← Chapters

စကြာဝဠာပါရမီရှင်....

Vol. 45 Ch. 682

စကြာဝဠာပါရမီရှင်....

Vol. 45 Ch. 682

ထျန်းယုမန်နှင့် ချွီလီရှောင်ကဲ့သို့သော အလွှာဆယ့်တစ် အထွတ်အထိပ်များက အထွတ်အထိပ်မျိုးနွယ်များတွင် ကြီးမြတ်သူအဆင့်သို့ တက်လှမ်းရန် ပြင်ဆင်ထားသူများဖြစ်ကြသည်။

ပုံမှန်အားဖြင့် သူတို့က ထွက်ပေါ်လာခြင်းမရှိကြဘဲ ကြီးမြတ်သူအဆင့်သို့ တက်လှမ်းရန်သာ ပြင်ဆင်နေကြသည်။ မဟာစစ်မြေပြင်၏ အရေးပါမှုကြောင့်သာ မဟုတ်လျှင် သူတို့က စစ်မြေပြင်သို့ ဝင်ရောက်မည်မဟုတ်ပေ။

" ငါနားလည်ပြီ။ " ချွီလီရှောင်က ခဏတွေးပြီး ခေါင်းညိမ့်လိုက်သည်။ " ငါ နဂါးငွေ့တန်းကြယ်သခင်ကို အနိုင်မယူနိုင်ရင်တောင် သူ့ကို ထိန်းထားနိုင်တယ်။ ငါ အခြားလူသားမျိုးနွယ်တွေကို ဂရုမစိုက်ပေမယ့် နဂါးငွေ့တန်းကြယ်သခင်က မကူညီအောင်တော့ သေချာလုပ်နိုင်ပါတယ်။ "

" သူ့ကို ထိန်းထားနိုင်ရုံနဲ့ လုံလောက်တယ်။ " ထျန်းယုမန်က ခေါင်းညိမ့်လိုက်သည်။

သူမက နဂါးငွေ့တန်းကြယ်သခင်ကို အလွန်အလေးထားသည်။ လက်ရှိအချက်အလက်များအရ နဂါးငွေ့တန်းကြယ်သခင်ထက် ပို၍ ခြိမ်းခြောက်နိုင်သော ကြီးမြတ်သူရွှမ်ယွမ်၏ တပည့် ရွှမ်ယွမ်ယို မရှိလျှင် သူမက အထွတ်အထိပ်မျိုးနွယ်တစ်ခု၏ ပြိုင်ဘက်ကင်းပါရမီရှင်ဖြစ်သော နဂါးငွေ့တန်းကြယ်သခင်ကို သူမကိုယ်တိုင် စိန်ခေါ်ပေလိမ့်မည်။

ထို့နောက် ထျန်းယုမန်က လုသားမျိုးနွယ်မဟာမိတ်၏ အခြားဆင့်ကဲပြောင်းလဲသူများကို ခွဲခြမ်းစိတ်ဖြာပြီး ထျန်းယုမျိုးနွယ်ဝင်များက တန်ပြန်တိုက်ခိုက်ရန် စီစဉ်ပေးခဲ့သည်။

" လူသားမျိုးနွယ်မဟာမိတ်အတွက် ပြင်ဆင်ပြီးပြီဆိုတော့ နောက်တစ်ခုက ကပ်ဘေးမျိုးနွယ်ပဲ။ " ထျန်းယုမန်အပါအဝင် ထျန်းယုမျိုးနွယ်ဝင်များက ပို၍ လေးနက်လာကြသည်။

လူသားမျိုးနွယ်မဟာမိတ်က အစွမ်းထက်သော်လည်း ကပ်ဘေးမျိုးနွယ်က ပို၍ နက်ရှိုင်းသည်။ ၎င်းက ယခင်စကြာဝဠာခေတ်မှ ဆင်းသက်လာသည်ဟု သံသယရှိပြီး ကပ်ဘေးမျိုးနွယ်က အထွတ်အထိပ်မျိုးနွယ်ဆယ့်နှစ်ခုထဲတွင် အဖွဲ့ဝင် အနည်းဆုံးဖြစ်သည်။

ကပ်ဘေးမျိုးနွယ်မှ အလွှာဆယ့်နှစ် ကြီးမြတ်သူနှစ်ယောက်က အစွမ်းအထက်ဆုံး ကြီးမြတ်သူများထဲတွင် ပါဝင်ပြီး လမ်းစဉ်ခွဲထွက်ခြင်းအဆင့် အထွတ်အထိပ်သို့ ရောက်နေနိုင်သည်။ သူတို့က အလွန်အစွမ်းထက်ပြီး ကြီးမြတ်သူအဆင့်အောက်မှ အဖွဲ့ဝင်များကလည်း အဆင့်တူများကို အနိုင်ယူနိုင်ကြသည်။

ကပ်ဘေးမျိုးနွယ်၏ အဖွဲ့ဝင်အရေအတွက်က အနည်းဆုံးဖြစ်ပြီး တစ်ရာအောက်သာ ရှိသည်။ သို့သော် ထျန်းယုမန်က အင်အားကြီးမားသော ရန်သူကို ရင်ဆိုင်ရသကဲ့သို့ ခံစားရသည်။ သူမက ကပ်ဘေးမျိုးနွယ်၏ အဖွဲ့ဝင်များကို ထိန်းချုပ်ရန် ထျန်းယုမျိုးနွယ်၏ အစွမ်းအထက်ဆုံး အလွှာဆယ့်တစ် နှစ်ယောက်နှင့် နောက်ထပ် ဆယ်ယောက်ကျော်ကို တာဝန်ပေးခဲ့သည်။

" ကံကောင်းတာက ကပ်ဘေးမျိုးနွယ်ရဲ့ အဖွဲ့ဝင်က နည်းနေတာပဲ။ မဟုတ်ရင် အခြားအထွတ်အထိပ်မျိုးနွယ်ဆယ်ခုနဲ့ ပူးပေါင်းရင်တောင် သူတို့ကို ကိုင်တွယ်နိုင်မှာမဟုတ်ဘူး။ " ထျန်းယုမန်က တွေးလိုက်သည်။

စကြာဝဠာထဲမှ အထူးသက်ရှိများနှင့် ယှဉ်လျှင် ကပ်ဘေးမျိုးနွယ်၏ အဖွဲ့ဝင်များက ကိုင်တွယ်ရန် ပိုမိုခက်ခဲလေသည်။ ကပ်ဘေးမျိုးနွယ်ဝင်များက အဆုံးမဲ့ကပ်ဘေးများကြားမှ ကြီးထွားလာကြသည်။ သူတို့က တိုက်ခိုက်ရေးအတွေ့အကြုံကြွယ်ဝပြီး အမွေအနှစ်လျို့ဝှက်နည်းစနစ်များကလည်း အလွန်အစွမ်းထက်ကြသည်။

ထိုအကြောင်းရင်းအမျိုးမျိုးကြောင့် ကပ်ဘေးမျိုးတွယ်က အထွတ်အထိက်မျိုးနွယ်ဆယ့်နှစ်ခုအနက် ထူးခြားသော တည်ရှိမှုတစ်ခုဖြစ်လာသည်။

အင်းဆက်မျိုးနွယ်၏ စစ်စခန်းတွင် အင်းဆက်မျိုးနွယ်အသိုက်များက လေဟာနယ်ထဲတွင် အင်းဆက်မျိုးနွယ်စစ်သည်များကို လျင်မြန်စွာ မွေးထုတ်နေကြသည်။ တစ်ချိန်တည်းတွင် သူတို့က စိတ်ချင်းဆက်သွယ်ပြီး ဆွေးနွေးနေကြသည်။

" ပင်း ၃၈၇ မင်းက ကာကွယ်ရေးကို အထူးပြုတဲ့ အလွှာဆယ့်တစ် အင်းဆက်မျိုးနွယ်စစ်သည်တွေကို မွေးမြူပါ။ "

" ပင်း ၇၇၈ မင်းက တိုက်ခိုက်ရေးကို အထူးပြုတဲ့ အလွှာဆယ့်တစ် အင်းဆက်မျိုးနွယ်စစ်သည်တွေကို မွေးမြူပါ။ "

" ပင်း ၁၉၂၃ မင်းက စိတ်ဝိညာဉ်ပုံရိပ်ယောင်ကို အထူးပြုတဲ့ အလွှာဆယ့်တစ် အင်းဆက်မျိုးနွယ်စစ်သည်တွေကို မွေးမြူပါ။ "

ကြီးမားသော စိတ်အသိတစ်ခုက အမိန့်များကို ထုတ်ပြန်နေသည်။ အခြားအထွတ်အထိပ်မျိုးနွယ်များနှင့် ယှဉ်လျှင် အင်းဆက်မျိုးနွယ်၏ တိုက်ခိုက်ရေးပုံစံက တစ်ခုတည်းသာ ရှိသည်။ ၎င်းက ပိုးကောင်ပင်လယ်ဖြစ်သည်။

ကွဲပြားသော အင်းဆက်မျိုးနွယ်စစ်သည်များကို အဆက်မပြတ် မွေးမြူပြီး အင်းဆက်မျိုးနွယ်အသိုက်၏ ထိန်းချုပ်မှုအောက်တွင် ပြည့်စုံစွာ ပူးပေါင်းနိုင်ကြသည်။ ကာကွယ်ရေးကို အထူးပြုသော အင်းဆက်မျိုးနွယ်စစ်သည်တစ်ယောက်က အခြားအလွှာဆယ့်တစ်များ၏ ရှေ့တွင် ခြိမ်းခြောက်မှုမရှိပေ။ သို့သော် တိုက်ခိုက်ရေးနှင့် စိတ်ဝိညာဉ်ပုံရိပ်ယောင်ကို အထူးပြုသော အင်းဆက်မျိုးနွယ်စစ်သည်နှစ်ယောက်ကို ပေါင်းထည့်လိုက်လျှင် အင်းဆက်မျိုးနွယ်၏ ပူးပေါင်းတိုက်ခိုက်မှုက လုံးဝပြည့်စုံသွားပြီဖြစ်သည်။

သို့သော် အင်းဆက်မျိုးနွယ်အသိုက်များအတွက် အလွှာဆယ့်တစ် အင်းဆက်မျိုးနွယ်စစ်သည်တစ်ယောက်ကို မွေးမြူခြင်းကလည်း စွမ်းအားပမာဏတစ်ခုကို သုံးစွဲရသည်။ ထိုသုံးစွဲမှုက အရင်းအမြစ်များသာမက စိတ်စွမ်းအားလည်း ကုန်ကျလေသည်။

ကပ်ဘေးမျိုးနွယ်၏ စစ်စခန်း။

အခြားအထွတ်အထိပ်မျိုးနွယ်များ၏ စစ်စခန်းများနှင့် ယှဉ်လျှင် ကပ်ဘေးမျိုးနွယ်၏ စစ်စခန်းက များစွာ ပို၍ သေးငယ်လေသည်။ သို့သော် စစ်စခန်းမှ ထွက်ပေါ်နေသော ဖိနှိပ်ခြင်းအော်ရာက အခြားသူများထက် နိမ့်ကျခြင်းမရှိဘဲ အနည်းငယ်ပင် ပို၍ သန်မာနိုင်သည်။

စစ်စခန်း၏ နက်ရှိုင်းသော နေရာတွင် ကပ်ဘေးမျိုးနွယ်၏ အဖွဲ့ဝင်တစ်ရာက စုဝေးနေကြသည်။ သူတို့က အခြားအထွတ်အထိပ်မျိုးနွယ်များနှင့် မတူပေ။ ကပ်ဘေးမျိုးနွယ်က ကပ်ဘေးမျိုးနွယ်မဟာမိတ်ဟူ၍ မရှိပေ။

ကပ်ဘေးမျိုးနွယ်၏ စကားမှာ အားနည်းသူများသာ မဟာမိတ်လိုအပ်သည်ဟူ၍ ဖြစ်သည်။ အမှန်တွင် ကပ်ဘေးမျိုးနွယ်ကို စကြာဝဠာ၏ စိတ်အသိက ပစ်မှတ်ထားနေသည်။ ထို့ကြောင့် ကပ်ဘေးမျိုးနွယ်နှင့် နီးစပ်သော အခြားမျိုးနွယ်များက စကြာဝဠာစိတ်အသိ၏ ဖိနှိပ်ခြင်းကို ခံရမည်ဖြစ်သည်။ ထို့ကြောင့် အခြားမျိုးနွယ်များက ကပ်ဘေးမျိုးနွယ်နှင့် ပူးပေါင်းရဲခြင်းမရှိကြပေ။

အစွမ်းထက်သော ကပ်ဘေးမျိုးနွယ်အတွက်ပင် စကြာဝဠာ၏ စိတ်အသိက ပစ်မှတ်ထားခြင်းအောက်တွင် ကြီးထွားလာနိုင်ခြေမှာ တစ်သန်းမှာ တစ်ယောက်၊ ဆယ်သန်းမှာ တစ်ယောက်ဖြစ်သည်။ အခြားမျိုးနွယ်များက ကပ်ဘေးမျိုးနွယ်နှင့် ပူးပေါင်းလျှင် မျိုးသုဉ်းမည့်အန္တရာယ်ကိုပင် ရင်ဆိုင်ရနိုင်သည်။

" ဒီတစ်ခါ စစ်မြေပြင်ကို ဦးဆောင်ခွင့်က ငါတို့ ကပ်ဘေးမျိုးနွယ်က ပိုင်ဆိုင်ရမယ်။ " အမြင့်ဆုံးနေရာတွင် ထိုင်နေသော ကပ်ဘေးမျိုးနွယ်မှ အင်အားကြီးသူက ယုံကြည်မှုအပြည့်နှင့် ပြောလိုက်သည်။

" ဒီရက်ပိုင်း စကြာဝဠာထဲမှာ အာရုံစိုက်ဖို့ ထိုက်တန်တဲ့ အင်အားကြီးသူတွေ ရှိသေးလား။ "

" လူသားမျိုးနွယ်မဟာမိတ်မှာ နှစ်ပေါင်း ငါးရာခြောက်ရာအတွင်း အလွှာဆယ့်တစ်ကို တက်လှမ်းပြီး အချိန်လေဟာနယ်ပေါင်းစပ်နိယာမမှာ ပဉ္စမအဆင့်ကို ရောက်နေတဲ့ ပါရမီရှင်တစ်ယောက် မွေးဖွားလာတယ်လို့ ပြောပါတယ်။ "

" စကြာဝဠာပါရမီရှင်တွေက စကြာဝဠာရဲ့ ကောင်းချီပေးခြင်းကို ခံရပြီး ကျင့်ကြံခြင်းခရီးက ချောမွေ့နေလိမ့်မယ်။ ငါတို့ ကပ်ဘေးမျိုးနွယ်ဝင်တွေလိုမဟုတ်ဘူး။ ခြေလှမ်းတိုင်းက အန္တရာယ်များပြီး ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က အချိန်မရွေး ပြိုလဲသွားနိုင်တယ်။ "

ကပ်ဘေးမျိုးနွယ်၏ အင်အားကြီးသူများက အချင်းချင်း ပြောဆိုလိုက်သည်။ နဂါးငွေ့တန်းကြယ်သခင်ကို စိတ်ဝင်စားမှုအချို့ ပြသကြသော်လည်း ထိုမျှသာဖြစ်သည်။ သူတို့က ထိုလူသားပါရမီရှင်လေးကို အလေးအနက်မထားကြပေ။

သူတို့၏ ခြေလှမ်းတိုင်းက အခြားမျိုးနွယ်များထက် အဆတစ်ထောင်၊ အဆတစ်သောင်း ပိုမိုခက်ခဲပြီး ​သေဆုံးမှုနှုန်းက အဆတစ်သိန်း၊ အဆတစ်သန်းထိ ပိုမိုမြင့်မားသည်။ အလားတူ ရှေ့ဆက်ကာ အသက်ရှင်နိုင်သော ကပ်ဘေးမျိုးနွယ်ဝင်များက အဆင့်တူများထက် ပိုမိုသာလွန်သော စွမ်းအားကို ပိုင်ဆိုင်ကြသည်။

ကပ်ဘေးမျိုးနွယ်မှ သာမန်အလွှာဆယ့်တစ် အထွတ်အထိပ်များက အခြားမျိုးနွယ်များမှ အစွမ်းထက်ဆုံး အလွှာဆယ့်တစ်များနှင့် ယှဉ်နိုင်ကြသည်။ ကပ်ဘေးမျိုးနွယ်မှ အသန်မာဆုံး အလွှာဆယ့်တစ် အင်အားကြီးသူများကို ထိန်းချုပ်နိုင်ရန် အခြားမျိုးနွယ်များမှ အသန်မာဆုံး အလွှာဆယ့်တစ်များ ပူးပေါင်းရန် လိုအပ်သည်။

၎င်းက ထိန်းချုပ်နိုင်ရုံမျှသာဖြစ်သည်။ ကပ်ဘေးမျိုးနွယ်၏ အင်အားကြီးသူတစ်ယောက်က တန်ဖိုးတစ်ခုကို ပေးဆပ်လိုလျှင် အခြားအလွှာဆယ့်တစ် အင်အားကြီးသူများက အမှန်တကယ် ထိန်းချုပ်နိုင်မည်မဟုတ်ပေ။

လုသားမျိုးနွယ်မဟာမိတ်၏ စစ်စခန်း။

လင်းယွမ်က ထိန်းချုပ်ရေးအခန်းတွင် ခြေချိတ်ထိုင်နေပြီး မဟာစစ်မြေပြင်ကို လေ့လာနေသည်။

" အံ့ဩစရာကောင်းလိုက်တာ။ အချိန်လေဟာနယ်ကို ဒီလိုနည်းနဲ့လည်း အသုံးချနိုင်တာလား။ " လင်းယွမ်က ပို၍ လေ့လာသည်နှင့်အမျှ ကြီးမြတ်သူများ၏ အချိန်လေဟာနယ်ပေါင်းစပ်နိယာမ ဆဋ္ဌမအဆင့်ကို နားလည်လာသော်လည်း အသက်အဆင့်၏ ကွာခြားမှုကြောင့် လင်းယွမ်က အချိန်လေဟာနယ်ပေါင်းစပ်နိယာမ၏ အနှစ်သာရကို ခံစားရန် ခက်ခဲနေသည်။

သို့သော် မဟာစစ်မြေပြင်မှတစ်ဆင့် သူက တစ်စိတ်တစ်ပိုင်းကို မြင်နိုင်ခဲ့သည်။ အလွှာဆယ့်နှစ် ကြီးမြတ်သူများက မဟာစစ်မြေပြင်ကို ပူးပေါင်းတည်ထောင်ခဲ့ပြီး ၎င်းက အလွှာဆယ့်နှစ် ကြီးမြတ်သူတစ်ယောက်၏ လမ်းညွှန်မှုထက် ပိုလေသည်။

လင်းယွမ်က စဉ်းစားပြီး ခေါင်းခါလိုက်သည်။ မဟာစစ်မြေပြင်က စစ်မြေပြင်ကြီးထက် သာလွန်သည်။ တစ်ခုတည်းသော အားနည်းချက်မှာ ထာဝရလေဟာနယ်အက်ကြောင်းများ မရှိခြင်းဖြစ်သည်။ ၎င်းကလည်း အထွတ်အထိပ်မျိုးနွယ်များကြား ပြင်းထန်သော တိုက်ပွဲများ မဖြစ်သေးသောကြောင့် ဖြစ်သည်။

အထွတ်အထိပ်မျိုးနွယ်များ ရင်ဆိုင်ပြီးလျှင် ထာဝရလေဟာနယ်အက်ကြောင်းများက ထွက်ပေါ်လာပေလိမ့်မည်။ ထာဝရလေဟာနယ်အက်ကြောင်းနှင့်အတူ လင်းယွမ်က ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအားအကြောင်းကို တွေးမိသည်။ လင်းယွမ် စုဆောင်းထားသော ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအားက ယခုအခါ အမျှင်တစ်ထောင် ရှိနေပြီဖြစ်သည်။

ထိုအချိန်အတွင်း စစ်မြေပြင်ကြီးတွင် လင်းယွမ်ချန်ထားခဲ့သော ကိုယ်ပွားက ရက်ကိုးဆယ်လျှင် ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအား တစ်မျှင်ကို စုဆောင်းနေခဲ့သည်။

All Chapters