သူ သေသွားပြီလား?
Vol. 38 Ch. 566
ငှက်များက ခေါင်းမရှိဘဲ မပျံသန်းနိုင်သလို လူများကလည်း ခေါင်းမပါဘဲ လမ်းမလျှောက်နိုင်ကြပေ။ ဝမ်မိသားစုစစ်တပ်ကလည်း ထိုသို့သို့သာ ဖြစ်သည်။ အတိတ်ကာလတွင် သူတို့က သတ္တိအပြည့်ဖြင့် ရဲရဲဝင့်ဝင့်တိုက်ခိုက်ခဲ့ကြပြီး ဘယ်တော့မှ မရှုံးဖူးသည့်တပ်ဖွဲ့သာ ဖြစ်ခဲ့သည်။
သို့သော်လည်း ယခုအချိန်တွင် သူတို့၏ဧကရာဇ်က သေသည် ရှင်သည်ကိုပင် သူတို့ မသိနိုင်ဘဲ ခေါင်းဆောင်မဲ့သလို ခံစားနေရပြီ ဖြစ်သည်။ သူတို့ထံတွင် စစ်သေနာပတိချုပ်တစ်ဦး ရှိနေသေးသော်လည်း ဧကရာဇ်မင်းမြတ် သွေးအန်နေသည်ကို မြင်တွေ့လိုက်ရခြင်းက ၎င်းတို့၏ တိုက်ခိုက်ရေးစိတ်ဓာတ်အပေါ် ကြီးမားသော သက်ရောက်မှုဖြစ်စေခဲ့သည်။
ထို့အပြင် ရှောင်းမိသားစုစစ်တပ်၏ဖောက်ခွဲမှုနှင့် ဗုံးကြဲတိုက်ခိုက်မှုများက သူတို့ကို ပို၍ပင် စိတ်ဓာတ်ကျလာစေသည်။ သူတို့ ရှောင်းမိသားစုစစ်တပ်ကို တွန်းလှန်နိုင်စွမ်းမရှိတော့ဟု ခံစားလာရပြီး ထိုစိတ်အခြေအနေက သူတို့၏တိုက်ခိုက်ရေး အရှိန်အဟုန်ကို အဟန့်အတား ဖြစ်စေသည်။
စစ်တပ်တစ်တပ်၏ အောင်နိုင်မှုက စိတ်ဓာတ်နှင့် ယုံကြည်မှုအပေါ် မူတည်ပြီး ထိုနှစ်ခုလုံး ဆုံးရှုံးသွားခြင်းက အရာအားလုံးရှုူံးနိမ့်ခြင်းနှင့် ညီမျှပေသည်။
တစ်ဖက်မှ ရှောင်းမိသားစုစစ်တပ်ကတော့ ဆန့်ကျင်ဘက်ဖြစ်သည်။ သူတို့ထံတွင် ဉာဏ်ပညာကြီးမားသည့် တပ်မှူးကြီးတစ်ယောက်ရှိနေပြီး အရာအားလုံးကို ဖျက်ဆီးပစ်နိုင်သည့် မော်တာများလည်း ရှိနေသေးသည်။ ထို့ကြောင့် သူတို့က ယုံကြည်ချက်အပြည့်ဖြင့် စိတ်ဓာတ်မြင့်မားနေပြီး သူတို့၏အသက်ကိုပင် ဂရုမစိုက်ကြတော့ပေ။ သူတို့က မကောင်းဆိုးဝါး ဝမ်မိသားစုစစ်တပ်ကို ချေမှုန်းရန်အတွက် အာမာန်အပြည့်ဖြင့် ရှေ့သို့ ချီတက်နေကြသည်။ သူတို့၏ ယုံကြည်ချက်များက သူတို့၏ခွန်အားကို လှုံ့ဆော်ပေးနိုင်ပြီး အခြားသူများအဖို့ တွန်းလှန်နိုင်စွမ်း မရှိကြတော့ပေ။
ရှောင်းမိသားစုစစ်တပ်က ဒီရေလှိုင်းကြီးများကဲ့သို့ မြို့တော်ထဲသို့ အလျင်အမြန် ဝင်ရောက်လာပြီး တံခါးလေးခုဘက်လုံးမှ တပြိုင်တည်း တိုက်ခိုက်နေကြသည်။ ဝမ်မိသားစုစစ်တပ် လုံးဝ မလွတ်မြောက်နိုင်သည်အထိ အတင်းအကြပ် ဖိအားပေးခံနေရသည်။
တချို့က သေပြီး တချို့က လက်နက်ချအညံ့ခံလိုက်ရသည်။ တစ်ရှီးချန်(နှစ်နာရီ)မပြည့်ခင်မှာပင် ရှောင်းမိသားစုစစ်တပ်က မြို့တော်ကို လုံးလုံးလျားလျား သိမ်းပိုက်နိုင်ခဲ့သည်။
ထိုအချိန်တွင် ရှောင်းကျဲယွိ ပထမဆုံးလုပ်ချင်သည့်အရာက ဝမ်ယွိလင်နှင့် ဝမ်မိသားစုဝင်များကို ဖမ်းဆီးရန်ဖြစ်သည်။ နန်းတော်ထဲရှိ ကြင်ယာတော်များ၊ ကိုယ်လုပ်တော်များ၊ မောင်းမမိဿံများ၊ မင်းသားများနှင့် မင်းသမီးများအားလုံး ခွေးလေခွေးလွင့်များကဲ့သို့ လိုက်ဖမ်းခံနေရပြီး အားလုံးကြောက်ရွံ့တုန်လှုပ်နေကြသည်။
ဝမ်ချင်းကျစ်၏အရေပြားကို မီးပုံးအဖြစ်သို့ ပြောင်းလဲခံလိုက်ရသည့် အဖြစ်အပျက်က သူတို့အတွက် ကြီးမားသောစိတ်ဒဏ်ရာ ဖြစ်စေခဲ့သည်။ သူတို့က ဝမ်ချင်းကျစ်ကဲ့သို့ အရေခွာခံရမည်ကို အလွန်အမင်း ကြောက်လန့်နေကြသည်။
ရှောင်းကျဲယွိက ရှောင်းဟမ်အတွက် ကလဲ့စားချေရန် ဤနေရာအထိ ရောက်လာသူဖြစ်ပြီး သူက ဝမ်မိသားစုအား ဘယ်တော့မှ ခွင့်လွှတ်မည်မဟုတ်ကြောင်း သူတို့ သိထားပြီး ဖြစ်သည်။
သတ္တိနည်းသူများက မိမိကိုယ်ကို သတ်သေရန် ကြိုးစားကြပြီး တချို့က ကြိုးဆွဲချကာ အဆုံးစီရင်သွားသည်။ အချို့က ကြိုးကြာနီအဆိပ်ကို သောက်ကြပြီး အချို့က ရေကန်ထဲသို့ ခုန်ဆင်းသွားကြသည်။ ဤသူများက ထွက်ပေါက်မရှိသည်ကို သိရှိနေပြီး ထိုသေဆုံးခြင်းနည်းလမ်းက နှိပ်စက်ညှဉ်းပန်းမှု အလျော့နည်းဆုံးဖြစ်မည်ကို သိရှိနေသောကြောင့် ပညာအရှိဆုံးလူများဟု ဆိုနိုင်သည်။
ရှောင်းကျဲယွိအတွက်လည်း ဝမ်ယွိလင်အား အပင်ပန်းခံ ရှာဖွေရန်ပင် မလိုအပ်တော့ပေ။ လက်နက်ချခဲ့သော ဝမ်မိသားစုစစ်သည်များက သူတို့၏ပြစ်ဒဏ် ပေါ့ပါးစေရန် မျှော်လင့်ပြီး ဝမ်ယွိလင်၏နေရာကို ထုတ်ပြောခဲ့ကြသည်။
ရှောင်းကျဲယွိက ဝမ်ယွိလင်ကို ရာဇပလ္လင်ရှိရာ ခန်းမဆောင်ထဲသို့ ဆွဲခေါ်လာရန် သူ့လူများအား ချက်ချင်း အမိန့်ပေးလိုက်သည်။
သူက ဝမ်ယွိလင်နှင့် ဝမ်မိသားစုကို ထိုရာဇပလ္လင်ပေါ်မှ တရားစီရင်ရန် ဆုံးဖြတ်လိုက်သည်။
စစ်သည်ဟောင်းများကလည်း သူတို့၏နာကြည်းမှုကို အပြည့်အဝ ဖော်ပြနေကြသည်။ သူတို့က စစ်သူကြီးရှောင်းဟမ်အတွက် လက်စားချေချင်ပြီး ပြည်သူများအတွက် တရားမျှတမှုရှာပေးရန် ဤအခိုက်အတန့်ကို စောင့်မျှော်နေသူများ ဖြစ်ကြသည်။
မြို့တော်ကို သိမ်းပိုက်နိုင်ပြီးနောက် စူးချင်းက ရှောင်းလန်ရှင်းနှင့် ကျန်းယွိရန်တို့ကို ခေါ်လာပြီး ဒဏ်ရာရသူများကို ကုသပေးရန် စစ်တပ်သမားတော်များနှင့် ပူးပေါင်းလိုက်သည်။ သူမက နန်းတွင်းထဲသို့ ချက်ချင်း မဝင်သွားခဲ့ပေ။ ရှောင်းကျဲယွိအတွက် တိုက်ပွဲဝင်ပေးခဲ့သည့် ဤစစ်သည်တိုင်းက အလွန်တန်ဖိုးရှိလှပြီး သူမ ကုသပေးနိုင်သရွေ့ သူမ လက်လျော့မည်မဟုတ်ပေ။
ခြေလက်များ ဆုံးရှုံးသွားပြီး အသုံးမဝင်တော့သည့် စစ်သည်များကိုပင် စူးချင်းက သူရဲကောင်းများအဖြစ်သဘောထား ဆက်ဆံပြီး သေသေချာချာ ကုသပေးနေခဲ့သည်။
စစ်သည်တစ်ယောက်၏ သစ္စာစောင့်သိမှုက ထူးချွန်သောစစ်သည်များနှင့် ဒဏ်ရာရစစ်သည်များအပေါ် ဆက်ဆံသည့် အထက်အရာရှိ၏သဘောထားအပေါ်တွင် အများကြီး မူတည်နေလေ့ရှိသည်။ သူတို့ တိုက်ပွဲတွင် ကျဆုံးသွားခဲ့ပါက သူတို့၏ မိသားစုများ ဂရုစိုက်ပေးခံရမည်ကို သိထားပြီး သူတို့ ဒဏ်ရာရသွားလျှင်ပင် စွန့်ပစ်ခံရမည် မဟုတ်ကြောင်း သိနေခြင်းက စစ်သည်များ၏ မယိမ်းယိုင်သော သစ္စာစောင့်သိမှုကို ဖြစ်ပေါ်လာစေပြီး သေခြင်းတရားကို မကြောက်တော့သည့် ခိုင်မြဲသော စည်းလုံးညီညွတ်မှုကို ဖြစ်စေသည်။
"သခင်မလေး၊ သခင်လေးက သခင်မလေးကို ရာဇပလ္လင်ခန်းမဆောင်ကို ချက်ချင်း လာစေချင်ပါတယ်တဲ့"
ရှောင်းကျဲယွိက ဝမ်မိသားစုဝင်များကို တရားစီရင်ရန် ပြင်ဆင်နေပြီး ဤအရေးကြီးသောအခိုက်အတန့်တွင် စူးချင်း သူ့အနား၌ ရှိနေရန် သူ မျှော်လင့်နေခဲ့သည်။ သူ့မိဘများအတွက် လက်စားချေနိုင်ခြင်းအား သူ့ညီမလေးကိုလည်း မျက်မြင်ပြချင်နေပြီး စူးချင်းနှင့် ရှောင်းလန်ရှင်းကို ရှာဖွေရန် လူများ စေလွှတ်လိုက်သည်။
စူးချင်းက စစ်တပ်သမားတော်များကို ဆေးအားလုံးကို ချန်ပေးထားခဲ့ပြီး ဆေးပညာအနည်ငယ် ကျွမ်းကျင်သော စစ်သည်များနှင့် ပတ်တီး စည်းပေးနိုင်သော စစ်သည်တစ်စုကိုပါ ကူညီပေးရန် ညွှန်ကြားလိုက်သည်။ အရာအားလုံး စီစဉ်ပေးပြီးနောက် စူးချင်းက သူမ၏လက်ကို ဆေးကြောပြီး ရှောင်းလန်ရှင်းနှင့်အတူ ပလ္လင်တော်ခန်းမဆီသို့ အလျန်အမြန် လျှောက်သွားလိုက်သည်။
ရှောင်းလန်ရှင်းအတွက် ဤကဲ့သို့ ခမ်းနားထည်ဝါသော နန်းတော်သို့ ပထမဆုံးအကြိမ် ရောက်ဖူးခြင်းဖြစ်သော်လည်း သူမက ဤနေရာကို ကြည့်ရန် စိတ်မ၀င်စားနိုင်သေးပေ။ သူမက သူမ၏မိဘများအတွက် လက်စားချေနိုင်တော့မည့်အတွေးများထဲတွင် နစ်မွန်းနေဆဲဖြစ်သည်။
ယခင်အချိန်များ၌ သူမထံတွင် ဤမျှလောက်ပြင်းထန်သော ခံစားချက်မျိုး မရှိခဲ့ပေ။ သူမက သူမ၏မိဘများအတွက် လက်စားချေချင်ရုံသာ ဖြစ်သည်။ သို့သော် ယခုအချိန်တွင် သူမက ရန်သူများကို သူမလက်ဖြင့် သူမကိုယ်တိုင် သတ်ပစ်ချင်နေပြီး သူတို့ကို အပိုင်းပိုင်း ခုတ်ဖြတ်ချင်နေခဲ့သည်။ သူမ၏မုန်းတီးမှုက ချော်ရည်များကဲ့သို့ ပွက်ပွက်ဆူနေခဲ့သည်။
စူးချင်းက ရှောင်းလန်ရှင်းကို ပလ္လင်တော်ခန်းမဆောင်ထဲသို့ ခေါ်သွားခဲ့သည်။ သူမက အမျိုးမျိုးသော နေရာပေါင်းစုံကို ရောက်ဖူးပြီး ခမ်းနားထည်ဝါသော ပလ္လင်ခန်းမဆောင်ကို မြင်နေရသည့်တိုင် ယခင်ကကဲ့သို့ တည်ငြိမ်နေဆဲဖြစ်သည်။ သူမ၏သွယ်လျလျ ခန္ဓာကိုယ်က မတ်မတ်ရပ်နေကာ ရှေ့တည့်တည့်ကို ကြည့်နေပြီး သူမထံမှ တိုင်းပြည်မိခင်၏ ကျက်သရောနှင့် ခန်းနားထည်ဝါများ ဖြာထွက်နေသည်။
တာ့ကျိုးမင်းဆက်၏ အရာရှိများအားလုံးကို ဖြုတ်ချခံလိုက်ရပြီး ရာဇပလ္လင်ခန်းမဆောင်၏အပြင်ဘက်တွင် ဒူးထောက်နေကြရသည်။ ဉာဏ်ကောင်းသူအချို့က ချက်ခြင်းအညံ့ခံလိုက်ကြပြီး ဝမ်ယွိလင်၏ အဓိကရာဇ၀တ်မှုကြီးများထဲမှ ဆယ်ခုကို လျှောက်တင်လွှာဖြင့် မှတ်တမ်းရေးကာ ရှောင်းကျဲယွိ ကျေနပ်စေရန် တင်ပြကြသည်။ ထိုသို့ပြုလုပ်ခြင်းအားဖြင့် သူတို့ တော်ဝင်ရုံးတော်တွင် အရာရှိများအဖြစ် ဆက်လက်ရပ်တည်နိုင်မည်ဟု မျှော်လင့်နေကြသည်။
ရှောင်းကျဲယွိက မည်သည့်အမူအရာမှ မပြဘဲ လျှောက်တင်လွှာများကို လက်ခံနေပြီး ဝမ်ယွိလင်အပေါ် သူတို့၏ရှုတ်ချမှုများကို အေးအေးဆေးဆေး နားထောင်နေခဲ့သည်။ သူက စကားတစ်ခွန်းမှ မပြောဘဲ သူ့အမူအရာက ပဟေဠိဆန်နေကာ ခန့်မှန်းရန် ခက်ခဲနေသောကြောင့် တာကျိုးမင်းဆက်၏ အရာရှိများက သူ၏ ရည်ရွယ်ချက်များကို နားမလည်နိုင်ဖြစ်နေကြပြီး သူ့ကို ပိုမိုကြောက်ရွံ့နေကြသည်။
စူးချင်းက ထိုအဖွဲ့ကို မကြည့်ဘဲ လှေကားထစ်များပေါ်သို့ နင်းတက်သွားသည်။
သူမတို့က ဒီခြံစည်းရိုးခွထိုင်တဲ့လူတွေကို ဘယ်တော့မှ ဆက်တာဝန်ပေးမှာမဟုတ်ဘူး။ သူတို့ရဲ့ ရာဇ၀တ်မှုတွေကို စုံစမ်းစစ်ဆေးပြီးတာနဲ့ သတ်ဖြတ်သင့်သူတွေကို သတ်ပစ်ပြီး ပြည်နှင်ဒဏ်ပေးသင့်တဲ့သူတွေကိုတော့ ပြည်နှင်ဒဏ်ပေးရမယ်၊ တိုင်းပြည်ရဲ့ဘဏ္ဍာကို ပြန်ဖြည့်တင်းဖို့ကလည်း သူတို့ရဲ့နေအိမ်တွေကို သိမ်းယူမှ ဖြစ်မှာလေ။ နောက်ဆုံးမှာတော့ အရာရှိအသစ်တွေ ပြန်လည်ရွေးချယ်ခန့်ထားလိုက်ရုံပဲ။
စူးချင်း ရာဇပလ္လင်ခန်းမဆောင်ထဲသို့ ၀င်သွားချိန်တွင် ရှောင်းကျဲယွိက သူမကို ကြိုဆိုရန် ပလ္လင်ပေါ်မှ ဆင်းလာခဲ့သည်။ သူက စစ်သူကြီးများ၏အကြည့်အောက်မှာပင် စူးချင်း၏ လက်ကို ဆုပ်ကိုင်လိုက်ပြီး ရာဇပလ္လင်ပေါ်သို့ ပြန်တက်သွားသည်။ စူးချင်းက ရှောင်းကျဲယွိ၏နံဘေးသို့ တိတ်တိတ်ဆိတ်ဆိတ် ဝင်ထိုင်လိုက်ပြီး နန်းတော်ခန်းမထဲတွင် ဒူးထောက်နေသော ဝမ်မိသားစုဝင်များကို အေးစက်စွာ ကြည့်နေခဲ့သည်။
တချိန်က တော်ဝင်မိသားစုဝင်ဟောင်းတွေက အခုတော့ အကျဉ်းသားတွေ ဖြစ်နေကြပြီ။
ဘာပဲဖြစ်ဖြစ် သူမရဲ့ယောက္ခမနှစ်ယောက်ကို သတ်ခဲ့တဲ့ ဒီခွေးအုပ်စုက ရွှေ့ရှန့်နဲ့ ရှောင်ယင်ကို အိုးမဲ့အိမ်မဲ့ဖြစ်စေခဲ့ပြီး မသေရုံတမယ် လျောက်ပြေးနေရအောင် လုပ်ခဲ့တဲ့သူတွေပဲ။
စူးချင်း၏ အေးစက်စက် လူသတ်မျက်ဝန်းများကို ခံစားလိုက်ရသဖြင့် ဝမ်မိသားစုဝင်များအားလုံး ကြောက်ရွံ့တုန်လှုပ်နေကြသည်။ ယခုအချိန်တွင် သူတို့က သူတို့ရင်ဆိုင်ရမည့် ကံကြမ္မာအတွက် ထိတ်လန့်နေကြပြီ ဖြစ်သည်။
သူတို့အတွက် သေခြင်းတရားက ကြောက်စရာ အကောင်းဆုံးအရာ မဟုတ်တော့ဘူး။ အဖမ်းမခံရခင်မှာ ကိုယ့်ကိုယ်ကို မသတ်သေမိတဲ့အတွက်တောင် နောင်တရနေပြီ။
ရှောင်းကျဲယွိက အဓိကတရားခံဖြစ်သည့် ဝမ်ယွိလင်ကို စောင့်ဆိုင်းနေခဲ့သည်။ သို့သော် သူ့ကို သွားခေါ်နေသည့် သက်တော်စောင့်များက အချိန်အတော်ကြာအောင် ပြန်မလာကြသေးပေ။ ရှောင်းကျဲယွိတစ်ယောက် စိတ်မရှည်ဖြစ်လာပြီး မျက်မှောင်ကြုတ်ကာ အော်မေးလိုက်သည်။
"အခုထိ ဝမ်ယွိလင်ကို ခေါ်မလာသေးဘူးလား?"
"အရှင်မင်းမြတ်၊ ဝမ်ယွိလင်ကို ခေါ်ဆောင်လာပါပြီ"
ခန်းမအပြင်ဘက်မှ တစ်စုံတစ်ယောက်က ချက်ချင်းပြန်ဖြေလိုက်သည်။ သိပ်မကြာခင်မှာပင် သက်တော်စောင့်များက သေလုမြောပါးဖြစ်နေသည့် ဝမ်ယွိလင်ကို ထမ်းစင်ဖြင့် သယ်ဆောင်ကာ ခန်းမထဲကို ဝင်လာကြသည်။
ကြင်ယာတော်များ၊ ကိုယ်လုပ်တော်များနှင့် မောင်းမမိဿံများက ဝမ်ယွိလင်ကို ကြည့်ကာ တိတ်တဆိတ် ငိုကြွေးနေကြသည်။ သူ့မျက်နှာက ရွှေစက္ကူကဲ့သို့ ဖြူဖျော့နေကာ ပါးစပ်မှ သွေးများ စီးကျနေသေးသည်။
အရင်တုန်းကတော့ ဒီလူက သူမတို့ကို ကာကွယ်ပေးနိုင်လောက်အောင် တန်ခိုးဩဇာကြီးမားပြီး သူမတို့အတွက် စည်းစိမ်ချမ်းသာနဲ့ ငြိမ်းချမ်းမှုတွေကို ပေးနိုင်ခဲ့တယ်လေ။
အခုတော့ ဒီလူက ကျဆုံးသွားတဲ့ ကျားတစ်ကောင် ဖြစ်သွားခဲ့ပြီ။ သူ့ရဲ့ခြေသည်းတွေတောင် ဖြတ်တောက်ခံလိုက်ရပြီး ခုခံနိုင်စွမ်းလည်း လုံးဝ မရှိတော့ဘူး။ သူမတို့ကိုလည်း မကာကွယ်ပေးနိုင်တော့ဘူး။ သူမတို့ကိုတောင်မှ သူ့ကြောင့် ငြိစွန်းပြီး ဒုက္ခရောက်တော့မယ်။
မင်းသားများကလည်း အလွန်ကြောက်လန့်နေကြသည်။ သို့သော် သူတို့ ငိုပင် မငိုရဲကြပေ။ သူတို့ သူ့တို့ခမည်းတော်တွက် ငိုလိုက်လျှင် ရှောင်းကျဲယွိ ဒေါသထွက်သွားပြီး သူတို့အား အပိုင်းပိုင်းဖြတ်မည်ကို သူတို့ ထိတ်လန့်ကြောက်ရွံ့နေကြသည်။
ယခုအချိန်တွင် သူတို့၏ခမည်းတော်က အရည်အချင်း မရှိဘဲ သူတို့ကို ဒုက္ခပေးခဲ့သည်ဟုပင် မသိစိတ်မှ တွေးနေကြသည်။
"သခင်လေး၊ ဝမ်ယွိလင်က သွေးအန်လွန်ပြီး သေလုမျောပါး ဖြစ်နေပါပြီ”
ဝမ်ယွိလင်ကို ခေါ်ဆောင်လာသည့် သက်တော်စောင့်က ဒူးထောက်လိုက်ပြီး ရှောင်းကျဲယွိထံ သတင်းပို့လိုက်သည်။ သူကို ဘာမှ မပြောလျင်ပင် ရှောင်းကျဲယွိက ဝမ်ယွိလင်အား လှမ်းကြည့်ပြီးပြီဖြစ်သည်။ ထိုလူက ထမ်းစင်ပေါ်တွင် လဲလျောင်းနေပြီး သူ့ရင်ဘတ်က လုံးဝ မလှုပ်တော့ဘဲ အသက်ရှုနေသည့် အရိပ်အယောင် မရှိတော့သောကြောင့် လူသေအလောင်းကဲ့သို့ ဖြစ်နေမှန်း သူ တွေ့လိုက်ရသည်။
သေလုမြောပါးဖြစ်နေသော ဝမ်ယွိလင်ကို ကြည့်နေသည့် ရှောင်းကျဲယွိ၏ မျက်ခုံးထူထူများက တွန့်ချိုးနေပြန်သည်။
ဝမ်ရှန်းချန်က ခြေတစ်လှမ်း စောပြီး သေဆုံးသွားခဲ့လို့ ပြစ်ဒဏ်ကနေ လွတ်မြောက်သွားတာကြောင့် သူတော်တော် မကျေမနပ် ဖြစ်နေပြီးပြီ။
အခုလည်း အဓိကတရားခံ ဝမ်ယွိလင်က သေတော့မယ်ပေါ့လေ။ သူတို့က ပြစ်ဒဏ်မခံရဘဲ ကောင်းကောင်းမွန်မွန် ဇာတ်သိမ်းသွားကြတာလား?
ဤအရာက ရှောင်းကျဲယွိအား အလွန်ဒေါသထွက်နေစေသည်။
“တော်ဝင်သမားတော်ကို သွားရှာကြ၊ သူ့ကို မရရအောင် ကယ်တင်ကြစမ်း။ ငါ သူ့ကို လွယ်လွယ်နဲ့ မလွှတ်ပေးနိုင်ဘူး”
ရှောင်းကျဲယွိက အပြင်ဘက်တွင် ဒူးထောက်နေသည့် သမားတော်များကို သွားခေါ်ရန် အမိန့်ပေးလိုက်သည်။
ဝမ်ယွိလင် အသက်မျှင်မျှင်လေး ကျန်နေသေးရင်တောင် သူ့အဖေ ခံစားခဲ့ရတဲ့ ဝေဒနာကို အပြည့်အဝ ခံစားနိုင်လိမ့်မယ်။ ဒါပေမယ့် သေပြီးတဲ့သူကတော့ နာကျင်မှုတွေကို မခံစားနိုင်တော့ဘူး၊ အဲ့ဒါကြောင့် ဝမ်ယွိလင် အသက်ပြန်ရှင်မှ ဖြစ်မယ်။
ခန်းမဆောင်ထဲသို့ ခေါ်ဆောင်ခံလိုက်ရသည့် တော်ဝင်သမားတော်များအားလုံးကတော့ တုန်လှုပ်နေကြပြီး စကားပင် မပြောရဲကြပေ။ ရှောင်းကျဲယွိက ဝမ်ယွိလင်ကို ဆေးကုသရန် အမိန့်ပေးလိုက်ချိန်တွင်တော့ အားလုံးက သနားညှာတာပေးရန် ဒူးထောက်တောင်းပန်လိုက်ကြသည်။
"ကျွန်တော်မျိုးတို့က အသုံးမကျပါဘူး! အရှင်မင်းကြီး၊ သူ့ကို ကယ်တင်ဖို့ အခွင့်အလမ်း မရှိတော့ပါဘူး”
ရှောင်းကျဲယွိက အမုန်းတရားအပြည့်ဖြင့် အံကြိတ်ကာ လက်သီးဆုပ်လိုက်သည်။
ဝမ်ယွိလင်က ဒီအတိုင်း ထွက်သွားတော့မှာလား? သူ ဒါကို လက်မခံချင်ဘူး!
စူးချင်းက အေးအေးဆေးဆေး မတ်တပ်ထရပ်လိုက်ပြီး မြေပြင်ပေါ်တွင် လဲလျောင်းနေသည့် ဝမ်ယွိလင်ဆီသို့ ချဥ်းကပ်သွားသောကြောင့် ရှောင်းကျဲယွိ၏ မျက်လုံးများ ပြန်တောက်ပလာသည်။
သူ ဘာလို့ ချင်းအာကို မေ့သွားနိုင်ရတာလဲ?