ဆိုဖီယာ
Vol. 76 Ch. 1181
ချန်လွေ့နှင့် အခြား သုံးယောက်က စတန်ဝဲလ်နောက်သို့လိုက်ပြီး နန်းတော်မှ ထွက်သွားခဲ့ကြသည်။ ဇိုလာက ခဏ စဉ်းစားပြီး မေးလိုက်သည်။ “အကြီးအကဲ စတန်ဝဲလ်။ မေးချင်တာ တစ်ခု ရှိတယ်။”
“ပြောပါ။” စတန်ဝဲလ်က အတော်ပင် လေးလေးစားစား ဆက်ဆံနေလေ၏။ ဇိုလာက သာမန်အကြီးအကဲ တစ်ဦး မဟုတ်ဘဲ နဂါးဧကရာဇ်ထက် စွမ်းအား များစွာ သာလွန်သူတစ်ဦး ဖြစ်သည်။ သူက နဂါးတောင်ကြားမှ နံပါတ်(၁)ပုဂ္ဂိုလ် ဖြစ်ထိုက်၏။ ထို့အပြင် ရာဖယ်ရယ်ကို အမှန်ပင် အနိုင်ယူခဲ့သည့် ခန့်မှန်း၍ မရနိုင်သော စွမ်းအားရှိသည့် အမျိုးသား တစ်ဦး ရှိနေသေးသည်။
တကယ်လို့ အစက ‘ယောက်ဖ’ဆိုတာ အမှန်တကယ် ဖြစ်လာခဲ့ရင်... စတန်ဝဲလ် တိတ်တဆိတ် ခါးသက်သက် ပြုံးလိုက်၏။ လော်ရိန်းက ‘ရစ်ချက်’အပေါ် အလွန်ပင် ဆိုးရွားသော အထင်အမြင် ရှိနေသည်။ တခြား တစ်ဖက်ကလည်း သူ၏ညီမကို ကြိုက်မကြိုက် မသိသေး။ အကယ်၍ သူသာ ညီမကို ဂုဏ်ကျက်သရေအတွက် ရောင်းစားရမည်ဆိုလျှင် သူလည်း ထိုသို့ မလုပ်နိုင်ပေ။
ဇိုလာက စတန်ဝဲလ်၏ စိတ်ထဲမှ အတွေးများကို မသိခဲ့ပေ။ သူက မေးရုံသာ မေးလိုက်သည်။ “ဘာလို့ ကျွန်မရဲ့ အမေ မာရီယာက အဲဒီလို တောင်းဆိုခဲ့တာလဲ။ ပြီးတော့ အရှင်မင်းကြီး ပါဂရစ်ဇ်ဇ်က ဒေါ်လေး ဆိုဖီယာနဲ့ ရွှေနဂါးတံတွေးပန်း အကြောင်းပြောတုန်း ထူးထူး ဆန်းဆန်း ဖြစ်နေသလိုပဲ။ အဲဒီနောက်ကွယ်က ဇာတ်လမ်းက ဘာများလဲ။”
“ပြောမပြနိုင်တဲ့ လျှို့ဝှက်ချက် တစ်ခု တကယ်ပဲ ရှိနေပါတယ်။” စတန်ဝဲလ်က ခေါင်းညိတ်လိုက်သည်။ “အကြီးအကဲ ဇိုလာ။ မင်း လက်ထပ်ထိမ်းမြားခြင်းကနေ ထွက်ပြေးပြီးတော့ အဲ... လေ့ကျင့်ဖို့ နဂါးတောင်ကြားကနေ ထွက်သွားတာ နှစ်ပေါင်း ၂၀၀၀၀ကျော် ရှိပြီ။ ဒါကြောင့် ဒီအချိန် အတွင်း နဂါးတောင်ကြားမှာ ဘာတွေဖြစ်ခဲ့လဲ သိမှာ မဟုတ်ဘူး။ တကယ်တော့... ဒီအချိန် အတွင်းမှာပဲ အတော်လေး ကံဆိုးတဲ့ အဖြစ်အပျက် တစ်ခုက အရှင်မ ဆိုဖီယာ အပေါ်ကို ကျရောက်ခဲ့တယ်။”
“ကံဆိုးတဲ့ အဖြစ်အပျက် ဟုတ်လား။”
စတန်ဝဲလ် သက်ပြင်းချပြီး စကား ပြောလိုက်သည်။
အမှန်တွင် ဇိုလာ ထွက်ပြေးခြင်းက အကြီးအကဲ ပီလင်ကို အရှက်ရ စေခဲ့သော်လည်း ထိုအဖြစ်အပျက်က နောက်ဆက်တွဲများစွာကို မဖြစ်စေခဲ့ပေ။ အကြောင်းမှာ ခဏအကြာတွင် နဂါး တောင်ကြား၌ အရှင်မ ဆိုဖီယာ ကိုယ်ဝန် ရှိနေသည့် သတင်းကောင်း ထွက်ပေါ်လာ ခြင်းကြောင့်ပင်။ နဂါးများ ကိုယ်ဝန်ရှိရန် အတော်လေး ခက်ခဲသည်။ ပါဂရစ်ဇ်ဇ်နှင့် ဆိုဖီယာ နှစ်ဦးလုံးက အထူးအစွမ်းထက် ပုဂ္ဂိုလ်များ ဖြစ်နေသည်ကို အသာထား၊ ထိုအရာက သိဒ္ဓိနဂါး မိသားစုနှင့် နဂါးတောင်ကြားအတွက် ကြီးမားသော ဝမ်းမြောက်စရာ တစ်ခုပင်။ ထိုကလေးက နဂါးဧကရာဇ်လောင်း ဖြစ်လာနိုင်ဖွယ် ရှိလေသည်။ ဇိုလာ၏ လက်ထပ်ခြင်းမှ ထွက်ပြေးခြင်းနှင့် နှိုင်းယှဉ်လျှင် ၎င်းမှာ အရေးမပါပေ။ စပန်နှင့် မာရီယာတို့သာ ပျောက်ဆုံးနေသော ဇိုလာကို စိုးရိမ်တကြီး ရှာဖွေနေခဲ့ကြ၏။
ပထမဆုံးအကြိမ် မိခင် ဖြစ်လာသော ဆိုဖီယာက အလွန်ပင် စိတ်လှုပ်ရှား နေခဲ့သည်။ သူက ကလေး အင်္ကျီများနှင့် အရုပ်များစွာကို ကိုယ်တိုင် ပြုလုပ်ခဲ့သည်။ အရှားပါးဆုံး ရွှေနဂါးတံတွေးပန်းကိုလည်း အစွမ်းကုန် ကြိုးစားရှာဖွေ တွေ့ရှိခဲ့သည်။ ၎င်းကို သူ၏ ကလေးအတွက် အနာဂတ် လက်ဆောင် အနေဖြင့် ဂရုတစိုက် စိုက်ပျိုးခဲ့လေသည်။
ထိုအချိန်က နတ်ဘုရားတစ်ပိုင်းအဆင့် အထွတ်အထိပ်အဆင့်သာ ရှိနေသေးသော နဂါးဧကရာဇ် ပါဂရစ်ဇ်ဇ်က နတ်ဘုရား-ယောင်ဘဝကို စုစည်းရန် နည်းလမ်းကို မမျှော်လင့်ဘဲ ဉာဏ်အလင်း ရခဲ့သည်။ ၎င်းကို နှစ်ထပ် ဝမ်းမြောက်မှု အဖြစ် ဖော်ပြ၍ ရနိုင်ပေသည်။ ပါဂရစ်ဇ်ဇ်သည် ချက်ချင်းဆိုသလို တံခါးပိတ်လေ့ကျင့်ရန် ရွေးချယ်ခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ နဂါးများသည် ကိုယ်ဝန်ဆောင်ခြင်းမှ မွေးဖွားခြင်းအထိ အချိန် အကြာကြီး ယူရမည် ဖြစ်ပေသည်။ အစောဆုံးဆိုလျှင် သုံးလေးနှစ် ဖြစ်သည်။ သို့မဟုတ်လျှင် ၁၀နှစ်၊ နှစ်၁၀၀ သို့မဟုတ် ပို၍ပင် ကြာရှည်နိုင်၏။
သို့သော် ပါဂရစ်ဇ်ဇ် တံခါးပိတ် လေ့ကျင့်နေသည့် တတိယမြောက်နှစ်၌ နဂါးတောင်ကြားတွင် အဖြစ်အပျက်တစ်ခု ဖြစ်ပွားခဲ့သည်။ ရက်ဂ်နာ အမည်ရှိသော သိဒ္ဓိနဂါး အကြီးအကဲက နဂါးဧကရာဇ် တံခါးပိတ် လေ့ကျင့်နေခြင်းနှင့် မဟာ အကြီးအကဲ မာရီယာက သမီးဖြစ်သူ ရှာဖွေနေခြင်းကို အခွင့်ကောင်းယူခဲ့ပြီး အာဏာသိမ်းမှု စတင်ခဲ့လေသည်။
ထိုအာဏာသိမ်းမှုက သာမန်ကဲ့သို့ အာဏာလုပွဲ မဟုတ်ဘဲ နဂါးတောင်ကြား တစ်ခုလုံးကို ထိန်းချုပ်ရန်နှင့် ဖျက်ဆီး ပစ်ရန်ပင် ကြောက်မက်ဖွယ်ကောင်းသော တိုက်ပွဲတစ်ခု ဖြစ်ခဲ့သည်။ ရက်ဂ်နာသည် ဆိုးယုတ်သော အင်အားစုများမှ တိုက်စား ခံခဲ့ရသော အယူလွဲသူတစ်ဦး ဖြစ်နေ၏။ ထိုအရာက ထိုစဉ်က ကျောက်စိမ်း သစ်တော ပင်လယ်တွင် ဖြစ်ပွားခဲ့သည်နှင့် အတိအကျ တူညီနေခဲ့သည်။ ၎င်း၏ နောက်ကွယ်မှ တရားခံမှာ အသူရာ ချောက်နက်ပင်။
အပြင်းအထန်တိုက်ခိုက်ရင်း ဆိုဖီယာ ဒဏ်ရာ ပြင်းထန်စွာ ရခဲ့ပြီး သေလုနီးပါး ဖြစ်ခဲ့သည်။ ကံကောင်းစွာပင် မာရီယာ သတင်းကြားပြီး အချိန်မီ ပြန်ပြေးလာကာ ဆိုဖီယာကို ကယ်တင်ခဲ့ပြီး ကျန်ရှိနေသော နဂါးများကို ဦးဆောင်၍ ရက်ဂ်နာနှင့် အယူမှားသူတို့ကို ခုခံတွန်းလှန်ခဲ့သည်။
ထိုအချိန် ပါဂရစ်ဇ်ဇ်က နောက်ဆုံးတွင် နတ်ဘုရား-ယောင်သို့ အောင်မြင်စွာဖြင့် တက်လှမ်းသွားခဲ့ကာ လေ့ကျင့်မှုမှ ထွက်ခွာခဲ့သည်။ သူက ရက်ဂ်နာနှင့် ပုန်ကန်မှုကို တစ်ချက်တည်း ဖြေရှင်းကာ ကပ်ဘေးကို နှိမ်နင်းခဲ့၏။ ကံဆိုးသည်မှာ ဆိုဖီယာ၏ အသက်ကို ကယ်တင်နိုင် ခဲ့သော်လည်း ဗိုက်ထဲမှ ကလေးကိုမူ ဆုံးရှုံးသွားခဲ့ရသည်။
ပါဂရစ်ဇ်က ထိုအတွက် ဒေါသပေါက်ကွဲ သွားခဲ့ပြီး အသူရာချောက်နက် အင်အားစု တိုက်စားခြင်း ခံထားရသော တိမ်စီးနင်း အင်ပါယာကို ဝိုင်းရံတိုက်ခိုက်ရာတွင် သူက အထူး အစွမ်းထက်ပုဂ္ဂိုလ်များက သာမန် လူများကို တိုက်ခိုက်ခြင်းမှ ကန့်သတ်ထားသော ‘နတ်ဘုရားတစ်ပိုင်း စာချုပ်’ကို ဂရုမစိုက်ခဲ့ဘဲ မြို့ (၇)မြို့ကို ဆက်တိုက် ဖျက်ဆီးပစ်ခဲ့၏။ နောက်ပိုင်း သိဒ္ဓိကျောင်းတော်မှ ဂေဘရီယယ်က ပါဂရစ်ဇ်ဇ်ကို တားဆီးခဲ့ရသည်။
ဆိုဖီယာက ကလေး ဆုံးရှုံးမှုကို မခံစားနိုင်ခဲ့ဘဲ လုံးဝနီးပါး ပြိုလဲခဲ့သည်။ ထိုရက်များအတွင်း သူ မစားမသောက်ဘဲ ကလေးအတွက် ပြင်ဆင်ထားခဲ့သော ရွှေနဂါးတံတွေးပန်းကိုသာ စောင့်ကြပ်ရင်း ငိုကြွေးနေခဲ့လေသည်။
နောက်ဆက်တွဲ နှစ်များတွင် ရွှေနဂါး တံတွေးပန်းက ဆိုဖီယာ၏ နောက်ဆုံး မှီခိုရာ ဖြစ်လာခဲ့သည်။ သူက ၎င်းကို ယခု အချိန်အထိ ကိုယ်ပိုင် ကလေးကဲ့သို့ စောင့်ရှောက်နေခဲ့သည်။
စတန်ဝဲလ် စကားဆုံးပြီး နောက်တွင် ချန်လွေ့ ခဏတာ တိတ်ဆိတ်သွားခဲ့၏။ မမျှော်လင့်ဘဲနှင့် ထိုရွှေနဂါးတံတွေးပန်း အကြောင်း ဇာတ်လမ်းတစ်ခု ရှိနေခဲ့သည်။ ဆိုဖီယာအတွက်မူ ၎င်းမှာ ရိုးရှင်းသော အပင်တစ်ခု မဟုတ်တော့ဘဲ ကလေး တစ်ယောက် ဖြစ်နေပြီး မိခင်မေတ္တာနှင့် တမ်းတမှု အားလုံး၏ မှီခိုရာပင်။
ထို့ကြောင့်ပင် ပါဂရစ်ဇ်ဇ်က သူ၏ ‘မည်သို့သော အလဲအလှယ်ကို မဆို’ ငြင်းပယ်ခဲ့ခြင်းပင်။ ထို့ကြောင့် ဇိုလာက နတ်ဘုရား-ယောင် အထွတ်အထိပ်အဆင့် စွမ်းအားကို ပြသပြီးနောက် မာရီယာက ထိုသို့သော တောင်းဆိုမှုမျိုးကို ဆက်လက် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
အဲလစ်၏ မျက်လုံးများ နီရဲနေ၏။ သူက ငယ်ရွယ်စဉ် ကတည်းက မိခင်ဖြစ်သူကို ဆုံးရှုံးခဲ့ရပြီး စိတ်ထဲတွင် မည်သည့် အထင်အမြင်မျှ မကျန်ခဲ့ပေ။ သူက အစ်မ၏ ဖော်ပြချက်မှ ၎င်းကို မသဲမကွဲ ပုံဖော်နိုင်ရုံသာ တတ်နိုင်လေသည်။ ယခု ဆိုဖီယာအကြောင်း ကြားရာ မျက်ရည်များ မထိန်းနိုင်တော့ပေ။
ဇိုလာက ချန်လွေ့၏ လက်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်ပြီး အိမ်မှ ထွက်ပြေးပြီးနောက် မိဘများ၏ ဝမ်းနည်းမှုနှင့် စိုးရိမ်မှုကို ရှင်းပြမရနိုင်ဘဲ တွေးမိလိုက်သည်။ တစ်ချိန်တည်းမှာပင် ခုနက နဂါးဧကရာဇ်ကို ရင်ဆိုင်စဉ်က တည်ငြိမ်နေခဲ့သော လာလာရီယာလည်း တိတ်ဆိတ်စွာ ခေါင်းငုံ့နေသည်။
ခဏအကြာ သူတို့က ကျောက်စိမ်းဖြူ နန်းတော်သို့ ရောက်ရှိလာခဲ့သည်။
နန်းတော်က မျှော်လင့်ထားသည်ထက် အတော်လေး ပိုမို ရိုးရှင်းလှ၏။ အစောင့်၊ အစေခံ တစ်ယောက်မျှ မရှိနေပေ။ ပါဂရစ်ဇ်ဇ်နှင့် ဆိုဖီယာတို့က အခက်အခဲ များစွာကို အတူတကွ ဖြတ်သန်းခဲ့သော စုံတွဲတစ်တွဲ ဖြစ်သည်။ သူက အခြား ဇနီးများ လက်ထပ်ခဲ့သော်လည်း အရှင်မ ရာထူးမှာ လုံးဝ မပြောင်းလဲခဲ့ပေ။ ကျောက်စိမ်းဖြူ နန်းတော်က ထိုကဲ့သို့ ဖြစ်နေရခြင်း၏ အကြောင်းရင်းမှာ ထိုကံဆိုးသော အဖြစ်အပျက် အပြီးတွင် ဆိုဖီယာက အစေခံများ အားလုံးကို ထုတ်ပယ်ခဲ့ပြီး နှစ်ပေါင်းများစွာ တံခါးပိတ် နေထိုင်ခဲ့၍ပင်။ သူက ထိုနေရာတွင် ရွှေနဂါး တံတွေးပန်းနှင့် တကိုယ်တည်း နေနေချင်ခဲ့သည်။
သို့သော် ပါဂရစ်ဇ်ဇ်က တံခါးဝနှင့် ပတ်ဝန်းကျင်တွင် အားကောင်းသော နဂါးထွင်းစာ တစ်ခုကို ချထားခဲ့သည်။ ဆိုဖီယာ၏ ခွင့်ပြုချက် မရှိဘဲနှင့် အပြင်လူများ ဝင်ရောက်နိုင်ခြင်း မရှိပေ။
စတန်ဝဲလ် တံခါးဝသို့ ရောက်ရှိလာပြီး လေးစားစွာ ပြောလိုက်သည်။ “အရှင်မ ဆိုဖီယာ။ အရှင်မင်းကြီး ပါဂရစ်ဇ်ဇ်ရဲ့ အမိန့်အရ ဒီကို ရောက်လာခဲ့တာပါ။”
ခဏအကြာ တံခါးဝမှ ထွင်းစာက ပျောက်ကွယ်သွားခဲ့ပြီး စတန်ဝဲလ်က လူတိုင်းကို တံခါးမှတစ်ဆင့် နန်းတော် အထဲသို့ ဦးဆောင် ခေါ်သွားကာ နောက်မှ ဥယျာဉ်သို့ လမ်းလျှောက်သွားခဲ့သည်။
ယခင်က မြင်ခဲ့ရသော နန်းတော်၏ ရိုးရိုးရှင်းရှင်း အဆောက်အအုံများနှင့် ယှဉ်လျှင် ဥယျာဉ်က စိမ်းလန်းစိုပြေနေပုံ ရသည်။ စိုက်ပျိုးထားသော အပင်များကို ဂရုတစိုက် စောင့်ရှောက်ထားသည်မှာ အသေအချာပင်။ ရှေ့တွင် ပိန်ပါးသော မျက်နှာနှင့် အဖြူရောင် အဝတ်အစား ဝတ်ဆင်ထားသော အမျိုးသမီး တစ်ဦး ရှိနေသည်။ ငွေရောင်ဆံပင်နှင့် ရွှေရောင် မျက်လုံးများ၏ လက္ခဏာများက သိဒ္ဓိနဂါး မိသားစု၏ အတိအကျပင် ဖြစ်သည်။ သူ၏ စိတ်နေသဘောထားက အတော်လေး ထူးကဲသော်လည်း တောက်ပနေသင့်သော ဆံပင်မှာမူ မီးခိုးရောင် ဖြစ်နေကာ အရောင်မှိန်နေသည်။ မူလအလှတရားနှင့် ကျက်သရေကို ပင်ပန်းနွမ်းနယ်နေသော အမူအရာက ဖုံးလွှမ်းထား၏။
သူ၏ အနောက်မှ မြေပြင်ပေါ်တွင် ထင်ရှားသော တစ်ပေခွဲခန့် မြင့်သော အပင်တစ်ပင် ရှိနေ၏။ မြစိမ်းရောင် အကိုင်းအခက်များနှင့် အရွက်များ အကြားတွင် လှပပြီး ဖျော့တော့သော ရွှေရောင်ပန်းတစ်ပွင့် ရှိနေသည်။ ၎င်းမှာ ဝိညာဉ်စွမ်းအားနှင့် အသက်စွမ်းအားများ ပြည့်နှက်နေ၏။
ရွှေနဂါးတံတွေးပန်း!
ပစ်မှတ်က လက်တစ်ကမ်းအကွာတွင် ရှိနေ၏။ ထိုအမျိုးသမီးမှာ နတ်ဘုရား တစ်ပိုင်းအဆင့် ကနဦးပိုင်း စွမ်းအားထက် မပိုပေ။ ထို့ပြင် သူ၏ တိုက်ခိုက်ရေး စွမ်းအားက များစွာ ကျဆင်းသွားပြီမှာ အသေအချာပင်။ ချန်လွေ့နှင့် ဇိုလာကို အသာထား။ လာလာရီယာပင်လျှင် ၎င်းကို အလွယ်တကူ ယူနိုင်သော်လည်း သူတို့ သုံးယောက်စလုံးက မလှုပ်ရှားခဲ့ကြပေ။ ၎င်းမှာ ယခင်က မာရီယာ၏ အမိန့်ကြောင့် သာမကဘဲ အများစုမှာ စတန်ဝဲလ် ပြောပြခဲ့သော ဇာတ်လမ်းကြောင့်ပင်။
“အရှင်မ ဆိုဖီယာ။” စတန်ဝဲလ်က ဦးညွှတ်လိုက်၏။ ဆိုဖီယာသည် ထိုစဉ်က သူ၏ အသက်ကို ကယ်တင်ခဲ့ဖူးသည်။ စတန်ဝဲလ်၏ စွမ်းအားက ဆိုဖီယာကို အနည်းငယ် ကျော်သွားပြီ ဖြစ်သော်လည်း ဆိုဖီယာနှင့် တွေ့ဆုံတိုင်းတွင် နှလုံးသား နက်နက်ထဲမှ လေးစားမှုရှိနေဆဲ ဖြစ်၏။
“အကြီးအကဲ စတန်ဝဲလ်။” ဆိုဖီယာ ပြန်လည် ဦးညွှတ်လိုက်ပြီး ချန်လွေ့နှင့် အခြားသူများကို ကြည့်လိုက်လေသည်။ “အရှင်မင်းကြီးက ရှင့်ကို ဘာတွေ ပြောခိုင်းလိုက်လဲ ဆိုတာကို ကျွန်မ သိခွင့် ရှိမလား။”
စတန်ဝဲလ် ခဏ တွန့်ဆုတ်သွားပြီး နောက်ဆုံး အံကြိတ်ကာ ပြောလိုက်သည်။ “အရှင်မင်းကြီးရဲ့ အမိန့်အရ...”
စတန်ဝဲလ် ဆက်မပြောခင် ချန်လွေ့ ရုတ်တရက် ကြားဖြတ် ပြောလိုက်သည်။ “ဖိတ်ကြားမခံရတဲ့ ဧည့်သည့်တွေဖြစ်တဲ့ ကျုပ်တို့တွေက အရှင်မ ဆိုဖီယာကို လာလည်ချင်ရုံပါ။”
“ဒါက ……”
“ဒေါ်လေး ဆိုဖီယာ။ ကျွန်မကို မှတ်မိသေးလား။” ဇိုလာ ပြောလိုက်သည်။ “ကျွန်မက သက်တန့် တောင်ထိပ်က ဇိုလာပါ။ ငယ်ငယ်တုန်းက ဝါးမျှစ်တွေရဖို့ ကျွန်မကို တောင်တွေပေါ် ခဏခဏ ခေါ်သွားပြီးတော့ မိုးရွာပြီးရင် သက်တန့် ကြည့်တာ မှတ်မိသေးတယ်။”
“နင်က အကြီးအကဲ မာရီယာရဲ့ သမီး ဇိုလာလား။” ဆိုဖီယာက အံ့ဩသော အမူအရာကို ပြသခဲ့သည်။ “ငါ မှတ်မိရ သလောက်တော့ အဲဒီတုန်းက နင် နဂါး တောင်ကြားက ထွက်သွားခဲ့တာမလား။ လက်ထပ်တာကနေ ထွက်ပြေးတာ ထင်တယ်...”
စတန်ဝဲလ် ပြောလိုက်သည်။ “အမ်... အရှင်မ ဆိုဖီယာ။ အကြီးအကဲ ဇိုလာက လွန်ခဲ့တဲ့ သုံးလေးနှစ်က နဂါးတောင်ကြား ဆီကို ပြန်လာခဲ့တာပါ။ အရှင်မင်းကြီး တော်ဝင်ဧကရာဇ် ပါဂရစ်ဇ်ဇ်ကလည်း သူ့အတွက် မင်္ဂလာဆောင် ဦးစီးကျင်းပ ပေးခဲ့တယ်။”
“အကြီးအကဲလား...” ဆိုဖီယာ ပို၍ပင် အံ့ဩသွားပုံရသည်။
“အကြီးအကဲ ဇိုလာကို အရှင်မင်းကြီး ပါဂရစ်ဇ်ဇ်က နဂါးတောင်ကြား ထိပ်တန်း ပါရမီရှင် အဖြစ် ချီးကျူးခဲ့တယ်...” စတန်ဝဲလ်က စကားရပ်လိုက်ပြီးနောက် ‘ထိပ်တန်းအစွမ်းထက်ပုဂ္ဂိုလ်’ဘွဲ့ကို မပြောခဲ့ပေ။
“အန္တရာယ် ကင်းကင်းနဲ့ အိမ်ကို ပြန်လာတာ ကောင်းပါတယ်။ အိမ်ကနေ ပြန်ကြိုဆိုပါတယ် ဇိုလာ။” ဆိုဖီယာက အနည်းငယ် ပြုံးလိုက်သည်။ “တောင်းပန် ပါတယ်။ ဒေါ်လေးက ဒီနှစ်တွေထဲ ဒီနေရာကနေ ဘယ်ကိုမှ မသွားခဲ့ဘူး။ ဘာလှုပ်ရှားမှုမှာမှလည်း မပါဝင်ခဲ့ဘူး။ အဲဒါကြောင့် နင့်ရဲ့ မင်္ဂလာဆောင်ကို မတက်နိုင်ခဲ့တာ။”
ဆိုဖီယာ ထိုသို့ပြောလိုက်ရာ ဇိုလာက ပို၍ပင် အပြစ်ရှိသလို ခံစားလိုက်ရသည်။ သူက အဆင်ပြေကြောင်း ဖော်ပြရန် ခေါင်းကို အမြန် ခါလိုက်သည်။
“ဒါနဲ့ ဒီလူတွေက...”
“ဆာ-ရစ်ချက်က အကြီးအကဲ ဇိုလာရဲ့ ခင်ပွန်းပါ။ အရှင်မ လာလာရီယာက နတ်ဆိုးဘုံရဲ့ နဂါးဧကရာဇ်လောင်းပါ။ မင်းသမီး အဲလစ်က နတ်ဆိုးဘုံရဲ့ အကြီးဆုံးနယ်မြေ သခင်မနဲ့ ပထမဆုံး မင်းသမီးပါ။”
ထိုစကားလုံး အနည်းငယ်က သတင်း အချက်အလက် များစွာကို ဖော်ပြနေ၏။ ဆိုဖီယာက ပို၍ပင် အံ့သြသွားခဲ့သည်။ ဇိုလာရဲ့ ခင်ပွန်းတဲ့လား။ စတန်ဝဲလ်ရဲ့ သဘောထားက အတော်လေးကို လေးစား နေတဲ့ပုံပဲ။ ပြီးတော့... နတ်ဆိုးဘုံရဲ့ နဂါးဧကရာဇ်လောင်း၊ နတ်ဆိုးဘုံရဲ့ အကြီးဆုံးနယ်မြေက သခင်မ။ သူတို့ အားလုံးက ကလေးမလေးတွေလား။
နတ်ဆိုးဘုံ... သူတို့အားလုံးက နဂါး တောင်ကြားကို ဘယ်လိုမျိုး ရောက်လာ ကြတာလဲ။ ဒါဆိုရင် ဇိုလာရဲ့ ခင်ပွန်းက နတ်ဆိုးဘုံနဲ့ ဆက်စပ်မှု ရှိနေရမယ်။ ဒါမှမဟုတ် သူက နောက်ခံကြီးမားတဲ့ လူတစ်ယောက် ဖြစ်မယ်။ အံ့ဩစရာ ကောင်းတာကတော့ ပါဂရစ်ဇ်ဇ်က ဒီလို လက်ထပ်ထိမ်းမြားတာကို သဘောတူပြီး မင်္ဂလာဆောင်ကို ကိုယ်တိုင် ဦးစီးကျင်းပ ပေးခဲ့တာပဲ။
ချန်လွေ့က ဆိုဖီယာကို ခေါင်းညိတ် ပြလိုက်သည်။ “ကျုပ်က ပုံမှန်ဆိုရင် အပင်တွေ အပေါ်မှာ သုတေသနတွေ အများကြီး လုပ်လေ့ရှိတယ်။ အရှင်မ ဆိုဖီယာမှာလည်း တူညီတဲ့ စိတ်ဝင်စားမှု ရှိတယ်လို့ ကြားတယ်။ ဒါကြောင့် ကျုပ်က ညီမငယ် နှစ်ယောက်ကို ဇိုလာနဲ့အတူ ကျောက်စိမ်းဖြူ နန်းတော်ကို လာရောက် လည်ပတ်ဖို့ ခေါ်လာခဲ့တာပါ။ အတင့်ရဲ မိတဲ့အတွက် ခွင့်လွှတ်ပေးပါ။”
ဆိုဖီယာက ဇိုလာကို ကြည့်ပြီးနောက် ချန်လွေ့ကို ကြည့်ကာ ခေါင်းညိတ် လိုက်သည်။ “ဆာ-ရစ်ချက်ကလည်း အပင်တွေကို သဘောကျတာလား။”
ချန်လွေ့ ခေါင်းညိတ်လိုက်ရာ ရောင်စုံ မြူခိုးတစ်ခုက သူ၏လက်ထဲတွင် ပေါ်လွင် လာခဲ့သည်။ အပင်များက မြေပြင်ပေါ်တွင် ပေါ်လာခဲ့ပြီး သူတို့က ထိုဥယျာဉ်တွင် ရှိနေသင့်သည့်အလား မြေဆီလွှာထဲသို့ တိုက်ရိုက် ‘စိုက်ပျိုး’ခံလိုက်ရသည်။
“ဒါက အပြာရောင် ပါပိုင်းရပ်စ်၊ ဒါက မှော်သလဲသီး ပျိုးပင်...”
“ဒီအပင်တွေ အားလုံးက နတ်ဆိုးဘုံရဲ့ အထူးမျိုးကွဲတွေပဲ။” ဆိုဖီယာ ချန်လွေ့ကို နက်ရှိုင်းစွာ ကြည့်လိုက်သည်။ “ဒါက လုံးဝကို မှော်ဆန်တယ်။ သိုလှောင် ကိရိယာတွေက ဒီလောက် စိမ်းစိုနေတဲ့ အပင်တွေကို မသိမ်းဆည်းနိုင်ဘူး။ ဒါက... နတ်ဘုရား-ယောင်ရဲ့ တိုင်းပြည်ငယ် စွမ်းအားများလား။”
ချန်လွေ့က ဆိုဖီယာ၏ အကြည့်မှ သွယ်ဝိုက်သော အဓိပ္ပာယ်ကို ခံစားမိ လိုက်သည်။ အရှင်မက တကယ် ပါးနပ်တဲ့ အမျိုးသမီး တစ်ယောက် ဆိုတာ အသေအချာပဲ။ သူက စတန်ဝဲလ်ရဲ့ လေးစားတဲ့ အမူအရာကနေ ငါ့ရဲ့ စွမ်းအား အဆင့်ကို ခပ်ရေးရေး ခန့်မှန်းမိပြီးတော့ ရောင်စုံဥယျာဉ် စွမ်းအားကြောင့် အာရုံလွှဲ မခံခဲ့ဘူး။ ငါတို့ရဲ့ ရည်ရွယ်ချက်တွေကို ဖုံးကွယ်လို့ မရတော့ဘူး ထင်တယ်...
ဆိုဖီယာ၏ မျက်လုံးက အနည်းငယ် ချုပ်တည်းထားနေပုံရသော စတန်ဝဲလ် အပေါ် စူးစိုက်နေ၏။ သူက ခဏတာ တိတ်ဆိတ် နေပြီးနောက် ဝမ်းနည်းစွာ မေးလိုက်သည်။ “ဒါ သူ့အမိန့်လား။”
ထိုအသံတွင် ဝမ်းနည်းမှု အငွေ့အသက် တစ်ခု ရှိနေလေသည်။ စတန်ဝဲလ်က ဆိုဖီယာ၏ မျက်လုံးများကို မကြည့်ရဲဘဲ ခေါင်းကို ငုံ့လိုက်၏။ “မှန်ပါတယ်။”
ဆိုဖီယာ သက်ပြင်းချလိုက်လေသည်။ “ခုနကက အဲဒီလို အားကောင်းတဲ့ အငွေ့အသက်ကို ထုတ်လွှတ်ခဲ့တဲ့သူက ဆာ-ရစ်ချက်ပဲ ဖြစ်ရမယ်။ ဒီလိုမျိုး ထွင်းစာတွေ ပြည့်နေပြီးတော့ လောကနဲ့ အဆက်ပြတ်နေတဲ့ ဒီထောင့်မှာတောင်မှ အရာအားလုံး လွှမ်းမိုးနိုင်တဲ့ ဖိအားကို သေသေချာချာ ခံစားမိတယ်။ ရွှေနဂါး တံတွေးပန်း တစ်ခုတည်းကပဲ ဒီလိုမျိုး အစွမ်းထက် ပုဂ္ဂိုလ် တစ်ယောက်ကို ဒီလို နေရာငယ် တစ်ခုဆီ ဆွဲဆောင်နိုင်တာ။”
စတန်ဝဲလ် ဦးညွှတ်ပြီး ပြောလိုက်၏။ “တကယ်တော့ ခုနက အဲဒီလို စွမ်းအား အငွေ့အသက်ကို ထုတ်လွှတ်ခဲ့တာက အကြီးအကဲ ဇိုလာပါ။”
ဆိုဖီယာ ထိတ်လန့်သွားပြီး ဇိုလာကို အံ့ဩစွာဖြင့် ကြည့်ကာ ခါးသက်သက် ပြုံးလိုက်လေသည်။ “အဲဒီတုန်းက ကလေးမလေးက ဒီလိုမျိုး အစွမ်းထက် ပုဂ္ဂိုလ်တစ်ယောက် ဖြစ်လာလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ မင်းရဲ့ စွမ်းအားနဲ့ဆိုရင် ပါဂရစ်ဇ်ဇ်ကို နန်းချဖို့ အတင်းအကျပ် မလုပ်ရင်တောင်မှ ဒီနဂါးတံတွေးပန်းကို ရဖို့က လွယ်ပါတယ်။”
“တောင်းပန်ပါတယ်။ ဒေါ်လေးဆိုဖီယာ။” ဇိုလာက နှလုံးသားထဲ ပို၍ပင် ဝမ်းနည်းသွားခဲ့သည်။
“ဒါဆိုရင်...” ဆိုဖီယာ၏ ခန္ဓာကိုယ် ရုတ်တရက် အနည်းငယ် တုန်ခါသွား၏။ “ယူသွားလိုက်ပါ။”
ထိုစကား အနည်းငယ်က ဆိုဖီယာ၏ နောက်ဆုံးသော အင်အားကို လုံးဝနီးပါး ကုန်ဆုံးသွားစေခဲ့ပြီး ခန္ဓာကိုယ်တစ်ခုလုံး ပြိုလဲသွားပုံရလေသည်။