လျှို့ဝှက်ပုံရသော အနက်ရောင်ဝတ်လူ
Vol. 38 Ch. 569
စူးချင်းက ထိုအနက်ရောင်ဝတ်လူ၏မျက်နှာကို လှမ်းမြင်လိုက်ပြီး တစ်ဖက်သားကို ကြည့်နေသည့် သူ့မျက်လုံးများက ထက်ရှသော ဓားအသွင်ဖြစ်နေပြီး ကြောက်မက်ဖွယ်ကောင်းသည့် ခံစားချက်ကို ပေးစွမ်းနေသည်။
ထိုလူ၏မျက်လုံးများကြောင့် စူးချင်းက သူ့ကို အာရုံမစိုက်ဘဲ မနေနိုင်တော့ပေ။ သူတို့အဖွဲ့ထဲတွင် လူဆယ်ယောက်ကျော် ရှိနေပြီး သူတို့က ပိန်ပိန်ပါးပါး သွင်ပြင်များဖြစ်ကာ လေကဲ့သို့ လျောက်လှမ်းနေကြသည်။
သူတို့က မြင်းငါးကောင်းနှင့်အတူ ရထားလုံးသုံးစီးကို မောင်းနှင်လာကြပြီး ရထားလုံးပေါ်ရှိ ပစ္စည်းများကိုလည်း ကောက်ရိုးချပ်များဖြင့် ဖုံးအုပ်ထားသည်။ ထို့ကြောင့် အတွင်း၌ ရှိနေသည့် အရာများကို မည်သူမျှ မမြင်နိုင်ပေ။
စူးချင်း ထိုအနက်ရောင်ဝတ်လူအုပ်စုကို လှမ်းကြည့်အကဲခတ်နေချိန်တွင် ခေါင်းဆောင်ဖြစ်ဟန်တူသည့်လူ၏ မျက်လုံးများကလည်း အပေါ်ထပ်သို့ လှမ်းကြည့်နေပုံရသည်။ သူက စူးချင်းထံတွင် ခဏအကြည့်ရပ်နေပြီးမှ အကြည့်လွှဲသွားကာ အရှေ့မှ ပြတင်းပေါက် အလွတ်ကို ကြည့်နေပြန်သည်။ ထို့နောက် သူက သူ့လက်အောက်ငယ်သားများကို တစ်ခုခု ပြောလိုက်ပုံရပြီး ရထားလုံးကို မောင်းနှင်နေသည့် လူများနှင့် မြင်းများကို ဆွဲခေါ်နေသည့် လူများက သူ့ကို ခေါင်းညိတ်ပြလိုက်သည်။
ဤလုပ်ရပ်က စူးချင်း၏ သံသယကို ပိုနှိုးဆွပေးနိုင်ခဲ့သည်။
ဒီလူတွေက အရှေ့သမုဒ္ဒရာက ဝူးခို့(ဂျပန်လူမျိုး)တွေပဲ၊ အဲ့ဒါက သူတို့ရဲ့ အရှေ့သမုဒ္ဒရာကျွန်းက လူတွေ လုပ်လေ့ရှိတဲ့ အမူအရာနဲ့ သင်္ကေတတွေလေ။ သူတို့က ခေါင်းညိတ်တဲ့ အချက်ရေပေါ်မှာ မူတည်ပြီး အရိုအသေပေးတာ၊ သတိပေးတာ၊ အန္တာရယ်ကင်းကြောင်း ပြသတာတွေ ဖြစ်နေလေ့ရှိတယ်။ တစ်ယောက်ယောက်က သတိပေါ့လျော့သွားတာနဲ့ သူတို့က အသေအကြေစတင်တိုက်ခိုက်ကြလိမ့်မယ်။
ဒီလူတွေ ဘယ်လောက် ရက်စက်ယုတ်မာပြီး စက်ဆုပ်ဖွယ်ကောင်းတာကို သူမ ကောင်းကောင်း သိတယ်။
သူတို့က အကြောင်းပြချက်မရှိဘဲ ဒီနေရာမှာ ပေါ်လာမှာ မဟုတ်ဘူး။ ဖြစ်နိုင်တာက အချက်အလက်တွေ စုဆောင်းဖို့နဲ့ မကောင်းမှုတွေ ကျူးလွန်ဖို့ ကုန်သည်ယောင်ဆောင်ပြီး ဝင်လာတာ ဖြစ်နိုင်တယ်။
"မင်းတို့နှစ်ယောက် သူတို့နောက်ကို လိုက်သွားပြီး သူတို့ ဘယ်သွားလဲဆိုတာ သွားစစ်ဆေးလာခဲ့"
စူးချင်းက သူမဘေးနားတွင် ရပ်နေသည့် တော်ဝင်သက်တော်စောင့်များကို အသံတိုးတိုးဖြင့် အမိန့်ပေးလိုက်သည်။ သူမ နန်းတော်မှ ထွက်လာချိန်တွင် သူမ၏ကိုယ်ပိုင် သက်တော်စောင့်များကလည်း အရာရှိတစ်ဦး၏ သာမာန်ကိုယ်ရံတော်များအဖြစ် အသွင်ပြောင်းကာ သူမနောက်သို့ လိုက်လာခဲ့ကြသည်။ ဧကရီ၏အမိန့်ကို ကြားလိုက်ရချိန်တွင် တော်ဝင်သက်တော်စောင့်နှစ်ယောက်က ချက်ချင်း နောက်လှည့်ပြီး အောက်ထပ်သို့ ဆင်းသွားကြသည်။
ထိုသက်တော်စောင့်နှစ်ယောက် အောက်ထပ်သို့ ဆင်းလာချိန်တွင် အနက်ရောင်ဝတ်လူများ၏ခေါင်းဆောင်ကလည်း သူ့လူနှစ်ယောက်ကို ခေါ်ကာ အပေါ်ထပ်သို့ တက်လာသည်ကို သူတို့တွေ့လိုက်ရသည်။ သက်တော်စောင့်နှစ်ယောက်က သူတို့ကို အပေါ်ထပ်သို့ တက်သွားသည်ကို စောင့်နေပြီးမှ စူးချင်းဆီမှ နောက်ထပ်ညွှန်ကြားချက်တောင်းချင်ပုံဖြင့် စူးချင်းတို့ကို လှမ်းကြည့်လိုက်သည်။
စူးချင်းက ပြတင်းပေါက်ဘက်သို့ အကြည့်ပို့လိုက်ရာ သက်တော်စောင့်များက ချက်ချင်း နားလည်သွားကြသည်။
ဧကရီက မြင်းတွေကို ဆွဲသွားတဲ့ အနက်ရောင်ဝတ်လူတွေ နောက်ကို ဆက်လိုက်ခိုင်းနေတယ်။
အနက်ရောင်ဝတ်ခေါင်းဆောင်က အပေါ်ထပ်မှ အခြေအနေကို အကဲခတ်ရန် အရင် လှမ်းကြည့်ပြီးမှ အပေါ်သို့ တက်လာခဲ့သည်။ သူတို့ကို အပေါ်ထပ်သို့ လိုက်ပို့ပေးနေသည့် စားပွဲထိုး၏မျက်နှာတွင် အပြုံးများဖြင့် ပြည့်နှက်နေသည်။ သူက ထိုအဖွဲ့ကို အတွင်းဘက်မှ ထိုင်ခုံဆီသို့ ပို့ဆောင်ပေးရန် လမ်းပြလိုက်သော်လည်း အနက်ရောင်ဝတ် အမျိုးသားက သူ့ကို လျစ်လျူရှုကာ စူးချင်းတို့၏ ရှေ့မှ လွတ်နေသော ပြတင်းပေါက်ဘေးမှ စားပွဲခုံသို့ တန်းသွားကာ ခပ်တည်တည် ဝင်ထိုင်လိုက်သည်။
"ဒီမှာ ထိုင်မယ်"
စားပွဲထိုးက သူ့အပြုံးကို ဆင်မြန်းထားဆဲဖြစ်ကာ ဖော်ဖော်ရွေရွေ ပြန်ပြောလိုက်သည်။
"လူကြီးမင်း၊ ဒီခုံက ကြိုမှာထားတဲ့သူ ရှိပြီးသားပါ"
ဤလူများက တခြားနေရာမှ လာကြောင်း သိသာနေပြီး ပြတင်းပေါက်နားမှ စားပွဲခုံများက လူကြိုက်အများဆုံး ဖြစ်သည်။ မည်သူမှ အတွင်းထဲသို့ မသွားချင်ကြသည့်အတွက် စားပွဲထိုးမျာက ထိုစားပွဲခုံများကို နောက်ဆုံးအခိုက်အတန့်အထိ နေရာချန်ထားလေ့ရှိသည်။ ထို့ကြောင့် ယခုလည်း ဤစားပွဲထိုးက ထိုနေရာကို တစ်စုံတစ်ယောက် ကြိဦးထားသည်ကို လိမ်ညာနေခြင်း ဖြစ်သည်။
အနက်ရောင်၀တ်အမျိုးသားက လုံးဝ ပြန်မထဘဲ ငွေတစ်တုံးကို ထုတ်ယူကာ စားပွဲပေါ်သို့ တင်ပေးလိုက်သည်။ ထို့နောက် သူက စားပွဲထိုးကို မကြည့်ဘဲ အလွန်ယဉ်ကျေးသောအသံဖြင့် တောင်းဆိုလိုက်သည်။
"ကျေးဇူးပြုပြီး အဆင်ပြေအောင် စီစဉ်ပေးပါဦး"
“ကောင်းပြီ၊ ကောင်းပြီ။ ဒီမှာ ထိုင်ပါ၊ ရပါတယ်၊ ကြိုတင်မှာထားတဲ့သူတွေ ရောက်လာရင် ကျွန်တော် ကြည့်စီစဉ်ပေးလိုက်ပါ့မယ်"
ငွေကို မြင်လိုက်သည်နှင့် စားပွဲထိုး၏မျက်လုံးများက တောက်ပလာကာ သူက ချက်ချင်း ငွေတုံးကို လှမ်းယူလိုက်ရင်း အပြုံးဖြင့် ခေါင်းညိတ်သဘောတူနေလေသည်။
"ဘာတုန်းဟ"
ကျန်းယွိရန်က ထိုစားပွဲထိုး၏အပြုအမူကို ကြည့်နေရင်း အသံတိုးတိုးဖြင့် ညည်းတွားလိုက်သည်။ စူးချင်းက သူမကို ခပ်တည်တည် လှမ်းကြည့်လိုက်မှ ကျန်းယွိရန်တစ်ယောက် တောင့်တင်းသွားရသည်။
သွားပြီ၊ သူမ ဘာလို့ မိန်းခလေးအသံနဲ့ ပြောလိုက်မိရတာလဲ?
အနက်ရောင်ဝတ်ခေါင်းဆောင်က နောက်သို့ လှည့်လာပြီး စူးချင်းနှင့် ကျန်းယွိရန်ကို ကြည့်နေခဲ့သည်။ သူလည်း ကျန်းယွိရန်၏ အသံကို ကြားလိုက်ပုံရသည်။
စူးချင်းကတော့ သူမ၏လက်ဖက်ရည်ကိုသာ အေးအေးဆေးဆေး ဆက်သောက်နေပြီး သူမ၏ပုံပန်းသွင်ပြင်က ချမ်းသာသော အဘိုးကြီးတစ်ဦး၏ပုံရိပ်ကိုသာ အတိအကျ ဖေါ်ပြနေသည်။ ထိုအနက်ရောင်ဝတ်လူ၏အကြည့်က စူးချင်း၏မျက်နှာပေါ်တွင် အချိန်အတော်ကြာအောင် စူးစိုက်နေသည်။ သူမ သူ့ကို ကြည့်လိုက်ချိန်တွင် သူက စူးချင်းကို နှုတ်ဆက်ဟန်ဖြင့် ခေါင်းညိတ်ပြလာခဲ့သည်။
စူးချင်းကလည်း သူ့ကို ခေါင်းပြန် ညိတ်ပြပြီးမှ ပြတင်းပေါက်ကို လှမ်းကြည့်လိုက်သည်။
ထိုအနက်ရောင်ဝတ်လူ ထိုင်နေသည့် နေရာမှကြည့်လျှင် အဝေးမှ ရွှမ်ဝူစစ်စခန်းကို လှမ်းမြင်နိုင်သည်။ ထိုရွှမ်ဝူစစ်စခန်းက မော်တာများနှင့် မော်တာကျည်များ ထားရှိသည့် နေရာဖြစ်ပြီး တင်းကျပ်စွာ စောင့်ကြပ်ထားသည့် စစ်တပ်၏အလယ်ဗဟို ဖြစ်သည်။
ထိုအချက်က စူးချင်းကို ပို၍ ထိတ်လန့်စေသည်။
တာ့ထန်အင်ပါယာက ထူထောင်ခါစဖြစ်နေပြီး ပတ်ဝန်းကျင်က တိုင်းပြည်ငယ်လေးတွေ အားလုံးက မငြိမ်မသက်နဲ့ လှုပ်ရှားနေကြပြီ။ သူမတို့ သူလျှိုလှိုင်းသုံးခုကို သုံးကြိမ်တိုင်တိုင် ဖမ်းမိခဲ့ပေမယ့် မဖမ်းနိုင်သေးတဲ့အကြွင်းအကျန်တွေလည်း ရှိနိုင်သေးတယ်။ ငြိမ်သက်နေတဲ့ ရေမျက်နှာပြင်အောက်မှာတောင် လှိုင်းထန်နေတဲ့ ရေအောက်စီးကြောင်းတွေ ရှိနိုင်သေးတယ်။
အဓိကအချက်ကတော့ တိုင်းပြည်တိုင်းက မော်တာတွေကို လိုချင်နေကြတယ်လေ။ အဲ့ဒိလက်နက်ကို ရတာနဲ့ ဘယ်သူမဆို ကမ္ဘာကြီးကို စိုးမိုးနိုင်မယ်လို့ သူတို့ တွက်ဆနေကြပုံပဲ။
စူးချင်းက သူ့ကို မကြည့်တော့ကြောင်း သိသွားသည်နှင့် အနက်ရောင်၀တ်လူ၏ အကြည့်က ကျန်းယွိရန်၏ မျက်နှာပေါ်သို့ ကျဆင်းသွားသည်။ သူမက အားနည်းသော ပညာရှင်တစ်ယောက်ကဲ့သို့ ၀တ်ဆင်ထားသော်လည်း သူမ၏ အပြုအမူကြောင့် သူမ မိန်းခလေးဖြစ်ကြောင်း သိသာနေသည်။ ထို့ကြောင့် အနက်ရောင်ဝတ်လူက အနည်းငယ် ပိုသတိထား အကဲခတ်နေခဲ့သည်။
ကျန်းယွိရန်က သူ့အကြည့်ကြောင့် အနည်းငယ် မနေတတ်မထိုင်တတ် ဖြစ်လာသည်။
ဒီလူရဲ့အကြည့်တွေက သူမကို ကိုယ်လုံးတီးချွတ်ပြီး ဓားနဲ့ မွှန်းနေသလို ခံစားရစေတယ်။
ရှောင်းလန်ရှင်းက ကျန်းယွိရန် စိတ်မသက်မသာဖြစ်နေသည်ကို သတိပြုမိသွားပြီး ကျန်းယွိရန်ကို လှည့်ကြည့်လိုက်ပြီးမှ ကျန်းယွိရန်ကို စိုက်ကြည့်နေသော အနက်ရောင်ဝတ်လူကို ပြန်စိုက်ကြည့်လိုက်သည်။
ထိုအနက်ရောင်ဝတ်လူကလည်း ရှောင်းလန်ရှင်း သူ့ကို စိုက်ကြည့်နေသည်အား မြင်သွားပြီး ခဏတာမျှ အံ့အားသင့်သွားပုံရသည်။ ထို့နောက် သူ့စိတ်ထဲမှ သံသယများလည်း ပျောက်ကွယ်သွားတော့သည်။ သူမတို့က အပြင်ထွက်၍ ပျော်ပါးရန် ယောက်ျားယောင်ဆောင်လာသော မိန်းမပျိုနှစ်ဦးဟု သူ သတ်မှတ်လိုက်သည်။
သို့သော်လည်း စူးချင်းက သူ့၏အတွေးကို မသေချာမရေရာဖြစ်အောင် လုပ်နေပြန်သည်။ ထိုလူ၏အမြင်တွင် သူ့ရှေ့မှလူက အဘိုးကြီးတစ်ယောက်ဟု လုံးဝ သတ်မှတ်နိုင်သော်လည်း သူ့မျက်လုံးများက တောက်ပနေပြီး တက်ကြွနေဟန်ရှိသောကြောင့် နားမလည်နိုင်သည့် ခံစားချက်ကို ပေးစွမ်းနေသည်။
"လူကြီးမင်း၊ ခင်ဗျား ဘယ်လို လက်ဖက်ရည်မျိုး မှာယူချင်ပါသလဲ?"
စာပွဲထိုးက အနက်ရောင်ဝတ်ခေါင်းဆောင်ကို စိတ်အားထက်သန်စွာ မေးမြန်းနေသည်။
"မင်းတို့ဆိုင်ရဲ့ အကောင်းဆုံး လက်ဖက်ရည်နဲ့ အဆာပြေမုန့်တွေ ချပေး"
အနက်ရောင်ဝတ်ခေါင်းဆောင်က အေးစက်စွာ အမိန့်ပေးလိုက်ပြီး သူ့အသံက အနည်းငယ် မာကျောလာသည်။
“ကောင်းပါပြီ”
ဆိုင်အကူက ပြုံးပြုံးရွှင်ရွှင် ပြန်ဖြေလိုက်ပြီး စားစရာနှင့် လက်ဖက်ရည် ပြင်ဆင်ပေးရန် အမြန် ထွက်သွားတော့သည်။
ထိုအချိန်တွင် စင်မြင့်ပေါ်တွင် ထိုင်နေသည့် ပုံပြင်ပြောသူ သူ့၏ ဇာတ်လမ်းကို တက်တက်ကြွကြွ ဆက်ပြောနေဆဲဖြစ်သည်။
“မြေနဂါးကြီးက သစ်ရွက်တစ်ရွက်လို လှန်လိုက်တဲ့အချိန်မှာ ရှောင်းမိသားစုက ရဲရင့်တဲ့ လူငယ်လေးက ထောင်ဟွားဝူက ရွာသားတွေကို ဦးဆောင်ပြီး အငတ်ဘေးကနေ ထွက်ပြေးလာခဲ့တာပေါ့။ လမ်းခရီးမှာ သူက တုနှိုင်းမမှီအောင် လှပတဲ့ မိန်းခလေးတစ်ယောက်ကို ကယ်တင်ခဲ့တယ်။ အဲ့မိန်းခလေးက နတ်ဆေးဆရာမလေး ဖြစ်နေပြီး သေပြီးတဲ့သူကိုတောင် အသက်ပြန်ရှင်အောင် လုပ်ပေးနိုင်တယ်လေ။ လမ်းတစ်လျှောက်မှာတော့ သူမက ဒဏ်ရာရသူတွေကို ကုသပေးပြီး ဖျားနာသူတွေကို ကြီးမားတဲ့ ကရုဏာနဲ့ တရားမျှတမှုတွေ ပေးဆောင်ခဲ့တယ်၊ သူမက ရှောင်းမိသားစုရဲ့ ရဲရင့်တဲ့လူငယ်လေးကိုလည်း ကူညီပေးခဲ့ပြီး သူတို့နှစ်ယောက်က မရေတွက်နိုင်တဲ့ ကျားတွေနဲ့ ဝံပုလွေတွေကို အတူတူ တိုက်ထုတ်ခဲ့ကြတယ်၊ အဲ့လိုနဲ့ ငြိမ်းချမ်းတဲ့ ရွှေခေတ်တစ်ခေတ်ကို ဖန်တီးနိုင်ခဲ့တာပေါ့”
ပုံပြင်ပြောသူက စိတ်လှုပ်ရှားသွားဟန်ဖြင့် သူ၏ သစ်သားတုတ်ကို မြှောက်လိုက်ပြီး စားပွဲခုံကို ပြင်းပြင်းထန်ထန် ရိုက်ချလိုက်သည်။ လက်ဖက်ရည်ဆိုင်အတွင်းရှိ စားသုံးသူများက စိတ်ဝင်တစား နားထောင်ကြပြီး ထိုအထွတ်အထိပ်အချိန်တွင် လက်ခုပ်တီးအားပေးနေကြသည်။
စူးချင်းက ထိုလူ သူမနှင့် ရှောင်းကျဲယွိ၏ဇာတ်လမ်းအကြောင်း ပြောနေမှန်း ယခုမှ ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်။ ရှောင်းလန်ရှင်းကတော့ ထိုအသံကို ကြားနေသည်မှာ ကြာနေပုံရပြီး သူမ၏ ယောင်းမကို အပြုံးဖြင့် ကြည့်နေကာ သူမ၏ မျက်လုံးလေးများက လခြမ်းများသဖွယ် ကွေးနေလေသည်။
စူးချင်းက ယောင်းမဖြစ်သူကို ဘာသိဘာသာ တစ်ချက်စိုက်ကြည့်လိုက်သည်။ ထိုအကြည့်ကြောင့် ရှောင်းလန်ရှင်းက သူမ၏ အပြုံးကို ပြန်ရုတ်သိမ်းလိုက်ပြီး မတ်တတ် ပြန်ထိုင်လိုက်သည်။ သူမက သက်တော်စောင့်တစ်ယောက်ကို လက်ယပ်ခေါ်ကာ ပုံပြင်ပြောသူအား ညွှန်ပြပြီး ငွေတလျန် ထုတ်ပေးလိုက်သည်။
စူးချင်းက သူမ၏လက်ကို ဖိထားလိုက်ရာ ရှောင်းလန်ရှင်းက သူမကို တအံ့တဩ ပြန်ကြည့်လာခဲ့သည်။ သို့သော် ယောင်းမဖြစ်သူက သူမတို့၏နောက်မှ စားပွဲသို့ မျက်စပစ်ပြလိုက်သောကြောင့် ထက်မြက်သည့် ရှောင်းလန်ရှင်းက ချက်ချင်း သဘောပေါက်သွားပြီး ငွေကို ချက်ချင်း ပြန်သိမ်းလိုက်သည်။
အနက်ရောင်ဝတ်လူများကလည်း ထိုပုံပြင်ပြောသူ လက်ရှိဧကရာဇ်နှင့် ဧကရီအကြောင်း ပြောနေမှန်း ရှင်းရှင်းလင်းလင်း သိနေပုံရသည်။ ခေါင်းဆောင်က အလွန်စိတ်ဝင်စားဟန်ဖြင့် လေးလေးနက်နက် နားထောင်နေခဲ့သည်။ ထို့နောက် သူက ပုံပြင်ပြောသူကို ဆုချီးမြှင့်ရန် တစ်စုံတစ်ဦးကိုပင် စေလွှတ်လိုက်သေးသည်။
ခဏအကြာတွင် စားပွဲထိုးက လက်ဖက်ရည်ဗန်းကို သယ်ဆောင်ကာ ပြန်ရောက်လာပြီး အနက်ရောင်ဝတ်လူများအတွက် လက်ဖက်ရည်နှင့် မုန့်များ တည်ခင်းပေးနေသည်။ သူတို့ စားသောက်နေသည့်တိုင် ခေါင်းဆောင်၏အကြည့်များက ပြတင်းပေါက်တွင်သာ ရှိနေခဲ့သည်။
စူးချင်းက သူ့၏အပြုအမူကို သတိထားမိပြီး ပြတင်းပေါက်သို့ လှမ်းကြည့်လိုက်သည်။ ဤနေရာမှ ကြည့်လျှင် ရွှမ်ဝူစစ်စခန်းရှိ စစ်သည်များ၏ လှုပ်ရှားမှုကိုပင် သူမ မြင်နိုင်သည်။
ထိုအခိုက်အတန့်တွင် စူးချင်းက ပို၍ သတိဝင်လာခဲ့သည်။
သူတို့က စစ်သည်တွေက ဘယ်အချိန် ကင်းပြောင်းမယ်ဆိုတာကို စောင့်ကြည့်ဖို့ ကြိုးစားနေတာလား?
စူးချင်းက ပြတင်းပေါက်ကို ဆက်ကြည့်နေခဲ့ပြီး ကင်းလှည့်တပ်သားတစ်စုက လမ်း၏အရှေ့ဘက်ခြမ်းမှ လျှောက်လာနေသည်ကို တွေ့လိုက်ရသည်။ သူတို့က ခြေလှမ်းကိုပင် စည်းစနစ်တကျ လှမ်းနေပြီး အလွန် ခံ့ညားလွန်းလှသည်။
ရှောင်းမိသားစုစစ်တပ်တွင် တင်းကြပ်သော စစ်ရေးစည်းကမ်းများ ရှိပြီး ပုံမှန်လှည့်ကင်းတပ်ဖွဲ့ပင် စစ်တပ်၏စည်းမျဥ်းစည်းကမ်းများကို အပြည့်အဝ လိုက်နာရသည်။ ထို့ကြောင့် ဤစစ်သည်များကို မြင်လိုက်သည်နှင့် ရှောင်းမိသားစုစစ်တပ်၏ စစ်စည်းကမ်းနှင့် စိတ်ဓာတ်ကို မြင်နိုင်သည်ဟု ဆိုကြသည်။ ၎င်းတို့သည် တွန်းလှန်၍ မရနိုင်သော အင်အားကြီးမားကို ပြသနေသည့် ပြယုဒ်လည်း ဖြစ်သည်။
အနက်ရောင်၀တ်ခေါင်းဆောင်က သူ့၏မျက်နှာချင်းဆိုင်တွင် ထိုင်နေသည့် လက်အောက်ငယ်သားကို ခေါင်းညိတ်ပြလိုက်ပြီး ထိုလက်အောက်ငယ်သားက စုတ်တံနှင့် စာရွက်ကို ထုတ်ကာ မှတ်စုရေးနေသည်။ စူးချင်းက ပြတင်းပေါက်ရှေ့မှ ဖြတ်လျှောက်သွားသော ကင်းလှည့်စစ်သည်များကို ကြည့်လိုက်ပြီး ရွှမ်ဝူစစ်စခန်းကို ကြည့်လိုက်ပြန်သည်။ တစ်ချိန်တည်းမှာ နှစ်နေရာလုံး ကင်းချိန်ပြောင်းလိုက်ပုံရသည်။ စူးချင်းက သူမ၏ မျက်ခုံးကို ပင့်လိုက်ပြီး ခဏလောက် ဆက်စောင့်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။
ထိုလူများက ဤနေရာတွင် အကြာကြီး ထိုင်မည့်ဟန်ရှိနေပြီး တစ်ရှီးချန်(နှစ်နှာရီ)လောက် ကြာနေသည့်တိုင် ထွက်သွားရန် ရည်ရွယ်ချက်ရှိပုံ မရပေ။ သို့သော် စူးချင်းတို့ မသွားသေးသည်ကို သတိပြုမိသွားချိန်တွင် ထိုအနက်ရောင်ဝတ်ခေါင်းဆောင်က သူမတို့ကို လှည့်ကြည့်လာပြန်သည်။ သူ့မျက်လုံးများထဲတွင် သံသယအရိပ်အယောင်များ တိုးလာပြီ ဖြစ်သည်။
စူးချင်းက သူမ၏ လက်ဖက်ရည်ခွက်ကို ချလိုက်ပြီး လူအိုကြီးတစ်ယောက်၏ အက်ရှရှ အသံဖြင့် စားပွဲထိုးကို လှမ်းခေါ်လိုက်သည်။
“စားပွဲထိုးလူငယ်လေး၊ ငွေရှင်းမယ်”