နှလုံးသားချင်းနားလည်မှု
Vol. 38 Ch. 560
"သခင်မလေးရှောင်ယင်ကို တွေ့ခွင့်တောင်းနေတာလား?"
ယန်ရုရွှယ်က ထူးဆန်းသလို ခံစားလိုက်ရသည်။
သူမရဲ့သမီးလေးက ရှောင်ယင်ကို တစ်ခုခုပေးခိုင်းလိုက်တာ ဖြစ်နိုင်လား?
ထိုအတွေးကြောင့် သူမက အစေခံကို ပြန်ညွှန်ကြားလိုက်သည်။
"သူ့ကို ဝင်ခွင့်ပြုလိုက်ပါ"
ရှောင်းလန်ရှင်း၏ နှလုံးသားကတော့ အဆက်မပြတ် ခုန်လှုပ်နေပြီဖြစ်သည်။ သူမ ထိုအချိန်အတွက် ပြင်ဆင်ထားပြီးသော်လည်း လက်ရှိအချိန်တွင် တစ်စုံတစ်ယောက်က သူမ၏နှလုံးသားကို ဓားဖြင့်ထိုးနေသလို ပြင်းရှသောနာကျင်မှုတစ်ခုကို သူမ ခံစားနေရသည်။
ရှောင်းလန်ရှင်းက သူမ၏ဆံပင်များ ပိုသေသပ်စေရန် လှန်တင်လိုက်ပြီး သူမ၏အဝတ်အစားပေါ်မှ အတွန့်ရာများ ပြန့်သွားအောင် ဆွဲဆန့်နေသည်။ သူမက ရှက်လွန်းသောကြောင့် မည်သူ့ကိုမျှလည်း မကြည့်ရဲတော့ပေ။
ခဏအကြာတွင် သတင်းလာပို့ပေးခဲ့သည့်အစေခံက ဧည့်သည်ကို ခေါ်ဆောင်ကာ ပြန်ရောက်လာဲ့သည်။ ယောကျ်ားတစ်ယောက်ဖြစ်နေသည့် ထိုဧည့်သည်အား အတွင်းခန်းထဲသို့ ခေါ်ဆောင်ရန် မဖြစ်နိုင်ပေ။ ထို့ကြောင့် ရှောင်းလန်ရှင်းက သူ့ကို တွေ့ဆုံရန် ဧည့်ခံဆီသို့ ထွက်လာခဲ့သည်။
ယန်ရုရွှယ်က သူမကို စိုးရိမ်တကြီး လှမ်းမေးလိုက်သည်။
"အဒေါ်၊ မင်းနဲ့အတူ လိုက်ခဲ့ပေးရမလား?"
“ရပါတယ်၊ ကျွန်မ သူနဲ့ နှစ်ယောက်တည်း ပြောချင်တာတွေ ရှိတယ်”
ရှောင်းလန်ရှင်းက ချက်ချင်း ငြင်းဆန်လိုက်သည်။ ယန်ရုရွှယ်က သူမ၏အကျိုးအတွက် ပြောနေမှန်းသိသော်လည်း အပြင်တွင် ရောက်နေသည့်လူအား သူမ ပြောချင်သည့်စကားများကို အခြားသူများရှေ့၌ ပြောရန် မဖြစ်နိုင်ပေ။
"ကောင်းပြီလေ၊ ဒါဆို တစ်ခုခု ဖြစ်ရင် ချက်ချင်း လှမ်းခေါ်လိုက်နော်၊ အပြင်မှာ တစ်ယောက်ယောက်ကို စောင့်ခိုင်းထားမယ်"
သူမ ပြတ်ပြတ်သားသား အငြင်းခံလိုက်ရသည့်တိုင် ယန်ရုရွှယ်က ရှောင်းလန်ရှင်းအတွက် စိုးရိမ်စိတ်ဖြင့် သတိပေးနေဆဲ ဖြစ်သည်။
"ကောင်းပြီ၊ သွားတော့၊ မင်း လိုအပ်တာနဲ့ အဒေါ်က မင်းနောက်မှာ အမြဲရှိနေမယ်"
"ကျေးဇူးတင်ပါတယ် အဒေါ်"
ထိုစကားက ရှောင်းလန်ရှင်း၏ရင်ကို ထိမိသွားစေပြန်သည်။
ရှောင်းလန်ရှင်း ဧည့်ခံခန်းသို့ ရောက်လာချိန်တွင် သူမကို စောင့်နေသည့်သူက သူမ မျှော်လင့်ထားသည့်အတိုင်း ယဲ့လွီချွမ်းဖြစ်နေခဲ့သည်။ သူက ဟန်လူမျိုးတို့၏ရိုးရာ၀တ်စုံကို ၀တ်ဆင်ထားပြီး ခရမ်းရောင်ချည်သားဝတ်စုံ၊ အနက်ရောင်ဦးထုပ်နှင့် သိုးသားရေဖိနပ်ကို ဝတ်ဆင်ထားသည်။ ရိုးရှင်းသည့် သာမာန်အဝတ်အစားကိုသာ ၀တ်ဆင်ထားသော်လည်း သူ၏မြင့်မြတ်သော အသွင်အပြင်ကို ဖုံးကွယ်ရန် ခက်ခဲနေလေသည်။
ရှောင်းလန်ရှင်းက အထဲသို့ မဝင်သေးဘဲ တံခါးဘောင်ကို မှီနေရင်း တုံ့ဆိုင်းစွာဖြင့် သူ့ကို လှမ်းကြည့်နေခဲ့သည်။ သူမ၏မျက်လုံးများထဲတွင် ယဲ့လွီချွမ်းအတွက် နက်နဲသော ချစ်ခြင်းမေတ္တာများ ပြည့်နှက်နေသည်။
ယဲ့လွီချွမ်းက သူ စိုက်ကြည့်ခံနေရသည်ကို ခံစားမိသွားပြီး မော့ကြည့်လိုက်ရာ ရှောင်းလန်ရှင်းက သူမ၏အမူအရာများကို ဖုံးကွယ်ရန် ခေါင်းငုံပြီး မျက်လွှာချလိုက်သည်။
"ရှောင်ယင်"
ယဲ့လွီချွမ်းက တံခါးဆီသို့ အလျင်အမြန် လျှောက်သွားလိုက်ပြီး သူ့လက်ကို ရှောင်းလန်ရှင်းထံသို့ ကမ်းပေးလိုက်သည်။ ထို့နောက် သူက စူးရှတောက်လောင်သော မျက်လုံးများဖြင့် သူ ချစ်ရသည့်မိန်းမလေးအား တရှိုက်မက်မက် ကြည့်နေခဲ့သည်။
ရှောင်းလန်ရှင်းက သူမရှေ့မှ လက်ကို လှမ်းကြည့်လိုက်သည်။ သူ့လက်ချောင်းများက သေးသွယ်ပြီး သူ့အသားအရည်ကလည်း ချောမွတ်နေသည်။ သူ့လက်ဖဝါးများ မည်မျှ နွေးထွေးသည်ကို သူမ သိနေသောကြောင့် ထိုနွေးထွေးမှုကို လွမ်းဆွတ်သွားရပြန်သည်။ သို့သော်လည်း ယခုအခိုက်အတန့်တွင် ရှောင်းလန်ရှင်းက သူမ၏နှလုံးသားထဲမှ တောင့်တမှုနှင့် စိတ်လှုပ်ရှားမှုများကို မျိုသိပ်ကာ သူ့ရင်ခွင်ထဲသို့ ပြေးဝင်ချင်စိတ်ကို ဖိနှိပ်ထားလိုက်သည်။ သူမက သူ့ကို တိုးတိုးလေး စကားဆိုလိုက်သည်။
“ကျွန်မကို ရှင့်ကို ပြောပြချင်တာတစ်ခု ရှိတယ်”
ယဲ့လွီချွမ်း၏လက်က လေထဲတွင် တန့်လန်းကြီးဖြစ်နေပြီး ရှောင်းလန်ရှင်းက သူနှင့် ခပ်ခွာခွာ ဖြစ်နေကာ သူ့လက်ကို ဆုပ်ကိုင်ရန်ပင် ဆန္ဒမရှိသည်ကို မြင်လိုက်ရသောကြောင့် ယဲ့လွီချွမ်း၏အဝါရောင်မျက်လုံးများက ချက်ချင်း မှိန်ဖျော့သွားသည်။ သို့သော်လည်း သူ့မျက်လုံးများက ချက်ချင်း ပြန်တောက်ပလာပြီး ရှောင်းလန်ရှင်းကို ကြည့်ကာ မေးမြန်းလိုက်သည်။
"ရှောင်ယင်၊ ကိုယ် မင်းကို အရမ်းလွမ်းနေတာ။ မင်းရော ကိုယ့်ကို သတိရဲ့လား?"
“အင်း”
ရှောင်းလန်ရှင်းက သူမ၏စိတ်ထဲမှ အကြောင်းအရာကို မပြောနိုင်သေးဘဲ ခဏတာမျှ တုံ့ဆိုင်းနေရှာသည်။
သူမ သူ့ကို အရမ်းလွမ်းတယ်။ သူမရဲ့အိပ်မက်တွေထဲမှာတောင် သူ သူမကို ကယ်တင်ခဲ့ပုံတွေနဲ့ ချစ်ခင်ကြင်နာတဲ့ အကြည့်တွေနဲ့ ပြည့်နှက်နေခဲ့တာလေ။
"ဟား ဟား၊ မင်း ကိုယ့်ကို လွမ်းနေမယ်ဆိုတာ ကိုယ် သိသားပဲ၊ အဲ့ဒါကြောင့် ကိုယ် မင်းကို လာတွေ့တာ"
ရှောင်းလန်ရှင်းက သူ့ကို လွမ်းသည်ဟု ပြောလိုက်သည်ကို ကြားလိုက်သည်နှင့် ယဲ့လွီချွမ်း၏မျက်နှာပေါ်မှ အပြုံးက ပို၍တောက်ပလာခဲ့သည်။ သူက ကလေးတစ်ယောက်ကဲ့သို့ ပျော်ရွှင်သွားပုံရပြီး ရှောင်လန်ရှင်း စိုက်ကြည့်နေပြန်သည်။
သူ့ရဲ့ရှောင်ယင်က ပိုပြီးတောင် လှလာသေးတယ်။ သူမဆီကနေ ထွက်နေတဲ့ ရောင်ဝါလေးကတောင်မှ နူးညံ့သိမ်မွေ့နေတယ်။ သူမက နှင်းပန်းလေးလို လန်းဆန်းပြီး လှပနေတာပါ။
ယဲ့လွီချွမ်း၏စကားကို ကြားလိုက်ရချိန်တွင် ရှောင်းလန်ရှင်း သူမ၏နှလုံးသားကို တစ်စုံတစ်ယောက် ဝင်တိုက်သွားသလို ခံစားလိုက်ရပြီး သူမ၏နှလုံးသားက မရပ်မနား ခုန်ပေါက်လာပြန်သည်။ သူမ သူ့ကို တွေတွေလေး စိုက်ကြည့်နေပြီး သူ့မျက်လုံးထဲမှ အချစ်များက ဒီရေကဲ့သို့ ပြည့်လျှံနေကာ သူမလည်း အလားတူဖြစ်နေသလို သူမ ခံစားနေရသည်။ ထိုကောလဟာလများကြောင့်သာ မဟုတ်ပါက သူမလည်း သူမ၏တောက်ပသော အပြုံးနှင့် သူ့အပေါ် ချစ်ခြင်းကို ဖုံးကွယ်ထားမည်မဟုတ်ပေ။
ဒါပေမယ့် အခု သူမတို့ ရှင်းရှင်းလင်းလင်း ပြောရမယ့်အချိန်ကို ရောက်နေပြီ။
"အစ်ကိုယဲ့လွီ၊ ကျွန်မ ရှင့်ကို ပြောစရာရှိတယ်"
ရှောင်းလန်ရှင်းက အသက်ကို ပြင်းပြင်းရှူလိုက်ရင်း သူမ၏ စိတ်မငြိမ်သက်မှုကို ဖုံးကွယ်ရန် လေးထောင့်စားပွဲဆီသို့ လျှောက်သွားလိုက်ပြီး ယဲ့လွီချွမ်းအတွက် လက်ဖက်ရည်တစ်ခွက် ငှဲ့ပေးလိုက်သည်။
ထိုအချိန်တွင် ယဲ့လွီချွမ်းက ရှောင်းလန်ရှင်း၏ စိတ်အခြေအနေ တစ်ခုခု မှားယွင်းနေကြောင်း ရိပ်မိသွားခဲ့သည်။ သူက သူမကို ကြည့်ရန် သူ့ခေါင်းကို ထပ်ငုံ့လိုက်ပြီး သူမ၏မျက်ဝန်းလေးများ မှေးမှိန်နေသည်ကို မြင်လိုက်သလို သူမ၏မျက်တောင်များ တုန်ယင်နေသည်ကိုပါ မြင်သွာခဲ့သည်။ ထို့ကြောင့် သူက သူမ တစ်ခုခုအတွက် အပြင်းအထန် ရုန်းကန်နေမှန်း သဘောပေါက်သွားတော့သည်။
ယဲ့လွီချွမ်းက တည်တည်ငြိမ်ငြိမ်ဖြင့် ရှောင်းလန်ရှင်းဆီသို့ လျှောက်သွားကာ သူမ၏ပခုံးလေးများကို အနောက်မှ ပွေ့ဖက်လိုက်ပြီး အနက်ရှိုင်းဆုံး နှစ်သိမ့်မှုကို ဖော်ပြလိုက်သည်။
ရှောင်းလန်ရှင်းကလည်း သူ၏နွေးထွေးသော ပွေ့ဖက်မှုနှင့် သန်မာသောလက်တစ်စုံကို ခံစားနိုင်ခဲ့ပြီး သူမ၏ ခန္ဓာကိုယ်လေး တုန်ယင်သွားသည်။ သူမက လက်ဘက်ရည်အိုး၏လက်ကိုင်ကို တင်းတင်းကျပ်ကျပ် ညှစ်ထားလိုက်ပြီး သူမ အားလုံးကို လျှို့ဝှက်ထားပြီး ထိုကိစ္စအား ပြည်ဖုံးကားချရန်သာ ဆန္ဒရှိနေတော့သည်။
"ရေနည်းနည်းလောက် သောက်လိုက်ပါဦး"
ရှောင်းလန်ရှင်းက သူမ၏စိတ်ကို တည်ငြိမ်အောင် အစွမ်းကုန် ကြိုးစားနေခဲ့ပြီး သူမလက်ထဲမှ လက်ဖက်ရည်ခွက်ကို ယဲ့လွီချွမ်းအား လှမ်းပေးလိုက်သည်။ သို့သော် သူမ နောက်သို့ လှည့်ကြည့်လိုက်ရာ ပင်လယ်ကဲ့သို့ နက်ရှိုင်းသော မျက်လုံးတစ်စုံကို ရင်ဆိုင်လိုက်ရသည်။ သူ့၏မျက်လုံးများထဲတွင် သူမမှလွှဲ၍ အခြားတစ်ယောက်မျှ မရှိတော့သလို သူမကို ပြုံးပြနေပြီး သူ့အပြုံးက နွေဦးလေညင်းကဲ့သို့ နူးညံ့နေသည်။
ရှောင်းလန်ရှင်းကလည်း သူ့အပြုံးကို လောဘကြီးစွာ ပြန်ကြည့်နေမိသည်။ သူ့မျက်လုံးထဲမှ ချစ်ခြင်းမေတ္တာများကို မြင်နေရသောကြောင့် သူမက ဤအခိုက်အတန့်ကို အချိန်အနည်းငယ်ကြာအောင် အချိန်ဆွဲထားချင်နေခဲ့သည်။ သို့မှသာ သူမ ဤအချိန်လေးကို အမြဲမှတ်မိနိုင်ပြီး သူ့မျက်နှာကို ပြန်မြန်ယောင်နိုင်မည်ဖြစ်သည်။ ရှောင်းလန်ရှင်းက ဤအမှတ်တရကို သူမ၏တစ်သက်တာလုံးအတွက် သယ်ဆောင်သွားနိုင်ရန် ဆန္ဒရှိနေခဲ့သည်။
ယဲ့လွီချွမ်းကလည်း ရှောင်းလန်ရှင်း၏ မျက်လုံးများထဲမှ ဝမ်းနည်းမှုများကို မြင်နေရသည်။ သူမက သူနှင့် ထာဝရ ခွဲခွာတော့မလို ဖြစ်နေကာ သူမ၏ မျက်လုံးများတွင် မျက်ရည်များ ပြည့်နှက်နေပြီး ထိုမျက်ရည်များက သူ့နှလုံးသားကို အလွန်အမင်း နာကျင်စေသည်။
ထို့ကြောင့် ယဲ့လွီချွမ်းက သူမ ပြောလာမည့်စကားကို မစောင့်တော့ဘဲ သူ့သဘောထားကို အရင်ထုတ်ဖော်လာခဲ့သည်။
ရှောင်ယင် ခံစားနေရာတာကို သူ တကယ် သည်းမခံနိုင်ဘူး။
သူက ရှောင်းလန်ရှင်း၏ နူးညံ့ပျော့ပျောင်းသော ပခုံးလေးနှစ်ဖက်ကို သူ့လက်နှစ်ဖက်ဖြင့် ပွေ့ဖက်ကာ သူမ၏မျက်လုံးများကို စိုက်ကြည့်ရင်း လေးလေးနက်နက် နှစ်သိမ့်ပေးလိုက်သည်။
"မင်း ဘာလို့ ဝမ်းနည်းနေတယ်ဆိုတာ ကိုယ် သိပါတယ်။ အဲ့ဒီကောလဟာလတွေကို လျစ်လျူရှုထားလိုက်ပါ။ ကိုယ်လည်း ဘာကိုမှ ဂရုမစိုက်ဘူး။ ကိုယ်က မင်းကိုပဲ ဂရုစိုက်တယ်။ မင်း ကိုယ့်အနားမှာ ရှိနေဖို့ပဲ ကိုယ် ဂရုစိုက်တယ်”
ရှောင်းလန်ရှင်းက ယဲ့လွီချွမ်းကို အံ့အားတကြီး ပြန်ကြည့်နေခဲ့သည်။
သူ သိပြီးပြီလား? သူ သိနေတာတောင် ဂရုမစိုက်ဘူးလား? သူက အခုထိ သူမကို လက်ထပ်ချင်နေသေးတာလား? ဒါပေမယ့် သူမ သူ့ကို ရှင်းရှင်းလင်းလင်း ပြောပြရမယ်။
“ကျွန်မ ပြန်ပေးဆွဲခံရတယ်ဆိုတဲ့ သတင်းက တောမီးလို ပျံ့နှံ့နေပြီ။ ရှင်က မင်းသားတစ်ပါးနော်၊ တော်ဝင်မိသားစုက ဒါကို သည်းခံနိုင်လို့လား? ရှင် သေချာစဥ်းစားဖို့ လိုတယ်”
“ကိုယ်တို့ရဲ့တာ့ထန်က ဒီလိုကိစ္စတွေနဲ့ ပတ်သက်ပြီး ဘာအတွေးမှ မရှိကြဘူး။ မင်း စိတ်ထဲထားနေစရာ မလိုဘူး။ ဒီကိစ္စက ကိုယ်တို့ရဲ့အိမ်ထောင်ရေးကို ထိခိုင်အောင် ဘယ်လိုမှ မလုပ်နိုင်ဘူး။ ပြီးတော့ ကိုယ် သေသေချာချာ စုံစမ်းပြီးပြီ။ ဒါက သူတို့တိုင်းပြည်ကို ဖျက်ဆီးခဲ့တဲ့အတွက် ကိုယ်ကို မုန်းတီးနေတဲ့ ချူကျင်းဖုန်းရဲ့ အကြွင်းအကျန်တွေကြောင့် ဖြစ်လာတဲ့ ကောလဟာလတွေပါ။ မင်းကို ဒုက္ခပေးမိလို့ ကိုယ် တောင်းပန်ပါတယ်။ မင်း စိတ်မပူပါနဲ့တော့နော်။ ကောလာဟလ ဖြန့်တဲ့သူတွေအားလုံးကို ကိုယ် သတ်ပစ်လိုက်ပြီ။ တစ်ယောက်ယောက်က မင်းအကြောင်းကို ထပ်ပြောရဲတာနဲ့ ကိုယ် သူတို့ မကြောက်မချင်း အားလုံးကို သတ်ပစ်မယ်”
ယဲ့လွီချွမ်းက ရှောင်းလန်ရှင်းနှင့် အတူရှိချိန်၌သာ နူးညံ့သိမ်မွေ့တတ်သူ ဖြစ်ပြီး တိုင်းရေးပြည်ရေးများ ဆောင်ရွက်ရာတွင် ပြတ်သားလှသည်။ ထိုကောလဟာလများကို စကြားပြီးကတည်းက သူ့ဘက်မှ ပြင်းထန်သည့် တုံ့ပြုန်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရသည်။ သူက ကောလာဟလဖြန့်သူ ဆယ်ဦးကျော်၏ ဦးခေါင်းများကို ခုတ်ဖြတ်ခဲ့ပြီး ကြောက်လန့်ဖွယ် အဟန့်အတား ဖြစ်စေခဲ့သည်။ တာ့ထန်တွင် မည်သူမျှ ထိုကိစ္စအား ထပ်မပြောရဲကြတော့ပေ။
ရှောင်းလန်ရှင်းက ယဲ့လွီချွမ်း သူမအပေါ် အလွန်ယုံကြည်ပြီး သူမအတွက် ထိုမျှလုပ်ဆောင်ပေးမည်ဟု မမျှော်လင့်ထားခဲ့ပေ။ နောက်ဆုံးတွင် သူမ၏မျက်ရည်များက ထိန်းမနိုင်သိမ်းမရ စီးကျလာပြန်ပြီး ယခုတစ်ကြိမ်ကတော့ ဝမ်းသာမျက်ရည်များ ဖြစ်သငည်။
“မငိုနဲ့တော့ မငိုနဲ့တော့နော်၊ ကိုယ် မင်း စိတ်အပန်းဖြေဖို့ ခေါ်သွားပေးမယ်။ မင်း သွားချင်တဲ့နေရာ ရှိရင်ပြော၊ ကိုယ် လိုက်ပို့ပေးမယ်"
ယဲ့လွီချွမ်းက သူမ ငိုနေသည်ကို ကြည့်နေရင်း သူ့နှလုံးသားက နာကျင်လာပြန်သည်။ သူက သူမ၏အပြုံးလေးကို သဘောကျပြီး သူမပြုံးနေသရွေ့ သူ့ထံတွင် စိုးရိမ်စရာမရှိတော့သလို ခံစားရသည်။
သူ သူမကို မငိုစေချင်ဘူး။ ဇနီးကို ငိုအောင်လုပ်တဲ့ ယောက်ျားက အသုံးမကျတဲ့ယောကျာ်းပဲ။
“ကျွန်မ ယောင်းမကို အရမ်းသတိရတယ်၊ လော့ချန်ကို သွားချင်တယ်”
ယဲ့လွီချွမ်း၏စကားကို ကြားလိုက်ရချိန်တွင် ရှောင်းလန်ရှင်းက သူမ၏ယောင်းမဆီသို့ သွားလည်ရန် ဆုံးဖြတ်ခဲ့သည်ကို သတိပြန်ရသွားသည်။
သူမ အခုလည်း သွားချင်နေသေးတယ်။ သူမ ဒီမှာ ဆက်နေမယ်ဆိုရင် ဒီစိတ်အနှောက်အယှက်ဖြစ်စရာ စကားတွေကို ကြားနေရဦးမှာပဲ။ သူမရဲ့ယောင်းမအနားမှာ နေမှပဲ သူမ တကယ်ကို ပေါ့ပေါ့ပါးပါး နေနိုင်တော့မှာ။
“ကောင်းပြီလေ၊ ကိုယ်လည်း မင်းရဲ့ အစ်ကိုကြီးကို ကူဖို့ သွားရမယ်”
ယဲ့လွီချွမ်းက လက်ကိုင်ပုဝါတစ်ထည် ထုတ်ယူလိုက်ပြီး ရှောင်းလန်ရှင်း၏မျက်ရည်များကို သုတ်ပေးလိုက်သည်။ အစောပိုင်းတွင် သူက သူ့၏ အနာဂတ်ယောက်ဖအား ကူညီရန် လော့ချန်သို့ ဦးတည်နေခဲ့ခြင်း ဖြစ်သည်။ သူ ရှောင်းမိသားစုစစ်တပ်အကြောင်း သတင်းဆိုးတစ်ခု ကြားခဲ့ရပြီး ရှောင်းကျဲယွိ ဒုက္ခရောက်မည်ကို သူ စိုးရိမ်နေခဲ့သည်။
သို့သော်လည်း ရှောင်းလန်ရှင်းကို စိတ်ပူသောကြောင့် သူ ကျင့်ရှီလျိုမြောင်သို့ အရင်ရောက်လာခြင်း ဖြစ်ကာ သူမက လော့ချန်သို့ လိုက်ရန် မတောင်းဆိုလျှင်ပင် သူက သူမကို သူနှင့်အတူ ခေါ်ဆောင်သွားမည် ဖြစ်သည်။
ရှောင်းလန်ရှင်းက သူမ၏ခင်ပွန်းလောင်း ယဲ့လွီချွမ်းနှင့်အတူလိုက်ပါသွားမည် ဖြစ်သောကြောင့် ယန်ရုရွှယ်လည်း စိတ်သက်သာရာ ရသွားရသည်။ တတိယမင်းသားက သူမတို့၏အိမ်သို့ ပထမဆုံးအကြိမ် လာရောက်လည်ပတ်ခြင်းဖြစ်သောကြောင့် သူမတို့လည်း လှိုက်လှိုက်လှဲလှဲ ကြိုဆိုဧည့်ဝတ်ပြုခဲ့ကြသည်။ ယဲ့လွီချွမ်းက စူးအိမ်တော်တွင် တစ်ညတာနေထိုင်ခဲ့ပြီး နောက်တစ်နေ့တွင် ရှောင်းလန်ရှင်းနှင့်အတူ လော့ချန်သို့ ထွက်ခွာလာခဲ့သည်။
တိုက်ပွဲက နီးလာပြီဆိုတော့ သူတို့ တစ်ရက်လောက်တောင် နှောင့်နှေးနေလို့ မရတော့ဘူး။