ရွှမ်ခေါင်းလောင်းမြည်ဟီးခြင်း
Vol. 36 Ch. 494
ဒေါင်.....
ခုနစ်ကြိမ်မြောက် ခေါင်းလောင်းသံအား ကြားလိုက်ရပြီးနောက် ကန်ရွှမ်းကလန်တစ်ခုလုံးမှာ ဝေဖန်ဆွေးနွေးသံများဖြင့် ပြည့်နှက်သွားရသည်။ များစွာသော တပည့်များမှာ မယုံကြည်နိုင်သော မျက်ဝန်းများဖြင့် အဓိကတောင်ထွတ်အား ကြည့်ရှုနေ၏။
ခုနစ်ကြိမ်မြောက် ခေါင်းလောင်းမြည်သံမှာ ဇူယွမ်မှ စမ်းသပ်မှုသုံးခုလုံးအား အောင်မြည်သည်ဟူသော အဓိပ္ပါယ်ပင် ဖြစ်သည်။ မူလသူတော်စင်တောင်ထွတ်၏ တပည့်ခေါင်းဆောင် အစဥ်အဆက် ကျရှုံးခ့ဲသော တောင်ထွတ်စမ်းသပ်မှုအား ဇူယွမ်မှာ အောင်မြင်သွားခ့ဲ၏။ ဇူယွမ်မှာ အမှန်တကယ်ပင် ကြောက်မက်ဖွယ် ကောင်းလှပေသည်။
ကွင်းပြင်ကျယ်တွင်ရှိနေသော စိန်းထိုက်ယွမ်နှင့် တပည့်များမှာ အချိန်အတော်ကြာအောင် အ့ံအားသင့်နေမိပြီးနောက် ပျော်ရွှင်ဝမ်းမြောက်စွာ အော်ဟစ်အားပေးကြတော့၏။
စိန်းထိုက်ယွမ်မှာ ပျော်ရွှင်မှုကြောင့် တစ်ကိုယ်လုံးပင် တုန်ရီနေရပြီး မျက်ရည်များပါ ကျဆင်းလာရသည်။ မျိုးနွယ်စုခေါင်းဆောင်ကန်ရွှမ်း သေဆုံးသွားသည့် အချိန်မှစ၍ မူလသူတော်စင်တောင်ထွတ်မှာ ချိတ်ပိတ်သွားခ့ဲ၏။ ကန်ရွှမ်းကလန်တွင် တောင်ထွတ်ခုနစ်ခု ရှိပါသော်လည်း မူလသူတော်စင်တောင်ထွတ်မှာ အမည်ခံမျှသာ ဖြစ်နေခ့ဲရသည်။ စိန်းထိုက်ယွမ်မှာ မူလသူတော်စင်တောင်ထွတ်တွင် အချိန်ကြာမြင့်စွာ နေထိုင်လာခ့ဲသူဖြစ်သောကြောင့် ထိုအကြောင်းအရာနှင့်ပက်သတ်၍ အလွန်ပင် စိတ်မကြည်မလင် ဖြစ်ခ့ဲရ၏။
ထို့ကြောင့် စိန်းထိုက်ယွမ်မှာ မူလသူတော်စင်တောင်ထွတ်၏ ချိပ်စည်းအား ဖြည်နိုင်ရန်အတွက် များစွာကြိုးစားခ့ဲပါသော်လည်း နှစ်အဆက်ဆက် တပည့်ခေါင်းဆောင်များမှာ တောင်ထွတ်စမ်းသပ်မှုကိုပင် ကျော်ဖြတ်နိုင်ခြင်း မရှိခဲ့ကြချေ။ ဤသို့ဖြင့် စိန်းထိုက်ယွမ်၏ မူလသူတော်စင်တောင်ထွတ်အား ပြန်လည်ဖွင့်လှစ်လိုသော မျှော်လင့်ချက်များမှာ ပုိ၍ပို၍ ေမှးမှိန်လာရသည်။
လွန်ခ့ဲသောတစ်နှစ်ခန့်က တောင်ထွတ်ရွေးချယ်ခြင်းပြိုင်ပွဲ၏ ချန်ပီယံတပည့်လေးမှာ မူလသူတော်စင်တောင်ထွတ်အား ရွေးချယ်ခဲ့သည်ဟူသော သတင်းကိုကြားသိခ့ဲရသည့် အချိန်မှစ၍ စိန်းထိုက်ယွမ်၏မျှော်လင့်ချက်များမှာ ပြန်လည်တောက်ပလာရ၏။ ထို့ကြောင့် စိန်းထိုက်ယွမ်မှာ ဇူယွမ်အား တပည့်အဖြစ် လက်ခံနိုင်ခ့ဲသည့် အချိန်မှစ၍ ကျင့်ကြံခြင်းအရင်းအမြစ်များအား လိုလေသေးမရှိအောင် ထောက်ပ့ံပေးခ့ဲသည်။ ယခုအခါတွင် စိန်းထိုက်ယွမ်မှာ အလွန်ပင် ပျော်ရွှင်နေရပြီ ဖြစ်၏။
စိန်းထိုက်ယွမ်၏ ဘေးတွင်ရှိနေသော လုစုန့်မှာလည်း ပျော်ရွှင်နေသော မျက်ဝန်းများဖြင့် သက်ပြင်းချကာ စကားဆိုလိုက်သည်။ "အဖိုးကြီးစိန်း....မင်းရဲ့ရှေ့ရေးကြိုမြင်တဲ့အာရုံက တော်တော်ကောင်းတာပဲ။"
လုစုန့်မှာ စိန်းထိုက်ယွမ်အား အနည်းငယ်ပင် မနာလိုဖြစ်မိရ၏။ လုစုန့်မှာ ဇူယွမ်အား တပည့်အဖြစ် လက်ခံနိုင်ခ့ဲပါသော်လည်း အဓိကတောင်ထွတ်အား နှစ်ပေါင်းများစွာကြာသည့်တိုင်အောင် မဖွင့်လှစ်နိုင်ခ့ဲခြင်းကြောင့် စိတ်ဓာတ်ကျကာ စိန်းထိုက်ယွမ်အား အလျှော့ပေးခ့ဲခြင်း ဖြစ်သည်။ ထိုအချိန်ကသာ အလျှော့မပေးပဲ ဇူယွမ်အား တပည့်အဖြစ် ရအောင်လက်ခံခ့ဲပါက ယခုအချိန်တွင် တောင်ထွတ်စမ်းသပ်မှုအား အောင်မြင်သည့်တပည့်မှာ သူ၏အုပ်စုမှ ဖြစ်နေမည်ပင် ဖြစ်၏။
စိန်းထိုက်ယွမ်မှာ အလွန်ပင် စိတ်လက်ပေါ့ပါးသွားဟန်ဖြင့် ကျေနပ်အားရစွာ ရယ်မောလိုက်သည်။ စိန်းထိုက်ယွမ်မှာ နှလုံးသားထဲမှ ပျော်ရွှင်ဝမ်းမြောက်မှုအား ထိန်းချုပ်၍မရအောင်ပင် ဖြစ်နေရ၏။
စိန်းထိုက်ယွမ်နှင့် လုစုန့်တို့၏ တပည့်များမှာ ပျော်ရွှင်ဝမ်းမြောက်စွာ အော်ဟစ်အားပေးနေကြပါသော်လည်း လုဟုန်း၏ တပည့်များမှာမူ တိတ်ဆိတ်ငြိမ်သက်နေရသည်။ လုဟုန်းမှာလည်း အလွန်ပင် မယုံကြည်နိုင်ဖြစ်နေရပြီး မြေပြင်ပေါ်လဲကျမတက် တုန်လှုပ်ခြောက်ခြားနေမိ၏။
"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ.....ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ...."
လုဟုန်းမှာ သွေးဆုတ်ဖြူရော်စွာဖြင့် တုန်ရီစွာ ရေရွတ်လိုက်သည်။ လုဟုန်းမှာ တောင်ထွတ်ဆရာသခင်လင်ကျွမ်း၏ အမျက်ဒေါသများအား ကြိုင်တင်မှန်းဆနိုင်နေပြီပင် ဖြစ်၏။
"ဇူယွမ်က ဘယ်လိုလုပ် အောင်မြင်သွားတာလဲ။"
လုဟုန်းမှာ အလွန်ပင် နောင်တရနေမိသည်။ အတိတ်ကာလများ၌ လုရွှမ်းယင်၏ စကားများကိုသာ နားမယောင်ပဲ ဇူယွမ်အား တပည့်အဖြစ် ရွေးချယ်ရန် ကြိုးစားခ့ဲ့သင့်ပေသည်။ ယခုအချိန်တွင်မူ ဆုံးဖြတ်ချက် အမှားလေးတစ်ခုကြောင့် အရာအားလုံး ပျက်စီးသွားရပြီပင် ဖြစ်၏။
ကောင်းကင်ထက်၌
ကလန်ခေါင်းဆောင်ချင်းယန်နှင့် အခြားသောတောင်ထွတ်ဆရာသခင်များမှာ အဓိကတောင်ထွတ်အား အ့ံအားသင့်စွာ ငေးမောကြည့်ရှုနေကြသည်။
"ဇူယွမ်က အောင်မြင်သွားပြီပေါ့။" တောင်ထွတ်ဆရာသခင်မလျို့လျန်းယီမှ အ့ံအားသင့်စွာ ရေရွတ်လိုက်၏။ တောင်ထွတ်ဆရာမလျို့လျန်းယီမှာ တောင်ထွတ်ဆရာသခင်လင်ကျွမ်းအား မျက်မုန်းကျိုးလှသဖြင့် ဇူယွမ်အား အားပေးနေခ့ဲပါသော်လည်း အောင်မြင်မည်ဟု မယုံကြည်ခ့ဲချေ။ အဘယ့်ကြောင့်ဆိုသော် တောင်ထွတ်စမ်းသပ်ခြင်းအား ကျော်ဖြတ်နိုင်ရန်မှာ အလွန်ပင် ခက်ခဲလှသောကြောင့် ဖြစ်သည်။
အခြားသော တောင်ထွတ်ဆရာသခင်များမှာလည်း အလွန်ပင် အ့ံအားသင့်နေဟန် ရှိ၏။ ဓားကပ်ဘေးတောင်ထွတ်၏ ဆရာသခင်လင်ကျွမ်းမှာမူ အလွန်ပင် ခက်ထန်နေရသည်။
အခြားသောတောင်ထွတ်ဆရာသခင်များမှာ ဓားကပ်ဘေးတောင်ထွတ်၏ ဆရာသခင်လင်ကျွမ်းအားကြည့်ကာ လျို့ဝှက်စွာ ရယ်မောလိုက်ကြ၏။ ယခုအခါတွင် မူလသူတော်စင်တောင်ထွတ်နှင့်ပက်သတ်သော တောင်ထွတ်ဆရာသခင်လင်ကျွမ်း၏ အစီအစဥ်များအားလုံး ပျက်သုန်းသွားခ့ဲရပြီပင် ဖြစ်သည်။ ထို့အပြင် ဓားကပ်ဘေးတောင်ထွတ်မှာ ကျင့်ကြံခြင်းအရင်းအမြစ် ငါးပုံတစ်ပုံအား ဆုံးရှုံးရဦးမည်ပင် ဖြစ်၏။
ထိုအချိန်၌ပင် ကလန်ခေါင်းဆောင်ချင်းယန်မှာ တစ်စုံတစ်ခုအား အာရုံပြုမိသွားဟန်ဖြင့် စကားဆိုလိုက်သည်။ "ခေါင်းလောင်းသံက မပြီးသေးဘူး။"
အခြားသောတောင်ထွတ်ဆရာသခင်များမှာ အလွန်ပင် အ့ံအားသင့်သွားကြပြီး မယုံကြည်နိုင်ဟန်ဖြင့် ရေရွတ်လိုက်ကြ၏။ "မဖြစ်နိုင်ပါဘူး။"
ခုနစ်ကြိမ်ထက်ကျော်သော ခေါင်းလောင်းမြည်သံမှာ မျိုးနွယ်စုခေါင်းဆောင်ကန်ရွှမ်း ရှိစဥ်အချိန်၌ပင် လွန်စွာရှားပါးခ့ဲသည်။
ဒေါင်.....
ရှစ်ကြိမ်မြောက် ခေါင်းလောင်းမြည်သံမှာ ကန်ရွှန်းကလန်တစ်ခုလုံးအား ပျ့ံလွင့်သွား၏။ ဆူညံနေသော ပတ်ဝန်းကျင်တစ်ခွင်လုံးမှာ တိတ်ဆိတ်ငြိမ်သက်သွားရလေသည်။ များစွာသော တပည့်များမှာ ပါးစပ်အဟောင်းသားပင် ဖြစ်ကုန်ကြရ၏။ အဘယ့်ကြောင့်ဆိုသော် ကန်ရွှမ်းကလန်တွင် ရှစ်ကြိမ်မြောက် ခေါင်းလောင်းမြည်သံမှာ ပါးစပ်ရာဇဝင်မျှသာ ကျန်ရှိတော့သောကြောင့် ဖြစ်သည်။
ကောင်းကင်ထက်တွင်ရှိနေသော ကလန်ခေါင်းဆောင်ချင်းယန်၏ မျက်ဝန်းများမှာ လင်းလက်တောက်ပလာပြီးနောက် ဖြည်းညင်းစွာ စကားဆိုလိုက်၏။ "ခေါင်းလောင်းသံတစ်ချက် ကျန်နေသေးတယ်။"
တောင်ထွတ်ဆရာသခင်များ၏ အမူအရာများမှာ အ့ံသြတုန်လှုပ်နေကြပြီပင် ဖြစ်သည်။
ဒေါင်.....
ကိုးကြိမ်မြောက် ခေါင်းလောင်းမြည်သံမှာ ကန်ရွှန်းကလန်တစ်ခုလုံးအား ပျံ့လွင့်လာ၏။ တပည့်များမှာ အလွန်ပင် အ့ံအားသင့်နေဟန်ဖြင့် မျက်တောင်ပင်မခတ်နိုင်ပဲ အဓိကတောင်ထွတ်အား ကြည့်ရှုလိုက်ကြသည်။
စိန်းထိုက်ယွမ်မှာလည်း အဓိကတောင်ထွတ်အား ကြည့်ရှုနေရင်းဖြင့် သတိလစ်မတက်ပင် ဖြစ်နေရ၏။ ဇူယွမ်၏ တောင်ထွတ်စမ်းသပ်မှုရလဒ်မှာ စိန်းထိုက်ယွမ် ခန့်မှန်းထားသည်ထက်ပင် များစွာကျော်လွန်နေပေသည်။ ခုနစ်ကြိမ်မြောက် ခေါင်းလောင်းမြည်သံသည်ပင် စိန်းထိုက်ယွမ်အတွက် လုံလောက်သည်ထက် ပိုလျှံနေပြီ ဖြစ်၏။ ကိုးကြိမ်မြောက် ခေါင်းလောင်းမြည်သံမှာ စိန်းထိုက်ယွမ် စိတ်ပင်မကူးရဲသောအရာ ဖြစ်သည်။
လုစုန့်မှာမူ မယုံကြည်နိုင်သော မျက်ဝန်းများဖြင့် အဓိကတောင်ထွတ်အား ငေးမောကြည့်ရှုနေမိ၏။ ထို့နောက် လုစုန့်မှာ စိန်းထိုက်ယွမ်အား အားကျမနာလိုသော မျက်ဝန်းများဖြင့် ကြည့်ရှုကာ တံထွေးများအား မြိုချလိုက်ရသည်။
အချိန်အနည်းငယ် ကြာမြင့်သွားပြီးနောက် တပည့်များထံမှ ဝေဖန်ဆွေးနွေးသံများ ပြန်လည်ပေါ်ထွက်လာ၏။ "ရွှမ်ခေါင်းလောင်းက ပျက်နေတာများလား။"
"ရွှမ်ခေါင်းလောင်း ကိုးကြိမ်မြည်တယ်တဲ့လား။"
ကလန်ခေါင်းဆောင်ချင်းယန်မှ သက်ပြင်းချကာ စကားဆိုလိုက်သည်။ "ရွှမ်ခေါင်းလောင်း ကိုးကြိမ်မမြည်ခ့ဲတာ ဘယ်လောက်တောင် ကြာနေခ့ဲပြီလဲ။"
"ကြည့်ရတာ ငါတို့ကန်ရွှမ်းကလန်မှာ နဂါးတစ်ကောင် မွေးဖွားလာပြီထင်တယ်။"
ကလန်ခေါင်းဆောင်ချင်းယန်မှာ အဓိကတောင်ထွတ်အား ငေးမောကြည့်ရှုလိုက်ပြီးနောက် အရိုအသေပြုကာ ရေရွတ်လိုက်၏။ "ကျွန်တော်တို့ ကန်ရွှမ်းကလန်ကို စောင့်ရှောက်ပေးတဲ့အတွက် မျိုးနွယ်စုခေါင်းဆောင်ကန်ရွှမ်းကို ကျေးဇူးတင်ပါတယ်။"
ကန်ရွှမ်းကလန်တစ်ခုလုံး အ့ံအားသင့်နေကြချိန်တွင် အဓိကတောင်ထွတ်၏ တောင်ခြေတွင်ရှိနေသော ရွှမ်အဖိုးအိုမှာ တံမြက်စည်းအား ဆွဲကိုင်ထားရင်းဖြင့် ခပ်ဖွဖွပြုံးလိုက်သည်။
"ဆရာသခင်.... မူလသူတော်စင်တောင်ထွတ်ကြီး အရင်လို ပြန်ဖြစ်လာတော့မယ်...."