မူလရေကန်ဖွင့်လှစ်ခြင်းအခမ်းအနား
Vol. 36 Ch. 497
ကျယ်လောင်လှသော ခေါင်းလောင်းသံမှာ ကန်ရွှမ်းကလန်တစ်ခုလုံးအား ပျ့ံနှ့ံလွှမ်းခြုံသွားပြီးနောက် တပည့်များအားလုံးမှာ အ့ံအားသင့်စွာဖြင့် အဓိကတောင်ထွတ်အား ကြည့်ရှုလိုက်ကြသည်။ ထိုခေါင်းလောင်းသံမှာ ကလန်အတွက် အရေးကြီးလှကြောင်း တပည့်များအားလုံးမှ သိရှိနားလည်ထားကြ၏။
မူလသူတော်စင်တောင်ထွတ်အား မျိုးနွယ်စုခေါင်းဆောင်ကန်ရွှမ်းမှ တည်ထောင်ခ့ဲခြင်းဖြစ်ပြီး ကျင့်ကြံခြင်းအရင်းအမြစ်များ ပေါကြွယ်ဝရာနေရာတစ်ခု ဖြစ်သည်။ သို့သော် ချိပ်ပိတ်သွားသည့် အချိန်မှစ၍ မူလသူတော်စင်တောင်ထွတ်မှာ ကျင့်ကြံခြင်းအရင်းအမြစ်များ နည်းပါးလာခ့ဲရ၏။ ယခုအခါတွင် မူလသူတော်စင်တောင်ထွတ်၏ချိပ်စည်းမှာ ပျက်ပြယ်သွားရပြီဖြစ်သောကြောင့် ကန်ရွှမ်းကလန်တွင် ယခင်ကက့ဲသို့ ပြန်လည်ဦးမောလာနိုင်တော့မည်ပင် ဖြစ်သည်။
တပည့်များမှာ မူလသူတော်စင်တောင်ထွတ်၏ချိပ်စည်းအား ဖြည်နိုင်ခ့ဲ့သော ဇူယွမ်ကို ပို၍ပင်အ့ံအားသင့်မိကြရ၏။ တပည့်ခေါင်းဆောင် ေရွးချယ်ခြင်းအခမ်းအနားတွင် ဇူယွမ်၏လုပ်ဆောင်ချက်များမှာ ကောင်းမွန်ခ့ဲပါသော်လည်း တပည့်အများစုမှာမူ အဓိကတောင်ထွတ်၏ ချိပ်စည်းအား ဖြည်နိုင်မည်မဟုတ်ဟုသာ ယူဆထားခ့ဲကြသည်။
အဘယ့်ကြောင့်ဆိုသော် မူလသူတော်စင်တောင်ထွတ်၏ ချိပ်စည်းအား ဖြည်နိုင်ရန်မှာ ခက်ခဲလှသောကြောင့်ပင် ဖြစ်၏။ ထို့ကြောင့် တပည့်များအားလုံးမှာ လက်ရှိမြင်တွေ့နေရသော ရလဒ်အား မယုံကြည်နိုင်ပင် ဖြစ်နေရလေသည်။ မည်သူကမှ ကလန်သို့ ရောက်ရှိလာသည်မှာ တစ်နှစ်ခန့်သာ ရှိသေးသော တပည့်အသစ်တစ်ဦးသည် မူလသူတော်စင်တောင်ထွတ်၏ ချိပ်စည်းအား ဖြည်နိုင်လိမ့်မည်ဟု ထင်မှတ်မထားကြပေ။
ဇူယွမ်မှာ ယခင်မူလသူတော်စင်တောင်ထွတ်၏ တပည့်ခေါင်းဆောင်များအားလုံး မလုပ်ဆောင်နိုင်ခ့ဲသောအရာအား အောင်မြင်သွားခဲ့ခြင်းပင် ဖြစ်၏။
ဤလုပ်ဆောင်ချက်ကြောင့် ကန်ရွှမ်းကလန်အတွင်းရှိ ဇူယွမ်၏ကျော်ကြားမှုမှာ အခြားသောတပည့်ခေါင်းဆောင်များအားလုံးကို ကျော်လွန်ကာ ရွေးချယ်ခံဆယ်ဦးနှင့်ပင် တူညီလုနီးပါး ဖြစ်သွားပေလိမ့်မည် ဖြစ်သည်။
.........
နှင်းပဒုမ္မာတောင်ထွတ်၌
တောင်ထွတ်တစ်ခုပေါ်တွင်ရှိနေသော လီချင်းချန်မှာ အဝေးတစ်နေရာမှ ကျောက်စိမ်းရောင်အလင်းတန်းများ ထွက်ပေါ်နေသော မူလသူတော်စင်တောင်ထွတ်အား အ့ံအားသင့်စွာဖြင့် ငေးမောကြည့်ရှုနေ၏။
"ဇူယွမ်က တကယ်လုပ်နိုင်ခ့ဲတာပဲ။" လီချင်းချန်မှာ အသိအမှတ်ပြုသော မျက်ဝန်းများဖြင့် တိုးညင်းစွာ ရေရွတ်လိုက်သည်။ လွန်ခ့ဲသော တစ်နှစ်အတွင်း ဇူယွမ်၏ လျင်မြန်လှသော တိုးတက်မှုများစွာကို လီချင်းချန်မှာ ကိုယ်တိုင်ကြုံတွေ့ခဲ့ရ၏။
ဇူယွမ်မှာ မည်သည့်အခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့ရပါစေ နောက်မတွန့်တက်သောသူတစ်ဦး ဖြစ်သည်။ ဇူယွမ်၏ ရဲရင့်ပြတ်သားမှုများမှာ လီချင်းချန်ကိုပင် အနည်းငယ် လေးစားမိစေ၏။
အတိတ်ကာလများ၌ လီချင်းချန်မှာ ဇူယွမ်ကိုသာ အမြဲတစေ ရွေးချယ်တက်သော ယောင်ယောင်အား နားမလည်နိုင် ဖြစ်ခ့ဲရသည်။ လီချင်းချန်၏ အမြင်တွင်မူ ယောင်ယောင်က့ဲသို့သော ထူးချွန်ထက်မြက်သူမှာ ဇူယွမ်နှင့် များစွာခြားနားလှ၏။
ထို့ကြောင့် လီချင်းချန်မှာ ယောင်ယောင်အား အညစ်အကြေးအတွင်း ရှင်သန်ပျော်မြူးနေသော ပန်းပွင့်ကလေးတစ်ခုဟုသာ ခံစားခ့ဲရသည်။ သို့သော် တစ်နှစ်အတွင်း ဇူယွမ်၏ လျင်မြန်စွာ ပြောင်းလဲတိုးတက်လာမှုကြောင့် လီချင်းချန်၏ အမြင်များ ပြောင်းလဲလာရ၏။ ယောင်ယောင်မှာ ဇူယွမ်၏ ကွယ်ဝှက်ထားသော အရည်အချင်းများအား မြင်တွေ့နေခဲဲ့ခြင်းပင် ဖြစ်ပေလိမ့်မည်။
.........
ဓားကပ်ဘေးတောင်ထွတ်၌
ေလသာဆောင်တစ်ခုတွင် ပုံရိပ်သုံးခု မျက်နှာချင်းဆိုင် ထိုင်နေကြသည်။ ခုန်းရှန်မှာ အဝေးတစ်နေရာမှ မူလသူတော်စင်တောင်ထွတ်အား ကြည့်ရှုနေရင်းဖြင့် မျက်မှောင်ကျုံ့ကာ ရေရွတ်လိုက်၏။ "ဇူယွမ်က အရည်အချင်းတော့ နည်းနည်းရှိသားပဲ။"
ကျောင်းဇူ၏ အမူအရာမှာ ခက်ထန်နေရသည်။ ကျောင်းဇူမှာ ဇူယွမ်အား မူလသူတော်စင်တောင်ထွတ်၏ ချိပ်စည်းကို ဖြည်နိုင်လိမ့်မည်ဟု မည်သည့်အခါမှ ထင်မှတ်မထားခ့ဲချေ။
ခုန်းရှန်နှင့် ကျောင်းဇူတို့၏ဘေးတွင်မူ ဓားကပ်ဘေးတောင်ထွတ်၏ အသစ်စက်စက် တပည့်ခေါင်းဆောင်ဖြစ်သော ပိုင်လီချွီးရှိနေ၏။
ပိုင်လီချွီးမှာ မျက်မှောင်ကျုံ့ကာ မူလသူတော်စင်တောင်ထွတ်ရှိရာအရပ်သို့ ငေးမောကြည့်ရှုနေသည်။ ဓားကပ်ဘေးတောင်ထွတ်၏ တပည့်ခေါင်းဆောင်တစ်ဦးအနေဖြင့် ပိုင်လီချွီးမှာ ဇူယွမ်အား အောင်မြင်စေလိုစိတ် မရှိပေ။
ပိုင်လီချွီး၏အမြင်တွင်မူ အရေးမပါသော မူလသူတော်စင်တောင်ထွတ်၏ တပည့်ခေါင်းဆောင်တစ်ဦးမှာ ဓားကပ်ဘေးတောင်ထွတ်၏ တပည့်ခေါင်းဆောင်ဖြစ်သောသူနှင့် ပုခုံးချင်းပင် ယှဥ်ခွင့်ရှိမည် မဟုတ်ချေ။
သို့သော် ဇူယွမ်၏ ကြီးမားလာသော ဂုဏ်သတင်းကြောင့် ပိုင်လီချွီး၏ ကျော်ကြားမှုအား မှေးမှိန်လာစေ၏။ ထို့ကြောင့် ပိုင်လီချွီးမှာ ထိုအကြောင်းအရာနှင့်ပက်သတ်၍ အလွန်ပင် စိတ်အနှောင့်အယှက် ဖြစ်နေရသည်။
ပိုင်လီချွီးမှ ကျောင်းဇူအားကြည့်ကာ စကားဆိုလိုက်၏။ "စီနီယာအကိုတော်ကျောင်းဇူ ဒီကိစ္စကို သိပ်ပြီးအရေးမစိုက်နေပါနဲ့။ ဇူယွမ်က ကံကောင်းသွားတာပဲ ရှိတာပါ။"
ကျောင်းဇူမှာ ခက်ထန်နေသေ အမူအရာဖြင့် ပြန်၍ပြောလိုက်သည်။ "ဇူယွမ်ကြောင့် ငါတို့ဓားကပ်ဘေးတောင်ထွတ်က ကျင့်ကြံခြင်းအရင်းအမြစ်တွေ အများကြီး ဆုံးရှုံးရတော့မှာ။ အဲ့ကိစ္စကြောင့် တောင်ထွတ်ဆရာသခင်လင်ကျွမ်းတောင် ဒေါသထွက်ခ့ဲရတယ်။ ငါတကယ် အဲ့ကောင်ကို မှတ်လောက်သားလောက်အောင် သင်ခန်းစာပေးပစ်လိုက်ချင်တာ။"
ကျောင်းဇူမှာ ခုန်းရှန်အားကြည့်ကာ ေမးမြန်းလိုက်၏။ "စီနီယာအကိုတော်ခုန်းရှန်ရော ဒီကိစ္စနဲ့ပက်သတ်ပြီး ဘယ်လိုထင်လဲ။"
ခုန်းရှန်မှာ မျက်ဝန်းများ ကျဥ်းမြောင်းသွားပြီးနောက် အနည်းငယ်မျှတွေးတောကာ စကားဆိုလိုက်သည်။ "ဂျူနီယာညီတော်တစ်ယောက်ကို ရိုကျိုးတက်ဖို့အတွက် သင်ကြားပြသပေးရမှာက ငါတို့စီနီယာအကိုတော်တွေ လုပ်သင့်တဲ့အရာပဲ။"
ခုန်းရှန်မှာ ကျောက်စားပွဲအား လက်ဖြင့်ခေါက်ကာ ဆက်လက်ပြောဆိုလိုက်၏။ "ဒီနှစ် မူလရေကန် ဖွင့်လှစ်တဲ့ အခမ်းအနားက စတော့မှာမလား။"
ခုန်းရှန်၏ စကားအား ကြားလိုက်ရသည်နှင့်တကွ ကျောင်းဇူနှင့် ပိုင်လီချွီးတို့၏ မျက်ဝန်းများမှာ လင်းလက်တောက်ပသွားသည်။
မူလရေကန်မှာ ပုံမှန်အားဖြင့် နှစ်လတစ်ကြိမ် ဖွင့်လှစ်ပေးလေ့ရှိပြီး ခရမ်းရောင်ခါးစည်း တပည့်များသာ ဝင်ရောက်ခွင့်ရရှိခြင်း ဖြစ်၏။
သို့သော် နှစ်စဥ်နှစ်တိုင်း၏ နှစ်အစပိုင်းတွင် မူလရေကန်အား ကန့်သတ်ထားခြင်းများမရှိပဲ ဖွင့်လှစ်ပေးလေ့ရှိသည်။ မည်သည့်အဆင့်ရှိသော တပည့်မဆို ဝင်ရောက်ကြိုးစားခွင့်ရှိပြီး တစ်နှစ်တာအတွင်း ပင်ပန်းခက်ခဲစွာ ကြိုးစားခ့ဲရခြင်းများအတွက် ကလန်မှ ဆုလာဘ်ချီးမြှင့်သည့် သဘောပင် ဖြစ်၏။
ထိုသို့ နှစ်အစပိုင်းတွင် ပြုလုပ်ပေးသော မူလရေကန်ဖွင့်လှစ်ခြင်းအား မူလရေကန်ဖွင့်လှစ်ခြင်း အခမ်းအနားဟု ခေါ်ဆိုကြခြင်း ဖြစ်သည်။ သို့သော် မူလရေကန် ဖွင့်လှစ်ခြင်းအခမ်းအနားတွင် စည်းမျဥ်းစည်းကမ်းများ သတ်မှတ်ထားပြီး မူလနဂါးခြင်ဆီအား တစ်ဦးတည်းရယူခွင့်မရှိပဲ တောင်ထွတ်တစ်ခုလုံးဖြင့် ဝေမျှရယူရမည် ဖြစ်၏။
ရရှိလာသော မူလနဂါးခြင်ဆီများအား တောင်ထွတ်တစ်ခုစီအလိုက် ကလန်အား ပေးအပ်ရခြင်းဖြစ်ပြီး ရရှိထားသော ပမာဏအလိုက် နဂါးကောင်းချီးအား ပြန်လည်ချီးမြှင့်ခံရခြင်း ဖြစ်သည်။
တောင်ထွတ်တစ်ခုခြင်းဆီမှ ဝင်ရောက်ကြသော တပည့်များ၏ အရေအတွက်ကွာခြားမှုကြောင့် မူလနဂါးခြင်ဆီ ရရှိခြင်းမှာလည်း ကွဲပြားလေ့ရှိသည်။ ထို့အပြင် တပည့်များစွာမှ ဝင်ရောက်ရှာဖွေကြခြင်းကြောင့် ကတောက်ကဆများလည်း ဖြစ်ပေါ်လေ့ရှိ၏။ သို့သော် ပြဿနာအသေးအဖွဲများသာဖြစ်ပါက အကြီးအကဲများမှ ဝင်ရောက်ဖြေရှင်းခြင်း မပြုကြပေ။ အဘယ့်ကြောင့်ဆိုသော် မူလရေကန်အတွင်းသို့ ဝင်ရောက်ခွင့်ပြုထားခြင်းမှာ တပည့်များအား လေ့ကျင့်ပေးရန်အတွက် ဖြစ်သောကြောင့်ပင် ဖြစ်သည်။
ခုန်းရှန်မှာ ကျောင်းဇူနှင့် ပိုင်လီချွီးအား ကြည့်ရှုလိုက်ပြီးနောက် မူလသူတော်စင်တောင်ထွတ်ရှိရာအရပ်သို့ ငေးမောကြည့်ရှုကာ ပြောလိုက်၏။ "မနှစ်က မူလသူတော်စင်တောင်ထွတ်ကနေ ငါတို့ကိုဆက်ကြေးအနေနဲ့ နဂါးခြင်ဆီ ဘယ်လောက်ပေးလဲ။"
"နှစ်ဆယ်ရာခိုင်နှုန်းပဲရတာ။ ကျွန်တော်တို့က လုဟုန်းတို့အုပ်စုကို မျက်နှာသာပေးထားလို့ နှစ်ဆယ်ရာခိုင်နှုန်းပဲ ယူခဲ့တာလေ။" ကျောင်းဇူမှ ပြုံးကာပြောလိုက်သည်။
မူလရေကန် ဖွင့်လှစ်ခြင်းအခမ်းအနားတိုင်းတွင် ကလန်မှာ မူလနဂါးသွေးကြောအား နိုးထလာစေပြီး ချီစွမ်းအင်များအား တိုးပွားလာစေလေ့ ရှိ၏။ ထို့ကြောင့် မူလရေကန်အတွင်းရှိ ရေနေသားရဲများမှာ အကောင်ရေနှင့် စွမ်းအင်များ များပြားလာပြီး တောင်ထွတ်များအတွက် ကြီးမားသော စိန်ခေါ်မှုများကို ဖြစ်ပေါ်စေသည်။
ထို့အတွက်ကြောင့် တောင်ထွတ်များဆီမှ ရွေးချယ်ခံတပည့်များမှာ ကြီးမားသော ရေနေသားရဲများအား ထိန်းချုပ်ကိုင်တွယ်ပေးလေ့ ရှိ၏။
သို့သော် မူလသူတော်စင်တောင်ထွတ်တွင်မူ ရွေးချယ်ခံတပည့် မရှိချေ။
မူလသူတော်စင်တောင်ထွတ်မှာ တပည့်အရေအတွက် အနည်းပါးဆုံး ဖြစ်သည့်အပြင် အားအနည်းဆုံးလည်း ဖြစ်သည်။ ထို့ကြောင့် မူလရေကန်ဖွင့်လှစ်ခြင်း အခမ်းအနားတွင် မူလသူတော်စင်တောင်ထွတ် ပါဝင်ခြင်းမှာ ဟာသတစ်ခုမျှသာဖြစ်ခ့ဲပြီး ရေနေသားရဲများအားလည်း ကိုင်တွယ်နိုင်ခြင်း မရှိခ့ဲပေ။ ထို့ကြောင့် မူလသူတော်စင်တောင်ထွတ်မှာ အခြားသောတောင်ထွတ်များ၏ အကူအညီအား ရယူခ့ဲရ၏။ သို့သော် အပြန်အလှန်အနေဖြင့် ရရှိလာသော မူလနဂါးခြင်ဆီများအား ခွဲဝေပေးခ့ဲရလေသည်။
"နှစ်ဆယ်ရာခိုင်နှုန်း...ဟုတ်လား။"
ခုန်းရှန်၏ နှုတ်ခမ်းများမှာ တွန့်ကွေးသွားပြီးနောက် မထီမဲ့မြင်ပြုဟန်ဖြင့် စကားဆိုလိုက်၏။ "ဒီနှစ် ငါးဆယ်ရာခိုင်နှုန်းပေးရမယ်လို့ သူတို့ကိုပြောလိုက်။"
ပိုင်လီချွီးမှ ရယ်မောကာပြောလိုက်သည်။ " အခုဆိုရင် မူလသူတော်စင်တောင်ထွတ်က တပည့်ခေါင်းဆောင် ရှိနေပြီလေ။ ကျွန်တော်တို့ပြောတာကို သူတို့သဘောတူပါ့မလား။"
ခုန်းရှန်မှာ ခပ်ဖွဖွရယ်မောလိုက်ပြီးနောက် အလေးပင်မထားဟန်ဖြင့် စကားဆိုလိုက်၏။
"အဲ့ဒါဆိုသူတို့က သူတို့ရဲ့တပည့်ခေါင်းဆောင်ကို အားကိုးကြမှာပေါ့လေ။"
"မူလရေကန်က လျို့ဝှက်ချက်တွေပြည့်နေတဲ့ နေရာတစ်ခုပဲ။ သူတို့ရဲ့ တပည့်ခေါင်းဆောင်က အရည်အချင်းမရှိမှာကိုပဲ ငါစိတ်ပူမိတယ်။"