နတ်သူငယ်တစ်ပိုင်း
Vol. 76 Ch. 1185
(၃)ရက်ကြာပြီးနောက် ပါဂရစ်ဇ်နှင့် ဆိုဖီယာတို့ ချန်လွေ့နှင့် အခြားသူများကို မုန်တိုင်းကျွန်းသို့ ဦးတည်သော တယ်လီပို့ အစီအရင်သို့ ကိုယ်တိုင် လိုက်လံပို့ဆောင် ခဲ့ကြသည်။ နဂါးတောင်ကြားတွင် ခမ်းနား ထည်ဝါသော နှုတ်ဆက်ပွဲ အခမ်းအနား တစ်ခုကိုပင် ကျင်းပခဲ့၏။ နဂါးများစွာ ထိုနေရာသို့ ရောက်ရှိလာခဲ့ကြသည်ဟု ဆိုကြသည်။ အဲ... အများစုက ကလေး မိဘများ ဖြစ်ကြပြီး အကြီးမားဆုံး ကပ်ဆိုးက နောက်ဆုံး နဂါးတောင်ကြားမှ ထွက်သွားသည်ကို ဂုဏ်ပြုနေကြ၏။
သို့သော်လည်း လာလာရီယာ၏ ‘သေချာပေါက် ပြန်လာခဲ့မယ်’ ဟူသော စကားက မိဘများစွာကို ကြောက်လန့် သွားစေခဲ့လေသည်။
ချန်လွေ့က ထိုခရီးစဉ်မှ အများအပြား ရရှိခဲ့သည်။ ဆိုဖီယာ၏ဆန္ဒ ပြည့်ဝရုံ သာမက အဲလစ်သည်လည်း ‘အသက်’ နတ်ဘုရားမ ဖြစ်လာခဲ့၏။ စူပါစနစ်တွင် ဒုတိယ နတ်ဝင်သည် တစ်ဦး ရှိလာခဲ့သည်၊ ပိုအရေးကြီးသည်မှာ လူသားလောကတွင် ရယူချင်သော ပစ္စည်းများမှာ အခြေခံ အားဖြင့် စုစည်းပြီး ဖြစ်နေကာ ပစ္စည်း ၂မျိုးသာ ကျန်နေတော့သည်။
သက်တန့်ကာလာလီလီနှင့် ရေခဲမှိုပင်။
ထိုအရာများ၏ မူလဇစ်မြစ် ၂ခုမှာ ကျောက်စိမ်း သစ်တောပင်လယ် ဖြစ်ပြီး နတ်သူငယ် မျိုးနွယ်စုတွင် ရှိသင့်သည်။ နတ်သူငယ် မျိုးနွယ်စုက လက်ရှိတွင် နှစ် ၁၀၀ လပြည့်ည ပွဲတော်အတွက် ပြင်ဆင် နေကြပြီး လောလောဆယ်တွင် မည်သည့် အပြင်လူကိုမျှ မတွေ့ရာ နဂါးများလည်း နတ်သူငယ် မျိုးနွယ်စုနှင့် တိုက်ရိုက် ညှိနှိုင်းနိုင်ခဲ့ခြင်း မရှိပေ။
ယောက္ခထီး နတ်သူငယ်ဘုရင် စပန်၏ စကားအရဆိုလျှင် လပြည့်ညပွဲတော်သည် ဒဏ္ဍာရီလာ လရောင်နတ်ဘုရားမ မွေးနေ့ဖြစ်ပြီး နေရာအနှံ့မှ နတ်သူငယ်များက ငွေလ ကောင်းကင် မြို့တော်သို့ ပြန်လည်၍ ရောက်ရှိ လာကြမည့် နတ်သူငယ် မျိုးနွယ်စုအတွက် အရေးအကြီးဆုံး ပွဲတော်များထဲမှ တစ်ခုလည်း ဖြစ်သည်။ ထိုအခမ်းအနားတွင် နတ်သူငယ်များက ပြိုင်ပွဲများစွာနှင့် နတ်သူငယ်မျိုးနွယ်စု၏ လက်ရွေးစင် အမျိုးမျိုးကို ရွေးချယ်ခြင်း အပါအဝင် လှုပ်ရှားမှု အမျိုးမျိုးကို ကျင်းပကြပေလိမ့်မည်။
လပြည့်ည ပွဲတော်၏ အဓိကဖြစ်သော လရောင်နတ်ဘုရားမ၏ မွေးနေ့ ရောက်ရှိရန် အချိန် အကြာကြီး မကျန်တော့ပေ။ စပန်က ငွေလ ကောင်းကင် မြို့တော်သို့ ပြန်မရောက်ခဲ့သည်မှာ အတော်လေး ကြာခဲ့ပြီဖြစ်ရာ ယခုတစ်ကြိမ် လပြည့်ည ပွဲတော်တွင် ပါဝင်ရန် ချန်လွေ့နှင့်အတူ ကျောက်စိမ်း သစ်တော ပင်လယ်သို့ ပြန်သွားရန် စီစဉ်ထားခဲ့သည်။
မာရီယာက သူနှင့် မလိုက်သွားခဲ့ပေ။ အကြောင်းရင်းများထဲမှ တစ်ခုမှာ သူက ကျောက်စိမ်းသစ်တော ပင်လယ်မှ နတ်သူငယ်များ၏ မျက်နှာသာပေးခြင်းကို မခံရ၍ ဖြစ်သည်။ အရေးအကြီးဆုံးမှာ နဂါးဧကရာဇ် ပါဂရစ်ဇ်က နဂါးမျိုးနွယ်၌ ပြောင်းလဲမှုအချို့ကို ဆောင်ရွက်လို၍ ဖြစ်သည်။ ထိုအချိန် အတောအတွင်း အကြီးအကဲများ မကြာခဏ ဆင့်ခေါ်ပြီး အစည်းအဝေးများ ကျင်းပတတ်သည်။ မဟာအကြီးအကဲတစ်ဦးဖြစ်ရာ မာရီယာ ပျက်ကွက်၍ မရပေ။
မထွက်ခွာခင် ယောက္ခမ နတ်မိမယ် နဂါးက သူ၏သမီးနှင့် သမက်ကို ခဏတာ သီးသန့် ဆွဲခေါ်သွားခဲ့သည်။ ၎င်းမှာ ယောက္ခထီးကို စောင့်ကြည့်ရန်နှင့် မည်သည့် ဖောက်ပြန်မှုမျိုးကိုမဆို ဖယ်ရှားရန်ပင်။ အထူးသဖြင့် အတိတ်က အသိမိတ်ဆွေဟောင်းများ ဖြစ်ကြသော ခီလန်ယာနှင့် အခြားအမျိုးသမီးအချို့မှာ နာမည်ပျက် စာရင်းတွင် ရှိနေသည်။ လိုအပ်သည့်အခါ အင်အားသုံးနိုင်သည်။ မာရီယာသည် အကျိုးဆက် အားလုံးကို...
ထိုအတွက် ချန်လွေ့က စိတ်ထဲတွင် ယောက္ခထီး အပေါ်တွင် နက်ရှိုင်းသော စာနာမှုကိုသာ ဖော်ပြနိုင်ခဲ့သော်လည်း စကားများတွင် တာဝန်ကို ပြတ်သားစွာ ပြီးမြောက်အောင် ဆောင်ရွက်ပေးမည်ဟု ကတိပြုခဲ့သည်။
တယ်လီပို့ လမ်းကြောင်းမှ တစ်ဆင့် မုန်တိုင်းကျွန်းသို့ ပြန်ရောက်ပြီးနောက် ချန်လွေ့က မိစ္ဆာထောင်ခြောက် သင်္ဘောကို လွှတ်ပေးလိုက်ပြီး မုန်တိုင်း ပင်လယ်ပြင်မှ ထွက်ကာ အင်ပါယာများ၊ တယ်လီပို့ လမ်းကြောင်းများကို ဖြတ်သန်း သွားခဲ့သည်။ ထို့နောက် သူက နတ်သူငယ် မျိုးနွယ်စုနှင့် အနီးဆုံး ကျက်သရေပြာ အင်ပါယာသို့ ရောက်လာပြီး အကျော်ကြားဆုံး ဆိပ်ကမ်းမြို့ ဖြစ်သည့် ဂျက်ဒါသို့ ရောက်ရှိလာခဲ့သည်။
ဂျက်ဒါကို ‘မှော်ပညာရှင်မြို့’ ဟူ၍ လူသိများသည်။ နတ်သူငယ်မျိုးနွယ်စုနှင့် မှော်အဖွဲ့အစည်း ခြေရာများ နေရာတိုင်း မြင်တွေ့နိုင်သည်။ ၎င်းမှာ လူ့လောကတွင် မှော်ပညာရှင်များ အထူထပ်ဆုံးသော နေရာလည်း ဖြစ်ပေသည်။ အထူးသဖြင့် မှော်ပညာရှင် မျှော်စင်အဖွဲ့ပင်။ ၎င်းမှာ နတ်သူငယ်များနှင့် လူသားများမှ ပူးတွဲ ထိန်းချုပ်ထားသော မဟာမိတ်အဖွဲ့တစ်ခု ဖြစ်သည်။ အဖွဲ့အစည်းက မှော်ပညာရှင် အများအပြားကို ပါဝင်ရန် ဆွဲဆောင်ခဲ့ပြီး ကျက်သရေပြာအင်ပါယာ၏ အရေးအကြီးဆုံး ‘မဟာဗျူဟာမြောက် လက်နက်’ ဖြစ်လာခဲ့သည်။
ကျက်သရေပြာ အင်ပါယာ၏ မှော်ပညာရှင် ဗိုလ်ခြေက လူသားလောက တစ်ခုလုံးတွင် အစွမ်းအထက်ဆုံးသော တည်ရှိမှုလည်း ဖြစ်ပြီး နဂါးလင်းလက် အင်ပါယာ၏ နဂါးစစ်သည် ဗိုလ်ခြေနှင့် ယှဉ်ပြိုင်ပေသည်။
ယခုမှာ ချန်လွေ့နှင့် ဇိုလာ ထိုနေရာသို့ ဒုတိယအကြိမ် ရောက်ရှိလာခြင်း ဖြစ်၏။ ထိုစဉ်က သူတို့ ထိုနေရာမှ မှော်ပညာရှင် မျှော်စင်အဖွဲ့မှ လိဒ်နှင့် တွေ့ဆုံခဲ့ပြီး မကောင်းဆိုးဝါး နတ်သူငယ်တစ်ပိုင်း မှော်ဆရာ ရီအယ်လ်ဒိုကို အပြစ်ပေးခဲ့၏။ ဇိုလာက မှော်ပညာရှင်မျှော် စင်အဖွဲ့မှ နတ်သူငယ် အကြီးအကဲ ဒါဆာနှင့် တိုက်ပွဲတွင် နတ်ဘုရားတစ်ပိုင်းအဆင့်သို့ တက်လှမ်းသွားခဲ့သည်။
သို့သော် ထိုအချိန် နတ်သူငယ်များကို မှော်ဆရာမြို့တွင် အခြေခံအားဖြင့် မတွေ့ရတော့ပေ။ ထို့ကြောင့် နတ်သူငယ် စပန်က အတော်လေး မျက်စိကျစရာ ဖြစ်နေသည်။ အကြောင်းမှာ နတ်သူငယ် အားလုံးက လပြည့်ည ပွဲတော်တွင် ပါဝင်ရန်အတွက် ကျောက်စိမ်းသစ်တော ပင်လယ်သို့ ပြန်သွားကြ၍ပင်။
အဲလစ်နှင့် လာလာရီယာတို့ နှစ်ဦးလုံး ထိုမှော်ပညာရှင်မြို့သို့ ပထမဆုံးအကြိမ် ရောက်ရှိလာခြင်း ဖြစ်ပြီး သူတို့သည် အသစ်အဆန်း အမျိုးမျိုးကြောင့် မျက်လုံး တောက်ပနေခဲ့သည်။ အဲလစ်က ပစ္စည်း ဒါဇင်ပေါင်း များစွာကို ဆက်တိုက် ဝယ်ယူခဲ့သည်။ အများစုမှာ အရုပ်များ ဖြစ်ပြီး သော်သော်နှင့် အသီနာ၏ ကလေး အတွက်ဟု ဆိုလေသည်။ ချန်လွေ့ ခဏတာ ရင်ထဲထိသွားသည်။ သို့သော် အဲလစ်က သူကိုယ်တိုင် ကစားရင်း ပို၍ ပျော်ရွှင်ခဲ့သည်။ ဈေးဝယ်လိုစိတ်က ကူးစက်တတ်၏။ အထူးသဖြင့် အမျိုးသမီး သတ္တဝါများအတွက်ပင်။ ဇိုလာလည်း ပစ္စည်းများစွာကို ဝယ်ယူခဲ့လေသည်။ လာလာလိုလီပင်လျှင် ချန်လွေ့ထံမှ သလင်းကျောက်နက်ဒင်္ဂါးများ ချေးယူပြီး ဖြုန်းတီးပစ်ခဲ့သည်။ ဘာပဲဖြစ်ဖြစ် မဒမ် လာလာရီယာက အဆုံးမဲ့အကြွေးများကို ဂရုမစိုက်ခဲ့ပေ။
သုံးလေးခါ လျှောက်သွားပြီးနောက် အဲလစ်က နောက်ထပ် မလှုပ်ရှားနိုင် တော့သော်လည်း သူ၏ စိတ်ဓာတ်များမှာ တက်ကြွနေဆဲပင်။ ကံကောင်းစွာဖြင့် ထိုလောကတွင် နေရာလွတ် လက်စွပ် ကဲ့သို့သော ကောင်းမွန်သည့် ပစ္စည်းတစ်ခု ရှိနေသည်။ သို့မဟုတ်လျှင် ချန်လွေ့နှင့် စပန်တို့က အိတ်များစွာကို သယ်ဆောင် ရပေလိမ့်မည်။
ဈေးဝယ်ပြီးနောက်တွင် လူတိုင်းက သင်္ဘောဖြင့် ဆိပ်ကမ်းမှ ထွက်ခွာသွားပြီး ကျောက်စိမ်း သစ်တော ပင်လယ်သို့ ဦးတည်သွားခဲ့ကြသည်။
၂ရက် ကြာပြီးနောက်-
“အစ်ကို၊ ဘယ်လောက်ကြာဦးမှာလဲ။”
“၁၀မိနစ်လောက်...”
“သိပ်ကောင်းတယ်....” အဲလစ်က လမ်းတလျှောက်မှ ထူထပ်သော သစ်တော ပင်လယ်ကို ကြည့်ရင်း သူ၏ မျက်လုံးများ တောက်ပနေခဲ့လေသည်။ “ဒါနဲ့ အစ်ကို၊ ကျွန်မ ဂျက်ဒါက လူတွေ ပြောတာကြားတယ်။ ဒီအချိန်အတွင်းမှာ နတ်သူငယ်တွေက လွဲရင် ဘယ်သူမှ ငွေလကောင်းကင် မြို့တော်ထဲကို ဝင်လို့ မရဘူးတဲ့။ ကျွန်မတို့ နတ်သူငယ်တွေ လိုမျိုး ဟန်ဆောင်ရမလား။”
“နတ်သူငယ်လို ဟန်ဆောင်မှာလား။ ငါ ဒီလို စိတ်ကူးမျိုးကို သဘောကျတယ်။” လာလာရီယာ မျက်လုံးများကို မှိတ်ပြပြီး အလင်းတန်းတစ်ခု လင်းလက်သွားသည်။ သူ၏ နားရွက်များက ချွန်ထွက်လာပြီး ဆံပင်က အစိမ်းရင့်ရောင် ပြောင်းသွား၏။ သူ၏ အသွင်အပြင်မှာ များများစားစား မပြောင်းလဲသော်လည်း လာလာလိုလီက မူလကတည်းက နူးညံ့ပြီး ပြားချပ်သော ပုံစံမျိုး ဖြစ်သည်။ ယခု သူက ကြားနေ နတ်သူငယ် လိုလီငယ်လေး တစ်ဦးနှင့် ပိုတူနေ၏။
ထိုအရာမှာ နဂါးများ၏ အသွင်ပြောင်း ပညာရပ် ဖြစ်သည်။ မှော်ပညာ၏ အဓိက ရန်သူဖြစ်သော နဂါးနက်သည်ပင်လျှင် စွမ်းအားနှင့် ကျွမ်းကျင်မှု လုံလောက်သ၍ အလွယ်တကူ အသက်သွင်းနိုင်သည်။
ဇိုလာက နဂါး အသွင်ပြောင်းပညာကို အသုံးမပြုခဲ့ပေ။ ဒြပ်စင်လောက၏ ထိန်းချုပ်သူနီးပါး ဖြစ်သော နတ်မိမယ် နဂါးအတွက် အသွင်ကို ပြောင်းလဲရန် လွယ်ကူလှပေသည်။ အလင်းရောင်များ မထွက်လာပေ။ ဇိုလာက ရေစီးသလို အောင်မြင်စွာ အသွင်ပြောင်းပြီး ဖြစ်သည်။ သူ၏ ပုံသဏ္ဌာန်နှင့် အသွင်အပြင်မှာ အနည်းငယ် ပြောင်းလဲသွားခဲ့သည်။ သူက ပို၍ လျင်မြန်ဖျတ်လတ်ပုံ ရသည်။ သူ၏ ပညာရှိသော စိတ်နေသဘောထားကြောင့် သူက အလွန်ပင် ဆွဲဆောင်မှု ရှိနေသော နတ်သူငယ် ပညာရှင် တစ်ဦးနှင့် တူနေ၏။
“ဝိုး!” အဲလစ်၏ မျက်လုံးများတွင် ကြယ်ငယ်လေးများ လင်းလက်နေသည်။ “အစ်မ ဇိုလာ အရမ်းကို လှတာပဲ။ ကျွန်မကိုလည်း အသွင်ပြောင်းဖို့အတွက် ကူညီပေးပါလား။”
ဇိုလာက မျက်တောင် ခတ်လိုက်ရာ လှပပြီး ချစ်စရာကောင်းသော နတ်သူငယ် လိုလီတစ်ယောက် ချန်လွေ့၏နောက်တွင် ချက်ချင်း ပေါ်လာခဲ့သည်။ အဲလစ်ကို မကျေနပ်စေသည့် တစ်ခုတည်းသော အရာမှာ ရင်ဘတ်က ပြားချပ်နေဆဲ ဖြစ်နေခြင်းပင်။
“ဖေဖေ စပန်။ အဖေ့မှာ အခု သမီး သုံးယောက်ရှိပြီ။” အဲလစ် ရယ်လိုက်ပြီး ချန်လွေ့ကို ကြည့်လိုက်သည်၊ “အစ်ကို့ အလှည့်ပဲ...”
“အင်းပါ။ လူတိုင်း ဒီလောက် ပျော်နေမှတော့...” ချန်လွေ့က မျက်နှာ အမှန်ကို ဖုံးကွယ်ရန် [ရုပ်ဖျက်ခြင်း]ကို အသုံးပြုနေခဲ့ရာ ယခု သူ၏နားရွက်နှင့် ဆံပင်ကို အနည်းငယ် ပြောင်းလဲရန်သာ လိုအပ်လေသည်။
အလွယ်တကူ အသွင်ပြောင်း လိုက်သော ချန်လွေ့က လူတိုင်း၏ ထူးဆန်းသော မျက်လုံးများကို ကြည့်လိုက်၏။ သူက အံ့အားသင့်သွားပြီး မေးလိုက်သည်။ “ဘာဖြစ်လို့လဲ။”
“အစ်ကို့ရဲ့ အသွင်ပြောင်း ပညာက အတော်လေး ဆိုးတာပဲ။” အဲလစ်က မကျေနပ်လျက် ခေါင်းကို ခါလိုက်သည်။
ချန်လွေ့ အံ့အားသင့်သွားလေသည်။ နတ်ဘုရား-ယောင် အထွတ်အထိပ်အဆင့် တောင်မှ ဒီလိုမျိုး [ရုပ်ဖျက်ခြင်း]ကို မသိမြင်နိုင်ဘူး။ ဘာလို့ ဒါက ဆိုးရတာလဲ။
“ငါတို့ နတ်သူငယ်တွေ အများကြီး မမြင်ဖူးပေမယ့်...” လာလာရီယာက ဝေဖန်လိုက်သည်။ “မင်းက ရုပ်အဆိုးဆုံး နတ်သူငယ် ဖြစ်လောက်တယ်။”
ဇိုလာသည် မူလက ဂရုမစိုက်ကြောင်း ပြသရန် ခေါင်းကို အရင် ခါလိုက်သည်။ ထို့နောက် ဖခင်ဖြစ်သူ၏ အကြွင်းမဲ့ ချောမောသော မျက်နှာကို နှိုင်းယှဉ်ကာ တွေးမိပြီးနောက် ခေါင်းညိတ်လိုက်သည်။
ချန်လွေ့ ပြောစရာစကား မဲ့သွားသည်။ ၎င်းမှာ ဇာတ်ပို့တစ်ယောက်၏ မျက်နှာ ဖြစ်သော်လည်း နတ်သူငယ်အားလုံးက ချောမောသော ယောက်ျားများနှင့် လှပသော အမျိုးသမီးများ ဖြစ်သည်ကို တွေးမိကာ သာမန် မျက်နှာတစ်ခုကို အသွင်ပြောင်းခြင်းမှာ လွန်ကဲလွန်းရာ ကျပေလိမ့်မည်။ ထို့ကြောင့် သူက အာသာ၏ မျက်နှာသို့ ပြန်ပြောင်းပြီး အနည်းငယ် ပြုပြင်လိုက်၏။ နောက်ဆုံး ဒိုင်လူကြီး သုံးဦးစလုံးက အအောင်ပေး လိုက်ကြသည်။
စပန်က တခစ်ခစ် ရယ်မောနေသော ‘သမီး’သုံးဦးကို ကြည့်ရင်း ပြုံးလိုက်သည်။ “ကောင်းပြီ။ နတ်သူငယ်တို့။ အဆင်သင့် ပြင်ထားကြ။ အခု ခရမ်းသစ်ခွ ဆိပ်ကမ်းရဲ့ ရေနယ်နိမိတ်ကို ရောက်နေပြီ။ အကွေ့ ၂ကွေ့ပြီးရင် ဆိပ်ကမ်း တွေ့လိမ့်မယ်။”
ခဏအကြာ ‘နတ်သူငယ်’ ၅ဦးကို တင်ဆောင်လာသော မိစ္ဆာထောင်ခြောက် သင်္ဘောက ခရမ်းသစ်ခွ ဆိပ်ကမ်းသို့ ချောမွေ့စွာဖြင့် ရောက်ရှိလာခဲ့သည်။ ခရမ်းသစ်ခွဆိပ်ကမ်းကို နတ်သူငယ် အစောင့်များ စောင့်ကြပ်ထားသည်။
စပန်က သူတို့လေးဦးကို သင်္ဘောပေါ်မှ ဆင်းခေါ်သွားခဲ့သည်။ သူတို့ကို ကြိုသော နတ်သူငယ် အစောင့်များက လူသစ်များ ဆိုသည်မှာ အသေအချာပင်။ သူတို့က စပန်အား လွန်ခဲ့သော နှစ်၂၀၀၀၀က နတ်သူငယ်ဘုရင် အဖြစ် မမှတ်မိကြဘဲ စပန်လည်း သူ့သရုပ်ကို မဖော်ထုတ်ခဲ့ပေ။ ထိုအစား သူက နတ်သူငယ်တစ်ဦး၏ ယေဘုယျ ဓလေ့ထုံးတမ်းကို ရိုးရှင်းစွာ ပြုလုပ်လိုက်၏။ “လရောင်နတ်ဘုရားမ ကောင်းချီးပေးပါစေ။ ငါတို့က မိသားစု လပြည့်ည ပွဲတော်မှာ ပါဝင်ဖို့ အမြန် ပြန်လာခဲ့ကြတာပါ။”
နတ်သူငယ် အစောင့်သည် စပန်၏ ထူးကဲသော အရှိန်အဟုန်ကို အာရုံခံမိပြီး သူတို့အားလုံး နတ်သူငယ်များဖြစ်သည်ကို မြင်ရာ ပြန်လည်၍ ဦးညွှတ်လိုက်သည်။ “လရောင်နတ်ဘုရားမ ကောင်းချီးပေးတဲ့ နေရာကနေ ပြန်လည် ကြိုဆိုပါတယ်။ ခင်ဗျားတို့ အားလုံးကို နတ်ဘုရားမ ကောင်းချီးပေးပါစေ။ ကျေးဇူးပြုပြီးတော့ အရင်ဆုံး မှတ်ပုံတင်ဖို့ ဒီကိုလာခဲ့ပါ။”
ထိုအခိုက်တွင် အခြား နတ်သူငယ် အဖွဲ့တစ်ဖွဲ့က သူတို့၏ အရှေ့တွင် ပေါ်လာခဲ့သည်။ ခေါင်းဆောင်ဖြစ်သူမှာ နောက်ကျောတွင် ဓားရှည်တစ်ချောင်းနှင့် ငွေရောင် သံကြိုးချပ်ကာ ဝတ်ထားသော ဆံပင်ရွှေရောင် အမျိုးသား နတ်သူငယ် တစ်ဦးဖြစ်သည်။ သူက နှုတ်ခမ်းမွှေး အနည်းငယ် ရှိနေပြီး ချောမောသည်။ ထိုနတ်သူငယ် အဖွဲ့က အမျိုးသား တစ်ဦးကို ဝိုင်းရံထားနေသည်။ ထိုအမျိုးသားမှာ အရပ်ရှည်ရှည်နှင့် သွယ်လျကာ နူးညံ့သော မျက်နှာ သွင်ပြင်များ ရှိသော်လည်း သူ၏ မျက်နှာနှင့် ကိုယ်ပေါ်တွင် သွေးနီရောင် အစက်အပြောက်များစွာ ရှိနေပြီး ၎င်းမှာ အလွန် ထူးဆန်းနေသည်။ အနည်းငယ် ချွန်ထက်သော နားရွက်များအရ ဆိုလျှင် နတ်သူငယ်တစ်ပိုင်း ဖြစ်လောက်သည်။
မျိုးနွယ် - နတ်သူငယ်တစ်ပိုင်း (သန္ဓေပြောင်း)
စွမ်းအားအကဲဖြတ်မှု - A
ခန္ဓာအမျိုးအစား - A-
ခွန်အား - A
စိတ်ဝိညာဉ် - A
အမြန်နှုန်း - A
[စိစစ်ချက်] - အမှောင်ဂုဏ်သတ္တိ၊ တိကျသော မျက်လုံး၊ နတ်ဆိုးပုံစံကွက်။
အန္တရာယ်အဆင့် - နိမ့်ပါး
နတ်သူငယ် တစ်ပိုင်းက နတ်သူငယ် မျိုးနွယ်စုနှင့် အခြား မျိုးနွယ်များ၏ ကပြားဖြစ်ပြီး သက်တမ်းမှာ တကယ့် နတ်သူငယ်ထက် တိုတောင်းသော်လည်း ၎င်းကို နတ်သူငယ်များမှ အသိအမှတ် မပြုဘဲ နတ်သူငယ် စာချုပ်ဖြင့်လည်း ကာကွယ်ခြင်း မခံရပေ။ ကျောက်စိမ်း သစ်တော ပင်လယ်တွင် အမြဲ အထင်သေး ခံရသော တည်ရှိမှု တစ်ခုလည်း ဖြစ်သည်။ ထိုအရာမှာ ချန်လွေ့ အစပိုင်းတွင် တွေ့ခဲ့သော ဘလန့််ချ်၏ အခြေအနေမျိုး ဖြစ်လေသည်။
သူ၏ရှေ့မှ နတ်သူငယ် တစ်ပိုင်းက အမှန်တကယ်တွင် လူသားလောက၌ ရှားပါးသော အမှောင်ဂုဏ်သတ္တိ ရှိနေ၏။ သူ၏ မျက်နှာပေါ်မှ အမာရွတ်များက စူပါစနစ်မှ သုံးသပ်ထားသည့်အတိုင်း ‘နတ်ဆိုးပုံစံကွက်’ ဖြစ်နိုင်သည်။ သို့သော် နတ်သူငယ်မျိုးနွယ်စုက သူတို့ကိုယ်သူတို့ ပြီးပြည့်စုံသူများအဖြစ် အမြဲပင် မှတ်ယူ ခဲ့ကြသည်။ ပွင့်ပွင့်လင်းလင်းပြော ရလျှင် သူတို့က လူများကို အသွင်အပြင်ဖြင့် အလွယ်တကူ တရားစီရင်တတ်ကြသည်။ သူတို့က အမှောင်နတ်သူငယ်၏ မျက်နှာ အပေါ်တွင် အတော်အတန် ရွံရှာမှုကို အသေအချာပင် ပြသခဲ့ကြသည်။
“ဆာ-အက်စ်ကာ!” စပန် ဘေးနားမှ နတ်သူငယ် အစောင့်က လျင်မြန်စွာ ဦးညွှတ်လိုက်သည်။ “ဒီနိမ့်ကျတဲ့ အမှောင် နတ်သူငယ်ကို ဖမ်းမိခဲ့ပြီလား။”
“ဒီကောင်က လပြည့်ည ပွဲတော်ထဲကို ခိုးဝင်ဖို့ ကြိုးစားနေခဲ့တယ်၊ ပြီးတော့ သူက ကျုပ်တို့ ညီအစ်ကို တချို့ကို ဒဏ်ရာ ရအောင် လုပ်ခဲ့တယ်။ ဆာ-အက်စ်ကာ၊ င် သူ့ကို ဖမ်းဆီးပေးခဲ့တဲ့ အတွက် ကျေးဇူး တင်ပါတယ်။” နောက်ထပ်ငွေရောင်ဆံပင် နတ်သူငယ်တစ်ဦး အံကြိတ်လိုက်သည်။ “ဒီကောင်ကို ပြင်းပြင်းထန်ထန် အပြစ် ပေးရမယ်။ လပြည့်ည ပွဲတော်ကို နှောင့်ယှက်ပြီးတော့ နတ်သူငယ်တွေကို ထိခိုက်စေခဲ့တယ်။ သူ့ကို အခုချက်ချင်း ကွပ်မျက်ဖို့ အကြံပြုပါတယ်။”
နတ်သူငယ် တစ်ပိုင်းသည် ဒေါသ ထွက်နေသော အမူအရာကို ပြသခဲ့သည်။ သူက တစ်စုံတစ်ခု ပြောချင်သော်လည်း စွမ်းအား တစ်ခုခုကြောင့် ဖိနှိပ်ခြင်း ခံထားရပြီး စကားမပြောနိုင်ခဲ့ပေ။
ချန်လွေ့သည် ၎င်းတွင် ထူးဆန်းသော အရာတစ်ခုခု ရှိနေပုံရသည်ကို သတိပြုမိ လိုက်သည်။ ဘလန့််ချ် နတ်သူငယ် မျိုးနွယ်စုတွင် ခွဲခြားဆက်ဆံခံခဲ့ရသည့် အခြေအနေကို တွေးမိရာ သူ၏စိတ်က နတ်သူငယ်တစ်ပိုင်းအပေါ်မှ စကားပြော ချုပ်တည်းမှုကို လျို့ဝှက် ဖြေဖျောက်ရန် အနည်းငယ် လှုပ်ရှားသွားခဲ့သည်။
“ဖီဂေါ၊ အရှက်မရှိတဲ့ လူယုတ်မာ။ မင်း ငါ့ကို မြှားပစ်တဲ့ နေရာမှာ ရှုံးနိမ့်ခဲ့တယ်။ ပြီးတော့ မင်းက ငါ့ကို ဝင်ခွင့်ပေးမယ်လို့ ကတိပေးခဲ့တာ။ ဒါပေမဲ့ တကယ်ပဲ မင်း ကတိဖျက်ခဲ့တယ်။”
သံကြိုးချပ်ကာ ဝတ်ဆင်ထားသော အက်စ်ကာက နတ်သူငယ်တစ်ပိုင်းသည် သူ၏ ချုပ်နှောင်မှုမှ လွတ်မြောက်ပြီး စကားပြောနိုင်မည်ဟု မထင်ထားခဲ့ပေ။ သူက နတ်သူငယ်တစ်ပိုင်း၏ စကားကို ကြားပြီးနောက် မျက်မှောင်ကြုတ်ကာ ဖီဂေါကို ကြည့်လိုက်သည်။
ဖီဂေါက သရော်ပြီး ပြောလိုက်သည်။ “ငြင်းခုံတာ အသုံးမဝင်ဘူး။ မင်းလိုမျိုး နတ်သူငယ်တစ်ပိုင်း လပြည့်ညပွဲတော်ထဲ ရောနှောဝင်ရောက်ဖို့ ကြိုးစားတာ မင်းမှာ မရိုးသားတဲ့ ရည်ရွယ်ချက်တွေ ရှိနေလို့ အသေအချာပဲ။ မင်းကို ဖမ်းရတာကလည်း ငါ့ရဲ့ တာဝန်ပဲ။ ဆာ-အက်စ်ကာ၊ အခုက လပြည့်ည ပွဲတော်အတွက် ထူးခြားတဲ့ အချိန်အခါ ဖြစ်တယ်။ ဒီလိုသူလျှိုမျိုးကို သည်းမခံသင့်ဘူး။”
အက်စ်ကာက စဉ်းစားတွေးတော နေသော အမူအရာကို ပြသနေသော်လည်း နောက်ဆုံးစကားကို ကြားလိုက်ရာ သူက နောက်ဆုံးတွင် ခေါင်းညိတ်လိုက်သည်။
“လရောင် နတ်ဘုရားမရဲ့ မျှခြေမှာ မြင့်တာ နိမ့်တာ ခွဲခြားမှု မရှိဘူး။ နတ်သူငယ်ဖြစ်ဖြစ်၊ နတ်သူငယ်တစ်ပိုင်း ဖြစ်ဖြစ် မျှတတဲ့ နှလုံးသား ရှိသင့်တယ်။ အဲဒီလိုမထင်ဘူးလား။ ‘ဆာ’အက်စ်ကာ။” စကားပြောလိုက်သူမှာ ချန်လွေ့မဟုတ်ဘဲ စပန် ဖြစ်နေသည်။
ထိုစကားက အက်စ်ကာ၏ အာရုံကို ချက်ချင်း ဆွဲဆောင်လိုက်သည်။ သူက စပန်ကို ကြည့်လိုက်ပြီး အံ့ဩသော အမူအရာကို ပြသခဲ့သည်။
ထိုနတ်သူငယ်က နတ်သူငယ်တစ်ပိုင်း တစ်ယောက်အတွက် ပြောလိမ့်မည်ဟု ဖီဂေါ မထင်ထားခဲ့ပေ။ သူက အော်ပြော လိုက်သည်။ “အတင့်ရဲလိုက်တာ။ မင်းက ဘယ်သူလဲ။ မင်းက ဆာ-အက်စ်ကာကို ဒီလို ပြောရဲ...”
စကား မဆုံးသေးခင်ပင် အက်စ်ကာ၏ ဒေါသတကြီးအသံက ဖီဂေါ၏ နားထဲသို့ မိုးကြိုးသဖွယ်ပင် ဝင်ရောက်လာသည်။ “ပါးစပ်ပိတ်ထား!”
နတ်သူငယ် အစောင့်များ အားလုံး၏ အံ့ဩနေသော အကြည့်များ အောက်တွင် စိတ်လှုပ်ရှားသော အမူအရာ ပြသခဲ့သော အက်စ်ကာက စပန်ထံသို့ အလျင်အမြန် ရောက်လာပြီး လေးနက်စွာ ဦးညွှတ်ကာ ခမ်းနားသော ဓလေ့ထုံးတမ်း တစ်ခုကို ပြုလုပ်လိုက်၏။ “အရှင်မင်းကြီး!”