ထျန်းယုမျိုးနွယ်၏ အစီအစဉ်...
Vol. 45 Ch. 681
အထွတ်အထိပ်မျိုးနွယ်အသီးသီးမှ အသန်မာဆုံး အလွှာဆယ့်တစ် အင်အားကြီးသူများက ကြီးမြတ်သူအဆင့် လက်နက်များဖြင့် သာမန်အလွှာဆယ့်တစ် အင်အားကြီးသူများကို ဖိနှိပ်နိုင်သော်လည်း သူတို့က လင်းယွမ်၏ လွှမ်းမိုးမှုကြောင့် ပြင်ပတွင် တိုက်ခိုက်ဝံ့ခြင်းမရှိဘဲ စစ်စခန်းများတွင်သာ အဆုံးအဖြတ်စစ်ပွဲကို စောင့်ဆိုင်းနေကြသည်။
အဆုံးအဖြတ်စစ်ပွဲက အထွတ်အထိပ်မျိုးနွယ် ဆယ့်နှစ်ခုက သူတို့၏ အင်အားများကို ပေါင်းစည်ပြီး ပြတ်သားသော တိုက်ပွဲကို ရည်ညွှန်းခြင်းဖြစ်သည်။ အဆုံးအဖြတ်စစ်ပွဲအတွင်း အစွမ်းထက်ဆုံး အလွှာဆယ့်တစ် အင်အားကြီးသူများက အဆင့်တူများနှင့် ရင်ဆိုင်ကြသည်။ အစွမ်းထက်သော အလွှာဆယ့်တစ် အင်အားကြီးသူများက သာမန်အလွှာဆယ့်တစ်များကို တိုက်ခိုက်မည်မဟုတ်ပေ။
" ငါသိပြီ။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။ သူက လမ်းတစ်လျှောက် တိုက်ပွဲများကို မတွေ့ရခြင်းမှာ အံ့ဩစရာမရှိပေ။
" ကောင်းပြီ။ ငါ စစ်ပွဲရဲ့ အခြားအစီအစဉ်တွေကို ဝင်ရောက်စွက်ဖက်မှာမဟုတ်ဘူး။ အဆုံးအဖြတ်စစ်ပွဲစတင်တဲ့အခါ ငါ့ကို ခေါ်လိုက်ပါ။ " လင်းယွမ်က ပြောလိုက်သည်။
စစ်ပွဲအစီအစဉ်များက အတွေ့အကြုံများစွာ ရှိရန်လိုအပ်ပြီး လင်းယွမ်က အချိန်ဖြုန်းလိုခြင်းမရှိပေ။
" ကောင်းပါပြီ။ " ရွှမ်ယွမ်ယိုနှင့် အခြားအလွှာဆယ့်တစ် ဆင့်ကဲပြောင်းလဲသူများက အနည်းငယ် စိတ်သက်သာရာရသွားကြသည်။
လင်းယွမ်က အလွန်သန်မာသော်လည်း စစ်ပွဲပြင်ဆင်မှုများတွင် ၎င်းက ခိုင်မာသော ကျင့်ကြံမှုရှိရုံသာမက စစ်ပွဲအခြေအနေကို နားလည်နိုင်မှုအပေါ်တွင် မူတည်သည်။ လင်းယွမ်က ယုံကြည်မှုလွန်ကဲပြီး စစ်ပွဲ၏ အခြေအနေကို မှားယွင်းစွာ ဆုံးဖြတ်မိလျှင် လူသားမျိုးနွယ်မဟာမိတ်က ကြီးမားသော ဆုံးရှုံးမှုများကို ရင်ဆိုင်ရနိုင်သည်။
လင်းယွမ်၏ ပုံရိပ်က ပျောက်ကွယ်သွားပြီး သူက စစ်စခန်း၏ အလယ်တွင် ပေါ်လာသည်။ ထိုနေရာက စစ်စခန်းတစ်ခုလုံး၏ ထိန်းချုပ်ရေးနေရာလည်းဖြစ်သည်။ သူက ထိုနေရာမှ နေ၍ စစ်စခန်း၏ အသေးစိတ် အချက်အလက်တိုင်းကို လွတ်လပ်စွာ ထိန်းချုပ်နိုင်သည်။
" နဂါးငွေ့တန်းကြယ်သခင်က အဲ့လိုပဲ ထွက်သွားတာလား။ "
" အခြားအထွတ်အထိပ်မျိုးနွယ်က အလွှာဆယ့်တစ်တွေကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာ ငါတို့နဲ့ မဆွေးနွေးဘူးလား။ "
အလွှာဆယ့်တစ် ဆင့်ကဲပြောင်းလဲသူများက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ သူတို့က ထိုမျှပေါ့ပါးသော ဗိုလ်ချုပ်တစ်ယောက်ကို ပထမဆုံး မြင်ဖူးခြင်းဖြစ်သည်။
" ကောင်းပြီ။ နဂါးငွေ့တန်းကြယ်သခင်က စစ်ပွဲစီစဉ်မှုတွေမှာ မပါဝင်ချင်ဘူးဆိုတော့ စစ်ပွဲကို ငါ ဦးဆောင်ပေးပါမယ်။ ငါတို့ ဆွေးနွေးပြီးတာမဲ့ ဆုံးဖြတ်ချက်ချဖို့ နဂါးငွေ့တန်းကြယ်သခင်ကို တင်ပြလိုက်မယ်။ " ရွှမ်ယွမ်ယိုက အခြားသူများကို ကြည့်လိုက်သည်။ သူက လူသားမျိုးနွယ်မဟာမိတ်တွင် ဂုဏ်သိက္ခာကြီးသူတစ်ယောက်ဖြစ်သည်။
ထို့အပြင် လင်းယွမ်က ရည်ရွယ်ချက်ရှိရှိ အာဏာကို လွှဲပြောင်းပေးခဲ့သောကြောင့် သူ့ကို အတော်လေး စိတ်အေးစေသည်။ ဗိုလ်ချုပ်တစ်ယောက်အနေဖြင့် လင်းယွမ်က စစ်ပွဲအစီအစဉ်များကို မပြုလုပ်သည့်အပြင် ဝင်ရောက်စွက်ဖက်ခြင်းလည်း မပြုပေ။
စစ်စခန်း၏ ထိန်းချုပ်ရေးအခန်း။ ၎င်းကို ထိန်းချုပ်ရေးအခန်းဟု ခေါ်မည့်အစား ကမ္ဘာတစ်ခုဟု ခေါ်ဆိုခြင်းက ပိုကောင်းပေလိမ့်မည်။
" ဒီစစ်စခန်းက အလွှာဆယ့်နှစ် ခံတပ်တစ်ခုပဲ။ ကြီးမြတ်သူအဆင့် လက်နက်တွေထက် ပိုအရေးပါတယ်။ အခြားမျိုးနွယ်တွေရဲ့ စစ်စခန်းတွေလည်း အတူတူဖြစ်လိမ့်မယ်။ " လင်းယွမ်က စစ်စခန်းတစ်ခုလုံးကို ထိန်းချုပ်ရင်း တွေးလိုက်သည်။
ထိုမျှကြောက်စရာကောင်းသော စစ်စခန်းတစ်ခုကို ထိုးဖောက်ရန်အတွက် သူအစွမ်းကုန်ထုတ်သုံးလျှင်တောင် အချိန်တိုအတွင်း အောင်မြင်ရန် ခက်ခဲပေလိမ့်မည်။
" ဘာပဲဖြစ်ဖြစ် သူတို့အားလုံးက စစ်စခန်းတွေမှာ ပုန်းအောင်နေရင် အဆုံးအဖြတ်စစ်ပွဲကျမှ လှုပ်ရှားရမယ်။ "
အဆုံးအဖြတ်စစ်ပွဲစတင်သည်နှင့် အထွတ်အထိပ်မျိုးနွယ်များမှ အလွှာဆယ့်တစ် သက်ရှိအများစုက စစ်မြေပြင်တွင် ပေါ်လာပေလိမ့်မည်။ ၎င်းက လင်းယွမ်အတွက် သူတို့အားလုံးကို တစ်ချိန်တည်း ဖမ်းဆီးရန် အကောင်းဆုံး အခွင့်အရေးဖြစ်သည်။
" အခုတော့ ဆက်ကျင့်ကြံရမယ်။ " လင်းယွမ်က ထိန်းချုပ်ရေးအခန်းမှ ကြီးမားသော စစ်မြေပြင်ကို ကြည့်လိုက်သည်။
မဟာစစ်မြေပြင်က အချိန်လေဟာနယ်ကို ပေါင်းစည်းပြီး ကြီးမြတ်သူများက ဖန်တီးထားသော တည်ငြိမ်သည့် ကမ္ဘာတစ်ခုဖြစ်သည်။ ထိုစစ်မြေပြင်ကို လေ့လာခြင်းက ကြီးမြတ်သူများ၏ အချိန်လေဟာနယ်နားလည်မှုများကို လေ့လာခြင်းနှင့် အတူတူပင်ဖြစ်သည်။ လင်းယွမ်က အချိန်လေဟာနယ်ပေါင်းစပ်နိယာမတွင် ဆဋ္ဌမအဆင့် အထွတ်အထိပ်သို့ ရောက်လျှင် ကြီးမားသော အကျိုးအမြတ် ဖြစ်ပေလိမ့်မည်။
[ သင်က ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် မဟာစစ်မြေပြင်ကို လေ့လာပြီး အချိန်လေဟာနယ်ပေါင်းစပ်နိယာမအပေါ် သင်၏ နားလည်မှုက ပိုမိုနက်ရှိုင်းသွားပါပြီ။ ]
ခဏအတွင်း အချိန်လေဟာနယ်တို့နှင့် ပက်သက်သော အသိအမြင်များက လင်းယွမ်၏ စိတ်ထဲသို့ ဝင်ရောက်လာသည်။
" အချိန်လေဟာနယ်ရဲ့ မူလက တစ်ခုတည်းပဲ။ ဘာကြောင့်ပေါင်းစပ်တယ်လို့ ပြောရမှာလဲ။ အချိန်လေဟာနယ်ကို နားလည်ဖို့ သူတို့ကို ပေါင်းစပ်ထားတယ်လို့ မမြင်ဘဲ မူလရင်းမြစ်တစ်ခုတည်းကနေ ဆင်းသက်လာတယ်လို့ မြင်သင့်တယ်။ " လင်းယွမ်က မဟာစစ်မြေပြင်ကို လေ့လာ့သည်နှင့်အမျှ အသိအမြင်များ တိုးလာခဲ့သည်။
အင်အားကြီးသူအများစု၏ အမြင်တွင် အချိန်လေဟာနယ်ပေါင်းစပ်နိယာမက ပေါင်းစပ်ခြင်းသို့ ဦးတည်သော်လည်း အမှန်တွင် အချိန်နှင့် လေဟာနယ်က ပေါင်းစပ်ရန် မလိုအပ်ဘဲ မူလအားဖြင့် စည်းလုံးနေခြင်းဖြစ်သည်။
" ထျန်းဟီလျို့ဝှက်နည်းစနစ် "လင်းယွမ်၏ အတွေးတစ်ချက်နှင့်အတူ အချိန်လေဟာနယ် ကောင်းကင်မြစ်က လှိုင်းထန်လာသည်။
ထိုလျို့ဝှက်နည်းစနစ်က အရှင်းလင်းဆုံးနှင့် နားလည်ရအလွယ်ဆုံး နည်းလမ်းဖြင့် အချိန်လေဟာနယ်၏ ဆဋ္ဌမအဆင့်နှင့် သတ္တမအဆင့်၏ အနှစ်သာရကို ဖော်ပြထားသည်။ အဆုံးမဲ့ဟင်းလင်းပြင်တွင် လင်းယွမ်က အချိန်လေဟာနယ်ပေါင်းစပ်နိယာမ၏ ဆဋ္ဌမအဆင့်သို့ နားလည်ခဲ့သည့် အဓိကအကြောင်းရင်းမှာ ထျန်းဟီလျို့ဝှက်နည်းစနစ်ကြောင့် ဖြစ်သည်။
ထျန်းယုမျိုးနွယ် စစ်စခန်း။
ထျန်းယုမန်က သရဖူကို ဝတ်ဆင်ထားပြီး ပလ္လင်ပေါ်တွင် ထိုင်၍ အလွှာဆယ့်တစ် အင်အားကြီးသူများကို ငုံ့ကြည့်နေသည်။ ထျန်းယုမန်၏ ဘေးနှစ်ဖက်တွင် အနည်းငယ်သေးသော ပလ္လင်နှစ်ခုရှိနေပြီး ထျန်းယုမျိုးနွယ်၏ အသန်မာဆုံး အဖွဲ့ဝင်နှစ်ယောက် ထိုင်နေကြသည်။
" လူသားမျိုးနွယ်မဟာမိတ်ကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာ ဆွေးနွေးရမယ်။ " ထျန်းယုမန်က ဖြည်းညင်းစွာ ပြောလိုက်သည်။
" လူသားမျိုးနွယ်မဟာမိတ်ရဲ့ အသန်မာဆုံး ဆင့်ကဲပြောင်းလဲသူက ရွှမ်ယွမ်ယိုလို့ ပြောလို့ရတယ်။ အဲ့ဒီနဂါးငွေ့တန်းကြယ်သခင်လည်း ဖြစ်နိုင်တာပဲ။ " ထျန်းယုမန်၏ ဘယ်ဘက်မှ ရွှေရောင်ဆံပင်နှင့် လူက ပြောလိုက်သည်။
သူ၏ နာမည်က ချွီလီရှောင်ဖြစ်ပြီး ထျန်းယုမျိုးနွယ်မှ ဒုတိယဘိုးဘေး၏ တိုက်ရိုက်ဆင်းသက်လာသူဖြစ်သည်။ ထျန်းယုမျိုးနွယ်ရှိ အလွှာဆယ့်တစ် အင်အားကြီးသူများစွာထဲတွင် ချွီလီရှောင်က ထျန်းယုမန်ပြီးလျှင် ဒုတိယအသန်မာဆုံး ဖြစ်သည်။
သူကိုင်ဆောင်ထားသော ကြီးမြတ်သူအဆင့် လက်နက်က ထျန်းယုမန်၏ အပြစ်ကင်းစင်ခြင်းသရဖူလောက် အစွမ်းထက်ခြင်းမရှိသော်လည်း သတ်ဖြတ်ခြင်းစွမ်းအားက သာမန်ကြီးမြတ်သူအဆင့် လက်နက်များထက် သာလွန်သည်။
" ရွှမ်ယွမ်ယို လူသားမျိုးနွယ် ကြီးမြတ်သူရွှမ်ယွမ်ရဲ့ တပည့်ပဲ။ ကြီးမြတ်သူရွှမ်ယွမ်က ကြီးမြတ်သူအဆင့်ကို မကြိုးစားခင်ကတည်းက သူ့ရဲ့ တပည့်ဖြစ်လာခဲ့တာပဲ။ ဒီတစ်ခါ ကြီးမြတ်သူရွှမ်ယွမ်က သူ့ကို အလွန်အစွမ်းထက်တဲ့ ရတနာတစ်ခု ပေးခဲ့မှာ သေချာတယ်။ "
ထျန်းယုမန်က ခဏရပ်ပြီး ဆက်ပြောလိုက်သည်။ " ဒါဆို ငါ ရွှမ်ယွမ်ယိုကို ကိုင်တွယ်လိုက်မယ်။ နဂါးငွေ့တန်းကြယ်သခင်ကိုတော့ နင်တို့နဲ့ လွှဲထားလိုက်မယ်။ "
ထျန်းယုမန်က ချွီလီရှောင်ကို ကြည့်ပြီး ပြောလိုက်သည်။
" ကျုပ်က နဂါးငွေ့တန်းကြယ်သခင်ကို ကိုင်တွယ်ရမှာလား။ " ချွီလီရှောင်က ပြုံး၍ ယုံကြည်မှုရှိစွာ ပြောလိုက်သည်။ " ပြဿနာမရှိဘူး။ "
" နဂါးငွေ့တန်းကြယ်သခင်ကို အထင်မသေးနဲ့။ " ထျန်းယုမန်က ချွီလီရှောင်ကို ကြည့်လိုက်သည်။ " လူသားမျိုးနွယ်မဟာမိတ်က အဲ့လိုပါရမီရှင်တစ်ယောက်ကို စစ်မြေပြင်ထဲ စေလွှတ်တယ်ဆိုကတည်းက သူတို့က ပြင်ဆင်ထားမှာသေချာတယ်။ "
ထျန်းယုမန်က ပြောပြီးနောက် သူမ၏ ရှေ့တွင် တိုက်ပွဲပုံရိပ်များပေါ်လာသည်။ ၎င်းက လင်းယွမ် မဟာစစ်မြေပြင်သို့ ဝင်ရောက်ပြီးနောက် တိုက်ခိုက်ခဲ့သော တိုက်ပွဲများ ဖြစ်သည်။ လင်းယွမ် လှုပ်ရှားလိုက်တိုင်း အသက်ရှင်ကျန်ရစ်သူ မရှိခဲ့သော်လည်း ရှေးဟောင်းနတ်ဘုရားထို့ပါမှလွဲ၍ ကျန်သူများအားလုံးက ကိုယ်ပွားများသာ ဖြစ်သည်။
" နဂါးငွေ့တန်းကြယ်သခင်ရဲ့ အဓိကနည်းလမ်းက ရွှမ်ဟွမ်နယ်ပယ်စွမ်းရည်ဖြစ်လိမ့်မယ်။ အဲ့ဒီစွမ်းရည်က သာမန်ကြီးမြတ်သူအဆင့် လက်နက်တွေကို ဖိနှိပ်နိုင်လောက်အောင် အစွမ်းထက်တယ်။ အချိန်ဆွဲထားနိုင်သရွေ့ ကြီးမြတ်သူအဆင့် လက်နက်ကိုင်ဆောင်ထားတဲ့ အလွှာဆယ့်တစ် အင်အားကြီးသူတွေက ခုခံနိုင်မှာမဟုတ်ဘူး။ "
ထျန်းယုမန်က တိုက်ပွဲပုံရိပ်များကို ကြည့်ပြီး ပြောလိုက်သည်။ သူမက မဟာစစ်မြေပြင်တွင် ထျန်းယုမျိုးနွယ်၏ ဗိုလ်ချုပ်တစ်ယောက်အနေဖြင့် အထွတ်အထိပ်မျိုးနွယ်များမှ အင်အားကြီးသူများ၏ အချက်အလက်များကို အဆက်မပြတ် အာရုံစိုက်နေခဲ့သည်။
သူတို့က ရန်သူ၏ အားနည်းချက်များကို တိုက်ခိုက်နိုင်ရန် ရည်ရွယ်သည်။ နဂါးငွေ့တန်းကြယ်သခင် အကောင်းဆုံးလုပ်နိုင်သည်မှာ ဖိနှိပ်ခြင်းနှင့် ခုခံခြင်းဖြစ်သည်။ နဂါးငွေ့တန်းကြယ်သခင်က ရွှမ်ဟွမ်နယ်ပယ်ကို အချိန်မည်မျှကြာအောင် ထိန်းထားနိုင်သည်ကို မသိရသော်လည်း ချွီလီရှောင်ကဲ့သို့ ကျွမ်းကျင်သူတစ်ယောက်က တန်ပြန်တိုက်ခိုက်နိုင်သည်။
ထို့ကြောင့် ထျန်းယုမန်က နဂါးငွေ့တန်းကြယ်သခင်ကို ရင်ဆိုင်ရန် ချွီလီရှောင်ကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။
" ရွှမ်ဟွမ်နယ်ပယ်က နဂါးငွေ့တန်းကြယ်သခင် ပြသခဲ့တဲ့ နည်းလမ်းတွေထဲက တစ်ခုပဲဖြစ်တယ်။ နဂါးငွေ့တန်းကြယ်သခင်မှာ ဒီနည်းလမ်းတစ်ခုတည်း ရှိတယ်လို့ မဆိုလိုဘူး။ နားလည်လား။ " ထျန်းယုမန်က ချွီလီရှောင်ကို သတိပေးလိုက်သည်။