← Chapters

ငါ့မှာ အထူးပျံသန်းခြင်း နည်းစနစ် ရှိတယ်

Vol. 9 Ch. 116

ငါ့မှာ အထူးပျံသန်းခြင်း နည်းစနစ် ရှိတယ်

Vol. 9 Ch. 116

အားလုံးသည် စနစ်၏ အမှားသာလျှင် ဖြစ်သည်။ သူ့အား လူမဟုတ်သည့် အရာတစ်ခုသို့ ပြောင်းလဲ ပစ်ခဲ့သည်။

ဟူး ... ထိုကဲ့သို့ ဖြစ်မည်မှန်း သိခဲ့မည်ဆိုလျှင် ထိုသောက်ကျိုးနည်း စနစ်အား ဘေးဖယ်ကာ သူ့ကိုယ်ပိုင် အစွမ်းအစဖြင့် စိတ်ဝိညာဉ်အဖြစ် ဖြစ်တည်ရန် ကြိုးပမ်း ခဲ့ပေလိမ့်မည်။

အန်လင်းသည် သူ၏ မျက်ရည်များအား သုတ်လိုက်သည်။ သူ့နှလုံးသားထဲတွင် အဆုံးမရှိသည့် နောင်တ တရားများ ပြည့်လျှံ နေသော်လည်း အမှန်တရားအား ပြောင်းလဲရန် မဖြစ်နိုင်ပေ။ သူ၏ ကံကြမ္မာကို လက်ခံရုံသာ ရှိတော့သည်။

ဘဝကြီးအား ရှေ့ဆက်ရပေမည်။ အစာအိမ်အား ဖြည့်တင်းရမည်။ နှစ်ဆုံး စာမေးပွဲအား အဆုံးသတ်ရမည်။

သားရဲအုပ်အား ရင်ဆိုင်ခဲ့ရာမှ လိုအပ်သည့် အရေအတွက် အများအပြားအား ဖြည့်ဆည်း နိုင်ခဲ့သော်လည်း သူကဲ့သို့သော ကျောင်းသားများသည် လိုအပ်သည်ထက် ကျော်လွန်အောင် စွမ်းဆောင်ရန် လိုအပ်ပေသည်။

အန်လင်းသည် မုန့်ထျန်းနှင့် အခြားသူများအား စုစည်းကာဖြင့် အသင်္ချေတောင်တန်း နယ်မြေသို့ ထွက်ခွာလိုက်သည်။

လွန်ခဲ့သောညတွင် စိတ်ဝိညာဉ် ပျိုးထောင်ခြင်း အဆင့်သို့ ချိုးဖျက်ဝင်ရောက် သွားသည့် သတင်းမှာလည်း ရွှမ်ယွမ်ချန်သည် ကျောင်းသားများအား အသိပေး ပြောကြားပြီး ဖြစ်လေသည်။

ထို့ကြောင့် အန်လင်းသည် သူတို့ တန်းခွဲတွင် စိတ်ဝိညာဉ် ပျိုးထောင်ခြင်း အဆင့်သို့ ၅ ယောက်မြောက် တက်လှမ်းသွားနိုင်သူ ဖြစ်သည်။

ကျောင်းသားများသည် ထိုဖြစ်ရပ်အပေါ် မတူကွဲပြားစွာ တုံ့ပြန်ကြလေသည်။

ကျောင်းသား တချို့သည် အန်လင်း၏ ကြောက်မက်ဖွယ် ကျင့်ကြံနှုန်းကြောင့် တုန်လှုပ်ကြသည်။

ကျောင်းသား အများစုသည် ထိုဖြစ်ရပ်နှင့် ပတ်သက်၍ ပုံမှန်မဟုတ်ဟု နားလည်ထားရုံမျှအပ တွေးတောခြင်း မပြုကြချေ။

အန်လင်း၏ ဒဏ္ဍာရီဆန်သည့် အပြုအမူများနှင့် နှိုင်းယှဉ်မည် ဆိုပါက ထိုဖြစ်ရပ်သည် စကားနှင့်ပင် ထည့်ပြောရန် မလိုအပ်ချေ။

“အစ်ကိုကြီး အန်က စိတ်ဝိညာဉ် ပျိုးထောင်ခြင်းအဆင့်ကို ချိုးဖျက်သွားပြီလို့ ကြားတယ် ... အဲဒီတော့ ကျွန်မတို့အဖွဲ့က ပိုပြီး သန်မာအားကောင်း လာတော့မှာပေါ့နော် ... အဲဒီတော့ ဒီနေ့အတွက် အသာလေးပဲ ပေါ့နော် ...” မုန့်ထျန်းသည် သူ၏လက်မောင်း အတွင်းသို့ ခေါင်းလျှို သွင်းကာဖြင့် မေးလိုက်သည်။

အန်လင်းသည် မျက်နှာ ရှုံ့မဲ့ကာဖြင့် တွေးတောနေမိသည်။

ကုန်ခဲ့တဲ့ နေ့တွေက အရမ်းကို လွယ်ကူခဲ့တယ်လို့ ထင်နေတာလား ... ငါ့ကိုယ်ငါတောင် ချိုးဖျက် ဝင်ရောက်ခဲ့လား မခဲ့လား မသေချာဘူး ...

“ဟုတ်သားပဲ ... ငါလည်းပဲ ကြားမိတယ် ... ဂုဏ်ယူပါတယ် အစ်ကိုကြီး အန်ရေ ...” ကျုံးရုံရန်သည် အနည်းငယ် ပြုံးလိုက်သည်။

“စိတ်ဝိညာဉ် ပျိုးထောင်ခြင်း အဆင့်ကို ချိုးဖျက် ဝင်ရောက်သွားတဲ့ အတွက် ဂုဏ်ယူပါတယ် အစ်ကိုကြီးအန်ရေ ...” လောင်ကျိပင်သည်လည်း ဂုဏ်ပြုစကား ပြောလာသည်။

စွန်းရှန့်လျန်သာလျှင် အေးစက်စွာဖြင့် မနက်ခင်းတွင် ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်ကြောင့် စိတ်ဆိုးနေဆဲ ဖြစ်လေသည်။

ထိုဂုဏ်ပြု စကားများအား ကြားလိုက်ရသည့် အခါတွင် အန်လင်းသည် သက်ပြင်းချရုံ သာလျှင် တတ်နိုင်တော့သည်။

သူ၏ အပြစ်များသာလျှင် ဖြစ်ပေသည်။ ယခုအခါတွင် သူ၏ သမိုင်းဝင် အပြုအမူများကြောင့် ဂုဏ်ပြု စကားများသည် အသက် မဝင်လှချေ။

ရှောင်ချိုး တစ်ဦးတည်း သာလျှင် အန်လင်းအတွက် အမှန်တကယ် စိတ်လှုပ်ရှားနေသူ ဖြစ်သည်။

အန်လင်းတို့ အဖွဲ့သည် တောင်၏ အတွင်းပိုင်းသို့ စတင် ဝင်ရောက်နေပြီ ဖြစ်သည်။

သားရဲအုပ်နှင့် တွေ့ဆုံပြီး ဖြစ်သည်ကြောင့် အနီးပတ်ဝန်းကျင် တစ်ဝိုက်တွင် သန္ဓေပြောင်း သားရဲများ နည်းပါးနေပြီ ဖြစ်သည်။

တစ်နေ့လုံး ရှာဖွေသော်လည်း သန္ဓေပြောင်းသားရဲ ၂၆ ကောင်သာလျှင် ရရှိလေသည်။ အန်လင်းနှင့် ရှောင်ချိုးတို့ အတွက် နည်းပါးသည့် ပမာဏဟု ဆိုရပေမည်။

စိတ်ဝိညာဉ် ပျိုးထောင်ခြင်း အဆင့်သို့ ချိုးဖျက် ဝင်ရောက်ပြီး ဖြစ်သည်ကြောင့် အန်လင်းသည် အလွန် အားကောင်းသည့် ဓားခုတ်ချက်အား ထုတ်ဖော်ကာဖြင့် ပျော်ရွှင်လျက် ရှိသည်။

မျှော်လင့် ထားသလိုပင် သူ၏ကျင့်ကြံခြင်း အခြေခံကြောင့် အဆင့်နိမ့် ဓားနည်းစနစ် သည်ပင်လျှင် ကြီးမားသည့် အဖျက်အဆီး စွမ်းအားကို ထုတ်လွှတ်နိုင်သည်။

ထိုနေ့တွင် အန်လင်းနှင့် အခြားသူများသည် မုန်တိုင်း ဓားငှက်၏ ဉများကို စားသောက်ကြသည်။

ဥများသည် ဖရဲသီးများ သဖွယ် ကြီးမားကြပြီး စုစုပေါင်း ၈ ဥ ရှိလေသည်။

သူတို့ရရှိခဲ့သည့် သားရဲများထဲမှ အန်လင်းတို့သည် မုန်တိုင်း ဓားငှက်၏ ဥများကို စားသောက်ရန် ရွေးချယ်ရခြင်းမှာ ထိုဥ၏ အနှစ်သည် လွန်စွာ အရသာ ရှိသောကြောင့် ဖြစ်သည်။ ချွဲကျိခြင်း မရှိဘဲနှင့် နူးညံ့ မွှေးကြိုင်ပေသည်။

မုန်တိုင်းဓား ငှက်ဥသည် ဥများထဲတွင် ထူးခြားသည့် ဥအမျိုးအစား ဖြစ်သည်။

လူတိုင်းသည် ချက်ပြုတ် နေကြပြီး အန်လင်းသည် သူ၏ ရွှေရောင်ဓားအား ကိုင်ဆောင်ကာဖြင့် လက်တံဆိပ် အနည်းငယ် ထုတ်ဖော်လိုက်သည်။ ထို့နောက်တွင် ဓားသည် လေထုအတွင်း စတင် ပျံသန်းလာသည်။

အန်လင်းသည် ပေါ့ပါးစွာဖြင့် ဓားပေါ်သို့ ခုန်တက်လိုက်သည်။

ဟုတ်သည်။ ဓားပျံ စီးနင်းရန် ကြိုးပမ်းနေခြင်း ဖြစ်သည်။

ဓားပျံစီးနင်းပြီး ကောင်းကင်ထက်တွင် စိတ်လွတ်ကိုယ်လွတ် အော်ဟစ်နိုင်ရန်မှာ တာအို ခန္ဓာအဆင့် ကျင့်ကြံသူ များစွာ၏ အိပ်မက်တစ်ခု ဖြစ်သည်။

အန်လင်းတွင် ပျံသန်းရန် အတွက် ပြင်းပြသည့် စိတ်ဆန္ဒ မရှိသော်လည်း ဓားပျံစီးနင်း နိုင်ခွင့်အား မငြင်းပယ်နိုင်ပေ။

သူသည် ကျောင်းတွင် သင်ကြားခဲ့ရသည့် ပေါ့ပါး မန္တန်အား ဦးစွာအသုံးပြု လိုက်သည်။

ရွှေရောင် အလင်းချပ်သည် ဓားအား ရွှေရောင်အလွှာ တစ်ခုအသွင် ဖုံးလွှမ်းသွားသည်။ အလင်းချပ်သည် မူလဓား မျက်နှာပြင်ထက် အဆပေါင်းများစွာ ကျယ်ပြန့်ပြီး စီးနင်းသူ၏ ခန္ဓာကိုယ်အား တည်ငြိမ်အောင် ပြုလုပ်ပေးနိုင်သည်။

အန်လင်းသည် မန္တန် အသုံးပြုကာဖြင့် သူ၏ခန္ဓာကိုယ်တွင်လည်း ရွှေရောင်အလင်း ဖုံးအုပ် စေနိုင်သည်။ လေဒဏ်၊ မိုးဒဏ်နှင့် နေဒဏ်တို့မှ ကာကွယ် ပေးနိုင်ရန် အတွက် ဖြစ်သည်။

ဓားပျံစီးနင်းသည့် ကျင့်ကြံသူများသည် ချီစွမ်းအင်အား ကျွမ်းကျင်စွာ ထိန်းချုပ်နိုင်ရန် လိုအပ်ပေသည်။

အန်လင်းသည် စိတ်ဝိညာဉ် ပျိုးထောင်ခြင်း အဆင့်သို့ လတ်တလော ဝင်ရောက်ထားသူ ဖြစ်သည့်အတွက် ထိုအရာသည် ပြဿနာတစ်ရပ် မဟုတ်ပေ။

“တက် ...”

ဓားရှည်သည် တုန်ရီကာဖြင့် အနည်းငယ် လှုပ်ခါလျက် ကောင်းကင်သို့ ပျံတက်သွားသည်။

ထို့နောက်တွင် ....

မီတာ ၁၀၀ အမြင့်သို့ ရောက်ရှိသည့် အခါတွင် အန်လင်း၏ ခြေထောက်များသည် အားနည်း လာလေသည်။

"လခွမ်း ... ဘာလို့ အဲဒီလောက်တောင် မြင့်သွားရတာတုန်း ... လောင်ကျိပင်တို့ကို အစက်လေးပဲ မြင်ရတော့တယ် ..."

အန်လင်းသည် သူ့ကိုယ်သူ စောဒက တက်လိုက်ပြီးနောက် ဓား၏ လှုပ်ရှားမှုများအား ဂရုတစိုက်ဖြင့် ထိန်းချုပ်နေသည်။

လေထုအတွင်း မြင့်တက် လာသည်နှင့်အမျှ မိုးကုပ်စက်ဝိုင်းအား ပိုမို ကျယ်ပြန့်စွာ မြင်နိုင်ပေသည်။

သို့သော်လည်း သူ၏ မြင်ကွင်း ပို၍ ကျယ်ပြန့် လာသည့်အခါ လုံခြုံမှုမရှိဟု ခံစားရ လာမိသည်။

တကယ်လို့များ ပြုတ်ကျ သွားခဲ့လျှင်။

သူသည် လေထုအား ဖြတ်သန်းလျက် နှေးကွေးစွာ ပျံသန်းလျက် ရှိသည်။ တစ်စက္ကန့်လျှင် ၁၀ မီတာခန့် ပျံသန်းခြင်းသည်ပင် သူ့အတွက် ကြောက်မက်ဖွယ် ကောင်းနေပေသည်။

စုရှောင်လန်ကဲ့သို့ တစ်စက္ကန့်လျှင် မီတာ ၁၀၀ ကျော် ရောက်သည်အထိ ပျံသန်းရန်မှာမူ ... ...

ဟူး ... ကွာခြားချက်တွေက ဘာလို့များ အရမ်းကြီးနေ ရပါလိမ့်နော် ...

မကြာမီတွင် အန်လင်းသည် မြေပြင်သို့ ဆင်းသက်လိုက်သည်။

ဆင်းသက်ရသည့် အကြောင်းမှာ ဓားပျံစီးနင်းရာ၌ ကျွမ်းကျင်ပိုင်နိုင် သွားခြင်းကြောင့် မဟုတ်ဘဲ သူ၏နှလုံးသားလေးသည် ဆက်လက် တောင့်ခံနိုင်ခြင်း မရှိတော့ခြင်းကြောင့်သာ ဖြစ်သည်။

မှန်သည်။ တပိုင်အား လွမ်းနေမိသည်။

သူ၏ စိတ်အာရုံသည် နွေးထွေး လုံခြုံလှသည့် တပိုင်၏ နောက်ကျောပြင်ပေါ်တွင် လိုက်ပါ စီးနင်းခဲ့သည့် ပုံရိပ်များနှင့်သာ ပြည့်နှက်နေပေသည်။

ရုတ်တရက် ဆိုသလိုပင် လုကျန့်၏ ဒယ်ပျံသည်လည်း သူ၏အတွေးထဲ ဝင်ရောက် လာခဲ့သည်။

ဟုတ်သားပဲ။

ပျံသန်း စီးနင်းရန် အခြားသော မှော်ရတနာများအား အသုံးပြုနိုင်ပေသည်။ ဓားလေး တစ်လက်သည် သူ့အား ကာကွယ်နိုင်မည် မဟုတ်။

ဤသည်ကို နောက်ကျမှ တွေးမိခဲ့သဖြင့် အန်လင်းသည် ကိုယ့်နဖူးကိုယ် ပြန်ရိုက်လိုက်သည်။

ပျံသန်း စီးနင်းရာတွင် အသုံးပြနိုင်မည့် ပစ္စည်းများအား သိုလှောင် လက်စွပ်အတွင်းမှ ထုတ်ယူလိုက်သည်။

အဆင့်မြင့် ဓားတစ်လက်နှင့် ရွှေရောင် တောက်ပနေသည့် ဓားတို့အပြင် သူ့ထံတွင် မိစ္ဆာရှင်းဓား၊ လောကထွင်းအပ်၊ ကြယ်စင်မဲ့ ကောင်းကင် သတ်ဖြတ်ခြင်း ဝင်္ကပါပြား၊ သရဲဖြူမျှော်စင် ဒိုင်းကာ၊ သွေးနဂါး၏ နတ်ဆိုးဓား၊ ဖရိုဖရဲ သတ္တု အုတ်ခဲနက်တို့ ရှိသည်။

အန်လင်းသည် မိစ္ဆာရှင်းဓားအား ရွေးချယ်ခံစာရင်းမှ ချက်ချင်း ဖယ်ထုတ်လိုက်သည်။ ယခုအချိန်တွင် ထိုဓားအကြောင်းအား မစဉ်းစားလိုပါ။

အင်မော်တယ် လက်နက်ဖြစ်သည့် လောကထွင်းအပ် ... အပ်ပျံ စီးနင်းခြင်း ...

နောက်နေသလိုပင်။ သူသည် ကျွမ်းဘားမောင် မဟုတ်။

ထို့ကြောင့် လောကထွင်း အပ်သည်လည်း သူ၏ သိုလှောင် လက်စွပ်အတွင်း ပြန်ရောက်သွားသည်။

ထို့နောက်တွင် ကြယ်စင်မဲ့ ကောင်းကင် သတ်ဖြတ်ခြင်း ဝင်္ကပါပြား။ နတ်ဘုရား စစ်ဆေးခြင်း နည်းစနစ်အား အသုံးပြုခဲ့သော်လည်း ယင်း၏ နာမည်ကိုသာလျှင် သိရှိခဲ့ရသည်။ ယင်းအချက်အပြင် ဤဝင်္ကပါပြားအား မည်သို့ သုံးစွဲရမည်ကို မသိရှိပေ။ ထို့ကြောင့် သိုလှောင်လက်စွပ် အတွင်းသို့ ပြန်လည်ရောက်ရှိ သွားပြန်သည်။

သရဲဖြူမျှော်စင် ဒိုင်းကာနှင့် သွေးနဂါး၏ နတ်ဆိုးဓားတို့သည် သွေးနတ်ဘုရား များထံမှ ရရှိထားသည့် အဆင့်မြင့် မှော်ပစ္စည်းများ ဖြစ်ကြသည်။

နတ်ဆိုးဓားသည် အန်လင်း၏ ဓားထက် ပိုမို ကျယ်ပြန့်သည့်ကြောင့် သင့်တော်သည် ရွေးချယ်စရာ တစ်မျိုး ဖြစ်သည်။ ထို့အပြင် ပို၍ လုံခြုံသည့် စိတ်ခံစားမှုအားလည်း ပေးစွမ်းသည်။

အင်း ... အလားအလာရှိသည့် ရွေးချယ်ခံ တစ်ခု ဖြစ်နိုင်သည်။

သရဲဖြူမျှော်စင် ဒိုင်းကာမှာ အရိုးခေါင်းဖြင့် ပြုလုပ်ထားခြင်း ဖြစ်ကာ အန်လင်း၏ အကြိုက်နှင့် ကိုက်ညီမှု မရှိချေ။ ထို့ကြောင့် လျစ်လျူရှုသည့် အထဲ ပါသွားလေပြီ။

ထို့နောက်တွင် အန်လင်းသည် ဖရိုဖရဲ သတ္တု အုတ်ခဲနက်အား ကောက်ယူလိုက်သည်။

ဟိဟိ ...။ ဤအုတ်ခဲသည်လည်း အလားအလာ နည်းပါးလွန်းသည်။ မည်းနက်ပြီး ရုပ်ဆိုးလွန်းသည် သာမက အတော်လေး ပုတိုကျဉ်းမြောင်း လွန်းသည်။

သို့သော်လည်း ရုတ်တရက် ဆိုသလိုပင် သူ၏အမူအရာမှာ စတင်ပြောင်းလဲ လာသည်။

စိတ်ဝိညာဉ် ပျိုးထောင်ခြင်း အဆင့်သို့ ချိုးဖျက်ဝင်ရောက် ပြီးသည့်နောက်တွင် ထိုအုတ်ခဲအား ကိုင်လိုက်သည့်အခါတွင် အနည်းငယ် ကွဲပြားနေသည်ကို ခံစားမိသည်။

"ဟမ် ... ဒီဟာက လိုသလို ပြောင်းလဲလို့ ရတယ်လို့ ခံစား နေရပါလား ..."

အန်လင်းမှာ အံ့ဩမိနေသည်။ အုတ်ခဲသည် သူဆန္ဒရှိသလို ပုံဖော်နိုင်သည်ဟု ခံစားနေရသည်။

“ကျယ်စမ်း…”

ဘန်း ...

အုတ်ခဲနက်၏ အရွယ်အစားမှာ ကျယ်ပြန့်လာသည်။

အန်လင်းသည် ကြောင်အလျက် ရှိနေပြီး တုန်လှုပ်မှုကြောင့် ပါးစပ် အဟောင်းသားဖြင့် ရှိနေလေသည်။

သုံးစက္ကန့်ကြာပြီး နောက်တွင် ကုန်းမြေ အသစ်တစ်ခုအား ရှာဖွေတွေ့ရှိ လိုက်သကဲ့သို့ မျက်လုံးများ အရောင်တောက် လာသည်။

“ကျယ်စမ်း ... ကျယ်စမ်း ... ကျယ်စမ်း…”

ဘန်း ... ဘန်း ... ဘန်း…

မကြာမီတွင် သာမန် အုတ်ခဲလေး တစ်ခုသည် ၃ စတုရန်းမီတာ ကျယ်ပြန့်သည့် အုတ်ခဲကြီး အဖြစ်သို့ ပြောင်းလဲ သွားတော့သည်။

“တက် ...”

အုတ်ခဲပေါ်သို့ ခုန်တက်လိုက်ပြီး နောက်တွင် အန်လင်းသည် ပေါ့ပါးမန္တန်အား အသုံးပြုကာ လေထု အတွင်းသို့ လျင်မြန်စွာ မြင့်တက်သွားသည်။

"ဟဟဟဟဟ ... ကောင်းလိုက်တာ ..." အန်လင်းသည် ရွှင်မြူး တက်ကြွစွာဖြင့် အော်ဟစ်လိုက်သည်။

ဓားတစ်လက်ပေါ်တွင် ရပ်နေရခြင်းနှင့် ယှဉ်ကြည့်မည် ဆိုလျှင် အုတ်ခဲကြီးပေါ်တွင် ရပ်နေ ရခြင်းသည် ပို၍ လုံခြုံမှု ရှိသည်ဟု ခံစားမိသည်။

မြေပြင်ပေါ်တွင် ငှက်ဥအား ချက်ပြုတ်နေကြသည့် မုန့်ထျန်းနှင့် အခြားသူတို့သည် ကောင်းကင်သို့ ကြည့်လိုက်ကြသည်။

သူတို့အား ဆီးကြို နှုတ်ဆက်နေသည့် မြင်ကွင်းမှာ အန်လင်းသည် ကျယ်လောင်စွာ ရယ်မောလျက် ဧရာမ အုတ်ခဲကြီးပေါ်တွင် ရပ်တန့်နေခြင်းပင် ဖြစ်သည်။

အားလုံးသည် ထိုမြင်ကွင်းကြောင့် အံ့ဩလွန်း၍ စကား တစ်လုံးမျှပင် မပြောနိုင်ကြတော့ချေ။

***

All Chapters