အခန်း (၇၃)
Vol. 9 Ch. 73
ကျောင်းဆင်းသည်နှင့် ဖေးယွင်ကျင်း ဗီလာဆီသို့ အပြေးပြန်လာခဲ့သည်။ ကျောပိုးအိတ်ကိုပင် မြေပေါ်သို့ မချရသေးဘဲ တစ်စုံတစ်ယောက်အား ရှာဖွေနေသည့်အလား ပတ်ဝန်းကျင်သို့ဝေ့ဝှဲကြည့်လိုက်သည်။
နန်ယု ချက်ချင်းဆိုသလို ခန့်မှန်းမိလိုက်သည်။
"ဖေးယီကျန့် အိမ်ပြန်သွားပြီ၊ ရှောင်ကျင်း ဘာလိုချင်လို့လဲ?"
နန်ယု စကားကြောင့် ဖေးယွင်ကျင်း သက်ပြင်းမောတစ်ချက် ချလိုက်ပြီးနောက် ချက်ချင်းပင် ခေါင်းအား အခါခါ ခါယမ်းပြသည်။
"ဘာမှ မဟုတ်ပါဘူး၊ တကယ် ဘာမှ မဟုတ်ပါဘူး!"
သူ (ဖေးယီကျန့်) ပြန်သွားပြီဆိုတော့ ကောင်းသည်။ ဤမနက် နန်ယု ပြောခဲ့သည့် စကားများမှာ တကယ်အကျိုးသက်ရောက်မှု ရှိခဲ့ပုံရသည်။
နန်ယု ဖေးယွင်ကျင်းအား ရယ်မြူးရိပ်သန်းသော မျက်လုံးများဖြင့်ကြည့်ကာ လက်အသာဝှေ့ပြပြီး မူကြိုကျောင်းတွင် ပျော်ရွှင်ခဲ့၊ မပျော်ရွှင်ခဲ့ခြင်း နှင့် မစ္စတာဖန် အကြောင်းအား စိတ်ဝင်တစားမေးမြန်းလိုက်သည်။
ဖေးယီကျန့် ဖေးယွင်ကျင်း ခေါင်းပေါ်ရှိ စာလုံးများမှာ အထင်းဆုံး (အမှောင်ဆုံး) ဖြစ်သည်ဟု ပြောသောအခါ နန်ယု အံ့ဩမသွားခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် ဖေးယွင်ကျင်းမှာ ဝတ္ထု၏ အဓိကအမျိုးသားဇာတ်ဆောင်ဖြစ်သည်။
"မင်းက ငါ့ရဲ့အလင်းရောင်" ဟူသည့် ဤဝတ္ထုမှာ ရိုးရှင်းသော အချစ်ဇာတ်လမ်းသာ။
အမျိုးသမီးဇာတ်ဆောင်မှာ ဝတ္ထု၏အသက်ဝိညာဉ်ဖြစ်သင့်သော်လည်း၊ ပျော်ရွှင်ပြီး အကောင်းမြင်စိတ်ရှိသော ဇာတ်လိုက်မလေးနှင့် နှိုင်းယှဉ်လျှင် ဖေးယွင်ကျင်း၏ကြေကွဲဖွယ်အတိတ်နှင့် ရှုပ်ထွေးနက်နဲသော စရိုက်လက္ခဏာမှာ စာဖတ်သူများအား ပိုမိုစွဲဆောင်ခဲ့သည်။
သူမသည် မိထွေး (နန်ယု)နှင့် နာမည်တူခြင်းအပြင်၊ သူမ စာအားဆက်ဖတ်ဖြစ်ရန်အတွက် အဓိကကျသော အကြောင်းအရင်းမှာ ထိုကလေးဖြစ်သည်။
ယခုတွင် သူမ၌ သံသယတစ်ခုရှိလာခဲ့သည်—ဤ 'ကံကြမ္မာ' ဟူသည် ဝတ္ထု၏မူရင်းဇာတ်ကြောင်းအား ဆိုလိုသလား?
ထိုကံကြမ္မာမှာ ဤနေရာမှ လူများအား မူရင်းဇာတ်လမ်းအတိုင်းသာ ဖွံ့ဖြိုးတိုးတက်စေရန်လိုလားခဲ့ပုံရသည်။ သို့သော် အကြောင်းတစ်ခုခုကြောင့် ဖေးယီကျန့်သည်သာလျှင် နိုးထလာခဲ့သည်။
ကံကြမ္မာမှာ ဖေးယီကျန့် မျှော်လင့်ချက်များအားအကြိမ်ကြိမ် ရိုက်ချိုးခဲ့ပြီး မူရင်းဝတ္ထုအတိုင်း ကိရိယာသဖွယ် တစ်ခုတည်းသာ ထားရှိခဲ့သည်။ ထိုအချိန်၌ပင် အခြားနန်ယုတစ်ဦး မထင် မှတ်ဘဲ ပေါ်လာခဲ့ခြင်းဖြစ်သည်။
ယခုအခါ ပြန်စဉ်းစားကြည့်လျှင်၊ မူရင်း နန်ယု ပြန်လည်မမွေးဖွားလိုခြင်းမှာ သူမ၏ မပြောင်းလဲနိုင်သော ကံကြမ္မာအားကြို တင်သိရှိထားခဲ့သောကြောင့် ဖြစ်နိုင်ချေရှိသည်။
နန်ယုအနေဖြင့် ခန့်မှန်းရုံသာရှိသည်။ အဘယ်ကြောင့်ဆိုသော် သူမကိုယ်တိုင် ထိုသူအား လူချင်းတွေ့၍ မေးမြန်းခွင့်မရခဲ့သောကြောင့်ပင်။
"ဆရာက သားတိုးတက်လာတယ်လို့ ချီးကျူးတယ်"
ဖေးယွင်ကျင်း မကြာသေးမီက ကျောင်းတွင် ဖြစ်ပျက်ခဲ့သည်များကို နန်ယုအား စိတ်အားထက်သန်စွာ ပြောပြနေသည်။ သူ့မျက်နှာပေါ်တွင် ဂုဏ်ယူဝင့်ကြွားမှုနှင့် ယုံကြည်ချက်ရှိသော အပြုံးတစ်ပွင့် ထင်ဟပ်နေသည်။
"ဝါး"
နန်ယု အသိအမှတ်ပြုကာ တုံ့ပြန်လိုက်သည်။
"ရှောင်ကျင်း တကယ်တော်တာပဲ! ကဲ... ဒီလိုလုပ်မယ်၊ နှစ်သစ်ကူးအားလပ်ရက်ကျရင် စူးချန်ကို အန်တီ ခေါ်သွားပေးမယ်လေ"
"ရေး!"
ဖေးယွင်ကျင်း စူးချန်မှာ မည်သည့်နေရာမှန်း တိတိကျကျ မသိသော်လည်း၊ သူ့အဒေါ်နှင့် အတူတူ ခရီးသွားရမည်ဟူသော အသိကြောင့် အလွန်ပျော်ရွှင်လာသည်။
ထို့နောက် သူ နှစ်သစ်ကူးရောက်ရန် ရက်မည်မျှကျန်သေးသည်အား စတင် တွက်ချက်တော့သည်။ တစ်လနီးပါး ကျန်သေးသည်အား တွေ့ရသောအခါ ကလေးလေးမှာ ခဏတာ စိတ်အားငယ်သွားသော်လည်း ချက်ချင်းပြန်လည်ထိန်းချုပ်လိုက်သည်။
"အန်တီ၊ စူးချန်မှာ ဘာပျော်စရာတွေ ရှိလဲဟင်"
နန်ယု ထင်ရှားသော လည်ပတ်စရာနေရာများနှင့် ဒေသအစား အစာများအား တစ်မျိုးပြီးတစ်မျိုးပြောပြပေးရာ ဖေးယွင်ကျင်း မျက်လုံးများ အရောင်တောက်လာသည်။
"အန်တီ၊ သား ပိုက်ဆံစုပြီး အန်တီကို နောက်မှ ဟင်းကောင်း ကောင်း တစ်ခုပြန်ကျွေးမယ်နော်"
"ကောင်းပြီ၊ အဲဒီကျရင် ရီပိုင် သွားချင်လားဆိုတာပါ အန်တီ မေးလိုက်ဦးမယ်..."
ဇာတ်လိုက်မ စူးရှောင်နွမ်၏မွေးရပ်မြေဖြစ်သည့် စူးချန်မှာ သူမ တက္ကသိုလ်သို့ မတက်ရောက်မီအထိ နေထိုင်ခဲ့ရာ နေရာဖြစ်သည်။ သူမသည် မြို့တော်ရှိ တက္ကသိုလ်သို့ ဝင်ခွင့်ရရှိပြီးနောက်မှသာ ဖေးယွင်ကျင်းနှင့် မတော်တဆဆုံစည်းခဲ့ခြင်း ဖြစ်သည်။
တစ်ဦးမှာ ပျော်ပျော်နေတတ်သော လူငယ်၊ ကျန်တစ်ဦးမှာရှုပ် ပွေသောယောက်ျားများအား ရွံမုန်းသူ—ထိုနှစ်ဦးမှာ ဂန္ထဝင်ဆန်သော အချစ်နှင့်အမုန်း ဆက်ဆံရေးအားပိုင်ဆိုင်ခဲ့ကြသည်။
အန်းရီရန်နှင့် ပတ်သက်လျှင်မူ၊ မူရင်းဝတ္ထု၌ ထိုရွံရှာဖွယ် မိဘမဲ့ဂေဟာမှ လွတ်မြောက်ပြီးနှစ်အနည်းငယ်ကြာသည့်အခါ သူ့မွေးစားမိသားစုမှာ စူးမိသားစုအောက်ထပ်တွင် နေထိုင်ကြသည်။ ထိုနှစ်ဦးတွေ့ဆုံကာ ငယ်ချစ်ဦးများသဖွယ် ဆက်ဆံခဲ့ကြသည်။
သို့သော် အန်းရီရန်၏လက်စားချေလိုစိတ်မှာ အချိန်ကြာလာသည်နှင့်အမျှ သူတို့နှစ်ဦးအား အမြင်ချင်းကွဲပြားဝေးကွာစေခဲ့သည်။
ယခုအခြေအနေတွင် နန်ယု မိဘမဲ့ဂေဟာအား တိုင်ကြားပြီးပြီဖြစ်၍ ရဲများ ပိတ်ပစ်ခဲ့ကာ ဒါရိုက်တာမှာပင် အမိန့်ချမှတ်မှုအား စောင့်ဆိုင်းရင်း အချုပ်ခန်းထဲရောက်နေလေပြီ။
အန်းရီရန် အာရုံမှာ ယခုအခါ အန်းနင်ဝမ်းဗိုက်ပေါ်တွင်သာ ရှိနေပြီး၊ စူးရှောင်နွမ်နှင့် အဆက်အသွယ်ရှိရန် ခက်ခဲဖွယ်ရှိသည်။
အခြေအနေများမှာ ဤအတိုင်း ဆက်လက် တိုးတက်နေမည်ဆိုလျှင် ဒုတိယအမျိုးသားဇာတ်ဆောင်၏ လိပ်ပြာတောင်ပံအား ဖျက်ဆီးပစ်ရုံသာမက၊ အဓိက အမျိုးသားဇာတ်ဆောင် ၏နေရာပါ လွဲချော်သွားနိုင်သည်။ မူရင်းဝတ္ထု၌ ဖေးယွင်ကျင်းသည် ချစ်ခြင်းမေတ္တာ ငတ်မွတ်နေပြီး ရူးသွပ်၊ စိတ်မူမမှန်သူ ဖြစ်ခဲ့သောကြောင့် သူနှင့် စူးရှောင်နွမ်မှာ အလွန်ကောင်းမွန်စွာ ဖြည့်စွမ်းပေးနိုင်သည့် စရိုက်လက္ခဏာများ ရှိခဲ့ကြသည်။ သူတို့နှစ်ဦး မိထွေး၏ဖိအားပေးမှုအောက်တွင် တဖြည်းဖြည်း ချစ်ကြိုက်ခဲ့ကြသော်လည်း၊ လက်ရှိ ဖေးယွင်ကျင်းမှာမူ...
တောက်ပစွာပြုံးရွှင်နေသော ထိုကလေးငယ်အား ကြည့်ရင်း နန်ယု စိတ်ထဲမှ ကျေနပ်စွာခေါင်းညိတ်လိုက်သည်။ သူမ အောင်မြင်စွာ ပြုစုပျိုးထောင်ထားနိုင်ခဲ့ပြီ။
သို့သော် နန်ယု စူးချန်သို့ သွားရောက်လည်ပတ်ရန် ရည်ရွယ် ချက်ရှိနေဆဲဖြစ်ပြီး၊ ဖေးယီကျန့်ကိုလည်း ခေါ်ဆောင်သွားလိုသည်။ ထိုသို့ပြုလုပ်မှသာ စူးရှောင်နွမ် ခေါင်းပေါ်ရှိ စာလုံးများအား သူ မြင်နိုင်လိမ့်မည်။
ကံကြမ္မာများမှာ တစ်ခုနှင့်တစ်ခု ဆက်စပ်နေသည်။ နန်ယု ဖေးယွင်ကျင်းနှင့် အန်းရီရန်တို့ကိုသာမက၊ အမျိုးသမီးဇာတ်ပို့ ဝူနာနာ၏ကံကြမ္မာကိုပါ ပြောင်းလဲပစ်ခဲ့ပြီးဖြစ်သည်။
သူမ စူးရှောင်နွမ် ခေါင်းပေါ်ရှိ စာလုံးများ၏အရောင်ပြောင်းလဲ သွားမည်ကို သံသယဝင်သည်။ နန်ယု သူမနှင့် ဖေးယွင်ကျင်းတို့အနက် မည်သူ့ကံကြမ္မာစာလုံးများ ပိုမိုမှောင်မဲသည်အား အတည်ပြုလိုသည့်အပြင်၊ သူတို့ စောစီးစွာတွေ့ဆုံခြင်းမှာ သူတို့ ကံကြမ္မာအား ထိခိုက်စေမည်လားကိုလည်း သိလိုသည်။
ဖေးယီကျန့်ကို တစ်ခုခုဖွင့်ဟပြောပြလိုက်ရင် ဘာဖြစ်လာနိုင်မလဲ ?
နန်ယု သူ့ဉာဏ်ရည်ဉာဏ်သွေးကြောင့် တစ်စုံတစ်ရာအား ခန့်မှန်းမိပြီးဖြစ်နိုင်သည်ဟု ခံစားမိသည်။ သို့သော် ဖေးယီကျန့် စရိုက်အရ အခြေအနေအားထိန်းသိမ်းထားလိမ့်မည်။
ထိုသို့ဆိုလျှင် အဆင်ပြေသည်။ သူ ဘာမှမပြောလျှင် သူမ ဘာမှမသိသကဲ့သို့ ဟန်ဆောင်နေနိုင်မည်။
သို့သော် နှစ်သစ်ကူးနေ့ မတိုင်မီ အချိန်အနည်းငယ် ကျန်နေသေးသဖြင့် နန်ယု အသုံးချနိုင်သည့် သဲလွန်စများ ရှိ၊ မရှိ စစ် ဆေးရန် မူရင်း "နန်ယု" ၏မှတ်ဉာဏ်များအား သေသေချာ ချာစဉ်းစားရန် ဆုံးဖြတ်လိုက်သည်။
မမျှော်လင့်ဘဲ၊ ညစာစားပြီးနောက် ဦးလေးကျိုး မျက်မှောင် ကြုတ်လျက် ရုတ်တရက် ဝင်လာသည်။
"သခင်မလေး၊ တု Group က မစ္စတာတုနဲ့ မစ္စစ်တုတို့က တွေ့ချင်လို့ တံခါးဝမှာ ရောက်နေပါတယ် ပြီးတော့ သခင်မလေး တုကျောင်းကျောင်းလည်း ပါတယ်"
ဦးလေးကျိုး တုကျောင်းကျောင်းအားသိသည်။ အဘယ့် ကြောင့်ဆိုသော် သူတို့သည် အလယ်တန်းနှင့် အထက်တန်း ကျောင်းများကတည်းကပင် ဆယ်နှစ်ခန့် သူငယ်ချင်းများဖြစ်ခဲ့ကြသည်။ ရှုယွီဝေလည်း ရှိသေးသည်။ ကျောင်းနေစဉ်ကာလအတွင်း သူတို့ နန်ယုအိမ်သို့ မကြာခဏ လာရောက်လည်ပတ်ခဲ့ကြသည်။
သို့သော် ဦးလေးကျိုး နန်ယု၏ ခင်မင်ရင်းနှီးသော ထိုသူငယ် ချင်းနှစ်ဦးအား လုံးဝ မနှစ်သက်ပေ။ မျက်လုံးများမှာ စိတ်ဝိညာဉ်၏ ပြတင်းပေါက်ဖြစ်သည်ဟု ဆိုကြသည်။ ထိုမိန်းက လေးနှစ်ဦး နန်အိမ်တော်သို့ လာရောက်သည့်အခါ ရှေးဟောင်း ပစ္စည်းများ၊ လက်ရေးလှများနှင့် အဖိုးတန်ပစ္စည်းများအား ထူးဆန်းသော အကြည့်များဖြင့် ကြည့်ရှုလေ့ရှိကြသည်။
သူ ယခင်က နန်ယုအား ထိုအကြောင်းအား ညင်သာစွာသတိ ပေးဖူးသော်လည်း နန်ယု နားမထောင်ခဲ့သောကြောင့် ဦးလေးကျိုးလက်လျှော့ခဲ့ရသည်။
ဦးလေးကျိုး နန်ယု ထိုသူငယ်ချင်းနှစ်ဦးနှင့် လမ်းခွဲခဲ့ပြီဟု ပြောသောအခါ အတော်လေး ပျော်ရွှင်ခဲ့ရသည်။ သို့သော် တုကျောင်းကျောင်း သူတို့အားကို ထပ်မံလာရောက်ခြောက်လှန့်လိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။ ဦးလေးကျိုး ထိုမနက်က ဘာဖြစ်ခဲ့သည်အား မသိသောကြောင့် တုကျောင်းကျောင်း မစ္စတာတုနှင့် မစ္စစ်တုတို့အား အဘယ်ကြောင့်ခေါ်လာရသည်ကိုခန့်မှန်းရုံသာ ရှိတော့သည်။
နာမည်တွင် "တု" ဟူသော မျိုးနွယ်တူသော်ငြားလည်း ဆွေမျိုးတော်စပ်မှုအရ တုကျောင်းကျောင်းသည် မစ္စတာတု ညီအစ်ကိုဝမ်းကွဲ၏သမီးသာဖြစ်ပြီး သိပ်ရင်းနှီးသော ဆက်ဆံရေးမျိုး မဟုတ်ချေ။
"သူတို့ကို ဝင်ခွင့်ပြုလိုက်ပါ"
နန်ယု ထိုမနက်က ဖြစ်ပျက်ခဲ့သည့် ကိစ္စကြောင့် လာရောက်ခြင်းဖြစ်မည်ဟု ချက်ချင်း ခန့်မှန်းလိုက်သည်။ သူတို့ ရည်ရွယ် ချက်မှာ ဘာဖြစ်မည်ကိုသာ မသိခြင်းဖြစ်သည်။ သူတို့ တုကျောင်းကျောင်းအား တမင်တကာ ခေါ်လာကာ စိတ်ခံစားမှုအရ အသနားခံရန် ကြိုးစားနေခြင်းလား ?
"ရှောင်ကျင်း၊ အပေါ်ထပ်ကို အရင်သွားနှင့်"
အကယ်၍ အခြေအနေပြင်းထန်လာပြီး ကလေးကြောက်သွားခဲ့လျှင် မည်သို့လုပ်မည်နည်း ?
ဖေးယွင်ကျင်း စိုးရိမ်စိတ်အနည်းငယ်ဖြင့် နန်ယုအကြောင်းအား တွေးရင်း နာခံစွာခေါင်းညိတ်လိုက်သည်။
"အန်တီ၊ လူဆိုးကို ရိုက်နှက်မယ်ဆိုရင် ရှောင်ကျင်းကို ခေါ်ရမယ်နော်"
"ကောင်းပါပြီ"
နန်ယု ရယ်မောလိုက်ပြီး ဖေးယွင်ကျင်း ပါးအား ညှစ်လိုက်သည်။
"ရှောင်ကျင်းကို ခေါ်ရမှာပေါ့"
တုမိသားစုကများ နန်ယုကို လာရိုက်နှက်ရဲပါ့မလား?
ဖေးယွင်ကျင်း စကားများမှာ နန်ယုအတွက် နွေးထွေးသော နှစ်သိမ့်မှု အချို့အား ဆောင်ကျဉ်းပေးခဲ့သည်။ ၎င်းမှာ ကလေးတစ်ယောက်အား ကောင်းမွန်စွာ ပြုစုပျိုးထောင်ခြင်းမှ ရရှိသည့် အောင်မြင်မှု ခံစားချက်ဖြစ်ကောင်းဖြစ်နိုင်သည်။
တုဇနီးမောင်နှံ မည်သူ့ကိုမှ ရိုက်နှက်မည်မဟုတ်သော်လည်း သူတို့ လုပ်ရပ်များမှာ နန်ယုအား အံ့အားသင့်စေခဲ့သည်။
အိမ်ထဲသို့ ဝင်လာသည်နှင့် မစ္စစ်တု မျက်ရည်များ တရစပ် ကျဆင်းလာသည်။
"မိန်းကလေးနန်! ကျေးဇူးပြုပြီး! ကျေးဇူးပြုပြီး ကယ်တင်ပေးပါဦးရှင်!"
သူမ မျက်နှာတစ်လျှောက် မျက်ရည်များ တရစပ်စီးကျနေပုံကို ကြည့်လျှင်မည်သူမဆို နန်ယု သူမအားအကြီးအကျယ်နာကျင် အောင် လုပ်ခဲ့သည်ဟု ထင်မှတ်နိုင်သည်။
မစ္စစ်တုမှာ တစ်ချိန်က နာမည်ကျော် ရုပ်ရှင်ဘုရင်မ ဖြစ်ခဲ့ဖူးပြီး ချမ်းသာသည့် မိသားစုနှင့် လက်ထပ်ပြီးမှသာ အနားယူခဲ့သည်ဟု ဆိုကြသည်။ သူမ၏ သရုပ်ဆောင်စွမ်းရည်မှာ ယခုအချိန်တွင် အမြင့်ဆုံးအဆင့်သို့ ရောက်နေပုံရသည်။
နန်ယု စကားတစ်ခွန်းမျှ မဆိုဘဲ၊ ဆိုဖာဆီသို့ လျှောက်သွားကာ အေးအေးလူလူထိုင်လိုက်ပြီး ရေကို အေးဆေးတည်ငြိမ်စွာ သောက်နေသည်။
ဦးလေးကျိုးသည်လည်း အလားတူပင် နန်ယု ဘေးနားတွင် ကျောပေးကာ ရပ်နေသည်။ ထိုနှစ်ဦးမှာ မစ္စစ်တု၏ စိတ်ထိခိုက်ကြေကွဲဖွယ်ရာ ငိုကြွေးနေမှုအား ပြဇာတ်တစ်ခုကြည့်နေကြသည်။
သို့သော် မစ္စတာတု နောက်ထပ်မခံနိုင်တော့ဘဲ "ငိုတာ ရပ်တော့" ဟု ပြောလိုက်သည်။
မစ္စစ်တု လည်ချောင်းနာသွားပြီး အရှက်ရသလို ခံစားရသည်။ သူမသည် နန်ယု၏ တုံ့ပြန်မှု မရှိခြင်းအား အမှန်တကယ် မမျှော်လင့်ထားခဲ့ပေ။ ထိုကဲ့သို့သော အရေးကြီးသည့် အခြေအ နေမျိုးတွင် ဤမျှ ငယ်ရွယ်သော အမျိုးသမီးငယ်တစ်ဦးမှ စိတ်မရှည်လျှင်တောင်မှ အနည်းဆုံးတော့ လေးစားသည့် အမူအရာအား ပြသရမည် မဟုတ်ပါလား ?
မစ္စစ်တုသည် နန်ယု စကားအား စတင်ပြောဆိုလာမှသာ သူမ ဆက်လက်ပြောဆိုနိုင်မည်ဖြစ်သည်။
သို့သော် နန်ယုသည် ရိုးရာစည်းကမ်းအတိုင်း ကစားမနေခဲ့ပေ။ သက်ကြီးရွယ်အိုတစ်ဦး မိမိရှေ့တွင် ငိုကြွေးနေသည်အား သူမ မည်သို့ ခံနိုင်ရည်ရှိမည်နည်း။ အထူးသဖြင့် သူငယ်ချင်းများ ၏ရှေ့၌ဆိုလျှင်ပင် သူမ ဂရုမစိုက်ပေ။
မစ္စစ်တု တုကျောင်းကျောင်းနှင့် နန်ယုတို့ လမ်းခွဲခဲ့သည်အား မသိချေ။ တုကျောင်းကျောင်းကလည်း ထိုအကြောင်းအား ပြောပြရဲခြင်း မရှိခဲ့။ သူမ ထိုနှစ်ဦး၏ မျက်နှာအားထောက်ထားပြီး နန်ယု ကူညီပေးလိမ့်မည်ဟူသော မျှော်လင့်ချက်ဖြင့် တုကျောင်းကျောင်းအား ဤနေရာသို့ ခေါ်လာခြင်းဖြစ်သည်။
တုကျောင်းကျောင်း၏ စိတ်နှလုံးနာကျင်ခံစားနေရမှုအား မည်သူ သိနိုင်ပါမည်နည်း ?
"မိန်းကလေးနန်"
နန်ယု နူးညံ့သောစကားဖြင့် စိတ်ပြေလျော့သွားမည့်သူ မဟုတ်ကြောင်း မစ္စတာတု သဘောပေါက်လိုက်သည်။ စဉ်းစားပြီးနောက် သူ ဒုတိယအစီအစဉ် (Plan B) အား အသုံးပြုရန် ဆုံးဖြတ်လိုက်သည်။
"ကျားဟောင် ဒီကိစ္စမှာ မှားတာမှန်ပေမယ့် သူ့ရဲ့ ငယ်ရွယ်မှုနဲ့ ကျွန်တော်တို့ တုမိသားစုကိုထောက်ထားပြီး ခွင့်လွှတ်ပေးမယ်လို့ မျှော်လင့်ပါတယ်"
ခဏမျှရပ်လိုက်ပြီးနောက် မစ္စတာတု ဆက်ပြောသည်။
"မြို့တောင်ပိုင်းက ပိုင်မာတိစီမံကိန်းကို နန်မိသားစုနဲ့ ခွဲဝေယူဖို့ ကျွန်တော် သဘောတူပါတယ်"
တုကျားဟောင် အရက်မူးပြီး ကားမောင်းမှုမှာ ကြီးမားသည့် ပြစ်မှု မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် မည်သူမျှ အသက်ဆုံးရှုံးခြင်း မရှိခဲ့သောကြောင့်ပင်။
သို့သော် ၎င်းမှာ ပေါ့သေးသေးကိစ္စလည်း မဟုတ်ပေ။ အရှိန် လွန်မောင်းနှင်ခြင်း၊ အရက်မူးပြီး မောင်းနှင်ခြင်း၊ ထို့ပြင် မူကြိုကျောင်းဘတ်စ်ကားအားတိုက်မိခြင်းတို့မှာ လူမှုအသိုင်း အဝိုင်း၌ အလွန်ဆိုးရွားသော သက်ရောက်မှုများရှိသည်။ တုမိသားစုကိုယ်တိုင် ဤအခြေအနေကိုသာ ကိုင်တွယ်ခဲ့ပါက အများဆုံး ဆယ်ရက် သို့မဟုတ် တစ်လခွဲသာ ထောင်ဒဏ်ကျခံရနိုင်သည်။
သို့သော် နန်ကျီနှင့် ဖေးယီကျန့်တို့ ဝင်ရောက်ပတ်သက်လာသောအခါ အခြေအနေမှာ တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားသည်။
နန်ကျီ ဒေါသတကြီး ဖိအားပေးနေပြီး၊ ဖေးယီကျန့်ကလည်း တိကျစွာ အရေးယူရန် တိုက်တွန်းသည်။ သူတို့၏ ရှေ့နေမှာ တုကျားဟောင်အတွက် သုံးနှစ်အထိ ထောင်ဒဏ်ကျခံရမည့် အခြေအနေအား တမင်တကာခြိမ်းခြောက် ပြောဆိုနေသည်။
သူ့သားမှာ အသက် နှစ်ဆယ့်တစ်နှစ်သာရှိသေးသည်။
ဘဝ၏အရေးကြီးဆုံးအချိန်တွင် သုံးနှစ်ကြာ ထောင်ထဲတွင် နေရမည်ကို ဖခင်တစ်ဦးအနေဖြင့် မည်သို့ ခံနိုင်ရည်ရှိမည်နည်း။
နန်ယုသာ အသက်စွန့်၍ဝင်ရောက်မပါဝင်ခဲ့ပါက အကျိုးဆက်များမှာ ပိုမိုဆိုးရွားနိုင်သည်ကိုလည်း သူ သိသည်။ ထို့ကြောင့် နန်မိသားစု ဒေါသအား ပြေပျောက်စေရန် မျှော်လင့်ရင်း၊ စီးပွားရေး အပေးအယူတစ်ခု (ချန်းနန် စီမံကိန်းကို ရည်ညွှန်းသည်) အား တောင်းပန်သည့်သဘောဖြင့် ကမ်းလှမ်းခဲ့ခြင်း ဖြစ်သည်။
နန်ယု နှုတ်ခမ်းထောင့်စွန်းများ တွန့်ကွေးသွားသည်အထိ ပြုံးလိုက်သည်။
"မစ္စတာတု ဒီလိုမျိုးတွေးနေလိမ့်မယ်လို့တော့ မထင်ခဲ့မိဘူး.. ရှင်တို့ရဲ့ မူရင်း အပေးအယူအစီအစဉ်တွေက ဘာလဲ ? ပွင့်ပွင့်လင်းလင်း ပြောပြပါဦး"
"သခင်မလေးနန်၊ ကျွန်တော် ပွင့်ပွင့်လင်းလင်း ပြောပါရစေ... ခင်ဗျားသာ ကျားဟောင်ကို ဒီအမှုကိစ္စကနေ လုံးဝလွတ် မြောက်သွားအောင်လုပ်ပေးဖို့ ဆန္ဒရှိရင် ကျွန်တော်တို့ ပိုင်မာတိစီမံကိန်းတစ်ခုလုံးကို နန်မိသားစုကိုပေးနိုင်ပါတယ်၊ အခြား တောင်းဆိုမှုများတွေလည်း ခင်ဗျားတို့ဘက်က လုပ်နိုင်ပါ သေးတယ်"
မစ္စတာတု တားဆီးခြင်းမပြုနိုင်ခင်မှာပင် မစ္စစ်တုအချက် အလက်အား တိုက်ရိုက်ထုတ်ဖော်လိုက်သည်။
တုကျားဟောင်အား ဤကိစ္စမှ လုံးဝကင်းလွတ်စေခြင်း။
ဆိုလိုသည်မှာ ကားမတော်တဆမှု၏အပြစ်အာ နန်ယု မိမိကိုယ်တိုင် လွှဲယူရမည်ဟု ဆိုလိုခြင်းဖြစ်နိုင်ပါသလား?
နန်ယုဘက်မှ တာဝန်ယူလျှင် အများဆုံးမှာရိုးရိုးယာဉ်တိုက်မှုမျှသာဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူ မရှိသဖြင့် မည်သူမျှ ထောင်ထဲတွင် ခဏတာနေစရာမလိုဘဲ ငွေကြေးအချို့ပေးဆောင်ရုံသာ ရှိတော့မည်။
တုမိသားစု လည်းကောင်း၊ နန်မိသားစု လည်းကောင်း ဤမျှ အသေးအဖွဲ ငွေကြေးပမာဏအား မလိုအပ်ကြပေ။ ပိုင်မာတိစီမံကိန်းသာ အဆင်ပြေအောင် လုပ်နိုင်လျှင် သန်းပေါင်းရာနှင့်ချီသော ဝင်ငွေများရနိုင်ပေမည်။
တုမိသားစုမှာ ဤမျှကြီးမားသော အပေးအယူအား အမှန်တကယ် စတေးရန်ဆန္ဒရှိနေကြသည်။
အချုပ်ခန်းလို နေရာမျိုး၏ သဘာဝအား မသိနားမလည်သူများ သိထားဖို့လိုသည်။ မစ္စစ်တု တုကျားဟောင်အား ငယ်စဉ်ကတည်းက ဒုက္ခတစ်စုံတစ်ရာမှ မခံစားရအောင် ပြုစုခဲ့သူဖြစ်သည်။ ထိုကဲ့သို့သော နေရာတွင် တစ်ရက်မျှနေနိုင်မည်မဟုတ်။ တစ်လခွဲဆိုလျှင်ပြောစရာ မလိုတော့ချေ။
"ဝါး"
နန်ယု အာမေဋိတ်စကား ဆိုလိုက်သည်။
တစ်ချိန်တည်းမှာပင် လက်ခုပ်သံ ခပ်ကျယ်ကျယ်ထွက်ပေါ် လာသည်။
နန်ယု မစ္စတာတုနှင့် အခြားသူများအား အံ့အားသင့်ဟန်ဖြင့် ပြန်လည် ကြည့်လိုက်သည်။
"ရှင်တို့အားလုံး ရုပ်ဆိုးကြပေမယ့် ဒီလို ဉာဏ်ကြီးရှင်ဆန်ဆန် တွေးခေါ်တတ်လိမ့်မယ်လို့တော့ မထင်ထားခဲ့ဘူး"
ထိုလူသုံးဦးမျက်နှာများ တစ်ပြိုင်နက်တည်း ပျက်ယွင်းသွားသည်အား နန်ယု တွေ့လိုက်ရသော်လည်း၊ သူမ၏ လှောင် ပြောင်သော အပြုံးမှာမူ မပြောင်းလဲပေ။
"ကျွန်မရဲ့နန်မိသားစုက ရှင်တို့ ဒီပိုက်ဆံအနည်းငယ်ကိုလိုအပ်လို့လား ဒါမှမဟုတ် ကျွန်မရဲ့အသက်က တန်ဖိုးမရှိလို့လား?"
တုဇနီးမောင်နှံမှာ တုကျားဟောင်အား ထိုမျှလောက်မုန်းတီးစရာကောင်းသော ကလေးအဖြစ် ပြုစုပျိုးထောင်ရာတွင် အရေးပါသော အခန်းကဏ္ဍမှပါဝင်ခဲ့သည်မှာ သိသာထင်ရှားသည်။ တုမိသားစုမှာ မကြာသေးမီနှစ်များအတွင်း ကျဆင်းလာရသည့် အကြောင်းရင်းမှာ အံ့သြစရာမဟုတ်တော့ပေ။
မူလက တုမိသားစုနှင့် နန်မိသားစုတို့ တစ်ချိန်တည်းနီးပါး စီးပွားရေးလောကတွင် အစပြုခဲ့ကြသော်လည်း၊ ဆယ်စုနှစ်အနည်းငယ်အတွင်း တစ်ဦးမှာ အရှိန်အဟုန်ဖြင့် တိုးတက်နေချိန်တွင် ကျန်တစ်ဦးမှာ တဖြည်းဖြည်း မှေးမှိန်နေခြင်းသည် သားသမီးများအား ပညာပေးပုံချင်းကွာခြားခြင်းကြောင့် ဖြစ်နိုင်ဖွယ်ရှိသည်။
"မိန်းကလေးနန်"
ဥက္ကဋ္ဌတု လူငယ်မျိုးဆက်၏ ပြင်းပြသော လှောင်ပြောင်မှုအား ခံရသောကြောင့် ဒေါသအားမြိုသိပ်လိုက်သည်။
"ကျွန်တော်ပြောတာ အဲဒီလို မဟုတ်ပါဘူး.. ခင်ဗျား ကျားဟောင်ကို လွှတ်ပေးလိုက်တာနဲ့ သန်းပေါင်းရာနဲ့ချီတဲ့ အကျိုး အမြတ်ကို ပိုရနိုင်ပါတယ်... ပိုက်ဆံများတာကို ဘယ်သူမှမငြီးငွေ့ဘူးလို့ မထင်ဘူးလား"
"ကျမ လိုချင်တယ်လို့ ပြောမိလား"
နန်ယု ရုတ်ခြည်း ထရပ်လိုက်သည်။
"ကျမ မလိုချင်ဘူးလို့ ပြောလိုက်တယ်လေ!"
"တုကျားဟောင်က အရွယ်ရောက်ပြီးသူ တစ်ယောက်ပါ.. သူ့အမှားတွေအတွက် သူ အကျိုးဆက်တွေကို ခံရလိမ့်မယ်... ကျမက လူတိုင်းကိုခွင့်လွှတ်ဖို့ တာဝန်ရှိတဲ့ ဘုရားသခင်မဟုတ်ဘူး"
ဥက္ကဋ္ဌတုနှင့် အခြားသူများ တစ်ခွန်းတစ်ပါဒမျှ ပြောဆိုရန် အခွင့်မရမီ နန်ယု ဦးလေးကျိုးအားကြည့်လိုက်သည်။
"ဦးလေးကျိုး၊ သူတို့ကို အိမ်အပြင်လိုက်ပို့ပေးလိုက်ပါ"
ထိုကဲ့သို့သော ဆိုးသွမ်းသောမိဘမျိုးနှင့် စကားပြောနေခြင်းမှာ အချိန်အား အလဟဿဖြုန်းတီးခြင်းပင်!