ကောင်းကင်ဘုံနေမင်း
Vol. 36 Ch. 492
ဇူယွမ်၏အော်ဟစ်သံမှာ ပတ်ဝန်းကျင်တစ်ခွင်လုံးတွင် ပဲ့တင်ထပ်သွားလေသည်။ ချက်ချင်းဆိုသလိုပင် ေကာင်းကင်ဘုံနေမင်းဟု ရေးထိုးထားသော ကျောက်တိုင်၏ထိပ်တွင်ရှိနေသည့် ပုံရိပ်မှာ အနည်းငယ် တုန်ခါလာ၏။ တင်းကြပ်စွာပိတ်ထားသော ထိုပုံရိပ်၏ မျက်ဝန်းများမှာလည်း ဖြည်းညင်းစွာ ပွင့်ဟလာတော့သည်။
ဝုန်း....
ပြင်းထန်လှသော စွမ်းအင်ဖိအားများထွက်ပေါ်လာပြီး ပတ်ဝန်းကျင်တစ်ခုလုံး တုန်ခါသွားရ၏။ ဇူယွမ်မှာ အလွန်ပင် တုန်လှုပ်သွားရပြီးနောက် အနောက်သို့ ခြေလှမ်းအနည်းငယ်မျှ ဆုတ်လိုက်မိသည်။ ဇူယွမ်မှာ တောင်တစ်လုံးကိုထမ်းထားရသည့်အလား ပြင်းထန်လှသော စွမ်းအင်ဖိအားများကို ခံစားနေရ၏။
"ကောင်းကင်ဘုံနေမင်းအဆင့်က အဲ့လောက်တောင် ကြောက်ဖို့ကောင်းတာလား..."
ဇူယွမ်မှာ အံကိုတင်းတင်းကြိတ်ကာ ရေရွတ်လိုက်သည်။ ကန်ရွှမ်းကလန်ရှိ အကြီးအကဲများမှာ ကောင်းကင်ဘုံနေမင်းအဆင့် ရှိကြသော်လည်း စွမ်းအင်များအား ထုတ်ဖော်ပြသလေ့မရှိကြချေ။
သို့သော် ကျောက်တိုင်ထိပ်ရှိပုံရိပ်မှာ ကောင်းကင်ဘုံနေမင်းအဆင့်၏ စွမ်းအင်အပြည့်အဝအား ထုတ်ဖော်ပြသနေသောကြောင့် ဇူယွမ်မှာ အလွန်ပင် အားနည်းသလို ခံစားလိုက်ရ၏။
ထိုပုံရိပ်မှာ ဖြည်းညင်းစွာဖြင့် မတ်တပ်ထရပ်လိုက်ပြီးနောက် ဇူယွမ်အားကြည့်ကာ အေးစက်သောအသံဖြင့် ပြောလိုက်သည်။ "ငါ့ကို စိန်ခေါ်ချင်တယ်ဆိုတာ မင်းလား။"
ဇူယွမ်မှာ နဖူးပေါ်တွင် ချွေးစများပါ သီးလာရကာ ပြုံး၍ပြောလိုက်၏။ "မဟုတ်ပါဘူး ဟဲဟဲ..."
ဇူယွမ်မှာ အစစ်အမှန် ကောင်းကင်ဘုံနေမင်းအဆင့်၏ စွမ်းအင်ဖိအားများအား ခံစားလိုက်ရပြီးနောက် အလွန်ပင် ကြောက်ရွ့ံထိတ်လန့်မိသွားသည်။
သို့သော် ထိုပုံရိပ်မှာ ဇူယွမ်၏ အဖြေစကားအား အရေးပင်စိုက်ဟန်မရှိချေ။ အဘယ့်ကြောင့်ဆိုသော် ဇူယွမ်မှာ ကံကြမ္မာစက်ဝိုင်း၏ ရွေးချယ်မှုအား လက်ခံပြီးခ့ဲသောကြောင့် ဖြစ်၏။
ထိုပုံရိပ်မှာ ကြောက်မက်ဖွယ်ရာမျက်ဝန်းများဖြင့် ဇူယွမ်အားကြည့်ရှုလိုက်ပြီးနောက် မြေပြင်အား ေခြထောက်ဖြင့် ဆောင့်နင်းချလိုက်သည်။
ဝုန်း....
ကြောက်မက်ဖွယ်ရာ စွမ်းအင်ဖိအားများမှာ တစ်စတစ်စ ပိုမိုပြင်းထန်လာပြီး ပြင်းထန်လှသော မုန်တိုင်းတစ်ခုက့ဲသို့ ဇူယွမ်အပေါ် ကျဆင်းလာ၏။
ခရက်....
ပြင်းထန်လှသော စွမ်းအင်ဖိအားများကြောင့် မြေပြင်တစ်ခုလုံးသည်ပင် တုန်လှုပ်အက်ကွဲလာရပြီး ဇူယွမ်မှာလည်း ဒူးထောက်ရမတက် တောင့်ခံနေရသည်။
ကောင်းကင်ဘုံနေမင်းအဆင့်မှ ထွက်ပေါ်လာသော စွမ်းအင်ဖိအားသည်ပင် ဇူယွမ်အား ဖိနှိပ်ထားရန် လုံလောက်နေပြီ ဖြစ်၏။ ဤစမ်းသပ်ချက်မှာ အမှန်တကယ်ပင် မျှော်လင့်ချက်များ ကင်းမဲ့ရမတက် ခက်ခဲလှသည်။
"အရှုံးပေးလိုက်စမ်း....."
ကျောက်တိုင်ပေါ်တွင်ရှိနေသောပုံရိပ်မှ ဇူယွမ်အားကြည့်ကာ အော်ဟစ်လိုက်၏။
ထိုစကားကြောင့် ဇူယွမ်မှာ အလွန်ပင် ဒေါသထွက်သွားရပြီး လက်သီးများကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်သည်။ ဇူယွမ်မှာ ကန်ရွှမ်းကလန်သို့ စတင်ရောက်ရှိစဥ် အချိန်မှစ၍ အခက်အခဲများစွာအား ရင်ဆိုင်ကျော်ဖြတ်ခ့ဲရ၏။
ဇူယွမ်မှာ အဓိကတောင်ထွတ်အတွင်းသို့ ဝင်ခွင့်ရရှိနိုင်ရန်အတွက် များစွာကြိုးစားပေးဆပ်ခ့ဲရခြင်း ဖြစ်သည်။ ထိုအရာများအားလုံး ယခုအချိန်တွင်မှ ရပ်တန့်လိုက်ရန် မဖြစ်နိုင်ပေ။
ဇူယွမ်မှာ ခက်ခဲစွာဖြင့် ခေါင်းအားမော့လိုက်ပြီးနောက် ကျောက်တိုင်ပေါ်ရှိပုံရိပ်အား ခက်ထန်စွာ ကြည့်ရှုလိုက်၏။ ဇူယွမ်၏ အသက်ရှ္ူသံများမှာ ပြင်းထန်လာသက့ဲသို့ မျက်ဝန်းများတွင်လည်း တိုက်ပွဲဆာလောင်သော အငွေ့အသက်များဖြင့် ပြည့်နှက်လာသည်။ ေကာင်းကင်ဘုံနေမင်းအဆင့်မှာ ကြောက်မက်ဖွယ်ကောင်းလှပါသော်လည်း ဇူယွမ်မှာ လက်လျှော့တော့မည်မဟုတ်ပေ။
"မင်းကဘယ်လောက်ပဲ စွမ်းအားကြီးကြီး ငါဂရုမစိုက်ဘူး။ မင်းလက်ကလေး တစ်ချက်လှုပ်လိုက်ရုံနဲ့ ငါ့ကိုနိုင်တယ်တာ ငါသိတယ်။ ဒါပေမယ့် ငါအရှုံးပေးမှာ မဟုတ်ဘူး..."
ဇူယွမ်မှာ အော်ဟစ်ပြောဆိုလိုက်ပြီးသည်နှင့်တကွ စွမ်းအင်ဖိအားများကိုတွန်းကန်ကာ အရှေ့သို့ လျှောက်လှမ်းလိုက်၏။ ချက်ချင်းဆိုသလိုပင် ဇူယွမ်၏ အသားအရေများမှာ ဆုတ်ပြဲလာရသည်။
သို့သော် ဇူယွမ်မှာ နာကျင်မှုများကို မခံစားရသည့်အလား အရှေ့သို့သာ ဦးတည်လျှောက်လှမ်းနေ၏။ ကျောက်ဆိုင်ပေါ်ရှိပုံရိပ်မှာ အနည်းငယ်မျှပင် လှုပ်ရှားမှုမရှိပဲ ဇူယွမ်အား ကြည့်ရှုနေလျက် ရှိသည်။
"မင်းငါ့ကို မတိုက်ခိုက်ဘူးလား။ ဘာလို့လဲ ငါကအဆင့်နိမ့်နေလို့လား။"
"ဒီစွမ်းအင်ဖိအားလောက်နဲ့တင် ငါကပြိုလဲသွားမယ် ထင်နေတာလား။"
ဇူယွမ်မှာ ဆက်လက်လျှောက်လှမ်းနေရင်းဖြင့် အော်ဟစ်လိုက်၏။ သို့သော် ပုံရိပ်မှာ မလှုပ်မယက်ဖြင့်သာ ဇူယွမ်အား ကြည့်ရှုနေလေသည်။
"မင်းက ပြောမရဆိုမရကောင်ပဲ။ အဲ့လိုဆိုမှတော့ ကောင်းကင်ဘုံနေမင်းအဆင့်က ဘယ်လောက်ထိ ကြောက်စရာကောင်းလဲဆိုတာ ငါကပဲစပြီး မြည်းကြည့်ရမှာပေါ့။"
ဇူယွမ်မှာ ချီစွမ်းအင်များအား ပေါက်ကွဲထွက်ပေါ်စေလိုက်ပြီးနောက် ကျောက်တိုင်ပေါ်ရှိ ပုံရိပ်ထံသို့ ဦးတည်ပျံဝဲလိုက်၏။ ဇူယွမ်မှာ ဒေါသထွက်နေသေ ဝံပုလွေတစ်ကောင်အလား ရန်သူအား သူသေကိုယ်သေတိုက်ခိုက်မည့်ဟန် ရှိသည်။
ဝှစ်....
ဇူယွမ်၏ပုံရိပ်မှာ ကျောက်တိုင်ပေါ်သို့ ရောက်ရှိသွား၏။ ကောင်းကင်ဘုံနေမင်းအဆင့်ရှိသူ၏ပုံရိပ်မှာ အနည်းငယ် လှုပ်ရှားလာပြီးနောက် ဇူယွမ်အား လက်ဖြင့်ချိန်ရွယ်လိုက်သည်။ ပြင်းထန်လှသော ချီစွမ်းအင်များ ထိုပုံရိပ်၏ လက်ဝါးပေါ်မှ ထွက်ပေါ်လာ၏။
ဇူယွမ်မှာ ကြောက်ရွ့ံဟန်ပင် မရှိသည့်အလား ကောင်းကင်ဘုံနေမင်းအဆင့်ရှိသော ပုံရိပ်ထံသို့ ဦးတည်တိုးဝင်သွားသည်။ ဇူယွမ်မှာ အစွမ်းကုန် ကြိုးစားနေသောကြောင့် ကျရှုံးသွားလျှင်ပင် နောင်တရမည် မဟုတ်ချေ။ ဇူယွမ်မှာ လက်သီးအား ကျစ်ကျစ်ပါအောင်ဆုပ်လျက် ထိုပုံရိပ်အား ထိုးချလိုက်၏။
ဝုန်း....
လက်သီးနှင့် လက်ဝါးတို့ လေထုထဲတွင် တွေ့ဆုံသွားကြသည်။ ပတ်ဝန်းကျင်တစ်ခုလုံးမှာ တိတ်ဆိတ်ငြိမ်သက် သွားရ၏။ ဇူယွမ်မှာ ကြောက်မက်ဖွယ်ရာ တိုက်ခိုက်မှုအား စောင့်ဆိုင်းနေပါသော်လည်း ကောင်းကင်ဘုံနေမင်းအဆင့်ရှိသူ ပုံရိပ်မှာ ဇူယွမ်၏ လက်သီးနှင့် တွေ့ဆုံသွားရပြီးနောက် အရိပ်တစ်ခုအလား တစ်စစီ ပြိုကွဲသွားလေသည်။
ဇူယွမ်၏လက်သီးမှာ လေဟာနယ်ကိုသာ ထိုးမိသွား၏။ ဇူယွမ်မှာ ကျောက်တိုင်ပေါ်တွင် တစ်ဦးတည်း ဖြစ်နေသည်။ ဇူယွမ်မှာ စိတ်ရှုပ်ထွေးစွာဖြင့် ပတ်ဝန်းကျင်အား ကြည့်ရှုလိုက်သောအခါတွင် လေထုထဲတွင် ပျံဝဲနေသော ထိုပုံရိပ်အား တွေ့ရှိလိုက်ရ၏။
ထိုပုံရိပ်မှာ ကြောက်မက်ဖွယ်ရာ မျက်ဝန်းများဖြင့်မဟုတ်ပဲ နွေးထွေးသော မျက်ဝန်းများဖြင့် ဇူယွမ်အား ကြည့်ရှုနေလေသည်။
"တတိယမြောက် စမ်းသပ်မှုကို မင်းအောင်မြင်သွားပါပြီ။"