လက်နက်ချ အညံ့ခံရန် ရောက်လာသည့် စစ်သည်များ
Vol. 38 Ch. 556
သူတို့ အားရပါးရ စားသောက်ပြီးနောက်တွင် ရှောင်းကျဲယွိက စစ်ပွဲနှင့်ပတ်သတ်ပြီး ဆက်လက်ဆွေးနွေးခဲ့သည်။ စူးချင်း၏ခေါက်ဆွဲကို စားပြီးနောက် သူ့စိတ်များ ပိုကြည်လင်လာပြီး အတွေးများ ပိုသွက်လက်လာသလို ရှောင်းကျဲယွိ ခံစားနေရသည်။ သူက ပိုမိုကောင်းမွန်သော နည်းဗျူဟာများကိုပင် တွေးတောနိုင်ခဲ့သည်။
သုံးရက်အကြာတွင် ရှောင်းမိသားစုစစ်တပ်က ရှန်ဟိုင်းမြို့ကို အမှန်တကယ် တိုက်ခိုက်တော့မည် ဖြစ်သည်။
ကျုံးယုံက မြို့တံခါးကို သူ သွားဖောက်ခွဲမည်ဟု စတင်အဆိုပြုခဲ့သည်။ သို့သော် ရှောင်းကျဲယွိက ကျုံးယုံ တဇွတ်ထိုးဆန်လွန်းသည်ဟု ခံစားမိသောကြောင့် သူ့ကို ဦးဆောင်ခွင့် မပြုခဲ့ပေ။ ကျန်းကျင့်လင်းနှင့် အမြောက်တပ်သားများအား တိုက်ရည်ခိုက်ရည် မြင့်မားသော သက်စောင့်စောင့်အဖွဲ့တစ်ဖွဲ့နှင့်အတူ စေလွှတ်လိုက်သည်။ စုစုပေါင်း လူတစ်ရာသာရှိသောကြောင့် သူတို့အတွက် အတော်လေး အန္တရယ်များနေခဲ့သည်။
ထို့ကြောင့် ပင်မစစ်တပ်ကို တောင်ခြေ၌ စခန်းချထားပြီး ကျန်းကျင့်လင်းအတွက် အာရုံလွှဲပေးရန် မြို့ကို ဟန်ဆောင်တိုက်ခိုက်ပေးမည် ဖြစ်သည်။ ကျန်းကျင့်လင်းက ပေါ့ပါးပြီး ဖုန်းကွယ်ရန်လွယ်ကူသည့် ၀တ်စုံကို ပြောင်းလဲဝတ်ဆင်ကာ လူတစ်ရာကျော်နှင့်အတူ တောထဲသို့ တိတ်တဆိတ် ခိုးဝင်သွားသည်။
လူတစ်ရာကျော်ထဲမှ ထောင်ချောက်များနှင့်ပတ်သတ်ပြီး ကျွမ်းကျင်ရင်းနှီးနေသူအချို့က လမ်းကို ဦးဆောင်နေကြသည်။ တောထဲတွင် ဝှက်ထားသည့် ထောင်ချောက်များ ရှိနေမည်ကို သူတို့ အဓိက စိုးရိမ်နေကြခြင်းပင်။ လမ်းတစ်လျှောက်တွင် ထောင်ချောက်အချို့ တွေ့ရှိခဲ့ရပြီး ထိုထောင်ချောက်များအားလုံးက အူကိုပင် ဖောက်နိုင်မည့် ချွန်ထက်သောဝါးချွန်တွင်းများ ဖြစ်ကာ ပြုတ်ကျလျှင် သေဆုံးပြီး ပုပ်သွားသည်အထိ ထိုတွင်းထဲ၌ နေရပေလိမ့်မသည်။ ထို့အပြင် တောအုပ်မှ ပြန်ထွက်ခွာခါနီးတွင် လေးနှင့်မြှားတန်းတစ်ခုကို တွေ့ရှိခဲ့ပြီး ဤထောင်ချောက်များထဲမှ တစ်ခုကို ဝင်တိုးမိပါက မည်သူမဆို မြှားရှည်ဖြင့် ပစ်ခတ်ခြင်းခံရပေလိမ့်မည်။
ရှောင်းကျဲယွိကိုယ်တိုင်လည်း ယခင်က ထိုကဲ့သို့ ထောင်ချောက်များနှင့် ယန္တရားများ တပ်ဆင်ခဲ့ဖူးသည်။ ထို့ကြောင့် သူက ကျန်းကျင့်လင်း မထွက်ခွာခင် မည်သည့်နေရာ မည်သည့်ရှုထောင့်၌ ထောင်ချောက်များ ရှိနိုင်သည်ကို ရှင်းပြခဲ့ပြီး ပိုသတိထားရန် ညွှန်ကြားလိုက်သည်။
ထို့ကြောင့် သူတို့ လမ်းတလျှောက် သတိထား ချီတက်လာခဲ့ကြပြီး ရှေ့တိုးနိုင်သည့်အရှိန်က အနည်းငယ်နှေးကွေး နေခဲ့သည်။ ထို့ကြောင့် ကျန်းကျင့်လင်းအနေဖြင့် အရုဏ်မတက်မီ သူ့လူများကို တောင်ပေါ်သို့ ခေါ်ဆောင်လာခဲ့သော်လည်း ညနေပိုင်းမှသာ သတ်မှတ်ထားသည့် တောင်ကုန်းပေါ်သို့ ရောက်လာနိုင်ခဲ့သည်။ ထိုနေရာမှ ကြည့်လျှင် ရှန်ဟိုင်းမြို့၏ မြို့တံခါးကို ကွက်ကွက်ကွင်းကွင်း မြင်နေရသည်။
မြို့ရိုးပေါ်တွင် စစ်သည်များ ကင်းလှည့်နေပြီး မြို့တံခါးများကို တင်းတင်းကြပ်ကြပ် ပိတ်ဆို့ကာကွယ်ထားကြသည်။ ကျန်းကျင့်လင်းက စူးချင်း ပေးလိုက်သည့်မှန်ပြောင်းကို အသုံးပြုပြီး မြို့ရိုးအနှံ့ရှာဖွေလိုက်သော်လည်း မော်တာ၏အစအနကိုပင် မတွေ့ရပေ။
သူတို့က မော်တာများကို အရင်ဆုံး ဖေါက်ခွဲရန် စီစဉ်ထားခဲ့သော်လည်း အချိန်အတော်ကြာ ရှာဖွေပြီးသည်အထိ ၎င်းတို့ကို ရှာမတွေ့သေးပေ။ လေးနှင့်မြှားများ အမြောက်အမြားအား မြို့ပြင်မှ သယ်ယူနေသည်ကို မြင်နေရသည်။
"နည်းနည်းလောက် ထပ်စောင့်ကြည့်ရင်ကောင်းမလား?"
ကျန်းကျင့်လင်းက အနည်းငယ် တုံ့ဆိုင်းနေသည်။ ညအချိန်၌ ပစ်ခတ်ရန် သခင်လေးနှင့် သဘောတူခဲ့ကြသော်လည်း ယခုအချိမ်အထိ မော်တာများကို ရှာမတွေ့သေးသောကြောင့် သူ အနည်းငယ် တွေဝေနေမိသည်။
တကယ်လို့ သူ စတင်ပစ်ခတ်လိုက်ပြီဆိုတာနဲ့ သူ့ဘက်ကနေ အပြည့်အ၀ လုပ်ဆောင်နိုင်ရမယ်၊ ဝမ်မိသားစုစစ်တပ်ဘက်ကို အသက်ရှူဖို့ အခွင့်အရေးတောင် ပေးလို့ မဖြစ်ဘူး။
အဆုံးတွင် ကျန်းကျင့်လင်းက သူ့စိတ်ထဲမှ ဆုံးဖြတ်ချက်ချလိုက်ပြီး မော်တာများကို တပ်ဆင် ပစ်ခတ်ရန် အမိန့်ပေးလိုက်သည်။
ထိုအခိုက်အတန့်တွင် တောအုပ်ထဲမှ အရှိန်ပြင်းပြင်း ပြေးလာသော ခြေသံများအား သူတို့ ကြားလိုက်ရသည်။ ကျန်းကျင့်လင်းက ချက်ချင်း နိုးကြားသွားပြီး မော်တာများဖြင့် အချိန်မရွေး ပစ်ခတ်နိုင်စေရန် အသင့်ပြန်ထားဖို့ ညွှန်ကြားလိုက်သည်။ ထို့နောက် အမြှောက်တပ်သားများအား တောအုပ်ထဲသို့ ပြန်ဝင်စေပြီး သူက သက်တော်စောင့်များနှင့်အတူ ရှေ့မှ ကာကွယ်ပေးနေခဲ့သည်။
"ကျွန်တော်တို့က လက်နက်ချဖို့ ရောက်လာတာပါ"
တောထဲမှ လူများက အလျင်စလို အော်ပြောလိုက်သော်လည်း ကျန်းကျင့်လင်းက သူ၏သတိကို မလျှော့ချလိုက်ပေ။
လက်နက်ချဖို့ ရုတ်တရက် ပေါ်လာတယ်တဲ့လား? သူတို့ကို လိမ်လည်ဖို့ ရောက်လာတာပဲ ဖြစ်ရမယ်၊ အဲ့လိုမှ မဟုတ်ရင်လည်း တခြားဘက်ကို သစ္စာဖောက်လာတဲ့သူတွေလေ၊ ဒါပေမယ့် အဖြစ်နိုင်ဆုံကတော့ သူတို့ကို အလစ်အငိုက်တိုက်ခိုက်ဖို့ ရောက်လာတာပဲ ဖြစ်ရမယ်။
ထို့ကြောင့် ကျန်းကျင့်လင်းက တောထဲသို့ လှမ်းအော်ပြောလိုက်သည်။
"မင်းတို့ရဲ့လက်နက်တွေကို မြေကြီးပေါ် ပစ်ချလိုက်၊ ပြီးရင် မင်းတို့လက်တွေကို မင်းတို့ရဲ့ခေါင်းပေါ် တင်ထားလိုက်"
တောထဲရှိလူများကလည်း သူတို့၏လက်နက်များကို နာနာခံခံ ပစ်ချလိုက်ကြပြီး လက်မြှောက်ကာ ထွက်လာကြသည်။
စုစုပေါင်း စစ်သည်သုံးဆယ်ကျော်သာ ရှိပြီး သူတို့အားလုံးက နန်းတွင်း၏စစ်ဝတ်စုံကို ဝတ်ဆင်ထားကြသည်။ သူတို့ကျောပေါ်တွင် လေးနှင့်မြှားများ သယ်ပိုးထားသော်လည်း သူတို့၏အပြောအဆိုနှင့် အမူအရာက အတော်လေး ကျိုးနွံနေသည်။
"လူကြီးမင်း၊ ကျွန်တော်တို့က လက်နက်ချအညံ့ခံပြီး ရှောင်းမိသားစုစစ်တပ်နဲ့ပူးပေါင်းဖို့ ထွက်ပြေးလာခဲ့တာပါ"
ခေါင်းဆောင်ဖြစ်ဟန်တူသည့်စစ်သည်က ကျန်းကျင့်လင်းအား အပြုံးဖြင့် လှမ်းပြောလိုက်သည်။ ကျန်းကျင့်လင်းက ဘာမှပြန်မပြောဘဲ ထိုလူများအား ကြိုးချည်ထားရန် သူ့လူများကို အမိန့်ပေးလိုက်သည်။ ထိုအခိုက်အတန့်တွင် သူ ထူးဆန်းသောရနံ့တစ်ခု ရလိုက်ပြီး ထိုလူများအား ကြိုးချည်ရန် ရှေ့တိုးသွားသည့် စစ်သည်များအားလုံး လဲကျသွားသည်။
လက်နက်ချရန် ရောက်လာသည့်လူများ၏ မျက်နှာများပေါ်တွင် ညစ်ကျယ်ကျယ် အပြုံးများ ပေါ်လာပြီး သူတို့၏လက်နက်များကို ပြန်ကောက်ရန် ခေါင်းငုံ့လိုက်ကြသည်။ သူတို့၏အမြင်တွင် သူတို့၏မေ့ဆေးမှုန့်များက ကျန်းကျင့်လင်းနှင့် သူ့အဖွဲ့ကို ချေမှုန်းနိုင်ကြောင်း သေချာနေသည်။ ကျန်နေသည့်အပိုင်းကတော့ ရိုးရှင်းလွန်းလှပြီး မြို့ကို ကာကွယ်ရန် မော်တာများကို အလွယ်တကူ လုယူနိုင်ပေလိမ့်မည်။
သို့သော်လည်း ကျန်းကျင့်လင်းက သတိကောင်းလှပြီး ထူးဆန်းသည့်အနံ့ကို ရှူရှိုက်မိသည်နှင့် သူ့နှာခေါင်းကို လက်ကိုင်ပုဝါဖြင့် အုပ်ကာ လက်ပစ်ဗုံးတစ်လုံးကို ထုတ်ယူပြီး ထိုလူများဆီသို့ လှမ်းပစ်လိုက်သည်။
ထိုလက်ပစ်ဗုံးက ချက်ချင်းပေါက်ကွဲသွားပြီး ဝမ်မိသားစုစစ်တပ်စစ်သည် တစ်ဒါဇင်ကျော် ချက်ချင်း သေဆုံးသွားကြသည်။ ကျန်လူများလည်း ထိုပေါက်ကွဲမှုကြောင့် ဒဏ်ရာရသွားကြပြီး ချက်ချင်း မတုံ့ပြန်နိုင်ကြတော့ပေ။ သူတို့ တုံ့ပြန်တိုက်ခိုက်ရန် ပြင်လိုက်ချိန်တွင် ကျန်းကျင့်လင်းက ဒုတိယမြောက် လက်ပစ်ဗုံးဖြင့် ပစ်ပေါက်လိုက်ရာ ကျန်လူများ အားလုံး လွင့်စင်သွားကြသည်။
"မီးညှိ!"
ကျန်းကျင့်လင်းက သူ့နောက်မှ အမြောက်တပ်သားများကို ပစ်ခတ်ရန် အမိန့်ပေးလိုက်သည်။ အမြောက်တပ်သားများက သူတို့နှင့် အနည်းငယ် ဝေးကွာနေသောကြောင့် မေ့ဆေးမှုန့်က သူတို့အပေါ် အများကြီး သက်ရောက်မှု မရှိခဲ့ပေ။ သူတို့ အနည်းငယ် ရီဝေဝေဖြစ်နေသော်လည်း ပစ်ခတ်မှုကိုတော့ လုပ်နိုင်နေသေးသည်။
ကျန်းကျင့်လင်းက သူ့လက်ကိုင်ပုဝါကို ပြန်ဖယ်လိုက်ပြီး မူးဝေနေခြင်းမျိုး မရှိပေ။ ထို့နောက် သူက သူတို့ မထွက်ခွာမီ သခင်လေး ပေးလိုက်သည့် အမွေးအိတ်ကို ပြန်သတိရသွားသည်။ သူက ထိုအမွေးအိတ်ကို အမြန်ချွတ်ကာ မူးမေ့နေသော သက်တော်စောင့်တစ်ဦးစီတိုင်းအား အနံ့ရှူစေလိုက်သည်။ ခဏအကြာတွင် မူးမေ့နေသူများအားလုံး ပြန်နိုးလာကြသည်။
သခင်လေးက အားလုံးကို အဆင်သင့်ပြင်ပေးလိုက်တာပဲ၊ ဒီအမွေးအိတ်ကလေးက မေ့ဆေးမှုန့်ကိုတောင် တွန်းလှန်နိုင်တယ်။ ဒါက မရီး သခင်လေးကို ပေးထားတာပဲ ဖြစ်လိမ့်မယ်။
မော်တာများကို တပြိုင်နက် ပစ်ခတ်ခဲ့သောကြောင့် မြေပြင်တစ်ခုလုံး တုန်ခါသွားခဲ့သည်။ ရှန်ဟိုင်းမြို့၏ တံတိုင်းများ ပွင့်ထွက်သွားပြီး ပင်မတံခါးကလည်း အပိုင်းပိုင်း ကျိုးပျက်သွားခဲ့သည်။ ကျန်းကျင့်လင်းက လေးပစ်သမားများကို တိုက်ခိုက်ရန် အမြောက်တပ်သားများကို ထပ်မံ ညွှန်ကြားလိုက်သည်။
သူတို့တွင် မော်တာများ ရှိနေသော်လည်း ထိုလေးပစ်သမားများက ရှောင်းမိသားစုစစ်တပ်အတွက် သိသိသာသာ ခြိမ်းခြောက်မှုဖြစ်နေသောကြောင့် သူတို့ကို အရင်ဖယ်ရှားပစ်ရမည် ဖြစ်သည်။
ရှောင်းကျဲယွိက ပင်မစစ်တပ်ကြီးကို ဦးဆောင်ပြီး တောင်ခြေရင်း၌ အသင့်စောင့်နေခဲ့သည်။ မော်တာပစ်ခတ်သံများ စကြားလိုက်သည်နှင့် သူက မြို့ကို ဝိုင်းရံတိုက်ခိုက်ရန် အမိန့်ပေးလိုက်သည်။ စစ်တပ်ကြီးက ဒီရေကဲ့သို့ ရှေ့တိုးသွားပြီး ရှန်ဟိုင်းမြို့ဆီသို့ တဟုန်ထိုး ပြေးသွားကြတော့သည်။
မြို့ကို ခုခံကာကွယ်နေသည့် စစ်သည်များက ထိုတိုက်ခိုက်မှုအတွက် အလျင်အမြန် တုံ့ပြန်နိုင်ခဲ့ကြသော်လည်း ပေါက်ကွဲသံများက သူတို့ကို အကြီးအကျယ် အံ့သြထိတ်လန့်သွားစေခဲ့သည်။ သူတို့က ဦးခေါင်းမရှိသည့် ယင်ကောင်များကဲ့သို့ ဖြစ်နေပြီး ရှောင်ကျဲယွိနှင့် သူ့စစ်တပ်ကြီးက ရှန်ဟိုင်းမြို့ကို အောင်အောင်မြင်မြင် သိမ်းပိုက်နိုင်ခဲ့ကြသည်။
မြို့တော်၌.......
ဝမ်ယွိလင်က မေ့မြောနေရာမှ ပြန်သတိရလာခဲ့သည်။ ဧကရာဇ်မင်းမြတ် ပြန်နိုးလာသည်ကို မြင်လိုက်ရချိန်တွင် တော်ဝင်သမားတော်ကြီးက သက်ပြင်းတစ်ချက် ချလိုက်သည်။
သူ ဧကရာဇ်ကို မကယ်တင်နိုင်ရင် သူ့မိသားစုတစ်ခုလုံးကို ဧကရာဇ်နဲ့အတူ သင်္ဂြိုဟ်မယ်လို့ ဧကရီက အမိန့်ပေးထားခဲ့တယ်လေ။
ကံကောင်းထောက်မလို့ ဧကရာဇ် နိုးလာပြီး သူတို့မိသားစုတစ်ခုလုံးရဲ့အသက်ကို ကယ်တင်နိုင်ခဲ့ပြီ။
ဝမ်ယွိလင်က သတိမေ့မြောနေရာမှ နိုးလာလာချင်း စစ်မြေပြင်အကြောင်းကို အရင်မေးမြန်းလိုက်သည်။ ဧကရီက သူ့ကို မပြောရဲဘဲ အရာအားလုံး ပုံမှန်ဖြစ်နေပြီး ရှောင်းမိသားစုစစ်တပ်က ဆက်လက်တိုက်ခိုက်ခြင်း မရှိကြောင်း ပြန်ဖြေလိုက်သည်။
ထိုမှသာ ဝမ်ယွိလင်က စိတ်အေးအေးဖြင့် ဆေးသောက်နိုင်ခဲ့သည်။ သူက သူ တတ်နိုင်သမျှ အမြန်ဆုံး ပြန်လည်ကောင်းမွန်လာရန် မျှော်လင့်နေပြီး ရှန်ဟိုင်းမြို့အပြင်ဘက်၌ ရှောင်းမိသားစုမှ ကလေးအား သုတ်သင်နိုင်ရန် စိတ်အားထက်သန်နေခဲ့သည်။
"ဧကရီမယ်မယ်ကို အစီရင်ခံ တင်ပြပါတယ်၊ အရေးပေါ်စစ်ရေး အစီရင်ခံစာ ထပ်ရောက်လာပါတယ်"
ဝမ်ယွိလင် ဆေးသောက်နေဆဲမှာပင် ခန်းမအပြင်ဘက်မှ ကျယ်လောင်သော သတင်းပို့သံ ထွက်လာပြန်သည်။
ဧကရီ၏အမူအရာက ပြောင်းလဲသွားပြီး ထိုလူကို သွားမောင်းထုတ်ရန် သူမ၏ လူများအား အမိန့်ပေးလိုက်သည်။ သို့သော် ဝမ်ယွိလင်က သူမကို ပါးလှမ်းရိုက်လိုက်သောကြောင့် ဧကရီလည်း ကြမ်းပြင်ပေါ်သို့ ခွေကျသွားရသည်။ သူမ၏ပါးစပ်ထောင့်မှ သွေးများ စီးကျလာပြီး သူမက ဧကရာဇ်အား သနားစဖွယ်ကြည့်နေကာ ဝမ်ယွိလင်အား သူမ၏မျက်လုံးများမှ မျက်ရည်များဖြင့် ဆွဲဆောင်ရန် ကြိုးစားနေခဲ့သည်။
“အရှင်မင်းမြတ်၊ အရှင် အခု စိတ်လှုပ်ရှားလို့ မဖြစ်ပါဘူး။ ဒီသတင်းကို နားမထောင်တာက ပိုကောင်းပါတယ်"
“တောက် ဒီစုန်းမ၊ မင်းက ကျန်းရဲ့တိုင်းပြည်ကို ဖျက်ဆီးချင်နေတယ်ပေါ့။ လာကြစမ်း၊ ဧကရီရဲ့ဖီးနစ်သရဖူကို ချွတ်ပြီး သူ(မ)ကို အအေးနန်းဆောင်ထဲ ပစ်ချထားလိုက်”
ယခုအချိန်တွင် ဝမ်ယွိလင်က ရူးသွပ်လုနီးပါး ဖြစ်နေပြီ ဖြစ်သည်။ သူက အနည်းငယ် မကျေမနပ်ဖြစ်ရုံဖြင့် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ စတင်တော့မည့်အခြေအနေသို့ ရောက်နေခဲ့သည်။ ဧကရီက ဝမ်ချင်းကျစ်ကို မွေးဖွားပေးခဲ့သောကြောင့်သာ ယခု သူမအသက်ကို ထိန်းထားနိုင်ခြင်း ဖြစ်သည်။ ထိုသို့မဟုတ်လျှင် ဧကရီလည်း ခေါင်းပြုတ်သွားပေလိမ့်မည်။
ဧကရီက ဒူးထောက်ပြီး အသနားခံ တောင်းပန်နေခဲ့သည်။ ဝမ်ယွိလင်က မှုန်ကုပ်ကုပ်မျက်နှာဖြင့် သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။ မိန်းမစိုးများက ရှေ့တိုးသွားပြီး ဧကရီကို ဆွဲထုတ်ရန်သာ တတ်နိုင်ကြတော့သည်။ အခြားသော မောင်းမမိဿံများကလည်း အလွန်ထိတ်လန့်နေကြပြီး အသံမထွက်ရဲကြပေ။ မည်သူကမှ ဧကရီအတွက် အသနားခံပေးရဲခြင်း မရှိကြပေ။
လွန်ခဲ့သည့်အခိုက်အတန့်တွင် အရေးပေါ်စစ်ရေး အစီရင်ခံစာ လာပေးပို့သည့် သတင်းပို့ဆက်သားကလည်း အလွန်စိတ်လှုပ်ရှားနေပုံရသည်။ သူက ခန်းမထဲတွင် ဒူးထောက်နေပြီး မျက်လုံးများ နီရဲနေကာ ကြောက်လန့်တကြား အစီရင်ခံနေသည်။
"ရှောင်းမိသားစုစစ်တပ်က ရှန်ဟိုင်းမြို့ကို သိမ်းပိုက်လိုက်ပါပြီ"
"ဘာ?"
ဝမ်ယွိလင်က သူ့၏အမြင်အာရုံတစ်ခုလုံး မှောင်မိုက်သွားသလို ခံစားလိုက်ရပြီး သူ့ရင်ဘတ်မှ နောက်ထပ် ပြင်းထန်သော နာကျင်မှုကို ခံစားလိုက်ရသည်။ သူ လုံးဝ မထိန်းနိုင်တော့ဘဲ သူ့ပါးစပ်ထဲမှ သွေးများ အန်ထွက်လာသည်။
ရှန်ဟိုင်းမြို့ကို ဖျက်ဆီးခံလိုက်ရသည်နှင့် ရှောင်မိသားစုစစ်တပ်အား တားဆီးနိုင်တော့မည်မဟုတ်ပေ။ သူတို့ မြို့တော်၌ ပေါ်ထွက်လာချိန်တွင် သူ့၏အင်ပါယာလည်း အန္တရာယ်ကျရောက်လာပေတော့မည်ကို သိလိုက်သောကြောင့် ဝမ်ယွိလင်တစ်ယောက် နဂါးသလွန်ပေါ်သို့ လဲကျသွားတော့သည်။
တော်ဝင်သမားတော်များလည်း အရေးပေါ်ကုသမှုကို ထပ်မံလုပ်ဆောင်ခဲ့ကြပြန်သည်။ သူတို့က အပ်စိုက်ကုထုံးအပြင် ဆေးရည်များကိုလည်း အသုံးပြုခဲ့ကြသည်။ သူတို့အားလုံးက ဝမ်ယွိလင်ကို ကယ်တင်နိုင်ရန် သူတို့ တက်စွမ်းသမျှနည်းလမ်းအားလုံးကို အသုံးပြုနေကြသည်။ နောက်ဆုံးတွင် သူတို့ ခက်ခက်ခဲခဲ ကြိုးစားသမျှ အရာထင်လာကာ ဝမ်ယွိလင်ကို ပြန်ကယ်တင်နိုင်ခဲ့သည်။
“ကျန်းကို အဝတ်အစား လဲပေး။ ကျန်းကိုယ်တိုင် စစ်တပ်ကို ဦးဆောင်ပြီး ချီတက်မယ်"