ကောင်းကင်ဘုံကတောင် ငါ့ကို ကူညီပေးနေတယ်
Vol. 38 Ch. 565
သူခိုးကိုဖမ်းရန်အတွက် ခေါင်းဆောင်ကို အရင်ဖမ်းရမည်ဖြစ်ပြီး စစ်မြေပြင်တွင် နှစ်အတော်ကြာနေခဲ့သည့် ဝမ်ယွိလင်က ထိုအချက်ကို ကောင်းကောင်းသိထားပြီး ဖြစ်သည်။
ရှောင်းကျဲယွိ ကျဆုံးသွားတာနဲ့ ရှောင်းမိသားစုစစ်တပ်မှာ ခေါင်းဆောင်တစ်ယောက်မှ ရှိတော့မှာ မဟုတ်ဘူး။
အဲ့အချိန်ရောက်လာရင် ရှောင်းမိသားစုစစ်တပ်က သဲသောင်ပြင်မှာ လွတ်လိုက်တဲ့ ခွေးတွေလို အလွယ်တကူ ပြန့်ကျဲသွားလိမ့်မယ်။
ဝမ်ယွိလင်အား ကြောက်မက်ဖွယ်ကောင်းသည့် လူသားတစ်ဦးအဖြစ် သတ်မှတ်ခဲ့ကြခြင်းက အကြောင်းမဲ့သက်သက် မဟုတ်ဘဲ သူ့၏စွမ်းရည်နှင့် ခွန်အားက သဘာဝကို ကျော်လွန်နေသောကြောင့် ဖြစ်သည်။ သူက လေးပစ်စွမ်းရည်က လုံးဝ မလွဲချော်သည်အထိ တိကျပြီး သူ ကိုင်ဆောင်သည့်လေးကိုင်းရှည်ကြီးကလည်း လှပသလောက် မာကျောလေးလံလွန်းလှသည်။ ထို့ကြောင့် သာမာန်လူများအနေဖြင့် လေးညှို့ကိုပင် ဆွဲတင်နိုင်မည် မဟုတ်ဘဲ ပစ်နိုင်သည့် အကွာအဝေးကလည်း ရိုးရိုးလေးကိုင်းများထက် နှစ်ဆပိုဝေးသော နေရာအထိ ရောက်နိုင်သည်။
ဝမ်ယွိလင်က အကွာအဝေးကို တွက်ချက်နေပြီး လက်ရှိ သူ ရှိနေသည့်နေရာက ရှောင်းကျဲယွိကို ပစ်သတ်နိုင်ရန် ခက်ခဲနေသေးသည်။ ထို့ကြောင့် သူက ရှောင်းကျဲယွိတို့ဘက်သို့ အော်ဟစ်ရန် သူ့လူများကို အမိန့်ပေးလိုက်သည်။
“ဧကရာဇ်မင်းမြတ်က မင်း ရှေ့တိုးလာပြီး စကားပြောဖို့ အမိန့်ပေးလိုက်တယ်။ စစ်ဘေးကြောင့် ပြည်သူတွေ ဒုက္ခမရောက်စေချင်ရင် အခုအချိန်မှာ ဆွေးနွေးလို့ ရနိုင်သေးတယ်”
“စကားပြောချင်ရင် ဆင်းလာခဲ့”
ရှောင်းကျဲယွိကလည်း ထိုမြေခွေးအိုကြီး၏လှည့်ကွက်ထဲသို့ အလွယ်တကူ ကျရောက်သွားမည် မဟုတ်ပေ။ သူက မြို့ရိုးပေါ်ရှိ ဝမ်ယွိလင်ကို စိန်ခေါ်သလို ကြည့်နေကာ သူ့လက်ညှိုးကို ကွေးရင်း ပြန်အော်ပြောလိုက်သည်။
“မိုက်မဲလိုက်တာ"
ဝမ်ယွိလင်က မုန်းတီးမှုအပြည့်ဖြင့် အံ့ကြိတ်ကာ ကျုံးဝါးလိုက်သည်။
မင်းက နိမ့်ကျတဲ့ သာမန်လူတစ်ယောက်ပဲ။ မင်းက ဒီမြင့်မြတ်တဲ့ဧကရာဇ်ကို အောက်ဆင်းလာပြီး စကားပြောဖို့ တောင်းဆိုရဲတယ်တဲ့လား? ကလေးလေးက ကောင်းကင်ဘယ်လောက်မြင့်ပြီး မြေကြီးဘယ်လောက်နက်တာကို မသိဘူးပဲ။
"မြို့တံခါးကို တိုက်ခိုက်ထို့ ပြင်ထားကြတော့"
ရှောင်းကျဲယွိကတော့ နောက်ထပ် အချိန်မဖြုန်းချငတော့ဘဲ သူ့နောက်မှ အမြောက်တပ်သားများကို လက်မြှောက်အချက်ပြလိုက်သည်။
အခု ဝမ်ယွိလင်က သူ့ရှေ့မှာ ရှိနေပြီလေ။ မြို့တံခါးကို ဖြိုဖျက်တာက ရန်သူကို သတ်တာနဲ့အတူတူပဲ။
ရှောင်းကျဲယွိ သူ့လှည့်ကွက်ထဲသို့ မဝင်လာသည်ကို သိလိုက်ရသဖြင့် ဝမ်ယွိလင်က သူ့ကို ရိုးရိုးရှင်းရှင်း ပစ်သတ်ရန် ဆုံးဖြတ်လိုက်သည်။ သူက ဆေး၏အကူအညီဖြင့် ရှောင်းမိသားစုမှ ကလေးအား သတ်နိုင်မည်ဟု ယုံကြည်နေဆဲ ဖြစ်သည်။
တစ်ဘက်တွင်လည်း ရှောင်းကျဲယွိ၏အမိန့်သံ ဆုံးသွားသည်နှင့် လေထဲမှ အော်မြည်သံကို သူတို့ ကြားလိုက်ကြရသည်။ ရှောင်းကျဲယွိဘေးမှ ဒိုင်းသမားများက သူ့အနားသို့ ချက်ချင်း ရောက်လာကြပြီး သူတို့၏ဒိုင်းများကို အသုံးပြုကာ သူတို့၏သခင်လေးကို ကာကွယ်ပေးလိုက်ကြသည်။
ဝမ်ယွိလင်က ဆေးနှစ်လုံး သောက်ထားပြီး အင်အားနှစ်ဆတိုးလာသောကြောင့် မြှားကို ရှောင်းကျဲယွိ၏ရှေ့တည့်တည့်အထိရောက်အောင် ပစ်နိုင်ခဲ့သည်။ သို့သော်လည်း ထိုမြားက ဒိုင်းကာကိုသာ ထိမှန်သွားပြီး မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။
ရှောင်းကျဲယွိဘက်မှ ဒိုင်းကိုင်ဆောင်သူများက မြို့ရိုးပေါ်သို့ နေရောင်ပြန်ဟပ်နိုင်သည့် ရောင်ပြန်ဒိုင်းများကို အသုံးပြုနေကြပြီး စူးရှသောအလင်းရောင်က မြို့ရိုးရှိ စစ်သည်များ၏အမြင်အာရုံကို အနှောက်အယှက်ဖြစ်စေသည်။ ထို့ကြောင့် သူတို့ဘက်မှ ရှောင်းမိသားစုစစ်တပ်၏ လှုပ်ရှားမှုများကို မြင်တွေ့ရန် မဖြစ်နိုင်တော့ပေ။
သူတို့ ရှင်းရှင်းလင်းလင်း မြင်နိုင်သွားချိန်တွင်တော့ အရာအားလုံး နောက်ကျသွားပြီ ဖြစ်သည်။ မော်တာရှစ်လက်က တစ်ပြိုင်နက် စတင်ပစ်ခတ်နေပြီဖြစ်ကာ မော်တာကျည်များက မြို့ရိုးပေါ်သို့ ကျရောက်လာပြီ ဖြစ်သည်။ ပြင်းထန်သော ပေါက်ကွဲသံနှင့်အတူ မြို့တတိုင်းများ ပေါက်ကွဲကျိုးပဲ့သွားပြီး ကျောက်ခဲအပိုင်းအစများက ကောင်းကင်တစ်ခုလုံးအနှံ့ လွင့်စင်ပျံသန်းသွားသည်။
ထိုပေါက်ကွဲမှုကြောင့် ဝမ်ယွိလင်ပင် သေဆုံးလုနီးပါးဖြစ်ခဲ့ရပြီး ကံကောင်းထောက်မစွာဖြင့် သူ့သက်တော်စောင့်တစ်ယောက်က သူ့ကို အုပ်မိုးကာ အသက်စွန့် ကာကွယ်ပေးသွားခဲ့သည်။ သူ့ကိုယ်သူ အမြင့်မြတ်ဆုံး အုပ်စိုးရှင်အဖြစ် သတ်မှတ်ထားသော ဝမ်ယွိလင်က ရှက်ရွံ့နေသောမျက်နှာဖြင့် မတ်တပ်ထရပ်ကာ စစ်ရေးအချက်ပြအား အလံပြောင်းခိုင်းလိုက်သည်။ သူက တိုက်ခိုက်နေတရင်း ဖွဲ့စည်းပုံဗျူဟာများ ပြောင်းလဲရန်နှင့် မော်တာများကို လုယူရန် မြင်းတပ်များ ကြိုတင်စေလွှတ်ထားခဲ့သည်။ ယခု ထိုမြင်းတပ်များကို အမိန့်ပေးရန်အတွက် အလံအချက်ပြမှုများကို အသုံးပြုခိုင်းနေခြင်း ဖြစ်သည်။
ချင်ထျဲက သူ့အတွက် မော်တာတစ်လက် လုပ်ပေးရမည်ထက် သေရန်သာ ဆန္ဒရှိနေသောကြောင့် သူက တိုက်ပွဲမစမီ ရှောင်းကျဲယွိ၏မော်တာများကို လုယူရန် ကြံစည်ထားခဲ့သည်။ ဤအစီအစဉ်က အဆိုးဆုံးအတွက် ကြိုတွေးကာ သူ စီမံထားသော အစီအစဥ်ဖြစ်သည်။
သူ့ကို စဉ်းလဲသော မြေခွေးအိုကြီးတစ်ကောင်ဟု ဆိုနိုင်သော်လည်း ရှောင်းကျဲယွိကလည်း လုံလောက်သော ပြင်ဆင်မှုများ ပြုလုပ်ထားပြီး ဖြစ်သည်။ မြို့ရိုးများပေါ်မှ လွှင့်ထူလိုက်သော အလံများကို မြင်လိုက်သည်နှင့် ရှောင်းကျဲယွိက သူ့၏ကိုယ်ပိုင်သက်တော်စောင့်များအား လက်ပစ်ဗုံးများ ကြိုတင် ထုတ်ယူထားရန် အမိန့်ပေးလိုက်သည်။ သူတို့က မြင်းတပ်များကို လက်ပစ်ဗုံးဖြင့် မပစ်မီ စစ်မြင်းများနှင့် မြင်းစစ်သည်များ မျက်လုံးမဖွင့်နိုင်ရန် ဒိုင်းများကို အရင်အသုံးပြုခဲ့သည်။
သံချပ်ကာဝတ် မြင်းတပ်က လျင်မြန်လွန်သည်ဟု ဆိုကြသော်လည်း လက်ပစ်ဗုံးများလောက် မမြန်နိုင်ပေ။
သူတို့၏လေးမြှားများနှင့် လက်နက်များကို မမြှောက်နိုင်ခင်မှာပင် တစ်ယောက်ပြီးတစ်ယောက် လေထဲတွင် ပေါက်ကွဲသွားကာ သူတို့အားလုံး သုတ်သင်ခံလိုက်ရသည်။
ယခုအခြေအနေတွင် ကောင်းကင်ကလည်း ရှောင်းကျဲယွိအား ကူညီပေးနေပုံရပြီး ယနေ့ နေရောင်က ပုံမှန်ထက် ပိုလင်းနေကာ ဒိုင်းပေါ်ရှိ အလင်းရောင်က ဘာမှ မမြင်ရလောက်အောင်အထိ မျက်စိစူးနေစေသည်။
ဝမ်ယွိလင်က သူ ဂရုတစိုက် ဗျူဟာချထားသည့် ချုံခိုတိုက်ခိုက်မှု ပျက်ဆီးသွားသည်ကို နားလည်သွားပြီး သူ့မျက်လုံးများထဲတွင် အမုန်းတရားများပြည့်နှက်လာကာ သူ့မျက်ဝန်းအိမ်များ နီရဲလာသည်။ အလစ်တိုက်ခိုက်မှုက အလုပ်မဖြစ်သောကြောင့် အရေအတွက်ဖြင့် ဖိနှိပ်ရန် သူ ဆုံးဖြတ်လိုက်ပြီး ပေါက်ခွဲမှုများက စစ်သည်ရှစ်သောင်းအား သေစေနိုင်မည်ဟု သူ လုံးတ မယုံကြည်နိုင်ခဲ့ပေ။
ဝမ်ယွိလင်က တပ်အားလုံး တစ်ခါတည်း ထွက်ခွာရန် အမိန့်ပေးတော့မည့်အချိန်တွင် သူ့လက်အောက်ငယ်သားများက အနောက်ဘက်တံခါးနှင့် ဘယ်နှင့် ညာရှိ ဘေးတံခါးများလည်း တိုက်ခိုက်ခံရကြောင်း သတင်းပို့လာခဲ့သည်။ ထိုသတင်းက မနည်းအားတင်းထားရသော ဝမ်ယွိလင်ကို ယိုင်သွားစေကာ နောက်ပြန်လဲကျလုနီးပါးဖြစ်သွားစေသည်။
ကောင်းကင်ဘုံက လူတစ်ဦးအား သတ်တော့မည့်အချိန် ရောက်လာလျှင် ထိုလူ၏ကံကြမ္မာကိုပင် ကံဆိုးမိုးမှောင်ကျစေပြီး သူ့၏ဆင်ခြင်တုံတရားနှင့် စီရင်ဆုံးဖြတ်မှုကိုပါ ဆုံးရှုံးစေသည်။ သူ ဆေးတစ်လုံးသာ စားခဲ့ပါက နောက်ထပ်ဆယ်ရက်မှ လဝက်လောက်ကြသည်အထိ နေနိုင်ဦးမည်ဖြစ်သည်။ သို့သော်လည်း သူက ရှောင်းကျဲယွိကို ကိုင်တွယ်ဖြေရှင်းရန် သူ့ကိုယ်သူ လုံလောက်သည့် စွမ်းအင် လိုချင်သောကြောင့် ဆေးနှစ်လုံးကို တပြိုင်တည်း စားသုံးခဲ့သည်။
ထိုဆေးပြားများထဲမှ ခဲနှင့် ပြဒါးပါဝင်မှုက အံ့သြစရာကောင်းလောက်အောင် မြင့်မားနေပြီး အားနည်းနေသူတစ်ယောက်အနေဖြင့် ၎င်းကို အလွန်အကျွံသောက်လိုက်ခြင်းက အဆိပ်သောက်ခြင်းနှင့် ညီမျှသည်။ ဝမ်ယွိလင်က သူ့ကိုယ်သူ မထိန်းနိုင်တော့ဘဲ သူ့ပါးစပ်ထဲက သွေးများ အန်ထွက်လာသည်။ မြို့ရိုးအောက်သို့ စိုက်ကြည့်နေသည့် သူ့မျက်လုံးများက မှိတ်ကျသွားပြီး သူလည်း မြို့ရိုးပေါ်သို့ မှောက်ကျသွားတော့သည်။
ယခုတကြိမ်တွင် ဧကရာဇ်က တပ်ကြီးသုံးတပ်ရှေ့တွင် သွေးအန်ခဲ့ပြီး အားလုံး ဖရိုဖရဲ ဖြစ်သွားရတော့သည်။ တပ်ဖွဲ့ဝင်များ၏တိုက်ခိုက်ချင်စိတ်ကို အနှောင့်အယှက်ဖြစ်စေခဲ့ပြီး စစ်သည်များစွာက သူတို့၏ တိုက်ပွဲစိတ်များကို ဆုံးရှုံးလိုက်ရပြီ ဖြစ်သည်။
ဝမ်ယွိလင် မေ့လဲသွားသည့်အခိုက်အတန့်တွင် တိမ်တိုက်များက ကောင်းကင်မှ နေရောင်ကို ချက်ချင်း ပိတ်ဆို့လိုက်သည်။ တချိန်တည်းမှာပင် လေပြင်းများ တိုက်ခတ်လာပြီး သဲများနှင့် ကျောက်တုံးကျောက်စလေးများ လွင့်ပျံသွားသည်။ ထိုအဖြစ်အပျက်များအားလုံးက တခဏချင်းအတွင်း ဖြစ်သွားခဲ့ခြင်းပင်။
ဝမ်မိသားစုစစ်တပ်မှ စစ်သည်အများအပြားကလည်း ရုတ်တရက်ဖြစ်လာသည့် ရာသီဥတုအပြောင်းအလဲကို မြင်သွားပြီး ဝမ်မင်းဆက်အတွက် နိမိတ်လက္ခဏာတစ်ခုဟု ခံစားလိုက်ရသည်။
စူးချင်းလည်း ထိုရာသီဥတုပြောင်းလဲမှုကို မြင်လိုက်ရသည်။ တစ်စက္ကန့်အတွင်းတွင် တောက်ပနေသော နေရောင် ချက်ချင်း ပျောက်ကွယ်သွားပြီး နောက်တစ်စက္ကန့်တွင် လေပြင်းများ တိုက်ကာ အရာအားလုံး ပြန်ကြည်လင်လာသည်။ ဤအရာက ကောင်းကင်နှင့်မြေကြီးကို မယုံကြည်သော စူးချင်းကိုပင် မှော်ဆန်သည်ဟု ခံစားရစေခဲ့သည်။
ရှောင်းကျဲယွိကတော့ ကောင်းကင်နှင့် ရာသီဥတု၏ အပြောင်းအလဲကို ကြည့်နေရင်း အလွန်ဝမ်းသာနေလေသည်။
ကောင်းကင်ကတောင် သူ့ကို ကူညီပေးနေပြီပဲ။
ရှောင်းကျဲယွိက သူ့လက်ထဲမှ ငွေလှံကို မြို့ရိုးဆီသို့ ချိန်ရွယ်ရင်း ကျယ်လောင်စွာ အော်ဟစ်အမိန့်ပေးလိုက်သည်။
"ပစ်"
စူးချင်းက သူမ၏ မှန်ပြောင်းဖြင့် မြို့ရိုးဆီသို့ လှမ်းကြည့်လိုက်သည်။ အစောပိုင်းတွင် အဝါရောင်ဝတ်ရုံ ဝတ်ထားသည့် ဝမ်ယွိလင်ကို သူမ မြင်နေခဲ့ရသော်လည်း ယခု မြို့ရိုးတစ်ခုလုံး ကမောက်ကမဖြစ်နေကာ ဝမ်ယွိလင်ကို မည်သည့်နေရာတွင်မှ ရှာမတွေ့တော့ပေ။
မြို့ရိုးပေါ်၌ ဘာဖြစ်နေသည်ကို သူမ မသိနိုင်သော်လည်း ယခုက တိုက်ခိုက်ရန် အကောင်းဆုံး အခွင့်အရေးဖြစ်နေသောကြောာင့် စူးချင်းက ရှောင်းကျဲယွိ၏နံဘေးအထိ မြင်းစီးသွားကာ သူ့ကို လှမ်းပြောလိုက်သည်။
"ရွှေ့ရှန့်၊ မြို့တံခါးကို ဖောက်ခွဲလိုက်တော့"
"မင်းက ဘာလို့ ဒီကို ရောက်လာတာလဲ? မြန်မြန်ပြန်သွား"
ရှောင်းကျဲယွိက စူးချင်း အနောက်ဘက်သို့ အမြန်ပြေးသွားသည်ကို ကြည့်နေရင်း သက်ပြင်းချလိုက်သည်။
စူးချင်းကလည်း သူမ၏ခွန်အားကို လုံး၀ အသုံးမချနိုင်တော့သလို ခံစားနေရသည်။
ကလေးက အချိန်မှားပြီး ရောက်လာတာပဲ။ အခု သူမ တိုက်ခိုက်ချင်ပေမယ့် နောက်ကနေပဲ စောင့်ကြည့်နေရတယ်။
ကျုံးယုံနှင့် ကျန်းကျင့်လင်းတို့ကလည်း အရှေ့တံခါးမှ ပေါက်ကွဲသံများကို ကြားလိုက်ရပြီး သူတို့၏အမြောက်တပ်များကို မြို့တံခါးအား ပစ်ခတ်ဖောက်ခွဲရန် အမိန့်ပေးလိုက်သည်။
မြို့စောင့်တပ်သားများကလည်း မီးလျှံများ ထွက်နေသည့် မော်တာများကို တွေ့သွားပြီး တုန်လှုပ်သွားကြသည်။
သူတို့ ဒီတိုက်ပွဲကို ဘယ်လို နိုင်အောင်တိုက်ကြရမှာလဲ?
ကျုံးယုံက မြို့တံခါး ပွင့်သွားသည်ကို ကြည့်နေခဲ့သည်။ ယခုအချိန်တွင် သစ်သားတုံးကြီးများပင် လုံးဝ အသုံးမလိုတော့ပေ။ မြို့တံခါး ပွင့်သွားသည်နှင့် ကျုံးယုံက မြို့ထဲသို့ မကြောက်မရွံ့ ပြေးဝင်ကာ တိုက်ခိုက်ရန် ပြင်လိုက်သော်လည်း သူ့၏လက်ထောက်စစ်သူကြီးက သူ့ကို တားဆီးလိုက်သည်။
"သခင်လေးက မြို့တံခါးကို ထိုးဖောက်ပြီးရင် အလျင်စလို မဝင်သွားဖို့ သေသေချာချာ ညွှန်ကြားလိုက်တယ်"
“ကျစ်၊ ဘယ်လောက်တောင် ဒုက္ခများနေတာလဲကွာ”
ကျုံးယုံလည်း ရန်သူများ ထွက်လာမည်ကိုသာ စောင့်နေရတော့သည်။ လက်ထောက်စစ်သူကြီးတစ်ဦး ဦးဆောင်လာသည့် ဝမ်မိသားစုတပ်ဖွဲ့တစ်ဖွဲ့က မြို့ထဲမှ အပြေးထွက်လာကြသည်။ သူတို့က မော်တာများကို လုယူရန် ဆုံးဖြတ်ထားကြပြီး ထိုမော်တာများ ရနိုင်သရွေ့ မြို့ကို ကာကွယ်နိုင်မည်ဟု ယုံကြည်ထားကြသည်။ ထို့ကြောင့် သူတို့ဘက်ကလည်း ဘာကိုမဆို စတေးရန် တွန့်ဆုတ်နေမည်မဟုတ်ပေ။
မူလက မြို့ကို ကာကွယ်ရန် အမိန့်ပေးခံခဲ့ရသော်လည်း ယခုမြို့တံခါးက မရှိတော့ပေ။ ထိုကြောင့် သူတို့ အထဲ၌နေခြင်းနှင့် အပြေးအလွှား ထွက်ခွာလာခြင်းက ဘာမှ မကွာခြားတော့ပေ။ ထိုကြောင့် ရှောင်းမိသားစုစစ်တပ် မြို့ကို တိုက်ခိုက်လာမည်အား စောင့်ကြည့်နေမယ့်အစား သူတို့ဘက်မှ စတင်တိုက်ခိုက်ခြင်းက ပိုကောင်းမည်ဟု သူတို့ ဆုံးဖြတ်လိုက်ကြခြင်းပင်။
ဘာမှမလုပ်ဘဲ သေရတာထက် သူရဲကောင်းဆန်ဆန် သေရတာက ပိုကောင်းတယ်လေ။
ကျုံးယုံက သူတို့ ထွက်လာသည်ကို မြင်သွားပြီး အားရပါးရ ရယ်မောကာ အော်ဟစ်အမိန့်ပေးလိုက်သည်။။
“ညီအစ်ကိုတို့၊ သူတို့အားလုံးကို သတ်ပစ်ကြ”
သူ ဦးဆောင်နေသည့် သူ့နောက်မှ တပ်ဖွဲ့တွင် ရှောင်းမိသားစုစစ်သည်တစ်သောင်း ရှိနေပြီး သူတို့ ပြေးတတ်သွားသည်က ကြီးကျယ်ခမ်းနားသော ပင်လယ်ဒီရေလှိုင်းကြီးတက်လာသလို ဖြစ်နေလေသည်။
ကျန်းကျင့်လင်းကလည်း အရှေ့ဘက်မှ အမြောက်သံကို နားစွင့်နေခဲ့ပြီး အသံကြားသည်နှင့် ပစ်ခတ်ရန် အမိန့်ပေးလိုက်သည်။ မြို့တံခါး ပေါက်ကွဲသွားသည်ကို မြင်လိုက်ရချိန်တွင် သူ့မျက်လုံးများ၌ စူးရှသော အလင်းရောင်များ လင်းလက်သွားသည်။
အခုတော့ သူ့အစွမ်းကိုပြပြီး သူ့သမိုင်းကို သူ ရေးထိုးဖို့ အခွင့်အလမ်း ရောက်လာပြီ။
ယဲ့လွီချွမ်းကတော့ အနောက်တံခါးတွင် ရှိနေပြီး သူ့ကင်းထောက်များကို အရှေ့ဘက်သို့ ကင်းထောက်ရန် စေလွှတ်ထားခဲ့သည်။ အမြောက်သံများ ကြားလိုက်ချိန်တွင် သူကလည်း အမြောက်များကို စတင်ပစ်ခတ်ရန် အမိန့်ပေးလိုက်သည်။ အနောက်တံခါးကလည်း လေးလံသောဝန်ကို မခံနိုင်ဘဲ ပေါက်ကွဲလွင့်ထွက်သွားသည်။ သူက တာ့ထန်စစ်သည် သုံးသောင်းကို ဦးဆောင်ကာ မြို့ထဲသို့ ချက်ချင်း ပြေးဝင်သွားသည်။
အခြေအနေက ဝမ်ယွိလင်အား ဘက်ပေါင်းစုံမှ ဝိုင်းရံထားသည်ဟု ပြောနိုင်ပြီး အားလုံး မငြိမ်မသက် ဖြစ်နေလေသည်။ ကံကောင်းထောက်မစွာဖြင့် ဤအခိုက်အတန့်တွင် သူ မေ့မျောနေခဲ့သည်။ ထိုသို့မဟုတ်ရင် ဤသတင်းကို ကြားရုံဖြင့် ဝမ်ယွိလင်တစ်ယောက် သူ့ကိုယ်မှ သွေးတစ်ဝက်လောက် အန်ထုတ်နေပေဦးမည်ပင်။
ရှောင်းကျဲယွိကလည်း အလုပ်များနေပြီး ဗုံးကျဲမှုအပြီး၌ သူ၏တပ်များကို မြို့ထဲသို့ ဝင်ခိုင်းလိုက်သည်။
ဝမ်ယွိလင်း၏ သက်တော်စောင့်များနှင့် မြို့တော်၏ တပ်မှူးက ဝမ်မိသားစုစစ်တပ်ကို ဦးဆောင်ကာ ခုခံနေခဲ့သည်။ တော်ဝင်သမားတော်များကိုလည်း ဝမ်ယွိလင်အား ကုသရန် ဆင့်ခေါ်လိုက်ကြသည်။ ဝမ်ယွိလင်အား ထိုဆေးပေးခဲ့သည့် ဆေးပညာရှင်က ဝမ်ယွိလင်၏ အသွင်အပြင်ကို ကြည့်ရုံဖြင့် ဆေးလုံးကြောင့် အဆိပ်မိသွားမှန်း သိသွားခဲ့သည်။
သို့သော် သူက ထိုအကြောင်းကို လုံးဝ မပြောရဲပေ။
သူက သူ ဧကရာဇ်ကို အဆိပ်ရှိတဲ့ဆေး ပေးလိုက်တယ်လို့ ပြောရမှာလား? သူ နားမလည်သလိုပဲ ဟန်ဆောင်နေရမှာပေါ့။
(T/n: သူကလေ ဆေးပညာဌာနက ဆိုပေမယ့် သမားတော်မဟုတ်ပါဘူး၊ သမားတော်တွေ လိုတဲ့ဆေးကို ဆေးဖော်ပေးတဲ့ ဆေးပညာရှင်ပါ၊ သူက ဆေးမကုတတ်တော့ အခုအချိန်မှာ မသိချင်ယောင်ဆောင်လို့ ရတယ်ပေါ့)
ရန်သူစစ်တပ်က မြို့တံခါးဝသို့ ရောက်ရှိနေပြီး ဧကရာဇ်မင်းမြတ်၏အသက်ကို ကြိုးတစ်ချောင်းစာသာ တည်းတည်းလေး ကျန်တော့ပြီ ဖြစ်သည်။ ဝမ်မိသားစုစစ်တပ်မှ စစ်သူကြီးများနှင့် စစ်သည်များက ရှောင်းကျဲယွိ သူ့စစ်တပ်အား မြို့ထဲသို့ ခေါ်ဆောင်လာသည်ကို ကြောက်ရွံ့ထိတ်လန့်စွာ စောင့်ကြည့်နေကြသည်။