← Chapters

သမီးယောင်းမတွေရဲ့ သရုပ်ဆောင်မှုတွေ

Vol. 38 Ch. 570

သမီးယောင်းမတွေရဲ့ သရုပ်ဆောင်မှုတွေ

Vol. 38 Ch. 570

စူးချင်းက ငွေရှင်းတော့မည်ကို မြင်လိုက်သောကြောင့် ထိုအနက်ရောင်၀တ်လူကလည်း သူ့၏ နိုးကြားနေသည့် အကြည့်ကို ပြန်ရုတ်သိမ်းလိုက်ပြီး လက်ဖက်ရည် ဆက်သောက်ရန် ခေါင်းပြန်လှည့်သွားသည်။ သက်တော်စောင့်တစ်ယောက်က စားပွဲထိုးအား ငွေပေးချေရန် အရင်ထွက်သွားပြီး စူးချင်းက ကျန်းယွိရန်၊ ရှောင်းလန်ရှင်းတို့နှင့်အတူ ထရပ်လိုက်ကာ ချစ်ခင်ကြင်နာသော လေသံဖြင့် ဆူပူလိုက်သည်။

"ဆိုးသွမ်းတဲ့ ကောင်မလေးနှစ်ယောက်.... ဒီတစ်ခေါက် မင်းတို့ အားလုံးကို သေသေချာချာ ကြည့်ခွင့်ရပြီးပြီနော်၊ နောက်တစ်ခါ အပြင်ထွက်ပြီး ကစားခွင့် မရှိတော့ဘူး”

"အဖိုး"

ရှောင်းလန်ရှင်းက သူမ၏ယောင်းမ အခြားစားပွဲမှ လူများကို အာရုံပြောင်းရန် ကြိုးစားနေကြောင်း ချက်ချင်းသဘောပေါက်သွားပြီး အလျင်အမြန် တုံ့ပြန်လိုက်သည်။ သူမက စူးချင်း၏လက်မောင်ကို ဆုပ်ကိုင်ကာ ချွဲနွဲ့ဟန်ပြုမူလိုက်သည်။

“ဟား ဟား၊ တော်တော့ ထပ်မဆိုးနဲ့တော့၊ သွားကြမယ်။ အဖိုးက မင်းတို့ကို စားသောက်ဆိုင်ဆီ ခေါ်သွားပေးမယ်"

စူးချင်းက ပျော်ရွှင်ကြည်နူးဟန်ဖြင့် ရယ်မော်နေပြီး မြေးနှစ်ယောက်ကို ထွက်သွားရန် လောဆော်လိုက်သည်။ အနက်ရောင်ဝတ်လူက သူမတို့ကို လှည့်မကြည့်သော်လည်း သူမတို့ ပြောနေသည့်စကားများကို နားထောင်နေခဲ့သည်။

ထို့နောက် သူက သူ့၏ယခင်အတွေးများ မှန်ကန်ကြောင်း မှတ်ချက်ချလိုက်သည်။

ဒီမိန်းမပျိုလေးနှစ်ယောက်က အပြင်ထွက်ပြီး ဆော့ကစားချင်လို့ အဖိုးဖြစ်သူက လိုက်ပို့ပေးပုံပဲ။ သူမတို့က အတွင်းဆောင်မှာ အချိန်အတော်ကြာ ပိတ်မိနေတာဆိုတော့ အပြင် ရောက်လာပြီး တော်တော်နဲ့ မပြန်ချင် ဖြစ်နေပုံရတယ်။

စူးချင်းက ကျန်းယွိရန်နှင့် ရှောင်းလန်ရှင်းတို့ကို ခေါ်ကာ အောက်ထပ်သို့ ဆင်းသွားပြီး တော်ဝင်သက်တော်စောင့်နှစ်ယောက်ကလည်း သူမတို့နောက်မှ လိုက်ပါသွားခဲ့သည်။ စူးချင်းနှင့် မိန်းခလေးနှစ်ယောက်က ပိုးထည်များ ၀တ်ဆင်ထားပြီး လူချမ်းသာမှန်း သိသာနေသည်။ ချမ်းသာသည့်သူများ အပြင်ထွက်လာလျှင် သူတို့နှင့်အတူ ကိုယ်ရဲတော်များ ခေါ်ဆောင်လာသည်မှာ ပုံမှန်ဖြစ်သည်။

သို့သော်လည်း အနက်ရောင်ဝတ်ခေါင်းဆောင်အမျိုးသားက စူးချင်းတို့ကို စိုက်ကြည့်နေသေးသည်။ သူမတို့အားလုံး လက်ဖက်ရည်ဆိုင်မှ ထွက်သွားချိန်တွင် သူက စားပွဲထိုးကို ရုတ်တရက် လှမ်းခေါ်လိုက်သည်။

"လူကြီးမင်း ဘာများ လိုအပ်ပါသလဲခင်ဗျာ?"

စားပွဲထိုးက ယနေ့အတွက် ငွေတစ်လျန် အပိုဆောင်းရထားသောကြောင့် စိတ်ပျော်နေသည်။ ဧည့်သည်က သူ့ကို ခေါ်လိုက်သည်နှင့် သူက စိတ်ပါလက်ပါ ပြေးသွားပြီး စားပွဲပေါ်တွင် ဖိတ်စင်နေသည့်ရေများကို သုတ်ရန် သူ့ပခုံးပေါ်မှ အဝတ်စကို အမြန် ဆွဲယူလိုက်သည်။ သူ ကောင်းမွန်စွာ ဧည့်ခံပေးပါက ဆုငွေ ထပ်ရနိုင်မည်ဟု တွေးကာ ပြုံးနေပြန်သည်။

"မင်း အရင်တုန်းက အဲဒီလူတွေကို မြင်ဖူးလား?"

အနက်ရောင်ဝတ်ခေါင်းဆောင်က ကျောခိုင်းထွက်သွားသည့် စူးချင်းတို့ကို ညွှန်ပြပြီး စားပွဲထိုးကို လှမ်းမေးလိုက်သည်။ စားပွဲထိုးက ခေါင်းယမ်းကာ ပြန်ဖြေလိုက်သည်။

“ဟင့်အင်း၊ ကျွန်တော် သူတို့ကို တစ်ခါမှ မတွေ့ဖူးဘူး။ ဒါပေမယ့် အခု မင်းဆက် ပြောင်းသွားပြီလေ။ လက်ရှိဧကရာဇ်က ကြင်နာတတ်တော့ တိုင်းပြည်အနှံ့မှာ ရှိတဲ့ ချမ်းသာတဲ့ ကုန်သည်တွေက စီးပွားရေး လုပ်ဖို့ မြို့တော်ကို ရောက်လာကြတယ်”

“ဪ”

စားပွဲထိုး၏ အဖြေကို နားထောင်ပြီးနောက် အနက်ရောင်ဝတ်ခေါင်းဆောင်က ခေါင်းညိတ်ပြကာ စားပွဲထိုးကို နှင်ထုတ်ရန် သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။ သူက စူးချင်းတို့ကို စူးစူးစိုက်စိုက် ကြည့်နေခဲ့သော်လည်း ထိုအုပ်စုက အပေါ်ထပ်သို့ လုံးဝ လှည့်မကြည့်ဘဲ ရယ်ရယ်မောမောဖြင့် လမ်းလျောက်နေကြကာ မျက်နှာချင်းဆိုင်မှ စားသောက်ဆိုင်ထဲသို့ ဝင်သွားသည်ကို သူ မြင်လိုက်ရသည်။

“ယောင်းမ၊ ယောင်းမက သူတို့ကို သံသယဝင်နေတာလား?”

စားသောက်ဆိုင်ထဲသို့ ဝင်လာပြီးနောက် ရှောင်းလန်ရှင်းက သူမ၏ခြေလှမ်းကို ခေတ္တ ရပ်ကာ စူးချင်းကို အသံတိုးတိုးဖြင့် မေးလိုက်သည်။

စူးချင်း ခေါင်းညိတ်လိုက်သည်။

“ဟုတ်တယ်၊ ဒီလူတွေက အရမ်းသံသယဖြစ်စရာကောင်းတယ်။ သူတို့က ကင်းသမားတွေ အဆိုင်း ပြောင်းတာကို စောင့်ကြည့်နေပြီး မော်တာတွေ ထားတဲ့နေရာကိုလည်း လှမ်းကြည့်နေကြတယ်”

“လူကြီးမင်းတို့ ကြွပါခင်ဗျ”

စားသောက်ဆိုင်၏စားပွဲထိုးက အလျင်အမြန် ရောက်လာပြီး စူးချင်းတို့အဖွဲ့ကို ကြိုဆိုလိုက်သည်။ သူမတို့က ပိုးထည်များ ၀တ်ဆင်ထားသည်ကို သူ မြင်နိုင်ပြီး ဤလူများက ပိုက်ဆံရှိသော ဧည့်သည်များဖြစ်ကြောင်း သူ နားလည်နေသည်။ သူက တောက်ပစွာ ပြုံးနေပြီး ဧည့်သည့်များကို အားတက်သရော ကြိုဆိုကာ စားသောက်ဆိုင်ထဲသို့ ဖိတ်ခေါ်လိုက်သည်။

"ဒုတိယထပ်က ပြတင်းရှိတဲ့ စားပွဲမျိုး လိုချင်တယ်"

စူးချင်းက ဘာမှ မထူးခြားဟန်ဖြင့် ပေါ့ပေါ့ပါးပါး တောင်းဆိုလိုက်ပြီး စားပွဲထိုးက ချက်ချင်း ခေါင်းညိတ်ပြလာခဲ့သည်။

"ကောင်းပါပြီ၊ အပေါ်ထပ်ကို ကြွပါခင်ဗျ"

စူးချင်းက ရှောင်းလန်ရှင်းနှင့် ကျန်းယွိရန်တို့ကို ခေါ်ကာ အပေါ်ထပ်သို့ တက်သွားပြီး ပြတင်းပေါက်ဘေးမှ စားပွဲတွင် ဝင်ထိုင်လိုက်သည်။ သူမ ထိုင်သည့်နေရာမှ ကြည့်လျှင် လက်ဖက်ရည်ဆိုင်၏တံခါးပေါက်ကို သူမ မြင်နိုင်သော်လည်း ထိုအနက်ရောင်အမျိုးသားများကတော့ သူမကို မြင်နိုင်မည် မဟုတ်ပေ။

"လူကြီးမင်း၊ လူကြီးမင်းတို့ မှာယူချင်တဲ့ ဟင်းပွဲတွေရဲ့နာမည်ကို သိခွင့်ရနိုင်မလား?"

စားပွဲထိုးက စူးချင်းကို လှမ်းမေးလိုက်သော်လည်း စူးချင်းက ဆက်မမေးရန် သူမလက်ကို ဝှေ့ယမ်းပြလိုက်သည်။

"မင်းတို့ ဆိုင်ရဲ့ အထူးဟင်းလျာတွေ ရှိသလောက် ယူလာခဲ့"

“ကောင်းပါပြီ၊ ကောင်းပါပြီ။ ခဏလောက်တော့ စောင့်ပေးပါဦးဗျ"

ထိုမျှ ဝန်ဆောင်မှုပေးရန် လွယ်ကူသည်ကို တွေ့လိုက်ရသောကြောင့် စားပွဲထိုးက ဝမ်းသာအားရဖြင့် အောက်ထပ်သို့ ပြေးဆင်းသွားတော့သည်။

အိုး.... သူတို့က တစ်ခွန်းတည်းနဲ့ စျေးအကြီးဆုံးတွေ မှာနိုင်တာပဲ။

စူးချင်းက လက်ဖက်ရည်ဆိုင်၏ တံခါးပေါက်ကိုသာ ဆက်တိုက်စောင့်ကြည့်နေသည်။ ထိုဆိုင်ထဲမှ စားသုံးသူနှစ်ဖွဲ့ ပြန်ထွက်ခွာသွားပြီ ဖြစ်သော်လည်း ထိုအနက်ရောင်ဝတ် အမျိုးသားများကတော့ ထွက်ခွာသွားခြင်း မရှိသေးပေ။

နောက်ထပ်တစ်ရှီးချန်(နှစ်နာရီ)အကြာတွင် အခြားကင်းလှည့်တပ်သားတစ်စု ဖြတ်လျှောက်သွားပြန်သည်။ သိပ်မကြာမီမှာပင် အနက်ရောင်၀တ်လူများက လက်ဖက်ရည်ဆိုင်မှ ထွက်လာကြသည်။ ထိုအချိန်တွင် အဖွဲ့ခေါင်းဆောင်က စားသောက်ဆိုင်ဆီသို့ လှမ်းကြည့်လိုက်သေးသည်။

စားသောက်ဆိုင်ပေါ်မှ ရှောင်းလန်ရှင်းနှင့် ကျန်းယွိရန်တို့ကတော့ ဘာမှ ထပ်မစားနိုင်လောက်အောင် ဗိုက်တင်းနေပြီ ဖြစ်သည်။ စားပွဲပေါ်တွင် စားစရာများ ပြည့်နှက်နေသော်လည်း စူးချင်းက ဘာမှ မစားပေ။ သို့သော် သူမက မိန်းခလေးနှစ်ယောက်အား ဗိုက်ပေါက်ထွက်လုနီးပါး စားခိုင်းနေခဲ့သည်။

"ယောင်းမ ထပ်စားရဦးမှာလား?"

ရှောင်းလန်ရှင်းက စူးချင်းကို ကြည့်ကာ ရှုံတွနေသော မျက်နှာဖြင့် လှမ်းမေးလိုက်သည်။ စူးချင်းက မတ်တပ် ထရပ်လိုက်ရင်း အေးအေးဆေးဆေး ပြန်ဖြေလိုက်သည်။

"ပြန်ကြမယ်"

သူမ သိချင်တာကို သိရပြီးပြီ။ ဒီအဖွဲ့က မော်တာတွေအတွက် ဒီနေရာကို ရောက်လာတာ သေချာနေပြီ။

နန်းတော်သို့ ပြန်သည့်လမ်းတွင် စူးချင်းက တမင်တာကာ လမ်းကြောင်းပြောင်းရင်း လျောက်သွားနေခဲ့သည်။ သူမ၏မိသားစုဝင်များ မြို့တော်သို့ ပြောင်းရွှေ့လာပြီးနောက် ရှောင်ချီက စူးမိသားစုအား ကာကွယ်ပေးရန် မလိုအပ်တော့ပေ။ နန်းတော်တွင် အစောင့်အကြပ်များစွာ ရှိနေသောကြောင့် ရှောင်ချီလည်း တာဝန်မှ လွတ်မြောက်လာခဲ့သည်။ နောက်ဆုံးတွင် ရှောင်ချီက သူမ၏သခင်နှင့်အတူ လိုက်နိုင်ရန် စနစ်သို့ ပြန်ဝင်မည်ဟု ပြင်းပြင်းထန်ထန် တောင်းဆိုခဲ့သည်။

ထို့ကြောင့် ယခု သူမက စနစ်ထဲတွင် ရှိနေပြီး သခင်ဖြစ်သူ၏ ညွှန်ကြားချက်မပါဘဲ စနစ်၏ဖန်သားမျက်နှာပြင်ကြီးကို ဖွင့်ထားသည်။ သူမက သခင်ဖြစ်သူ၏အနောက်ဘက်ကို ပြန်ကြည့်ခဲ့ပြီး အနက်ရောင်၀တ်လူနှစ်ယောက် အဝေးမှ တိတ်တဆိတ် လိုက်ပါနေသည်ကို အတိုင်းသား မြင်နေရသည်။

"သခင်၊ သခင်နောက်ကို အနက်ရောင်ဝတ်လူနှစ်ယောက် လိုက်လာတယ်"

စူးချင်း ထိုအရာကို သတိထားမိသည်မှာ ကြာနေပြီ ဖြစ်သည်။ ထိုသို့မဟုတ်ရင် သူမက ရှောင်းလန်ရှင်းတို့ကို ခေါ်ကာ ကွေ့ပတ်သွားလာနေမည် မဟုတ်ပေ။

သူမတို့ နောက်သို့ လိုက်နေသည့် လူများ ရှိနေကြောင်း အတည်ပြုပြီးနောက်တွင် စူးချင်းက ရှောင်းလန်ရှင်းနှင့် ကျန်းယွိရန်ကို ခေါ်ကာ ရထားလုံးဖြင့် လယ်တောခြံများဆီသို့ ဦးတည်လိုက်သည်။ စူးချင်းက မူလကတည်းက လယ်ကွင်းများ၏အခြေအနေကို စစ်ဆေးပြီး စိုက်ပျိူးရေး စတင်ရန် စီစဉ်ထားခဲ့သည်။

ဆောင်းဦးပေါက်တာနဲ့ ဂိုဒေါင်ထဲမှာ အစေ့အဆန်တွေ ပြည့်နေမှ ဖြစ်မယ်။

ရထားလုံးက ကျေးလက်ဘက်သို့ ရောက်လာပြီး သူမတို့ မြို့ပြင်ဘက်သို့ ရောက်လာချိန်တွင် ထို အနက်ရောင်ဝတ်အမျိုးသားနှစ်ဦးက အဝေးသို့ ထွက်သွားသည့် ရထားလုံးကိုသာ စောင့်ကြည့်နေပြီး သူမတို့ နောက်သို့ ဆက်မလိုက်တော့ပေ။

စူးချင်းက လမ်းခုလတ်တွင် သူတို့၏ အစီအစဉ်ကို ရှောင်းကျဲယွိထံ သတင်းပြန်ပေးရန် သက်တော်စောင့်တစ်ဦးကို ပြန်လွှတ်လိုက်သည်။ သူမတို့ လက်ရှိဟာပေါက်ကို ပိတ်ဆို့ရမည် ဖြစ်ပြီး ယနေ့မှစ၍ ကင်းသမားများ၏ အလှည့်ကျစနစ်က ပုံမှန်မဟုတ်ဘဲ နေ့စဉ် ကျပန်းပြောင်းလဲရတော့မည် ဖြစ်သည်။

သက်တော်စောင့်ထံမှ သတင်းကို ရလိုက်ချိန်တွင် ရှောင်းကျဲယွိကလည်း အလေးအနက်ထားကာ ပြင်ဆင်စရာများအတွက် ချက်ချင်း စီမံလိုက်သည်။ သူက ကင်းလှည့်ပြောင်းချိန်ကို ချက်ချင်း ပြင်ဆင်သတ်မှတ်လိုက်ပြီး ရွှမ်ဝူစခန်းသို့ လူများကို ထပ်ပို့လိုက်သည်။ သို့သော် သူက ဤအရာများ အားလုံးကို တိတ်တဆိတ် လုပ်ဆောင်ခဲ့ပြီး ရန်သူကို ထောင်ချောက်ထဲသို့ ဆွဲသွင်းရန် ပြင်ဆင်ထားခဲ့သည်။

လမ်းခွဲသွားသည့် အနက်‌ရောင်ဝတ်အမျိုးသားများ နောက်သို့ လိုက်ပါသွားသည့် သက်တော်စောင့်နှစ်ဦးကလည်း ထိုလူများက အထည်ကုန်သည်များဖြစ်ကြောင်းနှင့် ရူကျားတည်းခိုစခန်းတွင် တည်းခိုနေကြောင်း သတင်းပို့ရန် နန်းတော်သို့ ပြန်ရောက်လာကြသည်။

ရှောင်းကျဲယွိက မည်သူ့ကိုမျှ ချက်ချင်း မဖမ်းဆီးစေဘဲ သူတို့ မြို့တွင်းရှိ လူများနှင့် ဆက်သွယ်ခြင်း ရှိ မရှိ သိနိုင်ရန် တိတ်တဆိတ် စောင့်ကြည့်ဖို့ အမိန့်ပေးလိုက်သည်။

သူမ၏ ဖိနပ်များနှင့် အဝတ်များတွင် ဖုန်မှုန့်များ ဖုံးလွှမ်းနေသည့် စူးချင်းကတော့ ညမိုးချုပ်သည်အထိ နန်းတော်သို့ ပြန်မရောက်လာသေးပေ။ ရှောင်းကျဲယွိက နန်းတော်ခန်းမဆောင်ထဲသို့ ဝင်လာသော လူရိပ်တစ်ခုကို ခံစားမိလိုက်သောကြောင့် လျှောက်တင်လွှာ လက်ခံရန် ခေါင်းမော့လိုက်သည်။ သူ လူအိုကြီးတစ်ဦးကို တွေ့လိုက်ရပြီး သူ့အကြည့်များက လူအိုကြီး၏ ဝမ်းဗိုက်ပေါ်သို့ ရောက်သွားချိန်တွင် သူ့နှုတ်ခမ်းပေါ်တွင် အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

ရှောင်းကျဲယွိက သူ့ လက်ထဲမှ လျှောက်တင်လွှာကို အောက်ချလိုက်ပြီး စူးချင်းကို ကြိုဆိုရန် ထရပ်လိုက်သည်။ သူက စူးချင်း၏လက်ကို ဆုပ်ကိုင်ကာ အပြုံးဖျော့ဖျော့ဖြင့် စနောက်လိုက်သည်။

“ချင်းအာ၊ မင်း ဒီဝတ်စုံကို ဝတ်ထားတာ မင်းရဲ့ခင်ပွန်းတောင် မင်းကို မမှတ်မိနိုင်တော့ဘူး"

"ရှင်တောင်မှ ကျွန်မကို မမှတ်မိရင် တခြားဘယ်သူက မှတ်မိနိုင်မှာလဲ?"

စူးချင်းက ပြုံးလိုက်ပြီး သူမ၏မေးစေ့မှ မုတ်ဆိတ်မွေးကို ဆွဲဖြုတ်လိုက်သည်။ သူမက ဦးထုပ်ကိုလည်း ချွတ်ကာ ကြမ်းပြင်ပေါ်သို့ ပစ်ချလိုက်သည်။ ထို့နောက် သူမက ရှောင်းကျဲယွိ၏လည်ပင်းကို သူမ၏လက်နှစ်ဖက်ဖြင့် လှမ်းဖက်လိုက်သည်။ သူမ၏ ကတ္တီပါရောင်မျက်လုံးလေးများက တောက်ပနေပြီး ချစ်စရာကောင်းနေသော်လည်း သူမ၏ ရှုံ့တွနေသော မျက်နှာက အဘိုးကြီးတစ်ယောက်ကဲ့သို့ ဖြစ်နေသေးသည်။ သို့သော်လည်း သူမ၏အသံက နူးညံ့သိမ်မွေ့ပြီး ချိုမြိန်သော မိန်းကလေးသံ ဖြစ်နေပြန်သည်။

"ရွှေ့ရှန့်၊ ဒီနေ့ ကျွန်မတို့ရဲ့ မြေသြဇာကောင်းတဲ့ လယ်မြေတွေကို ကျွန်မ သွားကြည့်ခဲ့တယ်။ အဲ့မြေတွေက အရမ်းမြေဩဇာကောင်းတယ်။ ကျွန်မ အဲ့‌မြေတွေအားလုံးကို ပြောင်းတွေ စိုက်ဖို့ စိတ်ကူးထားတယ်”

ရှောင်းကျဲယွိက သူမ၏အသံကြောင့် ဆွဲဆောင်ခံလိုက်ရပြီး သူမ၏မျက်နှာကို ကြည့်ကာ ထိုအဘိုးကြီးမျက်နှာကိုပင် နမ်းချင်လာသလို ခံစားနေရသည်။ နောက်ဆုံးတွင် သူက သူမ၏မျက်လုံးများကိုသာ ကြည့်ရန် ဆုံးဖြတ်လိုက်သည်။

ချင်းအာက သူမကိုယ်သူမ ဘယ်လိုပဲ ရုပ်ဖျက်ထားပါစေ သူမရဲ့မျက်လုံးတွေက အခြားသူတွေနဲ့ မတူဘဲ ထူးခြားနေတာကြောင့် သူ သူမကို အမြဲတမ်း မှတ်မိနိုင်တယ်။

ရှောင်းကျဲယွိက စူးချင်း၏ခါးကို ဂရုတစိုက် သိုင်းဖက်ကာ ချစ်ခင်မှုများ ပြည့်နေသော လေသံဖြင့် ပြန်ပြောလိုက်သည်။

“ဟုတ်ပြီ၊ ချင်းအာ စိုက်ချင်တာမှန်သမျှ စိတ်ကြိုက် စိုက်နိုင်တယ်"

“အဲဒီလူတွေက မော်တာတွေဆီကို လာတာ ဖြစ်နိုင်တယ်။ သူတို့က ဝူခို့မျိုးနွယ်က ပင်လယ်ဓားပြတွေ"

စူးချင်းက ရှောင်းကျဲယွိ သူမအပေါ် ချစ်ခင်မြတ်နိုးသည့်ပုံစံကို အထူးနှစ်သက်သည်။ ထို့ကြောင့် သူမက သူ့ကိုနမ်းရန် အစပြုလိုက်သည်။ ရှောင်းကျဲယွိက ထိုအနမ်းကို နက်နက်ရှိုင်းရှိုင်း တိုးဝင်လာသော်လည်း သူမက သူမ၏ခေါင်းကို လှည့်ကာ လေးနက်သော ကိစ္စရပ်များကို စတင်ဆွေးနွေးလိုက်သည်။

"ရွှမ်ဝူစစ်စခန်းကို ကာကွယ်ဖို့ နောက်ထပ်လူတွေကို ထပ်လွှတ်ထားပြီးပြီ"

"အလုံခြုံဆုံးနည်းလမ်းက..."

စူးချင်းက သူမ၏အတွေးများကို ရှောင်းကျဲယွိ၏နားနားသို့ ကပ်ကာ တိုးတိုးလေး ပြောပြလိုက်သည်။ ရှောင်းကျဲယွိက ခေါင်းညိတ်ကာ သူမကို ချီးကျူးလိုက်သည်။

“ချင်းအာရဲ့ အကြံဥာဏ်က အရမ်းကောင်းတယ်၊ ကိုယ်တို့ ချင်းအာရဲ့ဆန္ဒအတိုင်း လုပ်ကြမယ်"

“ဒါပေမယ့် ဒီနေ့ နောက်ကျနေပြီ။ မနက်ဖြန်မှ ဆက်ပြောကြမယ်"

ရှောင်းကျဲယွိက သဘောတူလိုက်သော်လည်း စူးချင်းကို အမှောင်ထဲတွင် အပြင်ထွက်ခွင့်မပေးဘဲ သူမကို ကုတင်ပေါ်အထိ ပွေ့ချီခေါ်သွားပေးခဲ့သည်။

“မင်း အရင် အနားယူလိုက်ဦးနော်။ ကိုယ် လျှောက်တင်လွှာတွေ သွားဖတ်ရဦးမယ်"

စူးချင်း၏ စိတ်ဝင်စားမှုက သူမကို နိုးကြားစေသည်။

"ကျွန်မ ရှင့်အတွက် မှင်ကြိတ်ပေးမယ်"

“ကောင်းပြီ”

ရှောင်းကျဲယွိက အလွန်ပျော်ရွှင်သွားသည်။

သူ့ဘေးနားမှာ ချစ်ဇနီးလေးအတူရှိနေရင် ဒီလျှောက်တင်လွှာတွေကို ဖတ်ပြီး မှတ်ချက်ပြန်ရေးပေးရတာက ပျင်းစရာ မဟုတ်တော့ဘူး။

စူးချင်းက မင်ကျောက်ကို လှမ်းယူလိုက်သော်လည်း လျှောက်တင်လွှာတစ်စောင်ပေါ်မှ အကြောင်းအရာကို သူမ၏အာရုံကို ချက်ချင်း ဖမ်းစားလိုက်သည်။

........။.........။.........

All Chapters