← Chapters

သဘောတူညီမှု

Vol. 1 Ch. 21

သဘောတူညီမှု

Vol. 1 Ch. 21

ဆံပင်ဖြူ အကြီးအကဲ၏ စကားများသည် ကြီးကြပ်သူယန်ကို အကြီးအကျယ် စိတ်လှုပ်ရှား သွားစေသည်။ သူသည် အလွန်စလို ထွက်မသွားသေးပဲ ခဏမျှရပ်ကာ ဆက်မေးလာခဲ့သည်...

“အကြီးအကဲဖေး...ဒါဆို.. ကျွန်တော်တို့ ဒီကောင်လေးကို သိုင်းခန်းမကို ဝင်ဖို့ ဖိတ်ခေါ်လိုက် သင့်လား...”

“မလိုဘူး”

အကြီးအကဲသည် စိတ်မပါစွာဖြင့် ထရပ်ကာ အခန်းအပြင်ဘက်ကို လျှောက်သွားခဲ့ လိုက်သည်။ တံခါးဝသို့ ရောက်သည်နှင့် သူသည် ပြန်လှည့်လာကာ ပြောလာခဲ့သည်...

“ဒီကောင်လေးက ဆယ့်ငါးနှစ်၊ ဆယ့်ခြောက်နှစ်လောက် ရောက်နေပြီ...သူ့ကျင့်ကြံဆင့်က သဏ္ဌာန်သုံးဆင့်  အသွင်ပြောင်းခြင်း ဒုတိယအဆင့်မှာပဲ ရှိသေးတာ...ဒီကောင်လေးက ကျင့်ကြံရမယ့် အခွင့်အရေးတွေကို လွဲချော်သွားပြီ...ဒီလိုဆို သူ့ကျန်တဲ့ ဘဝမှာလည်း ဘယ်လောက်မှ အောင်မြင်မှာ မဟုတ်တော့ဘူး...သူ့မှာ ပြိုင်ဘက်ရဲ့ လှုပ်ရှားမှုကို တုံ့ပြန်နိုင်စွမ်း ရှိနေရင်တောင် သူ့ကျင့်ကြံဆင့်က တိုးမလာသရွေ့ သူက အသုံးမကျတဲ့သူ ဖြစ်နေဦးမှာပဲ...သိုင်းခန်းမက...အသုံးမကျတဲ့ သူတွေ အတွက် အထောက်အပံ့တွေကို မဖြုန်းတီးနိုင်ဘူး...”

ကြီးကြပ်သူ ယန်သည် အကြီးအကဲကို အရိုအသေပေး နှုတ်ဆက်လိုက်သည်။ အကြီးအကဲဖေး ထွက်သွားသည်နှင့် သူသည်လည်း အမြန်ထရပ်ကာ နံရံတစ်ခုဆီ လျှောက်သွား လိုက်သည်။ သူသည် အတွင်းအား ထည့်သွင်းထားသော လက်တစ်ဖက်ကို သုံးလိုက်ကာ နံရံရှိ ကျောက်တုံး အစွန်းလေးကို နှိပ်ချလိုက်သည်။ နံရံရှိ ပုံရိပ်များလည်း ထူးဆန်းစွာ ပျောက်ဆုံး သွားခဲ့ပြီး ကျောက်နံရံဖြူ အဖြစ် ပြောင်းလဲသွားခဲ့သည်။

“အထီးကျန် ဝံပုလွေကို သွားရှာပြီး ငါ့ဆီ ခေါ်လာခဲ့ပေး...”

ကြီးကြပ်သူ ယန်သည် ထိုင်လိုက်ပြီး ခဏအကြာတွင် တံခါးတွင် ရပ်နေသော အစောင့်ကို ညွှန်ကြားလိုက်သည်။ အစောင့် အလျင်အမြန်ပင် သိုင်းလေ့ကျင့်ခန်းဆီသို့ သွားကာ ကျန်းရီကို အခန်းတွင်းသို့ ခေါ်ဆောင်လာခဲ့သည်။  လူငယ်၏ မျက်လုံးများသည် စိတ်ရှုပ်ထွေးမှု များနှင့် ပြည့်နေခဲ့သည်။

“ကြီးကြပ်သူယန်...ကျွန်တော့်ကို ရှာတာလား...”

ကျန်းရီသည် လေ့ကျင့်ပြီး၍ ထိုင်ရုံပင် ရှိသေးသည်...ချက်ချင်း နှောင့်ယှက်ခံ လိုက်ရပြီး အခန်းတစ်ခု အတွင်းသို့ ခေါ်လာခြင်း ခံရသည်။ သို့သော် သူသည် အခန်းထဲတွင် ကြီးကြပ်သူယန်ကို မြင်လိုက်ရသော အခါ အနည်းငယ် စိတ်သက်သာရာ ရသွားခဲ့သည်။

ကြီးကြပ်သူယန်သည် လက်ကို ယမ်းပြကာ အစောင့်ကို ထွက်သွားခိုင်း လိုက်သည်။ ထို့နောက်တွင်တော့ သူသည် နှစ်ကိုယ်တည်း ကြားရုံ လေသံဖြင့် ဆိုလာခဲ့သည်...

“အထီးကျန် ဝံပုလွေ...ငါ ကွေ့ဝိုက် မနေတော့ပဲ လိုရင်းကိုပဲ ပြောတော့မယ်...သိုင်းခန်းမရဲ့ ကိုယ်စား...ငါမင်းနဲ့ သဘောတူညီမှု တစ်ခုလုပ်ချင်တယ်...”

ဝံပုလွေ မျက်နှာဖုံး အောက်ရှိ ကျန်းရီ၏ မျက်လုံးများ တောက်ပ သွားခဲ့သည်။ သူသည် လေသံတိုးတိုးဖြင့် မေးလာခဲ့သည်...

“သဘောတူညီမှု တစ်ခု...”

ကြီးကြပ်သူ ယန်သည် ခေါင်းညိတ်ပြကာ ဆက်ပြောလာခဲ့သည်...

“အမှန်ပဲ..သိုင်းခန်းမက မင်းကို နောက်နှစ်လ အတွင်းမှာ သဏ္ဌာန်သုံးဆင့်  အသွင်ပြောင်းခြင်း စတုတ္ထအဆင့် ရောက်အောင် အခကြေးငွေ မယူဘဲ ပျိုးထောင် ပေးမယ်...အပြန်အလှန် အနေနဲ့ မင်းက ဒီမှာ သိုင်းလေ့ကျင့်ဖက် အနေနဲ့ ငါးနှစ် အလုပ်လုပ် ပေးရမယ်...ပြီးတော့ သိုင်းခန်းမက မင်းကို မင်းရဲ့ စွမ်းအားအပေါ် မူတည်ပြီး လုပ်အားခလည်း ပေးဦးမှာ...ဥပမာ..မင်းက ငွေအဆင့် သိုင်းလေ့ကျင့်ဖက်ဆို တစ်နေ့ကို ငွေတစ်ဆယ်တေးလ်နှုန်း ရတယ်...မင်းသာ ရွှေအဆင့် သိုင်းလေ့ကျင့်ဖက် ဖြစ်မယ်ဆိုရင် တစ်နေ့ကို ခရမ်းရောင်ရွှေ တစ်တေးလ် ရမယ်...”

ကျန်းရီသည် မျက်လုံးများ ကျဉ်းမြောင်းသွားပြီး ပါးစပ်ဟကာ ပြန်လည် မေးလာခဲ့သည်..

“ကျွန်တော်က သိုင်းလေ့ကျင့်ဖက် အနေနဲ့ပဲ အလုပ်လုပ်ပေး ရမှာလား...ဒါ့အပြင် တခြားဘာမှ လုပ်ပေးစရာ မလိုဘူးလား...”

“အမှန်ပဲ”

ကြီးကြပ်သူ ယန်သည် ကျန်းရီ၏ စိုးရိမ်စိတ်များကို သတိထားမိ သွားပြီး အပြုံးတစ်ခုနှင့် ပြန်ပြောလာခဲ့သည်...

“သိုင်းခန်းမက ဂုဏ်သတင်းကို အရမ်း ဂရုစိုက်တယ်...ငါတို့ အလုပ်လုပ်တဲ့ အခါမှာလည်း...မျှတပြီး သမာသမတ် ကျကျပဲ လုပ်တယ်...ငါတို့က ကိုယ့်စကား ကိုယ်လည်း တည်တယ်...မင်းစိတ်ချလို့ ရတယ်”

ကျန်းရီသည် ခေါင်းကိုငုံ့ကာ သူ့ဟာသူ တီးတိုး ရေရွတ်နေခဲ့သည်။ သူသည် ထူးဆန်းမှုကို ခံစားနေရဆဲပင် ဖြစ်သည်။ ကံကောင်းမှုသည် သူ့ဆီသို့ မည်သို့များ ရောက်လာပါသနည်း...ကျင့်ကြံဆင့်သည် မြင့်လာသည်နှင့် အမျှ နောက်တစ်ဆင့်သို့ တက်ရန် ခက်ခဲလာသည်သာ...သိုင်းခန်းမသာ သူ့ကို ဆေးကောင်းများ အလုံအလောက် မပေးလျှင် သူသည် နောက်နှစ်လအတွင်း သဏ္ဌာန်သုံးဆင့်  အသွင်ပြောင်းခြင်း စတုတ္ထအဆင့်သို့ ရောက်ရန်မှာ လုံးဝ မဖြစ်နိုင်ပေ။ ထို့ပြင် သူတို့သည် သူ့အတွက် ပိုက်ဆံအများကြီး သုံးပေးရန် ဆန္ဒရှိသည်မှာ ဖြစ်နိုင်ပါမည်လား...သူတို့ တကယ်ပဲ သူ့ကို သိုင်းလေ့ကျင့်ဖက် ဖြစ်စေချင်နေ ကြတာလား...သူတို့က သူ့ကို တခြားသူများနှင့် တန်းတူ လုပ်အားခလည်း ပေးဦးမည် ဖြစ်သည်။ ကမ္ဘာပေါ်တွင် ဤသို့ ကောင်းမွန်သော အရာ ရှိနေသေးသည်တဲ့လား...

သူ့နှင့် အလုပ်ကိစ္စ ဆွေးနွေးနေသော သူသည် သိုင်းခန်းမ၏ ကြီးကြပ်သူ မဟုတ်လျှင် ကျန်းရီသည် တစ်ဖက်မှ သူ့ကို အရူးလုပ်နေသည်ဟု ထင်ကာ လှည့်ပြန်သွားမည်မှာ သေချာသည်။ သူပဟေဠိ ဖြစ်စရာများ ကျန်နေသေးသည်သာ...သိုင်းခန်းမသည် နယ်မြေ တစ်ခုလုံးရှိ အဓိက အလုပ်ရုံကြီးများတွင် ထိပ်ဆုံးနေရာတွင် ရှိပေသည်။ ထို့ပြင် သိုင်းခန်းမသည် မည်သည့် မကောင်းသည့် အရေးမှန်သမျှနှင့် ပတ်သက်ခဲ့ဖူးခြင်း မရှိချေ။ သူသည် မထင်မရှား လူလေး တစ်ယောက်သာ ဖြစ်သည်။ အဘယ့်ကြောင့် သိုင်းခန်းမသည် သူ့ကို အရေးထား၍ သတိပြုမိ သွားခဲ့ပါသနည်း...

သူသည် အချိန်တော်တော်ကြာ တိတ်ဆိတ်နေခဲ့ပြီး နောက်ဆုံးတွင် ထပ်မံ မေးမြန်းလာခဲ့သည်...

“ကြီးကြပ်သူ...ကျွန်တော် အလုပ်လုပ်မယ် ဆိုရင်...ကျွန်တော့်ရဲ့ လွတ်လပ်မှုတွေ ဆုံးရှုံးသွားမှာလား...”

“ဘာလို့ ဒီလိုပြောတာလဲ...”

ကြီးကြပ်သူ ယန်သည် စိတ်မထိန်းနိုင် တော့ပဲ ရယ်မောကာ ရှင်းပြလာခဲ့သည်...

“အထီးကျန် ဝံပုလွေ...မင်းကို သိုင်းခန်းမက ငှားရမ်းထားတာပါ...မင်းက သိုင်းခန်းမရဲ့ လူမဟုတ်ဘူး...တစ်နည်း ပြောရရင် မင်းက ဒီမှာ အလုပ်လုပ်တယ်...အဲဒီအတွက် ငါတို့က လုပ်အားခ ပေးတယ်...တခြား ရွှေအဆင့် သိုင်းလေ့ကျင့်ဖက်တွေလည်း ဒီလိုပဲ...ဒီလောက်အများကြီး ရှုပ်ရှုပ် ထွေးထွေး မတွေးပါနဲ့...”

“အမှန်အတိုင်း ပြောရရင် ငါကမင်းရဲ့ တိုက်ပွဲအတွင်း စွမ်းဆောင်ရည်နဲ့ ပြန်ပြီး ရှောင်တိမ်းတဲ့ အမြန်နှုန်းတွေကို အရမ်းစိတ်ဝင်စား နေတာ...ငါက မင်းကို ထိပ်တန်း ရွှေအဆင့် သိုင်းလေ့ကျင့်ဖက် တစ်ယောက်ဖြစ်အောင် မင်းရဲ့ ကျင့်ကြံဆင့်ကို မြှင့်ပေးဖို့ အထောက်အပံ့တွေ ပေးဖို့ အဆင်သင့်ပဲ...ဒီလိုဆို မင်းကလည်း သိုင်းခန်းမကို ဝင်ငွေ အများကြီး ရှာပေးနိုင်မယ်...ဒါက ရှင်းရှင်းလေးပါပဲ...”

ကြီးကြပ်သူယန်သည် သူ၏ ရည်ရွယ်ချက်ကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော်လာသော အခါ ကျန်းရီသည်လည်း အနည်းငယ် တည်ငြိမ်သွားခဲ့သည်။ သူသည် သေသေချာချာ တွေးလိုက်ပြီး နောက်တွင် ပြန်ပြောလာခဲ့သည်...

“ကျွန်တော် ဒီမှာ ငါးနှစ် အလုပ်လုပ်ဖို့က ပြဿနာ မရှိပါဘူး...ဒါပေမဲ့ ကျွန်တော့်မှာ တောင်းဆိုစရာ နှစ်ခုရှိတယ်”

ကြီးကြပ်သူ ယန်သည် ဘာမှမဖြစ်သလို လက်ကို ယမ်းလိုက်ကာ ပြောလာခဲ့သည်...

“အရမ်းကြီး လွန်လွန်ကျူးကျူး မဟုတ်ဘူးဆိုရင် အကုန် ညှိနှိုင်းလို့ ရတယ်”

ကျန်းရီသည် ချက်ချင်းပင် ခေါင်းညိတ်လိုက်ကာ ပြောလာခဲ့သည်...

“ပထမအချက်...ကျွန်တော် သိုင်းခန်းမမှာ တစ်နေ့လုံး မနေနိုင်ပါဘူး...ဒါကြောင့် ဒီမှာ ရှိနေတဲ့ အချိန်တွေမှာ အကောင်းဆုံး ကြိုးစားပေးမယ်...ဒုတိယအချက် ကျွန်တော့်ရဲ့ လုပ်အားခအတွက် စရန် လိုချင်ပါတယ်”

ဖန်းယွီ ဆောင်ကြာမြိုင်နှင့် အကြွေးကိစ္စသည် ကျန်းရီကို အသက်ပင် ဖြောင့်ဖြောင့် မရှူရဲအောင် ဒုက္ခပေးနေလေသည်။ ယခု သိုင်းခန်းမသည် သူ့ကို အခွင့်အရေး ပေးလာမှတော့ သူသည် အကြွေးဆပ်ရန် ခရမ်းရောင် ရွှေတစ်ဆယ်တေးလ် ရဖို့သာ ပထမဆုံး တွေးမိလေသည်။

ထိုအချိန်တွင် ဆွံ့အသွားရသူမှာ ကြီးကြပ်သူယန် ဖြစ်သည်။ ခဏမျှ ရပ်နေပြီးနောက် သူသည် အလေးအနက် ပြန်ပြောလာခဲ့သည်...

“ပထမအချက်နဲ့ ပတ်သက်ပြီးတော့ ပြဿနာမရှိဘူး...မင်းက တစ်နေ့ကို သိုင်းလေ့ကျင့်ဖက် အနေနဲ့ လေးပွဲ ဆောင်ရွက် ပေးမယ်ဆိုရင် တစ်နေ့စာ လုပ်အားခရမယ်...လေးပွဲလုံးပြီးမှ ရမှာနော်...ဒုတိယအချက် အတွက်ကျတော့ မင်းက စရန်ဘယ်လောက် လိုချင်တာလဲ...”

ကျန်းရီ၏ စိတ်သည် တုန်လှုပ်သွားခဲ့ပြီး စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်...

“ခရမ်းရောင်ရွှေ တစ်ဆယ်တေးလ်”

ကြီးကြပ်သူ ယန်သည် ပြုံးလျှက် မတ်တတ်ရပ် လိုက်ပြီး ခေါင်းညိတ် တုံ့ပြန်လာခဲ့သည်...

“ကိစ္စမရှိဘူး...ဒါပေမဲ့ မင်းဒီမှာ ဆယ်ရက်တိတိ အလုပ်လုပ်ရမယ်...ပြီးရင် စရန်ကို ငါပေးလိုက်မယ်...တခြား မေးစရာရော ရှိသေးလား...မရှိတော့ရင် ငါတို့က အလုပ်အတူ တွဲလုပ်တဲ့ လုပ်ဖော်ကိုင်ဖက် ဆက်ဆံရေး ဖြစ်သွားပြီ”

ကျန်းရီသည် သံသယ အနည်းငယ် ရှိနေသေးသော်လည်း သူ့မျက်လုံးများ ကတော့ တောက်ပနေခဲ့သည်။

“ကျွန်တော့်မှာ တခြားမေးစရာ မရှိပါဘူး...သဘောတူညီမှု စာချုပ်ပဲ ဖြစ်ဖြစ်၊ တခြား တစ်ခုခုဖြစ်ဖြစ် မလိုဘူးလား”

“ဟား..ဟား”

ကြီးကြပ်သူ ယန်သည် ကျယ်လောင်စွာ ရယ်မောလိုက်ကာ ဂုဏ်ယူစွာဖြင့် ပြန်ဖြေလာခဲ့သည်...

“ဒါမျိုး မလိုပါဘူး..သိုင်းခန်းမက သဘောတူညီမှုကို စပြီး ဖောက်ဖျက်မှာ မဟုတ်သလို တခြား တစ်ဖက်ကစပြီး ဖောက်ဖျက်မှာ ကိုလည်း မကြောက်ဘူး...ဒါဆိုရင် အဆင်ပြေသွားပြီ...မင်းက ဒီဆေးပုလင်းကို အရင်ယူသွား...ခန်းမကြီးထဲမှာ စပြီး ကျင့်ကြံတော့...နောက်ရက်တွေ အတွင်း အရေးကြီးကိစ္စ မရှိဘဲ မင်းကို သိုင်းလေ့ကျင့်ဖက် အဖြစ် မလုပ်ခိုင်းသေးဘူး...အခုမင်းရဲ့ အဓိကတာဝန်က သဏ္ဌာန်သုံးဆင့်  အသွင်ပြောင်းခြင်း စတုတ္ထအဆင့်ကို မြန်နိုင်သမျှ မြန်မြန်ရောက်အောင် ကျင့်ကြံဖို့ပဲ...”

ကျန်းရီသည် ကြီးကြပ်သူယန် ပစ်ပေးလိုက်သော ကြွေပုလင်းကို လက်တစ်ဖက်နှင့် ဖမ်းယူလိုက်သည်။ ပုလင်းအဖုံးကို ဖွင့်ကြည့်လိုက်သော် ဝိညာဉ်အားဖြည့်ဆေး သုံးလုံး ရှိနေသည်ကို သူတွေ့လိုက်ရသည်။ သိုင်းခန်းမသည် တကယ့်ကို ချမ်းသာသော အဖွဲ့အစည်း ဖြစ်သည်ဟု သူတွေးနေခဲ့သည်။ သူသည် ချက်ချင်း ကြီးကြပ်သူယန်ကို အရိုအသေပေးကာ ကျေးဇူးတင်စကား ဆိုလိုက်သည်။ ထို့နောက်တွင် အခန်းတွင်ပြင်သို့ ထွက်လာခဲ့လိုက်သည်။ တံခါးဝသို့ ရောက်သော် သူသည် တစ်စုံတစ်ခုကို တွေးမိသွားပြီး ရပ်တန့်လိုက်ကာ ပြန်မေးလိုက်သည်...

“ကြီးကြပ်သူ...ငါးနှစ်မပြည့်ခင် ကျွန်တော် ထွက်ချင်လာရင် ဒါမှမဟုတ် ကျွန်တော် တစ်ခုခု ဖြစ်သွားလို့ ထွက်သွားရတော့မယ် ဆိုရင် ဘာဖြစ်မှာလဲ...”

ကြီးကြပ်သူ ယန်သည် ပြန်ဖြေ လာခဲ့သည်...

“ရှင်းရှင်းလေးပါ...ဒါကို သဘောတူညီမှု ဖောက်ဖျက်တယ်လို့ ယူဆလို့ရတယ်...စည်းမျဉ်းတွေ အရဆို မင်းက အဆတစ်ရာ ပြန်လျော်ပေး ရမယ်...ငါတွက်ကြည့် သလောက်တော့ မင်းက သိုင်းခန်းမကို ခရမ်းရောင်ရွှေ တစ်ထောင်တေးလ် အကြွေးတင် သွားမယ်...ပြီးတော့ မင်းသေသွားမယ် ဆိုရင်တော့...သဘောတူညီမှုက အလိုလို ပျက်ပြယ် သွားလိမ့်မယ်”

ကျန်းရီသည် အခန်းထဲမှ အမြန် ထွက်ခွာလာ လိုက်သည်။ သူသည် သူ့ဝိညာဉ်နှင့် ခန္ဓာကိုယ်ကို သိုင်းခန်းမသို့ ငါးနှစ် ရောင်းစားခဲ့သည့် အကြောင်းကို ပြန်တွေးနေခဲ့သည်။ သူသာ အလုပ်လုပ် မပေးနိုင်လျှင် သူသည် သိုင်းခန်းမ၏ အဆုံးမဲ့သော လိုက်လံ ဖမ်းဆီးမှုကို ခံရနိုင်ပေသည်။ နယ်မြေ၏ မြို့တိုင်းတွင် သိုင်းခန်းမခွဲများ ရှိသည်ကို တွေးမိသောအခါ ကျန်းရီသည် ကြောက်ရွံ့မှုကို ခံစားလိုက်ရသည်။

ခန်းမထဲသို့ ပြန်ရောက်သည်နှင့် ကျန်းရီသည် စတင် ကျင့်ကြံတော့သည်။ ဆယ်ရက်ကြာ၍ စရန်ရလာသော အခါ သူသည် ဖန်းယွီ ဆောင်ကြာမြိုင်သို့ သွားကာ အမိန့်ပေး တံဆိပ်ပြားကို ပြန်ရွေးရပေမည်။ ကျန်းရုလုံလား...ကျန်းရီသည် သူ့ကို စိတ်ထဲတွင် ထားမနေချေ။ သိုင်းခန်းမသည် ဆေးများ ထောက်ပံ့မှတော့ သူသည် အလွန်ယုံကြည်ချက် ရှိပေသည်။ ထို့ပြင် သူ၏ ကျင့်ကြံဆင့် သည်လည်း အချိန်တိုလေး အတွင်း တိုးတက်လာမည် ဖြစ်ပေသည်။ သဏ္ဌာန်သုံးဆင့်  အသွင်ပြောင်းခြင်း စတုတ္ထအဆင့်သို့ ရောက်သည်နှင့် သူသည် ကျန်းရုလုံကို ကြောက်နေစရာ မလိုတော့ချေ။

သိုင်းခန်းမတွင် ကျင့်ကြံရခြင်းသည် အမှန်ပင် နှစ်ဆ မြန်ဆန်လေသည်။ သူသည် သဏ္ဌာန်သုံးဆင့်  အသွင်ပြောင်းခြင်း ဒုတိယအဆင့် ရောက်ရှိသွားပြီ ဖြစ်သောကြောင့် ဆေး၏ အာနိသင်သည်လည်း နှစ်မိနစ်ခွဲထက် ပိုမို ကြာရှည်ခံလေသည်။ အပြာရောင် အတွင်းအားများသည် သူ၏ ဒန်တျန်းအနီးတွင် ရေတွင်းတစ်ခု ကဲ့သို့ ဖြစ်နေသည်ကို ကြည့်ရင်း သူသည် အလွန်ပျော်ရွှင် လာခဲ့သည်။

ကျန်းရီသည် နေ့လယ်စာပင် မစားတော့ပဲ...ကျင့်ကြံခြင်းတွင်သာ အာရုံစိုက်ထားခဲ့သည်။ နေ့လယ်ပိုင်းတွင် သခင်လေးများ၊ မမလေးများသည် လေ့ကျင့် တိုက်ခိုက်ရန် အတွက် သိုင်းလေ့ကျင့်ဖက် လာရှာကြသော်လည်း ကြီးကြပ်သူယန်သည် ကတိအတိုင်း သူ့ကို မခေါ်ခဲ့ချေ။

မှောင်စပြုလာပြီ ဖြစ်သောအခါ ကျန်းရီသည် ကျင့်ကြံခြင်းကို ရပ်တန့်လိုက်သည်။ စွမ်းအား ကျင့်ကြံခြင်းသည် နေ့လယ်ကပင် ပြီးဆုံးသွားခဲ့ခြင်း ဖြစ်ပြီး သူစုစည်းလိုက်သော အတွင်းအားသည် သူတစ်လ ထုတ်လုပ်နိုင်သော အတွင်းအားနှင့် တူညီနေသည်။ ထို့နောက်သူသည် သူ၏ ချိပ်ပိတ်သ င်္ကေတ၏ ရှေးဟောင်း အက္ခရာများကို ဖြည်းဖြည့်ချင်း ဖယ်ရှားနေခဲ့သည်။ သူ၏ ကျင့်ကြံနှုန်း သည်လည်း ပိုမို မြန်ဆန်လာခဲ့သည်။

ချမ်းသာပြီး အရည်အချင်း ရှိတဲ့သူတွေက အတွင်းအားကို ဒီလောက်မြန်မြန် လေ့ကျင့်နိုင်တာ အံ့သြစရာ မရှိတော့ပါဘူး ငါ့ကိုယ်ငါ သူတို့နဲ့ ယှဉ်လိုက်ရင် ဒေါသထွက်လာပြီး မနာလိုဖြစ်ရတယ်။

ကျန်းရီသည် သူ့ထက် သုံးနှစ်သာ ကြီးသော ကျန်းဟန်ရွှေသည် ကျင့်ကြံခြင်းကို မြန်မြန် ကျင့်နိုင်သည်ကို အံ့အားသင့်ခဲ့ရလေ့ ရှိသည်။ ယခု ကျန်းဟန်ရွှေသည် သဏ္ဌာန်သုံးဆင့်  အသွင်ပြောင်းခြင်း အဋ္ဌမအဆင့်ကို ရောက်နေခဲ့ပြီ ဖြစ်သသည်။ သူ့တွင် ဘာမှ မလုပ်နိုင်သော အချိန်တွင် ကျန်းဟန်ရွှေသည် သိုင်းခန်းမကို ဝင်နိုင်ခဲ့သည်။ ယခုတွင် ကျန်းရီ၌ အထောက်အပံ့ ပစ္စည်းများ ရှိလာပြီ ဖြစ်သည်။ သူ၏ ကျင့်ကြံနှုန်းသည် မည်သို့များ နှေးကွေးတော့မည်နည်း...

ကောင်းကင်တောင် မှောင်နေပြီ...အိမ်မပြန်ခင် ငါဒီမှာ နည်းနည်း နေချင်သေးတယ်...ငါနေရင်လည်း ရှောင်နူ စိတ်ပူနေဦးမယ်...

ကျန်းရီသည် ကျင့်ကြံခြင်းကို ရပ်ရန် ဆုံးဖြတ်လိုက်ကာ ပတ်ဝန်းကျင်ကို သိလိုစိတ်ဖြင့် စူးစမ်းလိုက်သည်။ သူသည် သခင်လေး၊ သခင်မလေးများ သိုင်းလေ့ကျင့်ခန်းများ အသီးသီးမှ ထွက်ခွာ လာကြသည်ကို တွေ့လိုက်ရသည်။ ရံဖန်ရံခါတွင် သိုင်းလေ့ကျင့်ဖက် အချို့သည် ပါးစပ်မှ သွေးများ စီးကျနေလျက် တွားသွားပြီး ထွက်လာကြသည်ကို တွေ့ရသည်။ သူတို့၏ လေ့ကျင့်ဖော် သခင်လေး၊ သခင်မလေးများသည်ကား အနောက်မှ အေးအေးလူလူပင် လျှောက်လာနေကြသည်။

ကျန်းရီသည် ခဏမျှ စူးစမ်းပြီးနောက် သူ့ပတ်ဝန်းကျင် အခြေအနေကို အနည်းနှင့် အများတော့ နားလည် လာလေသည်။ သိုင်းခန်းမတွင် သဏ္ဌာန်သုံးဆင့်  အသွင်ပြောင်းခြင်း ပဉ္စမ သို့မဟုတ် ဆဋ္ဌမအဆင့်တွင် ရှိသော ရွှေအဆင့် သိုင်းလေ့ကျင့်ဖက် သုံးယောက်သာ ရှိသည်။ ငွေအဆင့် သိုင်းလေ့ကျင့်ဖက် သည်ကား လေး၊ ငါးယောက်ခန့် ရှိပြီး သဏ္ဌာန်သုံးဆင့်  အသွင်ပြောင်းခြင်း တတိယ သို့မဟုတ် စတုတ္ထအဆင့်တွင် ရှိကြသည်။ ကျန်လူ ရှစ်ယောက်၊ ကိုးယောက်ခန့်သည်ကား ကြေးအဆင့်များသာ ဖြစ်ကြသည်။

လက်ရှိတွင် သိုင်းခန်းတွင် အထက်တန်းလွှာ သားသမီးများ အယောက်နှစ်ဆယ်၊ သုံးဆယ်ခန့် ရှိကြသည်။ ထိုအုပ်စု၏ တစ်ဝက်ကျော်သည် နေ့တိုင်းတွင် တစ်ခါ၊ နှစ်ခါတော့ လေ့ကျင့် တိုက်ခိုက်ကြသည်သာ။ ထို့ကြောင့် သိုင်းခန်းမတွင် သိုင်းလေ့ကျင့်ဖက် ပြတ်လပ်နေရခြင်း ဖြစ်ပေမည်။ ကျန်းရီ၏ အထင်သည်ကား သိုင်းခန်းမတွင် သိုင်းလေ့ကျင့်ဖက်များ ရှားပါးလွန်းခြင်း မဟုတ်ချေ။ သိုင်းလေ့ကျင့်ဖက် အများစုသည် ပြင်းပြင်းထန်ထန် အရိုက်ခံရပြီး ဒဏ်ရာများ ကုသရန် ထွက်သွားကြသည်ဟု သူခန့်မှန်းမိသည်။

ခဏမျှ စောင့်ဆိုင်းပြီးနောက် ကျန်းရီသည် အိမ်ပြန်တော့မည် ဖြစ်ကြောင်း ကြီးကြပ်သူကို နှုတ်ဆက် စကားပြောရန် ပြင်လိုက်သောအခါ အပြင်ဘက် စင်္ကြံလမ်းမှ ခြေသံများ ထွက်ပေါ်လာခဲ့သည်။ ကျန်းရီသည် တစ်ချက်အမြန် ကြည့်လိုက်ပြီးနောက် ပြန်ထိုင်ချလိုက်သည်။

သူနှင့် ရင်းနှီးသော လူများကို သူတွေ့ခဲ့လိုက်သည်...တစ်ယောက်တောင် မဟုတ်...နှစ်ယောက်ပင်။

လူလေးယောက်သည် စင်္ကြံလမ်းမှ လျှောက်လာနေခဲ့သည်။ သုံးယောက်သည် အမျိုးသားများဖြစ်ပြီး တစ်ယောက်သည် လှပသော မိန်းကလေးတစ်ယောက် ဖြစ်သည်။ အားလုံးသည် အဖိုးတန် အဝတ်အစားများကို ဝတ်ဆင်ထားကြသည်။ မိန်းကလေးမှာ မူကား အဝါရောင် ဝတ်ရုံရှည်ကို ဝတ်ဆင်ထားခဲ့ပြီး အဝါရောင် နှင်းဆီပွင့်လေး တစ်ခုနှယ်ပင်...သူမကား ကျီမိသားစု၏ သခင်မလေး...ကျီထင်ယွီပင်...သူမဘေးရှိ လူသုံးယောက်တွင် စိတ်တွင် စွဲနေလောက်သော သူသည်ကား ကျန်းဟန်ရွှေပင်...

“ဟား..ဟား...မိန်းကလေး ထင်ယွီ...မိန်းကလေးရဲ့ စွမ်းအားကတော့ တကယ့်ကို အဆင့်မြင့် ပါပေတယ်...မိန်းကလေးက သဏ္ဌာန်သုံးဆင့်  အသွင်ပြောင်းခြင်း အဋ္ဌမအဆင့်ကို ရောက်ပြီးပြီ ဆိုတော့ ဒီက ဘယ်သိုင်းလေ့ကျင့်ဖက်မှ မိန်းကလေးကို ယှဉ်နိုင်မှာ မဟုတ်ဘူး...ကျွန်တော်နဲ့ တစ်ပွဲလောက် စမ်းကြည့်ကြမလား...”

“ဟုတ်တယ်...ဒီနိမ့်ကျတဲ့ သိုင်းလေ့ကျင့်ဖက်တွေက မိန်းကလေးနဲ့ တိုက်ခိုက်ခွင့် ရတာတောင် ကံကောင်းလွန်း နေပြီ မဟုတ်လား...ကျွန်တော်..သခင်လေးမာက မကြာခင်ကမှ မြေကမ္ဘာအဆင့် သိုင်းပညာတစ်ခု တတ်မြောက်ထားတာ...မိန်းကလေးနဲ့သာ လေ့ကျင့်ခွင့်ရရင် ပြီးပြည့်စုံ သွားမှာပဲ”

သူရဲကောင်း လုပ်နေသော အမျိုးသား နှစ်ယောက်သည် ခန်းမတစ်ခုလုံး ကြားရလောက်သည် အထိ ရယ်မောနေရင်း ကျီထင်ယွီနောက်မှ လိုက်လာကြသည်။  တစ်ဖက်တွင် ကျန်းဟန်ရွှေ သည်ကား စကားတစ်ခွန်းမှ မဆိုချေ။ သို့သော် သူသည် ကျီထင်ယွီကိုသာ နစ်ဝင်သွားမတတ် ကြည့်နေခဲ့သည်။

သဏ္ဌာန်သုံးဆင့်  အသွင်ပြောင်းခြင်း အဋ္ဌမအဆင့်...ပုလဲမှုန်အစည်းအရုံး ဗိမာန်ကို ဦးဆောင်နေတဲ့ ကျီမိသားစု သခင်မလေး...ဒီလို သတိထားလောက်ရတဲ့ အလှလေး ကျန်းဟန်ရွှေနှင့် ထိုလူနှစ်ယောက်သည် သူမကို ယင်ကောင်လိုမျိုး လိုက်ကပ်နေသည်မှာ အံ့သြစရာ မဟုတ်တော့ပေ...

ကျန်းရီသည် တိတ်တဆိတ် တွေးနေခဲ့သည်...သူသာ သူမကို တစ်ချက်လောက် ခိုးကြည့်လိုက်လျှင် သူမမည်သို့ တုံ့ပြန်လေမည်နည်း...

ကျီထင်ယွီ၏ အကြည့်သည် အခန်းတွင်းရှိ သိုင်းလေ့ကျင့်ဖက် အုပ်စုထံ ဝေ့ဝဲရောက်ရှိ သွားပြီး ကျန်းရီ၏ မျက်ဝန်းများနှင့် မတော်တဆ ဆုံသွားလိမ့်မည်ဟု မည်သူ သိပါမည်နည်း...ကျန်းရီသည် အလျင်အမြန် ခေါင်းကိုငုံ့ကာ ကိုယ်ကို ကွယ်ထားလိုက်သည်။ သခင်မလေးကျီသည် ရုတ်တရက် ဖြူဖွေးသွယ်လျသော လက်ညှိုးလေးကို ဆန့်ထုတ်ကာ ကျန်းရီကို ညွှန်ပြလိုက်သည်။ သူမသည် ပါးစပ်ကို အသာအယာ ဟကာ စကားဆိုလာခဲ့သည်...

“အားလုံးပဲ...ဒီကောင်လေးက စိတ်ကောင်းရှိမယ့် ပုံပဲ...ကျွန်မ ကျီထင်ယွီက ရှင့်ရဲ့ ကြင်နာမှုကို ခံစားရပါတယ်...ကြီးကြပ်သူယန်...ကျွန်မကို ဝံပုလွေ မျက်နှာဖုံး ဝတ်ထားတဲ့လူနဲ့ တစ်ပွဲလောက် သိုင်းလေ့ကျင့်ဖို့ စီစဉ်ပေးပါ...”

***

All Chapters