← Chapters

ဆွေးနွေးခြင်း

Vol. 36 Ch. 501

ဆွေးနွေးခြင်း

Vol. 36 Ch. 501

တောင်ထွတ်အစည်းအဝေးတွင် ဆွေးနွေးခ့ဲသော အကြောင်းအရာများမှာ မူလသူတော်စင်တောင်ထွတ်တစ်ခုလုံးသို့ လျင်မြန်စွာပင် ပျ့ံနှ့ံသွားလေသည်။ ထိုအကြောင်းအရာများအား ကြားသိရသောအခါ စိန်းထိုက်ယွမ်နှင့် လုစုန့်တို့၏ တပည့်များ ပျော်ရွှင်ဝမ်းမြောက်သွားကြ၏။ စိန်းထိုက်ယွမ်နှင့် လုစုန့်တို့၏ တပည့်များမှာ လုဟုန်းတပည့်များ၏ အနိုင်ကျင့်နှိပ်စက်မှုများအား ကာလရှည်ကြာစွာ ခံစားခ့ဲကြရသည်။

ထို့ကြောင့် လုဟုန်း၏အုပ်စု မူလသူတော်စင်တောင်ထွတ်မှ ထွက်ခွာသွားရတော့မည့်သတင်းမှာ စိန်းထိုက်ယွမ်နှင့် လုစုန့်တို့၏ တပည့်များအား ပျော်ရွှင်စေ၏။

မူလသူတော်စင်တောင်ထွတ်၏ တပည့်ခေါင်းဆောင်နေရာအား ဇူယွမ်မှ ရရှိပြီးသည့် အချိန်မှစ၍ လုဟုန်း၏တပည့်များမှာ ယခင်ကက့ဲသို့ ဘဝင်မမြင့်ရဲကြတော့ချေ။ ထို့အပြင် လက်ရှိအချိန်၌ စိန်းထိုက်ယွမ်ထံတွင် တောင်ထွတ်ဆရာသခင်တံဆိပ်ပြားရှိနေပြီး အစားထိုးတောင်ထွတ်ဆရာသခင်နေရာအား ရရှိထားသောကြောင့် ပုံမှန်အကြီးအကဲများထက် အဆင့်အတန်းများစွာ သာလွန်သွားခဲ့ပြီပင် ဖြစ်သည်။

စိန်းထိုက်ယွမ်မှာ အစားထိုးတောင်ထွတ်ဆရာသခင်တစ်ဦး၏ လုပ်ပိုင်ခွင့်အား အသုံးချကာ လုဟုန်းတို့အား ဓားကပ်ဘေးတောင်ထွတ်ဆီသို့ ပြန်လည်ပို့ဆောင်နိုင်ရန် လုပ်ဆောင်ခ့ဲ၏။ ထို့ကြောင့် ယခုဆိုလျှင် မူလသူတော်စင်တောင်ထွတ်မှာ အဆိပ်အတောက်များမရှိပဲ အေးချမ်းနိုင်တော့မည်ပင် ဖြစ်သည်။

လုဟုန်းတို့၏အုပ်စုအား ဖယ်ထုတ်လိုက်ခြင်းကြောင့် မူလသူတော်စင်တောင်ထွတ်၏အင်အားမှာ လျော့ပါးသွားရသော်လည်း ကျန်ရှိနေသော တပည့်များမှာ ပိုမို၍ယုံကြည်ချက်ပြည့်ဝလာကြ၏။

..............

မူလသူတော်စင်တောင်ထွတ်၏ လသာဆောင်တစ်ခု၌

ဇူယွမ်၊ ဇူထိုက်၊ ကျန်းယန်နှင့် လုယန်းတို့မှာ ကျောက်စားပွဲတစ်ခုအား ဝိုင်းဖွဲ့ထိုင်နေကြသည်။

"မူလသူတော်စင်တောင်ထွတ်ရဲ့ တပည့်ခေါင်းဆောင်နေရာကို ဂျူနီယာညီတော်ဇူယွမ် ရသွားလိမ့်မယ်လို့ ဘယ်သူမှ ထင်ထားမှာမဟုတ်ဘူး။" ဇူထိုက်မှာ ဇူယွမ်အားကြည့်၍ စကားဆိုလိုက်၏။ ဇူထိုက်၏ မျက်ဝန်းများမှာ လေးစားအားကျသော အငွေ့အသက်များဖြင့် ပြည့်နှက်နေလေသည်။ ဇူယွမ်မှာ တပည့်ခေါင်းဆောင်နေရာအား မည်သည့်အကူအညီမျှမပါပဲ တစ်ဦးတည်းဖြင့် ရယူနိုင်ခ့ဲခြင်းပင် ဖြစ်၏။

ဇူထိုက်မှာ ခပ်ဖွဖွရယ်မောလိုက်ပြီးနောက် ကျန်းယန်အားကြည့်ကာ စနောက်လိုက်သည်။ "အရင်တုန်းက ဂျူနီယာညီတော်ကျန်းယန်က ဂျူနီယာညီတော်ဇူယွမ်ကို အမြင်မကြည်ခ့ဲဘူးလေ။"

ကျန်းယန်မှာ ရှက်ရွ့ံစွာဖြင့် ခြောက်ကပ်ကပ်ရယ်မောလိုက်၏။ ထို့နောက် ကျန်းယန်မှာ လက်ဖက်ရည်ခွက်အားမော့ကာ ပြောလိုက်သည်။ "အရင်တုန်းက ငါကအတ္တတွေကြောင့် ဂျူနီယာညီတော်ဇူယွမ်ရဲ့ အရည်အချင်းတွေကို မမြင်နိုင်ခ့ဲဘူး။ အဲ့ဒါကြောင့် ဒီလက်ဖက်ရည်တစ်ခွက်နဲ့ တောင်းပန်ပါရစေ။"

ကျန်းယန်မှာ စကားဆိုလိုက်ပြီးနောက် လက်ဖက်ရည်အား တစ်ကျိုက်တည်း မော့ချလိုက်၏။

ကျန်းယန်မှာ စိန်းထိုက်ယွမ်မှ ဇူယွမ်အား များစွာအလေးပေးဆက်ဆံခြင်းကြောင့် မျက်မုန်းကျိုးခ့ဲရခြင်း ဖြစ်သည်။ ကျန်းယန်မှာ ဇူယွမ်သည် ထိုမျှလောက် အလေးပေးဆက်ဆံခံရရန် ထိုက်တန်ခြင်းမရှိဟု ယူဆမိခ့ဲ၏။

သို့သော် ယခုအခါတွင် ကျန်းယန်မှာ စိန်းထိုက်ယွမ်၏ ဇူယွမ်အပေါ် အလေးထားဆက်ဆံရခြင်းများအား နားလည်သွားရပြီပင် ဖြစ်သည်။ ထို့ကြောင့် ကျန်းယန်မှာ အမှန်တရားအား လက်သင့်ခံ၍ ဇူယွမ်အား တောင်းပန်စကားဆိုလိုက်ခြင်း ဖြစ်၏။

ဇူယွမ်မှာလည်း ကျန်းယန်၏စကားအား လက်ခံလိုက်ကာ လက်ဖက်ရည်အား တစ်ကျိုက်တည်း မော့ချလိုက်သည်။

လုယန်းမှာလည်း ကျန်းယန်နှင့် ဇူယွမ်တို့အားကြည့်၍ ယခင်က သူမ၏လုပ်ရပ်များအား ရှက်ရွ့ံသလို ခံစားနေမိ၏။ လုယန်းမှာ လေးစားအားကျသော မျက်ဝန်းများဖြင့် ဇူယွမ်အား ငေးမောကြည့်ရှုနေမိသည်။

"မူလသူတော်စင်တောင်ထွတ်ရဲ့ ချိပ်စည်းက ပြယ်သွားပြီးဆိုတော့ အခုချိန်ကစပြီး ကျွန်တော်တို့အားလုံး အရင်ကထက် ကြိုးစားကြရအောင်။ အရင်တုန်းက ကိစ္စတွေကို စိတ်ထဲထားမနေပါနဲ့တော့။" ဇူယွမ်မှ ပြုံးကာပြောလိုက်၏။

"ဒီနေ့ အကိုတော်တို့ကို ခေါ်လိုက်ရတဲ့ အကြောင်းအရင်းကတော့ မူလရေကန်ဖွင့်လှစ်တဲ့ အခမ်းအနားအတွက် ဆွေးနွေးကြဖို့ပဲ။ ကျွန်တော်က ကလန်ကိုရောက်တာ တစ်နှစ်လောက်ပဲရှိသေးတာဆိုတော့ အဲ့အခမ်းအနားနဲ့ပက်သတ်ပြီး အတွေ့အကြုံ မရှိသေးဘူး။ အဲ့ဒါကြောင့် ကျွန်တော့်ကို ကူညီပေးကြပါဦး။" ဇူယွမ်မှာ အဓိကအကြောင်းအရာအား တိုက်ရိုက်ပြောဆိုလိုက်သည်။

မူလရေကန်ဖွင့်လှစ်ခြင်း အခမ်းအနားအကြောင်း ကြားလိုက်ရသည်နှင့်တကွ ဇူထိုက်တို့သုံးဦး၏ အမူအရာမှာ ေလးနက်သွားရ၏။

ဇူထိုက်မှ ဖြည်းညင်းစွာ စကားဆိုလိုက်သည်။ "ဆရာစိန်းက လုဟုန်းတို့အုပ်စုကို မူလသူတော်စင်တောင်ထွတ်ကနေ နှင်ထုတ်လိုက်တာ ကောင်းတယ်ဆိုပေမယ့် မူလရေကန်ဖွင့်လှစ်တဲ့ အခမ်းအနားအတွက်တော့ တော်တော်လေး အင်အားလျော့နည်းသွားတယ်။"

"တပည့်ခေါင်းဆောင်ဇူယွမ်လည်း မူလရေကန်ဖွင့်လှစ်တဲ့ အခမ်းအနားအကြောင်း နည်းနည်းပါးပါးတော့ လေ့လာပြီးပြီမလား။" လုယန်းမှ ဇူယွမ်အားကြည့်ကာ ပြောလိုက်၏။

ဇူယွမ်မှ ခေါင်းညိတ်ပြလိုက်သည်။

"နှစ်စဥ်နှစ်တိုင်း မူလရေကန်ဖွင့်လှစ်တဲ့ အခမ်းအနားကြရင် ကလန်က ရေကန်အတွင်းမှာရှိတဲ့ ချီစွမ်းအင်တွေကို တိုးမြှင့်စေဖို့အတွက် မူလနဂါးသွေးကြောကို နိုးထစေလေ့ရှိတယ်။ အဲ့ဒါကြောင့် ရေနေသားရဲကြီးတွေက ပိုပြီးသန်မာလာကြတဲ့အတွက် မူလရေကန်ဖွင့်လှစ်တဲ့ အခမ်းအနားအချိန်က အရမ်းအန္တရာယ်များတယ်။"

"အဲ့လိုမျိုး ရေနေသားရဲတွေ ပိုပြီးသန်မာလာကြတဲ့အတွက် တောင်ထွတ်တိုင်းက တပည့်တွေက အရမ်းသတိထားကြရတယ်။ အမှားလေးတစ်ခုတောင် ဖြစ်စေလို့မရဘူး။"

လုယန်းမှ ဖြည်းညင်းစွာ စကားဆိုလိုက်၏။ "တကယ်လို့သာ စောစောစီးစီး အခမ်းအနားကနေ ထွက်သွားရရင် ကျန်တဲ့သူတွေက မူလနဂါးခြင်ဆီကို နည်းနည်းလောက်ပဲ စုဆောင်းနိုင်ကြတော့မှာ။ မူလရေကန်ထဲ ဝင်ရောက်ဖို့က ငါတို့အတွက်တော့ ဘာမှမဟုတ်ဘူး။ ဒါပေမယ့် ခရမ်းရောင်ခါးစည်းအဆင့်ထက်နိမ့်တဲ့ တပည့်တွေအတွက်ကတော့ တစ်နှစ်မှတစ်ခါပဲ အခွင့်အရေးရှိကြတာ။"

"ငါတို့သာ ကောင်းကောင်းမွန်မွန် မလုပ်ခ့ဲရင် သူတို့တွေအတွက် ဆုံးရှုံးမှုကြီးကြီးမားမားကို ဖြစ်စေလိမ့်မယ်။"

"အဲ့ဒါကြောင့် နင်လည်း ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ သေချာစီစဥ်သင့်တယ်။ မူလသူတော်စင်တောင်ထွတ်ရဲ့ တပည့်ခေါင်းဆောင်အသစ်တစ်ယောက်အနေနဲ့ တခြားတောင်ထွတ်တွေကို ဂရုစိုက်နေစရာမလိုဘူး။ ဒါပေမယ်​့ ငါတို့သေချာမကြိုးစားခ့ဲရင် ထိခိုက်ရမှာက ခရမ်းရောင်ခါးစည်းအဆင့်ထက်နိမ့်တဲ့ တပည့်လေးတွေပဲဆိုတာတော့ သေချာသိထားရမယ်။"

ကျန်းယန်မှာ ထောက်ခံသည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်ပြီးနောက် သက်ပြင်းချကာ ပြောလိုက်သည်။ "ဂျူနီယာညီတော်ဇူယွမ် ဒီတာဝန်က ပေါ့သေးသေးမဟုတ်ဘူးနော်။"

ဇူယွမ်မှာ လေးနက်စွာဖြင့် ခေါင်းညိတ်ပြလိုက်၏။ မူလသူတော်စင်တောင်ထွတ်မှ တပည့်များစွာမှာ မူလရေကန်ဖွင့်လှစ်ခြင်း အခမ်းအနားအား မျှော်လင့်စောင့်စားနေကြကြောင်း ဇူယွမ်မှ ကောင်းစွာသိရှိနားလည်ထားသည်။

"ကျွန်တော်တို့ အကောင်းဆုံး ကြိုးစားကြတာပေါ့။ မူလရေကန်ရဲ့ စွမ်းအင်တွေတိုးလာတဲ့အတွက် အဲ့အခမ်းအနားမှာ နဂါးကိုးကောင်ကောင်းချီးတောင် ပေါ်လာနိုင်တယ်။"

"မူလရေကန်ဖွင့်လှစ်တဲ့ အခမ်းအနားတိုင်းကို ရွေးချယ်ခံတွေ ဘာလို့လာကြလဲနင်သိလား။ နဂါးကိုးကောင်ကောင်းချီးက မူလရေကန်ဖွင့်လှစ်တဲ့ အခမ်းအနားမှာပဲ ပေါ်လာနိုင်လို့ပဲ။" လုယန်းမှ ဝင်ရောက်ပြောဆိုလိုက်၏။

သို့သော် နဂါးကိုးကောင်ကောင်းချီး ရရှိနိုင်မှာ လွန်စွာခက်ခဲလွန်းလှပြီး ချူချင်းသည်ပင် ယခုအချိန်ထိ မရရှိနိုင်သေးချေ။

"တကယ်ကို နဂါးကိုးကောင်ကောင်းချီး ပေါ်လာနိုင်တယ်ပေါ့။" ဇူယွမ်၏မျက်ဝန်းများမှာ လိုချင်ရမ္မက်များဖြင့် တောက်လောင်သွားရသည်။ ဇူယွမ်မှာ နဂါးရှစ်ကောင်ကောင်းချီးအား ခံစားခ့ဲရဖူးပြီပင် ဖြစ်၏။ ထို့ကြောင့် နဂါးကိုးကောင်ကောင်းချီးအား လွန်စွာမှ စိတ်ဝင်စားနေမိသည်။ နဂါးကိုးကောင်ကောင်းချီးအား ရရှိခ့ဲပါက ဇူယွမ်၏ ချီစွမ်းအင်အခြေခံအုတ်မြစ်များ ပိုမို၍ကောင်းမွန်လာပြီပင် ဖြစ်၏။

သို့သော် ဇူယွမ်မှာ ထိုအတွေးများအား လျင်မြန်စွာ ဖယ်ရှားပစ်လိုက်သည်။ ဇူယွမ်မှာ မူလရေကန်ဖွင့်လှစ်ခြင်း အခမ်းအနားကိုပင် အတွေ့အကြုံမရှိသေးသောကြောင့် နဂါးကိုးကောင်ကောင်းချီးအား စဥ်းစားနေရန် မသင့်တော်ပေ။ ထို့အပြင် မူလသူတော်စင်တောင်ထွတ်၏ အခြေအနေမှာ အခြားသောတောင်ထွတ်များနှင့် နှိုင်းယှဥ်ကြည့်လျှင် များစွာနိမ့်ပါးနေသော အခြေအနေတွင်သာ ရှိနေ၏။

ဇူယွမ်မှာ အချိန်အနည်းငယ်မျှ တိတ်ဆိတ်ငြိမ်သက်နေပြီးနောက် ဖြည်းညင်းစွာ မေးမြန်းလိုက်သည်။ "အရင်နှစ်တွေတုန်းကရော မူလရေကန်ဖွင့်လှစ်တဲ့ အခမ်းအနားမှာ မူလသူတော်စင်တောင်ထွတ်က ဘယ်လိုအခြေအနေရှိခ့ဲလဲ။"

ဇူထိုက်တို့သုံးဦးမှာ တစ်ဦးကိုတစ်ဦး အကြည့်ချင်းဖလှယ်ကာ ရှက်ရွ့ံစွာဖြင့် ဖြေကြားလိုက်ကြ၏။ "

ပုံမှန်ဆိုရင်တော့ ငါတို့တောင်ထွတ်က အနိမ့်ဆုံးအဆင့်ပဲရကြတယ်။ လူတိုင်းက တစ်ယောက်ကို နဂါးနှစ်ကောင်ကောင်းချီးလောက်ပဲ ရကြတယ်။ ငါတို့ရဖူးတဲ့ အကောင်းဆုံးအခြေအနေက နဂါးသုံးကောင်ကောင်းချီးပဲ။"

မူလရေကန်ဖွင့်လှစ်ခြင်း အခမ်းအနား၌ တောင်ထွတ်များ၏ လုပ်ဆောင်ချက်များအား အနိမ့်ဆုံးအဆင့်၊ အလယ်အလတ်အဆင့်နှင့် အမြင့်ဆုံးအဆင့်ဟု ခွဲခြားသတ်မှတ်ထားသည်။ မူလသူတော်စင်တောင်ထွတ်မှာ အနိမ့်ဆုံးအဆင့်ကိုသာ ရရှိလေ့ရှိပြီး နဂါးနှစ်ကောင်ကောင်းချီးမျှသာ ရရှိကြလေ့ ရှိ၏။

"ပြီးတော့ ငါတို့မူလသူတော်စင်တောင်ထွတ်က ဓားကပ်ဘေးတောင်ထွတ်ရဲ့ အကူအညီကိုလည်း ယူရလေ့ရှိတယ်။ အဲ့ဒါကြောင့် ကာကွယ်ကြေးအနေနဲ့ နှစ်တိုင်း ငါတို့ရလာတဲ့ နဂါးခြင်ဆီ နှစ်ဆယ်ရာခိုင်နှုန်းကို ဓားကပ်ဘေးတောင်ထွတ်ကို ပေးရတယ်။" ဇူထိုက်မှ ခါးသက်စွာ ရယ်မောလိုက်သည်။ "ဒီနှစ်တော့ ဓားကပ်ဘေးတောင်ထွတ်က ငါတို့ကို အကူအညီ မပေးလောက်တော့ဘူး ထင်ပါတယ်။"

မူလသူတော်စင်တောင်ထွတ်၏ တပည့်ခေါင်းဆောင်နေရာအား ဇူယွမ်မှ ရရှိခ့ဲခြင်းကြောင့် ဓားကပ်ဘေးတောင်ထွတ်မှာ ဆုံးရှုံးမှုများစွာ ဖြစ်ပေါ်ခဲ့ရ၏။ ထို့ကြောင့် မူလရေကန်ဖွင့်လှစ်ခြင်း အခမ်းအနားအတွင်း ဓားကပ်ဘေးတောင်ထွတ်မှ မူလသူတော်စင်တောင်ထွတ်အား အကူအညီပေးလိုစိတ်ရှိမည် မဟုတ်ချေ။

လုယန်းမှာ ဇူယွမ်အားကြည့်၍ ရယ်မောကာ စကားဆိုလိုက်သည်။ "နင်က နှင်းပဒုမ္မာတောင်ထွတ်က စီနီယာအမတော်လီချင်းချန်နဲ့ ရင်းနှီးတယ်လို့ ငါကြားဖူးတယ်။ အဲ့ဒါကြောင့် နှင်းပဒုမ္မာတောင်ထွတ်ကို ဒီတစ်ခါ မူလရေကန်ဖွင့်လှစ်တဲ့ အခမ်းအနားကြရင် ငါတို့မူလသူတော်စင်တောင်ထွတ်ကို ကာကွယ်ပေးဖို့ သွားပြီးညှိနှိုင်းကြည့်ပါလား။ နင်ကလည်း ချောတာပဲဟာ။ သူတို့က ဆယ်ရာခိုင်နှုန်းလောက်နဲ့တောင် ငါတို့ကို ကာကွယ်ပေးဖို့ သဘောတူလောက်တယ်။"

လုယန်း၏စကားကြောင့် ဇူယွမ်၏ နှုတ်ခမ်းအစုံမှာ ရှုံ့မဲ့သွားရ၏။

"ဟဟ....မူလသူတော်စင်တောင်ထွတ်မှာ လူများများစားစား မရှိပေမယ့် မင်းတို့ကတော့ တော်တော်အလုပ်ရှုပ်နေကြတဲ့ပုံပဲ။"

ဇူယွမ်တို့လေးဦး စကားစမြည် ပြောဆိုဆွေးနွေးနေစဥ်မှာပင် လှောင်ရယ်သံတစ်ခုအား ကြားလိုက်ကြရသည်။ ဇူယွမ်တို့မှ လှည့်ကြည့်လိုက်သောအခါတွင် လသာဆောင်ဆီသို့ လျှောက်လှမ်းလာနေသော ပုံရိပ်တစ်ခုအား တွေ့ရှိလိုက်ရ၏။

ဇူထိုက်မှာ ထိုပုံရိပ်အား မြင်တွေ့လိုက်ရပြီးနောက် အ့ံအားသင့်စွာဖြင်​့ ရေရွတ်လိုက်သည်။ "ပိုင်လီချွီးလား။"

ဇူယွမ်တို့ထံသို့ ရောက်ရှိလာသူမှာ ဓားကပ်ဘေးတောင်ထွတ်၏ တပည့်ခေါင်းဆောင်ဖြစ်သူ ပိုင်လီချွီးပင် ဖြစ်၏။

ပိုင်လီချွီးမှာ မည်သူ့ကိုမှ အလေးမထားဟန်ဖြင့် ကျောက်သားထိုင်ခုံပေါ်တွင် ထိုင်ချလိုက်ပြီးနောက် လက်ဖက်ရည်တစ်ခွက်အား ငှဲ့လိုက်သည်။ ပိုင်လီချွီး၏ ရိုင်းပြသော အပြုအမူကြောင့် ဇူထိုက်တို့သုံးဦးလုံးမှာ အမျက်ဒေါသများ ထွက်လာရ၏။

လုယန်းမှ အေးစက်စွာ စကားဆိုလိုက်သည်။ "ဒီနေရာက မူလသူတော်စင်တောင်ထွတ်နော်။ ဓားကပ်ဘေးတောင်ထွတ်က တပည့်က ဒီကိုဘာလာလုပ်တာလဲ။"

ပိုင်လီချွီးမှာ လုယန်းအား အလေးပင်မထားပဲ လက်ဖက်ရည်ကိုသာ မော့ချလိုက်၏။ ထို့နောက် တည်ငြိမ်စွာပင် ထိုင်နေသော ဇူယွမ်အားကြည့်ကာ မထီမဲ့မြင်ပြုစွာ ပြုံး၍ပြောလိုက်သည်။

"ငါက မင်းတို့ရဲ့ ကံကြမ္မာတွေကို ကယ်တင်ပေးဖို့ လာခ့ဲတာ။"

All Chapters