖေးယီကျန့် တူတစ်စုံ ထပ်ထုတ်ကာသုတ်ပြီးနောက် ဟင်းလျာအချို့အား ယူ၍ဖေးယွင်ကျင်း ပန်းကန်ထဲသို့ထည့်ပေးလိုက်သည်။

"ကြိုက်ရင် ပိုစား"

ဖေးယွင်ကျင်း: "..."

'ဟင်း၊ ကောက်ကျစ်တဲ့ လူကြီး၊ ငါနဲ့ မယှဉ်နိုင်တော့ ငါ့အန်တီရဲ့အာရုံစိုက်မှုကို အခြားနည်းနဲ့ လုယူနေတာပဲ'

ဖေးယွင်ကျင်း အစားအစာများစွာ စားထားသဖြင့် ရပ်လိုက်ချိန်တွင် ကျယ်လောင်စွာသမ်းလိုက်သည်။

ထိုအပြုအမူမှာ နန်ယုအား ရယ်မောစေသည်။

"ဒီတော့ တောင်ဆင်းလမ်းလျှောက်ပြီး ကယ်လိုရီတွေ လောင် ကျွမ်းလိုက်ရအောင်"

ဖေးယွင်ကျင်း မျက်နှာနီမြန်းသွားခဲ့သည်။ အိုး၊ လူဆိုးတစ်ယောက်နဲ့ ထပ်ပြီး မျက်နှာသာရဖို့အတွက် ယှဉ်ပြိုင်တော့မည် မဟုတ်ဟု သူ ကိုယ့်ကိုယ်ကိုယ် သတိပေးလိုက်သည်။

နန်ယု အမျိုးသမီးဇာတ်ဆောင် စူးရှောင်နွမ်နှင့် တွေ့ဆုံရန် ရည်ရွယ်ချက်ဖြင့် စူးချန်သို့ ရောက်လာသော်လည်း သူမ အိမ်သို့ တန်းတန်းမတ်မတ်မသွားခဲ့ပေ။ သူမသည် စူးရှောင်နွမ်၏ အတိအကျနေရပ်အား မသိခဲ့ဘဲ ဤဧရိယာတွင် ရှိသည်ကိုသာ သိခဲ့သည်။

အဘယ်ကြောင့်ဆိုသော် မူရင်းဝတ္ထုတွင် စူးရှောင်နွမ်နှင့် ဖေးယွင်ကျင်းတို့မှာ သူတို့ ကြီးပြင်းခဲ့သော နေရာများအကြောင်း ပုံပြင်များကို မျှဝေခဲ့ကြသည်။ ဥပမာ- လမ်းဟောင်းတစ်ခုရှိ အရသာရှိသော အစားအစာများနှင့်၊ ကလေးဘဝက မင်းသမီးတစ်ပါးနေထိုင်သည်ဟုထင်ခဲ့ရသော ဇိမ်ခံဟိုတယ်တစ်ခု။

သို့မဟုတ် နန်ယုတို့ နောက်မှတက်မည့် ယုံရီတောင်။

စူးရှောင်နွမ်၏ မှတ်ဉာဏ်ထဲတွင် ၎င်းမှာ အလွန်လှပသော နေရာဖြစ်သည်။ ယုံရီတောင်သည် ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၃၅၀ ခန့် မြင့်ပြီး စူးချန်မြို့၏ အမြင့်ဆုံးတောင် ဖြစ်သည်။ နာမည်ကြီး ဘုရားကျောင်းတစ်ခုလည်း ရှိသဖြင့် စူးချန်သို့ လာရောက်သူများအတွက် မဖြစ်မနေ လာရောက်ရမည့် နေရာတစ်ခုဖြစ်သည်။

"ရှောင်ကျင်း တကယ်တက်နိုင်ပါ့မလား?"

မီတာ ၃၀၀ ကျော်မြင့်သော တောင်မှာ မမြင့်သကဲ့သို့ ထင်ရသည်။ မြေပြန့်တွင် မိနစ်အနည်းငယ် လမ်းလျှောက်ရုံဖြစ်သော်လည်း ဤအမြင့်တွင်မူ လူကြီးပင် ပင်ပန်းနိုင်သည်။ ကလေးအတွက် ပြောစရာပင် မလိုတော့ပေ။ ထို့ကြောင့် ယုံရီတောင်တွင် တိုက်ရိုက်တက်နိုင်သော ကေဘယ်လ်ကား ထားရှိထားသည်။

"ဟုတ်! ရှောင်ကျင်း လုပ်နိုင်တယ်!"

ကလေးမှာ ယုံကြည်မှု ရှိနေသဖြင့် နန်ယုလည်းခွင့်ပြုလိုက်သည်။

ဖေးယီကျန့်၏ခွန်အားကိုမူ နန်ယု သံသယရှိသည်။

"ရှင် ကေဘယ်လ်ကားစီးပြီး အပေါ်ကနေ ကျွန်မတို့ကိုစောင့်နေရင်ကော ဘယ်လိုလဲ ?"

ဖေးယီကျန့် ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။

"ကိုယ်လည်း တက်နိုင်ပါတယ်၊ ကိုယ့်ကို နာမကျန်းတဲ့သူတစ်ယောက်လို့ ထင်နေတာလား?"

သူ့ပုံရိပ်ပျက်စီးမည်အား မစိုးရိမ်ပါက ဖေးယီကျန့် နန်ယုအား သူ့ဝမ်းဗိုက်ကြွက်သားများကို လွယ်ကူစွာပြသနိုင်သည်။ 8 packs မဟုတ်သော်လည်း 4 packs တော့ရှိသည်။

နန်ယု မျက်ဝန်းများမှာ ဖေးယီကျန့် စကားကြောင့် စူးစူးစိုက် စိုက်ကြည့်နေသည်။ သူမ အကြည့်တွင် 'တကယ်ရော ဟုတ်ရဲ့ လား' ဟူသောသံသယများပြည့်နှက်နေသော်လည်း ယောက်ျားတစ်ဦး၏မာနမှာ ထိလွယ်ရှလွယ်ပြီး ကြောက်မက်ဖွယ်ကောင်းသည်ကို သူမ ကောင်းစွာ သိရှိသည်။ ထို့ကြောင့် သူ့စိတ်အား ထိခိုက်စေမည့် စကားများကို မျိုချပစ်လိုက်သည်။ ထိုအစား၊ သူမ နားလည်မှုပေးသည့်ဟန်ဖြင့် အသာအယာပြုံးပြလိုက်သည်။

ယောက်ျားလေးနှစ်ဦးလုံး (ဖေးယီကျန့်နှင့် ဖေယွင်ကျင်း) တောင်အား တကယ်တမ်း ဆက်မတက်နိုင်တော့လျှင် ပင်ပန်းနွမ်းနယ်သူ တစ်ဦးဦးအားနောက်ကျောတွင် ပွေ့ချီထမ်းပိုးရန် မှာ သူမအတွက် ပြဿနာတစ်ခုမျှမဟုတ်ပေ။

ယုံရီတောင်မှာ မီတာ ၅၀ တိုင်းတွင် အမြင့်မှတ်သားချက်များ အား စဉ်းစားပေးထားသဖြင့် နန်ယုအား သူတို့၏အခြေအနေကို ရှင်းလင်းစွာခန့်မှန်းနိုင်စေသည်။

မီတာ ၅၀ အမှတ်အသားတွင် ဖေးယွင်ကျင်း စိတ်အားထက် သန်ကာ လုံးဝအဆင်ပြေနေသည်။ နန်ယုနှင့် လေ့ကျင့်မှုများစွာပြုလုပ်ပြီးနောက် သူ့ခွန်အားမှာ ပုံမှန်လေးနှစ်သား ကလေးထက် သာလွန်နေသည်မှာသေချာသည်။ ဖေးယီကျန့်တွင်လည်းပြောင်းလဲမှုမရှိ။ သူ့ အသက်ရှူနှုန်းနှင့် ခြေလှမ်းများပုံမှန်ဖြစ်သည်။

မီတာ ၁၅၀ အမှတ်အသားတွင် ဖေးယွင်ကျင်း ပြင်းပြင်းထန် ထန် မောဟိုက်လာသည်။ ဆောင်းရာသီတွင်ပင် သူ့မျက်နှာမှ ချွေးစက်များ ကျနေသည်။ ဖေးယီကျန့်၏ အသက်ရှူနှုန်း အနည်းငယ် တိုးလာသော်လည်း သိသိသာသာမပြောင်းလဲပေ။

"ရှောင်ကျင်း၊ ဆက်တက်နိုင်သေးလား ?"

"ဟုတ်...ဟူး...တက်နိုင်ပါတယ်"

မီတာ ၂၅၀ အမှတ်အသားတွင် ကလေးမှာ စကားပင်ကောင်းစွာမပြောနိုင်တော့ချေ။ မျက်နှာ နီမြန်းကာ ခြေထောက်များ တုန်ယင်နေသည်။ နန်ယု မီတာ ၂၀၀ အမှတ်အသားတွင် အနီးရှိ နားနေဆောင်၌ ခဏနားရန် ကမ်းလှမ်းခဲ့သော်လည်း နာရီ ဝက်ခန့် နားခြင်းမှာ ပင်ပန်းနွမ်းနယ်မှုအား လုံးဝသက်သာစေခြင်း မရှိခဲ့ပေ။

နန်ယု ဖေယွင်ကျင်း နောက်နေ့နံနက်တွင် အိပ်ရာမှ မထနိုင်မည်ကို သံသယမရှိပေ။

သူမ ခေါင်းမာသော ကလေးအား ပွေ့ချီရန် လက်လှမ်းလိုက်စဉ် ဖေးယီကျန့် အရင်လှုပ်ရှားလိုက်သည်။

"တက်"

သူ ဒူးထောက်လိုက်ပြီး ဖေးယွင်ကျင်းအား သူ့ကျောပေါ်သို့ လက်ဟန်ပြလိုက်သည်။

ဖေးယီကျန့်အတွက် ၎င်းမှာ တစ်စုံတစ်ဦးအား ပထမဆုံးအကြိမ်ထမ်းရခြင်းဖြစ်သည်။ ဖေးမိသားစုခေါင်းဆောင်အား မည်သူ့ကိုမျှ ထမ်းခိုင်းရန်မတောင်းဆိုရဲခဲ့ကြပေ။

ကံကောင်းသူဖြစ်သည့် ဖေးယွင်ကျင်းမှာ ငြင်းဆန်လိုသော် လည်း မောပန်းမှုကလွှမ်းမိုးနေခဲ့သည်။

"ရှောင်ကျင်း ဒီလောက်မြင့်တဲ့အထိတက်နိုင်တာ အရမ်းတော်တယ်"

နန်ယု အချိန်ကိုက် ချီးကျူးလိုက်သည်။

"ခဏနားလိုက်ပါ၊ မပင်ပန်းတော့ရင် ကိုယ့်ဘာသာ ဆင်းလျှောက်ပေါ့"

ဖေးယွင်ကျင်း နောက်ဆုံးတွင် ကြီးမားသော သွေးဆောင်မှု အားလက်ခံကာ ဖေးယီကျန့် ကျောပေါ်သို့ ဂရုတစိုက်တက်ပြီး လည်ပင်းအား ဖက်လိုက်သည်။ ဖေးယွင်ကျင်း အဆင်သင့် ဖြစ်ကြောင်းသေချာသောအခါ ဖေးယီကျန့် လက်နှစ်ဖက်ဖြင့် ကိုယ်ကိုမြှောက်လိုက်သည်။ ရုတ်တရက် ထလာခြင်းကြောင့် ကလေးလန့်သွားပြီး ဖက်ထားသည့်အား ပိုမိုတိုးလာခဲ့သည်။

"အာ "

ဖေးယီကျန့် ကူကယ်ရာမဲ့စွာပြောလိုက်သည်။ ကံကောင်းစွာဖြင့် သူ ဘာမှမပြောခင် ဖေးယွင်ကျင်း ဖေးယီကျန့်အားမသက်မသာ ဖြစ်စေမိကြောင်းသဘောပေါက်သွားသည်။

"အဆင်ပြေရဲ့လား ?"

"ကျွန်တော် တမင်လုပ်တာမဟုတ်ပါဘူး၊ တောင်းပန်ပါတယ်"

ထိုနူးညံ့သော ကလေးသံမှာ ဖေးယီကျန့် နားတွင် ပဲ့တင်ထပ်နေသည်။ ဖေးယွင်ကျင်းစကားထဲမှ တောင်းပန်မှုအား ခံစားရသောအခါ သူ့ နှလုံးသားမှာအကြောင်းတစ်ခုခုကြောင့် ပျော့ပြောင်းသွားခဲ့သည်။

"ရပါတယ်၊ ပင်ပန်းရင် ငါ့ကျောပေါ်မှာ ခဏအိပ်လိုက်၊ တောင် ထိပ်ရောက်ရင် နှိုးလိုက်မယ်"

"မဖြစ်ဘူး၊ ကျွန်တော် မအိပ်ချင်ဘူး! နားပြီးတာနဲ့ ပြန်ဆင်းလျှောက်မယ်"

ဖေးယွင်ကျင်း သူ အနည်းငယ် လေးကြောင်း သိသဖြင့် ဖေးယီကျန့်အတွက် ထမ်းရခက်မည်ကို စိုးရိမ်သည်။ ထို့ကြောင့် သူ ဆယ်မိနစ်၊ အများဆုံး ဆယ်မိနစ်သာနားပြီး ကိုယ့်ဘာသာ ဆင်းလျှောက်မည်ဟု ကိုယ့်ကို ကိုယ် ပြောခဲ့သည်။

အန်တီက တောင်ထိပ်ကိုမီတာတစ်ရာပဲ လိုတော့တယ်လို့ ပြောခဲ့တာ။ ငါတို့ သုံးပုံနှစ်ပုံနီးပါးကိုတက်ခဲ့ပြီးပြီပဲ။ ဤမျှ နီးကပ်လာသော ပန်းတိုင်အတွက် နောက်ထပ် ခဏလေးနားလိုက်ရုံ သာလိုတော့သည်ဟု သူ တွေးလိုက်သည်။

"ဟင်း၊ ငါ့မျက်ခွံတွေ အရမ်းလေးနေပြီ"

ဖေးယွင်ကျင်း အိပ်မပျော်စေရန် ကြိုးစားရင်း သူ့အား ကျောပိုးထားသော ဖေးယီကျန့် ကျောပြင်အား အသာအယာ ပွတ်သပ် လိုက်သည်။ သူ၏နိုးကြားမှုအား ထိန်းသိမ်းရန် ကြိုးစားသော်လည်း ပင်ပန်းနွမ်းနယ်မှုမှာ လွန်ကဲလွန်း သဖြင့် ထိုသို့ လုပ်ဆောင်ခြင်းမှာ အလုပ်မဖြစ်ခဲ့ပေ။ ထိုသို့ဖြင့် မိနစ်ပိုင်းအတွင်းမှာပင် မလွန်ဆန်နိုင်သော အိပ်ချင်စိတ်ကြောင့် သူ အိပ်ပျော်ခြင်းဆီသို့ နစ်မြုပ်လိုက်တော့သည်။

'ဒါဆို၊ ခဏ အိပ်လိုက်မယ်...'

သူ့ပခုံးပေါ်ရှိ အလေးချိန်အားခံစားရသောအခါ ဖေးယီကျန့် အနည်းငယ် ခေါင်းစောင်းကြည့်လိုက်ရာ သေးငယ်ပြီး အမွေးပွသောခေါင်းလေး တစ်ခုအားတွေ့လိုက်ရသည်။ ကလေးငယ်မှာ လုံးဝပင်ပန်းနွမ်းနယ်နေပုံရမည်။ မိနစ်အနည်းငယ်အတွင်း အိပ်ပျော်သွားခဲ့သည်။

နန်ယုလည်း ဤအရာအား သတိပြုမိသည်။ သူမ အသာအယာ ပြုံးလိုက်ပြီး ဖေးယီကျန့်အား နှုတ်ခမ်းလှုပ်ရုံဖြင့်မေးလိုက်သည်။

"အဆင်ပြေရဲ့လား ?"

ဖေးယီကျန့်: "..."

သူ့တုံ့ပြန်မှုမှာ ရုတ်တရက် ခြေလှမ်းမြန်လိုက်ခြင်းဖြစ်သည်။

ရုတ်တရက် နောက်ကျန်ခဲ့သဖြင့် နန်ယု ရှုပ်ထွေးသွားသည်။ သူ ဘာပြောလိုက်လို့လဲ ? ဘာကြောင့် ဒီလောက် အမြန်ပြေးသွားတာလဲ? ရှောင်ကျင်း နိုးလာရင်ဘယ်လိုလုပ်မလဲ ? အမျိုး သားတစ်ဦး ဘာတွေ တွေးနေလဲဆိုတာ ခန့်မှန်းရတာ တကယ် ခက်ခဲတယ်!

သို့သော်လည်း နန်ယု ဖေးယီကျန့် ခေါင်းလှည့်လိုက်စဉ်က မြင်လိုက်ရသည့် မြင်ကွင်းအားတွေးမိလိုက်သည်။ ချွေးစို့နေသော အနက်ရောင် ဆံစများနှင့် လေ့ကျင့်ခန်းကြောင့်နီမြန်းလာသော ဖြူဖျော့သောမျက်နှာ ထိုပုံရိပ်မှာ သူမ စိတ်ထဲစွဲထင်ကျန်ရစ်နေခဲ့သည်။

—ထားလိုက်တော့၊ ဒီလိုကြည့်ကောင်းတဲ့ မျက်နှာကြောင့် ခွင့်လွှတ်ပေးလိုက်မယ်

"အန်တီ"

ဖေးယွင်ကျင်း မျက်လုံးပင် မပွင့်သေးပဲ နန်ယုအားခေါ်ရင်း မျက်လုံးများကို ပွတ်နေသည်။

"နိုးပြီလား"

နန်ယု အသံမှာ အပေါ်မှ နူးညံ့စွာရောက်လာသည်။

ဖေးယွင်ကျင်း တစ်စုံတစ်ခုအား ချက်ချင်းသတိရသွားသည့်အလား ရုတ်တရက်ထထိုင်လိုက်သည်။ ထိုအခါမှ သူ နန်ယု၏ ပေါင်ပေါ်တွင် လဲလျောင်းနေကြောင်းနှင့် ဖေးယီကျန့် သူ့ဘေးတွင် ရှိနေသည်အားသဘောပေါက်လိုက်သည်။ ဖေးယီကျန့် သူ့အား ကြည့်ပြီးပြုံးနေသည်။

ဖေးယွင်ကျင်း ဘာစကားမှမပြောနိုင်ဘဲတိတ်ဆိတ်နေခဲ့သည်။ သူ၏ဖြူစင်သော မျက်နှာလေးတွင် ရှက်သွေးဖြာလာရသည်။ ယခုအကြိမ် နီရဲခြင်းမှာတောင်တက်ခြင်းကြောင့် မဟုတ်ဘဲ သူ အမှန်တကယ် ရှက်ရွံ့နေခြင်းကြောင့် ဖြစ်သည်။

'တောင်ထိပ်ရောက်တဲ့အထိ သူများကျောပေါ်မှာ အိပ်ပျော်လာခဲ့တာ၊ ရှောင်ကျင်း တကယ်အသုံးမကျဘူး'

ဖေးယွင်ကျင်း နန်ယု ပေါင်ပေါ်မှ အလျင်အမြန် ဆင်းလိုက်ပြီး ဖေးယီကျန့် ရှေ့တွင် ရပ်လိုက်သည်။ မေးခွန်းထုတ်နေသော အကြည့် ဖြင့် ကြည့်နေသည့် ဖေးယီကျန့်အား ခေါင်းအနည်း ငယ် ငုံ့၍ပြောလိုက်သည်။

"ဒီအထိ သယ်လာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ ဦးလေး အရမ်းပင်ပန်းသွားရပါပြီ"

နောက်တစ်ခဏတွင် ကြီးမားသော လက်တစ်ဖက်မှာ သူ့ခေါင်းအား ညင်သာစွာပွတ်သပ်လာသည်။ ထို့နောက် ပြုံးရွှင်သော အသံဖြင့်ပြောသည်။

"ရပါတယ်"

တူညီမှုရှိသော မျက်နှာနှစ်ခု၊ တစ်ခုမှာ ကြီးမားပြီးတစ်ခုမှာ သေးငယ်သည်။

ထိုအခိုက်အတန့်တွင် တစ်ထပ်တည်းကျနေ သယောင်ရှိသည်။ နန်ယု ၎င်းအား ကြည့်ရင်းသွေးသားနှောင်ကြိုး၏ အံ့ဩဖွယ်ရာများကို အံ့အားသင့် နေမိသည်။ ထိုနှစ်ဦး အဆင် ပြေပြေ ပေါင်းသင်းဆက်ဆံနိုင်ခြင်းမှာ အလွန် ကောင်းမွန် သောအရာဖြစ်သည်။

သုံးဦးသား တောင်ပေါ်ရှိ ဘုရားကျောင်း၌ ဝတ်ပြုခြင်း၊ သက် သတ်လွတ်စားခြင်း နှင့် နေဝင်ဆည်းဆာကြည့်ရှုခြင်းတို့ကို ပြုလုပ်ပြီးမှ ပြန်ခဲ့ကြသည်။

အပြန်တွင် ဖေးယွင်ကျင်း ကေဘယ်လ်ကားစီးနင်းရန်ရွေး ချယ်လိုက်သည်။ ပြတင်းပေါက်မှနေ၍ သူ တစ်ခါက တက်ခဲ့သော လမ်းကြောင်းအား ကြည့်ရှုရင်း ကလေးငယ်မှာ စိတ်လှုပ်ရှား နေခဲ့သည်။ ကေဘယ်လ်ကားမှ ဆင်းပြီးနောက် သူ လုံးဝ မပင်ပန်းတော့ဘဲ နောက်တစ်ခါ ထပ်မံ စီးနင်းချင်စိတ်ပင် ရှိနေပုံရသည်။

ထိုစဉ် နီးစပ်ရာ လူအုပ်မှာ ဖေးယွင်ကျင်း၏အာရုံအား ဖမ်းစား လိုက်သည်။ သူ အရပ်ပုခြင်းကိုအခွင့်ကောင်းယူကာ လူအုပ်ကြားမှ ကြည့်လိုက်ရာ အလယ်၌ ဝိုင်းရံထားသော ငိုနေသည့် မိန်းကလေးငယ် တစ်ဦးအားတွေ့လိုက်ရသည်။ ဘေးရှိ လူကြီး များမှ နှစ်သိမ့်နေသော်လည်း အချည်းနှီးဖြစ်နေပုံရသည်။ ထိုကလေးမလေးမှာ သူ့ထက်ပင်ပိုပုနေသည်။

"အန်တီ"

ဖေးယွင်ကျင်း နန်ယု ဘောင်းဘီအား ချက်ချင်းဆွဲလိုက်သည်။

"ဟိုက လူတွေက ကလေးခိုးတဲ့ လူတွေလား ?"

နန်ယု တအံ့တဩ ဖြစ်သွားသည်။

"မဟုတ်လောက်ဘူး၊ ကလေးမလေး လမ်းပျောက်နေတာဖြစ်မယ်"

ဘေးလူများ ပြောဆိုနေသည့် စကားများအားကြားရခြင်း ဖြစ် သည်။ ဤကဲ့သို့သော လည်ပတ်ရာနေရာတွင် ကလေးများ လမ်းပျောက်ခြင်းမှာ ပုံမှန်အဖြစ်အပျက်ဖြစ်သည်။

တစ်စုံတစ်ဦးမှ ရှုခင်းနေရာ၏ ဝန်ထမ်းများအား အကူအညီ တောင်းခံပြီးသား ဖြစ်သည်ကို မြင်သောအခါ နန်ယုဝင်ရောက် စွက်ဖက်ရန် စိတ်ကူးမရှိတော့ပေ။ သူမသည် ရဲ မဟုတ်သဖြင့် မိဘများအား ရှာဖွေရာ၌ ကူညီနိုင်မည်မဟုတ်ပေ။

သူမ ထွက်ခွာရန် ပြင်ဆင်နေစဉ် ဖေးယီကျန့် နန်ယုထံချဉ်းကပ် လာခဲ့သည်။ သူ့အသံအားတိုးကာ ဝမ်းဗိုက်မှ ထွက်လာသကဲ့ သို့ပြောလိုက်ရာ နန်ယု နားများအား ခဏတာယားယံစေခဲ့သည်။ သို့သော် ဖေးယီကျန့်၏စကားအကြောင်းအရာမှာ သူမအား လျင်မြန်စွာဆွဲဆောင်နိုင်ခဲ့ပြီး နားယားသည့်ခံစားချက်အားလျစ်လျူရှုစေခဲ့သည်။

"အဲ့ကလေးမလေးနာမည်က စူးရှောင်နွမ်တဲ့"

All Chapters