← Chapters

အခန်း (၅၆၈)

Vol. 38 Ch. 568

အခန်း (၅၆၈)

Vol. 38 Ch. 568

ယဲ့လွီချွမ်း၏ ဤတစ်ကြိမ် လာရောက်ကူညီမှုက တာ့ထန်အတွက် ကြီးမားသော အန္တရာယ်ကို ကြုံတွေ့နိုင်မှန်း ရှောင်းကျဲယွိလည်း ရှင်းရှင်းလင်းလင်း သိနေခဲ့သည်။ ထို့ကြောင့် သူက ယဲ့လွီချွမ်းအား ဆက်နေခိုင်းရန် မကြိုးစားတော့ပေ။ ရှောင်းကျဲယွိက ယဲ့လွီချွမ်းနှင့် သူ့၏စစ်တပ်ကို မြို့ပြင်အထိ လိုက်ပို့ကာ လက်သီးအုပ် နှုတ်ဆက်လိုက်သည်။

"တတိယမင်းသား ငါ မင်းရဲ့ သတို့သမီးလာကြိုမယ့်အဖွဲ့ကို စောင့်နေမယ်နော်"

ထိုစကားက တခြားအရာများအားလုံးထက် ပိုအသုံးဝင်သည်။ ယဲ့လွီချွမ်းက ရှောင်းကျဲယွိ၏အနားတွင် ရပ်နေသော ရှောင်းလန်ရှင်းကို ချစ်မြတ်နိုးစွာလှမ်းကြည့်လိုက်ပြီး နွေဦးလေပြေကဲ့သို့ တောက်ပစွာ ပြုံးလိုက်သည်။

ယဲ့လွီချွမ်း၏ စူးရှသောအကြည့်ကို လက်ခံလိုက်ရသည့် ရှောင်းလန်ရှင်းကလည်း ရှက်သွေးဖြာသွားပြီး သူမ၏မျက်နှာလေး နီရဲလာသည်။ သူမ၏ နှလုံးသားထဲတွင် ချိုမြိန်ခြင်းများနှင့် ပြည့်နှက်နေသော်လည်း သူမ၏မျက်လုံးများ ခွဲခွာရန် မလိုလားသည့်အရိပ်အ‌ယောင်များလည်း ရှိနေပြန်သည်။

ယနေ့တွင် နွေးထွေးသော နေမင်းကြီးက ကောင်းကင်ယံတွင် မြင့်မြင့်မားမား ရပ်တည်နေပြီး လှပသော သက်တံတစ်ခုလည်း ရှိနေသည်။ ဤလတွင် သက်တံကို မြင်ရခြင်းက အလွန်မှော်ဆန်လှသည်။

ယဲ့လွီချွမ်းပင်လျှင် ထိုအရာက နိမိတ်ကောင်းတစ်ခုဟု ခံစားရပြီး ရှောင်းကျဲယွိအတွက် ပျော်ရွှင်ပေးနေခဲ့သည်။

ရှောင်းကျဲယွိက ယဲ့လွီချွမ်းတို့အားလုံးအတွက် စားနပ်ရိက္ခာနှင့် မြင်းများအတွက် မြက်ခြောက်များ အလုံအလောက် ထည့်ပေးလိုက်ပြီး သူ့၏ဧည့်ဝတ်ကျေပွန်မှုကို ပြသခဲ့သည်။ ယဲ့လွီချွမ်းကို ပို့ဆောင်နှုတ်ဆက်ပြီးနောက် ရှောင်းကျဲယွိက မှူးမတ်အသစ်များ ရွေးချယ်ခြင်း၊ ပြည်သူများအား နှစ်သိမ့်ပေးခြင်းနှင့် မြို့တော်အား ပြန်လည်အသက်ဝင်လာစေရန် ကြိုးပမ်းခြင်း စသည်တို့ဖြင့် အလုပ်များနေခဲ့သည်။ ထို့အပြင် သူ့၏နန်းတက်ပွဲအတွက်လည်း ပြင်ဆင်နေရသေးသည်။ ယခုအချိန်တွင် မြို့တော်သာမက တိုင်းပြည်တစ်ခုလုံးနီးပါး ပျက်ဆီးနေပြီး လုပ်စရာများစွာ ရှိနေပြန်သည်။ နွေဦးရာသီထွန်ယက်မှုကလည်း စတင်တော့မည် ဖြစ်ပြီး ကောင်းမွန်စွာ မလုပ်ဆောင်နိုင်ပါက တစ်နှစ်ပတ်လုံးအတွက် ထိခိုက်စေနိုင်သည်။

ထို့ကြောင့် ရှောင်းကျဲယွိက အနည်းငယ်ပင် မပေါ့လျှော့ဝံ့ဘဲ ကြိုးကြိုးစားစား စီမံနေခဲ့သည်။ သူက နေထက်စော၍ အိပ်ရာထရပြီး လထက်နောက်ကျမှ အိပ်ယာဝင်ရသည်။ သူ ဧကရာဇ်မဟုတ်သေးသော်လည်း တိုင်းရေးပြည်ရာများစွာကို နေ့စဉ်နှင့်အမျှ ကိုင်တွယ်ဖြေရှင်းနေရသည်။

ထို့ပြင် ယခုအချိန်က နန်းတက်ရန် အချိန်ကောင်း မဟုတ်သေးပေ။ ယခင်က သူနှင့်ဝမ်ယွိလင်တို့ အသေအကျေ တိုက်ခိုက်နေခဲ့ကြပြီး အနီးအနားပတ်ဝန်းကျင်ရှိ တိုင်းပြည်ငယ်လေးများက ထိုအချိန်ကို အခွင့်ကောင်းယူကာ နယ်စပ်မြို့များအား သိမ်းပိုက်ထားကြသည်။

မြို့တော်၏တောင်ဘက်ရှိ တောင်များနှင့် မြစ်များ၏ တစ်ဝက်ကို ပြန်လည် သိမ်းယူနိုင်ရန် လိုအပ်နေပြီး ထိုလျှို့ဝှက်အန္တရာယ်များကို မဖြေရှင်းနိုင်ပါက နန်းတက်ရန် မဖြစ်နိုင်သေးပေ။

စူးချင်းကတော့ နန်းတွင်းရေးကို လုံးဝ စိတ်မဝင်စားဘဲ မြို့တော်မှာ စစ်ပွဲများရပ်သွားသည်နှင့် လော့ချန်သို့ ပြန်သွားရန် ပြင်ဆင်နေသည်။ သူမက ထိုနေရာမှ သူမ၏ဖန်လုံအိမ်များကို စိတ်မချဖြစ်နေပြီး လယ်ယာလုပ်ငန်းကို စွဲလမ်းနေခဲ့သည်။ သူမအတွက် နန်းတော်က ငြီးငွေ့ဖွယ်ကောင်းနေပြီး မိန်းမစိုးများနှင့် နန်းတွင်းအစေခံတစ်စုကလည်း သူမအတွက် အနှောက်အယှက်သဖွယ်ဖြစ်နေပြန်သည်။

ထို့ကြောင့် ရှောင်းကျဲယွိက စူးချင်း ဤနေရာတွင် ဆက်နေစေရန် စူးဟန်ရွှမ်၊ ယန်ရုရွှယ်နှင့် ရှောင်ချန်တို့အား ခေါ်ဆောင်ရန် လူများ အထူးတလည် စေလွှတ်လိုက်သည်။

ချင်းအာရဲ့ မိသားစုဝင်တွေအားလုံး မြို့တော်ကို ရောက်လာရင် ချင်းအာက ဘယ်ကို ထွက်သွားနိုင်တော့မှာလဲ?

ဒါဆို ယောက္ခမနဲ့ ကျန်တဲ့သူတွေ ဘယ်မှာ နေကြမလဲ? ဒါက ရိုးရှင်းလွန်းတယ်၊ ဝမ်ယွိလင်ရဲ့ အရင်အိမ်တော်ကို သန့်ရှင်းရေး လုပ်လိုက်ရင် အဆင်ပြေပြီ။ ဒါက အရင်တုန်းက ယောက္ခမတော်ရဲ့နေအိမ် ဖြစ်ခဲ့ဖူးတယ်လေ။ အခု သူ့ယောက္ခမတွေက သိပ်မကြာခင် ယောက္ခမတော်တွေဖြစ်လာတော့မယ်။ သူတို့ အဲဒီမှာနေတာ အသင့်တော်ဆုံးပဲ။

နောက်ဆုံးတွင် စူးချင်းလည်း နန်းတော်ထဲတွင် နေထိုင်ရန်မှတပါး ရွေးချယ်စရာ မရှိတော့ပေ။ သို့သော် သူမက ဘာမှမလုပ်ဘဲ ထိုင်မနေနိုင်ပေ။ လက်ရှိအချိန်တွင် နန်းဆောင်သုံးခုနှင့် ဝင်းကြီးခြောက်ခုတို့ကို နေရာလွတ်ဖြစ်နေပြီး နန်းဆောင်တိုင်းတွင် ခြံဝင်းတစ်ခုစီ ရှိနေသည်။ သူမက သူမ၏သက်တော်စောင့် လယ်သမားဆယ်ယောက်ကို ခေါ်ဆောင်ကာ နန်းတော်တစ်ခုစီ၏ ကြမ်းခင်းကြွေပြားများကို စတင်တူးစေပြီး စိုက်ပျိုးရန် အလုပ်များနေခဲ့သည်။

ရှောင်းကျဲယွိက စူးချင်း ထွက်မသွားသ‌‌‌ရွေ့ သူမ နန်းတော်ကို ဖြိုချလျှင်ပင် ပြုံးပြုံးကြီး ကြည့်နေမည့်သူ ဖြစ်သည်။

သူ သည်းမခံနိုင်တာ တစ်ခုပဲ ရှိတယ်၊ အဲ့ဒါက သူမ သူ့ကို ထားသွားမှာကို သူ လုံးဝ မလိုချင်ဘူး။

ရှောင်းကျဲယွိက လဝက်ခန့်အချိန်ယူကာ အရပ်ဘက်အရာရှိများနှင့် စစ်ဘက်အရာရှိများ ရွေးချယ်ခဲ့သည်။ လွမ်ဟုန်၏ဖခင် လွမ်ချင်းရှန်က မဖြစ်မနေ တာဝန်တစ်ရပ် ယူခဲ့ရပြီး ရှောင်းကျဲယွိက သူ့ကို ဝန်ထမ်းရေးရာဝန်ကြီးအဖြစ် ခန့်အပ်ခဲ့သည်။ သူ့ယောက္ခမကတော့ ညီလာခံကို မှန်မှန်လာရမည့် ၀န်ကြီးချုပ်အဖြစ် ခန့်အပ်ခံခဲ့ရသည်။ ထိုအရာက နန်းတွင်း၌ အာဏာအပြည့်ရလာခြင်းနှင့် ညီမျှသည်။

စူးဟန်ရွှမ်က သူ တစ်နေ့တွင် ‌ညီလာခံအတွင်းသို့ ၀င်နိုင်မည်ဟု လုံးဝ မထင်မှတ်ထားခဲ့ပေ။ သူက ထိုအရာများအားလုံးအတွက် သမီးဖြစ်သူကို ကျေးဇူးတင်စကားပြောခဲ့သည်။ ယခင်အချိန်များတွင် စူးဟန်ရွှမ်က စီးပွားရေးသမားတစ်ဦး ဖြစ်ခဲ့သော်လည်း သူလည်း ရည်မှန်းချက်ကြီးသူဖြစ်သည်။ သို့သော်လည်း စီးပွားရေးသမားများက တော်ဝင်ရုံးတော်ထဲသို့ ဝင်ခွင့်မရခဲ့ပေ။

မင်းက ဒီတိုင်းပြည်ရဲ့ အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ရင်တောင် ဘာမှ အသုံးမဝင်ဘူး။ မင်းမျိုးမင်းနွယ်အတွက်တော့ မင်းက နိမ့်ကျတဲ့လူ ဖြစ်နေတုန်းပဲ။

ယခု နောက်ဆုံးတွင် စူးဟန်ရွှမ်က သူ့၏ဘိုးဘေးများအတွက် ဂုဏ်ကျက်သရေကို ယူဆောင်ပေးနိုင်ခဲ့ပြီး စူးမျိုးဆက်၏ကံကြမ္မာကို ပြောင်းလဲနိုင်ခဲ့ပြီ ဖြစ်သည်။

ရှောင်းကျဲယွိ၏ ညီအစ်ကိုကောင်းဖြစ်သည့် ကျုံးယုံကလည်း မြို့စောင့်တပ်၏ တပ်မှူးအဖြစ် ခန့်အပ်ခြင်းခံရသည်။ စာပေနှင့် ကိုယ်ခံပညာနှစ်ရပ်စလုံးတွင် စွမ်းရည်ရှိသော ကျန်းကျင့်လင်းကိုတော့ ကောင်းကင်ဗျူဟာမှူးအဖြစ် ခန့်အပ်ခဲ့ပြီး ရန်ရှစ်ခွမ်းအား တပ်မှူးချုပ်အဖြစ် ခန့်အပ်ခဲ့သည်။ အတိုချုပ်ပြောရလျှင် ရှောင်းကျဲယွိက သူနှင့်အတူ တိုက်ပွဲဝင်ခဲ့သည့်လူတိုင်းအား မှတ်မိနေပြီး သင့်တင့်သော ရာထူးနှင့် တာဝန်ဝတ္တရားများ ပေးအပ်ခဲ့သည်။

လော့ချန်မှ လူများကလည်း လော့ချန်ကို ကာကွယ်ရာတွင် ပူးပေါင်းကူညီပေးခဲ့ကြသည်။ ရှောင်းကျဲယွိက သူတို့ကို တစ်သက်တာအခွန် ကင်းလွတ်ခွင့်ပေးခဲ့သည်။ လော့ချန်အပြင် မော့ချန်နှင့် ကျင့်ရှီလျိုမြောင်တို့လည်း ထိုအခွင့်အရေးမျိုး ရရှိခဲ့သည်။

ရှောင်းကျဲယွိက သူ့၏မွေးရပ်မြေအတွက်လည်း အခွန်ကင်းလွတ်ခွင့် မူဝါဒတချို့သတ်မှတ် ပေးခဲ့သည်။ ထိုအရာများသာမကဘဲ သူက စူးချင်း စမ်းသပ်စိုက်ပျိုးထားသည့် အာလူးမျိုးစေ့များကို နောက်နှစ်မှ စ၍ ပေးဝေမည်ဖြစ်ကာ လူတိုင်း ဗိုက်မဆာစေရန် စီမံနေခဲ့သည်။

ရှောင်းကျဲယွိက သူ့ညီမလေးကိုလည်း ကြီးကျယ်ခမ်းနားစွာ လက်ထပ်ပေးချန်နေသည်။ ထို့ကြောင့် သူက နေ့ကောင်းရက်မြတ်ကို ရွေးချယ်ကာ သူ့ကိုယ်သူ ဧကရာဇ်အဖြစ် တရားဝင်ဘိသိတ်ခံလိုက်ပြီး တိုင်းပြည်၏အမည်ကို တာ့ထန်အင်ပါယာအဖြစ်သို့ ပြောင်းလဲလိုက်သည်။

ထိုအမည်ကို ရွေးချယ်ပေးခဲ့သူက စူးချင်းဖြစ်ပြီး သူမက ထန်မင်းဆက်၏ရွှေခေတ်ကို သိထားသောကြောင့် ထိုအမည်က မင်္ဂလာရှိသောအမည်ဟု သူမ သတ်မှတ်လိုက်သည်။

အဲ့ဒီနာမည်က အရမ်းကောင်းတယ်လေ။ ဒီနာမည်ကို သုံးတဲ့သူတိုင်း ကောင်းချီးတွေ ခံစားရလိမ့်မယ်!

ရှောင်းကျဲယွိ နန်းတက်သည့်နေ့တွင် စူးချင်းလည်း ဧကရီသရဖူကို ဆောင်းခဲ့ရသည်။ ရှောင်းကျဲယွိအနားတွင် ထိုင်နေသည့် သူမ၏ တောက်ပသောအဝါရောင် ပန်းထိုးဝတ်စုံကို ဝတ်ဆင်ထားပြီး ဖီးနစ်သရဖူကို တပ်ဆင်ထားသည်။ သူမထံမှ ကျက်သရေရှိမှုူများ ဖြာထွက်နေပြီး တိုင်းပြည်မိခင်တစ်ယောက်၏ဟန်ပန်ကို အတိအကျ မြင်နေရသည်။

ရှောင်းကျဲယွိကလည်း အဝါရောင်နဂါး၀တ်ရုံကို ၀တ်ဆင်ထားပြီး သူ့၏အသွင်အပြင်က လုံးဝ ပြောင်းလဲသွားပြီ ဖြစ်သည်။ သူထံမှ ဧကရာဇ်မင်းတစ်ပါး၏ ဘုန်းတန်ခိုးအာနုဘော်ကို အထင်အရှားထွက်ပေါ်နေပြီး သူက နဂါးပလ္လင်ပေါ်တွင် ထိုင်နေရင်း အောက်ဘက်မှ အရာရှိများကို ငုံ့မိုးကြည့်နေသည်။ ထိုလူများအားလုံးက သူကိုယ်တိုင် ရွေးချယ်ထားသူများဖြစ်ပြီး အရပ်ဘက်အရာရှိများက တိုင်းပြည်ငြိမ်းချမ်းရေးကို ဆောင်ကြဉ်းပေးနိုင်သလို စစ်သူကြီးများက တိုင်းပြည်ကို ကာကွယ်ရန် တိုက်ပွဲတိုင်းကို အနိုင်ယူကြမည်ဖြစ်သည်။

အခြားသော နယ်စပ်တိုင်းပြည်များက တာ့ထန်အင်ပါယာထူထောင်ခြင်းအတွက် ဂုဏ်ပြုလက်ဆောင်များ ပေးပို့ခဲ့ပြီး ဧကရာဇ်အသစ်၏ ရည်ရွယ်ချက်ကို စမ်းသပ်ရန် သံတမန်များလည်း စေလွှတ်ခဲ့ကြသည်။

သူတို့အားလုံးက တာ့ထန်အင်ပါယာ၏ နယ်မြေကို သိမ်းပိုက်ထားခဲ့သော တိုင်းပြည်ငယ်လေးများ ဖြစ်ကြသည်။ သူတို့က ထိုနယ်မြေများကို ပြန်မပေးချင်သည့်အပြန် နောက်ထပ်မြို့များကို သိမ်းပိုက်ရန် ပြင်ဆင်နေခဲ့ကြသည်။ အလယ်ပိုင်းလွင်ပြင်က ကျယ်ပြောလှပြီး ဤဧကရာဇ်အသစ် ထီးနန်းတက်ရန် မြို့နှစ်မြို့လောက်ဖြင့် လုံလောက်သည်ဟု သူတို့ ယူဆထားကြသည်။

သို့သော် သူတို့ အိပ်မက်မက်ခဲ့ခြင်းသာ ဖြစ်ပြီး ရှောင်းကျဲယွိက သူတို့နှင့် ချစ်ကြည်ရေးအကြောင်း မဆွေးနွေးခင် သူတို့ ခိုးယူသိမ်းပိုက်ထားသည့်မြို့များကို ပြန်ပေးဖို့ သူတို့၏သခင်များထံ ပြန်ပြောခိုင်းလိုက်သည်။

ရှောင်းကျဲယွိက ထိုသံတမန်များအား အာဏာပြသည့်အနေဖြင့် နားနေစခန်းတွင်သာ နေရာချပေးထားပြီး နန်းတက်ပွဲ အခမ်းအနားကိုလည်း တက်ရောက်ခွင့် မပေးခဲ့ပေ။ ဆန့်ကျင်ဘက်အနေဖြင့် တာ့ထန်အင်ပါယာကို ကူညီပေးခဲ့သည့် တာ့ထန်ပြည်ထောင်မှ သံတမန်များကတော့ အထူးဧည့်သည်တော်အဖြစ် ကြိုဆိုခံခဲ့ရသည်။

(T/N: ဒီမှာ တာ့ထန်က နှစ်ခုဖြစ်နေပေမယ့် အဓိပ္ပါယ်ချင်း မတူဘူးနော်၊ ကွဲသွားအောင် တာ့ထန်အင်ပါယာနဲ့ တာ့ထန်ပြည်ထောင်လို့ ရေးသွားပါ့မယ်)

ထိုတိုင်းပြည်များ၏ သံတမန်များက ချဲ့ကားသတင်းပို့ရန် သူတို့၏သခင်များထံ ဒေါသအပြည့်ဖြင့် ပြန်သွားကြသည်။ ထိုအထဲတွင် အတင်းမာဆုံးက ဝူးခို့(ဂျပန်)ပင်လယ်ဓားပြများ ဖြစ်သည်။

ထိုဝူးခို့ပင်လယ်များ၏ ခေါင်းဆောင်က စစ်သွေးကြွသူဖြစ်ပြီး သူ့ထံ၌ ဘာမှ လုပ်စရာ မရှိလျှင် အိမ်နီးနားချင်းတိုင်းပြည်များကို မကြာခဏ ကျူးကျော်နေလေ့ရှိသူ ဖြစ်သည်။ အလယ်ပိုင်းလွင်ပြင်ကတော့ သူ မျက်စိအကျဆုံးနေရာဖြစ်သည်။

ရှောင်းကျဲယွိကလည်း သူ နန်းတက်ပြီးနောက် ဝူးခို့ပင်လယ်ဓားပြများကို အရင်ချေမှုန်းပစ်ရန် ဆုံးဖြတ်ထားခဲ့သည်။

ဒီခွေးတွေက ဘာမှ လုပ်စရာမရှိရင် မီးရှို့၊ လူသတ်ပြီး လုယက်နေကြတာလေ။ ရလဒ်အနေနဲ့ အလယ်ပိုင်းလွင်ပြင်က တံငါသည်တွေအဖို့ သူတို့ရဲ့လှေတွေကို မကြာခဏ လုယူခံခဲ့ရပြီး လူတွေလည်း သေဆုံးခဲ့ရတယ်။ ဒီဓားပြတွေက ကန်းရိုးတန်းဒေသက ပြည်သူတွေအတွက် ကပ်ဘေးဖြစ်ပြီး လူတွေကို အကြီးအကျယ် ဒုက္ခရောက်စေခဲ့တယ်။

‌ရှောင်းကျဲယွိ စစ်ပွဲအတွက် ပြင်ဆင်နေပြီး အလုပ်ရှုပ်နေချိန်တွင် စူးချင်းက ရှောင်းလန်ရှင်းတို့ကို ခေါ်ဆောင်ကာ အမျိုးသားဝတ်ဖြင့် နန်းတော်မှ ထွက်သွားခဲ့သည်။

ယခု သူမ၏ကိုယ်ဝန်က လေးလနီးပါးရှိနေပြီ ဖြစ်ကာ သူမ၏ဗိုက်က တခြားသူများ၏ ခြောက်လကိုယ်ဝန်ထက် ပိုကြီးနေသည်။ စူးချင်းက အသက်ကြီးသော မှူးမတ်ကြီးတစ်ဦးအဖြစ် ပြောင်းလဲ၀တ်ဆင်ထားပြီး သူမ၏ဗိုက်က ထိုအရာရှိကြီး၏ စည်းစိမ်ဥစ္စာကို ပြသနေသည့် အဆီဗိုက်ဟု ထင်ရစေသည်။

ရှောင်းလန်ရှင်းနှင့် ကျန်းယွိရန်တို့က အားနည်းသည့် စာသင်သားများကဲ့သို့ ဝတ်ဆင်ထားကြပြီး စူးချင်းအား ကူတွဲပေးနေကြသည်။ ရုတ်တရက် သူမတို့ကို ကြည့်လိုက်လျှင် ခပ်ဝဝအဖိုးအား တွဲခေါ်နေသည့် မြေးနှစ်ယောက်ဟု သတ်မှတ်သွားကြပေလိမ့်မည်။

စူးချင်း နန်းတော်ထဲမှ ထွက်လာရသည့်အကြောင်းရင်းက မြို့တော်တွင်ရှိနေသည့် စီးပွားရေးအခြေအနေကို ကြည့်ရှုလေ့လာရန် ဖြစ်သည်။

သူမတို့က ယခင်အရာရှိဟောင်းများ၏ မိသားစုပိုင်ပစ္စည်းများကို သိမ်းဆည်းထားခဲ့ကြပြီး ထိုအထဲတွင် ဝမ်မိသားစု၏ရတနာများက အများဆုံး ဖြစ်သည်။ ထိုအပြင် လမ်းတစ်လျှောက်ရှိ ဈေးဆိုင်များကလည်း ဝမ်မိသားစု၏အပိုင် ဖြစ်ပြီး မြေသြဇာကောင်းသည့် မြေဧက ထောင်ပေါင်းများစွာလည်း ရှိနေသေးသည်။

ယနေ့တွင် စူးချင်းက ထိုဈေးဆိုင်များနှင့် မြေသြဇာကောင်းသည့် လယ်ကွင်းများကို သွားကြည့်ရန် တွေးထားခဲ့သည်။

ယခု လေးလပိုင်းဖြစ်ပြီး ချင်းမင်ပွဲတော်ပြီးသွားသည်မှာ ဆယ်ရက်ကျော်သာ ရှိသေးသောကြောင့် ပြောင်းစိုက်ရန် အချိန်မနှောင်းသေးပေ။

ကျန်းယွိရန်နှင့် ရှောင်းလန်ရှင်းတို့က ဤမျှစည်ကားသောမြို့ကို ပထမဆုံးအကြိမ်တွေ့ဖူးခြင်း ဖြစ်ပြီး လှည်းများ၊ ရထားလုံးများနှင့် ပိုးထည်များ ၀တ်ဆင်ထားသည့် သူဌေးများကို နေရာတိုင်း၌ တွေ့မြင်နိုင်သည်။

လက်ရှိနန်းလုပွဲက ပြည်သူများကို မထိခိုက်စေခဲ့ပေ။ ကုန်သည်များက ပုံမှန်အတိုင်း စီးပွားရှာနေကြပြီး လမ်းများကလည်း ယခင်အတိုင်း စည်ကားနေဆဲပင်။

ရှောင်းကျဲယွိက ပြည်သူများ ကျေနပ်စေရန်အတွက် မြို့တော်မှ ကုန်သည်များကို အခွန်ကင်းလွတ်ခွင့် တစ်နှစ်နှင့် လယ်သမားများကို အခွန်ကင်းလွတ်ခွင့် တစ်နှစ် ပေးခဲ့သည်။ သူက မကြီးလေးသော ရာဇ၀တ်မှု ကျူးလွန်ခဲ့သော ရာဇဝတ်သားများကို လွတ်ငြိမ်းချမ်းသာခွင့် ပေးမည်ဟု ကြေငြာခဲ့ပြီး ဝမ်မိသားစုက မတရားဖမ်းဆီးထားသော အပြစ်မဲ့ပြည်သူများကိုလည်း ပြန်လွှတ်ပေးခဲ့သည်။ ယခင်မင်းဆက်၏ အကြွင်းအကျန်များမှ လွဲ၍ အကျဉ်းသားတော်တော်များများ လွှတ်မြောက်ခွင့်ရခဲ့သည်။

ထို့ကြောင့် သာမန်ပြည်သူများ၏ မျက်နှာများပေါ်တွင် အပြုံးများကို ထင်ထင်ရှားရှား မြင်တွေ့နိုင်သည်။

သူတို့က ဘယ်သူ ဧကရာဇ်ဖြစ်ဖြစ် ဂရုမစိုက်ဘူး။ ဒါပေမယ့် သူတို့ ဝဝလင်လင် စားသောက်ပြီး အေးအေးချမ်းချမ်း နေနိုင်အောင် လုပ်ပေးမယ့်သူကိုတော့ သဘောကျတာပေါ့။

စူးချင်းက အတော်ကြာ ဈေးဝယ်ထွက်နေပြီးမှ ပျင်းလာသောကြောင့် ကျန်းယွိရန်နှင့် သူမ၏ယောင်းမကို လက်ဖက်ရည်ဆိုင်သို့ ခေါ်သွားခဲ့သည်။ သူမတို့ ထိုင်ပြီးသည်နှင့် ပုံပြင်ဆရာက ပုံပြင်တစ်ပုဒ်ပြောနေသည်ကို ကြားလိုက်ရသည်။

အစပိုင်းတွင် စူးချင်းက ထိုပုံပြင်ကို နားမထောင်ဘဲ လက်ဖက်ရည်ကို အေးအေးဆေးဆေး သောက်နေရင်း ပြတင်းပေါက်အပြင်ဘက်မှ လမ်းကို လှမ်းကြည့်နေခဲ့သည်။ သို့သော် သူမ ရုတ်တရက် မယုံသင်္ကာဖြစ်ဖွယ် လူတစ်စုကို တွေ့လိုက်ရသည်။ ဤလူများ အားလုံးက အနက်ရောင် ၀တ်စုံများ ဝတ်ဆင်ထားကြပြီး သူတို့၏ မျက်နှာတစ်ဝက်ကို ဖုံးအုပ်ပေးနိုင်သည့် ဝါးဦးထုပ်များ ဆောင်းထားကြသည်။ စူးချင်း လက်ဖက်ရည်ဆိုင်ပေါ်မှ ငုံ့ကြည့်လိုက်ချိန်တွင် အနက်ရောင်၀တ်စုံဝတ်အမျိုးသားတစ်ဦးက အပေါ်သို့ မော့ကြည့်လိုက်ရာ မျက်လုံးချင်းဆုံမိသွားသည်။

All Chapters