← Chapters

လက်စားချေမှုရောက်လာပြီ

Vol. 38 Ch. 557

လက်စားချေမှုရောက်လာပြီ

Vol. 38 Ch. 557

“အရှင်မင်းမြတ်၊ အရှင့်ရဲ့နဂါးခန္ဓာကိုယ်က အရမ်းအဖိုးတန်ပါတယ်၊ ကျမ်းမားရေးကို ဂရုစိုက်တော်မူပါ”

တော်ဝင်သမားတော်ပြီး ဒူးထောက်တောင်းပန်လိုက်သည်။ သူတို့က ဧကရာဇ်မင်းမြတ်အား ငရဲတံခါးများမှ ပြန်ကယ်တင်ထားခြင်းဖြစ်ပြီး လက်ရှိဧကရာဇ်မင်းမြတ်၏ ကိုယ်ခန္ဓာအနေအထေားအရ ခရီးထွက်ရန် နေနေသာသာ မြင်းပေါ်ပင်တက်နိုင်တော့မည် မဟုတ်ပေ။ သူ ဒေါသ ထပ်ထွက်လာလျှင် လမ်းခုလတ်၌ သေဆုံးသွားနိုင်သည်။

“သူတို့ကို ဆွဲထုတ်....”

ဝမ်ယွိလင်က ကုတင်အစွန်းတွင် မှီထိုင်နေပြီး အသက်ကို ပြင်းပြင်းရှူကာ မောဟိုက်နေပုံရသည်။ သို့သော်လည်း သူက သူ့ကို အကြံပေးနေသည့် တော်ဝင်သမားတော်ကြီးကို ဆွဲထုတ်သွားရန် အမိန့်ပေးနေဆဲ ဖြစ်သည်။ အမှန်တကယ်တွင် သူက ဆွဲထုတ်ပြီး အပိုင်းပိုင်း ဖြတ်လိုက်ဟု ပြောရန် ပြင်ဆင်နေခြင်း ဖြစ်သော်လည်း သူ ပြင်းပြင်းထန်ထန် မောပန်းနွမ်းနယ်နေသဖြင့် စကားမဆက်နိုင် ဖြစ်သွားရကာ ထိုင်ပင်မထိုင်နိုင်နေ ဖြစ်သွားတော့သည်။

ဆွဲထုတ်ခံလိုက်ရသော တော်ဝင်သမားတော်ကြီးကတော့ သူ လွတ်မြောက်သွားပြီဟု ယူဆနေခဲ့သည်။ သို့သော်လည်း သူက အဝေးသို့ ထွက်မသွားရဲဘဲ ရန်ရှင်းနန်းဆောင်ခန်းမ၏ အပြင်ဘက်တွင် ဒူးထောက်ထိုင်နေခဲ့သည်။

ဝမ်ယွိလင်ကလည်း ကျဆုံးသွားသော သူရဲကောင်းတစ်ဦး၏ ဝမ်းနည်းခြင်းမျိုးကို ခံစားနေသည်။

သူ အရင်က တောင်ပေါ်က သန်မာပြီး ကြမ်းတမ်းတဲ့ ကျားတစ်ကောင်လို ဖြစ်ခဲ့ပေမယ့် ယခုတော့ အားနည်းပြီး ဖျားနာနေတဲ့ ကြောင်တစ်ကောင် ဖြစ်သွားခဲ့ပြီ။ ဒီခံစားချက်က သူ့ကို ရူးသွပ်လောက်တဲ့အထိ နာကျင်ခံစားရစေတယ်။ သူက အရင်လို တန်ခိုးကြီးမားတဲ့ အထွတ်အထိပ်အချိန်ကို ပြန်သွားပြီး လူတွေကို အလွယ်တကူ ပိုင်းဖြတ်ချင်ပေမယ့် အခု သူက စွမ်းအားမဲ့နေပြီ။

သူ ဒီလို စွမ်းအားမဲ့တဲ့ခံစားချက်ကို မလိုချင်ဘူး။ ရှောင်းကျဲယွိက သူ့အင်ပါယာကို သိမ်းပိုက်သွားမှာကို သူ မမြင်ချင်ဘူး။

ဝမ်ယွိလင်က သူ့ဘေးနားမှ ကုတင်ဘောင်ကို လက်နှစ်ဖက်ဖြင့် အားပြုကာ သူ့ခေါင်းကို မြှောက်ရန် ကြိုးစားနေခဲ့သည်။ သူ၏ အသက်မဲ့သော်လည်း ပြင်းထန်စူးရှသည့်အကြည့်များက သေလုမြောပါး နာမကျန်းဖြစ်နေသည့် သားရဲတစ်ကောင်နှင့် တူနေပြန်သည်။ ရန်ရှင်းနန်းဆောင်ခန်းမအတွင်းမှ မောင်းမမိဿံများနှင့် မင်းညီမင်းသားများက ကြမ်းပြင်ပေါ်တွင် ဒူးထောက်နေကြပြီး သူတို့က ဝမ်ယွိလင်ကို စိတ်မကောင်းဟန်ဖြင့် ကြည့်နေကြသည်။ သို့သော် သူတို့အားလုံး သူ၏ဝန်ထုပ်ဝန်ပိုးကိုလည်း မည်သူမျှ ခွဲဝေမယူနိုင်ကြောင်း သဘောပေါက်နေခဲ့သည်။

ဝမ်ယွိလင်က ဆေးကုသဌာနမှ တော်ဝင်အကြံပေးကျွားကို လက်ညှိုးထိုးလိုက်ပြီး အားနည်းသော လေသံဖြင့် လှမ်းမေးလိုက်သည်။

“မင်းဆီမှာ စိတ်ဝိဥာဏ်ကို မြှင့်တင်ပေးနိုင်တဲ့ ဆေးတွေရှိလား?”

လက်ညှိုးညွှန်ခံလိုက်ရသော တော်ဝင်အကြံပေးကျွာ၏ အမူအရာက ချက်ချင်း ပြောင်းလဲသွားသည်။

သူ့မှာ အဲ့ဆေးရှိပေမယ့် ဧကရာဇ်ကို မပေးရဲဘူးလေ။ အဲ့လိုဆေးမျိုးတွေက ခန္ဓာကိုယ်ရဲခွန်အားကို လွန်လွန်ကဲကဲ နှိုးဆွပေးပြီး လူတစ်ယောက်နဲ့ စိတ်ဓာတ်နဲ့ ခွန်အားကို ခေတ္တပဲ မြှင့်တင်ပေးနိုင်တာ။ ဆေးအာနိသင် ကုန်သွားတာနဲ့ အရင်ကထက် ပိုအားနည်းလာလိမ့်မယ်။

ဝမ်ယွိလင်က တော်ဝင်အကြံပေးကျွာ၏ မျက်လုံးများမှ တုံ့ဆိုင်းနေသည့် အရိပ်အယောင်ကို မြင်သွားပြီး ထိုဆေး ရှိနေမှန်း သိသွားက ၎င်းက သူ့ခန္ဓာကိုယ်ကို ထိခိုက်စေမည်ဖြစ်သောကြောင့် တော်ဝင်အကြံပေးက သူ့ကို မပေးချင်ဖြစ်နေမှန်း သူ နားလည်သွားသည်။

ဝမ်ယွိလင်၏ အားနည်းသော ခန္ဓာကိုယ်က ယိမ်းယိုင်နေကာ သူ့နဖူးမှ ချွေးအေးများ စီးကျနေသည်။ သူက သူ့ဘာသာသူ အားတင်းရင်း တော်ဝင်အကြံပေးကျွာကို ထပ်ပြောလိုက်သည်။

"ကျန်း မင်းကို လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ အမိန့်ထုတ်ပေးနိုင်တယ်"

ရှောင်းစစ်တပ်က သူ့နားကို ချဥ်းကပ်လာနေပြီ သူ့မှာ သုံးနိုင်တဲ့သူ မရှိတော့ဘူး။ သူ ရှောင်းကျဲယွိရဲ့ အကျဉ်းသား မဖြစ်ချင်သလို သူ့ရဲ့ အကြီးဆုံးသားလိုလည်း အလောင်း အပြည့်အစုံ မရှိဘဲ မသေချင်ဘူး။ သူဘက်ကနေ ရှောင်းကျဲယွိကို အရင် သုတ်သင်နိုင်ဖို့ ကြိုးစားရမယ်။ သူ လှုပ်ရှားနိုင်သေးတဲ့အချိန်ကို အခွင့်ကောင်းယူပြီး သူရဲ့သားစဉ်မြေးဆက်တွေအတွက် အင်အားကြီးမားတဲ့ရန်သူကို အမြစ်ဖျက်ချေမှုန်းပေးခဲ့မယ်။

သူ့အတွက်လား? သူလည်း ဝမ်းနည်းတာပေါ့။ သူ မသေချင်သေးဘူးလေ။ အသက်ရှည်ချင်တယ်။ ဒါပေမယ့် အခြေအနေက သူ့ကို ဒီလိုလုပ်ဖို့ အတင်းအကျပ် ဖိအားပေးနေပြီ၊ အနည်းဆုံးတော့ သူ နာမကျန်းဖြစ်ပြီး သေရတော့မှာ သေချာတယ်။ အဲ့တာက အကောင်းဆုံးအခြေအနေပဲ၊ သူ့ရဲ့အကြီးသားလို သေရမှာကို တွေးလိုက်ရုံ သူဦးခေါင်းက အရေပြားတွေတောင် ယားယံလာသလို ခံစားရတယ်။

"ဒီလက်အောက်ငယ်သားက အမိန့်တော်ကို နာခံပါ့မယ်"

ဧကရာဇ်က တော်ဝင်အမိန့်စာ ထုတ်ပေးမယ်ဆိုမှတော့ သူ့မှာ ဘာမှ ကြောက်စရာ မရှိတော့ဘူး။

တော်ဝင်ပညာရှင်ကျွာက ဆေးပြင်ဆင်ရန် ချက်ချင်း ထွက်ခွာသွားတော့သည်။

သူ့၏ဆရာသခင်က တာအိုဘုန်းကြီး ဖြစ်ခဲ့ဖူးပြီး အဂ္ဂိရတ်ပညာကို ကျွမ်းကျင်သည်။ သို့သော် ထိုဆေးများက သူ့၏ဆရာသခင်ကိုယ်တိုင် တားမြစ်ထားသည့်ဆေးများ ဖြစ်သည်။ ထိုဆေးက လူတစ်ဦး၏ ရှေးဦးမူလဝိဉာဉ်ကို စွန့်ပယ်စေပြီးမှ ပြန်ပေးဆပ်စေသောဆေးမျိုး ဖြစ်သည်။ ၎င်းက လူတစ်ဦးအား အချိန်တိုအတွင်း သာမန်လူတစ်ဦးကဲ့သို့ ဖြစ်စေနိုင်ပြီး လူတစ်ဦး၏ ခန္ဓာကိုယ်အတွင်းမှ အလားအလာကိုပင် လှုံ့ဆော်ပေးကာ ယခင်ကထက် ပိုမိုအားကောင်းလာစေနိုင်သည်။

အဲ့ဆေးကို သောက်လိုက်ရတာနဲ့ ဧကရာဇ်က စိတ်ကျေနပ်သွားလိမ့်မယ်။ နောက်မှ သေတာ ရှင်တာက သူနဲ့ မဆိုင်တော့ဘူး၊ ဧကရာဇ် စစ်မြေပြင်ကို ရောက်အောင်သွားနိုင်သရွေ့ သူ့တာဝန်ကျေပြီ၊ ရှောင်းမိသားစုစစ်တပ်က စစ်မြေပြင်မှာ ဧကရာဇ်ကို သတ်လိုက်ရင်တော့ ပိုတောင်ကောင်းသေးတယ်။

ဒီအာဏာရှင်ကြီး မြန်မြန်သေလေလေ လူတိုင်း မြန်မြန်လွတ်မြောက်နိုင်လေလေ။ ဒီလိုမှမဟုတ်ရင် သူ့လည်ပင်းမှာ ဒီနေ့ ရှိနေတဲ့ ဦးခေါင်းက မနက်ဖြန်မှာ ဆက်ရှိ မရှိ မသေချာမရေရာ ဖြစ်နေဦးမှာပဲ။

မောင်းမမိဿံများကလည်း ဧကရီ၏ဖြစ်ရပ်မှ သင်ယူခဲ့ကြပြီး မည်သူကမျှ ဝမ်ယွိလင်ကို မစည်းရုံးရဲကြပေ။ မင်းသားအနည်းငယ်က သူ့ကို တားဆီးချင်နေကြသော်လည်း ဖခင်ဖြစ်သူ၏ နက်မှောင်နေသည့်အမူအရာကြောင့် သူတို့လည်း ဘာမှ မပြောရဲကြတော့ပေ။

ကျန်နေသည့်တော်ဝင်သမားတော်များကလည်း မည်သူမျှ သူ့ကို မစည်းရုံးရဲကြပေ။ သူတို့အတွက်လည်း အပြင်ဘက်မှ တော်ဝင်သမားတော်ကြီးက စံနမူနာ ဖြစ်နေသည်။ ဧကရာဇ်မင်း၏ ကောင်းကျိုးအတွက် သူတို့ ပြောနေခြင်း ဖြစ်သော်လည်း ဧကရာဇ်၏ဆန္ဒကို မလိုက်နာသူမှန်သမျှ ခေါင်းပြုတ်သွားနိုင်သည်။

မည်သို့ပင်ဖြစ်စေ ဧကရာဇ်မင်း သေဆုံးသွားပါက တော်ဝင်အကြံပေးကျွာကသာ တာဝန်ခံရမည် ဖြစ်သည်။ သူတို့ အတွက်ကတော့ သူတို့ စကားလျော့ပြောလေလေ အမှားကင်းလေလေ၊ လှုပ်ရှားမှုနည်းလေလေ အမှားကင်းလေလေ ဖြစ်သည်။ အတိုချုပ်ပြောရလျှင် ဧကရာဇ်မင်းမြတ်၏မျက်ကွယ်တွင် ပုန်းအောင်းနေပြီး သူရဲဘောကြောင်စွာ ပြုမူနေထိုင်ခြင်းက သူတို့အတွက် အလုံခြုံဆုံးဖြစ်သည်။

သုံးရက်အကြာတွင် တော်ဝင်အကြံပေးကျွာ သန့်စင်ထားသော ရွှေဆေးပြားနှင့်အတူ ရောက်လာခဲ့သည်။ ထိုသုံးရက်အတွင်း တော်ဝင်သမားတော်များ၏ စေ့စေ့စပ်စပ် ပြုစုစောင့်ရှောက်မှုကြောင့် ဝမ်ယွိလင်၏ ကျန်းမာရေးလည်း အတော်အသင့် ပြန်လည်ကောင်းမွန်လာခဲ့သည်။

သို့သော်လည်း ရှေ့တန်းမှ ရောက်လာသည့် တိုက်ပွဲသတင်းများက သူ့ကို စိတ်မသက်မသာဖြစ်စေပြီး သူ့ကျန်းမာရေးကို သိသိသာသာ ထိခိုက်စေပြန်သည်။ ရှောင်းကျဲယွိက ရန်ချန်နှင့် ရှန်ဟိုင်းတို့ကို သိမ်းပိုက်ခဲ့ပြီး တစ်ခုက သူ့၏ပိုက်ဆံအိတ်ဖြစ်ကာ နောက်တစ်ခုက မြို့တော်အတွက် အတားအဆီးခံတပ် ဖြစ်သည်။

ယနေ့တွင်လည်း ရှန်ဟိုင်းကို သိမ်းပိုက်ပြီးသွားသော ရှောင်းမိသားစုစစ်တပ်က လျန်ချန်ကို သိမ်းပိုက်လိုက်ပြီ ဖြစ်သည်။ ဝမ်ယွိလင်ကို စိတ်အနှောက်အယှက် အဖြစ်စေဆုံးအရာက မြို့တော်ကို ဦးတည် တိုက်ခိုက်လာနေသည့် ရှောင်းကျဲယွိအပြင် နေရာတိုင်း၌ ပုန်ကန်မှုများရှိနေခြင်းပင်။ သူက မြို့တော်ကို ကာကွယ်ရန် တောင်ပိုင်းမှ စစ်သည်များကို ပြန်ခေါ်ချင်သော်လည်း တောင်ပိုင်းစစ်တပ် ထိုနေရာမှ ထွက်လိုက်သည်နှင့် သူပုန်များက ပုန်ကန်လာကြပြန်သည်။

ထိုသူပုန်များအပြင် မုန့်ကို ခွဲဝေရယူချင်နေသည့် တိုင်းပြည်သေးလေးများလည်း ရှိနေသေးသည်။ ဝမ်ယွိလင်အတွက် ဘက်ပေါင်းစုံမှ ရန်သူများ ဝိုင်းရံနေပြီး သူ့ထံတွင် စစ်သည်များ မရှိသည့် အခြေအနေကို ရောက်နေပြီ ဖြစ်သည်။

ထို့ကြောင့် သူ ရှောင်းကျဲယွိကို မဖြစ်မနေ အနိုင်ရရန် လိုအပ်နေပြီ ဖြစ်သည်။ ရှောင်းမိသားစုစစ်တပ်ကို ဖယ်ရှားနိုင်မှသာ ထိုတိုင်းပြည်ငယ်လေးများ၏ ပုန်ကန်ထကြွမှုနှင့် ကျူးကျော်စီးနင်းမှုများကို ကိုင်တွယ်ဖြေရှင်းရန် ခွန်အားရှိလာပေလိမ့်မည်။

ရှောင်းကျဲယွိ၏စစ်တပ်ကလည်း အရှိန်အဟုန်ဖြင့် ချီတက်လာနေပြီး မြို့တော်သို့ရောက်ရန် မြို့နှစ်မြို့သာ ကျန်တော့သည်။ ထိုနေရာ၌ မြို့တော်တွင် တပ်များ အရူးအမူး ဖြန့်ထားကြောင်း မြို့တော်မှ ပေးပို့သည့် လျှို့ဝှက်အစီရင်ခံစာကို ရှောင်းကျဲယွိ ရရှိခဲ့သည်။ ဧကရာဇ်က သိုင်းပညာပြိုင်ပွဲ ကျင်းပရန် စီစဥ်နေပြီး အောင်နိုင်သူကို ဧကရာဇ်မင်းမြတ်၏သားမက်တော်အဖြစ် ခန့်အပ်ကာ စစ်သူကြီးအဖြစ်လည်း ရာထူးတိုးပေးမည့်အကြောင်းလည်း ပါဝင်နေသေးသည်။

ရှောင်းကျဲယွိက အစီရင်ခံစာကို ဖတ်လိုက်ကာ စားပွဲပေါ်သို့ တင်နေရင်း ကျန်းကျင့်လင်းကို အမိန့်ပေးလိုက်သည်။

"ဝမ်ယွိလင်က ငါတို့နဲ့ သေတဲ့အထိ တိုက်ခိုက်ဖို့ ဆုံးဖြတ်ထားပြီးပြီ၊ ဒါပေမယ့် အခု သူ့မှာ တပ်မှူးအဖြစ်တာဝန်ယူနိုင်တဲ့ စစ်သူကြီးတောင် မရှိတော့ဘူး။ ငါတို့ သူ့ကို အနားယူဖို့ အခွင့်အရေး ပေးလို့ မဖြစ်တော့ဘူး။ မနက်ဖြန် မုချန်ကို တိုက်ခိုက်ပြီး နောက်သုံးရက်အတွင်း မြို့တော်ကို တိုက်ခိုက်ဖို့ စစ်တပ်ကို အသင့်ပြင်ထားလိုက်တော့”

"သခငလေး၊ ကျွန်တော်တို့ကလည်း အဲ့ဒီနေ့အတွက် အသင့်စောင့်နေတာပါ"

ကျန်းကျင့်လင်းက စိတ်အားရော ခွန်အားပါ ပြည့်စုံနေသည့် သခင်လေးကို ကြည့်နေရင်း သူလည်း အလွန်စိတ်လှုပ်ရှားနေခဲ့သည်။

နောက်ဆုံးမှာ မြို့တော်ကို တိုက်ခိုက်ရမယ့်နေ့ကို သူတို့ မျှော်လင့်နေခဲ့တာ အတော်ကြနေပြီလေ။

ညအချိန်၌ လျှပ်စီးလက်နေပြီး ကောင်းကင်မှ မိုးခြိမ်းသံများ ထွက်ပေါ်လာကာ မြို့တော်အနှံ့ မိုးသီးများ ကြွေကျလာသည်။ အကြီးဆုံးမိုးသီးက ကလေးတစ်ယောက်၏လက်သီးဆုပ်အရွယ်ခန့် ဖြစ်သည်။ သာမာန်လူများက ထိုမျှကြီးမားသည့် မိုးသီးကြီးများကို လုံးဝ မမြင်ဖူးကြပေ။ ထို့ကြောင့် ရုတ်တရတ် ဖြစ်လာသည့် ထူးခြားဖြစ်စဉ်က ဝမ်မိသားစု၏ မင်းဆက် ပျက်သုန်းတော့မည်လားဟု ခန့်မှန်းနေကြသည်။

ဝမ်ယွိလင်ကလည်း အိပ်မက်ဆိုးတစ်ခုကြောင့် နိုးလာပြီး သူက နဂါးသလွန်ပေါ်တွင် ဆတ်ခနဲ ထထိုင်လိုက်သည်။ သူ့အိပ်မက်ထဲမှ မြင်ကွင်းက ကြောက်စရာကောင်းလွန်းလှပြီး သူ့ကို မြင်းငါးကောင်ဖြင့် ချည်နှောင်ထားကာ ရှောင်းဟမ်က အမိန့်ပေးခုံရှေ့၌ ထိုင်နေသည်။ ရှောင်းဟမ် အမိန့်ပေးတံဆိပ်ပြားကို ပစ်ချလိုက်သည်နှင့် မြင်းထိန်းများက မြင်းများက တင်ပါးကို ပြင်းပြင်းထန်ထန် ရိုက်နှက် လိုက်သည်။ မြင်းငါးကောင်က အကြီးကျယ် ဟီကာ လမ်းကြောင်းငါးခုအတိုင်း ဒုန်းဆိုင်းပြေးသွားကြသည်။

သူ၏ ခန္ဓာကိုယ်က တောင့်တင်းသွားပြီး ကြီးမားသော အင်အားများကြောင့် ငါးပိုင်း ကွဲသွားကာ မြင်းများက သူ့၏ခန္ဓာကိုယ် အစိတ်အပိုင်းများကို ဆွဲယူသွားကြသည်။

(t/n: မြင်းငါးကောင်နဲ့ ဆွဲတာက ‌ရှေ့ခတ်က အပြစ်ပေးနည်းပါ၊ လူက အလယ်မှာ ပက်လက်အနေအထားနဲ့ပါ၊ လက်တစ်ဖက်စီ၊ ခြေတစ်ဖက်စီနဲ့ လည်ပင်းကို ကြိုးငါးချောင်းနဲ့ ချည်ထားပြီး ကြိုးရဲ့အစွန်းတစ်ဖက်စီမှာ မြင်းငါးကောင်းအသင့်ရှိနေတာပါ၊ မြင်းငါးကောင်း ဦးတည်ရာ ငါးခုကိုပြေးရင် အလယ်ကလူလည်း ခေါင်းပြုတ်၊ လက်ပြုတ်၊ခြေပြုတ် ဖြစ်သွားမှာပါ၊ ပုံကိုတော့ Google မှာ ရှာကြည့်လိုက်နော်)

ဝမ်ယွိလင်က သူ့၏ဦးခေါင်း၊ လက်များနှင့် ခြေထောက်များကို ပြန်ထိကြည့်နေပြီး သူ့နှလုံးသားကတော့ အမှန်တကယ် နာကျင်မှုကို ခံစားနေရသည်။ သူ့ခေါင်းက သူ့လည်ပင်း၌ ရှိနေသေးမှန်း သိလိုက်ရမှသာ သူ သက်ပြင်းတစ်ချက်ချလိုက်သည်။

ယခင်က သူ ဤမျှလောက် တစ်ခါမှ မထိတ်လန့်ဖူးသော်လည်း ယခု အိပ်ခန်းထဲတွင် တစ်ယောက်တည်းနေဖို့တောင် မဝံ့မရဲ ဖြစ်နေခဲ့သည်။

မဟုတ်သေးဘူး၊ သူ တစ်ခုခုတော့ ထပ်စဉ်းစားရမယ်။

မနက်မိုးလင်းသည်နှင့် ဝမ်ယွိလင်က တိုင်းပြည်၏အကောင်းဆုံး ဖုန်း‌ရွှေသခင်ကို ခေါ်လာခိုင်းလိုက်သည်။ သူက ရှောင်းဟမ်၏ရုပ်ကြွင်းကို သေမင်းတမန်နယ်မြေသို့ ထပ်မံပြောင်းရွှေ့ချင်နေပြီး သားစဉ်မြေးဆက်အားလုံး သေဆုံးသွားရန် မျှော်လင့်နေခဲ့သည်။ သူက ထိုနေရာတွင် အိမ်သာဆောက်ပြီး ဓမ္မတာလာနေသည့် အမျိုးသမီးများအား အသုံးပြုခွင့်ပေးရန်ပင် တွေးထားခဲ့သည်။

ဒါမှ ရှောင်းမိသားစုရဲ့ ဖုန်း‌ရွှေ လုံးဝပျက်စီးသွားလိမ့်မယ်။

ဝမ်ယွိလင်က တိုင်းပြည်ရှိ အကောင်းဆုံး ဖုန်းရွှေဆရာသခင်များအား နန်းတော်သို့ ဝင်စေခဲ့သည်။ သူ့၏တောင်းဆိုချက်ကို ကြားလိုက်ရသည့် ဖုန်းရွှေဆရာသခင်များက တစ်ယောက်ကို တစ်ယောက် ပြန်ကြည့်လိုက်ကြသည်။ ဤသည်မှာ သူတို့၏ပညာဂုဏ်နှင့် သီလ၊သမ္မာဓိကို ထိခိုက်စေဆုံးအရာ ဖြစ်သည်။ ထို့အပြင် တော်ဝင်နက္ခတ်ပညာရှင်စွန်းကျိကလည်း ကောင်းကင်၏အပြစ်ပေးခြင်းကို လက်ခံရရှိပြီး ဖြစ်သည်။ ထို့ကြောင့် မည်သူကမျှ ထိုအလုပ်ကို မလုပ်ရဲကြပေ။

"မင်းတို့ မလုပ်နိုင်ရင် မင်းတို့ အသက်ရှင်ဖို့ မလိုတော့ဘူး"

ဝမ်ယွိလင်က သူတို့ကို မှုန်ကုပ်ကုပ် ကြည့်ကာအမိန့်ပေးလိုက်သည်။ ဖုန်းရွှေဆရာသခင်များက သူ့၏ရက်စက်မှုကို သိရှိနေပြီး ဘာမှမတတ်နိုင်ဘဲ သဘောတူလိုက်ရသည်။ ဝမ်ယွိလင်က သူတို့ကို ရှောင်းဟမ်၏သင်္ချိုင်းသို့ အမြန်သွားရန် အမိန့်ပေးလိုက်သည်။ သို့သော် သင်္ချိုင်းကို တူးဖော်လိုက်သည်နှင့် သူတို့အားလုံး တုန်လှုပ်သွားကြရသည်။

All Chapters