← Chapters

အဆုံးအဖြတ်တိုက်ပွဲကို ရင်ဆိုင်ဖို့ အချိန်ရောက်ပြီ

Vol. 38 Ch. 563

အဆုံးအဖြတ်တိုက်ပွဲကို ရင်ဆိုင်ဖို့ အချိန်ရောက်ပြီ

Vol. 38 Ch. 563

စူးချင်း ​ရောက်​လာသည်ဟု ကြား​လိုက်ရသောကြောင့် ရှောင်းကျဲယွိက သူမကို ​ကြိုရန် အမြန်ပြေးထွက်လာခဲ့​သည်​။

ချင်းအာက ကိုယ်ဝန်ရှိနေတာလေ။ ဘာလို့ ဒီလောက်အဝေးကြီးကို ခရီးထွက်လာရတာလဲ?

သူ ပင်မတဲစခန်းထဲမှ ပြေးထွက်လာပြီးပြီးချင်း စူးချင်း ရထားလုံးပေါ်မှ ဆင်းတော့မည်ကို မြင်လိုက်ရသည်။

"ချင်းအာ၊ မလှုပ်နဲ့"

ရှောင်းကျဲယွိက လှမ်းအော်နေရင်း ပြေးလာနေသည်။ သူက တပ်သားများအားလုံးရှေ့၌ပင် စူးချင်းကို ရထားလုံးပေါ်မှ ပွေ့ချပေးလိုက်ပြီး သူမ၏ပခုံးကို လက်တစ်ဖက်ဖြင့် ပွေ့ဖက်ကာ နောက်လက်တစ်ဘက်က စူးချင်းက လက်လေးကို တယုတယ ဆုပ်ကိုင်လိုက်သည်။ ထို့နောက် သူက သူမကို အပေါ်အောက် ဂရုတစိုက် လိုက်စစ်ဆေးပြီးမှ ကြင်ကြင်နာနာ မေးနေပြန်သည်။

"ချင်းအာ၊ မင်း အဆင်ပြေရဲ့လား?"

ရှောင်းကျဲယွိက သူမအား အလွန်တန်ဖိုး ဂရုစိုက်နေသည်ကို မြင်လိုက်ရသောကြောင့် စူးချင်းက အပြုံးဖြင့် ပြန်ဖြေလိုက်သည်။

"ကျွန်မ ဘာမှ မဖြစ်ပါဘူး။ ရထားလုံး စီးလာတာပဲကို"

"အစ်ကိုကြီး"

ရှောင်းလန်ရှင်းက ရထားလုံး၏ ကန့်လန့်ကာကို မတင်လိုက်ပြီး သူမ၏ အစ်ကိုကြီးကို လှမ်းခေါ်လိုက်သည်။ ယဲ့လွီချွမ်းနှင့် စကားပြောပြီးနောက် ရှောင်းလန်ရှင်းက သူမ၏ နှလုံးသားထဲမှ အထုံးကို ဖြည်နိုင်သွားပြီး သူမ၏ မူလ ပျော်ရွှင်တတ်မှုနှင့် လန်းဆန်းတက်ကြွမှုများက သူမဆီသို့ ပြန်ရောက်သွားပြီး ဖြစ်သည်။

"ကိုယ် မင်းကို ကူညီပေးမယ်"

ယဲ့လွီချွမ်းက ယောက်ဖဖြစ်သူကို အတုယူပြီး ရှောင်းကျဲယွိကဲ့သို့ပင် သူ့မိန်းခလေးအပေါ် ကြင်နာမှုပြသလိုက်သည်။ သူက သူ့လက်ကို မြှောက်ပြီး ရှောင်းလန်ရှင်း ရထားလုံးပေါ်မှ ဆင်းနိုင်ရန် ကူညီပေးလိုက်သည်။ ရှောင်းကျဲယွိကလည်း သူ့၏ ဂရုတစိုက် ကာကွယ်တတ်သော အပြုအမူကို မြင်သွားပြီး ကျေနပ်နေလေသည်။

အခုတော့ သူ့ညီမလေးကို တတိယမင်းသားရဲ့ကာကွယ်မှုအောက်မှာ စိတ်ချလက်ချထားနိုင်ပြီ။

"တတိယမင်းသား၊ မင်းရဲ့ကူညီမှုတွေအတွက် ကျေးဇူးတင်ပါတယ်"

ယဲ့လွီချွမ်းက တပ်သား သုံးသောင်း ခေါ်ဆောင်လာသည့်အတွက် ရှောင်းကျဲယွိ အလွန်ပျော်ရွှင်နေပြီး သူ့ကို ကျေးဇူးတင်စကားပြောလိုက်သည်။ အစောပိုင်းတွင် ဝမ်မိသားစုစစ်တပ်နှင့် ရှောင်းမိသားစုစစ်တပ်ကြားမှ စစ်သည်အရေအတွက် ကွာဟမှု ကြီးမားနေခြင်းက သူကို စိုးရိမ်စေခဲ့သော်လည်း ယခုအချိန်၌ သူထံတွင် စိုးရိမ်စရာ မရှိတော့ပေ။

ယဲ့လွီချွမ်း၏ စစ်သည် သုံးသောင်း၊ စူးချင်း ခေါ်ဆောင်လာသော လက်‌ရွေးစင်စစ်သည် ငါးထောင်နှင့် သူ့၏လက်ရှိ စစ်သည်နှစ်သောင်းကျော်တို့ ပေါင်းလိုက်ပါက စစ်သည်အင်အားက ငါးသောင်းရှစ်ထောင်အထိ တိုးလာပြီ ဖြစ်သည်။ သူတို့၏အင်အားက ဝမ်မိသားစု၏တပ်အင်အားထက် သောင်းနှင့်ချီ နိမ့်ပါးနေသေးသော်လည်း မော်တာများ ထပ်မံအားဖြည့်လိုက်လျှင် နှစ်ဦးနှစ်ဖက် အင်အားမျှနေရုံသာမက သူတို့ဘက်မှ ဝမ်မိသားစုစစ်တပ်အား လုံးလုံးလျားလျား ချေမှုန်းနိုင်ရန် လုံလောက်နေပြီ ဖြစ်သည်။

ယဲ့လွီချွမ်းနှင့် စူးချင်းတို့၏ ရောက်ရှိလာမှုက မူလ အန္တရာယ်ရှိသော အခြေအနေမှ အပြီးတိုင်အောင်ပွဲခံနိုင်မည့်အခြေအနေသို့ ပြောင်းလဲသွားစေခဲ့သည်။

“ဆရာ”

ကျုံးယုံက အသံပြဲကြီးဖြင့် အော်ဟစ်ကာ ရယ်မောရင်း စူးချင်းဆီသို့ ပြေးလာနေသည်။ သူ့ထံတွင် ကြမ်းတမ်းပြီး ယောက်ျားဆန်ကာ ခက်ထန်သော အမူအရာများ လုံးဝ မရှိတော့ဘဲ မိဘကို တွေ့လိုက်ရသည့် ကလေးတစ်ယောက်ကဲ့သို့ ပျော်ပျော်ရွှင်ရွှင် ပြေးလာနေခြင်း ဖြစ်သည်။

"မဆိုးဘူး၊ တော်တယ်"

စူးချင်းကလည်း ကျုံးယုံကို အပြုံးဖြင့် ပြန်ကြည့်ကာ ချီးမွမ်းလိုက်သည်။ ချီးကျူးခံရပြီးနောက်တွင် ကျုံးယုံက ပိုပျော်ရွှင်သွားပြီး ပွင့်ဖူးနေသည့် ပန်းပွင့်မျက်နှာဖြင့် ပြုံးနေလေသည်။

"အစ်ကိုကြီးကျုံး"

သူ့နောက်မှ ထွက်ပေါ်လာသော အသံက ကျုံးယုံ၏ မျက်နှာပေါ်မှ အပြုံးများကို အေးခဲသွားစေပြီး သူ နောက်သို့ လှည့်ကြည့်လိုက်ရာ သူ့ကို ချိုချိုသာသာ ပြုံးပြနေသည့် ကျန်းယွိရန်ကို တွေ့လိုက်ရသည်။

"ယွိရန်၊ မင်း ဘာလို့ ဒီကို ရောက်လာတာလဲ?"

သူ သူမနဲ့ ခွဲခွာနေရတာ တစ်လကျော်နေပြီ။ သူ စစ်တိုက်ရင်း အလုပ်ရှုပ်နေတဲ့အချိန်မှာ သိပ်မသိသာပေမယ့် သူ အတွေးတွေ အားလပ်နေတိုင်း သူမကို အရမ်းလွမ်းနေမိတယ်။ သူ သူ့မျက်လုံးကို မှိတ်လိုက်တာနဲ့ ယွိရန် သူ့အတွက် အစားအသောက်တွေနဲ့ အဝတ်အစားတွေ ယူလာပေးပြီး 'အစ်ကိုကြီးကျုံး' လို့ ချိုချိုသာသာ ခေါ်နေတာကိုပဲ မြင်ယောင်နေခဲ့မိတယ်။

"ကျွန်မ စစ်ပွဲမှာ ရှင့်ကို ကူညီပေးဖို့ လိုက်လာတာ"

ကျန်းယွိရန်က လူအများရှေ့တွင် သူမ ကျုံးယုံကို လွမ်းဆွတ်သောကြောင့် လိုက်လာခဲ့ကြောင်း ပြောရဲသည်အထိ သတ္တိမရှိသေးပေ။ သူမက စူးချင်းကို လွမ်းဆွတ်နေသောကြောင့် စူးချင်းကို သွားတွေ့မည့်ဟု သူမ၏မိသားစုကို ခွင့်တောင်းကာ ထွက်လာခဲ့ခြင်း ဖြစ်သည်။

သူမ လော့ချန်သို့ ရောက်လာချိန်တွင် စူးချင်းက တပ်များ စတင်စုစည်းနေပြီ ဖြစ်သည်။ စူးချင်း ရှေ့တန်းသို့ သွားမည့်အကြောင်း သိလိုက်ရသည်နှင့်တပြိုင်နက် ကျန်းယွိရန် သူမကို ခေါ်သွားပေးရန် စူးချင်းအား တောင်းပန်ခဲ့သည်။ သူမလည်း ရှောင်းလန်ရှင်းကဲသို့ ဒဏ်ရာရသူများကို ပြုစုစောင့်ရှောက်ရန် ကူညီပေးနိုင်သည်ဟု ပြောခဲ့ပြီး အမှန်တကယ်တွင်လည်း သူမက ထိုနယ်ပယ်အတွက် အတွေ့အကြုံရှိပြီးသားဖြစ်သည်။

စူးချင်းကလည်း ကျန်းယွိရန်က ကျုံးယုံကို တွေ့ချင်နေကြောင်း နားလည်ပေးနိုင်သည်။ ထို့အပြင် သူမက အမှန်တကယ်လည်း ဒဏ်ရာရစစ်သည်များကို ကူညီပေးနိုင်သည်။ အတိအကျပြောရလျှင် ထိုမိန်းခလေးများ၏အတွေ့အကြုံအရ ကျန်းယွိရန်က အရည်အချင်းပြည့်မီသော သူနာပြုတစ်ဦးဖြစ်နေပြီ ဖြစ်သောကြောင့် စူးချင်းက သူမကို ခေါ်ဆောင်လာခဲ့သည်။

“ဒီမှာ အရမ်းအန္တရာယ်များတယ်။ မနက်​ဖြန် ​တစ်ယောက်ယောက်ကို အကူအညီတောင်းပြီး မင်းကို ပြန်လိုက်​ပို့ခိုင်း​ပေးမယ်။"

ကျုံးယုံက သူ့စိတ်ထဲမှ တွေးနေသည့်အတိုင်း တိုက်ရိုက်ပြောတတ်သည့် ရိုးသားသူတစ်ယောက် ဖြစ်သည်။ သူ့စကားများက ရိုးရှင်းပြီး ပွင့်လင်းသော်လည်း တဖက်လူ၏နှလုံးသားကို နွေးထွေးစေခဲ့သည်။

"ကျွန်မ မကြောက်ဘူး"

ကျန်းယွိရန်က သူမ၏ခေါင်းလေးကို အပြင်းအထန် ခါယမ်းကာ ငြင်းဆန်လိုက်သည်။

အစ်ကိုကြီးကျုံး စစ်တိုက်ဖို့ ထွက်သွားပြီး သူမ တချိန်လုံး စိတ်ပူနေခဲ့တာလေ။ ညဘက်တွေမှာတောင် သွေးတွေဖုံးလွှမ်းနေတဲ့ အစ်ကိုကြီးကျုံးကိုပဲ အိပ်မက်တွေ မက်နေပြန်တယ်။ အိမ်မှာ နေပြီး တွေးပူနေရမယ့်အစား သူနဲ့အတူ စစ်တပ်ထဲမှာနေပြီး ကူညီပေးတာက အကောင်းဆုံးပဲ။ အနည်းဆုံးတော့ အစ်ကိုကြီးကျုံးကို ကာကွယ်ပေးချင်တယ်။

"ကဲပါ၊ တဲထဲ ဝင်ပြီး ထိုင်ကြရအောင်"

ရှောင်းကျဲယွိက စူးချင်းကို သူ့လက်နှစ်ဖက်လုံးဖြင့် ကာကွယ်ထားပြီး စူးချင်း သက်တော့သက်သာ ဖြစ်စေရန် သူ့ရင်ခွင်ထဲ၌ မှီထားစေသည်။ လူတိုင်းက အပြင်ဘက်၌ စကားပြောနေကြပြီး အချိန်ကြာလာသောကြောင့် သူက စူးချင်း ပင်ပန်းမည်ကို စိုးရိမ်ကာ လူတိုင်းကို တဲထဲသို့ ဝင်ခိုင်းလိုက်သည်။

စစ်သည်တစ်ယောက်က လက်ဖက်ရည်ကျိုပေးရန် ပြင်ဆင်နေပြီး တဲထဲတွင် ရယ်မောသံများ ပြည့်နှက်လာသည်။ ရှောင်းကျဲယွိက သူ့ဘာသာသူ မထိုင်သေးဘဲ စူးချင်းကို ပင်မခံတွင် ထိုင်နိုင်ရန် ကူညီပေးနေခဲ့သည်။ ထိုနေရာက စားပွဲရှည်ကြီး နှစ်လုံးကို ဆက်ထားသောနေရာဖြစ်ပြီး စစ်သူကြီးနှင့် စစ်ကဲများ စစ်ရေးအတွက် ဆွေးနွေးတိုင်ပင်သည့်နေရာ ဖြစ်သည်။

"အားလုံး ထိုင်ကြ၊ အခု အားလုံး ဗိုက်ဆာလာကြမှာပဲ၊ မုန့်တွေ အရင်စားထားနှင့်ကြနော်။ ခနနေရင်း သိုးသားကင် စားလို့ ရပြီ"

စူးချင်း ရောက်လာသည်နှင့် ရှောင်းကျဲယွိ၏ မျက်နှာပေါ်မှ အပြုံးများက မပျောက်ကွယ်သွားတော့ဘဲ သူ၏အတွင်းစိတ်ထဲမှ ပျော်ရွှင်နေမှန်း သိသာနေသည်။

ယခုအချိန်တွင် သူတို့က စစ်တိုက်နေခြင်း ဖြစ်ပြီး အိမ်မှာကဲသို့ ဟင်းပွဲစုံစုံလင်လင် မစားနိုင်ဘဲ သိုးသားကင်တစ်မျိုးဖြင့်သာ ဧည့်ခံနိုင်သည်။

“ကျွန်မ ဟင်းသီးဟင်းရွက်တွေကို လှည်းတစ်စီးစာအပြည့် ယူလာခဲ့တယ်။ အသားတွေ အရမ်းစားတာက စိတ်တိုဖို့ လွယ်ကူစေတယ်။ နောက်မှ လူတိုင်းအတွက် သက်သတ်လွတ်ဟင်းပွဲတွေ လုပ်ပေးမယ်"

ယခု သူမ သိုးသားမစားနိုင်တော့သောကြောင့် စူးချင်းက ရှောင်းကျဲယွိကို ထို့သို့ လှမ်းပြောလိုက်ခြင်း ဖြစ်သည်။ အသားစားပြီးသည်နှင့် သူမ အန်ချင်သလို ခံစားရပြီး အသားနံ့ကပင် ပျို့အန်ချင်စေသည်။ သို့သော် သူမတို့က ခရီးရှည်ကြီး ထွက်လာခဲ့ကြပြီး စူးချင်းက အသီးအရွက်များ၏ အစိုဓာတ် ဆုံးရှုံးမည်ကို စိုးရိမ်ကာ ထိုဟင်းသီးဟင်းရွက်များအားလုံးကို စနစ်ထဲ၌ သိမ်းဆည်းခဲ့သည်။ ထို့ကြောင့် ယခု သူမက ဟင်းသီးဟင်းရွက်များ ယူလာသည်ဟု ပြောလိုက်ချိန်တွင် ယဲ့လွီချွမ်းက သူမကို အံသြတကြီး လှမ်းကြည့်လိုက်သည်။

ဟင်းသီးဟင်းရွက်တွေ ဘယ်မှာလဲ? သူ ဘာကြောင့် တစ်လမ်းလုံး အဲ့ဒါတွေကို မတွေ့ခဲ့ရတာလဲ?

ရှောင်းလန်ရှင်းကတော့ အနည်းငယ် သိထားပြီး ဖြစ်သည်။ သူမက သူမ၏ယောင်းမနှင့် ရထားလုံးထဲတွင် ရှိနေခဲ့ပြီး ယောင်းမဖြစ်သူက သူမအတွက် သခွားသီးတစ်လုံး၊ ခရမ်းချဉ်သီးတစ်လုံးနှင့် ဖရဲသီးတစ်လုံး ပေးခဲ့သည်။ သူမ ထိုအသီးအနှံများကို တစ်ခါမှပင် မစားဖူးဘဲ ထိုနာမည်များကိုလည်း ယောင်းမဖြစ်သူက ပြောပြခဲ့ခြင်း ဖြစ်သည်။

ကျန်းယွိရန်ကလည်း စူးချင်း စိုက်ပျိုးထားခဲ့သည့် အသီးအရွက်များကို စားခွင့်ရသည်အထိ ကံကောင်းခဲ့သည်။ ထိုအသီးအနှံများက အလွန်အရသာရှိပြီး ခရမ်းချဉ်သီးဟု ခေါ်သောအသီးက ကိုက်လိုက်ရုံဖြင့် အရည်ရွှမ်းနေကာ ချိုမြိန်လွန်းသည်ဟု သူ မခံစားရသည်။ သခွားသီးကို စားဖူးခြင်းကလည်း သူမအတွက် ပထမဆုံးအကြိမ် ဖြစ်သည်။ ဖရဲသီးကတော့ အရသာရှိလွန်းသောကြောင့် သူမ ဖရဲစေ့များကိုပင် မလွှင့်ပစ်ရက်ပေ။

စူးချင်း တစ်စုံတစ်ခုအား လေထဲမှ ဆွဲထုတ်လိုက်သည်ကို ပထမဆုံးအကြိမ် မြင်ခွင့်ရစဥ်က ကျန်းယွိရန်လည်း အလွန်အမင်း အံ့အားသင့်နေခဲ့သည်။ သို့သော် ထိုအဖြစ်အပျက်မျိုးကို အချိန်အတော်ကြာအောင် ကြည့်ခဲ့ရပြီးနောက် သူမ ထုံကျဉ်သွားပြီဖြစ်ကာ ယခု စူးချင်းက လေထဲမှ အိမ်တစ်လုံး ဆွဲထုတ်လာလျှင်ပင် သူမအတွက် ထူးဆန်းတော့မည် မဟုတ်ပေ။

မည်သို့ပင်ဖြစ်စေ သူမ၏နှလုံးသားထဲတွင် စူးချင်းက နတ်ဘုရားတစ်ပါးသာ ဖြစ်သည်။

"မင်း အနားယူသင့်ပြီ"

ရှောင်းကျဲယွိက စူးချင်း ဤမျှရှည်လျားသော ခရီးရှည်ကြီးကို ဖြတ်သန်းခဲ့ပြီး ယခု လူတိုင်းအတွက် ချက်ပြုတ်ပေးရမည်ကို သည်းမခံနိုင်ဘဲ သူမကို လှုပ်ရှားခွင့် မပေးတော့ပေ။

“ကိုယ် သိုးတွေ သတ်ဖို့ အမိန့်ပေးထားပြီးပြီ။ အခုလောက်ဆို ကင်နေကြရောပေါ့”

စူးချင်းက စောဒကမတက်တော့ဘဲ အသီးအနှံ အများအပြားကို ထုတ်ယူကာ စစ်သည်တစ်ယောက်အား ရေဆေးပေးရန် တောင်းဆိုလိုက်သည်။ ခဏအကြာတွင် စားပွဲတစ်ခုတိုင်းသို့ အသီးအနှံတစ်ပန်းကန်စီ ရောက်လာခဲ့သည်။

ယဲ့လွီချွမ်းကတော့ အလွန်မနာလိုဖြစ်နေလေသည်။

တာ့ထန်မှာ အသားတွေ အများကြီး ရှိပေမယ့် အသီးအရွက်တွေ စားရဖို့က ကောင်းကင်ဘုံကို တက်ရသလိုပဲ။ ပိုက်ဆံရှိတာတောင် မဝယ်နိုင်ဘူး။

တော်ဝင်မိသားစုတောင်မှ အသီးအရွက် စားနိုင်မယ့် ရာသီရောက်တဲ့အထိ စောင့်ရုံပဲတတ်နိုင်တယ်။

အသေးအမွှားကိစ္စလေးများ ပြောပြီးနောက်တွင် လေးနက်သော အလုပ်အကြောင်း စတင်ပြောဆိုကြသည်။ လူငါးသောင်းကျော်အတွက် စားနပ်ရိက္ခာနှင့် စစ်သုံးစရိတ် တစ်နေ့စာ ငွေကို မီးရှို့နေရသလို ဖြစ်နေစေသည်။ ငွေချွေတာရန် အကောင်းဆုံးနည်းလမ်းမှာ တိုက်ပွဲကို အမြန်အဆုံးသတ်ရန် ဖြစ်သည်။

“အကိုကြီး၊ သူတို့ဘက်က မင်းကို နှိမ်နင်းဖို့ တပ်ဖွဲ့ဝင်ရှစ်သောင်းကျော် စုစည်းထားတယ်လို့ ငါ ကြားတယ်၊ ဒါကြောင့် မင်းကို ကူညီဖို့ စစ်သည်တွေ ခေါ်လာခဲ့တာ။ ငါတို့ မြို့ကို ဘယ်တော့တိုက်ခိုက်မှာလဲ?"

ယဲ့လွီချွမ်းက ရှောင်းလန်ရှင်း၏ အခေါအဝေါ်အတိုင်း ရှောင်းကျဲယွိကို အစ်ကိုကြီးဟု ပြောင်းခေါ်လိုက်သည်။ သူက စစ်တိုက်ရာတွင် ကူညီရန် ဤနေရာသို့ ရောက်လာခဲ့ပြီး တိုက်ပွဲအပြီးတွင် အမြန်ပြန်ရမည် ဖြစ်သည်။

တိုင်းပြည်၏စစ်အင်အားမှ သုံးပုံနှစ်ပုံလောက်ကို သူ ခေါ်လာခဲ့ခြင်းက သူတို့တိုင်းပြည်အတွက် အချိန်မရွေးအန္တရာယ်ဖြစ်လာစေနိုင်သည်။

“လက်ရှိအခြေအနေကတော့ မင်း ပြောသလိုပဲ၊ မြို့တော်မှာ အစောင့်အကြပ်တွေ အများကြီး နေရာချထားတယ်၊ တပ်တွေလည်း ဖြန့်ထားပြီးပြီ။ ရိက္ခာတွေကိုလည်း မြို့တွင်းကို အဆက်မပြတ် ပို့ဆောင်နေတယ်။ ငါတို့ဘက်ကလည်း သူတို့ရဲ့ ရိက္ခာနဲ့ တိရစ္ဆာန်အစာတွေ ကြားဖြတ်လုယူထားတယ်၊ အခုအချိန်မှာ ငါတို့အတွက် လုံလောက်နေပြီ။ ပြီးတော့ သူတို့ဘက်မှာ မော်တာတွေ မတွေ့ရသေးပေမယ့် ရှိ မရှိတော့ လုံး၀ မသေချာသေးဘူး။ လောလောဆယ်ရထားတဲ့ တစ်ခုတည်းသောသတင်းက သူခိုးကြီးဝမ်က ချင်ထျဲရဲ့သမီးကို ရှာနေတယ်တဲ့၊ ငါ့ရဲ့ သုံးသပ်ချက်ကတော့ ချင်ထျဲက သူခိုးကြီးဝမ်အတွက် မော်တာ‌တွေ မလုပ်ပေးဘူး ထင်တယ်၊ ငါကတော့ ဒီအချိန်ကို အခွင့်ကောင်းယူပြီး မြို့တော်ကို မြန်မြန်သိမ်းပိုက်သင့်တယ်လို့ တွေးထားတယ်”

ရှောင်းကျဲယွိက လက်ရှိအခြေအနေနှင့် မြို့ကို တိုက်ခိုက်ရန် စီစဥ်ထားသည့် သူ့အစီအစဉ်များအား လူတိုင်းကို ပြောပြလိုက်သည်။

"ရွှေ့ရှန့်၊ ဒီတစ်ခါတော့ ကျွန်မ ရှင့်နဲ့အတွေး မတူတော့ဘူး။ ချင်ထျဲက သူခိုးကြီးဝမ်အတွက် မော်တာတွေ လုပ်ပေးနေတာလည်း ဖြစ်နိုင်တယ်။ ဒါကြောင့် သူခိုးကြီးက သူ့သမီးကို ကူရှာခဲ့နေတာနေမှာ”

စူးချင်းက ချင်ထျဲကို လုံးဝ မယုံကြည်တော့ဘဲ သူမ၏ အတွေးများက ရှောင်းကျဲယွိနှင့် လုံးဝဆန့်ကျင်ဘက် ဖြစ်သည်။

“အကိုကြီး၊ ဒါက မင်းကို မြို့ကို ချက်ချင်းလာတိုက်ခိုက်ဖို့ လှည့်စားနေတဲ့ သူခိုးကြီးဝမ်ရဲ့ လှည့်ကွက်လည်း ဖြစ်နိုင်တယ်”

ယဲ့လွီချွမ်းကလည်း ဘေးမှ ဝင်ပြောလိုက်သည်။ သူက တော်ဝင်မိသားစုဝင်တစ်ဦး ဖြစ်ပြီး တော်ဝင်မိသားစုဝင်များအားလုံးက သံသယစိတ်များကာ အရာရာကို နက်နက်နဲနဲ တွေးတောလေ့ရှိကြသည်။

"အဲ့ဒီလူအိုကြီးဝမ်မှာ ဘယ်လို လှည့်ကွက်တွေပဲ ရှိနေ ရှိနေ၊ မနက်ဖြန်က မြို့တော်ကို တိုက်ခိုက်ဖို့ အကောင်းဆုံးနေ့ရက်ပဲ"

All Chapters