အသက်တစ်ချောင်းနှင့် အခြားတစ်ခုကို လဲလှယ်ခြင်း
Vol. 1 Ch. 23
ကောင်းကင်တောင်ပံ မြို့တွင် ကျန်းဂိုဏ်း၏ အဆင့်အတန်းသည် ကျီမိသားစုအောက်တွင် ရှိပြီး မာမိသားစု၏ အထက်တွင် ရှိသည်။ သို့သော် အကြီးအကဲချုပ် ကျန်းယွင်ရှဲ ပျောက်ဆုံး သွားသည်နှင့် ကျန်းဂိုဏ်းသည် သူတို့၏ တစ်ဦးတည်းသော ခရမ်းရောင် နန်းတော်ရှင်အဆင့် သိုင်းပညာရှင်ကို ဆုံးရှုံးလိုက်ရသည်။ တစ်ဖက်တွင် လွန်ခဲ့သော သုံးနှစ်လောက်က ကျီမိသားစု၏ သခင်လေး ကျီနူကျန့်သည် မာမိသားစုမှ မိန်းမပျိုလေး တစ်ယောက်ကို လက်ထပ် လိုက်သောကြောင့် မာမိသားစု၏ အဆင့်အတန်းသည် တစ်ဟုန်ထိုး မြင့်တက် သွားခဲ့ပေသည်။ နှစ်နှစ်ကျော်ခန့် အတွင်းတွင် မာမိသားစုသည် ကျန်းဂိုဏ်းထက် သာလွန်သွားခဲ့သည်။
မိသားစုနှစ်ခုမှ လူများသည် တိုက်လိုက် နေကြသည်မှာ နှစ်အတော်ကြာခဲ့ပြီ ဖြစ်သည်။ လွန်ခဲ့သည့် နှစ်အနည်းအတွင်း ကျန်းရုလုံနှင့် မာမိသားစုမှ လူငယ် တစ်ယောက်သည် လူဆယ့်နှစ်ယောက် ခန့်စီကို ဦးဆောင်ကာ တိုက်ခိုက်ခဲ့ကြသည်ဟု ဆိုသည်။ မာမိသားစုမှ လူငယ် နှစ်ယောက်သည် အရိုက်အနှက် အထုအထောင်း ခံရသည်မှာ ယနေ့တိုင် အိပ်ရာထဲမှ မထနိုင်ဟု ကျန်းရီ ကြားသိခဲ့သည်။
ကျန်းရီသည် စိတ်ထဲတွင် လေးလံလာခဲ့သည်။ ဖန်းယွီ ဆောင်ကြာမြိုင်သည် မာမိသားစု၏ ပိုင်ဆိုင်မှုဟု မည်သူက သိပါမည်လဲ...ကျန်းရီသည် ယနေ့ ဘာအမှားအယွင်းမှ မရှိပါစေနဲ့ဟုသာ ဆုတောင်းမိသည်...
ကျန်းရီသည် လက်ဖက်ရည် သောက်နေသော မာသခင်လေးကို အိမ်တော်ထိန်းသည် ရိုကျိုးစွာ စကားပြောနေသည်ကို မြင်လိုက်ပြီးနောက် အိမ်တော်ထိန်းသည် သူ့ဘက်ကို လှည့်လာကာ လှောင်ပြောင် လိုက်သည်...
“အို...တစ်လမပြည့်ခင် မင်းရောက်လာတာဘဲ...ခရမ်းရောင်ရွှေတွေ ရခဲ့ပြီလား”
ကျန်းရီသည် အိမ်တော်ထိန်းကို တစ်ချက် ကြည့်လိုက်ရင်း မျက်စောင်းထိုး နေရာတွင်ရှိသော မာသခင်လေးကို တိတ်တဆိတ် အကဲခတ်လိုက်သည်။
“ငါ့မှာ ပိုက်ဆံရှိတယ်..ဘာလို့ အမိန့်ပေး တံဆိပ်ပြားကို ပြန်မပေးသေးတာလဲ...” ကျန်းရီသည် ဘာမှ မဖြစ်သလို ပြောခဲ့လိုက်သည်။
မာမိသားစုမှ အမျိုးသားငယ်သည် ကျန်းရီကို တစ်ချက်တောင် ကြည့်မလာခဲ့ပဲ လက်ဖက်ရည် သောက်ခြင်းသည်သာ အလုပ်ကြီးတစ်ခုဟု မှတ်ယူထားပုံရသည်။ သူသည် ကျန်းရီကို ဖန်းယွီ ဆောင်ကြာမြိုင်မှ အဆင့်နိမ့် မိန်းကလေးများ ကဲ့သို့ပင် လျစ်လျူရှု ထားခဲ့သည်။
အိမ်တော်ထိန်း သည်လည်း ကျန်းရီကို စကားအများကြီး ပြောမနေတော့ပေ...သူသည် အနီးရှိ အစောင့် တစ်ယောက်ကိုသာ အမိန့်ပေးခဲ့သည်...
“အမိန့်ပေး တံဆိပ်ပြားကို ယူလာခဲ့ပေး”
အိမ်တော်ထိန်းသည် ကျန်းရီကို လုံးဝအဖက်မလုပ်ဘဲ မာသခင်လေးဘက်သို့သာ လှည့်ကာ အပြုံးတစ်ခုနှင့် မေးလိုက်သည်...
“သခင်လေးဖေး...အချိန်တွေ အများကြီး ရှိပါသေးတယ်...ဘာလို့ ဖုန့်ရှန်းကို ခေါ်ပြီး မဖျော်ဖြေခိုင်းတာလဲ...သူမက ပန်းပွင့် မိန်းမပျိုလေးဆီက ဖျော်ဖြေနည်းတွေ အများကြီး သင်ထားတယ်...သခင်လေးကို သက်သောင့်သက်သာ ဖြစ်စေမှာပါ...”
မာသခင်လေးသည် ဘာမှမဖြစ်သလို အမူအရာနှင့် လက်ဖက်တစ်ငုံ သောက်လိုက်သည်
“မင်း ဘာကို ပြောချင်တာလဲ...ငါဒီကို အလုပ်ကိစ္စနဲ့ လာတာလေ...မင်းပြောလိုက်တဲ့ ပုံက ငါက ဒီကို အပျော်ရှာဖို့ ရောက်လာသလိုပဲ...”
မာသခင်လေးသည် အိမ်တော်ထိန်း၏ ပခုံးကို တစ်ချက် ပုတ်လိုက်ပြီး အပေါ်ထပ်သို့ တက်သွားလိုက်သည်။ ထိုအခါ ကျန်းရီ၏ တင်းထားသော စိတ်များ ပြေလျော့ သွားရသည်။ အစောင့်သည် အမိန့်ပေး တံဆိပ်ပြားကို ယူ၍ ပြန်ရောက်လာသော အခါတွင် ကျန်းရီသည် အိမ်တော်ထိန်းကို ပေးရန် ခရမ်းရောင်ရွှေ တစ်ဆယ်တေးလ်ကို ထုတ်ယူလိုက်သည်။
အိမ်တော်ထိန်းသည် လှေကားပေါ်ရှိ မာသခင်လေးကို တစ်ချက် ကြည့်လိုက်သည်။ သူသည် ကျန်းရီဆီမှ ခရမ်းရောင်ရွှေ တစ်ဆယ်တေးလ်ကို ဘေးသို့ ကြည့်လျက်သာ ယူခဲ့လိုက်ပြီး ပြစ်တင်လိုက်သည်...
“ခွေးကောင်လေး...မင်းနောက်တစ်ခါ မရိုင်းစိုင်းနဲ့တော့..ငါအခု ကျန်းဂိုဏ်းကို မျက်နှာသာ ပေးလိုက်တယ်လို့ မှတ်လိုက်...”
“ကျန်းဂိုဏ်း...”
မာသခင်လေးသည် အပေါ်ထပ်သို့ တက်နေသော ခြေလှမ်းများကို ရပ်တန့်လိုက်သည်။ သူ၏ အကြည့်သည် အမိန့်ပေး တံဆိပ်ပြားပေါ်ရှိ 'ကျန်း'ဟူသော သင်္ကေတကို အလျင်အမြန် သတိပြုမိ သွားခဲ့သည်။
“ဟမ့်”...သူသည် နှာခေါင်းရှုံ့ လိုက်သည်။
သေစမ်း
ကျန်းရီသည် အခြေအနေ မကောင်းတော့ကြောင်း သဘောပေါက် သွားခဲ့သည်။ မာသခင်လေး၏ စကားပြောသံကို ကြားသည်နှင့် အစောင့်သည် တံဆိပ်ပြားကို သူ့ဘက်သူ ပြန်ဆွဲယူ သွားခဲ့သည်။ ကျန်းရီတွင် တံဆိပ်ပြားကို လုယူရန် အခွင့်အရေးလည်း မရှိပေ။ သူသည် မာသခင်လေးကို စိုက်ကြည့်လိုက်ရုံသာ တတ်နိုင်သည်။
မာသခင်လေးသည် ကျန်းရီကို တစ်ချက် ကြည့်လိုက်ပြီး အိမ်တော်ထိန်းကို မေးခွန်း ထုတ်လိုက်သည်...
“အိမ်တော်ထိန်း လျှို...ကျန်းဂိုဏ်း ဆိုတာက ဘာအဓိပ္ပာယ်လဲ...ဒီအမိန့်ပေး တံဆိပ်ပြားကရော...”
အိမ်တော်ထိန်း လျှိုသည် ထိုနေ့က ဖြစ်ပျက်ခဲ့သမျှကို မာသခင်လေးအား စိတ်အား ထက်သန်စွာ ပြန်ပြောခဲ့သည်။ သူသည် အဆုံးသတ်ကို တမင်ပင် မှတ်သား ဖွယ်ရာလေးနှင့် အဆုံးသတ် လိုက်သေးသည်...
“သခင်လေး မာဖေး...အဲဒီနေ့က ကျွန်တော်တို့ လူတွေ အများကြီး မထိခိုက်လိုက်ပါဘူး...ကျန်းဂိုဏ်း ဖြစ်နေတာကြောင့်လည်း ကျွန်တော်တို့ အလုပ်သမားတွေက ကြီးကြီးကျယ်ကျယ် ဖြစ်မသွားချင်ပါဘူး...ဒါကြောင့် ဂိုဏ်းကိုတောင် အကြောင်း မကြားခဲ့တာပါ...”
လှောင်ပြောင်လိုသော အပြုံးသည် မာဖေး၏ မျက်နှာထက်တွင် ပေါ်လာခဲ့သည်။ သူသည် ကျန်းရီကို တစ်ချက် ကြည့်လိုက်ပြီး နှာခေါင်းတစ်ချက် ရှုံ့လိုက်သည်။
“မင်းက ငါတို့ ဆောင်ကြာမြိုင်ရဲ့ အဖိုးတန် ပန်းချီကားကိုလည်း ဖျက်ဆီး လိုက်သေးတယ်...ငါတို့ လူတွေကိုလည်း တိုက်ခိုက် လိုက်သေးတယ်...မင်းက ဒီကိစ္စတွေကို ဒီလောက် လွယ်လွယ်နဲ့ ပြီးသွားမယ် ထင်နေတာလား...ဒီမှာ ကျန်းဟန်ရွှေ ရောက်နေတယ် ဆိုရင်တောင် ဒီကိစ္စကို မဖြေရှင်းနိုင်လောက်ဘူးလို့ မထင်မိဘူးလား...”
ငါသိတာပေါ့...
မာဖေး၏ အပြုအမူများကို တစ်ချက်ကြည့်ရုံမျှနှင့် ကျန်းရီသည် ကိစ္စများ လွယ်လွယ် မပြီးဆုံးသေးကြောင်း သိလိုက်သည်။ သူသည် သူ၏ ကံမကောင်းမှုကိုသာ တိတ်တဆိတ် ကျိန်ဆဲလိုက်သည်။ သူသည် အဘယ့်ကြောင့်များ အိမ်က ထွက်မလာခင် ပြက္ခဒိန် မကြည့်ခဲ့ရပါသနည်း...မာမိသားစုနှင့် ကျန်းဂိုဏ်း၏ ပဋိပက္ခများကြောင့် မာမိသားစုမှ မည်သည့် လူငယ်မဆို ကျန်းရီကို ပြဿနာရှာရန် တွေးကြမည်သာ...
သူတို့သည် အဘယ့်ကြောင့်များ ဤကဲ့သို့ ကျန်းဂိုဏ်းကို ပေါ်တင်ရန်စရမည့် အရေးအား လက်လွှတ် လိုက်ရပါမည်နည်း...
ကျန်းရီသည် ခဏမျှ တွေးတောလိုက်ပြီး လေသံကို ထိန်းကာ ပြောဆိုလိုက်သည်...
“သခင်လေး...ကျွန်တော်နဲ့ အိမ်တော်ထိန်းက အဲဒီနေ့က ကတိတစ်ခု ထားခဲ့ကြပါတယ်...အခု ပိုက်ဆံကို ယူလို့ရပါပြီ...ဆောင်ကြာမြိုင်ကြီး တစ်ခုအနေနဲ့ ဖန်းယွီ ဆောင်ကြာမြိုင်က ကတိ တစ်ခုကိုတော့ မချိုးဖောက် လောက်ဘူးမလား...တခြားလူတွေသာ သိသွားမယ် ဆိုရင်လည်း ဂုဏ်သတင်းကို ထိခိုက် စေပါလိမ့်မယ်...”
အိမ်တော်ထိန်း လျှိုသည် အခက်တွေ့ သွားရသည်။ အလုပ်လုပ်ရာတွင် ဂုဏ်သတင်းသည် အလွန် အရေးပါပေသည်။ သူသည် ဖန်းယွီ ဆောင်ကြာမြိုင်မှ အိမ်တော်ထိန်းဖြစ်ရာ ဂုဏ်သတင်းသည် သူ့အပေါ်တွင်လည်း မူတည်ပေသည်။ သူသည် လူငယ်တစ်ဦးကို အနိုင်ကျင့်သည် ဟူသော သတင်းများ ထွက်သွားခဲ့လျှင် သူ့အတွက် မကောင်းပေ။ ထို့ကြောင့် အိမ်တော်ထိန်းလျှိုသည် တိတ်ဆိတ် နေလိုက်သည်။
“ငါ့ဖင်ကိုပဲ ထိခိုက်လိုက်”
အေးစက်စွာ ပြုံးလိုက်ရင်း မာဖေးသည် ကျန်းရီ၏ ရှေ့တွင် မတ်တတ်ရပ် လိုက်သည်။ သူသည် ကျန်းရီ၏ နဖူးကို လက်ညှိုး တစ်ချောင်းဖြင့် တွန်းလိုက်ရင်း ပြောခဲ့သည်...
“မင်းကိုယ်မင်း ဘယ်သူလို့ ထင်နေလဲ...မင်းရဲ့အစေခံက ငါတို့ ဆောင်ကြာမြိုင်မှာ အလုပ်လုပ်တယ်...သူမက ငါတို့ရဲ့ ပိုင်ဆိုင်မှုကို ထိခိုက်အောင် လုပ်ရုံတင်မကဘူး...မင်းကပါ ငါတို့ လူတွေကို တိုက်ခိုက်ခဲ့တယ်...မြို့စားဆီ သတင်းရောက်သွားမယ် ဆိုရင်တောင် မာမိသားစုက ဒီကိစ္စကို ဒီလောက်နဲ့ ငြိမ်ပေးလိုက်မှာ မဟုတ်ဘူး...မင်းက ငါတို့ကို ခရမ်းရောင်ရွှေ တစ်ဆယ်တေးလ် လေးနဲ့ လာပြီး နှစ်သိမ့် ပေးနေတာလား...ငါတို့မိသားစုက အဲဒီလောက် မဆင်းရဲဘူး...ငါ့ကို အမိန့်ပေး တံဆိပ်ပြား ပေးစမ်း”
ဖန်းယွီ ဆောင်ကြာမြိုင်မှ အစောင့်သည် အမိန့်ပေး တံဆိပ်ပြားကို မာဖေးထံ ပေးလိုက်သည်...
“မင်းက အမိန့်ပေး တံဆိပ်ပြားကို လိုချင်တာလား...သေမှပဲ ရမယ်”
မင်း...
ကျန်းရီ၏ ဒေါသများ ပေါက်ကွဲ လုနီးပါးပင်...ထိုအရာသည် အမိန့်ပေး တံဆိပ်ပြား သက်သက် မဟုတ်ချေ။ ရှောင်နူ၏ အသက်သည် ထိုအရာပေါ်တွင် မူတည်နေသည်။ သူသည် စိတ်ငြိမ်ငြိမ်ထား၍ အံကြိတ်ကာ မေးလိုက်သည်...
“မင်း ဘာလိုချင်တာလဲ”
“ရိုးရိုးလေးပဲ”
မာဖေးသည် လှောင်ပြုံးနှင့် တစ်လုံးချင်း ပြောလာခဲ့သည်...
“အပျက်အစီးအတွက် အလျော် ပေးရမယ်...မင်းက ပန်းချီကားအတွက် ခရမ်းရောင်ရွှေ တစ်ဆယ်တေးလ်ကို အလျော် ပေးပြီးပြီဆိုတော့ မင်းသာ ဒဏ်ရာရသွားတဲ့ အစောင့်တွေကို ဆေးကုသစရိတ် ပေးပြီး ဖန်းယွီ ဆောင်ကြာမြိုင်ရဲ့ ဂုဏ်သတင်းအတွက် တောင်းပန် ပေးမယ်ဆိုရင် ငါချက်ချင်း တံဆိပ်ပြားကို ပြန်ပေးလိုက်မယ်”
ကျန်းရီ၏ မျက်လုံးများ နက်မှောင်သွားခဲ့သည်။ သူသည် စကားနှစ်ခွန်း ထွက်လာစေရန် အတော် အားထုတ်လိုက်ရသည်...
“ဘယ်လောက်လဲ”
မာဖေးသည် သူ့ဝတ်ရုံပေါ်တွင် မရှိသော ဖုန်များကို ခါလိုက်ရင်း ယုတ်မာစွာ ပြောလိုက်သည်...
“သိပ်မများပါဘူး...ငါအကြမ်းဖျင်း တွက်ကြည့်ရ သလောက်ဆို မင်းဘာလို့ ခရမ်းရောင်ရွှေ တေးလ် တစ်ရာလောက် တန်ဖိုးရှိတဲ့ တစ်ခုခု မပေးတာလဲ...ဒါဆို ကျန်းဟန်ရွှေရဲ့ မျက်နှာကို ထောက်ထားပြီး ဒီကိစ္စကို ရပ်ပေးလိုက်မှာပေါ့...”
ငါ့မှာ ထပ်ပြီး ရွေးချယ်စရာ မရှိတော့ဘူး...
ကျန်းရီသည် ခေါင်းငုံ့ထားကာ သူ့အင်္ကျီစကို တင်းတင်းကျပ်ကျပ် ဆုပ်ထားလိုက်သည်။ သူ့လက်ကို ဆုပ်ထားသည်မှာ တင်းကျပ်လွန်းသဖြင့် အရေပြားပေါ်မှ သွေးကြောများ ထောင်ထ လာသည်ကိုပင် မြင်နေရသည်။ သူ့ကိုယ်မှ သတ်ဖြတ်လိုစိတ် များသည် ထွက်ပေါ်လာခဲ့သည်။ သူသည် ဒေါသကြီးလာသော ခြင်္သေ့သည် လည်ဆံမွေးများ ထောင်လာ သကဲ့သို့ပင်...
“ဟား..ဟား..မင်းက တိုက်ချင်လို့လား...ငါ့ကို လာရိုက်လေ...လာစမ်းပါ...မင်းကို ငါ ပြန်မတိုက်ဘူးလို့ ကတိပေးတယ်...”
ကျန်းရီ၏ ပုံစံကို မြင်လျှင် မာဖေးသည် တစ်စက်မှတောင် ကြောက်မသွားပဲ ရယ်သံပင် ထွက်လာချေသေးသည်။ သူ့အမြင်တွင် ကျန်းရီသည် သဏ္ဌာန်သုံးဆင့် အသွင်ပြောင်းခြင်း ဒုတိယ အဆင့်တွင်သာ ရှိသော ဘာမှမဟုတ်သည့် လူတစ်ယောက် ဖြစ်သည်။ ကျန်းရီသာ သူ့ကို တိုက်ရဲလျှင် သူသည် မထနိုင်အောင် လုပ်ပေးလိုက်မည်သာ...ဆောင်ကြာမြိုင်တွင် ရှိနေသော အစောင့် ခုနစ်ယောက်၊ ရှစ်ယောက်ခန့်ကို ထည့်မထွက်ပဲ သဏ္ဌာန်သုံးဆင့် အသွင်ပြောင်းခြင်း စတုတ္ထအဆင့်တွင် ရှိသော မာဖေး တစ်ယောက်တည်း ဖြင့်ပင် ကျန်းရီကို တစ်ချက်တည်းနှင့် လဲသွားအောင် စွမ်းဆောင် နိုင်ပေသည်။
သို့သော် အိမ်တော်ထိန်း လျှိုသည် ကျန်းရီ မည်မျှပင် အားကောင်းကြောင်း သိလေသည်။ သူသည် ထိုနေ့က သဏ္ဌာန်သုံးဆင့် အသွင်ပြောင်းခြင်း ပထမအဆင့်တွင်သာ ရှိသော်လည်း တတိယအဆင့်ရှိ အစောင့်ကို အနိုင်ယူခဲ့သည်။ သူသည် ကျန်းရီ၏ စွမ်းအား အစစ်အမှန်ကို မသိသော်လည်း အစောင့်များကို မျက်လုံးဖြင့် အချက်ပြလိုက်ရင်း မာသခင်လေးဆီ ခြေနှစ်လှမ်းခန့် တိုးကပ် သွားလိုက်သည်။
ကျန်းရီ၏ ခေါင်းသည် ဖြည်းဖြည်းချင်း မော့လာခဲ့သည်။ သူ့အမူအရာသည် မထင်မှတ် ထားလောက်အောင် တည်ငြိမ်နေခဲ့သည်။ သူသည် သခင်လေးမာကိုသာ ကြည့်ရင်း ပြောလာခဲ့သည်...
“မာ သခင်လေး...လျော်ကြေးကို လျှော့ပေးလို့ မရဘူးလား...ခရမ်းရောင်ရွှေ ငါးဆယ်တေးလ် ဆိုရင်ရော ဘယ်လိုလဲ...ငါးဆယ်တေးလ်က ကျွန်တော့်မှာ ရှိသမျှ အကုန်ပါပဲ...သခင်လေးသာ သဘောတူမယ်ဆိုရင်...အခုပေးပါ့မယ်...”
စကားပြောပြီး သည်နှင့် အသနားခံသည့် ပုံစံနှင့် ကျန်းရီ၏ လက်တစ်ဖက်သည် ဝတ်ရုံဆီ အလျင်အမြန် လက်လှမ်းလိုက်သည်။ အိမ်တော်ထိန်း လျှိုနှင့် အစောင့်များ၏ မျက်လုံးများသည် ဝင်းလက် သွားကြသည်။ သူတို့သည် ကျန်းရီ၏ ဘယ်လက်မှ ငွေများ ထုတ်ယူနေသည်ကို စိတ်ဝင်တစား ကြည့်နေကြသည်။
“ဟမ်...”
ကျန်းရီ ထုတ်ယူလိုက်သော အရာသည် ခရမ်းရောင်ရွှေများ မဟုတ်ဘဲ စက္ကူဖြင့် ထုပ်ပိုးထားသော အနက်ရောင် ပစ္စည်းတစ်ခု ဖြစ်နေသောအခါ လူတိုင်းသည် ဆွံ့အသွားကြသည်။ အိမ်တော်ထိန်းသည် ဘာဖြစ်မှန်း သိရှိသွားပြီး ချက်ချင်း အော်ပြောလိုက်သည်...
“သခင်လေးဖေး...သတိထား”
“ဟမ့်...နောက်ကျသွားပြီ...ငါရဲ့ လျှို့ဝှက်လက်နက်...နှလုံးဖျက်ဆီး အဆိပ်မှုန့်ကို မြည်းကြည့်လိုက်”
ကျန်းရီသည် အော်ဟစ်လိုက်ပြီး အနက်ရောင် ပစ္စည်းကို အတွင်းအားသုံး၍ ခြေပစ်လိုက်ရာ အမှုန့်များအဖြစ် ပြောင်းလဲသွားခဲ့သည်။ ထို့နောက် ချက်ချင်းပင် သူ့ရှေ့မှ သခင်လေးမာ၊ အိမ်တော်ထိန်းနှင့် အစောင့်နှစ်ယောက်ကို အမှုန့်များဖြင့် ပက်လိုက်သည်။
“နောက်ဆုတ်ကြ”
အိမ်တော်ထိန်း၏ မျက်နှာ အမူအရာသည် ပြောင်းလဲသွားခဲ့သည်။ သူသည် သူ့သခင်လေးကို အနောက်တွင် ထား၍ ကာကွယ်ရင်း နောက်ဆုတ်လိုက်သည်။ အစောင့်နှစ်ယောက် သည်လည်း နောက်ဆုတ် လိုက်ကြပြီး အခြားအစောင့် နှစ်ယောက်သည် အသားကုန် ပြေးလာကြသည်။ သူတို့သည် ဓားမြှောင်များကိုပင် ဆွဲထုတ်လိုက်ကြသည်။
“ပြေးဖို့ စဉ်းစား နေတာလား”
ကျန်းရီ၏ မျက်နှာထက်တွင် ရက်စက်မှုများမှ တစ်ပါး အခြားမရှိချေ။ သူသည် အိမ်တော်ထိန်းနှင့် မာဖေး၏ နောက်သို့ ကျားသစ် တစ်ကောင်လိုမျိုး ပြေးလိုက်သွားခဲ့သည်။ သူသည် အဆိပ်မှုန့်လို အရာမျိုးကို မည်သို့ ပိုင်ဆိုင်ထားသည်လဲ...တကယ်တော့...ထိုအနက်ရောင် ပစ္စည်းသည်ကား ရှောင်နူ သူ့ကို ပြင်ဆင်ပေးထားသော အသားခြောက်ပါပင်...
မာဖေးသည် ကျန်းရီကို ရွေးချယ်စရာ မရှိအောင် ဖြစ်စေခဲ့သည်။ သူသည် အနောက်ဘက် တောင်ကုန်းတွင် ကျန်းရုဟူနှင့် ရင်ဆိုင်ခဲ့စဉ်က ကဲ့သို့ပင်...သူ့တွင် လွတ်မြောက်စရာ လမ်းမရှိလျှင် သူသည် မားမားမတ်မတ် ရပ်နေမည်သာ...သူသည် တိုက်ခိုက်ပြီးမှ ထွက်သွားရမည် ဆိုလျှင်လည်း သွေးခင်းလမ်းကိုပင် ဖန်တီးရပါစေ...သူကြိုးစားမည် ဖြစ်သည်။
“ဝှစ်”
အနက်ရောင် အတွင်းအား ထွက်ပေါ်လာခဲ့ပြီး ကျန်းရီ၏ လက်သီးသည်လည်း ပုံရိပ်ခြောက်ခု အသွင်သို့ ပြောင်းသွားခဲ့သည်။
“ပုံရိပ်ယောင် လက်သီး”
ပုံရိပ်ယောင်လက်သီး သိုင်းပညာ၏ တကယ့် အနှစ်အရသာ သည်ကား ပုံရိပ် အရေအတွက် မဟုတ်ဘဲ လက်သီး အစစ်အမှန်သည် ပုံရိပ်ယောင် အသွင်ဖြစ်သွားကာ ပြိုင်ဘက်အနီးသို့ အလွယ်တကူ ရောက်ရှိသွားစေရန် ဖြစ်သည်။
ကျန်းရီသည် ပုံရိပ်ယောင်လက်သီး သိုင်းကွက်ကို သဘာဝလွန် အဆင့်သို့ ရောက်နေခဲ့သည်မှာ ကြာပြီ ဖြစ်သည်။ သို့ဖြစ်၍ အိမ်တော်ထိန်းနှင့် မာဖေးသည် သဏ္ဌာန်သုံးဆင့် အသွင်ပြောင်းခြင်း စတုတ္ထအဆင့်သာ ရှိသေးရာ ပုံရိပ်ခြောက်ခုမှ လက်သီး အစစ်အမှန်ကို မခွဲခြားနိုင်သေးပေ။
“သခင်လေး...နောက်မှာနေပါ”
အိမ်တော်ထိန်းသည် အော်ဟစ်လိုက်ရင်း အနားစွန်း ငါးခုပါ အကာအကွယ်တစ်ခု လုပ်ရန် လက်သင်္ကေတများ ပြုလုပ်လိုက်သည်။ သူသည် ကျန်းရီ ထုတ်လွှတ် လိုက်သော ပုံရိပ်ခြောက်ခုသည် အန္တရာယ် ရှိကြောင်း ခံစားမိခဲ့ လိုက်သည်။ သို့သော် မာဖေးသည် အနောက်တွင် ရှိနေရာ သူသည် မညသည်ကိုမှ အလျင်စလို မပြုလုပ်ရဲပေ...ထို့ကြောင့် တိုက်ခိုက်မှုကိုသာ ဟန့်တားထားရန် ကြိုးစားခဲ့သည်။ အစောင့်များသာ ရောက်လာလျှင် သခင်လေးမာသည် ဘေးကင်းပြီ ဖြစ်သည်။ သခင်လေး ဘေးကင်းသွားမှသာ သူတို့သည် ကျန်းရီနှင့် ဖြေရှင်းစရာများကို ဖြေရှင်းရပေမည်။
ကျန်းရီ၏ လက်သီးသည် အိမ်တော်ထိန်း၏ လက်မောင်းပေါ် ကျရောက်သွားခဲ့ပြီး အိမ်တော်ထိန်းကို ခုခံနိုင်စွမ်း မဲ့စေသည်။
“ဖုန်း...ဖုန်း...ဖုန်း..”
ကျန်းရီ၏ မြွေကျာပွတ် ခြေထောက်သည် ဆက်တိုက် လှုပ်ရှားလာပြီး အိမ်တော်ထိန်း၏ ခြေထောက်များကို ကန်လိုက်ရာ အိမ်တော်ထိန်းသည် အနောက်သို့ ခြေလှမ်းများစွာ ဆုတ်လိုက်ရသည်။ ထို့နောက် ကျန်းရီသည် ဆွံ့အနေသော မာဖေးဆီ လှည့်လိုက်ကာ လက်တစ်ဖက်နှင့် ထိုးချလိုက်သည်။
ကျန်းဂိုဏ်းရဲ့ ဒီကောင်လေးက ငါ့ထက်တောင် အားကောင်းသေးတယ်...မကောင်းတော့ဘူး...သခင်လေး အန္တရာယ် ရှိနေပြီ...
အိမ်တော်ထိန်းသည် ခြေခုနစ်လှမ်း၊ ရှစ်လှမ်းခန့် ဆုတ်ပြီးသွားမှသာ ရပ်တန့်နိုင်ခဲ့သည်။ ကျန်းရီ၏ ပုံမှန်ထက် အားပြင်းသော လက်သီးသည် မာဖေး၏ ဦးခေါင်းထက်သို့ ကျရောက် တော့မည်ကို မြင်လျှင် သူသည် အသိစိတ်များ လွင့်ထွက် သွားမတတ် ကြောက်ရွံ့သွားခဲ့သည်။ သူသည် ကျန်းရီကို အော်ဟစ်လိုက်သည်...
“ကျန်းဂိုဏ်းရဲ့ မျိုးမစစ်ကောင်...မင်း ငါ့သခင်လေးကို အန္တရာယ် ပေးရဲရင် မင်းဒီနေ့ သေချာပေါက် သေရမယ်”
ရန်သူများစွာသည် ကျန်းရီကို ဘက်ပေါင်းစုံမှ ဝန်းရံထားကြသည်။ သို့သော် သူ၏ မျက်နှာ အမူအရာသည် တစ်ချက်မှ ပျက်ယွင်း မသွားခဲ့ပေ...သူ၏ အကြည့်သည် မာဖေးထံတွင်သာ စူးစိုက်နေခဲ့ပြီး နှုတ်ခမ်းဖျားတို့ ဖြည်းဖြည်းချင်း ကော့တက်လာခဲ့သည်။ ကျန်းရီသည် ကျယ်လောင်စွာ ရယ်မောလိုက်ပြီး ပြောလိုက်သည်...
“ဒီသခင်လေးမှာ ခရမ်းရောင်ရွှေ တစ်ရာတေးလ်း မရှိဘူး...သူ့မှာ ဒီလိုမျိုး နိမ့်ကျတဲ့ ဘဝပဲ ရှိတယ်...မင်းက အဲဒါကို လိုချင်နေမှတော့...မင်းသခင်လေးရဲ့ အသက်နဲ့ လဲလှယ်နိုင်တယ်”
***