← Chapters

သူတော်စင်စိတ်ဝိဉာဉ်မျိုးစေ့

Vol. 37 Ch. 504

သူတော်စင်စိတ်ဝိဉာဉ်မျိုးစေ့

Vol. 37 Ch. 504

ဝုန်း……

ပြင်းထန်လှသော ရေလှိုင်းလုံးများနှင့် ပူပြင်းလှသော ချော်ရည်များမှာ ကျောက်တုံးစင်မြင့်ပေါ်တွင်ရှိနေသော ပုံရိပ်တစ်ခုပေါ်သို့ အဆက်မပြတ်ကျဆင်းနေလေသည်။

ကျောက်တုံးစင်မြင့်မှာ ရေလှိုင်းလုံးများနှင့် ချော်ရည်ပူများ တွေ့ဆုံမှုများကြောင့် အငွေ့တထောင်းထောင်းထလျက် ရှိ၏။

စင်မြင့်ပေါ်ရှိပုံရိပ်မှာ တောင်တန်းတစ်ခုအလား နာကျင်မှုများအား မလှုပ်မရပ် တောင့်ခံနေသည်။ ထိုပုံရိပ်၏ အသားအရေမှာ ကျောက်စိမ်းရောင်များ လင်းလက်နေပြီး အသွေးအသားများမှာမူ ငွေရောင်ခြည်အလင်းတန်းများဖြင့် တောက်ပနေ၏။

အချိန်အတန်ကြာမျှ ကြာမြင့်သွားပြီးနောက် ကျဆင်းနေသော ရေလှိုင်းများနှင့် ချော်ရည်ပူများမှာ ရပ်တန့်သွားလေသည်။ အခိုးအငွေ့များ ဖြည်းညင်းစွာ လွင့်ပြယ်သွားပြီးနောက် စင်မြင့်ပေါ်ရှိပုံရိပ်အား ထင်ရှားစွာ တွေ့မြင်လာရ၏။ ထိုပုံရိပ်မှာ ဇူယွမ်ပင်ဖြစ်သည်။

ဇူယွမ်မှာ ခန္ဓာကိုယ်အပေါ်ပိုင်း ဗလာကျင်းနေလျက် ရှိ၏။ ဇူယွမ်၏ ခန္ဓာကိုယ်မှာ ကြွက်သားအဖုအထစ်များ မရှိပါသော်လည်း ကျစ်လစ်တောင့်တင်းလှပေသည်။

ဇူယွမ်မှာ ဆန်းကြယ်ခန္ဓာကျင့်စဉ်ငယ်၏ ငွေရောင်အသွေးအသားအဆင့်သို့ပင် ရောက်ရှိနေပြီဖြစ်သောကြောင့် ခန္ဓာကိုယ်မှာလည်း ယခင်ကထက်များစွာ သန်မာလာ၏။

ဇူယွမ်မှာ မတ်တပ်ရပ်လိုက်ပြီးနောက် လက်သီးအားဆုပ်ကာ ခန္ဓာကိုယ်အတွင်းရှိ စွမ်းအင်များအား ခံစားလိုက်သည်။ အကန့်အသတ်မဲ့ အသက်စွမ်းအင်များအား ခံစားလိုက်ရသောကြောင့် ဇူယွမ်မှာ ကျေနပ်အားရသွား၏။

“အခုအထိတောင် ရွှေအိုရောင်သွေးစက်အဆင့်ကို တတ်ဖို့အရိပ်အရောင်တောင် မမြင်ရသေးဘူးပဲ။” ဇူယွမ်မှာ ပြင်းထန်စွာ ကြိုးစားကျင့်ကြံနေပါသော်လည်း ဆန်းကြယ်ခန္ဓာကျင့်စဉ်ငယ်အား အဆင့်မတတ်နိုင်သေးပဲ ဖြစ်နေလေသည်။ ဇူယွမ်မှာ ခေါင်းအားခါယမ်းလိုက်ပြီးနောက် ကောင်းကင်ထက်သို့ပျံဝဲကာ တောင်ကုန်းတစ်ခုပေါ်သို့ ဆင်းသက်လိုက်လေ၏။ ဇူယွမ်မှာ လသာဆောင်အတွင်းအနားယူနေသော ရွှမ်းအဖိုးအိုအား ကြည့်ရှုလိုက်သည်။ ဇူယွမ်ရောက်ရှိလာသည်နှင့်တကွ ရွှမ်းအဖိုးအိုမှာ မျက်လုံးဖွင့်လျက် ဇူယွမ်အားကြည့်ရှုလိုက်၏။

ထို့နောက်ရွှမ်းအဖိုးအိုမှာ စကားဆိုလိုက်သည်။ “စိတ်ညစ်မနေနဲ့။ ဆန်းကြယ်သောခန္ဓာကျင့်စဉ်ငယ်ရဲ့ ရွှေအိုရောင်သွေးစက်အဆင့်ကို ရောက်ဖို့က မင်းထင်သလောက် လွယ်တာမဟုတ်ဘူး။”

ဇူယွမ်မှာ ကူကယ်ရာမဲ့စွာ ပြုံးလိုက်ပြီးနောက် ရွှမ်းအဖိုးအိုအား ခေါင်းညိတ်ပြလိုက်၏။ ဇူယွမ်မှာ လသာဆောင်အတွင်းရှိ ကျောက်သားထိုင်ခုံတစ်ခုပေါ်တွင် ထိုင်ချလိုက်ကာ ရွှမ်းအဖိုးအိုအား ပြုံး၍ပြောလိုက်သည်။ “အဖိုးရွှမ်း အဖိုးဆီက အကူအညီတောင်းစရာလေး ရှိလို့။”

ရွှမ်းအဖိုးအိုမှာ ဖြည်းညင်းစွာ ပြောလိုက်၏။ “ဘာအကူအညီလဲ”

ဇူယွမ်မှာ အင်္ကျီလက်မောင်းအိုးအတွင်းမှ ကျောက်စိမ်းစာလိပ်တစ်ခုအား ထုတ်ယူလိုက်သည်။ ထိုကျောက်စိမ်းစာလိပ်မှာ မူလသူတော်စင်တောင်ထွတ်၏ တပည့်ခေါင်းဆောင်နေရာအား ရရှိခဲ့သောကြောင့် ဆုလာဘ်အနေဖြင့် ချီးမြှင့်ခြင်းခံရသော ကြီးမြတ်သော သူတော်စင်စိတ်ဝိဉာဉ်ကျင့်စဉ်ပင်ဖြစ်၏။

ဇူယွမ်မှာ လွန်ခဲ့သော ရက်အနည်းငယ်အတွင်း ထိုကျောက်စိမ်းစာလိပ်အား လေ့လာခဲ့ပြီးနောက် လွန်စွာခက်ခဲလှသည်ကို သိရှိလိုက်ရသည်။ ဇူယွမ်မှာ ထိုကျောက်စိမ်းစာလိပ်အား ယောင်ယောင်ထံ ပြသခဲ့၏။ သို့သော် ယောင်ယောင်မှာ ထိုကျင့်စဉ်နှင့် ပတ်သက်၍ ကန်ရွှမ်းကလန် တစ်ခုလုံးတွင် အသင့်တော်ဆုံးသူမှာ ရွှမ်းအဖိုးအို ဖြစ်သည်ဟု ပြောခဲ့ပြီး ဇူယွမ်မှာလည်း ထိုအချက်ကို လက်သင့်ခံခဲ့သည်။ ကန်ရွှမ်းသိုင်းကျမ်းခုနစ်ခု၏ အနှစ်ချုပ်ကျင့်စဉ်ငယ်များကိုပင် ဖန်တီးနိုင်သူတစ်ဦးဖြစ်သောကြောင့် ရွှမ်းအဖိုးအိုသာလျှင် ထိုကျင့်စဉ်များအား နားလည်မှု အမြင့်ဆုံးသူတစ်ဦး ဖြစ်ပေလိမ့်မည်။

ရွှမ်းအဖိုးအိုမှာ ဇူယွမ်၏ လက်ထဲတွင် ရှိနေသော ကျောက်စိမ်းစာလိပ်အား တစ်ချက်မျှ ကြည့်ရှုလိုက်ပြီးနောက် ပျင်းရိစွာပင် စကားဆိုလိုက်၏။ “ဒါတွေက စိန်းထိုက်ယွမ်ရဲ့ တာဝန်တွေ မဟုတ်ဘူးလား။”

“အဖိုးရွှမ်း ကျွန်တော်က မူလသူတော်စင်တောင်ထွတ်အတွက် အများကြီး ကြိုးစားပေးခဲ့တယ်လေ။” ဇူယွမ်မှာ လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။

“ငါက နည်းပြဆရာလည်းမဟုတ်ဘူး။ ဒီအဖိုးကြီးကိုလည်း နည်းနည်းလောက် အနားပေးပါဦးလား။”

“ကျွန်တော်က မူလသူတော်စင်တောင်ထွတ်အတွက် အများကြီးကြိုးစားပေးခဲ့ပါတယ်။”

“မင်း......”

ရွှမ်းအဖိုးအိုမှာ ဇူယွမ်အား လက်ညိုးတထိုးထိုးဖြင့် သွေးတတ်နေဟန် ရှိ၏။ ထို့နောက် ရွှမ်အဖိုးအိုမှာ အလိုမကျဟန်ဖြင့် စကားဆိုလိုက်သည်။ “မင်းလိုကောင်စုတ်လေးနဲ့ တွေ့ရတာ ငါတော်တော် ကံမကောင်းတာပဲ။”

ရွှမ်းအဖိုးအိုမှာ စိတ်အလိုမကျဟန်ဖြင့် ပြောဆိုနေသော်လည်း မျက်ဝန်းများမှာမူ ကျေနပ်အားရနေဟန်ရှိသည်။ ကလန်ခေါင်းဆောင်ချင်းယန်သည်ပင် ဖြောင်းဖျ၍ မရနိုင်သော ရွှမ်းအဖိုးအိုအား ဇူယွမ်ကဲ့သို့သော တပည့်ကလေးမှ အတင်းအကျပ်တောင်းဆို၍ ရမည်မဟုတ်ချေ။ ရွှမ်းအဖိုးအိုမှာ ဇူယွမ်အား သင်ကြားပြသပေးရန် လိုလားနေခြင်းပင် ဖြစ်၏။

“ကြီးမြတ်သောသူတော်စင်စိတ်ဝိဉာဉ်ကျင့်စဉ်ကို မင်းလေ့လာကြည့်ပြီးပြီလား။” ရွှမ်းအဖိုးအိုမှ မေးမြန်းလိုက်သည်။

ဇူယွမ်မှာ ခေါင်းညိတ်ပြပြီးနောက် လေးနက်သော အမူအရာဖြင့် ပြောလိုက်၏။ “ကြီးမြတ်သောသူတော်စင်စိတ်ဝိဉာဉ်ကျင့်စဉ်ရဲ့ အရေးအကြီးဆုံးအချက်က သူတော်စင်စိတ်ဝိဉာဉ်မျိုးစေ့လို့ ထင်တာပဲ။”

ရွှမ်းအဖိုးအိုမှာ ပြုံးကာပြောလိုက်သည်။ “သူတော်စင်စိတ်ဝိဉာဉ်မျိုးစေ့ကို ဖန်တီးဖို့အတွက် ကိုးဆယ့်ကိုးမျိုးသော သားရဲတွေရဲ့ စိတ်ဝိဉာဉ်လိုအပ်တယ်။ ကိုးဆယ့်ကိုးမျိုးမှာ ကိုးမျိုးက စိတ်ဝိဉာဉ်မျိူးစေ့အတွက် အခြေခံဖြစ်ပြီး ကျန်တာတွေက အထောက်အပံပဲ။ ပါဝင်ပစ္စည်းတွေကို စုဆောင်းပြီးပြီဆိုရင် ကျောက်စိမ်းစာလိပ်ထဲမှာ ညွှန်ကြားထားတဲ့အတိုင်း ရောနှောပေါင်းစပ်ပြီးတော့ သူတော်စင်စိတ်ဝိဉာဉ်မျိုးစေ့ကို ဖန်တီးရမယ်။”

သူတော်စင်စိတ်ဝိဉာဉ်မျိုးစေ့ကို ဖန်တီးပြီးပြီဆိုရင် ရုပ်လုံးပေါ်လာတဲ့အထိ ပြုလုပ်ရမယ်။ အဲဒီအချိန်ကြရင် တိုက်ပွဲတွေမှာ အရမ်းကို အသုံးဝင်လာလိမ့်မယ်။”

“ဒီကျင့်စဉ်ရဲ့ ခက်ခဲတဲ့ အပိုင်းက မူလသားရဲတွေရဲ့ စိတ်ဝိဉာဉ်ကို ရှာဖွေပေါင်းစပ်ဖို့ပဲ။ သားရဲအမျိုးအစားတွေရဲ့ စိတ်ဝိဉာဉ်က ကွဲပြားခြားနားနေတဲ့အတွက် ပေါင်းစပ်ဖို့ အရမ်းခက်ခဲတယ်။ အတင်းအကြပ် လုပ်မယ်ဆိုရင် အရာမထင်ပဲ ပျက်စီးသွားရလိမ့်မယ်။”

“စိတ်ဝိဉာဉ်တွေကို ရောနှောပေါင်းစပ်ဖို့ အတွက် ရှင်းလင်းတိကျတဲ့ ထိန်းချုပ်မှုကို လိုအပ်ပြီးတော့ အောင်မြင်ဖို့လည်း အရမ်းခက်ခဲတယ်။”

“ဒါက နဂါးကိုးကောင်နိယာမနဲ့ တော်တော်ဆင်တာပဲ။” ဇူယွမ်မှာ တိုးညင်းစွာရေရွတ်လိုက်၏။ သို့သော် နဂါးကိုးကောင်နိယာမမှာ သွေးအဆီအနှစ်များကိုသာ လိုအပ်ခြင်းဖြစ်ပြီး သူတော်စင်စိတ်ဝိဉာဉ်မျိုးစေ့အား ဖန်တီးရန်အတွက်မူ သားရဲများရဲ့ စိတ်ဝိဉာဉ်များ ပေါင်းစည်းနိုင်ရန် လိုအပ်ပေသည်။ ထို့ကြောင့် ခက်ခဲမှုအဆင့်မှာ များစွာကွာခြားလှပေ၏။

ရွှမ်းအဖိုးအိုမှာ ခပ်ဖွဖွ ရယ်မောလိုက်ပြီးနောက် အင်္ကျီလက်မောင်အိုးအတွင်းမှ သားရဲစိတ်ဝိဉာဉ်ပုံဆောင်ခဲနှစ်ခုအား ထုတ်ယူလိုက်သည်။ “ကြိုးစားကြည့်။”

ဇူယွမ်မှာ ပုံဆောင်ခဲနှစ်ခုအားရယူကာ ခေါင်းညိတ်ပြလိုက်၏။ ဇူယွမ်မှာ လက်ဝါးနှစ်ဖက်ပေါ်တွင် ပုံဆောင်ခဲနှစ်အား တင်ဆောင်လိုက်ပြီးနောက် အက်ကွဲစေလိုက်သည်။ ပုံဆောင်ခဲအတွင်းမှ သားရဲနှစ်ကောင်၏ စိတ်ဝိဉာဉ်ပုံရိပ်များမှာ ဟိန်းဟောက်သံသဲ့သဲ့ဖြင့် ထွက်ပေါ်လာတော့၏။

ဇူယွမ်မှာ ချီစွမ်းအင်များအား ပေါက်ကွဲစေလိုက်ပြီးနောက် သားရဲနှစ်ကောင်၏ စိတ်ဝိဉာဉ်ပုံရိပ်များအား ဖြည်းညင်းစွာ ထိတွေ့စေလိုက်သည်။

သားရဲနှစ်ကောင်၏ စိတ်ဝိဉာဉ်ပုံရိပ်များမှာ ထိတွေ့သွားသည်နှင့် တပြိုင်နက် အတင်းအကြပ် ပေါင်းစည်းခံလိုက်ရသည့်အလား ပြင်းထန်စွာပေါက်ကွဲသွားကြ၏။ အဆုံးတွင် မူလသားရဲနှစ်ကောင်၏ စိတ်ဝိဉာဉ်ပုံရိပ်များမှာ အခိုးအငွေ့အဖြစ်သို့ ပြောင်းလဲကာ ပျောက်ကွယ်သွားလေသည်။

ဇူယွမ်မှာ မျက်စိမျက်နှာများ ပျက်ယွင်းနေရ၏။ ကိုယ်တိုင်ကိုယ်ကျ ကြိုးစားပြီးသည့်နောက်တွင် သားရဲစိတ်ဝိဉာဉ်များအား ပေါင်းစပ်ရန်မှာ မည်မျှခက်ခဲကြောင်း သိရှိသွားရသည်။

ရွှမ်းအဖိုးအိုမှာ ဖြည်းညင်းစွာ စကားဆိုလိုက်၏။ “ဒီသားရဲစိတ်ဝိဉာဉ်ပုံဆောင်ခဲက အဆင့်နှစ်ပဲ ရှိသေးတယ်။ သူတော်စင်စိတ်ဝိဉာဉ်မျိုးစေ့ကို ဖန်တီးဖို့ဆိုရင် အနိမ့်ဆုံး အဆင့်လေးရှိတဲ့ သားရဲတွေရဲ့စိတ်ဝိဉာဉ်ပုံဆောင်ခဲတွေကို ပေါင်းစည်းဖို့လိုအပ်တယ်။ ကိုးဆယ့်ကိုးမျိုးသောသားရဲတွေရဲ့ စိတ်ဝိဉာဉ်တွေထဲက အခြေခံဖြစ်တဲ့ ကိုးမျိုးကိုတော့ အဆင့်ငါးရှိတဲ့ သားရဲတွေရဲ့ စိတ်ဝိဉာဉ်ပုံဆောင်ခဲတွေနဲ့ ပြုလုပ်ရမယ်။”

“ပြီးတော့ အဆင့်နိမ့်တဲ့ သားရဲတွေပဲသုံးရင် မင်းရဲ့သူတော်စင်မျိုးစေ့ကလည်း အဆင့်မြင့်မှာ မဟုတ်ဘူး။”

“သူတော်စင်စိတ်ဝိဉာဉ်မျိုးစေ့မှာ အဆင့်တွေထပ်ခွဲထားသေးတာလား။” ဇူယွမ်မှာ အံ့အားသင့်စွာဖြင့် မေးမြန်းလိုက်သည်။

“အဆင့်နှစ်ခုထဲပါ။ သူတော်စင်စိတ်ဝိဉာဉ်မျိုးစေ့ကို အဆင့်နိမ့်နဲ့ အဆင့်မြင့်ဆိုပြီး နှစ်မျိုးခွဲခြားထားတယ်။ ခုနက ငါပြောတဲ့ အဆင့်လေးနဲ့ အဆင့်ငါး သားရဲတွေကို အသုံးပြုတာက အဆင့်နိမ့်မျိုးစေ့ကိုပဲ ဖန်တီးလို့ရမယ်။ အဆင့်မြင့်သူတော်စင်မျိုးစေ့ကို ဖန်တီးဖို့အတွက်ဆိုရင် အခြေခံစိတ်ဝိဉာဉ် ကိုးမျိုးကအဆင့်ခြောက်ရှိတဲ့ သားရဲတွေရဲ့ ပုံဆောင်ခဲ ဖြစ်ဖို့လိုအပ်တယ်။”

ဇူယွမ်၏ အမူအရာမှာ ပို၍ပင် ဆိုးရွားသွားရ၏။ အဆင့်ခြောက်ရှိသော မူလသားရဲများမှာ ကောင်းကင်ဘုံနေမင်းအဆင့်ရှိသော ကျင့်ကြံသူများအတွက်ပင် ကိုင်တွယ်ရန်ခက်ခဲလွန်းလှသည်။ ထိုအဆင့်သို့ရောက်ရှိနေသော မူလသားရဲများမှာ အသိဉာဏ်မြင့်မားလှသည့်အတွက် ထိခိုက်ထားသော စိတ်ဝိဉာဉ်ပုံဆောင်ခဲဆိုလျှင်ပင် ကိုင်တွယ်ရန်ခက်ခဲလှ၏။

“သူတော်စင်စိတ်ဝိဉာဉ်မျိုးစေ့ရဲ့ အဆင့်နှစ်ခုက ဘာတွေကွာခြားတာလဲ။” ဇူယွမ်မှ မေးမြန်းလိုက်သည်။

အဆင့်မြင့် သူတော်စင်စိတ်ဝိဉာဉ်မျိုးစေ့ကတော့ အဆင့်နိမ့်ထက် အများကြီးပိုပြီးသန်မာတာပေါ့။ ပြီးတော့ အသုံးပြုသူအတွက်လည်း အများကြီးပိုပြီး အသုံးဝင်တယ်။ မင်း ဒီကျင့်စဉ်ကို ကျင့်ကြံတဲ့အခါကျရင် သိလာပါလိမ့်မယ်။”

ရွှမ်းအဖိုးအိုမှာ ဇူယွမ်အား ကြည့်ကာပြောလိုက်၏။ မင်းရဲ့စွမ်းအင်အဆင့်လောက်ဆိုရင်တော့ အဆင့်နိမ့်သူတော်စင်မျိုးစေ့ဆို ရပါပြီ။”

ဇူယွမ်မှာ မည်သည့်စကားမှ ပြန်လည်ပြောကြားခြင်းမရှိပဲ အနည်းငယ်မျှ တွေးတောကြည့်လိုက်သည်။ ထို့နောက် ဇူယွမ်မှာ ကြီးမားလှသော ပြဿနာအား စဉ်းစားမိသွား၏။ ထိုအရာမှာ အဆင့်နိမ့်သူတော်စင်မျိုးစေ့အား ဖန်တီးနိုင်ရန်အတွက်ပင်များပြားလှသော စိတ်ဝိဉာဉ်ပုံဆောင်ခဲများ လိုအပ်မည်ဟူသော အချက်ပင်ဖြစ်သည်။

အဆင့်မြင့်သူတော်စင်မျိုးစေ့ဆိုလျှင် အဆင့်ခြောက်ရှိသော မူလသားရဲကိုပင် လိုအပ်ဦးမည် ဖြစ်၏။

မူလသားရဲလောကတွင် အဆင့်ခြောက်ရှိသော မူလသားရဲများအား ကောင်းကင်အဆင့် မူလသားရဲဟု ခေါ်ဆိုကြသည်။

ကောင်းကင်အဆင့် မူလသားရဲများ၏ မူလပုံဆောင်ခဲများမှာ ရှားပါးရုံမျှသာမဟုတ်ပဲ တန်ဖိုးလည်းကြီးမားလွန်းသောကြောင့် ဇူယွမ်မှာ ရှာဖွေဝယ်ယူရန်ပင် တတ်နိုင်မည်မဟုတ်ချေ။

“အဆင့်မြင့် သူတော်စင်မျိုးစေ့ကို ဖန်တီးဖို့ဆိုရင် ပါဝင်ပစ္စည်းတွေ အများကြီးလိုအပ်မှာပဲ။” ဇူယွမ်မှာ သက်ပြင်းချကာ ရေရွတ်လိုက်၏။

“အဟက်....ရည်မှန်ချက်ကြီးသားပဲ။”

ရွှမ်းအဖိုးအိုမှာ ဆေးပြင်းလိပ်အား ခဲလိုက်ပြီးနောက် တည်ငြိမ်စွာဖြင့် ပြောဆိုလိုက်သည်။ “အဲ့အတွက်တော့ စိတ်မပူပါနဲ့။ မင်းကသူတော်စင်တောင်ထွတ်အတွက် အများကြီးလုပ်ပေးခဲ့ပေမယ့် အခုအချိန်ထိ ဆုလာဘ်မရသေးဘူးလေ။ မင်းသာ ဆုံးဖြတ်ချက်ချပြီးပြီဆိုရင် မူလသူတော်စင်တောင်ထွတ်က သူတော်စင်စိတ်ဝိဉာဉ်မျိုးစေ့အတွက် လိုအပ်တဲ့အရာတချို့ ရှိပါတယ်။”

“အဲဒါတွေကို မင်းက ဆုလာဘ်အနေနဲ့ ယူလိုက်။ ငါ့ကိုသူတော်စင်တောင်ထွတ်အတွက် ဘယ်လိုတွေကြိုးစားပေးခဲ့တာပါ ဆိုပြီး နားငြီးအောင် လာလာမပြောနဲ့တော့။”

ဇူယွမ်မှာ ပျော်ရွှင်ဝမ်းမြောက်သွားပြီးနောက် ရှက်ရွံစွာဖြင့် နှာခေါင်းအား ပွတ်သပ်လိုက်၏။

ရွှမ်းအဖိုးအို၏ စကားအရဆိုလျှင် ဇူယွမ်မှာ သူတော်စင်စိတ်ဝိဉာဉ်မျိုးစေ့အား ဖန်တီးရန်အတွက်လိုအပ်သော သားရဲများ၏စိတ်ဝိဉာဉ်ပုံဆောင်ခဲများ ရှာဖွေနိုင်ရန် စိုးရိမ်ပူပန်နေစရာ မလိုအပ်တော့ပေ။

သူတော်စင်စိတ်ဝိဉာဉ်မျိုးစေ့၏ အဆင့်အနိမ့်အမြင့်အတွက်မူ ဇူယွမ်မှာ သင့်တော်သောအဆင့်တစ်ခုကို ဖန်တီးသွားမည်ပင် ဖြစ်သည်။ အဆင့်မြင့် သူတော်စင်စိတ်ဝိဉာဉ်မျိုးစေ့ကို ဖန်တီးရန် မဖြစ်နိုင်ခဲ့ပါက ဇူယွမ်မှာ ရွေးချယ်စရာ မရှိပဲ အဆင့်နိမ့် သူတော်စင်မျိုးစေ့ကိုသာ ဖန်တီးရမည်ပင် ဖြစ်ပေတော့သည်။

All Chapters