← Chapters

ဝိညာဉ်

Vol. 76 Ch. 1182

ဝိညာဉ်

Vol. 76 Ch. 1182

“အစ်ကို...” ဆိုဖီယာ၏ ပုံစံကို မြင်ရာ နှလုံးသားထဲ အမြဲပင် ဝမ်းနည်းနေသော အဲလစ်က ငိုမိသွား၏။ “ကျွန်မတို့ နည်းလမ်းတစ်ခု စဉ်းစားပြီးတော့ တခြား နေရာတွေမှာ ဒီလိုပန်းမျိုးတွေ ရှိမရှိ ကြည့်ရအောင်။”

“နဂါးတံတွေးပန်းက နဂါးတွေရဲ့ အဖော်အပင်ပါ။ ဒီမှာပဲ...” လာလာရီယာ စကားတစ်ဝက်ကိုသာ ပြောလိုက်နိုင်ပြီး ဆက်မပြောနိုင်တော့ပေ။

“ငါတို့ တကယ်ပဲ ဒီနဂါးတံတွေးပန်းကို ဒီလိုပဲယူသွားလို့ မဖြစ်ဘူး။” ချန်လွေ့ လက်ကို ရုပ်သိမ်းလိုက်ပြီး အရောင်စုံ မြူခိုးကို တိတ်တဆိတ် ထုတ်လွှတ်ကာ ပင့်သက်ရှိုက်လိုက်သည်။ “သူ့ရဲ့ အသက် စွမ်းအားက အားအကောင်းဆုံးတော့ မဟုတ်ဘူး။ ဒါပေမဲ့ သူ့ထဲမှာ ပါဝင်တဲ့ ‘အသက်’ရဲ့ အဓိပ္ပာယ်က ငါမြင်ဖူးသမျှ ဘယ်အပင်ထက်မဆို သာလွန်နေတယ်။ အရှင်မ ဆိုဖီယာက ဒီနှစ်တွေထဲ ဒါကို စစ်မှန်တဲ့ အချစ်မေတ္တာနဲ့ ဝိညာဉ်နဲ့ ရေလောင်းပေးနေတာ ဖြစ်မယ်။ ငါတို့ ဒါကို ဒီလိုပဲ ယူသွားခဲ့ရင် အရှင်မ ဆိုဖီယာရဲ့ ဝိညာဉ်နဲ့ အသက် အချိန်မရွေး ပြိုလဲသွားနိုင်တယ်။”

ကြယ်စင်စု ဥယျာဉ်က ထိုပန်းကို အမှန်တကယ် ‌ရွှေ့ပြောင်း စိုက်ပျိုး၍ ရနိုင်သော်လည်း ချန်လွေ့က တစ်စုံတစ်ခု မူမမှန်သည်ကို ခပ်ရေးရေး အာရုံခံမိရာ ချက်ချင်း ဘာမှမလုပ်ခဲ့ပေ။

“ဒါဆိုရင် အသီနာနဲ့ မမွေးသေးတဲ့ ကလေးက...” ဇိုလာက တစ်စုံတစ်ခုကို ပြောလိုက်မိပြီး သူကိုယ်တိုင် ယခုအခါ အကြပ်အတည်း ဖြစ်နေ၏။

“ကလေး ဟုတ်လား။” ထိုစကားလုံးက ဆိုဖီယာကို တုန်လှုပ် သွားစေ၏။ “နင်တို့ ဒီပန်းကို လိုအပ်ရတဲ့ အကြောင်းရင်းက...”

“အစ်ကို့ရဲ့ ကိုယ်ဝန် ရှိနေတဲ့ ဇနီး အသနီနာ အတွက်ပါ...” အဲလစ်က မျက်ရည်များကို သုတ်လိုက်သည်။

အဲလစ်၏ ရှိုက်ကြီးတငင် အသံဖြင့် ပြတ်တောင်း ပြတ်တောင်း ပြောလိုက် သော်လည်း ဆိုဖီယာက အကြမ်းဖျင်းကို နားလည်သွားပြီဖြစ်ရာ သူက ချန်လွေ့ကို ထပ်ကြည့်လိုက်မိသည်။ ဒါက သူ့ဇနီးနဲ့ မမွေးသေးတဲ့ ကလေးအတွက်ကိုး။

ကလေးအကြောင်း ပြောလိုက်ရာတွင် ဆိုဖီယာက ကိုယ်ပိုင် အတွေ့အကြုံကို တွေးလိုက်မိသွားပြီး သူ၏ မျက်လုံးများ နီရဲလာသည်။ “ဆာ-ရစ်ချက်။ တကယ်လို့ ဒီရွှေနဂါး တံတွေးပန်းက ရှင့်ရဲ့ ဇနီးနဲ့ မမွေးသေးတဲ့ ကလေးကို တကယ်ပဲ ကူညီနိုင်ခဲ့ရင်...”

“အရှင်မ ဆိုဖီယာ...” ချန်လွေ့က ဆိုဖီယာကို ကြည့်လိုက်လေသည်။ သူက ဆိုဖီယာ၏ စိတ်အခြေအနေမှာ စွမ်းအား၊ ခြိမ်းခြောက်မှုများကြောင့် မဟုတ်နေဘဲ စစ်မှန်သော အချစ်နှင့် စစ်မှန်သော ကြင်နာမှုမှ လာကြောင်း အာရုံခံနိုင်၏။ သူက ကံမကောင်းခဲ့၍ အခြားသူများကို ထိုသို့သော ကံမကောင်းမှုမျိုး မဖြစ်စေရန် မျှော်လင့်နေခဲ့သည်။ ထို့ကြောင့် သူက သူ၏ အကြီးမားဆုံး မှီခိုရာကို စတေးရန် တွန့်ဆုတ် မနေခဲ့ပေ။ ထိုအချက် တစ်ခုတည်းကပင် လေးစားထိုက်ပေ၏။

“ဒါက စွမ်းအားနဲ့ ဘာမှမဆိုင်ပါဘူး။ ပထမဆုံး ခင်ပွန်းတစ်ယောက်နဲ့၊ ဖခင် တစ်ယောက်အနေနဲ့ ကျုပ်ရဲ့ စိတ်ရင်းနဲ့ ကျေးဇူးတင်တာကို လက်ခံပေးပါ။” ချန်လွေ့က ဆိုဖီယာအား နက်ရှိုင်းစွာ ဦးညွှတ်လိုက်သည်။ သို့သော် သူက ရွှေနဂါး တံတွေးပန်းကို ချက်ချင်း မယူခဲ့ပေ။ ထိုအစား သူက ခဏတာ ဂရုတစိုက် လေ့လာနေခဲ့သည်။

“အရှင်မ ဆိုဖီယာ၊ ကျုပ် ခင်ဗျားကို စိတ်ဆိုးစေနိုင်တဲ့ မေးခွန်း တစ်ခု မေးချင်ပါတယ်။ ဒါပေမဲ့ ကျေးဇူးပြုပြီး ဖြေပေးပါ။ ခင်ဗျား... ခင်ဗျားရဲ့ကလေး သေသွားတုန်းက ရွှေနဂါးတံတွေးပန်း အနားမှာ အမြဲတမ်း ရှိနေခဲ့တာလား။”

ဆိုဖီယာ ပြန်စဉ်းစားလိုက်သည်။ “အဲဒီ အချိန်တုန်းက ကျွန်မက ကျောက်စိမ်းဖြူ နန်းတော်ရဲ့ ကုတင်ပေါ်မှာ နာလန်ထူ နေတုန်းမှာတောင် နဂါး နတ်ဘုရားကို ဆုတောင်ခဲ့တယ်။ ဒါပေမဲ့ ကံဆိုးချင်တော့ အဲဒီအချိန်ကစပြီး အစက အေဗရယ်ကို လက်ဆောင်ပေးဖို့ ရည်ရွယ်ထားခဲ့တဲ့ ဒီနဂါးပန်းကို သူလို့ပဲ မှတ်ယူခဲ့တာ...”

ထိုသို့ပြောလိုက်ပြီးနောက် ဆိုဖီယာက ရှိုက်ကြီးတငင် ငိုကြွေးရင်း မျက်နှာကို အုပ်ထားလိုက်သည်။

ချန်လွေ့က ထိုတစ်ကြိမ် စိတ်ခံစားမှု အများအပြား မပြသခဲ့ဘဲ ရွှေနဂါး တံတွေးပန်း အပေါ်တွင်သာ အာရုံစိုက် နေခဲ့သည်။ ဇိုလာက သူ၏ အမူအရာ အနည်းငယ် ထူးဆန်းနေကြောင်းကို တွေ့ပြီး မေးလိုက်သည်။ “ဘာဖြစ်လို့လဲ။”

“တစ်ခုခု ထူးခြားတာ ခံစားရလား။”

ဇိုလာက ရွှေနဂါး တံတွေးပန်းကို ခဏ ကြည့်ပြီးနောက် ခေါင်းခါလိုက်သည်။ “မခံစားမိပါဘူး...”

“ကိုယ် စိတ်ထင်တာ ဖြစ်ရင်ဖြစ်မယ်။ ဒါမှမဟုတ် ဒါက...” ချန်လွေ့က သူ၏ မျက်လုံးများကို ကျဉ်းမြောင်းလိုက်သည်။ “မင်း သူတို့ဘက်ကို အရင်သွားလိုက်။”

ဇိုလာက ခေါင်းညိတ်လိုက်၏။ ရုတ်တရက် ခရမ်းရောင်ကြယ်အလင်းများ ချန်လွေ့၏ ကိုယ်မှ ထွန်းလင်းလာခဲ့သည်။ အဆုံးမဲ့ အငွေ့အသက်တစ်ခုက ဥယျာဉ် တစ်ခုလုံးကို ချက်ချင်း လွှမ်းခြုံသွား၏။

အဝေးမှ စတန်ဝဲလ်က မုန်တိုင်း ထန်နေသော လှိုင်းလုံးများထဲ ရှိနေသလို ခံစားလိုက်ရသည်။ သူ၏ အာရုံခံစားမှု အားလုံး ပျောက်ဆုံးသွားခဲ့သည်။ သူက ဝိညာဉ်မှ အလိုလို ကြောက်ရွံ့မှုကိုသာ ခပ်ရေးရေး ခံစားနိုင်နေသည်။

ဒီကြယ်ရဲ့ စွမ်းအား... ဟုတ်တယ်။ ဒါက သူ အရင်တစ်ခေါက် ရာဖယ်ကို ရင်ဆိုင်တုန်းက ထုတ်လွှတ်ခဲ့တဲ့ဟာပဲ။

အရင်တစ်ခါနဲ့ ယှဉ်ရင် ဒီတစ်ခေါက် စွမ်းအား အငွေ့အသက်က အဆ၁၀၀၀ ပိုအားကောင်းနေတယ်။

ဒီတုန်ခါနေတဲ့ ခံစားချက်က ဇိုလာ ခုနက အငွေ့အသက် ထုတ်လွှတ်တုန်းက အဆင့်ကိုတောင် ကျော်နေပြီ။

သိဒ္ဓိဝိညာဉ် တောင်ထွတ်နန်းတော်မှ ပါဂရစ်ဇ်နှင့် နဂါးအကြီးအကဲများလည်း ၎င်းကို ခံစားမိခဲ့ကြလေသည်။ ပါဂရစ်ဇ် တုန်လှုပ်သွားပြန်သည်။ နောက်ထပ် အင်အားကြီး အငွေ့အသက် တစ်ခုပဲ။ ဇိုလာရဲ့ အငွေ့အသက် မဟုတ်ဘူး။ ဒါပေမဲ့...

ဇိုလာ ပြောခဲ့တာ တကယ် မှန်တာပဲ။ အဲဒီရစ်ချက် စွမ်းအားက သူ့ထက်တောင် သာနေသေးတယ်။

ဒါပေမဲ့ ဒီလို ကြောက်စရာ ကောင်းတဲ့ အငွေ့အသက်ကို ဘာလို့ ကျောက်စိမ်းဖြူ နန်းတော်မှာ ထုတ်လွှတ်ရတာလဲ။ ဧကန္တ ဆိုဖီယာ...

ပါဂရစ်ဇ် ထိုသို့တွေးမိသည်နှင့် သူက ထိုင်မနေနိုင်တော့ပေ။ သူ၏ ပုံရိပ်က လက်ခနဲဖြစ်ကာ ပလ္လင်မှ ပျောက်ကွယ် သွားတော့သည်။

တစ်ချိန်တည်းမှာပင် စတန်ဝဲလ်၏ ဖိအားက ရုတ်တရက် ပျောက်ကွယ် သွားခဲ့သည်။ အကြောင်းမှာ သူသည် ဇိုလာ၏ စွမ်းအားကြောင့် ဆွဲခေါ်ခြင်း ခံလိုက်ရ၍ ဖြစ်သည်။ နတ်မိမယ်နဂါး၏ အကာအကွယ်ဖြင့် ဆိုဖီယာနှင့် အခြား သူများက ချန်လွေ့၏ အရှိန်အဝါကြောင့် ဖိနှိပ်ခြင်း မခံရတော့ပေ။

တစ်ချိန်က စတန်ဝဲလ်သည် စွမ်းအား တိုးတက်လာပြီးနောက်တွင် ‘ရစ်ချက်’ကို လက်စားချေရန် စဉ်းစားခဲ့ဖူးသော်လည်း ယခုအခါ ၎င်းကို ရယ်စရာကောင်းသည်ဟု တွေးလိုက်မိ၏။ ထိုဆန္ဒက ဘယ်တော့မှ အကောင်အထည် ပေါ်တော့မည် မဟုတ်။ သူက ထိုပုံရိပ်ကို မော့ကြည့်နိုင်ရုံသာ တတ်နိုင်လေသည်။

ထူးဆန်းသော နက်ဗြူလာ အစုအဝေး တစ်ခုက ချန်လွေ့၏ နောက်ဘက်တွင် ပေါ်လာခဲ့သည်။ ထိုနက်ဗြူလာအစုအဝေး ပေါ်လာသည့်အခိုက်တွင် ‘သေခြင်းတရား’ ခံစားချက်က လူတိုင်း၏ စိတ်ထဲတွင် ပေါ်ပေါက်လာခဲ့သည်။ ရောက်ရှိနှင့်ပြီး ဖြစ်သော နဂါးဧကရာဇ် ပါဂရစ်ဇ် အပါအဝင် ဖြစ်လေသည်။

အကယ်၍ ထိုသို့ ‘သေခြင်းတရား’ကို ရင်ဆိုင်ခဲ့ပါက အစွမ်းကုန် ကြိုးစား လျှင်ပင် မလွတ်မြောက်နိုင်သလို ပါဂရစ်ဇ် ခံစားနေရသည်။

‘သေခြင်းတရား’ ခံစားချက် ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။ ချန်လွေ့က [ကြယ်စုံနတ်ဘုရားမြင်ကွင်း] စွမ်းအားကို သိမ်းဆည်းပြီး နောက်ဆုံးတွင် ခေါင်းညိတ် လိုက်သည်။ “ဒါက တကယ် အာရုံခံစားမှု တစ်ခု ရှိနေတယ်။ ဒီခံစားချက်က ‘အကြောက်တရား’ သက်သက် မဟုတ်တော့ဘူး။”

ဇိုလာက နောက်ဆုံးတွင် နားလည် သွားခဲ့သည်။ “ရှင်ပြောတာက ဒီနဂါးတံတွေးပန်းမှာ...”

“ဟုတ်တယ်။ ဒီထဲမှာ တကယ့် ဝိညာဉ် တစ်ခု ရှိနေပြီ။”

“ဝိညာဉ်!” ဆိုဖီယာ ထိတ်လန့်သွားပြီး ချက်ချင်းတုံ့ ပြန်လိုက်သည်။

“အေဗရယ်!”

“ဝိညာဉ်စွမ်းအား အစအနက အတော် ပါးလွှာတယ်။ တကယ်လို့ ကျုပ်ရဲ့ အထူး အသက်နဲ့ယုံကြည်မှု အာရုံခံသာ မရှိခဲ့ရင် ဒါကို လုံးဝ လျစ်လျူရှု မိလောက်တယ်။ ဒါ အရှင်မ ပြောတဲ့ အေဗရယ် ဟုတ်မဟုတ် ဆိုတာကိုတော့ မသေချာဘူး။” ချန်လွေ့ မပြောခဲ့သော နောက်ထပ် စကားတစ်ခွန်း ရှိသေးသည်။ ထိုအရာမှာ သီးခြားဝိညာဉ် တစ်ခုဖြစ်ရာ ၎င်းကို ကြယ်စင်စု ဥယျာဉ်ထဲ စုဆောင်းလိုက်သည်နှင့် ၎င်းက လုံးဝ ဖျက်ဆီးခြင်းခံ ရမည်ဖြစ်ပြီး သာမန် ရွှေနဂါးတံတွေးပန်း ဖြစ်သွားပေလိမ့်မည်။

“ဒါအေဗရယ်ပဲ ဖြစ်ရမယ်။ ငါ့ကလေး!” ဆိုဖီယာ မယုံကြည်နိုင်ခဲ့ပေ။ နှစ်ပေါင်း များစွာ ငြိမ်းသွားခဲ့သော မျှော်လင့်ချက် ပြန်လည်၍ တောက်လောင်လာသည်ကို ခံစားရင်း မျက်ရည်များ ကျလာ၏။ “ကျေးဇူးပြုပြီး သူ့ကို ကယ်တင်ပေးပါ။”

ချန်လွေ့ မျက်မှောင် ကြုတ်လိုက်ပြီး ဘာမှ မပြောခဲ့ပေ။ အဲလစ်က မနေနိုင်ဘဲ ပြောလိုက်သည်။ “အစ်ကို။ ကျေးဇူးပြုပြီး အရှင်မ ဆိုဖီယာကို ကူညီပေးပါ။”

“စိတ်မပူပါနဲ့။ သူက စဉ်းစားနေရုံပါ။” ဇိုလာက အဲလစ်၏ ပခုံးကို ပုတ်လိုက်ပြီး နောက်မှ ပါဂရစ်ဇ်ကို ခေါင်းညိတ်ပြ လိုက်သည်။

“ဒီဝိညာဉ်က အားနည်းလွန်းနေတယ်။ အဲဒါကြောင့် မသေချာဘူး။ အရင်ဆုံး စမ်းကြည့်တာပေါ့။” ငွေ-ဖြူရောင် ခွက် တစ်ခုက ချန်လွေ့၏ လက်ထဲတွင် ပေါ်လာခဲ့သည်။ ထိုခွက်တွင် အတောင်ပံ တစ်စုံကို ထွင်းထုထားပြီး နူးညံ့ကာ ငြိမ်းချမ်းသော တောက်ပမှုမျိုး ထုတ်လွှတ်နေ၏။

ပါဂရစ်ဇ်က ပစ္စည်းကောင်းများကို မှတ်မိသူ ဖြစ်သည်။ သူက အနည်းငယ် တုန်လှုပ်သွား၏။ “သိဒ္ဓိခွက်!”

ထိုခွက်က အမှန်တကယ်ပင် သိဒ္ဓိခွက် ဖြစ်ပြီး အလင်းရောင်၏ သိဒ္ဓိအမွေအနှစ် ၃ခုထဲမှ တစ်ခု ဖြစ်သည်။ သိဒ္ဓိခွက်တွင် [သိဒ္ဓိဝိညာဉ်] အထူးစွမ်းအားရှိပြီး ၎င်းက ပျက်စီးနေသော ဝိညာဉ် ဖြစ်တည်မှုကို သိဒ္ဓိခွက်ထဲတွင် နွေးထွေးစေပြီး အာဟာရ ဖြည့်တင်းပေးကာ ပြန်လည်ကောင်းမွန် လာသည်အထိ ပြုလုပ်နိုင်ပေသည်။ ပြန်လည် ကောင်းမွန်ချိန်က ဝိညာဉ် ဖြစ်တည်မှု၏ ပျက်စီးခြင်း အတိုင်းအတာ အပေါ် မူတည်လေသည်။ လူတစ်ဦးက ထိုကာလအတွင်း အလင်းစွမ်းအားများကို စတေး၍ ပြန်လည်ကောင်းမွန်မှု အရှိန်ကို မြန်ဆန်စေနိုင်၏။

ပါဂရစ်ဇ်က သိဒ္ဓိခွက်ကိုသာ သတိပြုမိ ခဲ့သော်လည်း ချန်လွေ့၏ လက်ထဲမှ လက်စွပ်ကို မမြင်ခဲ့ပေ။ ၎င်းမှာ အဆောင် ပစ္စည်း ၇ခုထဲမှ တစ်ခု ဖြစ်သော သွေးရောင်လက်စွပ်ပင်။

ချန်လွေ့က ရွှေနဂါး တံတွေးပန်းကို သေချာ ကြည့်နေလိုက်ပြီး ခဏတာ တွန့်ဆုတ်သွားကာ သိဒ္ဓိခွက်နှင့် သွေးရောင်လက်စွပ်ကို နောက်တစ်ကြိမ် သိမ်းဆည်းလိုက်သည်။ ၎င်းမှာ သူက အဆောင်ပစ္စည်း ၇ခုကို အသက်သွင်းလျှင် ဖြစ်လာမည့်အရာကို ကြောက်ရွံ့၍ မဟုတ်ဘဲ အမှန်တကယ် မသေချာ၍ပင်။

သူ၏ မူလစိတ်ကူးမှာ သွေးရောင် လက်စွပ်၏ စွမ်းအားကို အသုံးပြု၍ ဝိညာဉ်ကို နဂါးတံတွေးပန်းမှ ဆွဲထုတ်ကာ သိဒ္ဓိခွက်ဖြင့် အာဟာရ ဖြည့်တင်းရန် ဖြစ်သည်။ ဗာရိုနီကာနှင့် ဖိုက်သွန်တို့ နှစ်ဦးစလုံးက သိဒ္ဓိခွက်၏ အကျိုးခံစားခွင့် ရှိသူများ ဖြစ်သော်လည်း အစပိုင်းတွင် ပျောက်ကွယ်လုနီးပါး ဖြစ်နေခဲ့သော ဗာရိုနီကာ၏ ဝိညာဉ်သည်ပင် ရွှေနဂါး တံတွေးပန်းပေါ်မှ လက်ရှိ တစ်ခုထက် ပိုမို၍ ထင်ရှားပြီး အားကောင်းခဲ့သည်။ ထုတ်ယူမှု ဆုံးရှုံးသည်နှင့် ဝိညာဉ်က လုံးဝ ပျောက်ကွယ် သွားပေလိမ့်မည်။ လက်ရှိ အခြေအနေအရ ရှုံးဆုံးနိုင်ခြေ အလွန် မြင့်မားသည်။

ချန်လွေ့ ခဏ စဉ်းစားလိုက်ပြီး အသက် စွမ်းအား ပြည့်နေသော အင်အားတစ်ခု သူ၏ လက်ထဲတွင် ပေါ်လာခဲ့သည်။ ဥယျာဉ်တစ်ခုလုံးမှ အပင်များ ချက်ချင်း ဆိုသလို အသက်စွမ်းအားများ ပြည့်နှက် သွားပုံရပြီး ထောင့်မှ ခြောက်သွေ့နေသော မြက်ပင်သည်ပင် စိမ်းလန်းလာခဲ့သည်။ ရွှေနဂါး တံတွေးပန်းလည်း ခြွင်းချက် မဟုတ်ပေ။ ထိုအရာမှာ နိဗ္ဗာန်စွမ်းအားနှင့် ပေါင်းစပ်ထားသော [နွေဦးပိုင်နက်]ပင်။ ‘သေခြင်းတရား’ အရှိန်အဝါ၏ အကြောက်တရားအောက်တွင် မှေးမှိန် သွားခဲ့သော ရွှေနဂါး တံတွေးပန်း၏ အသက် စွမ်းအား တစ်စိတ်တစ်ပိုင်းက အပြည့်အဝ ပြန်ကောင်းလာခဲ့သော်လည်း ဝိညာဉ်အရ ဆိုလျှင် အနှစ်သာရ ရှိသော ပြောင်းလဲမှုများ မရှိသေးပေ။

ချန်လွေ့၏ လက်ထဲမှ အငွေ့အသက် နောက်တစ်ကြိမ် ပြောင်းလဲသွားခဲ့သည်။ ထိုအရာမှာ ယခင်က ‘အသက်’နှင့် ကွဲပြားသော အငွေ့အသက် တစ်ခု ဖြစ်သည်။ နတ်ဘုရား-ယောင် အဆင့် အလယ်ပိုင်း အစွမ်းထက်ပုဂ္ဂိုလ်တစ်ဦး အနေဖြင့် ပါဂရစ်ဇ်က ထိုစွမ်းအား၏ သန့်စင်မှုနှင့် နက်နဲမှုကို အာရုံခံနိုင်သည်။ ချန်လွေ့၏ ခြေဖဝါးအောက်တွင် အပင် အသစ်များ တစ်ခုပြီးတစ်ခု ပေါ်လာပြီး အညှောက်ပေါက်ကာ မယုံနိုင်စရာနှုန်းဖြင့် ပွင့်လန်းလာသည်ကို မြင်ရာ ပါဂရစ်ဇ် ထိုစွမ်းအားကို နောက်ဆုံးတွင် ဆုံးဖြတ် နိုင်ခဲ့သည်။ သူက တအံ့တသြနှင့် ပြောလိုက်သည်။ “ဖန်တီးခြင်း ဥပဒေသ!”

“ဖန်တီးခြင်းဇစ်မြစ်ဥပဒေသပါ။” ဇိုလာက သူ့ကို အမှန်ပြင်ပေးလိုက်သည်။

ဇစ်မြစ်စွမ်းအား! ပါဂရစ်ဇ် မှင်တက် သွားခဲ့သည်။ ဖန်တီးခြင်း စာအုပ်များလား။ ဒါကြောင့် ‘ရစ်ချက်’က သိဒ္ဓိအလင်းတောင်သို့ ခိုးဝင်ပြီး ရာဖယ်ရယ်နဲ့ တိုက်ခိုက်ဖို့ အစွမ်းကုန် ကြိုးစားခဲ့ရတဲ့ အကြောင်းရင်းလား။

အမှန်တကယ်တွင် နဂါးဧကရာဇ်က အမှန်တရား၏ အစိတ်အပိုင်းငယ်လေး တစ်ခုကိုသာ ခန့်မှန်းမိခဲ့သည်။ သူက ချန်လွေ့သည် ကမ်းပါးဖြူ၏ ‘ပုံမှန်လာရောက်လည်ပတ်သူ’ ဖြစ်နေပြီ ဖြစ်ကြောင်း ထင်ထားမည် မဟုတ်ပေ။

“အခုထိ အလုပ် မဖြစ်သေးဘူး...” ချန်လွေ့ ခေါင်းခါလိုက်ပြီး လေထဲတွင် လက်ချောင်းများဖြင့် မှော်စာ တစ်ခုကို ရေးဆွဲလိုက်သည်။ ပါဂရစ်ဇ်က ၎င်း၏ တစ်စိတ်တစ်ပိုင်းမှာ နဂါးထွင်းစာ ဖြစ်ကြောင်း မှတ်မိလိုက်သည်။ ၎င်းမှာ အမှန်တကယ်တွင် အလွန်ပင် တိကျပြီး ပြီးပြည့်စုံလှသည်။ ရေးဆွဲခြင်း ဖြစ်စေ၊ ထွင်းစာ၏ ကျွမ်းကျင်ပိုင်နိုင်မှု ဖြစ်စေ၊ ၎င်းမှာ နဂါးဧကရာဇ်အထက် ရှိနေ၏။

နဂါးထွင်းစာက အစိတ်အပိုင်းငယ် တစ်ခုသာ ဖြစ်လေသည်။ အဓိကမှာ ရှေးမှော်စာများ ဖြစ်သည်။ နှစ်ခုစလုံးကို ပါဂရစ်ဇ်ပင်လျှင် နားမလည်နိုင်သော နက်နဲသည့် ဝတ္ထုတစ်ခု အဖြစ်သို့ ရောနှောထားလေသည်။ မှော်စာများက ရွှေနဂါးတံတွေးပန်း ပတ်ပတ်လည်တွင် ပြန့်သွားပြီး ရုတ်တရက် ကျောက်စိမ်းဖြူ နန်းတော်တစ်ခုလုံး နှစ်ပေါင်းသောင်းချီ သိမ်းဆည်းထားသော နဂါးထွင်းစာ၏ စွမ်းအားက နဂါးတံတွေးပန်းပတ်လည်မှ မှော်စာ အခင်းအကျင်းကြောင့် စုပ်ယူခြင်း ခံလိုက်ရလေသည်။

ထိုစွမ်းအားမှာ မူလက အလွန်ပင် ထူထဲသည်။ အကယ်၍ ၎င်းက နဂါး တံတွေးပန်းထဲသို့ တိုက်ရိုက် ထိုးဖောက် ဝင်ရောက်ခဲ့ပါက ချက်ချင်း ပေါက်ကွဲ ထွက်သွားပေလိမ့်မည်။ သို့သော် မှော်စာ အခင်းအကျင်းအောက် များပြားလှသော စွမ်းအားက စစ်ထုတ်ခြင်း၊ သန့်စင်ခြင်းနှင့် ပြိုကွဲခြင်းခံရကာ နဂါးတံတွေးပန်းကို ညင်သာစွာ ပတ်ရစ်လိုက်ပြီး ၎င်းကို နည်းနည်းချင်းစီ အားကောင်းစေခဲ့သည်။

“ဝိညာဉ် စွမ်းအားက အခု အရမ်းကို အားနည်းလွန်းနေတယ်။ သုံးလေးရက် စောင့်ကြည့်တာပေါ့။” ချန်လွေ့ အပေါ်မှ ကြယ်အလင်း ပျောက်ကွယ်သွားခဲ့သည်။

ပါဂရစ်ဇ်က စတန်ဝဲလ်၏ တိုးတိုးလေး အစီရင်ခံခြင်းမှ ကိစ္စ၏ အကြမ်းဖျင်းကို သိရှိသွားသည်။ သူက ၎င်းကို မယုံနိုင်စရာ မဖြစ်နိုင်ဟု ထင်သော်လည်း ချန်လွေ့နှင့် ဇိုလာတို့မှ ပြသခဲ့သော အားကောင်းသည့် စွမ်းအားနှင့် နဂါးဧကရာဇ် ကိုယ်တိုင်က ယခင် နန်းတော်ခန်းမ၌ သဘောတူခဲ့ပြီး ဖြစ်ရာ သူတို့နှစ်ဦး နဂါးတံတွေးပန်းကို ယူဆောင်သွားခြင်းမှာ လွယ်ကူပေသည်။ ဆိုဖီယာကို လှည့်စားရန် ထိုသို့သော ရှည်ရှည်ဝေးဝေး ပြုလုပ်ရန် လုံးဝ မလိုအပ်ပေ။

မျှော်လင့်ချက် တကယ် ရှိတဲ့ပုံပဲ...

“ကျေးဇူးပါတင်ပါတယ်။ ဆာ။” ဆိုဖီယာက ချန်လွေ့အား နက်ရှိုင်းစွာ ဦးညွှတ်လိုက်သည်။

“အောင်မြင်မယ်လို့ အာမမခံနိုင်ဘူး။ ဒါပေမဲ့ သေချာပေါက် အစွမ်းကုန် ကြိုးစားပေးပါ့မယ်။”

ထိုကိစ္စမှာ အတော်လေး ပြဿနာ ဖြစ်နိုင်၏။ တစ်ခုခု မှားယွင်းသည်နှင့် နဂါးတံတွေးပန်းတွင် တွယ်ကပ်နေသော ဝိညာဉ်က ပျောက်ကွယ်သွားပေလိမ့်မည်။ ထိုအရာမှာ ကျေးဇူး မတင်ခံရနိုင်သော အလုပ်တစ်ခု ဖြစ်သည်။ ချန်လွေ့က ထိုသို့ပြုလုပ်ရန် မလိုအပ်ဘဲ သူသည် နဂါးတံတွေးပန်း ယူပြီး ထွက်သွားရန်သာ လိုအပ်သော်လည်း ဆိုဖီယာကို ကူညီရန် ရွေးချယ်ခဲ့လေသည်။

၎င်းမှာ အခြား မည်သည်အတွက်မှ မဟုတ်ဘဲ မိခင်တစ်ဦး၏ အချစ်နှင့် မျှော်လင့်ချက် အတွက်သာ ဖြစ်သည်။ ဆိုဖီယာက ချန်လွေ့အား သော်သော်ကို ဆုံးရှုံးခဲ့စဉ်က သူ့ကိုယ်သူ သတိရသွား စေခဲ့ရာ ၎င်းကိုလုပ်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်လေသည်။

“ဆာ-ရစ်ချက်။” ပါဂရစ်ဇ်ကလည်း ပြောလိုက်သည်။ “အောင်မြင်တာပဲ ဖြစ်ဖြစ်၊ ကျရှုံးတာပဲ ဖြစ်ဖြစ်၊ ငါ့ရဲ့ စိတ်ရင်း အမှန်နဲ့ ကျေးဇူးတင်တာကို လက်ခံပေးပါ။”

ချန်လွေ့က ပါဂရစ်ဇ်ကို ခေါင်းညိတ် ပြလိုက်သည်။ “ကျုပ် မှော်စာအစီအရင် တည်ဆောက်ပြီးသွားပေမယ့် နေ့တိုင်း မန္တာန်တွေ ရွတ်ဆိုပြီး ပုံမှန်လေ့လာဖို့ လိုအပ်တယ်။ အဲဒါကြောင့် ဒီရက်တွေထဲ နဂါးတောင်ကြားမှာ နေနေမယ်။ ဒါပေမဲ့ ဒီတစ်ခေါက် ကျုပ် လူသားလောကဆီကို လာရောက်ရတာက ကျုပ်ဇနီးနဲ့ ကျုပ် ကလေးရဲ့ လုံခြုံမှုနဲ့ ဆက်စပ်နေတယ်။ အဲဒါကြောင့် အချိန် သိပ်မရဘူး။ ဒီအတွက် ဒီစာရင်းပေါ်က အရာတွေကို ရှာဖွေဖို့ အရှင်မင်းကြီး ကူညီပေးဖို့ လိုလိမ့်မယ်။ ဒါတွေ ရနိုင်သမျှ အများဆုံး ရရှိနိုင်ဖို့ မျှော်လင့်တယ်။ ဈေးနှုန်းက ပြဿနာ မဟုတ်ပါဘူး။”

ပါဂရစ်ဇ်က ချန်လွေ့ထံမှ စာရင်းကို ယူပြီး ကြည့်လိုက်၏။ “အချို့အရာတွေက တကယ်ရှားတယ်။ ဒါပေမဲ့ စိတ်ချပါ။ ဒါကိုလုပ်ဖို့ နဂါးတောင်ကြားရဲ့ အာဏာနဲ့ အဆက်အသွယ် အားလုံး စုစည်းပေးမယ်။ ကုန်ကျစရိတ် အတွက်တော့ စိုးရိမ်စရာ မလိုပါဘူး။ ဒါကို ကျေးဇူးတင်တဲ့ အနေနဲ့ မှတ်ယူလိုက်ပါ။”

“ကျေးဇူးပါပဲ။”

All Chapters