← Chapters

ဘယ်သူလိမ်တာပဲ ဖြစ်ဖြစ်

Vol. 38 Ch. 561

ဘယ်သူလိမ်တာပဲ ဖြစ်ဖြစ်

Vol. 38 Ch. 561

ယဲ့လွီချွမ်းက ရှောင်းလန်ရှင်းကို ခေါ်ဆောင်ကာ မော့ချန်၏အပြင်ဘက်တွင် စောင့်ဆိုင်းနေသည့် သူ့စစ်တပ်ဆီသို့ ပြန်လာခဲ့သည်။ ဤတစ်ကြိမ်တွင် သူက သူ့ယောက်ဖကို ကူညီရန် တာ့ထန်စစ်အင်အားမှ သုံးပုံနှစ်ပုံ ရွေးချယ်ခေါ်ဆောင်လာခဲ့သည်။

သူ ထိုသို့ဆုံးဖြတ်လိုက်ရသည့် အကြောင်းရင်းက ရှောင်းမိသားစုစစ်တပ်အတွက် သတင်းဆိုးတစ်ခုကို ကြားခဲ့ရခြင်းကြောင့်ဖြစ်သည်။ ဝမ်ယွိလင်က ရှောင်းမိသားစုစစ်တပ်အား ချေမှုန်းရန် တိုင်းပြည်တစ်ဝှမ်းရှိ စစ်သည်များအားလုံးကို မြို့တော်သို့ ပြန်ခေါ်ထားပြီး စစ်အင်အား ရှစ်သောင်းရှိကြောင်း သူ သတင်းကြားခဲ့သည်။ ဆိုလိုသည်မှာ ဤအချိန်က ရှောင်းမိသားစုစစ်တပ်အတွက် အသေအကျေ တိုက်ပွဲဝင်ရတော့မည့် အရေးကြီးသော အခိုက်အတန့် ဖြစ်သည်။

သူတို့က ရှောင်းမိသားစုစစ်တပ်ထက် အင်အားအဆမတန် များလွန်းနေပြီး ရှောင်းမိသားစုစစ်တပ်၌ အစွမ်းထက် လက်နက်များရှိနေလျှင်ပင် အန္တရာယ်ရှိနိုင်သေးသည်။ ထို့ကြောင့် ယဲ့လွီချွမ်းက ရှောင်းကျဲယွိကို ကူညီရန် စစ်သည်သုံးသောင်း ခေါ်ဆောင်လာခဲ့သည်။

ဤအချိန်၌ သူ စစ်အသုံးစရိတ်ကိုလည်း ထည့်မတွက်တော့ပေ။ မည်သို့ပင်ဖြစ်စေ သူက ရှောင်းကျဲယွိနှင့် စူးချင်းတို့နှင့်အတူ လုပ်ငန်းများ လုပ်ကိုင်ခဲ့ပြီး ထိုလုပ်ငန်းများမှ လုံလောက်သော ၀င်ငွေများ ရရှိထားပြီး ဖြစ်သည်။ နှစ်ဝက်ခန့် တိုက်ပွဲဝင်ရလျှင်ပင် သူ့အတွက် ပြဿနာ မဖြစ်နိုင်ပေ။

စူးချင်းကလည်း သူမတို့၏စီးပွားရေးလုပ်ငန်းများကြောင့် ယဲ့လွီချွမ်းက ပုဂ္ဂိုလ်ရေးအရ ကူညီရန် စိတ်ရင်းမှန်ဖြင့် စစ်တပ်ကိုပင် ဦးဆောင်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ သူမက ဤခင်မင်ရင်းနှီးမှုကို အမှတ်ရနေမည်ဖြစ်ပြီး စစ်သည်များအား ဗိုက်ဟောင်းလောင်းဖြင့် တိုက်ခိုက်ခိုင်းမည် မဟုတ်ပေ။ သူမက ဆေးနှင့် အစားအစာများကဲ့သို့သော ရိက္ခာများကို အပြည့်အဝ ပြင်ဆင်နေပြီး မြို့တော်ကို သိမ်းပိုက်ပြီးနောက် တပ်ဖွဲ့ကြီးသုံးဖွဲ့အား ဆုချရန် သေရည်များပင် ပြင်ဆင်ထားသေးသည်။

တိုက်ပွဲ၏ နောက်ဆုံးအခိုက်အတန့်ဖြစ်သောကြောင့် စူးချင်းက သူမကိုယ်တိုင် စစ်ဝတ်စုံကို ၀တ်ဆင်ကာ ရှေ့တန်းသို့ လိုက်သွားရန် ပြင်ဆင်နေသည်။ ယဲ့လွီချွမ်းက ရှေ့ဆုံးမှ သူမကို မြင်သွားပြီး အပြုံးဖြင့် အာမခံလိုက်သည်။

“မရီး ရှေ့တန်းကို ရောက်သွားတာနဲ့ ဒီတိုက်ပွဲမှာ ငါတို့ နိုင်လိမ့်မယ်”

ရှောင်းလန်ရှင်းကလည်း စစ်တပ်နှင့်အတူ လိုက်ရန် တောင်းဆိုခဲ့သည်။

သူမလည်း သူမရဲ့မိဘတွေအတွက် လက်စားချေချင်တယ်။ သူမ တခြားဘာမှ မလုပ်နိုင်ရင်တောင် စစ်သည်တွေအတွက် ထမင်းချက်ပေးနိုင်ပြီး ဒဏ်ရာရလာတဲ့ စစ်သည်တွေကို ပြုစုစောင့်ရှောက်ပေးနိုင်တယ်။ တိုတိုပြောရရင် ဒီတစ်ခေါက် သူမ မြို့တော်ကို သွားရမှ ဖြစ်မယ်။

စူးချင်းကလည်း သူမကို လုံးဝ မတားခဲ့ပေ။

သူမအနေနဲ့ မိဘအပေါ် သိတက်ပြီး မိဘအတွက် လက်စားချေချင်တဲ့ ကလေးတစ်ယောက်ကို ထောက်ပံ့ပေးသင့်တယ်လေ။ ဘာပဲဖြစ်ဖြစ် အားလုံးအတူတူရှိနေတာဆိုတော့ ‌ရှောင်ယင်အတွက် အန္တရာယ်ရှိမှာ မဟုတ်ဘူး။

စစ်တပ်ကြီးက တဟုန်ထိုး ချီတက်နေပြီး ဤသည်က နောက်ဆုံးတိုက်ပွဲ ဖြစ်လာပေလိမ့်မည်။ စူးချင်းက သူမကိုယ်သူမ ညှာတာကာ မြင်းမစီးတော့ဘဲ ထိုအစား သူမက ရှောင်းလန်ရှင်းနှင့်အတူ ရထားလုံးထဲမှ လိုက်ပါလာခဲ့သည်။

စူးချင်းက သူမ၏စနစ်ထဲတွင်လည်း စားစရာများ ထည့်လာခဲ့သေးသည်။ သူမတို့ စမထွက်ခင် စူးချင်းက မုန့်ပေါင်းအိုးတစ်ရာ ပေါင်းခိုင်းခဲ့သည်။ ထို့အပြင် သူမက ဖန်လုံအိမ်အတွင်းရှိ စား၍ရနိုင်သည့် အသီးအရွက်များအားလုံးကိုလည်း ခူးယူစေခဲ့သည်။ သူမက ထိုအရာများကို အားလုံးကို စနစ်ထဲသို့ ထည့်ထားပြီး အချိန်မရွေး ပြန်ထုတ်နိုင်ကာ အမြဲတမ်း လတ်ဆတ်နေမည် ဖြစ်သည်။

တစ်ချိန်တည်းမှာပင် ဝမ်ယွိလင်ကလည်း တိုင်းပြည်အတွင်းရှိ တပ်များအားလုံးကို ပြန်စုစည်းစေပြီး မြို့တော်သို့ ပြန်ခေါ်ထားပြီး ဖြစ်သည်။ ပုန်ကန်နေသောဒုက္ခသည်များနှင့် ကျူးကျော်ဝင်ရောက်နေသည့် တိုင်းပြည်ငယ်လေးများကိုလည်း သူ ဂရုမစိုက်နိုင်တော့ပေ။ သူက ရှောင်းမိသားစုစစ်တပ်အား အရင် ဖျက်ဆီးပြီးမှ ထိုအသေးအမွှားများကို ဖြေရှင်းရန် ယတိပြတ်ဆုံးဖြတ်ခဲ့သည်။

ရှောင်းမိသားစုစစ်တပ်ကို မဖယ်ရှားနိုင်သေးသရွေ့ သူ အေးအေးချမ်းချမ်း အိပ်ပျော်နိုင်မှာ မဟုတ်သလို ကောင်းကောင်းမွန်မွန် စားဝင်နိုင်မှာလည်း မဟုတ်ဘူး။

အခုတော့ သူ့ခမည်းတော်ရဲ့စကားကို နားမထောင်မိလို့ သူ နောင်တရနေမိပြီ။ သူက ငွေနဲ့ လူအင်အား မရှိရင် ဘာမှ အောင်မြင်နိုင်မှာ မဟုတ်ဘူးလို့ တွေးပြီး ရှောင်းကျဲယွိကို အထင်သေးခဲ့မိတယ်။ သူ ရန်သူကို အလွန်အကဲ မထီမဲ့မြင်လုပ်ခဲ့မိတယ်။ ဒါပေမယ့် နှစ်ဝက်လောက်အတွင်းမှာ ရှောင်းကျဲယွိက သူ့အတွက် အကြီးမားဆုံး ခြိမ်းခြောက်မှုဖြစ်လာမယ်လို့တော့ သူ ဘယ်တုန်းကမှ မ‌တွေးထားခဲ့ဖူးဘူး။

လက်ရှိအချိန်တွင် ဝမ်ယွိလင်က ပြစ်ဒဏ်စီရင်ရေးဌာနသို့ ရောက်ရှိလာပြန်သည်။ ထိုနေရာကို တာဝန်ယူရသည့် အရာရှိများက သူ့ကို တွေ့သွားပြီး ကမန်းကတန်း ဒူးထောက်ကာ သုံးကြိမ်တိုင်တိုင် အရိုအသေပေးနှုတ်ဆက်လိုက်ကြသည်။

“ဧကရာဇ်မင်းမြတ် သက်တော်ရာကျော်ရှည်ပါစေ”

“ဧကရာဇ်မင်းမြတ် သက်တော်ရာကျော်ရှည်ပါစေ”

“ဧကရာဇ်မင်းမြတ် သက်တော်ရာကျော်ရှည်ပါစေ”

ဝမ်ယွိလင်က သူတို့ ရှည်လျားသော အော်သံများကို ကြားလိုစိတ်မရှိတော့ဘဲ ချက်ချင်း မေးမြန်းလိုက်သည်။

"ချင်ထျဲ သဘောတူလိုက်ပြီလား?"

ယခု အချိန်တစ်လနီးပါးရှိပြီ ဖြစ်ကာ ပြစ်ဒဏ်စီရင်ရေးဌာနက ချင်ထျဲအပေါ် သူတို့ သုံးနိုင်သမျှ‌ ညှဉ်းပန်းနှိပ်စက်မှုနည်းလမ်းအားလုံး အသုံးပြုခဲ့ကြသည်။ သို့သော်လည်း ချင်ထျဲက သဘောတူရန် ငြင်းဆိုနေဆဲဖြစ်သည်။ သို့တိုင်အောင် မည်သူကမျှလည်း သူ့ကို မသတ်ရဲကြပေ။ ဧကရာဇ်က သူ့ လက်နက်များ ပြုလုပ်ပေးမည်ကို မျှော်လင့်စောင့်စားနေသေးသည်။ ထို့ကြောင့် ရယ်စရာကောင်းသော မြင်ကွင်းတစ်ခု ဖြစ်ပွားခဲ့သည်။ နေ့ခင်းဘက်တွင် သူတို့က ချင်ထျဲကို ညှဉ်းပန်းနှိပ်စက်ကြပြီး ညဘက်တွင်မူ နေ့ခင်းဘက်တွင် သူတို့၏ညှင်းပန်းနှိပ်စက်မှုကြောင့် ဖြစ်ပေါ်လာသော ချင်ထျဲ၏ဒဏ်ရာများကို ကုသပေးကြသည်။ သူတို့က ချင်ထျဲ အာဟာရဖြစ်စေရန် ငါးနှင့် အသားများကိုပင် အထူးတလည်း ကျွေးမွေးခဲ့ကြသည်။ ချင်ထျဲက ပြစ်ဒဏ်စီရင်ရေးဌာန၏ အထူးဆန်းဆုံး အကျဉ်းသား ဖြစ်လာခဲ့သည်။

"သဘောမတူသေးပါဘူး"

ပြစ်ဒဏ်စီရင်ရေးဌာနမှ အရာရှိများ၏ နဖူးများပေါ်မှ ချွေးအေးများ စီးကျလာပြန်သည်။ အကြောင်းမှာ ချင်ထျဲ ရှိနေသည့် တစ်လအတွင်း ပြစ်ဒဏ်စီရင်ရေးဌာန၏အရာရှိများကို သုံးကြိမ်ခန့် အစားထိုးခဲ့ပြီးပြီ ဖြစ်သောကြောင့်ပင်။ အစားထိုးခံလိုက်ရသည်နှင့် အရည်အချင်းမရှိဟု သတ်မှတ်ကာ ခေါင်းဖြတ်ခံရပေလိမ့်မည်။

အခုအချိန်မှာ ဘယ်သူမှ ကိုယ့်လည်ပင်းပေါ်က ခေါင်းကို ကိုယ့်အပိုင်လို့ သတ်မှတ်လို့ မရတော့ဘူး။ ခုက ခေါင်းကြီး ပြုတ်ကျသွားဖို့ အချိန်လေးတစ်ခုပဲ ကျန်တော့တာလေ။

"အမှိုက်တွေ"

ဝမ်ယွိလင်က သူ့ရှေ့မှ အရာရှိတစ်ယောက်ကို ဒေါသတကြီးဖြင့် ကန်ထုတ်လိုက်ကာ အချုပ်ခန်းထဲသို့ ဝင်သွားတော့သည်။

အကျဥ်းထောင်၏အနံ့က ဆိုးရွားလှပြီး စိုစွတ်သောပတ်ဝန်းကျင်၏ အနံ့အသက်နှင့် ဒဏ်ရာများဆီမှ အပုပ်နံ့က လူကို အသက်ရှူကျပ်သေအောင် ပြုလုပ်နေသည်။ ဝမ်ယွိလင်က သူ့ပါးစပ်နှင့် နှာခေါင်းကို သူ့အင်္ကျီလက်ဖြင့် အုပ်ထားလိုက်သည်။ သို့သော် ထိုအမူအရာက ဧကရာဇ်မင်းတစ်ပါးဖြစ်သည့် သူ့၏ဂုဏ်သိက္ခာကို ထိခိုက်စေသည်ဟု သူ ခံစားရသောကြောင့် သူ့ ခြေလှမ်းကို ရပ်တန့်ကာ သူ့နောက်မှ အနီးကပ်လိုက်လာသည့် ပြစ်ဒဏ်စီရင်ရေးဌာန၏ခေါင်းဆောင်အရာရှိကို အေးစက်စွာ လှည့်ကြည့်ပြီး အမိန့်ပေးလိုက်သည်။

"သူ့ကို ဆွဲထုတ်လာခဲ့"

ဒီလူက အရင်လူတွေထက်ကို ပိုအသုံးမဝင်တဲ့သူပဲ။ ဘာလို့ ဒီလောက်တုံးအပြီး အလိုက်မသိရတာတုန်း? မျက်ခုံးနဲ့ မျက်လုံးကြားက ခြားနားချက်ကိုတောင် ပြောနိုင်ရဲ့လား? ဒီလိုညစ်ညမ်းတဲ့နေရာက သူ့လို မြင့်မြတ်တဲ့အရှင်သခင်တစ်ယောက် ဝင်ရောက်သင့်တဲ့နေရာလား?

ဘာကြောင့် အလိုက်သိသိနဲ့ အကျဥ်းသားကို ဆွဲထုတ်လာတာမျိုး မလုပ်ဆောင်ပေးရတာလဲ?

"အမိန့်တော်.... အမိန့်တော်မြတ်အတိုင်းပါ"

ပြစ်ဒဏ်စီရင်ရေးဌာန၏ခေါင်းဆောင်အရာရှိက အိပ်မက်မှ နိုးလာပုံဖြင့် ကယောင်ကတမ်း တုံ့ပြန်လိုက်ပြီး အကျဥ်းထောင်အစောင့်များအား ချင်ထျဲကို ဧကရာဇ်မင်းမြတ်ထံသို့ ခေါ်ဆောင်ရန် အလျင်အမြန် အမိန့်ပေးလိုက်သည်။ ချင်ထျဲ၏ ခန္ဓာကိုယ်ပေါ်တွင် အသားတစ်စမျှ မရှိတော့သော်လည်း သူ့မျက်နှာပေါ်တွင် ဒဏ်ရာ လုံးဝမရှိပေ။ အပြစ်ပေးတုတ်တံများက သူ့ခြေထောက်များကို ကျိုးသွားစေသောကြောင့် သူ့ဘာသာသူ လမ်းမလျှောက်နိုင်တော့ပေ။ ထောင်စောင့်များကို သူ့ကို တွဲခေါ်လာပြီး ထိုင်ခုံပေါ်သို့ တင်ပေးလိုက်ကြသည်။

ဝမ်ယွိလင်က စစ်ဆေးမေးမြန်းသည့်အခန်းတွင် ထိုင်နေကာ သူ့၏ရက်စက်ကြမ်းကြုတ်သော အကြည့်က ညှဉ်းပန်းနှိပ်စက်သည့် လက်နက်များကို စိုက်ကြည့်နေသည်။ ဤပြစ်ဒဏ်စီရင်ရေးဌာနသို့ အပို့ခံရမည်ဟု ကြားလိုက်သည်နှင့် လူတိုင်းက ကြောက်လန့်သွားတတ်ပြီး ထိုကဲ့သို့ ညှဉ်းပန်းနှိပ်စက်ခံရမည်ထက် မိမိကိုယ်ကို သတ်သေရန် ရွေးချယ်ချင်ကြသည်။

ငရဲဘုံဆယ့်ကိုးထပ်သာ အမှန်တကယ် ရှိခဲ့လျှင် ဤနေရာသာ ဖြစ်ပေလိမ့်မည်။ ဤနေရာသို့ ဝင်လာသူတိုင်း အရေခွံပင် မကျန်တော့သည်အထိ နှိပ်စက်ခံရပေလိမ့်မည်။ သူတို့အတွက် သေခြင်းတရားက အသက်သာဆုံးဇိမ်ခံနိုင်မှု ဖြစ်လာပေလိမ့်မည်။ ထိုညှဉ်းပန်းနှိပ်စက်သည့် ကိရိယာမျိုးစုံကို မြင်ရခြင်းကပင် ထိတ်လန့်တုန်လှုပ်ရန် လုံလောက်နေပြီ ဖြစ်သည်။

ဝမ်ယွိလင်က တံဆိပ်ပါသည့် သံပြားကို မီးပေါ်တင်ခိုင်းလိုက်သည်။ ကခုန်နေသော မီးတောက်များကို ကြည့်နေသည့် သူ့အမူအရာကလည်း နက်မှောင်နေပြန်သည်။

ဒီအချိန်မှာ သူ့မှာ စစ်သည်အလုံအလောက်ရှိနေပေမယ့် လူသတ်လက်နက်ကြီးတွေက အစွမ်းထက်လွန်းတယ်။ ရှောင်းကျဲယွိရဲ့လက်ထဲမှာက အဲ့လိုလက်နက်ကြီးတွေ အများကြီး ရှိနေတာလေ၊ အဲ့ကလေးမှာ စစ်သည်အလုံအလောက် မရှိဘူးဆိုရင်တောင် သူဘက်က အနိုင်ရဖို့ မသေချာသေးဘူး။

သူ့လက်ထဲမှာသာ လူသတ်လက်နက်ကြီးတွေ ကိုင်ထားနိုင်ရင် သူ သေချာပေါက် အောင်နိုင်လိမ့်မယ်။ အဲ့တော့ သူ ဒီနေ့ ဘာပဲဖြစ်နေ ဖြစ်နေ ချင်ထျဲကို မဖြစ်မနေ ဖိအားပေး အညံ့ခံခိုင်းရမယ်။

ချင်ထျဲတစ်ယောက် စစ်ကြောရေးအခန်းထဲသို့ ဆွဲခေါ်ခံလိုက်ရပြီး ဝမ်ယွိလင်နှင့် တွေ့ဆုံခွင့်ရလိုက်သည်။ သူ့မျက်လုံးများက ကြောက်ရွံ့မှုများ မရှိဘဲ လုံးဝ ငြိမ်သက်နေသည်။

ဒီနေ့က သူရဲ့နောက်ဆုံးနေ့ဆိုတာကို သူ သိလိုက်ပြီလေ၊ နောက်ဆုံးတော့ သူ လွတ်မြောက်နိုင်တော့မယ်။

သူ ဒီနေ့ ဒီရက်အထိ သည်းခံခဲ့တဲ့ နာကျင်မှုတွေအားလုံးက သခင်ငယ်အတွက် အပြစ်ပေးဆပ်နေတာပဲ။ သူ ညှင်းပန်းနှိပ်ဆက်ခံရတိုင်း သူ ရေရွတ်နေမိတဲ့ စကားက ‘သခင်လေး၊ ဒီလက်အောက်ငယ်သားက သခင်လေးရဲ့ကြင်နာမှုကို ပြစ်မှားမိပါတယ်’ ဆိုတာပဲ။

မည်သို့ပြင် ဖြစ်စေ ချင်ထျဲက ခေါင်းငုံ့အညံ့မခံဘဲ ကြိမ်ဖန်များစွာသော နှိပ်စက်ညှဉ်းပန်းမှုများကို တောင့်ခံလာခဲ့သည်။ သူက သူ့မာနကို ဂုဏ်ယူပြီး သေရန် ပြင်ဆင်ထားပြီး ဖြစ်သည်။

"ချင်ထျဲ၊ ကျန်းရဲ့သည်းခံနိုင်စွမ်းက အကန့်အသတ် ရှိတယ်"

စစ်ဆေးမေးမြန်းသည့်အခန်းထဲသို့ ခေါ်ဆောင်လာသည့် ချင်ထျဲ၏အမူအရာကို မြင်လိုက်ရသော ဝမ်ယွိလင်ကလည်း အလွန်အကျွံဒေါသထွက်လာပြန်သည်။

သူ့စကားကို မနာခံတဲ့ ဒီနိမ့်ကျတဲ့သာမန်လူအတွက် ထိုင်ခုံတစ်လုံးတောင် ပေးနေရတာလား?

သို့သော် ဝမ်ယွိလင်က အသက်ကို ပြင်းပြင်းရှူကာ သူ့ရင်ထဲမှ ဒေါသများကို ပြန်မျိုသိပ်လိုက်သည်။

သူ ဒီရက်နည်းနည်းလောက်တော့ ချင်ထဲကို မောက်မာခွင့်ပေးထားလိုက်ဦးမယ်။ ရှောင်းမိသားစုစစ်တပ်ကို သုတ်သင်ရှင်းလင်းပြီးတာနဲ့ ဒီလူရဲ့သေနေ့လည်း ရောက်လာလိမ့်မယ်။

“မင်းရဲ့ စွမ်းအင်တွေ ဖြုန်းတီးမနေနဲ့။ ငါ့စကားက အတူတူပဲ၊ ငါ သခင်လေးကို ထပ်ပြီး သစ္စာမဖောက်တော့ဘူး”

ချင်ထျဲက မထီမဲ့မြင် နှာမှုကာ အရင်ဦးအောင် ထပ်ငြင်းလိုက်သည်။

“မင်းရဲ့ စိတ်ရှည်သည်းခံမှုဟာ အကန့်အသတ်ရှိသလို ငါ့မှာလည်း အကန့်အသတ်ရှိတယ်။ သတ်ချင်ရင် မြန်မြန်သတ်လိုက်၊ အပိုစကားတွေ ပြောမနေနဲ့တော့”

"ဒီသံပူနဲ့ မင်းကို ကပ်လိုက်ရင် ဘာဖြစ်မယ်ဆိုတာကို မင်း သိလား?"

ဝမ်ယွိလင်က မီးပေါ်ရှိ အနီရောင်တံဆိပ်ပြားတပ် သံချောင်းကို ကောက်ယူကာ ချင်ထျဲကို စူးစူးရဲရဲ ကြည့်နေလေသည်။

"ငါ သိတယ်။ အသားတွေ ကွာကျသွားရုံပဲ။ ငါ မြည်းစမ်းကြည့်ပြီးပြီ၊ ထပ်စမ်းချင်လည်းရသေးတယ်"

ချင်ထျဲက လုံးဝ ဂရုမစိုက်ပေ။ အခြားသူများက ဤနေရာမှ ညှဉ်းပန်းနှိပ်စက်ရေးကိရိယာများအားလုံးကို အသုံးပြုပြီး ဖြစ်သည်။ ထိုတံဆိပ်ပြားပါသည့် သံချောင်းက ကြောက်စရာအကောင်းဆုံးဖြစ်သည်မှာ သံသယဖြစ်ဖွယ်မရှိသော်လည်း ချင်ထျဲကတော့ မျက်လုံးမှိတ်ထားပြီး သူတို့လုပ်ချင်သမျှ လုပ်ခွင့်ပေးထားခဲ့သည်။

"မင်း မကြောက်ဘူးလား?"

အချိန်အတော်ကြာသည်အထိ ချင်ထျဲ၏ မျက်လုံးများထဲတွင် ကြောက်ရွံ့မှု တစ်စုံတစ်ရာ မတွေ့ရသောကြောင့် ဝမ်ယွိလင်က သူ့နောက်မှ ငယ်သားတစ်ယောက်အား အနီရောင်သံပူချောင်း ပြန်ပေးလိုက်ပြီး မီးဖိုပေါ်သို့ ပြန်ထားခိုင်းလိုက်သည်။

“ဒီတန်ဖိုးမဲ့တဲ့ ခန္ဓာကိုယ်နဲ့ ငါ့က ဘာကို ကြောက်နေရမှာလဲ?”

ချင်တျဲက သူ့ဘာသာသူ ရယ်မောနေပြန်သည်။

ဒီခန္ဓာကိုယ်က သူ လူ့လောကကြီးမှာ နေထိုင်ဖို့ ခဏသုံးနေတဲ့ နေရာတစ်ခုပဲ။ သူ သေပြီးတာနဲ့ သူ့ဝိညာဉ်လည်း သူ့မိသားစုနဲ့ ပြန်လည်ပေါင်းစည်းနိုင်လိမ့်မယ်။ သူ့အတွက် ဒီလူ့လောကကြီးမှာ လွမ်းဆွတ်စရာ ဘာမှ မရှိတော့ဘူး။ သေခြင်းတရားကပဲ သူ့ကို သက်သာရာရစေနိုင်တော့မှာ။

“မင်းရဲ့သမီးကို တွေ့ပြီလို့ ပြောရင် မင်း ကျန်းကို ကူညီမှာလား?"

ဝမ်ယွိလင်က သူ၏သဘောထားကို ပြောင်းလဲလိုက်ပြီး ချင်ထျဲ၏သမီးကို ညှိုနှိုင်းစရာအဖြစ် အသုံးပြုလိုက်သည်။

"ငါ့သမီးက သေသွားပြီ"

ချင်ထျဲက လှောင်ပြောင်သံဖြင့် ပြန်ဖြေလိုက်သည်။

သူတို့အားလုံးက သူ့ကို ခြိမ်းခြောက်ဖို့ ယွီအာကို အသုံးချခံတစ်ခုအဖြစ် သုံးနေကြတာပဲ။

“မဟုတ်ဘူး၊ သူ(မ) မသေသေးဘူး။ ကျန်း သူ(မ)ကို ရှာ​တွေ့​ပြီ"

All Chapters