← Chapters

ရှင်က အဂ္ဂိရတ်ပညာရှင် ဖြစ်ဖို့ သင့်တော်တယ်

Vol. 1 Ch. 22

ရှင်က အဂ္ဂိရတ်ပညာရှင် ဖြစ်ဖို့ သင့်တော်တယ်

Vol. 1 Ch. 22

“ကျွန်တော်လား...”

ကျန်းရီသည် သူမကို ကြောင်တောင်တောင်နှင့် ပြန်ကြည့်နေလိုက်သည်။ ပုလဲမှုန် အစည်းအရုံး ဗိမာန်ကို သူရောက်ခဲ့သောနေ့က သခင်မလေးကျီသည် သူ့မျက်နှာကို မမြင်လိုက်သည်မှာ သေချာသည်။ သူမသည် သူ့ကို အကြည့်တစ်ချက်မျှနှင့် မည်သို့ မှတ်မိ သွားရပါသနည်း...

အမျိုးသား သုံးယောက်သည် ကြေးရောင်မျက်နှာဖုံး ဝတ်ဆင်ထားသော ကျန်းရီကို ကြောင်အစွာ စိုက်ကြည့် နေစဉ်တွင် ကြီးကြပ်သူ ယန်သည်လည်း ကျီထင်ယွီကို ကြောင်တောင်တောင်နှင့် ကြည့်နေခဲ့သည်။ သဏ္ဌာန်သုံးဆင့်  အသွင်ပြောင်းခြင်း အဋ္ဌမအဆင့်ကို ရောက်နေပြီဖြစ်သော သခင်မလေးကျီသည် ကြေးအဆင့် သိုင်းလေ့ကျင့်ဖက်လေးကို တိုက်ခိုက်ရန် ဘယ်လိုများ ရွေးချယ် လိုက်ပါသနည်း...သူမ၏ လက်ချောင်း တစ်ခုဖြင့်ပင် သူသေသွားရန် လုံလောက်နေပြီ မဟုတ်ပါလား...

အမျိုးသားလေး သုံးယောက်သည် အလျင်အမြန် အသိဝင် လာကြသည်။ သူတို့အားလုံး ထင်လိုက်သည် မှာကား ကျီထင်ယွီသည် သူတို့ကို ရှောင်ရန်နှင့် မည်သည့် စကားမှ ထပ်မဆို လာစေရန် ဖြစ်သည်ဟု...သို့သော်လည်း သူတို့သည် မူလ အနေအထားဖြင့်သာ ရှက်ရွံ့စွာ ရပ်နေကြသည်။

သိုင်းခန်းမသည် အုပ်ချုပ်ရေးနှင့် သက်ဆိုင်ခြင်း မရှိသော်ငြား ကျီမိသားစုသည် မြို့အရှင်များ ဖြစ်ကြရာ ကြီးကြပ်သူ ယန်သည် ကျီထင်ယွီနှင့် အတိုက်အခံ မပြုရဲပေ။ ကျန်းရီသည် မချိပြုံး ပြုံးလိုက်ပြီး ကျီထင်ယွီ၏ အနောက်သို့ လိုက်လာခဲ့လိုက်သည်။

“ဘန်း”

တံခါးသည် ပိတ်သွားခဲ့သည်။ အမျိုးသား သုံးယောက်သည်ကား လှည့်ကြည့်လှည့်ကြည့် လုပ်ကာ ထွက်ခွာ သွားကြသည်။ သခင်မလေးကျီသည် လွန်ခဲ့သည့် နှစ်အနည်းကြာတည်းက ထိုသုံးယောက်၏ ချဉ်းကပ် ပိုးပန်းမှုကို ဘယ်တော့မှ လက်မခံခဲ့ချေ။ ဤအခြေအနေသည် သူတို့အတွက် ရင်းနှီးနေပြီ ဖြစ်သည်။ ထို့ကြောင့် သူတို့သည် သူမ၏ အရေးကိစ္စများတွင် ဝင်မစွက်ဖက်ရဲကြပေ။

သိုင်းပညာ လေ့ကျင့်ခန်းထဲတွင် ကျန်းရီသည် တစ်ဖက်ရှိ ဆွဲဆောင်မှုရှိရှိ လှပနေသော ကျီမိသားစုမှ မိန်းမပျိုလေးကို ရှက်ကိုးရှက်ကန်းဖြင့် ခိုးကြည့်နေလေသည်။ သူသည် သူမကို တည့်တည့် မကြည့်ရဲကြောင်း သူ၏တိတ်တခိုး အကြည့်များက သက်သေပင်။ ကျေးဇူးတင်ရမည်ကား သူသည် မျက်နှာဖုံးတစ်ခု ဝတ်ဆင် ထားသည်ကိုသာ...ထို့ကြောင့် ကျီထင်ယွီသည် သူ၏ ရှက်ရွံ့ကာ နီရဲနေသော မျက်နှာကို မမြင်ရခြင်း ဖြစ်သည်။

ကျီထင်ယွီသည်လည်း ကျန်းရီကို ပြုံးယောင်ယောင်နှင့် စိုက်ကြည့်နေခဲ့သည်။ သူမသည် သိလိုစိတ်များကို ထိန်းမရသည့် အဆုံးတွင် ပါးစပ်ဖွင့်ကာ စကားဆို လာခဲ့သည်...

“သခင်လေးယိ...မတွေ့တာကြာပြီ”

“တကယ်တော့...”.

ကျန်းရီသည် ခါးသီးမှုများနှင့် ပြုံးလိုက်သည်။ ထိုနေ့က သူသည် ပုလဲမှုန်အစည်းအရုံး ဗိမာန်တွင် ယိကျန့်ဟူသော အမည်ဝှက်ကို သုံးခဲ့သည်။ လွယ်လွယ်ကူကူနှင့် မြန်မြန်မှတ်မိ ခံရသော်လည်း ကျန်းရီသည် တစ်ခါမှ မခံစားရဖူးသော နာကျင်မှုကို ခံစားလိုက်ရသည်။ သို့သော် ကျန်းရီသည် ကျီထင်ယွီကို ကြည့်လိုက်ကာ တည်တည်ငြိမ်ငြိမ်ပင် မေးလိုက်သည်...

“သခင်မလေး ကျီ...ကျွန်တော့်ကို ဘယ်လို မှတ်မိတာလဲ...အဲဒီနေ့က ကျွန်တော့်ကို မမြင်လိုက်ဘူး...ဟုတ်တယ်မလား”

“ကျွန်မက ရိုးရိုးလေးပဲ ခန့်မှန်းလိုက်တာပါ”

ကျီထင်ယွီသည် အသာအယာ ရယ်မောရင်း ရှင်းပြလာခဲ့သည်...

“ကျွန်မက အခန်း အပြင်မှာတုန်းက ရှင်ကျွန်မကို ကြည့်လိုက်ပြီး ပုန်းဖို့ ကြိုးစားထဲက တစ်ခုခုလို့ သိလိုက်တယ်...အခန်းထဲကို ဝင်လာပြီးတော့ ရှင့်ပုံစံကို မြင်လိုက်တော့ သိသိသာသာ ရင်းနှီးနေတယ်လို့ ခံစားလိုက်ရတယ်...နောက်ဆုံးတော့ ကျွန်မ ဖိနပ်ကို တစ်ချက် ကြည့်လိုက်တယ်”

ကျန်းရီသည် ခေါင်းကို ငုံ့ကြည့်လိုက်ပြီး သူဝတ်ထားသော စုတ်ပြတ်နေသည့် ဖိနပ်စုတ်လေးကို ကြည့်ကာ နာကြည်းစွာ ရယ်မောလိုက်သည်။ ဒီဖိနပ်တစ်ရံသည် သူ့ကို ရှောင်နူက ချုပ်ပေးထားခဲ့ခြင်း ဖြစ်သည်။ သူသည် လွန်ခဲ့သည့် နှစ်ဝက်အတွင်း ဖိနပ်အသစ် မလဲနိုင်သောကြောင့် ဖိနပ်ပေါ်တွင် အလွယ်တကူ မျက်မှန်း တန်းမိနိုင်သော အဖာရာလေး သုံးခုတောင် ရှိနေခဲ့သည်။

တစ်ခဏမျှ တွေဝေ ငေးမောနေပြီးနောက် ကျန်းရီသည် သူ့ကိုယ်သူ လှောင်ကာ ပြောလာခဲ့သည်...

“သခင်မလေးကျီ...မင်းငါ့ကို သခင်လေးလို့ မခေါ်သင့်ဘူး ထင်တယ်...ဘာလို့ မင်းငါ့ကို ယိကျန့်လို့ မခေါ်တာလဲ...ဘယ်သခင်လေးက ဖိနပ်အစုတ်တွေ စီးထားတာကို မင်းမြင်ဖူးလို့လဲ...”

“ရှင်မှားတယ်...ယိကျန့်”

ကျီထင်ယွီသည် ခေါင်းကို ခါယမ်းကာ ပြောလာခဲ့သည်...

“ဘယ်သူက မွေးလာတည်းက ကြီးကျယ် မြင့်မြတ်တဲ့လူ ဖြစ်လာလို့လဲ...တစ်ယောက်ယောက်ကို သူ့ရဲ့မိသားစု နောက်ခံနဲ့ ဆုံးဖြတ်လို့ မရဘူး...ဒါပေမဲ့ ကျွန်မတို့က ကိုယ့်ကံကြမ္မာကိုယ် ထိန်းချုပ်လို့ ရတယ်...ကျွန်မ ရှင့်ကို 'သခင်လေး' လို့ခေါ်တာက ရှင့်နောက်ခံကြောင့် မဟုတ်ဘူး...လေးစားသမှုနဲ့ ခေါ်တာ...ကောင်းကင်တောင်ပံ မြို့မှာ ချောမော ခန့်ညားပြီး အရည်အချင်းရှိတဲ့ လူငယ်တွေ မရေမတွက်နိုင်အောင် ရှိတယ်...ဒါပေမဲ့ ကျွန်မ သူတို့ထဲက အများစုနဲ့ စကားပြောဖို့ စိတ်မပါဘူး...ရှင်ကျွန်မ ဆိုလိုတာကို နားလည်လား...”

“မင်းရဲ့ လမ်းညွှန်မှု အတွက် ကျေးဇူးတင်ပါတယ်”

ကျန်းရီ၏ မျက်ဝန်းများသည် တောက်ပလာခဲ့သည်။ သူသည် လက်နှစ်ဖက် ယှက်ကာ အပြုံးတစ်ခုနှင့် ပြောလိုက်သည်...

“အနာဂတ်မှာ...ကျွန်တော် အောင်မြင်လာတဲ့ အခါကျ သခင်မလေးရဲ့ သင်ကြားပေးမှုကို မမေ့ပါဘူး..”

ကျန်းရီ၏ မျက်လုံးများ တောက်ပ လာသည်ကို တွေ့သောအခါ ကျီထင်ယွီသည် ပြောစရာစကားများ ပျောက်ရှ သွားရသည်။ သူမသည် သူ့ကို ရိုးရှင်းသော နှစ်သိမ့်စကား အချို့ ပြောချင်သော်လည်း ကျန်းရီ ရှက်သွားမည်ကို စိုးရသေးသည်။ သို့သော် သူမ မမျှော်လင့်သည်ကား ကျန်းရီသည် သဘောပေါက်သွားကာ ချက်ချင်းပင် အခြား လူတစ်ယောက် အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ သူ့ကိုယ်မှ ထုတ်လွှတ်နေသော ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိခြင်းနှင့် ခမ်းနားသော အရှိန်အဝါတို့သည် သူမကို ရင်းနှီးသည့် ခံစားချက်ကို ပေးလေသည်။ သူသည် ကောင်းကင်တောင်ပံ မြို့စား ဟူသော ဘွဲ့ကို ရရှိခဲ့သော အချိန်က သူမ၏ အဖေကဲ့သို့ပင်...

ကျီထင်ယွီသည် သူမ၏ လှပသော ဇာမဏီ မျက်လုံးများနှင့် သူ့ကို အကြည့်မလွှဲဘဲ စိုက်ကြည့် နေသည်ကို မြင်လျှင် ကျန်းရီသည် ထပ်မံ၍ ရှက်ကိုးရှက်ကန်း ဖြစ်လာရပြန်သည်။ သူသည် အလျင်အမြန် စကားဆိုလိုက်ရသည်...

“သခင်မလေးကျီ...ကျွန်တော့်ကို သိုင်းလေ့ကျင့်ဖို့ ခေါ်လာတာ ဆိုတော့ ကျွန်တော်တို့ တစ်ပွဲလောက် လေ့ကျင့် ကြည့်မယ်ဆို ဘယ်လိုလဲ...ကျွန်တော့်ကို ညှာတာမယ်လို့ ထင်ပါတယ်...”

“တစ်ပွဲလောက် လေ့ကျင့်မယ်”

ကျီထင်ယွီသည် ပြောစရာစကားတို့ ထပ်မံ ပျောက်ဆုံး သွားရပြန်သည်။ စွမ်းအားနိမ့်သော ကျန်းရီသည် သူမနှင့် တိုက်ခိုက်ရန် တကယ်ကို အဆင်သင့် ဖြစ်နေလေသည်။ သူတို့ရဲ့ အတွင်းအားတွေ မသုံးရဘူး ဆိုရင်တောင် ကွာခြားချက်က များလွန်း မနေဘူးလား...ကျန်းရီကို တိုက်ခိုက်ခိုင်းကာ သူမ ရပ်နေသည်ကမှ ပို၍ မဖြစ်နိုင်ပေဘူးလား...ဒီလိုနည်းနဲ့လည်း သူက သူမရဲ့ သိုင်းလေ့ကျင့်ဖက် ဖြစ်သေးတယ်မလား...

သို့သော်လည်း ကျန်းရီ ကိုယ်တိုင် ကမ်းလှမ်းလာမှတော့ သူမသည်လည်း ယဉ်ကျေးမနေတော့ပဲ သူ့ကို အရှုံးနှင့် ရင်ဆိုင်ခိုင်းသင့်သည်။ ထို့ပြင် သိုင်းလေ့ကျင့်ခန်းထဲ ဝင်လာပြီးမှ မတိုက်ခိုက်လျှင်လည်း သံသယ ဖြစ်စရာ ကောင်းသည်သာပင်...ထပ်မံ၍ ကျီထင်ယွီ၌  ကျန်းရီသည် သွေးကြောမျှင်ပုံ ဆေးလုံးများ ယူလာသူမှန်း မည်သူ့ကိုမှ သိစေလိုစိတ် မရှိပေ။ သို့နှင့် သူမသည် ပြုံးလိုက်ကာ ပြောလာခဲ့သည်...

“သခင်လေးယိ...ကျွန်မကို အလျှော့မပေးပါနဲ့...တိုက်ခိုက်ကြတာပေါ့”

ကျန်းရီသည် တစ်ခုခုကို တွေးမိသွားခဲ့သည်။ သိုင်းလေ့ကျင့်ဖက်သည် သူမဟုတ်ပါလား...သူက ဘယ်လိုလုပ်၍ စတိုက်ရပါမည်နည်း...သူသည် အပြုံးတစ်ခု အမြန်လုပ်ယူ လိုက်ကာ ပြောလိုက်သည်...

“သခင်မလေး...စတိုက်ပါ..ဒီလေ့ကျင့်ဖက်က တိုက်ခိုက်မှုတွေကို အစွမ်းကုန် ခုခံပါ့မယ်”

“ကောင်းပြီလေ”

ကျီထင်ယွီသည် အချိန်ဆွဲ မနေတော့ပေ။ သူမ၏ ခြေတစ်ဖက်သည် ရှေ့သို့ ရွေ့လာခဲ့ပြီး လိပ်ပြာလေး တစ်ကောင်ကဲ့သို့ ရွေ့လျားလာခဲ့သည်။ သူမ၏ လက်ချောင်းလေးများသည် လေထဲတွင် ကခုန်နေခဲ့ပြီး ကုချင်းကြိုးများကို တီးခတ်နေ သကဲ့သို့ပင်...သူမ၏ လက်ပုံစံမှသည် ပုံရိပ်ပေါင်းများစွာ ထွက်ပေါ်လာခဲ့ပြီး ပုံရိပ် တစ်ခုချင်းစီသည် ဆန်းကြယ်ပြီး ရှုပ်ထွေးလေသည်။  ထိုသို့ လှုပ်ရှားမှုများကို လုပ်နေရင်းမှ သူမ၏ ငွေဆည်းလည်းကဲ့သို့ ကြည်လင်သော အသံသည် ပေါ်ထွက်လာခဲ့သည်...

“သေချာ ကြည့်ထားပါ...သခင်လေးယိ..ဒါက ကျီမိသားစုရဲ့ ကိုယ်ပိုင် သိုင်းပညာ...အမြင့်စားအဆင့်ရှိ အဆင့်မြင့် စိတ်ကူးယဉ် ဝိညာဉ်လက်ကွက်ပဲ”

ကျန်းရီ၏ မျက်လုံးသည် အနက်ရောင် တစ်ချက် လက်သွားခဲ့သည်။ အလွန် လျင်မြန်သော လက်ပုံစံများသည် သူ့မျက်လုံးထဲတွင် နှေးကွေးသွားခဲ့သည်။ သူသည် ပုံရိပ်ယောင် ခြေလှမ်းကို အသုံးပြုလိုက်ကာ ဘေးဘက်သို့ ရှောင်တိမ်းလိုက်သည်။

“ဟမ်”

ကျီထင်ယွီ တိုက်ခိုက် လိုက်ရသော်လည်း ကြောက်ရွံ့နေခဲ့သည်။ ထို့ကြောင့် သူမသည် တိုက်ခိုက်မှုတွင် အားအပြည့် ထည့်မထားခဲ့ပေ...ကျန်းရီသည် တိုက်ခိုက်မှုကို ဤမျ လွယ်လွယ် ရှောင်လိုက်နိုင်မည်ဟု ဘယ်သူက ထင်ပါမည်လဲ...သူ၏ လှုပ်ရှားမှုများသည် ရွေ့နေသော တိမ်များလို၊ စီးဆင်းနေသော ရေများလို လွယ်ကူချောမွေ့ နေခဲ့သည်။

မာနာတို့သည် ကျီထင်ယွီ၏ ရင်ထဲမှ ပြည့်လျှံလာခဲ့သည်။ သူမသည် အမြန်နှုန်းကို မြှင့်လိုက်ကာ ကျန်းရီကို ထပ်မံ တိုက်ခိုက်လိုက်သည်။

“ဝှစ်”

သူမသည် သဏ္ဌာန်သုံးဆင့်  အသွင်ပြောင်းခြင်း ဒုတိယအဆင့်တွင်သာ ရှိသော ကျန်းရီမှ  သူမ၏ တိုက်ခိုက်မှုကို အလွယ်တကူ ရှောင်တိမ်းလိုက်သည်ကို မြင်ရသောအခါ ဆွံ့အသွားရသည်။ သူမသည် သူ၏ ဝတ်ရုံစွန်းကိုပင် ထိအောင် မလုပ်နိုင်ခဲ့ချေ။

ထူးဆန်းလိုက်တာ...ဒီသခင်လေးက စွမ်းအားတွေ လျှို့ဝှက် ထားတာများလား...

ကျီထင်ယွီသည် အနည်းငယ် တွေဝေသွားခဲ့သည်။ သို့သော် သူမသည် လက်မလျှော့ဘဲ ဆက်လက် တိုက်ခိုက်လိုက်ပြန်သည်။ ကျန်းရီသည် သူ့ပတ်ဝန်းကျင် တစ်ခွင် ဖုံးလွှမ်းနေသော လက်ပုံရိပ်များကို ကြည့်ရင်း နောင်တ ရချင်လာခဲ့သည်။ သူသည် လှပသော မိန်းမပျိုတစ်ယောက်၏ ရှေ့တွင် မျက်နှာ မပျက်ချင်ပေ။ သို့သော် သူသည် ကျီထင်ယွီ၏ အမြန်နှုန်းကို လိုက်မမီနိုင်ကြောင်းလည်း သိနေပြန်သည်။ ထို့ကြောင့် သူသည် တိုက်ခိုက်မှုကို မရှောင်တိမ်းတော့ဘဲ ကျီထင်ယွီ၏ လက်များကိုသာ အသေအချာ ကြည့်နေခဲ့လိုက်သည်။ သူ့စိတ်သည် လှုပ်ရှားနေခဲ့သည်။ သူသည် ပြိုင်ဘက်၏ တိုက်ခိုက်လာရာ လမ်းကြောင်းကို တွက်ဆကာ လက်နှစ်ဖက်ကို ရေမှော်ပင်များ ကဲ့သို့ ဆန့်ထုတ်လိုက်သည်။

“ဘန်း”

ကျန်းရီ၏ ပိုးမျှင်လက်သည် ကျီထင်ယွီ၏ လက်များကို ဖမ်းမဆုပ်နိုင်ခင်မှာပင် သူမ၏ လက်သည် သူ့လက်ပေါ်သို့ တစောင်း အနေအထားဖြင့် ကျရောက်လာခဲ့သည်။ စူးရှရှ နာကျင်မှုသည် သူ့ကို ခြေလှမ်းသုံးလှမ်းခန့် ဆုတ်သွားစေသည်။ ကျီထင်ယွီမူကား မူလ အနေအထားဖြင့်ပင် ရပ်နေဆဲ ဖြစ်သည်။ သူမကို သူအသေအချာ ကြည့်မိသောအခါတွင် သူမမျက်နှာတွင် အပြုံးတစ်ခု ရှိနေခဲ့သည်။

“သခင်မလေးကျီရဲ့ စွမ်းအားကတော့ အံ့မခန်းပါပဲ...ကျွန်တော် လေးစားမိပါတယ်...ရှုံးသွားတာကိုလည်း ဝန်ခံပါတယ်”

ကျန်းရီ၏ မျက်နှာတွင် ခါးသက်သော အပြုံးတစ်ခု ရှိနေခဲ့သည်။ သဏ္ဌာန်သုံးဆင့်  အသွင်ပြောင်းခြင်း အဋ္ဌမအဆင့် ရှိသူနှင့် တိုက်ခိုက်ရသော အတွေ့အကြုံသည်ကား မမေ့နိုင်စရာပင်။

ကျီထင်ယွီသည်လည်း တစ်ချက်ပြုံးရင်း ခေါင်းယမ်းပြ လာခဲ့သည်။ သူမ၏ လှပသော မျက်လုံးများထဲတွင် ခမ်းနားသော အရောင်အဝါများ ထင်ဟပ်နေခဲ့သည်။ သူမသည် ကျန်းရီကို ချီးကျူးစကား ဆိုလာခဲ့သည်...

“သခင်လေး ယိကသာ ထင်ယွီကို အံ့အားသင့်စရာကြီး တစ်ခု ပေးလိုက်တာပါ...ကျွန်မက အင်အား အပြည့်သုံးပြီး အစွမ်းကုန် တိုက်ခိုက်ခဲ့ရတယ်...ရွှေအဆင့် သိုင်းလေ့ကျင့်ဖက် တွေတောင် ကျွန်မရဲ့ တိုက်ခိုက်မှုကို မတားဆီးနိုင်ဘူး..”

“ဟူး...သခင်လေးယိရဲ့ ကျင့်ကြံဆင့်က နိမ့်နေတာ ကံဆိုးတာပဲ...မဟုတ်ရင် ဒီပွဲက ကျွန်မရဲ့ ကျင့်ကြံမှုကို တော်တော် အထောက်အကူပေးမှာ...တကယ်တော့ သခင်လေးက မဝံ့မရဲနဲ့ စိတ်ဓာတ် ကျနေစရာ မလိုပါဘူး...ကမ္ဘာပေါ်မှာ နောက်မှ အောင်မြင်လာပြီး ကြီးကျယ်တဲ့ အရာတွေကို လုပ်ဆောင် သွားနိုင်တဲ့ လူတွေရှိတယ်...”

သူမ၏ စိတ်ထဲတွင်တော့ ကျီထင်ယွီသည် ကျန်းရီအတွက် စိတ်မကောင်း ဖြစ်နေခဲ့သည်။ သူ့အသက်သည် သဏ္ဌာန်သုံးဆင့်  အသွင်ပြောင်းခြင်း ဒုတိယအဆင့် ရှိရန်အတွက် ကြီးလွန်းနေသည်။ အင်အားကြီး ဂိုဏ်းတစ်ခုခုကသာ သူ့ကို ကျင့်ရန် အထောက်အပံ့များ မပေးလျှင် သူ့အောင်မြင်မှုသည် အကန့်အသတ် ရှိပေသည်။

တစ်ဖက်တွင် ကျန်းရီသည် သဘောတူညီမှုသာ မရှိခဲ့လျှင် သူ၏ ကျင့်ကြံဆင့်သည် ဆက်လက်နိမ့် နေဦးမည်သာ ဖြစ်သည်။ သူသည် ထိုအတွက် စိတ်ဓာတ်လည်း မကျသလို အနာဂတ်ကိုသာ မမျှော်ကြည့်နေပေ...

“ကောင်းပြီ...သခင်လေးယိ..ကျွန်မသွားတော့မယ်”

ကျီထင်ယွီသည် အခန်း အပြင်ဘက်သို့ လျှောက်သွားလိုက်သည်။ သူမသည် တံခါးဝသို့ ရောက်သောအခါ ပြန်လှည့်လာပြီး ပြောလာခဲ့သည်...

“သခင်လေး...ရှင် အဲဒီ အဂ္ဂိရတ် ပညာရှင်ရဲ့ လက်အောက်မှာ အဂ္ဂိရတ်ပညာကို ဆက်သင်နေသင့်တယ်...အဲဒီ အဂ္ဂိရတ်ပညာရှင်က အရမ်းကို စွမ်းအားရှိပြီး ဗဟုသုတလည်း ကြွယ်ဝတယ်...ရှင်သာ သူ့နောက်ကို ဆက်လိုက် နေမယ်ဆိုရင် ရှင့်ရဲ့ အနာဂတ်အတွက် စိတ်ပူစရာ မလိုတော့ဘူး”

သခင်မလေး ကျီသည် တံခါးကို ဖွင့်ကာ အပြင်သို့ ထွက်ခွာ သွားခဲ့သည်။ ကျန်းရီသည် စိတ်ရှုပ်ထွေးလျက် ကျန်ခဲ့သည်။သူသည် သူမ၏ 'အဲဒီ အဂ္ဂိရတ်ပညာရှင်' ရဲ့ နောက်ကိုလိုက်ပြီး အဂ္ဂိရတ်ပညာကို သင်ယူ ဟူသော စကားကို ပြန်စဉ်းစား နေခဲ့သည်။ ဘယ်အဂ္ဂိရတ် ပညာရှင်လဲ...သူမပြောတာ အကြီးအကဲလျှို များလား...သူသေသွားပြီဆိုတော့ ငါဘာလုပ်ရမှာလဲ...

အချိန်အတော် ကြာအောင် စဉ်းစားပြီးသော်လည်း ကျန်းရီသည် သင့်တော်သော အဖြေ မရလာခဲ့ပေ...အချိန်အတော်ကြာ ပြီးနောက် သူသည် အတွေးလွန်ခြင်းကို ရပ်တန့်လိုက်ခဲ့သည်။ ထို့နောက်တွင် ကြီးကြပ်သူယန်ကို အကြောင်းကြားကာ သိုင်းခန်းမှ ထွက်လာပြီး ကျန်းအိမ်တော်ဆီ ပြန်လာခဲ့လိုက်သည်။

ကျန်းရီသည် သိုင်းခန်းမတွင် အလုပ်လုပ်ကိစ္စများ အတည်ပြုပြီးနောက် သူသည် ပုံမှန်အလုပ် တစ်ခု ရသွားပြီ ဖြစ်သည်။ သူသည် ခရမ်းရောင်ရွှေ တစ်ဆယ်တေးလ်ကို လက်ဝယ်မရသေးပဲ အမိန့်ပေး တံဆိပ်ပြားကို ပြန်မရွေးနိုင်သေးပဲ ကျန်းရှောင်နူကို အသေးစိတ် ပြောမပြသေးပေ။ သူသည် သိုင်းခန်းမတွင် အလုပ်လုပ်နေကြောင်း၊ သူ့ကို စိုးရိမ်စရာ မလိုကြောင်း၊ သူမကို အပြင်ထွက်၍ အလုပ် မလုပ်ရန်တို့ကိုသာ ညွှန်ကြားလိုက်သည်။

နောက်တစ်နေ့တွင် ကျန်းရီသည် ခေါင်းဆောင်ရုန် ခိုင်းထားသော အလုပ်များ ပြီးသည်နှင့် သိုင်းခန်းမဆီ ထွက်လာခဲ့လိုက်သည်။ ကြီးကြပ်သူယန်သည် သူ့ကို ပြီးခဲ့သည့် နေ့ကအတိုင်း ဆေးသုံးလုံး ပေးလာခဲ့လေသည်။ တစ်နေ့လုံးတွင် သူ့ကို ရီလင်းရွှယ်မှ အမည်တပ်၍ သိုင်းလေ့ကျင့်ရန် ပြောလာသည် မှတစ်ပါး ကြီးကြပ်သူယန်သည် သူ့ကို လုံးဝ မခေါ်ခဲ့ပေ။

အခြားသော သိုင်းလေ့ကျင့်ဖက်များသည် ရီလင်းရွှယ်၏ လှုပ်ရှားဟန်များကို ကြည့်ရင်း ကျန်းရီ၏ မိန်းမကံကောင်းမှာကို မနာလို ဖြစ်နေကြသည်။ ကျန်းရီသည် ကျီထင်ယွီ၌ သူ့အပေါ်မည်သည့် ခံစားချက်မှ မရှိကြောင်း သေချာနေခဲ့သည်။ ရီလင်းရွှယ်ဆိုရင်ရော...ကျန်းရီသည် ဖြစ်နိုင်ချေကို တွေးပင် မတွေးဝံ့ပေ။

နေ့ရက် အသစ်များသည် အေးအေးချမ်းချမ်း နှင့်သာ ကုန်ဆုံးသွားခဲ့သည်။ ကျီထင်ယွီလည်း ထပ်ပေါ် မလာခဲ့သလို ကျန်းရုလုံနှင့် ကျန်းဟန်ရွှေသည်လည်း သူတို့ မျက်နှာများကို လာမပြခဲ့ပေ။ ကျန်းရီသည် သူ၏ နေ့ရက်တိုင်းကို သိုင်းခန်းမ၊ အနောက်ဘက် တောင်ကုန်းနှင့် ကျန်းအိမ်တော် အကြားတွင်သာ ပြေးလွှားရင်း၊ ရီလင်းရွှယ်နှင့်အတူ သိုင်းလေ့ကျင့်ရင်း၊ စွမ်းအား ကျင့်ကြံရင်း ဖြင့်သာ ကုန်ဆုံးခဲ့သည်။

ဆယ်ရက်မြောက် နေ့တွင်ကား သူတို့ သဘောတူညီမှု အတိုင်း ကြီးကြပ်သူ ယန်သည် ခရမ်းရောင်ရွှေ တစ်ဆယ်တေးလ်ကို ပေးလာခဲ့သည်။ ကျန်းရီသည်လည်း အချိန်ဆွဲ မနေတော့ပဲ ကြီးကြပ်သူယန်ကို ခွင့်တောင်းကာ ဖန်းယွီ ဆောင်ကြာမြိုင်ဆီ အပြေးအလွှား သွားခဲ့သည်။

နေ့လယ်ဘက် ဖြစ်၍ ဖန်းယွီ ဆောင်ကြာမြိုင်တွင် ဧည့်သည် တစ်ယောက်မှ ရှိမနေပေ...ကျန်းရီသည် ဆောင်ကြာမြိုင်အတွင်းသို့ ဝင်လိုက်သောအခါ ထိုနေ့က အိမ်တော်ထိန်းကို မြင်ခဲ့လိုက်သည်။ အိမ်တော်ထိန်းအပြင် သူသည် မမျှော်လင့်ထားသည့် လူတစ်ယောက်ကို တွေ့လိုက်ရသည်။ ကျန်းရီသည် သူ့ကို သိုင်းခန်းမတွင် နှစ်ကြိမ်ခန့် မြင်ဖူးခဲ့သည်။

ကျန်းရီသည် ထိုအမျိုးသား၏ မျိုးရိုးနာမည် မာမှ လွဲ၍ အမည်ရင်းကို မသိပေ။ အိမ်တော်ထိန်းသည် ထိုသူကို အစေခံ တစ်ယောက်ကဲ့သို့ ရိုကျိုးစွာ ပြောနေခဲ့သည်။ ကျန်းရီသည် တစ်ချက်ကြည့်ရုံမျှနှင့် ဖန်းယွီ ဆောင်ကြာမြိုင် နောက်ကွယ်တွင် မာမိသားစု ရှိနေကြောင်း နားလည်သွားခဲ့သည်...

ပြဿနာတော့ ဖြစ်လာပေတော့မည်...

ကျန်းဂိုဏ်းနှင့် မာမိသားစုသည် မပြေလည်နိုင်သော ရန်သူများ ဖြစ်ကြသည်။ ထို့ပြင် အိမ်တော်ထိန်းသည် သူ့ကို ကျန်းဂိုဏ်းမှ ဖြစ်ကြောင်း သိထားလေသည်။ ကျန်းရီသည် တစ်ခုခု လွဲနေပြီ ဖြစ်ကြောင်း သိလိုက်လေသည်။ သို့သော် အိမ်တော်ထိန်းသည် သူ့ကို မြင်သွားပြီ ဖြစ်ကြောင်း တွေ့သည်နှင့် ကျန်းရီသည် အဆောက်အဦထဲသို့ ရဲရဲတင်းတင်းသာ ဝင်သွားခဲ့ လိုက်လေသည်။

***

All Chapters