← Chapters

အမြင့်ကို ပျံသန်းတော့မယ်

Vol. 38 Ch. 558

အမြင့်ကို ပျံသန်းတော့မယ်

Vol. 38 Ch. 558

ရှောင်းဟမ်၏ သင်္ချိုင်းဂူကို တူးဖော်လိုက်သည့်အချိန်တွင် လူတိုင်းအတွက် အံ့အားသင့်စေသည်မှာ ထိုသင်္ချိုင်းက လုံးဝဗလာဖြစ်နေပြီး ထိုနေရာ၌ သင်္ဂြိုဟ်ခံထားရသည့်လူ လုံးဝ မရှိပေ။ ဆိုလိုသည်မှာ ရှောင်းဟမ်၏အလောင်း ပျောက်ဆုံးသွားခဲ့ခြင်းပင်။

ထိုအကြောင်းကို ဝမ်ယွိလင် သိသွားပြီးနောက် ဒေါသတကြီး အံကြိတ်ကာ မုန်းတီးမှုအပြည့်ဖြင့် တွေးတောကြိမ်းမောင်းနေတော့သည်။

ဒါကို ဘယ်သူလုပ်တာလဲ? ဘယ်သူက ရှောင်းဟမ်ရဲ့အလောင်းကို ခိုးသွားခဲ့တာလဲ?

လူအိုကြီးချင်ဖုန်းပဲ ဖြစ်ရမယ်။ ဟုတ်တယ်၊ အဲ့ လူယုတ်မာကြီးပဲ ဖြစ်ရမယ်။

ငါတို့ အဲဒီတုန်းက ဒီလူယုတ်မာအိုကြီးကို အရှင်မထားခဲ့သင့်ဘူး!

ကျင်ရှီလျိုမြောင်၌.....

လွမ်ချင်းရှန်နှင့် စစ်တုရင်ကစားနေသည့် ချင်ဖုန်းက ရုတ်တရက် အဆက်မပြတ် နှာချေလားပြီး အဘိုးအိုခမျာ မျက်ရည်များပင် ထွက်ကျနေသည်။

"အဘိုးကြီး၊ တစ်ယောက်ယောက်ကတော့ မင်းကို ကြိမ်းမောင်းနေပြီ!"

ကျိုးပေါ်က ထိုက်ချီဓားသိုင်း လေ့ကျင့်နေရင်း သူ၏ဓားကို ပြန်ချကာ ချင်ဖုန်းကို လှမ်းပြောလိုက်သည်။ ချင်ဖုန်းက ဆယ်ကြိမ်ထက်ပိုပြီး နှာချေနေသောကြောင့် သူက မနေနိုင်ဘဲ စနောက်လိုက်ခြင်း ဖြစ်သည်။

"ဘယ်သူလဲ? ဘယ်ကောင်က ငါ့ကို ဆဲနေတာလဲကွ"

ချင်ဖုန်းက သူ့နှာခေါင်းကို ပွတ်သပ်နေရင်း စိတ်ဆိုးမာန်ဆိုး ရေရွတ်လိုက်သည်။

"နောက်ထပ် ဘယ်သူရှိနိုင်ဦးမှာလဲ? ကောင်းကင်ကို မော့ကြည့်လိုက်လေ"

ကျိုးပေါ်က ကောင်းကင်ကို ညွှန်ပြပြီး ချင်ဖုန်းအား မော့ကြည့်ခိုင်းလိုက်သည်။ ချင်ဖုန်းကလည်း မော့ကြည့်လိုက်ရာ အပြာရောင် ကောင်းကင်ကြီးပေါ်တွင် တိမ်ဖြူများ ရှိနေပြီး နေရောင်ကလည်း သာမာန်နေ့များနှင့် အတူတူသာ ဖြစ်သည်။

"အင်း ဟုတ်သားပဲ၊ ညဘက်မှ မြင်နိုင်မှာပေါ့"

ကျိုးပေါ်၏စကားက ချင်ဖုန်းကို မုတ်ဆိတ်မွေးများ ထောင်လာသည်အထိ ဓေါသထွက်သွားစေသည်။

"မမြင်ရရင် ဘာလို ကြည့်ခိုင်းနေတာလဲကွ၊ ယုတ္တိမဲ့တဲ့ လူအိုကြီး!"

“ကျုပ် မနေ့ညက ကောင်းကင်ကို ကြည့်ခဲ့တယ်။ ဧကရာဇ်ကြယ်က တိုက်စားခံရပြီး ပျက်စီးနေပြီ၊ သိပ်မကြာခင် ကြွေကျတော့မယ်။ ကောင်းကင်ဧကရာဇ်ရဲ့ ကြယ်စင်ကတော့ မတားဆီးနိုင်တဲ့ အရှိန်နဲ့ မြင့်တက်လာပြီး အနေအထားက တည်ငြိမ်နေပြီ၊ သိပ်မကြာခင် လုံးဝ လုံခြုံတဲ့အနေအထားကို ရောက်သွားတော့မယ်”

ကျိုးပေါ်က ထိုစကားကို လေးလေးနက်နက် ပြောနေခဲ့ပြီး ချင်ဖုန်းနှင့် စူးဟန်ရွှမ်တို့က အထူးကျေနပ်နေကြသည်။

ဒါက သူတို့ကြားချင်တဲ့ စကားလေ။

“ပြီးတော့ အခုနလေးတင် ကျုပ် ဓားသိုင်း လေ့ကျင့်နေရင်း ထူးဆန်းတဲ့ လေအေးတွေကို ရုတ်တရက် ခံစားလိုက်မိတယ်။ လက်ချောင်းတွေနဲ့ တွက်ကြည့်လိုက်တော့ ရှောင်းဟမ်ရဲ့ အုတ်ဂူကို အတူးခံလိုက်ရတာကို တွေ့ခဲ့တယ်၊ ခုချိန်ဆို ဝမ်ကျစ်အာက ခင်ဗျားကို ကျိန်ဆဲနေလောက်ပြီပေါ့”

ကျိုးပေါ်၏အမူအရာက အတွေးတစ်ခုကြောင့် ပိုလေးနက်လာပုံရသည်။

အဲ့အချိန်တုန်းက သူ သူ့ဆရာတူညီလေး အကူအညီတောင်းတာကို လက်ခံခဲ့ပြီး အဝေးကြီးကနေ မြို့တော်ဆီကို ပြေးသွားခဲ့တယ်။ သူ စုံစမ်းမေးမြန်းပြီး ရောက်သွားတဲ့အချိန်မှာ ရှောင်းဟမ်ရဲ့ အလောင်းကို တစ်ညလုံး ပြန်တူးဖော်နေတဲ့ ချင်ဖုန်းကို သူ တွေ့ခဲ့ရတယ်၊ အဲ့လိုနဲ့ သူ့လည်း ရှောင်းဟမ်ကို သင်္ဂြိုဟ်ဖို့ ဖုန်းရွှေကောင်းတဲ့ ရတနာနယ်မြေသစ်ကို ရှာပေးခဲ့တယ်။ အဲ့ဒီရတနာနယ်မြေအသစ်က နဂါးသွေးလွှတ်ကြော ဖြစ်နေပေမယ့် အဲ့နေရာတစ်ခုလုံး စိမ်းလန်းလာတဲ့အခါမှ အဲ့ဒီနဂါးက ကောင်းကင်အထက်ကို ပြန်တက်နိုင်မှာပါ။

နောက်ပိုင်းမှာတော့ တကယ်ပဲ အဲ့လိုဖြစ်လာခဲ့တယ်။ ရှောင်းကျဲယွိက စူးချင်းနဲ့ တွေ့ဆုံခဲ့ပြီး သူ့ရဲ့ကံကြမ္မာဆိုးတွေကို ကံကောင်းခြင်းအဖြစ် ပြောင်းလဲနိုင်ခဲ့တယ်။ အန္တရာယ်ရှိနေတဲ့ အနေအထားကနေ တဖြည်းဖြည်း ဘေးကင်း လုံခြုံလာတယ်။

(စူးချင်းရဲ့နာမည်က ချင်းက အစိမ်းရောင်/စိမ်းလန်းခြင်း လို့ အဓိပ္ပါယ်ရပါတယ်)

"ဟား ဟား၊ ဒါဆို ဒါက ဝမ်ယွိလင်က ဆောင်းဦးပေါက်နှံကောင်ဖြစ်နေပြီလို့ ဆိုလိုတာ မဟုတ်ဘူးလား?"

ထိုစကားက ချင်ဖုန်းကို အလွန်ပျော်ရွှင်သွားစေသည်။

ရှောင်းဟမ်ရဲ့သင်္ချိုင်းကိုတောင် ပြန်တူးဖော်ဖို့ ကြံစည်နေပြီဆိုမှတော့ ဝမ်ယွိလင် အဆုံးစွန်အထိ ဖိအားပေးခံနေရလို့ပဲပေါ့။ နောက်တစ်ဘက်ကနေ ပြန်တွေးကြည့်လိုက်ရင် သူ့မြေးက မကြာခင် သူ့မိဘတွေအတွက် လက်စားချေနိုင်တော့မယ်။

ချစ်ခြင်းမေတ္တာကြောင့် သေဆုံးသွားသော သူ့သမီးလေးကို တွေးလိုက်မိချိန်တွင် ချင်ဖုန်း၏ မျက်လုံးများက နီရဲလာပြန်သည်။

"သမီးလေး၊ ယွိအာက သမီးလေးအတွက် လက်စားချေဖို့ ကူညီပေးနိုင်တော့မယ်"

ချင်ဖုန်း စိတ်မကောင်းဖြစ်သွားသည်ကို မြင်လိုက်သည့် စူးဟန်ရွှမ်က သူ့ကို အမြန်နှစ်သိမ့်ပေးလိုက်သည်။

“လူအိုကြီး၊ စိတ်မကောင်းဖြစ်စရာတွေ မတွေးနဲ့တော့”

“ငါ မတွေးပါဘူး။ ငါက ဘာလို့ ဝမ်းနည်းနေရမှာလဲ?”

ချင်ဖုန်းက သူ့မျက်ရည်များကို သူ့အင်္ကျီလက်ဝဖြင့် သုတ်လိုက်ပြီး နှင်းဖြူရောင်မုတ်ဆိတ်များကို ပွတ်သပ်နေပြန်သည်။ သူ ပြန်ပြုံးလိုက်သော်လည်း သူ့မျက်လုံးများတွင် ဝမ်းနည်းရိပ်များ ရှိနေသေးသည်။ သို့သော်လည်း သူ့အသံကတော့ အလွန်အမင်း အံသြဖွယ် စိတ်အားထက်သန်နေပြန်သည်။

“ယွိအာ မြို့တော်ကို သိမ်းပိုက်ပြီးတာနဲ့ ကျုပ် ဝမ်မိသားစုက သူခိုးအိုကြီးကို သွားပြန်တူးမယ်၊ ပြီးရင် ကျုပ်သမီးနဲ့ သားမက်အတွက် လက်စားချေဖို့ သူ့အလောင်းကို ဓားနဲ့မွန်းပစ်မယ်”

“ကျုပ်ကတော့ ဒီကိစ္စမျိုးနဲ့ နောက်ထပ် လုံးဝ မပတ်သတ်တော့ဘူး”

သင်္ချိုင်းတူးခြင်းကို မကောင်းသောအမှုဟု သတ်မှတ်ထားပြီး အထူးသဖြင့် ကျင့်ကြံသူများအတွက် အကျင့်သီလကို ထိခိုက်စေသည်ဟု ယူဆကြသည်။ ကျိုးပေါ်က သူ့ဆရာတူညီလေး၏တောင်းဆိုချက်အရ ရှောင်းဟမ်း၏သင်္ချိုင်းကို တူးကာ အလောင်းကို နေရာရွေ့ပေးခဲ့ပြီး ဖြစ်သည်။ ထို့ကြောင့် နောက်တစ်ကြိမ်ထပ်လုပ်ရန် သူ ကြောက်နေပြီ ဖြစ်သည်။

သူ အဲ့ဒါကို ထပ်လုပ်ရင် မိုးကြိုးပစ်ခံရပြီး ပျောက်ကွယ်သွားလိမ့်မယ်။

“ဒီအဘိုးကြီးကတော့ သေရမယ်ဆိုရင်တောင် မကြောက်ဘူး၊ သေချာပေါက် မဖြစ်မနေ လုပ်ကို လုပ်ဦးမှာပဲ”

ချင်ဖုန်းက ဝမ်မိသားစု လက်စားချေခံရမည့်နေ့အား မြင်တွေ့နိုင်ရန် အလွန်ခက်ခက်ခဲခဲ အသက်ရှင် နေထိုင်ခဲ့ခြင်း ဖြစ်သည်။

သူ့အတွက်ကတော့ ဝမ်မိသားစု ကျဆုံးတာကို မြင်လိုက်ရရင် ဘာနောင်တရစရာမှ ကျန်တော့မှာ မဟုတ်ဘူး။ နောင်တရစရာမရှိတော့တဲ့အခါ သေခြင်းတရားကိုလည်း မကြောက်တော့ဘူး။

"ခင်ဗျား မြေးမြစ်တွေကို မပွေ့ချီ ချင်တော့ဘူးလား?”

ကျိုးပေါ်က ချင်ဖုန်းကို ပြန်မေးလိုက်ရာ ချင်ဖုန်းတစ်ယောက် ဆွံ့အသွားရသည်။

ဟုတ်သားပဲ၊ သူ့မှာ မပြည့်ဝသေးတဲ့ ဆန္ဒအချို့ ရှိနေသေးတယ်။ ယွိအာနဲ့ ချင်းအာရဲ့ကလေးကို မြင်ချင်သေးတယ်။ ပြီး‌တော့ သူ့မြေးမလေး လက်ထပ်တာကိုလည်း ကြည့်ချင်သေးတယ်။ ဟူး... ဒါဆို သူ အသက်ရှင်ဖို့ ခက်ခက်ခဲခဲ ကြိုးစားနေရဦးမှာပေါ့။

ဒါပေမယ့် အဲ့ဒီဝမ်မျိုးရိုးသူခိုးအိုကြီးကိုတော့ ဒီလောက် လွယ်လွယ်နဲ့ လက်မလွှတ်ပေးနိုင်သေးဘူး။

“လူအိုကြီး၊ ခင်ဗျား အဲ့အတွက် စိတ်ပူမနေနဲ့။ ဝမ်မိသားစုကို မုန်းတီးတဲ့လူက တစ်ယောက်နှစ်ယောက်ပဲ ရှိတာမဟုတ်ဘူး။ ခင်ဗျားရဲ့မြေးက မြို့တော်ကို သိမ်းပိုက်ပြီးတာနဲ့ အဲဒီ ဝမ်မျိုးရိုးသူခိုးအိုကြီးရဲ့ အလောင်းကို ချက်ခြင်း တူးပြီး ဓားနဲ့ခုတ်မယ့်သူတွေ အများကြီး ရှိလာလိမ့်မယ်”

ကျိုးပေါ်၏မျက်နှာပေါ်တွင် သာမာန်လူများ နားမလည်နိုင်သည့်အရိပ်အယောင်များနှင့် ထူးဆန်းသောအကြည့်များ ရှိနေခဲ့သည်။

ဝမ်ရှန်းချန်၊ ဝမ်ယွိလင်နဲ့ ဝမ်မိသားစုဝင်တော်တော်များများက လူကောင်းတွေ မဟုတ်ကြဘူးလေ။ သူတို့က ကယ်တင်လို့မရလောက်အောင်အထိ ရက်ပေါင်းများစွာ မကောင်းမှုတွေ ပြုလုပ်ခဲ့ကြတယ်။ နောက်ဆုံးမှာ သူတို့ ပြုခဲ့သမျှ မကောင်းမှုူတွေအတွက် သူတို့ သေချာပေါက် ပြန်ပေးဆပ်ရမှာပေါ့။

တာ့ထန်မင်းသားနှင့် စေ့စပ်လိုက်သောကြောင့် ကျိရှောင်ယင်က သူမ၏အမည်ကို မူလအမည်အတိုင်း ရှောင်းလန်ရှင်းဟု တရားဝင်ပြန်ပြောင်းလိုက်ရသည်။ သူမက သူမ၏ဘိုးဘေးများကို အသိအမှတ်ပြုခဲ့ပြီး သူမ၏အမည်က ရှောင်းလန်ရှင်း ဖြစ်လာခဲ့သည်။ သို့သော်လည်း ကျိရှောင်ယင်က သူမ၏ မွေးစားဖခင် ရွေးချယ်ပေးခဲ့သော ရှောင်ယင်ဟူသည့် အမည်အတွက် ခံစားချက်ရှိနေပြီဖြစ်ပြီး ၎င်းကို မပြောင်းချင်‌သေးပေ။

ယခု သူမက စူးမိသားစု၏နေအိမ်တွင် နေထိုင်နေပြီး ယန်ရုရွှယ်နှင့် ယန်ရုပင်းတို့က ရှောင်းလန်ရှင်းကို သူမတို့၏သမီးလေးများကဲ့သို့ ချစ်ချစ်ခင်ခင် ဆက်ဆံကြသည်။ သူမ ထိမ်းမြားရန် လိုအပ်သော ပန်းထိုးအတတ်ပညာ၊ ချုပ်လုပ်မှုနှင့် အိမ်ရှင်မတစ်ယောက်၏အကျင့်ဂုဏ်သိက္ခာ၊ အမူအကျင်းများ အပါအဝင် သူမအတွက် သင့်လျော်သော ဘဝနေထိုင်နည်းများကိုပါ သင်ကြားပေးခဲ့ကြသည်။

ရှောင်းလန်ရှင်းကလည်း ဘဝ၏မုန်တိုင်းများနှင့် အတက်အကျများစွာကို ဖြတ်သန်းခဲ့ဖူးပြီး ဖြစ်သည်။ ယခုအချိန်တွင် သူမက ကြင်နာတတ်ဆဲဖြစ်သော်လည်း သူမ၏ ကြင်နာမှုတွင် တွေးခေါ်ဆင်ခြင်မှုများ ပါဝင်လာပြီး ယခင်ကတော့ စည်းလွတ်ဝါးလွတ် ကူညီတတ်ခြင်းမျိုး မရှိတော့ပေ။

ယနေ့တွင် လွမ်ဟုန်တစ်ယောက် ဒေါသတကြီးဖြင့် အပြင်မှ ပြန်ရောက်လာခဲ့သည်။ သူမနှင့် ရှောင်းလန်ရှင်းတို့က အချစ်ဆုံးသူငယ်ချင်းများ ဖြစ်နေပြီ ဖြစ်ကာ သူမက ကျိရှောင်ယင်ထက် အသက်ကြီးသော်လည်း သူမ၏ ပင်ကိုယ်စရိုက်က ကျိရှောင်ယင်လောက် မတည်ငြိမ်သေးပေ။

သူမ ဒေါသထွက်လာသည်ကို မြင်လိုက်ချိန်တွင် ကျိ‌ရှောင်ယင်က သူမ၏လက်ထဲမှ ပန်းထိုးအပ်ကို အလျင်အမြန် ချလိုက်ပြီး မသေမျိူးရှစ်ပါးစားပွဲဆီသို့သွားကာ လက်ဖက်ရည်တစ်ခွက် လောင်းထည့်လိုက်သည်။ ထို့နောက် သူမက ထိုလက်ဖက်ရည်ခွက်ကို လွမ်ဟုန်ဆီသို့ ပေးလိုက်ပြီး စိုးရိမ်တကြီး လှမ်မေးလိုက်သည်။

"နင် ဘာတွေဖြစ်လာတာလဲ? ဒီအလုပ်သမားတွေက နင့်ကို စိတ်ဆိုးအောင် လုပ်ပြန်ပြီလား?”

“မဟုတ်ဘူး၊ တစ်စုံတစ်ယောက်က နင့်ကို မသန့်ရှင်းဘူးလို့ ပြောခဲ့တယ်။ ငါ သူတို့နဲ့ ရန်ဖြစ်လာခဲ့တာ"

လွမ်ဟုန်က လက်ဖက်ရည်အားလုံးကို တစ်ခါတည်း မော့သောက်လိုက်သည်။ သို့သော်လည်း သူမက သူမ၏ စိတ်ထဲမှ ဒေါသကို မငြိမ်းသတ်နိုင်သေးပေ။ သူမက သူမ၏ လက်သီးသေးသေးလေးကို ဆုပ်ထားပြီး တစ်စုံတစ်ယောက်နှင့် တိုက်ခိုက်နေသလို သူမလက်ကို ဝှေ့ယမ်းနေပြန်သည်။

"နင် ဘာပြောလိုက်တာလဲ?"

ထိုစကားကို ကြားလိုက်ရချိန်တွင် ရှောင်းလန်ရှင်း၏အမူအရာလည်း ပြောင်းလဲသွားခဲ့သည်။

မသန့်ရှင်း‌တော့ဘူးလို့ အစွပ်စွဲခံလိုက်ရတဲ့ မိန်းမပျိုလေးတစ်ယောက်က ဘယ်လိုအသက်ရှင်နိုင်တော့မှာလဲ?

"သူတို့အားလုံးက မကောင်းတဲ့ ပါးစပ်တွေပဲ"

လွမ်ဟုန်ကလည်း ရှောင်းလန်ရှင်း၏ ဖျော့တော့သော မျက်နှာနှင့် သူမ၏ မျက်လုံးများမှ မျက်ရည်များကို မြင်သွားပြီး တစ်ခုခုမှားနေပြီကို ချက်ချင်း ရိပ်မိသွားကာ အလေတကြီး နှစ်သိမ့်လိုက်သည်။

"သူတို့ ဘာတွေ ပြောကြတာလဲ?"

ရှောင်းလန်ရှင်းကလည်း စိတ်ပိုင်းဆိုင်ရာ ဝန်ထုပ်ဝန်ပိုး ရှိနေခဲ့သည်။ ချိုးယုံခန်းက သူမကို တစ်ရက်နှင့်တစ်ည ပြန်ပေးဆွဲသွားခဲ့ပြီး သူမတို့နှစ်ယောက်ကြားတွင် ဘာမှ မဖြစ်ခဲ့သော်လည်း သူမကို မသန့်ရှင်းတော့ဘူးဟု သတ်မှတ်ကြမည် ဖြစ်သည်။ ထိုနေ့မှစ၍ သူမထံ၌ စိတ်ပိုင်းဆိုင်ရာ ဝန်ထုပ်ဝန်ပိုး ဖြစ်ပေါ်လာခဲ့သည်။ ထို့အပြင် သူမနှင့် ယဲ့လွီချွမ်း၏စေ့စပ်မှု ပျက်ပြယ်သွားမည်ကိုလည်း သူမ စိတ်ပူနေခဲ့သည်။

"ဘာမှ မဟုတ်တာတွေပါ? အဲ့အတင်းအဖျင်းပြောတဲ့သူတွေကို ငါ ပညာပေးပြီးပြီ။ နင် စိတ်မပူပါနဲ့တော့၊ နောက်ဆို ဘယ်သူကမှ အဲ့လိုမိုက်မဲတဲ့ စကားတွေ ပြောရဲမှဦ မဟုတ်တော့ဘူး”

လွမ်ဟုန်က ရှောင်းလန်ရှင်းအတွက် ခက်ခဲလွန်းသည့် အရာများကို ခံစားစေရမည်ကို စိုးရိမ်သောကြောင့် သူမကို အမြန်နှစ်သိမ့်ပေးလိုက်ပြီး ကြမ်းတမ်းသော စကားများကို ထပ်မပြောရဲတော့ပေ။

ထိုကောလဟာလများကို မည်သူက စတင်ဖြန့်ခဲ့မှန်း မသိရသေးသော်လည်း ရုတ်တရက် လူများစွာက ရှောင်းလန်ရှင်း ပြန်ပေးဆွဲခံခဲ့ရသည့်အကြောင်း စတင်ပြောဆိုလာကြသည်။

တာ့ထန်ပြည်ထောင်၏လက်ထပ်ခွင့်တောင်းခြင်းကလည်း ကျင့်ရှီလျိုမြောင်တွင် အာရုံစိုက်စရာတစ်ခု ဖြစ်စေခဲ့သည်။ သခင်လေး၏ညီမက တာ့ထန်ပြည်ထောင်၏မင်းသားနှင့် လက်ထပ်ပြီး ကြင်ယာတော်မင်းသမီး ဖြစ်လာမည်ကို လူတိုင်း သိနေကြသည်။ ထိုကြောင့် မင်္ဂလာဆောင်ညတွင် သူမ အပျိုစင် မဟုတ်ကြောင်း သိသွားပြီး သူမတို့နှစ်ယောက် စကားများရန်ဖြစ်ကာ နှစ်နိုင်ငံ စစ်မက်ဖြစ်ပွားနိုင်သည်အထိ အကျယ်ချဲ့ပြောဆို ဆွေးနွေးနေခဲ့ကြသည်။

မည်သို့ပင်ဖြစ်စေ ‌ရှောင်းလန်ရှင်းနှင့် ချိုးယုံခန်းကြားတွင် တစ်ခုခု ရှိနေသည်ဟု လူတိုင်းက သေချာပေါက်ပြောနေကြပြီး ထိုစကားက ဘယ်က ထွက်လာမှန်းမသိနိုင်သည်တိုင် အတင်းအဖျင်းစကားများကတော့ မြန်မြန်ဆန်ဆန် ပြန့်နှံ့သွားပြီး ပို၍ အပြောများလာတော့သည်။

ရှောင်းလန်ရှင်းက စိတ်ပျက်လက်ပျက် ဖြစ်သွားပြီး ထိုင်ခုံပေါ်တွင် ကြောင်တက်တက် ထိုင်နေခဲ့သည်။ သူမက သူမ၏ လက်သီးများကို တင်းတင်းကြပ်ကြပ် ဆုပ်ထားရင်း မျက်ရည်များက အထိန်းအကွပ်မဲ့ စီးကျလာသည်။

ယခုအချိန်တွင် သူမ အလွန်ကြောက်လန့်နေပြီ ဖြစ်သည်။

ဘယ်သူမှ မသိဘူးလို့ ယောင်းမက ပြောခဲ့တယ်လေ၊ အခု အဲဒါက ဘာလို့ ကျင့်ရှီလျိုမြောင်မှာ ပျံ့နှံ့သွားရတာလဲ?

"မငိုပါနဲ့! နင် အရမ်းငိုနေတာက ငါ့နှလုံးသားကို နာကျင်စေတယ်”

လွမ်ဟုန်က ရှောင်းလန်ရှင်း ငိုနေသည်ကို မြင်သွားပြီး သူမ ဒုက္ခပေးနေပြီကို သိသွားခဲ့သည်။ လွမ်ဟုန်က ဒေါသထွက်လွန်းသောကြောင့် အခန်းထဲသို့ ပြေးဝင်လာပြီး စကားကို အလောတကြီး ပြောမိသည့်အတွက် ကိုယ့်ကိုယ်ကိုယ် မုန်းတီးသွားပြီး သူမကိုယ်သူမ ပြန်ရိုက်ရန် လက်မြှောက်လိုက်သည်။

လွမ်ဟုန်တစ်ယောက် သူမ၏ပါးကို သူမဘာသာ ပြန်ရိုက်နေသောကြောင့် ရှောင်းလန်ရှင်းက သူမလက်ကို အမြန်ဆုပ်ကိုင်ကာ တားဆီးလိုက်သည်။

“ဒီလိုမလုပ်ပါနဲ့။ ငါ ဘာမှ မဖြစ်တော့ဘူး"

"ရှောင်ယင်၊ စိတ်မကောင်းမဖဖြစ်ပါနဲ့၊ တတိယမင်းသားက မင်းကို အရမ်းသဘောကျတာလေ၊ သူက ဒီလိုကောလဟာလတွေကို ဂရုစိုက်မှာ မဟုတ်ဘူး”

"အင်း အဲ့လိုပဲ ဖြစ်မှာပါ"

သူမ ထိုသို့ ပြောလိုက်သော်လည်း ရှောင်းလန်ရှင်းက သူမစကားကို သူမဘာသာ မယုံနိုင် ဖြစ်နေဆဲပင်။

ဘယ်ယောက်ျားက ဒါမျိုးကို စိတ်မဆိုးဘဲနေနိုင်ပါမလဲ?

သူမ အပျိုစင် ဖြစ်နေသေးပေမယ့် သူမက ယောက်ျားတစ်ယောက်နဲ့ လျှို့ဝှက်လမ်းထဲမှာ အတူတူ ရှိနေခဲ့တာ အမှန်ပဲ၊ အခုလည်း သူမ နာမည်ပျက်နေပြန်ပြီ။ အခု လူတိုင်း သိနေကြပြီ ဆိုရင် သူမ ဘယ်လို မျက်နှာမျိုးနဲ့ ရှင်သန်နေနိုင်ဦးမှာလဲ။

ရှောင်းလန်ရှင်းက သူမ၏နားရွက်များကို သူမလက်ဖြင့် ပြန်အုပ်ထားခဲ့သော်လည်း သူမ ထိုအကြောင်းများကိုသာ ဆက်တွေးနေမိသည်။

All Chapters