ညှိနှိုင်းခြင်း
Vol. 36 Ch. 502
သက်ဝင်နွေးထွေးနေသော လသာဆောင်၏ ပတ်ဝန်းကျင်လေးမှာ ပိုင်လီချွီးရောက်ရှိလာပြီးသည့်နောက် အေးစက်တင်းမာသွားရသည်။ ဇူထိုက်မှာ အမျက်ဒေါသများ ပြည့်နှက်နေသော မျက်ဝန်းများဖြင့် ကြည့်ရှုနေ၏။
ဇူယွမ်မှာ တည်ငြိမ်စွာဖြင့်ပင် ပိုင်လီချွီအား မေးမြန်းလိုက်သည်။ "မင်းဘာကို ပြောချင်တာလဲ။"
ပိုင်လီချွီးမှာ လက်ဖက်ရည်ခွက်အားချ၍ ဇူယွမ်အားကြည့်ကာ ပြောလိုက်၏။ "မူလရေကန်ဖွင့်လှစ်တဲ့ အခမ်းအနားမှာ ဓားကပ်ဘေးတောင်ထွတ်က မင်းတို့မူလသူတော်စင်တောင်ထွတ်ကို ကာကွယ်ပေးဦးမှာပါ။ ညှိနှိုင်းစရာလေးတွေတော့ ရှိတာပေါ့။"
ပိုင်လီချွီး၏ အမူအရာမှာ အလွန်ပင် မောက်မာနေပြီး ဇူထိုက်တို့အား အနည်းငယ်မျှပင် အလေးမထားဟန် ရှိသည်။
"ပြောပါဦး။" ဇူယွမ်မှာ အနည်းငယ် စိတ်ဝင်စားဟန်ဖြင့် မေးမြန်းလိုက်၏။ ဇူယွမ်မှာ ဓားကပ်ဘေးတောင်ထွတ်၏ အကူအညီအားရယူရန် စိတ်မဝင်စားသော်လည်း ပိုင်လီချွီးပြောဆိုလာမည့် အကြောင်းအရာများအား သိရှိလိုသောကြောင့် မေးမြန်းလိုက်ခြင်း ဖြစ်သည်။
ပိုင်လီချွီးမှာ မထီမဲ့မြင်ပြုသော အမူအရာဖြင့် ပြောလိုက်၏။ "အကြီးအကဲစိန်းက အစားထိုးတောင်ထွတ်ဆရာသခင်တစ်ယောက်ရဲ့ လုပ်ပိုင်ခွင့်ကို အသုံးချပြီးတော့ အကြီးအကဲလုဟုန်းတို့ကို မူလသူတော်စင်တောင်ထွတ်ကနေ ဓားကပ်ဘေးတောင်ထွတ်ကို ဖိအားပေးပြီး ပြန်ပို့လိုက်တယ်လို့ ကြားတယ်။ အဟက်....အကြီးအကဲစိန်းက တော်တော်လောတဲ့သူပဲ။ မူလသူတော်စင်တောင်ထွတ်ရဲ့ ဆရာသခင်အစစ်တောင် မဖြစ်သေးပဲနဲ့။"
ပိုင်လီချွီး၏စကားသံ၌ လှောင်ပြောင်သရော်ဟန်များ ပါဝင်နေသည်။
ပိုင်လီချွီးမှာ ဇူယွမ်၏တုံ့ပြန်မှုအား စောင့်ဆိုင်းလိုဟန်မရှိပဲ လက်ကာပြကာ ဆက်လက်စကားဆိုလိုက်၏။ "ပထမဆုံးညှိနှိုင်းချက်ကတော့ ဂျူနီယာညီတော်ဇူယွမ်က အကြီးအကဲစိန်းဆီသွားပြီးတော့ အကြီးအကဲလုဟုန်းအတွက် ဆုံးဖြတ်ချက်ကို ရုတ်သိမ်းပေးဖို့ တောင်းဆိုပေးရမယ်။ အကြီးအကဲလုဟုန်းတို့အုပ်စုက မူလသူတော်စင်တောင်ထွတ်အတွက် အများကြီးကြိုးစားပေးခ့ဲတာ။ အခုမူလသူတော်စင်တောင်ထွတ် ချိပ်စည်းပြယ်သွားတာနဲ့ သူတို့ကို နှင်ထုတ်လိုက်တယ်ဆိုတာ အရမ်းလွန်လွန်းတယ် မထင်ဘူးလား။"
ဇူထိုက်တို့သုံးဦးမှာ ပိုင်လီချွီး၏စကားကြောင့် ဒေါသထွက်စွာ ရယ်မောလိုက်ကြသည်။ "ဟားဟားဟား.....လုဟုန်းရဲ့အုပ်စုက မူလသူတော်စင်တောင်ထွတ်ကို ပိုပြီးဆိုးရွားသွားအောင်ပဲ မွှေနှောက်ခ့ဲကြတာ။ သူတို့ကို ကောင်းကောင်းမွန်မွန် ဆက်ဆံပေးဖို့ တန်တယ်ထင်နေလား။"
ပိုင်လီချွီးမှာ ဇူထိုက်တို့အား အလေးပင်မထားဟန်ဖြင့် တစ်ချက်မျှ ကြည့်ရှုလိုက်၏။ "မင်းတို့ဘာသာ အသုံးမကျတာကို သူများကို အပြစ်ပြောလို့ရမလား။ မင်းတို့သာ အရည်အချင်းရှိရင် လုဟုန်းတို့တောင် ပြောင်းလာစရာ လိုမှာမဟုတ်ဘူး။"
"မင်း......" ဇူထိုက်တို့သုံးဦးမှာ ဒေါသထွက်လွန်းသဖြင့် မတ်တပ်ပင် ထရပ်လိုက်ြကသည်။
ဇူယွမ်မှာ ဇူထိုက်တ်ို့သုံးဦးအား လက်ကာပြကာ တားဆီးလိုက်၏။ ပိုင်လီချွီးအား ဒေါသထွက်ပြနေခြင်းမှာ အသုံးမဝင်မှန်း ဇူယွမ်မှ သိရှိနေသောကြောင့် ဖြစ်သည်။ ဇူယွမ်မှ ခပ်ဖွဖွရယ်မောကာ ပြောလိုက်၏။ "အကြီးအကဲလုဟုန်းတို့ ပြောင်းရွှေ့ဖို့အတွက်အမိန့်က အကြီးအကဲစိန်းကိုယ်တိုင် ချမှတ်ထားတာလေ။ ဘယ်လိုလုပ် လွယ်လွယ်နဲ့ ရုတ်သိမ်းလို်ရပါ့မလဲ။"
"တခြားသူဆိုရင်တော့ တားလို့ရမှာမဟုတ်ဘူး။ ဒါပေမယ့် မင်းကတော့ အကြီးအကဲစိန်းကို တားနိုင်မှာပါ။" ပိုင်လီချွီးမှာ လျှို့ဝှက်စွာပြုံးလိုက်ပြီးနောက် ဆက်လက်ပြောဆိုလိုက်သည်။ "အခုအချိန်မှာ မင်းက မူလသူတော်စင်တောင်ထွတ်ရဲ့ ရတနာပဲလေ။ မင်းကြောင့်သာမဟုတ်ရင် အကြီးအကဲစိန်းကလည်း မူလသူတော်စင်တောင်ထွတ်ရဲ့ အစားထိုးတောင်ထွတ်ဆရာသခင် ဖြစ်လာမှာမဟုတ်ဘူး။"
ဇူယွမ်မှာ ပိုင်လီချွီး၏စကားများအပေါ် တစ်စုံတစ်ရာ တုံ့ပြန်ခြင်းမပြုပဲ မေးမြန်းခြင်းသာ ပြုလိုက်၏။ " မင်းခုနကပြောတာက ပထမဆုံးညှိနှုင်းချက်လို့ ပြောတယ်နော်။ နောက်တစ်ခုကရောဘာလဲ ပြောပါဦး။"
"ဒုတိယညှိနှိုင်းချက်က ပိုပြီးတောင် ရိုးရှင်းသေးတယ်။" ပိုင်လီချွီးမှာ ကျောက်စားပွဲအား လက်ဖြင့်တတောက်တောက်ခေါက်ကာ စကားဆိုလိုက်သည်။ "မူလရေကန်ဖွင့်လှစ်တဲ့ အခမ်းအနားမှာ မင်းတို့မူလသူတော်စင်တောင်ထွတ်ကို ငါတို့ဓားကပ်ဘေးတောင်ထွတ်က အကာအကွယ်ပေးမယ်။ ဒါပေမယ့် မင်းတို့ရလာတဲ့ နဂါးခြင်ဆီရဲ့ ငါးဆယ်ရာခိုင်နှုန်းကို ငါတို့ကို ပေးရမယ်။"
ကျန်းယန်၏ အမူအရာမှာ ခက်ထန်သွားရပြီးနောက် ဒေါသထွက်စွာဖြင့် ေအာ်ဟစ်လိုက်၏။ "ငါးဆယ်ရာခိုင်နှုန်းဟုတ်လား။ မင်းတို့က ငါတို့ကို ဓားပြတိုက်နေတာပဲ။"
ဇူထိုက်နှင့် လုယန်းတို့မှာလည်း ပိုင်လီချွီးအား ဒေါသထွက်နေသော မျက်ဝန်းများဖြင့် စူးစိုက်ကြည့်ရှုနေကြသည်။ ငါးဆယ်ရာခိုင်နှုန်းဟူသော ပမာဏမှာ လွန်စွာများပြားလွန်းလှ၏။
ပိုင်လီချွီးမှာ ဇူထိုက်တို့အား အလေးပင်ထားပုံမရပဲ မထီမဲ့မြင်ပြုသော မျက်ဝန်းများဖြင့် ဇူယွမ်အားကြည့်ကာ ပြောလိုက်သည်။ "ဂျူနီယာညီတော်ဇူယွမ် မင်းကို ငါတို့ဓားကပ်ဘေးတောင်ထွတ်တစ်ခုလုံးက မုန်းတီးနေကြတာနော်။ မင်းသာ ဒီညှိနှိုင်းချက်တွေကို သဘောမတူဘူးဆိုရင် မူလရေကန်ဖွင့်လှစ်တဲ့ အခမ်းအနားမှာ ငါတို့ဓားကပ်ဘေးတောင်ထွတ်က တပည့်တွေက မင်းတို့မူလသူတော်စင်တောင်ထွတ်ကို ဘာလုပ်မလဲ မပြောနိုင်ဘူး။ မူလရေကန်ဖွင့်လှစ်တဲ့ အခမ်းအနားမှာ မင်းတို့လည်း အရှက်မကွဲချင်ဘူးမလား။"
ဇူထိုက်တို့သုံးဦးမှာ အလွန်ပင် ဒေါသထွက်နေရပြီ ဖြစ်၏။ ပိုင်လီချွီးမှာ ထင်ရှားစွာပင် မူလသူတော်စင်တောင်ထွတ်အား ခြိမ်းခြောက်နေခြင်း ဖြစ်သည်။
"မူလရေကန်ဖွင့်လှစ်တဲ့ အခမ်းအနားမှာက တိုက်ခိုက်မှုလေးတွေ ရှိတက်တာပဲလေ။ အဲ့ဒါကြောင့် ဘယ်သူကမှ ဝင်တားနေမှာမဟုတ်ဘူး။ အဲ့ဒါကြောင့် မင်းတို့ကောင်းကောင်းစဥ်းစားသင့်တယ်။"
ပိုင်လီချွီးမှာ ခပ်ဖွဖွရယ်မောလိုက်ပြီးနောက် ဆက်လက်စကားဆိုလိုက်သည်။ "ဂျူနီယာညီတော်ဇူယွမ်က တုံးအတဲ့သူ မဟုတ်ပါဘူး ဟုတ်တယ်မလား။ အဲ့ဒါကြောင့် မှန်မှန်ကန်ကန် ဆုံးဖြတ်နိုင်မယ်လို့ ထင်ပါတယ်။"
ဇူထိုက်တို့သုံးဦးမှာ ဇူယွမ်အား ကြည့်ရှုလိုက်ကြ၏။ မူလသူတော်စင်တောင်ထွတ်၏ တပည့်ခေါင်းဆောင်တစ်ဦး ဖြစ်သည်နှင့်အညီ ဇူယွမ်၏ဆုံးဖြတ်ချက်သည်သာ တရားဝင်အဆုံးအဖြတ် ဖြစ်လေသည်။
ဇူယွမ်မှာ လက်ဖက်ရည်ခွက်အား ခပ်ဖွဖွပွတ်သပ်လိုက်ပြီးနောက် အနည်းငယ်မျှ ပြုံးလိုက်၏။ ထို့နောက် မောက်မာဝ့ံကြွားနေဟန်ရှိသော ပိုင်လီခွျီးအားကြည့်ကာ လက်ချောင်းများဖြင့် ေလထဲ၌ ကြက်ခြေခတ်သဏ္ဍာန်တစ်ခု ပြုလုပ်ြပလိုက်သည်။ "ပထမဆုံးညှိနှိုင်းချက်ကို ငါသဘောမတူနိုင်ဘူး။"
"ဒုတိယမြောက် ညှိနှိုင်းချက်အတွက်ကတော့ ငါတို့က ဆယ်ရာခိုင်နှုန်းတောင်မှ ပေးနိုင်မှာမဟုတ်ဘူး။"
ဇူထိုက်တို့သုံးဦးမှာ ဇူယွမ်၏ဆုံးဖြတ်ချက်ကြောင့် သက်ပြင်းချလိုက်ကြ၏။ ပိုင်လီချွီး၏ ညှိနှိုင်းချက်များကိုသာ ဇူယွမ်မှ လိုက်လျောခ့ဲပါက မူလသူတော်စင်တောင်ထွတ်မှာ အများရယ်စရာ ဖြစ်သွားရပေလိမ့်မည်။
ပိုင်လီချွီးမှာ ကျောက်သားထိုင်ခုံအား မှီချကာ သက်တောင့်သက်သာ အမူအရာဖြင့်ပင် ရှိနေသည်။ ပိုင်လီချွီးမှာ ဇူယွမ်၏တုံ့ပြန်ချက်အား အနည်းငယ်မျှပင် မအ့ံသြဟန်ဖြင့် သက်ပြင်းချကာ ပြောလိုက်၏။ "ဂျူနီယာညီတော်ဇူယွမ်က တကယ်ကို ကျားကိုမကြောက်တဲ့ နွားပေါက်လေးပဲ။ မင်းရဲ့သတ္တိကိုတော့ ငါတကယ်ချီးကျူးမိတယ်။"
ပိုင်လီချွီးမှာ မတ်တပ်ရပ်ကာ ပြုံး၍ပြောလိုက်သည်။ "အဲ့လိုဆို ငါတို့ဆွေးနွေးတာက ပြီးသွားပြီပေါ့ ဟုတ်တယ်မလား။"
ဇူယွမ်မှာ လက်ဖက်ရည်ခွက်အားမြှောက်၍ ထွက်ခွာရန်လမ်းအားညွှန်ပြကာ စကားဆိုလိုက်၏။ "သွားလို့ရပါပြီ။ နောက်ကြရင်လည်း မူလသူတော်စင်တောင်ထွတ်ဆီကို စီနီယာအကိုတော်ပိုင်လီချွီး လာရောက်လည်ပတ်ဖို့ မလိုတော့ပါဘူး။ ကျွန်တော်တို့ရဲ့ တောင်ထွတ်လေးက အကိုတော်လိုမျိုး နတ်ဘုရားတစ်ပါးလို ခမ်းနားတဲ့သူကို ကြိုဆိုဖို့အထိ မထိုက်တန်ပါဘူး။"
ပိုင်လီချွီးမှာ မျက်ဝန်းများ ကျဥ်းမြောင်းသွားရပြီးနောက် ဇူယွမ်အားကြည့်ကာ ပြောလိုက်သည်။ "ဂျူနီယာညီတော်ဇူယွမ် မင်းကမူလသူတော်စင်တောင်ထွတ်ရဲ့ တပည့်ခေါင်းဆောင်ဆိုပေမယ့် ငါ့ကိုဒီလိုစကားမျိုးပြောဖို့ အဆင့်မှီတယ်များ ထင်နေလား။"
ဝုန်း....
ပိုင်လီချွီးထံမှ ပြင်းထန်လှသော ချီစွမ်းအင်များ ပေါက်ကွဲထွက်ပေါ်လာသောကြောင့် ဇူထိုက်တို့သုံးဦးမှာ အနောက်သို့ ဆုတ်သွားရ၏။
ဇူယွမ်၏ အသားအရေများမှာ ကျောက်စိမ်းရောင်များ လင်းလက်လာပြီးနောက် အသွေးအသားများမှာလည်း ငွေရောင်ခြည် အလင်းတန်းများ တောက်ပလာသည်။ ဇူယွမ်၏ပုံရိပ်မှာ မုန်တိုင်းအကြား ခန့်ထည်စွာရပ်တည်နေသော တောင်ထွတ်တစ်ခုအလား ခမ်းနားနေ၏။
ခရက်....
လသာဆောင်၏ အလယ်တွင်ရှိနေသော ကျောက်စားပွဲမှာ ပြင်းထန်လှသော စွမ်းအင်ဖိအားများကြောင့် စတင်အက်ကွဲလာရသည်။
"ပိုင်လီချွီး...ဒီနေရာက မူလသူတော်စင်တောင်ထွတ်နော်။ မင်းတရားလွန်မလာနဲ့။" ဇူထိုက်မှ ဒေါသဖြစ်စွာ အော်ဟစ်လိုက်၏။
ပိုင်လီချွီးမှာ ခပ်ဖွဖွရယ်မောလိုက်ပြီးနောက် ချီစွမ်းအင်များအား ပြန်လည်ရုတ်သိမ်းလိုက်သည်။ ပိုင်လီချွီးမှာ တိုက်ခိုက်လိုစိတ်မရှိပဲ ဇူယွမ်အား စမ်းသပ်လိုသောကြောင့်သာ ချီစွမ်းအင်များ ပေါက်ကွဲထွက်ပေါ်စေလိုက်ခြင်း ဖြစ်၏။
သို့သော် စွမ်းအင်ဖိအားများ၏အောက်တွင် အမူအရာပင် မပျက်ယွင်းပဲ တည်ငြိမ်စွာရှိနေသော ဇူယွမ်၏အပြုအမူကြောင့် ပိုင်လီချွီးမှာ အနည်းငယ် အ့ံအားသင့်သွားရသည်။
ဇူယွမ်မှာ လက်နှစ်ဖက်အား ပွတ်တိုက်လိုက်ပြီးနောက် ပြုံးကာပြောလိုက်၏။ "စီနီယာအကိုတော်ပိုင်လီချွီးက နည်းနည်းလောက် ကစားချင်လို့လား။"
ပိုင်လီချွီးမှာ ဇူယွမ်အား စူးရှစွာကြည့်၍ ပြောလိုက်သည်။ "လောစရာမလိုပါဘူး။ ငါတို့နှစ်ယောက် ထပ်ဆုံရဦးမယ်ဆိုတာ သေချာပါတယ်။ အဲ့အချိန်ကြရင် တပည့်ခေါင်းဆောင်တွေကြားမှာလည်း အဆင့်အတန်းတွေကွာသေးတယ်ဆိုတာ မင်းကိုသင်ပြပေးပါ့မယ်...အဟက်။"
ထိုစကားများအား ပြောကြားပြီးနောက် ပိုင်လီချွီးမှာ လသာဆောင်အတွင်းမှ ထွက်ခွာသွား၏။
ဇူယွမ်မှာ ထွက်ခွာသွားသော ပိုင်လီချွီး၏ပုံရိပ်အား ကြည့်ရှုနေရင်းဖြင့် ဖြည်းညင်းစွာ စကားဆိုလိုက်သည်။ "စီနီယာအကိုတော်ပိုင်လီ ဓားကပ်ဘေးတောင်ထွတ်ကို သိပ်ပြီးတရားလွန်မလာပါနဲ့လို့ ပြောလိုက်ပါ။ ပြီးတော့ လာမယ့်မူလရေကန်ဖွင့်လှစ်တဲ့ အခမ်းအနားကြရင်လည်း မူလသူတော်စင်တောင်ထွတ်က ဘယ်သူ့အကူအညီကိုမှ ယူမှာမဟုတ်ဘူး။"
"ဓားကပ်ဘေးတောင်ထွတ်က အရမ်းတရားလွန်လာရင်တော့ ယုန်သူငယ်လည်း ထွက်ပေါက်ပိတ်လာရင် ပြန်ကိုက်တက်တယ်ဆိုတာ သတိရပါ။ အဲ့လိုဖြစ်လာရင် ဓားကပ်ဘေးတောင်ထွတ်လည်း ဆိုးဆိုးရွားရွား ဖြစ်သွားနိုင်တယ်နော်။"
ပိုင်လီချွီးမှာ ခြေလှမ်းများအား ရပ်တန့်လိုက်ပြီးနောက် လှောင်ပြောင်သရော်ဟန်ဖြင့် ဇူယွမ်အားလှည့်ကာ ပြောလိုက်၏။
"မင်းကိုယ်မင်း ယုန်သူငယ်မှန်းသိရင် ကိုယ့်အဆင့်ကိုယ်သိလေ။ မင်းတို့ရဲ့ မူလသူတော်စင်တောင်ထွတ်လောက်နဲ့များ ငါတို့ရဲ့ ဓားကပ်ဘေးတောင်ထွတ်ကို ဒုက္ခပေးချင်နေသေးတာလား။"
"ဟားဟား......ဟာသပဲ။"
ပိုင်လီချွီမှာ ကျယ်လောင်စွာရယ်မောလိုက်ပြီးနောက် ချီစွမ်းအင်များအား ပေါက်ကွဲထွက်ပေါ်စေကာ ကောင်းကင်ထက်သို့ ပျံသန်းသွားသည်။
ဇူယွမ်မှာ သတ်ဖြတ်လိုသော မျက်ဝန်းများဖြင့် ထွက်ခွာသွားသော ပိုင်လီချွီး၏ပုံရိပ်အား ကြည့်ရှုလိုက်၏။ ပိုင်လီချွီးမှာ လာရောက်ညှိနှိုင်းသည်နှင့်မတူပဲ တိုက်ပွဲအား လာရောက်ကြေညာသွားသည်နှင့်သာ တူညီနေသည်။
ပိုင်လီချွီးမှာ ဓားကပ်ဘေးတောင်ထွတ်သည် အငြိုးအတေးများရှိနေသောကြောင့် မူလရေကန်ဖွင့်လှစ်ခြင်း အခမ်းအနား၌ မူလသူတော်စင်တောင်ထွတ်အား အနှောင့်အယှက်ပြုမည်ဟု ထင်ရှားစွာ ပြောကြားသွားခြင်းပင် ဖြစ်၏။
"ဓားကပ်ဘေးတောင်ထွတ်......"
ဇူယွမ်မှာ အေးစက်ခက်ထန်နေသော မျက်ဝန်းများဖြင့် ရေရွတ်လိုက်သည်။
"မင်းတို့က ကစားချင်တယ်ဆိုမှတော့....."
"ငါကရော ကြောက်နေမယ်လို့ထင်လား။"