ငါက ကျင့်ကြံသူ အတုပဲ ဖြစ်ပါလိမ့်မယ်
Vol. 9 Ch. 115
အန်လင်း၏စိတ်သည် ရေစုန်မျောသွားပြီ ဖြစ်သည်။ သူ၏မျက်နှာတွင် မယုံကြည်နိုင်မှုများ ထင်ဟပ်လျက် ရှိနေသည်။
“ရှောင်းဟုန် ... ဒီကိုလာစမ်း ... အားကုန်သုံးပြီး ငါ့မျက်နှာကို ရိုက်ကြည့်စမ်းပါ ...” သူသည် သေချာပေါက် အိပ်မက်ယောင်နေခြင်းဟု ခံစားနေရသည်။
ရှောင်းဟုန်သည် လူကိုယ်တိုင် တောင်းဆိုမှုကြောင့် အန်လင်းအနားသို့ သွားလိုက်သည်။ သူမ၏ အရွက်စိမ်း တစ်ရွက်သည် လေထုအား ခွင်းကာဖြင့် အန်လင်း၏ မျက်နှာနှင့် မိတ်ဆက် သွားလေသည်။
ဖြန်း ...
ကြောက်မက်ဖွယ် စွမ်းအားသည် အန်လင်း၏ မျက်နှာပြင်သို့ ရောက်ရှိလာပြီး အမြောက်ဆန် တစ်ခုကဲ့သို့ လွင့်ထွက်ကာ ဘေးအခန်း၏ နံရံအား ဖောက်ကာဖြင့် ဝင်သွားတော့သည်။
“အဟွတ် ... အဟွတ် ... သောက်ရမ်းပဲ ... ရှောင်းဟုန် ... နင်ငါ့ကိုသတ်ဖို့ ကြိုးစားနေတာလား ...” အန်လင်းသည် သူ၏ ရောင်ရမ်းနေသည့် ပါးအား လက်ဖြင့်ဖိကာ ဒေါသတကြီး အော်ဟစ်လိုက်သည်။
“အား ... တောင်းပန်ပါတယ် သခင်ရေ ... ရှောင်းဟုန်လေးက သူမရဲ့ စွမ်းအားတွေကို သေချာ နားမလည်သေးလို့ပါ ...” ရှောင်းဟုန်သည် အန်လင်းထံသို့ ကြောက်လန့်တကြားဖြင့် ပြေးသွားသည်။
“ကောင်းပြီ ... ဘာပဲဖြစ်ဖြစ် နင်က လတ်တလောမှ ချိုးဖျက်ဝင်ရောက် ထားတာမို့ နင့်ရဲ့ စွမ်းအားတွေကို မထိန်းချုပ် နိုင်သေးတာ ... ဒါက နားလည်ပေးလို့ ရပါတယ်လေ ...”
အန်လင်းသည် သက်ပြင်း တစ်ခုအား ရှိုက်လိုက်မိသည်။ အဆိုပါ ရိုက်ချက်သည် အမှန်တကယ် နာကျင် လှပေသည်။ ဆိုလိုသည်မှာ သူသည် အိပ်မက် မက်နေခြင်း မဟုတ်။
ခေါင်းမော့ လိုက်သည့်အခါတွင် စွန်းရှန့်လျန်သည် အလွန်အမင်း အေးစက်သည့် အမူအရာဖြင့် သူ့အား ငုံ့ကြည့် နေသည်ကို တွေ့လိုက်ရသည်။
သူမသည် အနည်းငယ် လှစ်ဟလျက် ရှိသည့် အတွင်းခံကို သာလျှင် ဝတ်ဆင် ထားသည်ကြောင့် သူမ၏ ခန္ဓာကိုယ် အစိတ်အပိုင်း အများအပြားအား အန်လင်းအနေဖြင့် မြင်တွေ့နေရသည်။
အန်လင်း၏ နှလုံးသားလေးထဲတွင် မကောင်းသည့် စိတ်ခံစားချက်များ မြင့်တက် လာလေသည်။
အလျင်အမြန် ရှင်းပြရန် ပါးစပ်ဖွင့် လိုက်တုန်းမှာပင် “ငါပြောတာလေး နားထောင်ပါဦး ... ဒါက နားလည်မှုလွဲ ...”
ဖြန်း ...
သူပြောလို့ မပြီးခင်မှာပင် နောက်ထပ် စွမ်းအားတစ်ခုနှင့် ထိတွေ့လိုက် ရပြန်သည်။
သူ၏မျက်နှာသည် နောက်တစ်ဖန် ရိုက်ခံလိုက်ရပြီးနောက် အမြောက်ဆန် သဖွယ် ပျံသန်းလွင့်ထွက် သွားပြီးနောက် နောက်ထပ် နံရံတစ်ခုအား ဖောက်ထွင်းကာဖြင့် မြေပြင်ပေါ်တွင် တုန်ရီလျက် ရှိနေသည်။
“သခင် ...” ရှောင်းဟုန်သည် အန်လင်းထံသို့ အထိတ်တလန့် ဖြစ်ကာ ပြေးသွားလိုက်သည်။
သူ၏ ပါးနှစ်ခုလုံး အရိုက်ခံလိုက် ရသဖြင့် ရောင်ကိုင်းလာပြီး အန်လင်းသည် မူးဝေ လာလေသည်။
“ဟူး ... ငါက ဘာလို့များ အခုလိုမျိုးတွေနဲ့ ကြုံရတာပါလိမ့် ...”
အန်လင်းသည် ရောင်ကိုင်းနေသည့် မျက်နှာနှင့် မတ်တတ်ရပ် လိုက်သည်။
ထို့နောက်တွင် ရွှမ်ယွမ်ချန်သည် သူ့အား တည်ငြိမ်သည့် အမူအရာဖြင့် ကြည့်နေသည်ကို တွေ့လိုက်ရသည်။
“ကျောင်းသားအန်လင်း ... မင်းက ဘယ်လိုဖြစ်ပြီး ရွံရှာဖွယ် ကိစ္စကို ပြုလုပ်ခဲ့တာလဲ ...”
ရွှမ်ယွမ်ချန်သည် အေးစက်စွာဖြင့် ပြောလာပြီး သူ၏အမူအရာသည် စက်ဆုပ်ရွံရှာမှု အပြည့်နှင့် ဖြစ်သည်။
အန်လင်း၏ မျက်လုံးများတွင် မျက်ရည်များ ဝေ့သီလာသည်။ “အစ်ကိုကြီးချန် ထင်နေသလိုမျိုး မဟုတ်ပါဘူး ...”
ပြဿနာ အများအပြား ပြီးသည့်နောက်တွင် အန်လင်းသည် ရွှမ်ယွမ်ချန်နှင့် စွန်းရှန့်လျန်တို့အား ဖြစ်ပျက်ခဲ့သည်များအား ရှင်းပြ လိုက်နိုင်သည်။
သို့သော်လည်း စွန်းရှန့်လျန်၏ ကိစ္စနှင့် ပတ်သက်သည့် သူ၏ ရှင်းလင်းချက်သည် အရေးမပါ ဖြစ်ခဲ့ရသည်။
အဆုံးတွင် အန်လင်းသည် စွန်းရှန့်လျန်အား ဝတ်လစ်စလစ် ဖြစ်လုနီးနီး အခြေအနေတွင် မြင်တွေ့ခဲ့ခြင်းမှာ အမှန်တရားဖြစ်သည်။ သူမသည် အန်လင်းအား နောက်တစ်ဖန် ပါးရိုက်ကာဖြင့် ထိုကိစ္စအား အဆုံးသတ် လိုက်သည်။
ထိုကဲ့သို့သော ကံဆိုးမှုများနှင့် ကြုံတွေ့ပြီးသည့် နောက်တွင် အန်လင်းသည် သူ၏အခန်းသို့ ပြန်လာခဲ့ လိုက်သည်။
သူ၏ နတ်ဘုရား အာရုံအား အသုံးပြုကာဖြင့် ကျောက်စိမ်းဂူအား ကြည့်လိုက်သည်။ ပြောင်းလဲမှုများ ဖြစ်ပေါ်ရန် မျှော်လင့် ထားသော်လည်း ရွှေရောင် အလင်းများ ထုတ်လွှတ်လျက် ရှိနေသော မျောလွင့်နေသည့် ပုတီးစေ့ကို သာလျှင် တွေ့လိုက်ရသည်။
ထို့နောက်တွင် မီးလျှံအင်မော်တယ် မန္တန်အား အသုံးပြု၍ စမ်းသပ်လိုက်သည်။ ချီစွမ်းအင်သည် ရွှေပုတီးစေ့ထံမှ ထွက်ပေါ်လာသည်။ စွမ်းအင်သည် သန့်စင်လာသည့် နည်းတူ စွမ်းအားလည်း တိုးလာသည်။ ရလဒ်အနေဖြင့် မီးတောက်သည် ပိုမိုသန့်စင်ကာ ပိုမို ပူပြင်းလေသည်။
အန်လင်းသည် သူ့လက်ဖဝါး ပေါ်တွင် ကခုန်လျက် ရှိနေသည့် မီးတောက်အား တိတ်ဆိတ်စွာဖြင့် ကြည့်နေမိသည်။
ထိုပုတီးစေ့သည် စိတ်ဝိညာဉ် အမြစ်နှင့် လုပ်ဆောင်ချက်ခြင်း တူညီပုံရသည်။
ပုတီးစေ့သည် လျင်မြန်စွာ လုပ်ဆောင်နိုင်ပြီး အင်မော်တယ် မန္တန်များအား အသုံးပြုရာတွင် အားကောင်းသည့် အလင်းကို ထုတ်လွှတ်ပေးသည်။
ထိုအချင်းအရာများကို စုစည်းကာ ကြည့်မည်ဆိုလျှင် ယင်းမှာ သားရဲအမြုတေသာလျှင် ဖြစ်သည်ဟု ကောက်ချက် ချမိသည်။
ဝ သ ဖ ...
လူတိုင်းသည် စိတ်ဝိညာဉ် အမြစ်များ ဖြစ်တည်ကြသော်လည်း သူ့မှာမူ သားရဲအမြုတေ သာလျှင် ဖြစ်တည် လာခဲ့ခြင်းမှာ အဘယ်ကြောင့်များပါလဲ။
ဘာတွေများ ဖြစ်လို့လဲဗျာ ...
အန်လင်းသည် ရုတ်တရက်ဆိုသလို စိတ်အားငယ် လာမိသည်။ သူ့ဘဝ၏ အဓိပ္ပာယ်များအား ဆုံးရှုံး လိုက်ရလေပြီ။
သူသည် စုရှောင်လန်အား ရှာဖွေလိုက်သည်။
အန်လင်း _ “ရှောင်လန် ... လူသား တစ်ယောက်မှာ သားရဲအမြုတေ ဖြစ်တည်လာတာ ဘာဖြစ်လို့လဲ ...”
စုရှောင်လန်သည် သာမန်ကာလျှံကာ ဖြေလိုက်သည်။ “အဲဒီလူက တိရစ္ဆာန် ဖြစ်သွားတဲ့ သဘောပေါ့ ...”
သူမသည် ချက်ချင်းပင် အန်လင်း၏ မျက်ရည်များ ဝေ့သီလျက်ရှိသော မျက်လုံးများအား မြင်လိုက် ရတော့သည်။
စုရှောင်လန်သည် ထိတ်လန့် သွားပြီးနောက် “အန်လင်းရေ ... ဘာဖြစ်လို့လဲ ... တစ်ယောက်ယောက်က နင့်ကို အနိုင်ကျင့် လိုက်တာလား ...”
အန်လင်းသည် ခေါင်းခါယမ်း လိုက်ပြီး “မဟုတ်ပါဘူး ... ငါ့အတွက် တစ်ယောက်တည်း နေဖို့ အချိန် နည်းနည်းလောက် လိုအပ်လို့ပါ ...”
သူ့အား အနိုင်ကျင့်သူမှာ စုရှောင်လန် ဖြစ်သည့်အကြောင်း သူ့အနေနှင့် ဝန်ခံလိမ့်မည် မဟုတ်ပေ။
ထို့နောက်တွင် ရွှမ်ယွမ်ချန်ထံသို့ သွားပြန်သည်။
အန်လင်း _ “အစ်ကိုကြီးချန် ... လူသား တစ်ယောက်မှာ သားရဲအမြုတေ ဖြစ်တည်လာတာ ဘာဖြစ်လို့လဲ ...”
ရွှမ်ယွမ်ချန်သည် လေးနက်သည့် အမူအရာဖြင့် “မဖြစ်နိုင်ဘူး ... လူသားတွေဆိုတာ စိတ်ဝိညာဉ် အမြစ်ပဲ ဖြစ်တည် လာနိုင်တာ ... ဘယ်လိုလုပ်ပြီးတော့ သားရဲအမြုတေ ဖြစ်တည်ရမှာလဲ ...”
အန်လင်းသည် ဆက်လက်၍ “ကျွန်တော်က တွေးကြည့်တာပါ ... တကယ်လို့ အဲလိုဖြစ်လာမယ် ဆိုရင် ဘာဖြစ်သွားမှာလဲ ...”
ရွှမ်ယွမ်ချန်သည် ခေတ္တမျှ တွေးတော လိုက်ပြီးနောက် “ငါထင်တာကတော့ ဖြစ်နိုင်ချေ နှစ်ခုရှိတယ် ... ပထမ တစ်ခုက အဲဒီလူက သားရဲမျိုးနွယ်နဲ့ ဆက်စပ် နေလိမ့်မယ် ... သူ့ကိုယ်သူတော့ သတိမထားမိဘူးပေါ့ ... ဒုတိယ တစ်ခုကတော့ ပြောင်းပြန် ဆင့်ကဲဖြစ်စဉ် ဖြစ်နိုင်တယ် ... မင်းသိပါတယ် ... မျောက်တွေက သားရဲမျိုးနွယ်ရဲ့ အစိတ်အပိုင်းပဲလေ ... အဲဒီတော့ ဆိုလိုတာ ကတော့ကွာ အဲဒီသူက မျောက်ဘဝကို ပြောင်းလဲ သွားတော့မှာပဲ ...”
အန်လင်းသည် ထိုသို့ကြားလိုက် ရသည်ဖြင့် အလွန်ထိတ်လန့် သွားတော့သည်။
သူအား လူသားတစ်ဦးမှ မွေးဖွားခဲ့သည်မှာ သေချာပါသည်။ ထို့ကြောင့် သေချာပေါက် သားရဲမျိုးနွယ်ဝင် မဟုတ်ချေ။
မျောက်အဖြစ် ပြောင်းလဲသွားဖို့။
သေလေ ... ဘယ်လိုတောင် ယုတ္တိမတန် လိုက်တာတုန်း ...။
အန်လင်းသည် ရွှမ်ယွမ်ချန်၏ စကားလုံးများကြောင့် စိတ်အားငယ်စွာဖြင့် ထွက်ခွာ လာခဲ့သည်။
ထို့နောက်တွင် ကြင်နာ သနားတတ်ပြီး လှပသည့် စုချန်းရန်အား တွေးတောမိသည်။
အန်လင်း _ “ကျောင်းသူ စု ... လူသား တစ်ယောက်မှာ သားရဲအမြုတေ ဖြစ်တည်လာတာ ဘာဖြစ်လို့လဲ ...”
စုချန်းရန်သည် ပြန်လည်ဖြေဆိုခြင်း မပြုမီ လေးနက်သည့် အမူအရာဖြင့် မျက်တောင်ခတ် လိုက်သည်။ “လူသား တစ်ယောက်မှာ သားရဲအမြုတေ ဖြစ်တည်လာတယ် ဆိုတာက အဲဒီလူက ကျင့်ကြံနိုင်ခြင်း မရှိဘူးလို့ ဆိုလိုတာပဲ ... စဉ်းစားကြည့် ... စိတ်ဝိညာဉ် ပျိုးထောင်ခြင်း အဆင့်ရဲ့ နည်းစနစ်တွေ အင်မော်တယ် မန္တန်တွေ အားလုံးမှာ စိတ်ဝိညာဉ်အမြစ် လိုအပ်တယ်လေ ... လူတစ်ယောက်မှာ သားရဲအမြုတေ ဖြစ်တည်လာတယ် ဆိုတာမျိုးက သေချာပေါက်ကို နည်းစနစ်တွေ အင်မော်တယ် မန္တန်တွေကို အသုံးပြုမယ်ဆိုရင် အတော်လေး ရှုပ်ထွေး သွားလိမ့်မယ် ... အဲဒီအပြင်ကို. ...”
အန်လင်းသည် စုချန်းရန်၏ လေ့လာချက်အား နားထောင်နေရင်း သူ၏နှလုံးသားလေးမှာ စက္ကန့်နှင့်အမျှ အေးစက် လာလေသည်။
စုချန်းရန်၏ အခန်းအတွင်းမှ ထွက်လာပြီးသည့် နောက်တွင် မောပန်းနွမ်းလျ နေလေသည်။ ထို့နောက်တွင် သူတို့၏ အတန်းပိုင်ဆရာ နေထိုင်ရာသို့ သွားလိုက်သည်။
အန်လင်းသည် အလွန်စိုးရိမ်ပူ ပန်နေခြင်း ဖြစ်သည်ကြောင့် ဓားအင်မော်တယ် လင်းရှောင်သည် သာလျှင် သူ၏ နောက်ဆုံးသော မျှော်လင့်ချက် ဖြစ်သည်။
ဓားအင်မော်တယ် လင်းရှောင်သည် အန်လင်းအား မြင်လိုက်ရသည့် အခါတွင် မျက်နှာတွင် အပြုံးတစ်ခု ဖြစ်ထွန်းလာသည်။ “ကျောင်းသား အန်လင်းပါလား ... ဂုဏ်ယူပါတယ်ကွာ ... မနေ့ညက စိတ်ဝိညာဉ်အမြစ် ဖြစ်တည်လာပြီး စိတ်ဝိညာဉ် ပျိုးထောင်ခြင်း အဆင့်ကို အောင်အောင်မြင်မြင်နဲ့ ချိုးဖျက်ဝင်ရောက် သွားနိုင်ခဲ့တယ်ဆို ...”
‘အောင်မြင်စွာဖြင့် စိတ်ဝိညာဉ်အမြစ် ဖြစ်တည်’ ဟူသည့် စကားလုံးအား ကြားလိုက်ရသည့် အခါတွင် အန်လင်း၏ နှလုံးသားလေးသည် ဓားနှင့် ထိုးစိုက်ခံရ သကဲ့သို့ ခံစားရပြီး ပါးစပ်နှင့်အပြည့် သွေးအန်မိတော့ မတတ်ပင်။
သူသည် အားတင်းကာဖြင့် ပြုံးလိုက်ပြီးနောက် “ကျေးဇူးတင်ပါတယ် ဆရာ ... ကျွန်တော်က မေးစရာလေး ရှိလို့ ရောက်လာခဲ့တာပါ ...”
“ဘာမေးခွန်းများလဲ ... မေးစေဗျာ ...” ဓားအင်မော်တယ် လင်းရှောင်သည် စိတ်ပါလက်ပါ ရယ်မောလိုက်သည်။
“ကျွန်တော် မေးချင်တာက ... လူသား တစ်ယောက်မှာ သားရဲအမြုတေ ဖြစ်တည်လာတာ ဘာဖြစ်လို့လဲ ...” အန်လင်းသည် မျှော်လင့်ချက် ကြီးမားသည့် မျက်လုံးများဖြင့် မေးလိုက်သည်။
ဓားအင်မော်တယ် လင်းရှောင်သည် အူလှိုက်သည်းလှိုက် ရယ်မောလိုက်ပြီး “ဘာလို့များ ဒီလိုမျိုး ထူးဆန်းတဲ့ မေးခွန်းကို မေးရတာလဲကွာ ... အဲဒီလိုအဖြစ်မျိုး တကယ် ရှိမယ်ဆိုရင် မျိုးမစစ် ကောင်တွေမှပဲ သားရဲအမြုတေ ဖြစ်တည်လာမှာကွ ...”
အန်လင်းသည် အနည်းငယ် ရှုံ့မဲ့လာသည်။ ဆရာခင်ဗျား ... ဆရာပြောနေတဲ့ မျိုးမစစ်ကောင်က ကျွန်တော်ပါ ...
“ဟုတ်ပါတယ် ... အဲဒီအတွေးက ရုတ်တရက်ကြီး ပေါ်လာတာမို့ အခုလို မေးမြန်းဖို့ ဆုံးဖြတ်လိုက် ရတာပါ ...”
“မင်းသိတယ်မလား ... စိတ်ဝိညာဉ် သားရဲတွေမှာ သားရဲအမြုတေ ရှိတယ် ... မကောင်းဆိုးဝါး ဝိညာဉ်တွေမှာ စိတ်ဝိညာဉ် အမြုတေရှိတယ် ... အဲဒီတော့ လူသားတစ်ယောက်မှာ သားရဲအမြုတေ ဖြစ်တည်လာတာ ဖြစ်နိုင်မယ်လို့ ထင်သလား ...”
အန်လင်းသည် ပူဆွေး ဝမ်းနည်းမှုအား ဖိနှိပ်ကာဖြင့် သူ၏အမူအရာကို လွန်စွာစူးစမ်း လိုသည့်ဟန် ပြုလုပ်ထားရသည်။
ဓားအင်မော်တယ် လင်းရှောင်သည် အန်လင်း၏ ပခုံးအား လေးနက်စွာဖြင့် ပုတ်လိုက်သည်။ “မင်းတို့လိုမျိုး လူငယ်လေးတွေက အခုလို အရာတွေကို တွေးမနေသင့်ဘူး ... ငါ့ရဲ့ သက်တမ်း တစ်လျှောက်တော့ သားရဲအမြုတေ ဖြစ်တည်နေတဲ့ ကျင့်ကြံသူဆိုတာ ကြားတောင် မကြားဖူးခဲ့ဘူး ... အဲဒီလို ကျင့်ကြံသူ အမှန်တကယ် ရှိနေမယ် ဆိုရင်လည်း ကောင်းကင်ဘုံ ပိုင်နက်က သေချာပေါက်ကို စစ်ဆေးမှာပဲ ... အဲဒီလိုနေ့ ရောက်လာခဲ့ရင်တော့ မင်းမျက်မြင်တွေ့အောင် ငါခေါ်သွားပေးပါ့မယ် ...”
အန်လင်းသည် ဓားအင်မော်တယ် လင်းရှောင်၏ အမူအရာအား ကြည့်ကာဖြင့် မျက်ရည်များ စီးကျချင်နေပြီ ဖြစ်သည်။
မျက်မြင် ကြည့်ဖို့တဲ့လား ... အဲဒီအချိန်ကို ရောက်လာရင် စစ်ဆေး ခံနေရတာ ကျွန်တော်ပဲ ဖြစ်လိမ့်မယ်ဗျ ...
ငိုးပဲ ... ငါလုပ်နိုင်တာ ဘာမှ မရှိပါလား ...
ဤမေးခွန်းအား ဆက်လက် မေးမြန်းနေမည် ဆိုပါက သူ့အနေဖြင့် ရူးသွပ် သွားလိမ့်မည်ဟု ခံစားနေမိသည်။
အတန်းပိုင် ဆရာအား နှုတ်ဆက် လိုက်ပြီးနောက် ခြံဝင်းအတွင်း လှည့်ပတ် နေမိသည်။
သူ့စိတ်ထဲတွင် အခြားသူများ၏ စကားလုံးများ ပြန်ပေါ်လာပြီး သူ့အား အရှိန်ဖြင့် ရိုက်ချလိုက် သကဲ့သို့ ခံစားနေရသည်။
ကြာကန်ဆီသို့ လျှောက်သွား လိုက်ပြီးနောက် ရေပြင်တွင် ထင်ဟပ်နေသည့် ခန့်ညားလှသည့် ပုံရိပ်အား ကြည့်လိုက်သည်။
ငါက တကယ်ကြီး သားရဲမျိုးနွယ် ဝင်များလား ...
ဒါမှမဟုတ် ... ငါက မျောက်အဖြစ် ပြောင်းလဲ သွားတော့မှာလား ...
ငါက ကျင့်ကြံသူ အတုတော့ မဟုတ်လောက်ပါဘူးနော် ... ဟုတ်နေတာ များလား ...
အန်လင်းသည် သူ၏ အခြေအနေအား စဉ်းစားမိသည့် အခါတွင် ပို၍ ပို၍ ဒေါသထွက် လာတော့သည်။
သူ့မျက်နှာတွင် မျက်ရည်များ ကျဆင်း လာလေပြီ။
ပတောက် ... ပတောက် ... ပတောက် ... ပတောက် ...
ရေမျက်နှာပြင်တွင် လှိုင်းကလေးများ ပေါ်လာ လေတော့သည်။
***