တာဝန်
Vol. 76 Ch. 1187
နှစ်ဖက်လုံး အချင်းချင်း နှုတ်ဆက် ပြီးနောက်တွင် ဧကရီအရှင်မ လစ်ဗ်က ချန်လွေ့ကို ကြည့်လိုက်သည်။
ချန်လွေ့ ပြုံးလိုက်၏။ “အရှင်မ မြင်တဲ့အတိုင်းပဲ၊ ဒီလို ပုံစံမျိုးနဲ့က ပိုပြီး အဆင်ပြေပါတယ်။”
ဧကရီအရှင်မလစ်ဗ်က ခေါင်းညိတ်ပြီး ပြောလိုက်သည်။ “အရှင်မင်းကြီး နှစ်ပါး၊ ကျွန်မနဲ့ လိုက်ခဲ့ပါ။”
ဧကရီ လစ်ဗ်က သဘာဝ သစ်ပင် အကြောင်းကို သေချာပေါက် မေးမြန်း လိုမည်ကို သိနေရာ ချန်လွေ့က သူ၏ မျက်လုံးများကို လှိမ့်လိုက်လေသည်။ “ဧကရီလစ်ဗ်၊ မစ်-ခီလန်ယာ ဘယ်မှာ ရှိနေလဲ မသိဘူး။
“မဒမ်-ခီလန်ယာလား။” ဧကရီအရှင်မ အံ့အားသင့် သွားလေသည်။ “သူက လပြည့်ညပွဲတော်ရဲ့ ဧည့်ခံတဲ့သူတွေထဲက တစ်ယောက်ပဲ။ သူက အခမ်းအနားမှာ ရှိနေတယ်။ အရှင်မင်းကြီး သူနဲ့အတူတူ ဆွေးနွေးချင်တာလား။”
“မဟုတ်ပါဘူး။ ကျုပ်ကို ဧကရီအရှင်မ အထင်လွဲနေပါပြီ။ ဒါပေမဲ့ ခုနက အရှင် စပန်ဆီကနေ ကြားလိုက်ပြီးတော့ သူ့ကို တွေ့ချင်ရုံပါ။”
ခီလန်ယာက မာရီယာ၏ နာမည်ပျက် စာရင်း၏ ထိပ်တွင် ရှိနေ၏။ မစ်-နတ်မိမယ်နဂါးက ထိုအမည်ကို ကြားရာ ချွန်ထက်သော နတ်သူငယ် နားရွက်များ ထောင်သွားခဲ့သည်။ စပန်က ချန်လွေ့ ထိုသို့ ပြောလိမ့်မည်ဟု မထင်ထားခဲ့ပေ။ သူက သမက်ဖြစ်သူကို စိုက်ကြည့် နေလိုက်၏။ ချန်လွေ့က ယောက္ခထီး၏ ဟန်ဆောင် ငေးငိုင်သည့် လျှို့ဝှက် ပညာရပ်ကို ရိုးရှင်းစွာ ကူးယူလိုက်ပြီး သူ့ကို ကြောင်ကြည့်နေခဲ့သည်။
အမှန်မှာ စပန်က သမက်ဖြစ်သူ၏ အဓိပ္ပာယ်ကို နားလည်ပြီး ဖြစ်သည်။ သမက်က အချို့ကိစ္စ အကျိုးဆက်များကို တစ်ယောက်တည်း ခံယူလိမ့်မည်။ သူက စပန်နှင့် မာရီယာတို့ကို ဝင်မပါစေချင်ပေ။ ယောက္ခထီး နတ်သူငယ်ဘုရင်က ခဏ စဉ်းစားပြီး နောက်ဆုံးတွင် ခေါင်းညိတ် လိုက်လေသည်။
ဧကရီအရှင်မလစ်ဗ် ခဏ စဉ်းစားပြီး အတင်းအကျပ် မပြုခဲ့ပေ။ “အရှင်မင်းကြီး စပန်၊ ဒါဆိုလည်း ကြိုက်သလို လုပ်ပါ။”
ချန်လွေ့က ဇိုလာကို ကြည့်လိုက်ပြီး လိုအပ်သည့်အခါ နတ်သူငယ်တစ်ပိုင်းကို စောင့်ရှောက်ရန် မစ်-နတ်မိမယ်နဂါးအား အချက်ပြလိုက်၏။ ဇိုလာက အသာလေး ခေါင်းညိတ်ပြသည်။ သူနှင့် ချန်လွေ့တို့က စိတ်တူကိုယ်တူ ဖြစ်သည်။ တစ်ခါတစ်ရံ စိတ်ခေါ်ဆိုမှု မရှိလျှင်ပင် အချင်းချင်း၏ အဓိပ္ပာယ်ကို အကြည့်ဖြင့် နားလည်သည်။
“ကောင်းပြီလေ။ မင်းက ဒီနတ်သူငယ် မိန်းမလှနဲ့ သီးသန့် သွားတွေ့ဆုံလိုက်။ ငါတို့ လပြည့်ည ပွဲတော်ကို သွားမယ်။ သတိထား၊ ပြဿနာ မရှာနဲ့။ မဟုတ်ရင် ငါ အသီနာနဲ့ တခြားသူတွေကို တိုင်မှာ။ အိုဟိုဟိုဟို...” လာလာရီယာက ဇိုလာနှင့် အဲလစ်ကို အခြားတစ်ဖက်သို့ ဆွဲခေါ် သွားခဲ့သည်။
နောက်မှ လိုက်လာသော နတ်သူငယ် တစ်ပိုင်း တေးလို့စ်က နဖူးတွင် ချွေးများ ရွှဲနေသည်။ နတ်သူငယ် ဧကရီအရှင်မကို အရှေ့တွင်ပင် ‘မိန်းမလှ’ဟု ခေါ်ရဲပြီး ထိုသို့ ထူးဆန်းသောစကား ပြောရဲသော နတ်သူငယ် တစ်ဦးပင်။ သမိုင်းမှာ သူ တစ်ယောက်တည်း ရှိလောက်မယ်။ နတ်သူငယ် ဘုရင်တောင်မှ ဒီလောက် လွန်ကဲမှာ မဟုတ်ဘူး။
ချန်လွေ့က ခါးသက်သက် ပြုံးနိုင်ရုံသာ တတ်နိုင်သည်။ သူက ဧကရီ လစ်ဗ်အား တောင်းပန်သော မျက်နှာထားဖြင့် ပြောလိုက်၏။ “ခွင့်လွှတ်ပါ၊ အရှင်မ လစ်ဗ်။ အဲဒီပေါက်ကရ ပြောတဲ့သူကို လျစ်လျူရှုလိုက်ပါ။ သူက အမြဲတမ်း ဒီလို ပါပဲ။ နဂါးချိုင့်ဝှမ်းမှာ သုံးလေးရက်နဲ့ ပြဿနာတွေ အများကြီး ရှာခဲ့တယ်။ သူထွက်သွားတော့ နဂါးအားလုံးနီးပါးက ခေါင်းလောင်းတွေ၊ ဗုံတွေ တီးခဲ့ကြတယ်။ ကပ်ဆိုး ထွက်ခွာလို့ ကျေးဇူးတင်နေ ကြတာပေါ့။”
ဧကရီအရှင်မ လစ်ဗ်က အနည်းငယ် မကျေမနပ် ဖြစ်နေသော်လည်း ချန်လွေ့ ထိုသို့ပြောရာ သူက အံ့အားသင့်စွာဖြင့် မေးလိုက်သည်။ “သူက ဘယ်သူလဲ။”
“အခြားလောကတစ်ခုရဲ့ နဂါးဧကရာဇ် အလောင်းအလျာပဲ။” ချန်လွေ့ ခေါင်းခါ လိုက်ပြီး နဂါးကျွန်း၏ အနာဂတ်အတွက် တိတ်တဆိတ် ဝမ်းနည်းသွားမိသည်။
“တခြားလောက ဟုတ်လား။” ဧကရီ လစ်ဗ်၏ အကြည့်က အနည်းငယ် ပို၍ နက်နဲသွားခဲ့သည်။ “ခုနက ရှင့်နဲ့ အရှင်မင်းကြီး စပန်နောက် လိုက်လာတဲ့ သူတွေ အထဲမှာ... တကယ့် နတ်သူငယ် ဘယ်နှစ်ယောက်ရှိလဲ။”
“ ‘တကယ့်’ နတ်သူငယ်ကို ပြောတာ ဆိုရင်တော့ တစ်ယောက်ပဲ ရှိပါတယ်။ ဆာ-စပန်ပါ...” ချန်လွေ့က ပြုံးဖြီးဖြီး လုပ်လိုက်သည်။ “နတ်သူငယ်မျိုးနွယ်စုကို စော်ကားဖို့ မရည်ရွယ်ပါဘူး။ ဒါပေမဲ့ ဒါက တိုက်ဆိုင်မှုတစ်ခုပါ။ ကျုပ် မိတ်ဆွေက ကောင်းကင် မြို့တော်ရဲ့ လပြည့်ည ပွဲတော်ကို ခံစားကြည့်ချင်ရုံပါ။”
စကားပြောရင်း သူတို့ နှစ်ယောက်က နန်းတော် တစ်ခုသို့ ဝင်သွားခဲ့ကြသည်။
ဧကရီအရှင်မ လစ်ဗ်က လက်ကို ဝှေ့ယမ်းလိုက်ရာ အစေခံများနှင့် အစောင့်အားလုံး ခန်းမ အပြင်ဘက်သို့ ဆုတ်ခွာသွားခဲ့ကြသည်။
“အရှင်မင်းကြီး ရစ်ချက်။ ထိုင်ပါဦး။” ဧကရီအရှင်မ လစ်ဗ် ထိုင်ချလိုက်သည်။ “ပထမဆုံးအနေနဲ့ လွန်ခဲ့တဲ့ နှစ်တွေထဲ သဘာဝ သစ်ပင်ကို ထိန်းသိမ်းထားခဲ့တဲ့ အတွက် ကျေးဇူးတင်ချင်ပါတယ်။”
အခြေအနေကို ခံစားမိပြီး ချန်လွေ့ မေးလိုက်သည်၊ “အရှင်မက သဘာဝ သစ်ပင်ကို ‘သတ်မှတ်ရက်ကျော်လွန်ပြီး’ ပြန်မပေးရတဲ့ အကြောင်းရင်းကို ရှင်းပြ စေချင်တာလား။”
“ဆာ-အလူစီယာထံမှ သိထားပြီးပါပြီ။ သူက အကြောင်းရင်းကို တိတိကျကျ မဖော်ပြခဲ့ပေမယ့် နတ်သူငယ် ဧကရီ တစ်ယောက် အနေနဲ့ ဆာ-အလူစီယာရဲ့ ဆုံးဖြတ်ချက်ကို ယုံကြည်ဖို့အတွက် ရွေးချယ်ခဲ့ပါသေးတယ်။”
“နတ်သူငယ်မျိုးနွယ်စု သေရေးရှင်ရေး ကံကြမ္မာက လူသား တစ်ယောက်ရဲ့ လက်ထဲမှာ ရှိနေရင်တောင်မှလား။”
“ဆာ-အလူစီယာက နတ်သူငယ် မျိုးနွယ်စုရဲ့ လမ်းညွှန်သူ ဖြစ်ပြီးတော့ နတ်သူငယ် အားလုံးရဲ့ အမြင့်ဆုံးသော နည်းပြလည်းဟုတ်တယ်။ သူ့အကူအညီနဲ့ နတ်သူငယ် မျိုးနွယ်စုက နှစ်တွေ အများကြီး ရေတွက်လို့ မရနိုင်တဲ့ ကြောက်မက်ဖွယ် အကျပ်အတည်းတွေကို ကျော်လွှားပြီး လက်ရှိ အခြေအနေအထိ ရှင်သန်နိုင်ခဲ့တယ်။” ဧကရီအရှင်မ၏ ခပ်ပြတ်ပြတ် လေသံတွင် ဆုံးဖြတ်ချက် တစ်ခု ရှိနေသည်။ “ကျွန်မ အပါအဝင် နတ်သူငယ်တွေက ဆာ-ရှေ့ဖြစ်ဟောရဲ့ ရည်ရွယ်ချက်ကို အခုထိ နားမလည်နိုင် သေးပေမယ့် ဘယ်သူမှ လူသိရှင်ကြား ကန့်ကွက်တာ မလုပ်ခဲ့ဘူး။ ပြီးတော့ အရှင်မင်းကြီးက ကောင်းကင်တမန်တော် ရာဖယ်ရယ်ရဲ့ လက်ထဲကနေ ထွက်ပြေး လွတ်မြောက်နိုင်ခဲ့တာဆိုတော့ သာမန် လူသားတစ်ယောက် မဟုတ်ပါဘူး။ ဒီလို နတ်ဘုရား-ယောင် အစွမ်းထက်ပုဂ္ဂိုလ် တစ်ဦးက ရန်သူ မဟုတ်ဘဲနဲ့ ကျွန်မတို့ နတ်သူငယ်မျိုးနွယ်စုရဲ့ သူရဲကောင်းဘုရင် ဖြစ်နေတာကို ဝမ်းသာပါတယ်။”
“မစ်- ခီလန်ယာက သိဒ္ဓိအလင်းတောင် သိဒ္ဓိသားတော် ဘွဲ့ခံယူ အခမ်းအနားမှာ ဖြစ်ပျက်ခဲ့တာတွေကို ဧကရီအရှင်မဆီ အကြောင်းကြားပြီးသွားတဲ့ပုံပဲ။”
“စိတ်မပူပါနဲ့၊ အရှင်မင်းကြီး။ ဆာ-အလူစီယာ၊ မဒမ် ခီလန်ယာနဲ့ ကျွန်မက လွဲရင် ဘယ်သူမှ မသိပါဘူး။”
“စိတ်မပူနဲ့ ဟုတ်လား။” ချန်လွေ့က ခေါင်းခါလိုက်သည်။ “ဒါက နည်းနည်း... ဟုတ်ပါပြီ၊ ဒီကိစ္စကို ဘေးဖယ်ထားလို့ ရပါတယ်။”
မှန်ပေ၏။ ဧကရီလစ်ဗ်က ချန်လွေ့နှင့် နတ်သူငယ်မျိုးနွယ်စုကြား ဆက်ဆံရေးကို ဖော်ထုတ် ပြသချင်စိတ် မရှိပေ။ ၎င်းမှာ သိဒ္ဓိအလင်းတောင်မှ လက်စားချေမှုကို ဆွဲဆောင်မိမည် စိုးရိမ်၍ပင်။ စွမ်းအား မသိရသေးသော ရှေ့ဖြစ်ဟော အလူစီယာ ရှိနေသည့်တိုင် ကောင်းကင်တမန်တော် သုံးပါးနှင့် ယှဉ်နိုင်မည် မဟုတ်ပေ။
သို့သော် နတ်သူငယ် ဧကရီအရှင်မ သိခဲ့သည်မှာ လွန်ခဲ့သော သုံးလေးနှစ်က ချန်လွေ့၏ စွမ်းအားသာ ဖြစ်သည်။ ယခု ‘သူရဲကောင်းဘုရင်’၏ စွမ်းအားအဆင့်နှင့် အင်အားစုများက ကောင်းကင်တမန်တော် သုံးပါးလုံးနှင့် ယှဉ်ပြိုင်ရန် လုံလောက်၏။ ချန်လွေ့ များများစားစား မရှင်းပြခဲ့ပေ။ စဉ်းစားပြီး နောက်တွင် သူက သဘာဝ သစ်ပင်၏ အငွေ့အသက် တစ်ခုကို ထုတ်လွှတ်လိုက်သည်။ “ဒါဆိုရင် ကျုပ် သိဒ္ဓိသစ်ပင်ကို နတ်သူငယ်မျိုးနွယ်စုဆီ အခု ပြန်ပေးဖို့လိုလား။”
“သိပ်ကောင်းတယ်။ နှစ်အနည်းငယ် အတွင်း သဘာဝသစ်ပင် အငွေ့အသက်က ဒီလိုအဆင့်ကို တကယ် ရောက်သွားမယ် လုံးဝ မထင်ထားခဲ့ဘူး။ အရှင်မင်းကြီးက သူရဲကောင်း ဘုရင်ဘွဲ့နဲ့ တကယ့်ကို ထိုက်တန်ပါတယ်။” ဧကရီ လစ်ဗ်က အံ့ဩသောအမူအရာကို ပြသခဲ့ပြီးနောက် မျက်မှောင်ကြုတ်လိုက်သည်။ “ဒါပေမဲ့ ဆာ-အလူစီယာက ကျွန်မကို တစ်ချိန်က ပြောခဲ့ဖူးတယ်။ အခုက သိဒ္ဓိသစ်ပင်ကို ပြန်ပေးဖို့ သင့်တော်တဲ့အချိန် မဟုတ်ဘူး ပြောတယ်။ အရှင်မင်းကြီး ဒီတစ်ခေါက် ဒီကို ရောက်လာတာ...”
“ကျုပ် ဒီတစ်ခေါက် ဒီကိုလာတာ ရည်ရွယ်ချက် ၂ ခု ရှိတယ်။” ချန်လွေ့က အဓိကကို တည့်တည့် ပြောလိုက်၏။ “ပထမ တစ်ခုက သက်တန့် ကာလာလီလီ ၅ပွင့်နဲ့ ရေခဲမှို ၁ပွင့် လိုတယ်။ ကျုပ်ကို ကူညီပေးပါ။ ဒုတိယတစ်ခုကတော့ ကျုပ် ဆာ-အလူစီယာကို ထပ်တွေ့ချင်တယ်။”
ဧကရီအရှင်မလစ်ဗ်က ခဏလောက် စဉ်းစားပြီး ပြန်ဖြေလိုက်၏။ “သက်တန့် ကာလာလီလီက ရှားတယ်၊ ဒါပေမဲ့ ငွေလ ကောင်းကင် မြို့တော်ရဲ့ လျှို့ဝှက် သိုလှောင်ရုံမှာ ရှိတယ်။ ကျွန်မလူတွေကို ခဏနေ အကောင်းဆုံး ၅ပွင့်ကို ရွေးချယ် ခိုင်းလိုက်မယ်။ ဒါပေမဲ့ ရေခဲမှိုကတော့...”
“ရေခဲမှိုနဲ့ ပတ်သက်ပြီး အခက်အခဲ တစ်ခုခု ရှိလို့လား။”
“ရေခဲမှိုမှာ အထူး တိုးမြှင့်ခြင်းနဲ့ ပြုပြင်ခြင်း စွမ်းအားရှိတယ်။ သက်တန့် ကာလာလီလီတွေနဲ့ နှိုင်းယှဉ်ရင် ဒါက ထူးထူးခြားခြား ရှားပါးတာ မဟုတ်ဘူး။ ကျောက်စိမ်း သစ်တော ပင်လယ်မှာ အများကြီး ရှိခဲ့တယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်၂၀၀၀၀ အတွင်းမှာ သိဒ္ဓိသစ်ပင်ကို ချိပ်ပိတ်ဖို့အတွက် ကျောက်စိမ်းသစ်တော ပင်လယ်က ရေခဲမှိုတွေ အကုန်လုံးကို နတ်သူငယ်တွေက အသူရာချောက်နက် စွမ်းအားကြောင့် ကူးစက်ခံထားရတဲ့ သစ်ပင်လူသား ချိပ်ပိတ် အစီအရင်ကို အဆက်မပြတ် အားကောင်းစေဖို့အတွက် ခူးယူခဲ့ကြတယ်။ ဆာ-အလူစီယာရဲ့ စိတ်လှည့်တောအုပ်မှာ တစ်ပင်ပဲ ရှိတယ်။ ပြီးတော့ ဒါက အခုလက်ရှိ ကျောက်စိမ်း သစ်တော ပင်လယ် တစ်ခုလုံးမှာ သိထားတဲ့ တစ်ခုတည်းသော အပင်ပဲ။ အဲဒီရေခဲမှိုက သာမန် မဟုတ်ဘူး။ အဲဒါက နှစ်၃၀၀၀၀နီးပါး သက်တမ်း ရှိနေပြီ။ ပြီးတော့ အဲဒါက အလူစီယာရဲ့ ရတနာပဲ။ ဒါပေမဲ့ ဆာ-အလူစီယာက စိတ်လှည့် တောအုပ်ကို မကြာခင်က ပိတ်ပြီးတော့ အပြင်လူ မတွေ့ဘူးလို့ ကြေညာခဲ့တယ်။”
ချန်လွေ့ မျက်မှောင်ကြုတ်လိုက်၏။ “အပြင်လူလား။ ကျုပ်က ‘အပြင်လူ’ မဟုတ်ဘူးလေ၊ ဟုတ်တယ် မဟုတ်လား။ ‘နတ်သူငယ်ဘုရင်’ဘွဲ့က တကယ့်တန်ဖိုး မရှိတဲ့ အမည်တစ်ခု သက်သက်ပဲလား။”
“အရှင်မင်းကြီး နားလည်မှု လွဲနေပြီ။ ဆာ-အလူစီယာရဲ့ တစ်ဦးတည်းသော တပည့်နဲ့ သမီးဖြစ်သူ ခီလန်ယာတောင်မှ သူ့ကို မတွေ့နိုင်ပါဘူး။”
“တကယ်လို့ အလူစီယာကို ကျုပ် မတွေ့နိုင်ရင် ဖီနိုအီရာနဲ့ ပေးပို့ခိုင်းခဲ့တဲ့ အပ်နှံမှုကို လိုက်နာဖို့ မလိုအပ်တော့ဘူး။ ကျုပ် သဘာဝသစ်ပင်ကို နတ်သူငယ် မျိုးနွယ်စုထံသို့ အခု ပြန်ပေးလိုက်မယ်။ ပြီးတော့ ကျုပ်က ကျောက်စိမ်းသစ်တော ပင်လယ်နဲ့ နောက်ထပ် ဘာဆက်ဆံရေးမှ ရှိတော့မှာ မဟုတ်ဘူး။”
ချန်လွေ့ အတွက်မူ သူက ရေခဲမှိုကို ရယူရမည် ဖြစ်ပြီး ‘ထိုလူ’၏ နက်နဲမှုကို ဖြေရှင်းရန် အလူစီယာနှင့် တွေ့ဆုံရမည် ဖြစ်ကာ ကိုယ်ထဲမှ လျို့ဝှက် အန္တရာယ်ကို အမြန်ဆုံး ဖယ်ရှားနိုင်မည် ဖြစ်သည်။ သို့သော် ချန်လွေ့က နတ်သူငယ် ဧကရီအား သဘာဝ သစ်ပင်ကို ပြန်ပေး၍ ခြိမ်းခြောက်ရန် မဖြစ်နိုင်ဟု ခံစားမိသည်။
“ကောင်းကင် မြို့တော်က နတ်သူငယ် အားလုံးအတွက် သိဒ္ဓိသစ်ပင်ရဲ့ ကောင်းချီး မင်္ဂလာ ပြန်ရောက်တာက အကြီးမားဆုံး မျှော်လင့်ချက်ပါ။ ဒါပေမဲ့...” ဧကရီအရှင်မ အံ့အားသင့် သွားပြီးနောက် ခါးသီးစွာ ပြုံးလိုက်သည်။ “ကျွန်မရဲ့ အခုလက်ရှိ စိတ်အခြေအနေကို ဘယ်လိုဖော်ပြရမလဲ မသိဘူး... ဆာ-အလူစီယာက တကယ်လို့ မလွန်ဆန်နိုင်တဲ့ အချက်တွေ ရှိလာခဲ့ရင် သူ့ကို တွေ့ချင်တဲ့သူတွေက စိတ်လှည့် တောအုပ်ထဲကို တိုက်ရိုက်ဝင်နိုင်တယ်လို့ ပြောခဲ့တယ်။”
“တိုက်ရိုက် ‘ဝင်နိုင်’တယ် ဟုတ်လား။ သဘောပေါက်ပြီ။” ချန်လွေ့ မျက်မှောင် ကြုတ်လိုက်သည်။ “ဒါနဲ့ နောက်ထပ် မေးစရာ ရှိသေးတယ်။ ဆာ-အလူစီယာရဲ့ စွမ်းအား အဆင့်က ဘာများလဲ။”
“ဆာ-ရှေ့ဖြစ်ဟောရဲ့ စွမ်းအားက လျှို့ဝှက်ချက် တစ်ခုပါ။ ကျွန်မ သိတာ တစ်ခုကတော့ လွန်ခဲ့တဲ့ နှစ်၂၀၀၀၀က သဘာဝသစ်ပင် တိုက်စားခံရပြီးတော့ ကောင်ကင်တမန်တော်သုံးပါး နောက်ပိုင်း ပြဿနာ မဖြစ်စေဖို့ သဘာဝသစ်ပင်ကို ဖျက်ဆီးပစ်ချင်ခဲ့ကြတယ်။ ဒါပေမဲ့ ဆာ-ရှေ့ဖြစ်ဟောက သူတို့ကို တားဆီးတော့ သူတို့ လက်လျှော့ခဲ့ကြတယ်။”
ကောင်းကင်တမန်တော် သုံးပါးကို လက်လျှော့အောင် လုပ်ခဲ့တာလား။ ချန်လွေ့ ခဏ စဉ်းစားပြီး ခေါင်းညိတ် လိုက်လေ၏။ “ကျေးဇူးပါ။ အရှင်မ။”
“အရှင်မင်းကြီးက အရမ်းကို ယဉ်ကျေး လွန်းနေပြီ။ ကျွန်မ လူတစ်ယောက်ကို လျှို့ဝှက်သိုလှောင်ရုံကနေ သက်တန့် ကာလာလီလီတွေ ယူဖို့ လွှတ်လိုက်မယ်။ လျှို့ဝှက်သိုလှောင်ရုံရဲ့ အကာအကွယ်က လပြည့်ည ပွဲတော် မတိုင်ခင်မှာ လုံးဝ ပိတ်ထားလို့ ပြန်ဖွင့်ဖို့ အချိန်နည်းနည်း ယူရမယ်။ အရှင်မင်းကြီးက နတ်သူငယ် မျိုးနွယ်စုရဲ့ လပြည့်ည ပွဲတော်ကို အရင်ဆုံး သွားလည်ကြည့်ချင် ကြည့်လို့ ရပါတယ်။”
ချန်လွေ့ ပခုံးတွန့်ပြီး တမင်တကာ ပြောလိုက်သည်။ “ဖိတ်ကြားထားတဲ့ အထူး ဧည့်သည်တွေပဲ ပါဝင်နိုင်တယ်လို့ ပြောခဲ့တယ် မဟုတ်ဘူးလား။ ဒါကြောင့် ကျုပ်က နတ်သူငယ် တစ်ယောက်လိုမျိုး အသွင်ပြောင်းခဲ့ရတာ...”
ဧကရီအရှင်မလစ်ဗ်က ပြုံးလိုက်သည်။ “အရှင်မင်းကြီးက လူသားတစ်ယောက် နတ်သူငယ် မျိုးနွယ်စုရဲ့ သူရဲကောင်း ဘုရင်လည်း ဟုတ်တယ်။ ရှင့်ကို နတ်သူငယ်အားလုံး လေးစားကြတယ်... ဘာဖိတ်ကြားချက်မှ မလိုအပ်ပါဘူး။ ရှင့်ရဲ့တခြား အဖော်သုံးယောက်ကိုတောင် အရှင်မင်းကြီး စပန် ခေါ်လာခဲ့တာပဲ။ ဒါဆို... နတ်သူငယ် တစ်ပိုင်းကရော။ အရှင်မင်းကြီးက နတ်သူငယ်ဘုရင်ရဲ့ အခွင့်အရေးကို သုံးနေတာ မဟုတ်လား။”
“အဲဒီအချိန်မှာ ကျုပ်က နတ်သူငယ် မျိုးနွယ်စုရဲ့ ‘သူရဲကောင်းဘုရင်’ လို့ခေါ်တဲ့ အရာရဲ့ တည်ရှိမှုကို ခံစားမိတာနေမယ်။” ချန်လွေ့က ပင့်သက် ရှိုက်လိုက်သည်။ “တေးလို့စ်ကို ကူညီတာကတော့ ဒါက ဒီမှာမရှိတော့တဲ့ နတ်သူငယ်တစ်ပိုင်း မိတ်ဆွေ တစ်ယောက်ကို ရုတ်တရက် သတိရသွားလို့ပါ။”
ဘလန့်ချ်...
အကယ်၍ ချန်လွေ့သာ အစမှ ပြန်စနိုင်လျှင် သူနှင့်အတူ ငွေလ ကောင်းကင်မြို့တော်မှ ထွက်ခွာသွားရန် သေချာပေါက် ရွေးချယ်ပေမည်။ ထိုသို့ ဆိုလျှင် နောက်ဆက်တွဲ ဖြစ်ပွားခဲ့သော ကြေကွဲစရာ အဖြစ်အပျက် ဖြစ်ပွားမည် မဟုတ်ပေ။
ဧကရီအရှင်မ လစ်ဗ်က ချန်လွေ့၏ ‘နတ်သူငယ်တစ်ပိုင်း’ မိတ်ဆွေမှာ မည်သူ ဖြစ်ကြောင်း သေချာ သိပြီး သက်ပြင်း ချလိုက်သည်။
“နောက်တစ်ခါ ‘သူရဲကောင်းဘုရင်’ကို တည်ရှိမှု ရှိစေခဲ့တဲ့ အဖြစ်အပျက်က ဂျက်ဒါက မှော်ပညာရှင် မျှော်စင်အုပ်စုမှာ ဖြစ်ပွားခဲ့တယ်။ အကြီးအကဲ ရှီရိုနဲ့ သူ့ရဲ့ နတ်သူငယ် တစ်ပိုင်း တရားမဝင်သား ရီအယ်လ်ဒိုကို အကြီးအကဲ ဒါဆာရှေ့မှာ သတ်ခဲ့တယ်။ ဒီအကြောင်းကို အရှင်မ သိပြီးပြီလို့ ယုံကြည်ပါတယ်။”
ချန်လွေ့က တောက်ပနေလေသော ကောင်းကင်ကို မော့ကြည့်လိုက်သည်။ “ကျုပ် မလှုပ်ရှားခင် စကား နည်းနည်း ပြောခဲ့ဖူးတယ်။ ကျုပ်က အားနည်းချင် အားနည်းမယ်။ ဆင်းရဲချင် ဆင်းရဲမယ်။ အဆင့်အတန်း နိမ့်ကျရင် နိမ့်ကျမယ်။ ရုပ်ဆိုးရင် ဆိုးတယ်။ ဒါပေမဲ့ အသက် အရှေ့မှာ ခင်ဗျားနဲ့ ကျုပ်က တန်းတူ ညီမျှပဲ။ ကျုပ်က ရွံစရာကောင်းတာ မဟုတ်ဘူး။ ခင်ဗျားလည်း မြင့်မြတ်တာ မဟုတ်ဘူး။ ခင်ဗျား ကိုယ့်ကိုယ်ကိုယ် မြင့်မြတ်တယ်လို့ ထင်ရင်တော့ ခင်ဗျားက ရွံစရာ အကောင်းဆုံး တည်ရှိမှုပဲ။”
ဧကရီအရှင်မ တစ်ခုခု ပြောတော့မည် ပြင်လိုက်သော်လည်း ၎င်းကို ကြားရာ တိတ်ဆိတ်သွားခဲ့သည်။
“အဲဒီအချိန်တုန်းက ရှီရိုနဲ့ ရီအယ်လ်ဒို တို့ကို သတ်တာ အပါအဝင် ဒီနေ့ နတ်သူငယ် တစ်ပိုင်းကို ကူညီတာတွေက နတ်သူငယ်မျိုးနွယ်စု သူရဲကောင်းဘုရင်ရဲ့ အခွင့်ထူးကို အလွဲသုံးစားလုပ်နေတယ်လို့ ကျုပ် မထင်ဘူး။ ဒါက ဖြည့်ဆည်းသင့်တဲ့ တာဝန်တွေကို ဖြည့်ဆည်းနေတာပါ။” ချန်လွေ့က ဧကရီ လစ်ဗ်ကို နက်ရှိုင်းစွာ ကြည့်လိုက်ပြီး နောက်ထပ်မပြောတော့ဘဲ ခန်းမအပြင်ဘက်သို့ ထွက်သွားခဲ့၏။