အသက်
Vol. 76 Ch. 1184
ချန်လွေ့က ရွှေနဂါး တံတွေးပန်း၏ ရှေ့သို့ လျှောက်သွားပြီး ကိုယ်ပေါ်တွင် ခရမ်းရောင် ကြယ်အလင်း လင်းလက် လာခဲ့လေသည်။ သူက [ဓူဝံကြယ် အသွင်ပြောင်းခြင်း] ကို အသက်သွင်း လိုက်၏။ လက်များကို ဝှေ့ယမ်းရင်း သူက လေထဲတွင် လျှို့ဝှက် ဆန်းကြယ်သော ကြယ်အမှတ်များကို ရေးဆွဲလိုက်သည်။ ရေတွက်၍ မရနိုင်သော မှော်စာများက မြေပြင်မှ ပျံထွက်လာကာ အလင်းအားလုံး နဂါးတံတွေးပန်း၏ စုပ်ယူခြင်းခံလိုက်ရပြီး သန့်စင်သောစွမ်းအင်ဖြင့် လုပ်ထားသော ဖောက်ထွင်းမြင်နိုင်သည့် ရွှေရောင်ပန်းအိုး တစ်လုံး ဖြစ်စေကာ နဂါးတံတွေးပန်းကို ထိုအထဲ ဝန်းရံလိုက်၏။
ထိုအချိန်တွင် သွေးရောင်လက်စွပ်က ချန်လွေ့၏ လက်ချောင်းထဲ ပေါ်လာပြီး ဖြစ်ကာ သိဒ္ဓိခွက်က အခြားလက်ထဲတွင် ပေါ်လာခဲ့သည်။ နဂါးတံတွေးပန်းကို ဝိုင်းရံထားသော ‘ရွှေရောင်ပန်းအိုး’က ပါးလွှာသော ရွှေအလင်းတန်း အစအန တစ်ခုကို အပေါ်သို့ စတင်၍ ထုတ်လွှတ် လာခဲ့ပြီး ထိုအရာက သွေးရောင်လက်စွပ် သို့မဟုတ် သိဒ္ဓိခွက်ထဲသို့ တိုက်ရိုက် မစုပ်ယူခံရဘဲ ချန်လွေ့၏ ကြယ်စွမ်းအား ထိန်းချုပ်မှုအောက်တွင် သိဒ္ဓိခွက်ထဲ၌ အာဟာရ ဖြည့်တင်းခံရင်း သွေးရောင် လက်စွပ်ထဲ တစ်စစီ ဝင်သွားခဲ့သည်။
သွေးရောင်လက်စွပ်က အလင်းရောင် ဖျော့ဖျော့ တစ်ခုကို စတင်၍ ထုတ်လွှတ် လာခဲ့သည်။ ချန်လွေ့က [ဓူဝံကြယ် အသွင်ပြောင်းခြင်း]တွင် သတိထားနေဆဲ ဖြစ်သည်။ အကြောင်းမှာ နဂါးတံတွေးပန်း ချန်ထားခဲ့သော ဝိညာဉ်က အလွန်ပင် အားနည်းနေ၍ပင်။ ၎င်းက ထိုကာလ အတွင်း၌ နဂါးထွင်းစာ၏ စွမ်းအားဖြင့် အာဟာရ ဖြည့်တင်းခြင်း ခံထားရလျှင်ပင် အလွန် ပျက်စီးလွယ်နေဆဲ ဖြစ်သည်။
ထိုဖြစ်စဉ်မှာ ဧရာမ လက်တစ်စုံက သေးငယ်သော ဓားတစ်ချောင်း ကို၍ အဏုကြည့် ခွဲစိတ်မှု တစ်ခု လုပ်နေသလို ဖြစ်ရာ အလျင်စလို မပြုလုပ်သင့်ပေ။ အကယ်၍ မဆင်မခြင် လုပ်လိုက်မိပါက ဝိညာဉ် ပျက်စီးသွားပေမည်။ ထိုအရာက ချန်လွေ့ ယခင် တစ်ခေါက်က ၎င်းကို ရဲတင်းစွာ မလုပ်ရဲခဲ့ရခြင်း အကြောင်းရင်း ဖြစ်လေသည်။
တစ်စက္ကန့်ပြီး တစ်စက္ကန့် အချိန် ကုန်လွန်သွားခဲ့သည်။
[ဓူဝံကြယ် အသွင်ပြောင်းခြင်း] ပုံစံဖြင့် ချန်လွေ့က ထိုသို့ တိကျမှု မြင့်မားသော လုပ်ဆောင်ချက် တစ်ခုကို ပထမဆုံး အကြိမ် ပြုလုပ်ဖူးခြင်း ဖြစ်လေသည်။ ထိုလုပ်ဆောင်ချက်က သူ့ကို နောက်ပိုင်း အနာဂတ်တွင် ကြယ်စွမ်းအား အသုံးပြုရာ အတွေ့အကြုံများစွာ ယူလာပေးနိုင်ဖွယ် ရှိသော်လည်း ယခု ဘာကိုမှမစဉ်းစားဘဲ စိတ်အားလုံးကို ရွှေနဂါး တံတွေးပန်း အပေါ်တွင် ထားရှိနေခဲ့လေသည်။
ရွှေရောင်အလင်းက သုံးလေးကြိမ်မက လုံးဝနီးပါး ငြိမ်းသွားခဲ့သော်လည်း သူက ၎င်းကို တည်ငြိမ်အောင် အစွမ်းကုန် ကြိုးစားပေးခဲ့သည်။ ဘေးမှ ဆိုဖီယာနှင့် အဲလစ်က တင်းမာသော အခြေအနေ၏ သက်ရောက်မှု ခံနေရသည်။ ဆိုဖီယာက ချွေးများ စိုနေသော လက်ဖဝါးကို ဆုပ်ထားနေသည်။ အဲလစ်က ကြည့်ပင် မကြည့်ရဲတော့ပေ။ သူက လက်များကို ယှက်ထားပြီး ခေါင်းကို ငုံ့၍ ဆုတောင်း နေခဲ့သည်။
နောက်ဆုံးတွင် အဆုံးသို့ ရောက်ရှိ လာတော့မည် ဖြစ်သော်လည်း ထိုသို့ နောက်ဆုံး အဆင့်မှာ အခက်ခဲဆုံး အဆင့်လည်း ဖြစ်ပေသည်။ ချွေးများက ချန်လွေ့၏ နဖူးနှင့် နှာခေါင်းဖျားမှ ထွက်လာနေလေပြီ။ ရွှေရောင်အလင်းက ရုတ်တရက် တုန်ခါသွားပြီး ချန်လွေ့က စွမ်းအား ထုတ်လွှတ်မှုကို အလျင်အမြန် တိုးမြှင့်လိုက်၏။
ထိုအခိုက်အတန့်တွင် လာလာရီယာ၏ ရယ်သံက အပြင်မှ ထွက်ပေါ်လာသည်။ “အိုဟိုဟိုဟို...”
ရွှေရောင်အလင်းက နောက်တစ်ကြိမ် တုန်ခါသွားပြီး လျင်မြန်စွာ မှေးမှိန် သွားခဲ့၏။ ထွင်းစာဖြင့် စုစည်းထားသော ‘ရွှေရောင်ပန်းအိုး’တွင် အက်ကြောင်းများ စတင် ပေါ်ပေါက်လာခဲ့သည်။ ချန်လွေ့ လွှတ်ခနဲ ပြောလိုက်၏။ “မဟုတ်ဘူး။”
လာလာရီယာ ဥယျာဉ်ထဲ လျှောက်ဝင် လာသည်နှင့် ထိုမြင်ကွင်းကို တွေ့လိုက်ရာ တုန်လှုပ်သွားပြီး သူ၏ ရယ်သံက ရုတ်ချည်း ရပ်တန့်သွားခဲ့သည်။
ရွှေရောင် ပန်းအိုးက ရုတ်တရက် ပေါက်ကွဲ ထွက်သွားပြီး အမှုန့်အဖြစ်သို့ ပြောင်းကာ လေထဲ ပျောက်ကွယ်သွား၏။ ရွှေရောင်အလင်းကလည်း တချိန်တည်း ပျောက်ကွယ်သွားခဲ့သည်။
“တောင်း... တောင်းပန်ပါတယ်!” လာလာရီယာ ကြက်သေသေသွားခဲ့သည်။ မူလက ရွှေရောင်လင်းလက် ရင်ပြင်တွင် ‘ယုံကြည်သူများ’ များစွာ၏ ထောက်ခံမှုကို ရရှိခဲ့သော မိန်းမချင်း စိတ်ဝင်စားသည့် နဂါးက စိတ်အား ထက်သန်နေခဲ့ပြီး အဲလစ်နှင့် ချန်လွေ့ကို ရှာဖွေကာ ကြွားချင်ခဲ့သော်လည်း မမျှော်လင့်ဘဲနှင့် အရေးအကြီးဆုံး ကိစ္စကို ဖျက်ဆီးပစ် လိုက်မိသည်။ ချန်လွေ့က ဝိညာဉ် ထုတ်ယူတာကို မနက်ဖြန်မှ စမယ်ဟု ပြောခဲ့တာ မဟုတ်လား။
ချန်လွေ့က ၎င်းမှာ လာလာရီယာနှင့် ဘာမှမဆိုင်ကြောင်း ကောင်းစွာ သိသည်။ သူ မရောက်ခင်ပင် ရွှေနဂါးတံတွေးပန်း၏ ဝိညာဉ်က ပြိုလဲတော့မည့် လက္ခဏာများ ပြသနေပြီး ဖြစ်သည်။
ထိုမြင်ကွင်းက ဆိုဖီယာအား သူ၏ အထောက်အပံ့ကို ချက်ချင်း ဆုံးရှုံးစေပြီး မြေပြင်ပေါ် အားနည်းစွာ လဲကျသွား၏။ သူက ရွှေနဂါးတံတွေးပန်းကို စွဲလမ်းစွာ စိုက်ကြည့်နေရုံသာ ကြည့်နေခဲ့လေသည်။ သူက မျက်ရည်ကျရန် အင်အားပင် မရှိတော့ပေ။ ၎င်းမှာ ယခင်ကပန်းပင် ဖြစ်နေခဲ့သော်လည်း အထူး သက်ရှိ အငွေ့အသက် ဆုံးရှုံးသွားပြီ ဖြစ်ကြောင်း အသေအချာ ခံစားမိနိုင်သည်။
အဲလစ် ဆုတောင်းနေဆဲ ဖြစ်သည်။ သူ၏ လက်များက ပို၍တင်းကျပ်စွာ ယှက်ထားပြီး မှိတ်ထားသော မျက်လုံးမှ မျက်ရည်များ ဝဲလာခဲ့သည်။
ချန်လွေ့က သိဒ္ဓိခွက်နှင့် သွေးရောင် လက်စွပ်တွင် ပျောက်ကွယ်သွားခဲ့သော ဝိညာဉ်ကို ခံစားမိလိုက်သည်။ သူက တိတ်တဆိတ် သက်ပြင်းချလိုက်ပြီး သူ၏ ခေါင်းကို ငုံ့ထားလိုက်၏။ သူ အစွမ်းကုန် ကြိုးစားခဲ့ပြီး ဖြစ်သည်။
ရုတ်တရက် ချန်လွေ့၏ မျက်လုံးများ ကျယ်ပြန့်သွားပြီး သူက တစ်စုံတစ်ခုကို အာရုံခံမိလိုက်သည်။ မော့ကြည့်လိုက်ရာ ရွှေရောင်အလင်းက အဲလစ် အပေါ်တွင် နောက်တစ်ကြိမ် ထွန်းလင်းနေသည်ကို တွေ့လိုက်ရ၏။
တစ်ချိန်တည်းမှာပင် ဆုတောင်းသံက သာယာငြိမ့်ညောင်းပြီး အိပ်မက်သဖွယ် ဖြစ်လာခဲ့သည်။ ရှိနေသော လူများ၏ စွမ်းအားက အဲလစ်ထက် သာလွန် သော်လည်း သူတို့၏ စိတ်ထဲတွင် တုန်လှုပ်မှု ခံစားချက်တစ်ခု ရှိနေဆဲ ဖြစ်သည်။ အဲလစ်၏ ခန္ဓာက နူးညံ့ပြီး နွေးထွေးသော အလင်းအစုအဝေးများကို ထုတ်လွှတ်နေ၏။ အလင်း၏ လွှမ်းမိုးမှု အောက်တွင် ရွှေရောင်အလင်းက ပို၍ပို၍ စတင်၍ ထွန်းလင်းလာခဲ့သည်။
ထိုမြင်ကွင်းက ဆိုဖီယာနှင့် လာလာရီယာ နှစ်ဦးစလုံးကို အံ့ဩသွား စေခဲ့သည်။ ချန်လွေ့က စဉ်းစားမနေဘဲ သိဒ္ဓိခွက်နှင့် သွေးရောင် လက်စွပ်ကို မြှောက်လိုက်သည်။ ထိုအချိန် ၎င်းမှာ အမှန်တကယ် ထူးထူးခြားခြား ချောမွေ့ နေခဲ့သည်။
အဲလစ်၏ ကိုယ်ပေါ်မှ အငွေ့အသက် ပို၍ပို၍ အားကောင်းလာခဲ့သည်။ ချန်လွေ့ လှုပ်ရှားသွား၏။ ယုံကြည်မှုစွမ်းအားပဲ။
ဟုတ်တယ်။ ဒါက ယုံကြည်မှုပဲ၊ ပြီးတော့ ဒါက အတော်လေး သန့်စင်ပြီး အားကောင်းတယ်။ ချန်လွေ့ အသိစိတ်က စူပါစနစ်၏ ပြောင်းလဲမှုများကို အာရုံခံပြီး ဖြစ်သည်။ သူက လာလာရီယာကို အကြောင်းကြားလိုက်ပြီး စူပါစနစ်သို့ ဝင်ရောက်လိုက်၏။
ကြယ်စင်စု နတ်ဘုရားကျောင်းတွင် ရှိနေသော ယုံကြည်မှု မျှော်စင်သို့ ရောက်ရှိလာရာ ဗာရိုနီကာ ထိုနေရာတွင် တွေ့လိုက်ရသည်။ ဗာရိုနီကာ ဘေးတွင် အရပ်ပုပုနှင့် ပုံရိပ်တစ်ခု ရှိနေလေသည်။ ချန်လွေ့အတွက် အံ့အားသင့်စွာပင် ၎င်းမှာ အဲလစ် မဟုတ်နေပေ။
ထိုကလေးက ၅နှစ် အရွယ်ခန့်ရှိသော ငွေရောင်ဆံပင်နှင့် ရွှေရောင်မျက်လုံးများ ရှိသော ကလေးမလေး တစ်ယောက် ဖြစ်သည်။ သူ့တွင် ကျောက်စိမ်းဖြင့် ထွင်းထုထားသလို လှပသော မျက်နှာ အသွင်အပြင်များ ရှိနေလေသည်။ သူက ပတ်လည်မှ အရာအားလုံးကို စူးစမ်းရင်း ကြည့်ရှုနေသည်။ ချန်လွေ့ကို မြင်ရာ ကလေးမလေးသည် ကြောက်ရွံ့သော အမူအရာကို ပြသခဲ့ပြီး ဗာရိုနီကာ အနောက်တွင် ပုန်းအောင်းနေလိုက်သည်။
ချန်လွေ့က ကလေးမလေးကို အံ့ဩစွာ ကြည့်လိုက်ရာ သက်ဆိုင်ရာ သတင်း အချက်အလက်များ သူ၏ စိတ်ထဲတွင် အလိုအလျောက် ပေါ်လာခဲ့၏။
နတ်ဘုရားကျောင်းအစေခံ (ကြယ်ရာထူး အပ်နှင်းနိုင်)
ဝိညာဉ်စွမ်းအား - E-
အထူးဂုဏ်သတ္တိ - နှလုံးသား အစေခံ၊ ထိန်းချုပ်သူအပေါ် အကြွင်းမဲ့ ကြောက်ရွံ့ ရိုသေမှု ရှိပြီး ပုန်ကန်လိုသော စိတ်ဆန္ဒ အားလုံးကို မရှိနိုင်။ (ပယ်ဖျက်နိုင် သို့မဟုတ် အပ်နှင်းနိုင်)
နှလုံးသားစတေးခံ- ထိန်းချုပ်သူက အစေခံကို စတေးနိုင် သို့မဟုတ် သတ်ဖြတ်နိုင်။
အာဏာ - လက်ရှိတွင် မရရှိနိုင်သေး (ပယ်ဖျက်နိုင် သို့မဟုတ် အပ်နှင်းနိုင်)
စွမ်းရည် – လက်ရှိတွင် မရရှိနိုင်သေး (ပယ်ဖျက်နိုင် သို့မဟုတ် အပ်နှင်းနိုင်)
ဒီမိန်းကလေးက...
သူက တကယ်ပဲ နတ်ဘုရားကျောင်း အစေခံတစ်ယောက် ဖြစ်လာတာပဲ။
ဗာရိုနီကာ ပြုံးလိုက်သည်။ “ကျွန်မမှာ အဖော် အသစ် တစ်ယောက် ရလို့ ဝမ်းသာပါတယ်။ ဒါပေမဲ့ အဲဒီမတိုင်ခင် ‘နှလုံးသားအစေခံ’ အထူးဂုဏ်သတ္တိကို အရင်ဆုံး ပယ်ဖျက်လိုက်သင့်တယ်။ သူ မကြောက်အောင်ပေါ့။”
ချန်လွေ့ ခေါင်းညိတ်လိုက်သည်။ သူက ‘နှလုံးသားအစေခံ’ ဖိအားကို ချက်ချင်း ပယ်ဖျက်လိုက်ရာ ကလေးမလေးက ဗာရိုနီကာ အနောက်မှ ခေါင်းပြူထွက်ပြီး သူ့ကို ကြောက်နေရင်း ကြည့်လိုက်၏။
“မင်းရဲ့ နာမည်က ဘယ်လိုခေါ်လဲ။” ချန်လွေ့က ဖော်ရွေသော အပြုံးကို ပြသရန် အစွမ်းကုန် ကြိုးစားခဲ့သော်လည်း ကလေးမလေးက ကြောက်လန့်နေသော ယုန်တစ်ကောင် ကဲ့သို့ပင် လန့်သွားပြီး ဗာရိုနီကာ အနောက်တွင် နောက်တစ်ကြိမ် ပုန်းအောင်းလိုက်ပြန်သည်။
“ရှင်က လူကောင်းတစ်ယောက်နဲ့ လုံးဝ မတူဘူး။” ဗာရိုနီကာက ပြုံးလိုက်ပြီး ထိုင်ချကာ ကလေးမလေးကို ပွေ့ပြီး တစ်စုံတစ်ခုကို ညင်သာစွာ တိုးတိုးလေး ပြောလိုက်သည်။ ထို့နောက် ကလေးက သတ္တိမွေး၍ ချန်လွေ့ထံ ရောက်လာခဲ့၏။
“မင်းရဲ့ နာမည်က အေဗရယ်မလား။” ချန်လွေ့က ကလေးမလေးကို ပြုံးပြ လိုက်သည်။ ထိုတစ်ခေါက်တော့ ငါ သူ့ကို ထွက်မပြေးစေချင်ဘူး။ တကယ်တော့ ငါ့ရှေ့မှာ ရှိနေတာက ကလေးမလေးက တကယ့် ‘အေဗရယ်’ရဲ့ သေးငယ်တဲံ အစိတ်အပိုင်း တစ်ခုပဲ။ အများစုက ဆိုဖီယာရဲ့ နဂါးတံတွေးပန်း အပေါ်က တမ်းတမှုမှ ဖွဲ့စည်းထားတဲ့ အသိစိတ်ပဲ။ ပြောရရင် ဒါက ဆိုဖီယာရဲ့ စိတ်ထဲက စိတ်ကူးပုံဖော်ထားသော ‘အေဗရယ်’ပဲ။ ဒါကြောင့် ဝိညာဉ်စွမ်းအားက ဒီလောက် အားနည်းနေတာ။
ဒါပေမဲ့ ဆိုဖီယာအတွက်တော့ ဒါက တကယ့် အေဗရယ်ပဲ။ E- စွမ်းအားပဲ ရှိပေမဲ့ ဒါက ပြီးပြည့်စုံတဲ့ ဝိညာဉ်တစ်ခု ဖြစ်နေပြီ။
ထိုအချိန်တွင် ယုံကြည်မှု မျှော်စင်က အလင်းများဖြင့် ပြည့်နှက်သွားခဲ့သည်။ ချန်လွေ့၏ မျက်လုံးများ လင်းလက် သွားခဲ့သည်။ “အဲလစ်!”
ထိုအရာမှာ အမှန်ပင် မမျှော်လင့် ထားသော အံ့အားသင့်စရာ တစ်ခု ဖြစ်လေသည်။ အမြဲတမ်း ကျရှုံးနေခဲ့သော အဲလစ်က ထိုအချိန်တွင် ကြယ်နှစ်ပွင့် တိုးမြှင့်မှုကို ပြီးမြောက်ခဲ့ပြီး စူပါစနစ်၏ အယောက် ၂၀မြောက် နတ်ဘုရားမ ဖြစ်လာခဲ့လေသည်။
ယုံကြည်မှု မျှော်စင်၏ တောက်ပမှု ပြီးဆုံးသွားပြီးနောက်တွင် အဲလစ်က သူ၏ မျက်လုံး အရှေ့တွင် ပေါ်လာခဲ့သည်။ “အစ်ကို!”
ချန်လွေ့က အဲလစ်၏ ခေါင်းကို ထိပြီး ခေါင်းညိတ်လိုက်သည်။
ဗာရိုနီကာက ဦးညွှတ်လိုက်လေသည်။ “ဂုဏ်ယူပါတယ်။ ‘အသက်’ နတ်ဘုရားမ မဒမ် အဲလစ်။”
အဲလစ် တာဝန်ယူသော ယုံကြည်မှုမှာ ‘အသက်’ ဖြစ်လေသည်။ ထိုအရာကြောင့် အေဗရယ်၏ ဝိညာဉ်က အရေးကြီးသော အခိုက်အတန့်တွင် မပြည့်မစုံ အားနည်း နေခဲ့သော အသိစိတ်မှ စစ်မှန်ကာ ပြီးပြည့်စုံသော ဝိညာဉ် အဖြစ်သို့ အောင်မြင်စွာ ပြန်လည်စုစည်းနိုင်ခဲ့ခြင်း ဖြစ်လေသည်။ တစ်ချိန်တည်းမှာပင် သူက စူပါစနစ်၏ ဒုတိယ နတ်ဘုရား အစေခံ ဖြစ်လာခဲ့သည်။
“ရှင်က အစ်မ ဗာရိုနီကာ ဖြစ်မယ်။ ကျွန်မကို အဲလစ်လို့ပဲ ခေါ်လို့ရပါတယ်။ အစ်မတွေ ဆီကနေ ရှင့်ရဲ့အကြောင်းကို ခဏ ခဏ ကြားဖူးပါတယ်။ ကျွန်မကို ဂရုစိုက်ပေးပါဦး။” အဲလစ်က ချုပ်တည်း မနေဘဲ ရှေ့သို့တက်သွားပြီး ဗာရိုနီကာ၏ လက်မောင်းကို ကိုင်လိုက်၏။
မင်းသမီးလေးတွင် လျှို့ဝှက် စာအုပ် တစ်အုပ် ရှိနေပြီး ၎င်းတွင် ချန်လွေ့နှင့် ဆက်စပ်နေသော အမျိုးသမီးအားလုံးနှင့် သက်ဆိုင်သော အတင်းအဖျင်းများကို မှတ်တမ်း တင်ထား၏။ ဗာရိုနီကာက ပထမဆုံး နတ်ဝင်သည်ပဲ။ ပြီးတော့ သူက မောင်းမဆောင်ရဲ့ အဖွဲ့ဝင် တစ်ဦးလည်း ဟုတ်တယ်။ သူက ‘ဖန်တီးခြင်း’ ကလေးရဲ့ မိခင် ဖြစ်လာနိုင်တယ်လို့ ကြားဖူးတယ်။ အဲဒါကြောင့် ကြိုပြီးတော့ ကောင်းမွန်တဲ့ ဆက်ဆံရေး တည်ဆောက်ဖို့ လိုတယ်။
ဗာရိုနီကာ ပြုံးရင်း ခေါင်းညိတ်လိုက်ရာ အဲလစ်က အေဗရယ်၏ လက်လေးကို ကိုင်လိုက်သည်။ “အေဗရယ်။ တော်သေးတာပေါ့။ နင်လည်း ဘာမှ မဖြစ်ဘူး။ ဒေါ်လေးဆိုဖီယာ ပျော်နေမှာ။”
“မဒမ် အဲလစ်...” အေဗရယ်၌ အဲလစ် အပေါ်တွင် နီးကပ်သော ခံစားချက်တစ်ခု ရှိနေသည်။ သူက အနည်းငယ်မျှ ခုခံမှု မပြသဘဲ ရှားပါးသော အပြုံး တစ်ခုကို ပြသခဲ့လေသည်။
“အစ်မလို့ခေါ်။”
“အစ်မ အဲလစ်...”
အသက်အရတွက်လျှင် အေဗရယ်က အဲလစ်ထက် အဆများစွာ ကြီးသော်လည်း ထို‘အေဗရယ်’မှာ မွေးကင်းစ ဝိညာဉ် တစ်ခု ဖြစ်သည်။ အကယ်၍ ယခင်က စုပ်ယူခဲ့သော နဂါးထွင်းစာ၏ စွမ်းအားသာ မရှိခဲ့ပါက ၎င်းမှာ ကလေးငယ် ပုံရိပ်တစ်ခု ဖြစ်နေနိုင်သေး၏။ ထို့ကြောင့် အစ်မ အဲလစ်ဟု ခေါ်သည်ကို နားလည်၍ ရနိုင်ပေသည်။
“‘အသက်’ကို ယုံကြည်တဲ့သူတွေက အရင်က ယုံကြည်မှုတွေ အားလုံးထက်ကို ပိုများနေတယ်။ ကျွန်မ အခု ခဏလောက် အလုပ်များတော့မယ်။” ဗာရိုနီကာက အေဗရယ်ကို ကြည့်လိုက်၏။ “အေဗရယ်။ ကြယ်စင်စု နတ်ဘုရားကျောင်းကို သွားပြီး ကောင်းကောင်း အနားယူလိုက်ပါဦး။ နောက်တော့ ကိစ္စတွေ နင့်ကို နည်းနည်းချင်းစီ သင်ပေးမယ်။”
“အင်း...” အေဗရယ်က ခေါင်းညိတ် လိုက်သည်။
“အစ်ကို။ အရင်ဆုံး အပြင်ထွက်ပြီး ဒေါ်လေး ဆိုဖီယာကို သတင်းကောင်း ပြောတာပေါ့။”
“အင်းပါ။”
ချန်လွေ့နှင့် အဲလစ်တို့၏ အသိစိတ် စူပါစနစ်မှ ထွက်သွားပြီး ကျောက်စိမ်းဖြူ နန်းတော်မှ ခန္ဓာကိုယ်သို့ ပြန်လည်၍ ရောက်ရှိ သွားခဲ့သည်။ လာလာရီယာ ကိုယ်တိုင်က ကြယ်နှစ်ပွင့် တိုးမြှင့်မှုကို အောင်မြင်ခဲ့ပြီး ဖြစ်သောကြောင့် သူက ၎င်းကို နားလည်သည်။ သူက သူတို့၏ ခန္ဓာကိုယ်များကို ဂရုတစိုက် စောင့်ကြပ် နေခဲ့ပြီး ချန်လွေ့နှင့် အဲလစ်တို့ မျက်လုံး ဖွင့်လိုက်မှသာ သတိထားမှုကို ဖြေလျှော့ လိုက်လေသည်။
ဆိုဖီယာက မည်သည် ဖြစ်ခဲ့ကြောင်း မသေချာသော်လည်း သူ၏ နှလုံးသား ထဲတွင် အဲလစ်အပေါ်မှ မူမမှန်သော အခြေအနေက အလှည့်အပြောင်းကြီး တစ်ခု ဖြစ်နိုင်ကြောင်း ခံစားချက်တစ်ခု ရှိနေခဲ့လေသည်။
“ဒေါ်လေး ဆိုဖီယာ!” အဲလစ်က ဝမ်းမြောက်စွာဖြင့် ဆိုဖီယာ ဘေးနားသို့ ရောက်ရှိလာခဲ့သည်။
အဲလစ်၏ စိတ်လှုပ်ရှားမှုက ဆိုဖီယာ၏ နှလုံးသားထဲရှိ မျှော်လင့်ချက်ကို ပြန်လည် တောက်လောင်လာစေခဲ့သည်။ “အဲလစ်၊ ဒါက...”
“အရှင်မ ဆိုဖီယာ။ ကျုပ်တို့တွေ အောင်မြင်ခဲ့တယ် ဆိုတဲ့အကြောင်းကို ခင်ဗျားကို ပြောပြရတာ အတော်လေးကို ဝမ်းသာမိပါတယ်။ အခြေအနေ တချို့ကို နောက်မှ ရှင်းပြပါ့မယ်။ အခု...” ချန်လွေ့ လက်ကို ဝှေ့ယမ်းလိုက်ရာ လေထဲမှ အရိပ်တစ်ခု တဖြည်းဖြည်း ထင်ရှား လာခဲ့သည်။
ဆိုဖီယာက မျက်လုံးကို အပြင်းအထန် ပွတ်လိုက်ပြီးနောက် ၎င်းမှာ စိတ်ထင်ခြင်း မဟုတ်ကြောင်း နောက်ဆုံး အတည်ပြု လိုက်နိုင်သည်။ ချန်လွေ့ ၎င်းကို မည်သို့ ပြုလုပ်ခဲ့ကြောင်း မသိသော်လည်း သူ၏ အရှေ့မှ ကလေးမလေးသည် သူအား ရင်းနှီးသော ခံစားချက်တစ်ခု ပေးနေ၏။ ဒါက ရွှေနဂါးတံတွေးပန်းပဲ။
မဟုတ်ဘူး။ ဒါက ငါ့ရဲ့နှလုံးသားထဲက လွမ်းဆွတ်နေခဲ့တဲ့ သမီးလေးပဲ။
ကလေးမလေးက ဆိုဖီယာကို ငေးရင်း စိုက်ကြည့်နေပြီး သူတို့နှစ်ဦး၏ ဝိညာဉ်မှ ဆက်သွယ်မှုကို တစ်ပြိုင်နက်တည်းတွင် ခံစားမိလိုက်ကြသည်။ အေဗရယ်က အသိစိတ်တစ်ခု ဟုတ်သည် ဖြစ်စေ၊ မဟုတ်သည် ဖြစ်စေ သူတို့က သားအမိ အရင်း ဖြစ်ပေသည်။
“အေဗရယ်!” ဆိုဖီယာက စိတ်လှုပ်ရှားလျက် ရှေ့သို့ လှမ်းလိုက်ပြီး ကလေးမလေးကို ဖက်လိုက်သော်လည်း သူ၏ လက်များက ကလေးမလေးကို ဖြတ်သန်း သွားနိုင်ရုံသာ တတ်နိုင်ခဲ့ပြီး ကလေးမလေးက အရိပ်တစ်ခု ဖြစ်သည့် အလား ထင်ရလေသည်။
“အမ်... ဒါက ဒီလိုပါ။ သူက ကျုပ်ရဲ့ တိုင်းပြည်ငယ်ထဲမှာ ဝိညာဉ်ဖြစ်တည်မှု တစ်ခုအနေနဲ့ နေနေတာပါ။ လက်ရှိ ကျုပ် သူ့ကို အချိန် အကန့်အသတ် တစ်ခုနဲ့ပဲ ပုံဖော်နိုင်တယ်။ အနာဂတ်မှာ ကျုပ် သူ့ကို ပြန်ရှင်သန်စေဖို့ ကြိုးစားပေးပါ့မယ်။”
ထိုစကားက ပေါ့တန်တန် မဟုတ်ပေ။ ဖိုက်သွန်သည် တစ်ချိန်က ဗာရိုနီကာအား ပြန်လည် ဝင်စားခြင်း လျှို့ဝှက်ဝိညာဉ် ပညာရပ်ကို သင်ပေးခဲ့သည်။ သို့သော် အေဗရယ်၏ ဝိညာဉ်စွမ်းအားက ယခု လောလောဆယ်တွင် အသုံးချရန် အလွန် အားနည်း နေသေးသည်။ အနာဂတ်တွင် ဝိညာဉ်စွမ်းအား အဆင့်အတန်း တစ်ခု အထိ ကြီးထွားလာပြီးနောက်တွင် သူ့ကို အမှန်တကယ် ပြန်လည် ရှင်သန်စေရန် သင့်တော်သော ခန္ဓာကိုယ် တစ်ခုကို ရှာဖွေပေးမည် ဖြစ်သည်။
“ကျေးဇူးပါပဲ။ ကျေးဇူးတင်ပါတယ်။” ဆိုဖီယာက သူ၏ ကျေးဇူးတင်မှုကို စကားလုံးများဖြင့် မဖော်ပြနိုင်တော့ပေ။
“ကိစ္စမရှိပါဘူး။ ခင်ဗျား ပေးအပ်ခဲ့တဲ့ ရွှေနဂါးတံတွေးပန်းအတွက် ကျုပ်လည်း အတော်လေးကို ကျေးဇူးတင်ပါတယ်။ အခွင့်အရေးရမယ် ဆိုရင်တော့ ကျုပ်ဇနီးနဲ့ ကလေးတွေနဲ့ အတူ ကျောက်စိမ်းဖြူ နန်းတော်ကို နောက်တစ်ကြိမ် ပြန်လာ လည်ပါ့မယ်။”
“ကျွန်မရောပဲ။” အဲလစ်ကလည်း လက်များကို မြှောက်လိုက်သည်။
“ဒါပေါ့။” ချန်လွေ့က အနည်းငယ် ပြုံးလိုက်သည်။ အရောင်စုံ မြူခိုးတစ်ခု သူ၏ လက်ထဲတွင် ပေါ်လာပြီး သူက ရွှေနဂါး တံတွေးပန်းကို ကြယ်စင်စု ဥယျာဉ်ထဲသို့ သိမ်းဆည်းလိုက်၏။
ထိုကုန်ကြမ်းကို နောက်ဆုံး၌ ရရှိနိုင်ပြီ ဖြစ်သည်။ ထိုအရာက နဂါးတောင်ကြားသို့ ခရီးစဉ်မှာ အောင်မြင်သော အရာတစ်ခု ဖြစ်ခဲ့သည်ဟူ၍ ပြောနိုင်ပေ၏။