← Chapters

လပြည့်ည ပွဲတော်

Vol. 76 Ch. 1188

လပြည့်ည ပွဲတော်

Vol. 76 Ch. 1188

ငွေလကောင်းကင်မြို့တော်။

နေရာတိုင်းတွင် ပွဲတော် အငွေ့အသက် ရှိနေသည်။ ချိုမြိန်သော ဂီတနှင့် ရယ်မောသံများကို အခါအားလျော်စွာ ကြားနိုင်ပြီး ငြိမ်းချမ်းသော တောအုပ်ကို ပို၍ တက်ကြွမှုနှင့် အသက်စွမ်းအားများ ယူဆောင်လာပေးနေသည်။

လပြည့်ည ပွဲတော်က ကုန်စည်ပြပွဲ တစ်ခုနှင့် အနည်းငယ် ဆင်တူသည်။ နေရာတိုင်းတွင် လှုပ်ရှားမှု အမျိုးမျိုး အတွက် ‘နေရာများ’ ရှိနေသည်။ ဥပမာ ဂီတ၊ ဓားကခုန်ခြင်း၊ ကုန်သွယ်ခြင်း၊ မြင်းစီးပြိုင်ပွဲများ စသည်ဖြင့်။ သို့သော် အဓိကအခမ်းအနားအပြင် မြှားပစ်ခြင်းနှင့် မြင်းစီးပြိုင်ပွဲများ အတွက် အထူးနေရာ အများအပြား ရှိနေသည်။ ကျန်ရှိသော ဧရိယာများမှာ စုဝေးမှုများ ဖြစ်သည်။ ဥပမာအားဖြင့် ဂီတကို နှစ်သက်သော နတ်သူငယ်များက အချို့ နတ်သူငယ် တစ်ဦး တီးမှုတ်ခြင်း၊ သီဆိုခြင်းကို နားထောင်ရန် သစ်ပင်ကြီးတစ်ပင် အောက်တွင် စုဝေးကြသည်။ သဘောကျ သူများသည် နေရာတွင်ပင် ထိုင်၍ နားထောင်ကြပြီး မကြိုက်သူများက သွားနိုင်သည်။ ပရိသတ် မရှိလျှင်ပင် ဖျော်ဖြေနေသော နတ်သူငယ် ကိုယ်တိုင် ပျော်ရွှင်နေဆဲ ဖြစ်သည်။ ထိုသို့သော အဝိုင်းငယ်လေး များစွာ ရှိနေ၏။

ပစ္စည်းများ ကုန်သွယ်ချင်သော နတ်သူငယ်က ကိုယ်ပိုင် ပစ္စည်းများကို စားပွဲတစ်ခု အပေါ်တွင် တင်ထားပြီး ကြိုက်နှစ်သက်သော နတ်သူငယ်က လဲလှယ်ပစ္စည်းများ သို့မဟုတ် ဒင်္ဂါးများကို ပေးနိုင်၏။ နှစ်ဖက်လုံးက ခေါင်းညိတ် လိုက်သည်နှင့် သူတို့ကြိုက်နှစ်သက်သော ပစ္စည်းများကို ယူဆောင်သွားနိုင်သည်။ ဈေးဆစ်ခြင်း အပေါ်တွင် ပြင်းထန်သော အငြင်းပွားမှု မရှိပေ။ အကယ်၍ မကျေနပ်ပါက ၎င်းကို စားပွဲပေါ်သို့ နောက်တစ်ကြိမ် ပြန်တင်ထားနိုင်သည်။ ကုန်သွယ်မှု မအောင်မြင်ပါက ထိုသူသည် တိတ်ဆိတ်စွာ ထွက်ခွာသွားပေလိမ့်မည်။

လပြည့်ညပွဲတော်က အတော်လေး စည်ကားလှသော်လည်း ဆူညံပုံ မရပေ။

လပြည့်ညပွဲတော်ကို ဦးစီးကျင်းပသော အကြီးအကဲ များထဲမှ တစ်ဦးဖြစ်သော ခီလန်ယာက စုဝေးရာ နေရာများနှင့် နေရာအမျိုးမျိုးကို လျှောက်သွားခဲ့သည်။ အချို့သော နတ်သူငယ်များက လမ်း တလျှောက်တွင် သူ့ကို အခါအားလျော်စွာ ဦးညွှတ်ကြသည်။ နေရာများကို ကိုယ်တိုင် အပေါ်ယံ စစ်ဆေးနေပုံ ရနေသော ခီလန်ယာက အမှန်တကယ် တစ်ခုခုကို ရှာဖွေနေသည့်အလား ဘယ်ညာကြည့် နေခဲ့သည်။

နတ်သူငယ် ဘုရင်တစ်ပါး ကောင်းကင် မြို့တော်သို့ ပြန်ရောက်လာပြီဖြစ်ကြောင်း သတင်းကြားပြီးနောက်တွင် ခီလန်ယာ၏ နှလုံးခုန်သံက အရှိန် မြန်လာခဲ့သည်။ အထူးသဖြင့် တပ်မှူးချုပ် အက်စ်ကာရီက တစ်စုံတစ်ယောက်က ဧကရီ အရှင်မ လစ်ဗ်နှင့် စကားပြောရာ ထိုပုဂ္ဂိုလ်က အရှင်မင်းကြီး စပန်သည် ‘သူ’နှင့် တွေ့ဆုံလိုသည်ဟု ပြောခဲ့ကြောင်း ဆိုခဲ့လေသည်။

ထိုစကား တစ်ခွန်းတည်းနှင့် အက်စ်ကာရီ အခြား ဘာမှမပြောနိုင်ခင် ခီလန်ယာ အမြန် လျှောက်ထွက်သွားပြီး ‘စစ်ဆေးခြင်း’ကို စတင်ခဲ့သည်။

ထိုယောက်ျားက အခြား အမျိုးသမီး တစ်ဦးကို ရွေးခဲ့သော်လည်း ခီလန်ယာ၏ နှလုံးသားထဲတွင် ထိုပုဂ္ဂိုလ် ရှိနေဆဲ ဖြစ်သည်။ သူက လွမ်းဆွတ်မှုကို လေ့ကျင့်မှုနှင့် သင်ယူမှုထဲသို့ စီးဆင်း စေလျှင်ပင် သူ့ကို လုံးဝ မမေ့နိုင်သေးပေ။

နောက်ဆုံးတွင် ခီလန်ယာက ထိုယောက်ျားကို ကုန်သွယ်ရေး ဧရိယာ၌ တွေ့လိုက်ရ၏။ အစွမ်းထက် နတ်သူငယ် များစွာကဲ့သို့ပင် အသက်လက္ခဏာများ ထိုချောမောသော မျက်နှာအပေါ်တွင် မပြသခဲ့သော်လည်း မျက်လုံးများထဲမှ အရှိန်အဝါ ပိုရင့်ကျက်ပြီး သန့်စင်နေ၏။ အနည်းငယ် ဝမ်းနည်းဖွယ် အကြည့်က ထိုကလေးများ မည်သို့ အတုမခိုးနိုင်သော ယောက်ျား ပီသသည့် ဆွဲဆောင်မှု အနည်းငယ်ကို ပေါင်းထည့်ပေးနေသည်။

ခီလန်ယာက စပန်ကို တစ်ချက်တည်း တွေ့လိုက်ရသော်လည်း ဝမ်းမြောက်မှုနှင့် မျှော်လင့်ချက် အကြည့်က ချက်ချင်းပင် မှောင်မိုက်မှုအဖြစ် ပြောင်းလဲသွားသည်။ အကြောင်းမှာ စပန်ဘေးတွင် လှပသော နတ်သူငယ်အမျိုးသမီးတစ်ဦး ရှိနေ၍ပင်။ သူက စပန်၏လက်မောင်းကို ချစ်ခင်စွာ ကိုင်ထားပြီး ဘေးချင်းယှဉ် လျှောက်လှမ်း နေလေသည်။

စပန်လည်း အမျိုးသမီး နတ်သူငယ်၏ မျက်နှာကို ချစ်ခင်စွာ ပုတ်လိုက်ရာ အမျိုးသမီး နတ်သူငယ် ပျော်ရွှင်စွာ ပြုံးလိုက်၏။ ခီလန်ယာက အမျိုးသမီး၏ လက်ထဲတွင် ကျောက်မျက်ရတနာပန်း တစ်ပွင့်ကို ကိုင်ထားသည်ကို ရှင်းလင်းစွာ မြင်တွေ့နိုင်သည်။ စပန်က ၎င်းကို ဆိုင်ခင်းထားသော နတ်သူငယ်တစ်ဦးထံမှ ကုန်သွယ်ပြီး အမျိုးသမီး နတ်သူငယ်အား ပေးခဲ့ခြင်း ဖြစ်ရပေမည်။

ခီလန်ယာသည် မူလက စပန်နှင့် ‘တိုက်တိုက်ဆိုင်ဆိုင်တွေ့ဆုံ’ရန် အတွက် ရောက်လာခဲ့၏။ တစ်ခုခု ဖြစ်ပွားမည်ဟု အမှန်တကယ် မမျှော်လင့်ထားခဲ့ဘဲ တွေ့ဆုံရန်သာ ဖြစ်သည်။ စကား အနည်းငယ် ပြောပြီးနောက် ဖြတ်သန်း သွားရန်ပင်။ သို့သော် ခီလန်ယာက စပန် ဘေးနား ထိုသို့ရင်းနှီးသော အမျိုးသမီး နတ်သူငယ်တစ်ဦးကို တွေ့သောအခါ ဒေါသတစ်ခုက သူ၏ နှလုံးသားထဲမှ တိုးဝင်လာခဲ့သည်။ သူက တိုက်ဆိုင်စွာ တွေ့ဟန်ဆောင်ရန် ဂရုမစိုက်တော့ဘဲ ခြေလှမ်းကျဲကျဲ လှမ်းသွားတော့သည်။

လမ်းတလျှောက် ဦးညွှတ်တော့မည့် နတ်သူငယ်များက ထိုဒေါသတကြီး အကြည့်ကြောင့် ကြောက်လန့်သွားကြ၏။ သူတို့က သူ့အတွက် အလျင်အမြန်ပင် လမ်းဖယ်ပေးခဲ့သည်။ လပြည့်ညပွဲတော်၌ မည်သည့်နတ်သူငယ်က ပြဿနာ ရှာရဲပြီး မဒမ်-အကြီးအကဲကို ထိုမျှဒေါသထွက် စေခဲ့သည်ကို သူတို့ သိချင်နေခဲ့ကြသည်။

စပန်သည် တစ်စုံတစ်ယောက် သူ့ထံသို့ အလျင်စလို လျှောက်လှမ်းလာနေသည်ကို အာရုံခံမိပြီးဖြစ်သည်။ မော့ကြည့်လိုက်ရာ ၎င်းမှာ အမှန်တကယ်တွင် ခီလန်ယာ ဖြစ်နေကြောင်း တွေ့လိုက်ရပြီး သူက အံ့အားသင့်သွားခဲ့သည်။

ခီလန်ယာသည် နတ်သူငယ်မျိုးနွယ်စုမှ အမြင့်ဆုံးနည်းပြ အလူစီယာ၏ သမီး ဖြစ်ပြီး သူနှင့်အတူ မရေမတွက်နိုင်သော တိုက်ပွဲများနှင့် စွန့်စားမှုများကို ကြုံတွေ့ ခဲ့ဖူးသော လုပ်ဖော်ကိုင်ဖက် တစ်ဦး ဖြစ်သည်။ နတ်သူငယ်၏ စိတ်ခံစားမှု အပေါ် တုံ့ပြန်မှုမှာ အလွန် မြင့်မားသည်။ စပန်က ခီလန်ယာ၏ စိတ်များကို အမြဲပင် အလွန် ရှင်းလင်းစွာ သိရှိခဲ့သည်။ ယခင် နတ်သူငယ် ဧကရီအရှင်မလည်း ဖြစ်သော ခီလန်ယာ၏ အစ်မ ဘယ်ရစ်မီအပါအဝင် ဖြစ်သည်။ သူတို့ အားလုံးက ညီအစ်မကောင်းများ၊ ရဲဘော်ကောင်းများနှင့် မိတ်ဆွေကောင်းများ ဖြစ်ကြသော်လည်း မာရီယာနှင့် မတွေ့ဆုံခင်အထိ ချစ်သူတစ်ဦး ဖြစ်ခြင်း၏ ထိုခံစားချက်ကို မရှာဖွေနိုင်ခဲ့ပေ။

လွန်ခဲ့သော နှစ်၂၀၀၀၀က နတ်သူငယ် မျိုးနွယ်စုသည် အသူရာချောက်နက် အကျပ်အတည်းနှင့် ကြုံတွေ့ခဲ့ရသည်။ စပန်က ချုပ်နှောင်ခံထားရသော ခီလန်ယာ ညီအစ်မများကို အီဖရစ်ထံမှ အသည်းအသန် ကယ်တင်ခဲ့ပြီး သူ၏ အသက်ကို စတေးကာ သဘာဝသစ်ပင်ကို ချိပ်ပိတ်ခဲ့သည်။ အကယ်၍ မာရီယာသာ လျှို့ဝှက်ပညာရပ်ကို အသုံးပြု၍ သူ၏ သက်တမ်းတစ်ဝက်ကို မမျှဝေခဲ့ပါက သူ ပျောက်ကွယ်သွားခဲ့သည်မှာ ကြာခဲ့ပြီ ဖြစ်လေသည်။

ဘယ်ရစ်မီ ထိုအချိန်က ပြင်းထန်စွာ ဒဏ်ရာရခဲ့သည်။ သူက မကြာမီ စိတ်ဓာတ်ကျပြီး သေဆုံးသွားခဲ့သည်။ စပန်သည် မိမိသည် အကြောင်းရင်း၏ တစ်စိတ်တစ်ပိုင်း ဖြစ်ကြောင်း ကောင်းစွာ သိသည်။ သူက ခီလန်ယာနှင့် သူ၏ အစ်မကို အကြွေး တင်နေသည်ဟု ခံစားခဲ့ရသောကြောင့် မာရီယာနှင့်အတူ ထိုနှစ်များအတွင်း နဂါးတောင်ကြားတွင် နေနေခဲ့ပြီး ကျောက်စိမ်းသစ်တော ပင်လယ်သို့ ပြန်လာခဲသည်။ ယခု ခီလန်ယာကို နောက်တစ်ခါ မြင်လိုက်ရာ စပန်၌ ရောထွေးနေသော ခံစားချက်များ ရှိနေခဲ့သော်လည်း အများစုမှာ မိတ်ဆွေဟောင်းများနှင့် ပြန်လည် ဆုံတွေ့ရခြင်း၏ ဝမ်းမြောက်မှု ဖြစ်သည်။ သို့သော် သူ အံ့အားသင့်နေသည်မှာ ခီလန်ယာ၏ အမူအရာမှာ ထူးထူးခြားခြား မည်းမှောင်နေခြင်းပင်။

“ဆာ၊ မတွေ့ရတာ ကြာခဲ့ပါပြီ။” ခီလန်ယာက စပန်၏ အရှေ့သို့ လျှောက်သွားပြီး ခေါင်းကို အနည်းငယ် ငုံ့လိုက်သည်။ အကြောင်းတစ်ခုခုကြောင့် ထိုသို့ ဓလေ့ထုံးတမ်းနှင့် ခေါ်ဝေါ်မှုက စပန်အား အနည်းငယ် ကြောက်လန့် သွားစေသည်။ သူက ယဉ်ကျေးမှုကို ပြန်လုပ်ရုံသာ တတ်နိုင်ခဲ့သည်။

ခီလန်ယာက စပန်၏ လက်မောင်းကို ကိုင်ထားနေဆဲ ဖြစ်သော ‘အမျိုးသမီး နတ်သူငယ်’ကို ကြည့်ကာ လျှပ်စီးများက သူ၏ မျက်လုံးထဲတွင် လင်းလက် သွားခဲ့သည်။ သူ၏မျက်ခုံး အနည်းငယ် လှုပ်ရှားသွားခဲ့သည်။ စပန် သိထားသည့် အတိုင်းဆိုလျှင် ၎င်းမှာ သူ အလွန်အမင်း ဒေါသထွက်ကြောင်း ဆိုလို၏။

ခီလန်ယာက ပတ်ဝန်းကျင်မှ နတ်သူငယ်များကို သတ်ဖြတ်လိုသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။ ထိုသို့သော အရှိန်အဟုန်မှာ ‘ဒါက ပုဂ္ဂိုလ်ရေးကိစ္စပဲ၊ ထွက်သွားကြ’ နှင့် အတော်လေး တူနေသည်။ နတ်သူငယ် မျိုးနွယ်စုမှ နတ်သူငယ် အကြီးအကဲ၏ စွမ်းအားမှာ စနောက်စရာ မဟုတ်ပေ။ မျက်စိတစ်မှိတ် အတွင်း အမြင်အာရုံထဲမှ နတ်သူငယ်များ၊ ဈေးသည်များ အပါအဝင် အားလုံး ပျောက်ကွယ်သွားခဲ့ကြသည်။

အလုပ်မရှိသူများ ဆုတ်သွားပြီးနောက် ခီလန်ယာက စပန်ထံ ပြန်လှည့်လိုက်ပြီး ချက်ချင်း မေးခွန်းထုတ်လိုက်သည်။

“သူက ဘယ်သူလဲ။”

ထိုသို့ အေးစက်စက် လေသံကြောင့် စပန်က နောက်ဆုံး တုံ့ပြန်လိုက်သည်။ ဒါကြောင့်ကိုး။

နတ်သူငယ်ဘုရင် မဖြေနိုင်ခင်မှာပင် မဒမ်အကြီးအကဲ ဒေါသက အမြောက်ဆံ ဆက်တိုက် ပစ်သလို ပေါက်ထွက်လာပြီး ဖြစ်သည်။

“ရှင်က ဒီလိုမျိုး ဖြစ်လိမ့်မယ်လို့ ကျွန်မ တကယ်ပဲ မထင်ထားခဲ့ဘူး။”

“ရှင့်ရဲ့ နှလုံးသားထဲမှာ တခြား လူတစ်ယောက် အတွက် နေရာမရှိဘူး မဟုတ်ဘူးလား။”

“ရှင် မာရီယာနဲ့ ထိုက်တန်ရဲ့လား။”

“ရှင်က ကျွန်မအစ်မ ဘယ်ရစ်မီနဲ့ ထိုက်တန်ရဲ့လား။”

ခီလန်ယာက “ရှင် ကျွန်မနဲ့ ထိုက်တန်ရဲ့လား။” ဟု ပြောမိလုနီးပါး ဖြစ်သွားသည်။ စပန်က ထိုအဆက်မပြတ် ပေါက်ကွဲမှုကြောင့် မှင်တက်သွားစဉ်ပင် ဘေးဖက်မှ ဇိုလာက ဖခင်ဖြစ်သူကို ကူညီလိုက်လေသည်။ “ဘာပြောတာလဲ။”

ထိုစကားက ခီလန်ယာကို လုံးဝနီးပါး စိတ်ကို ဆွပေးလိုက်၏။ ‘ပေါက်ကွဲမှု’ ဖြစ်တော့မည့် အချိန်တွင် စပန်က ပြောလိုက်သည်။ “ပေါက်ကရတွေ လုပ်မနေနဲ့တော့။ ဇိုလာ။ သမီး သူ့ကို ဒေါ်လေး ခီလန်ယာလို့ ခေါ်သင့်တယ်။”

“ဇိုလာလား။” ခီလန်ယာထဲမှ မီးက ရုတ်တရက် ငြိမ်းသွားခဲ့သည်။ သူက ဇိုလာကို သိလေသည်။ သူ ခဏတာ မှင်တက်သွားခဲ့၏။

ခီလန်ယာ၏ မှင်တက်နေသော ပုံစံကို မြင်ရာ စပန် သက်ပြင်းချလိုက်သည်။ “မင်း သူ့ကို တွေ့ဖူးလောက်မှာပါ။”

ခီလန်ယာ၏ မျက်နှာက ပူလောင် သွားခဲ့သည်။ သူနှင့် ဇိုလာတို့က တစ်ကြိမ်မက တွေ့ဆုံခဲ့ဖူးသည်။ ဇိုလာ၏ အသွင်အပြင်မှာ သူ၏ဖခင် အနောက်သို့ လိုက်၍ လပြည့်ညပွဲတော်တွင် ပါဝင်ရန် နတ်သူငယ်တစ်ဦး၏ အသွင်အပြင်အဖြစ် အသွင်ပြောင်းထားခြင်း ဖြစ်သည်မှာ အသေအချာပင်။

ဒါကြောင့်ကိုး။ စပန်က ‘အမျိုးသမီး နတ်သူငယ်’ကို ဒီလောက် ချစ်ခင်နေတာ။ သားအဖတွေပဲ။

ဇိုလာက ‘ဒေါ်လေးခီလန်ယာ’ဟု ခေါ်လိုက်ရာ နတ်သူငယ် အကြီးအကဲ ယခင်က အရှိန်အဝါ အားလုံးကို ဆုံးရှုံးသွားခဲ့သည်။ သူ ထိတ်လန့်တကြား ခေါင်းညိတ်လိုက်ရုံသာ လုပ်လိုက်သည်။ သူ၏ လည်ပင်းပင် နီရဲနေ၏။

စပန် ခေါင်းခါပြီး သူ မရှက်စေရန် ဇိုလာကို ပြောလိုက်သည်။ “အဖေ ခီလန်ယာနဲ့ မတွေ့ရတာ ကြာပြီ။ ဒီမှာ စကားပြောဦးမယ်။ သမီး လာလာရီယာနဲ့ အဲလစ်နဲ့အတူ သွားနှင့်လေ။”

“စကားပြောမယ် ဟုတ်လား။” မစ်-နတ်မိမယ်နဂါးက ဖခင်ဖြစ်သူနှင့် ခီလန်ယာကို စေ့စေ့စပ်စပ်ကြည့်လိုက်၏။ ခီလန်ယာက အမေ့ရဲ့ နာမည်ပျက်စာရင်း ထိပ်ဆုံးမှာ ရှိနေတယ်။ ပြီးတော့ အဖေက သူနဲ့ နှစ်ယောက်တည်း ရှိချင်နေတာလား။

စပန်သည် ခါးသီးသော အပြုံးဖြင့်သာ တုံ့ပြန်နိုင်ခဲ့သည်။ ဇိုလာ စဉ်းစားလိုက်ပြီး မထွက်သွားခင် အဖေဖြစ်သူအား သတိ ပေးသောအကြည့် ကြည့်လိုက်သည်။

မြှားပစ်ကွင်း၏ အခြားတစ်ဖက်တွင် လာလာရီယာက လေးကို ဆွဲလိုက်ပြီး မီတာ၅၀ အကွာမှ စက်ဝိုင်းပစ်မှတ် တစ်ခုကို မြှားဖြင့် ထိမှန်သွားခဲ့သည်။ မနာလိုသော မျက်နှာနှင့် အဲလစ်ကို ကြည့်ရင်း သူက ကျေနပ်နေပုံရသည်။ ခုနက အဲလစ်သည် မြှား ၁၀ချောင်းကို ဆက်တိုက် ပစ်ခတ်ခဲ့ပြီး ခြွင်းချက်မရှိ အားလုံး လွဲချော်ခဲ့သည်။ လာလာရီယာ၏ အမြင်နှင့် ထိန်းချုပ်မှုမှာ အဲလစ်ထက် များစွာ အားကောင်းလေသည်။ ပထမ မြှား၂ချောင်း ပစ်မှတ်လွဲချော်ခဲ့သော်လည်း တတိယမြှားကို ချိန်ရွယ်ပြီးနောက် ပစ်ခတ်ရာ သူက ပစ်မှတ်၏ အစွန်းကို ထိမှန်သွားခဲ့လေသည်။

မီတာ၅၀က မနီးပေ။ ပထမဆုံးအကြိမ် မြှားပစ်နေသော လာလာရီယာအတွက် မြှား ၃ချောင်းအတွင်း ထိုသို့သော ရလဒ်ကို ရရှိနိုင်ခဲ့သည်မှာ အမှန်တွင် မဆိုးလှပေ။

လာလာရီယာ ဂုဏ်ယူနေစဉ်မှာပင် နတ်သူငယ်များစွာ ပတ်ပတ်လည်တွင် စုဝေးနေသည်ကို ရုတ်တရက် သတိပြုမိ လိုက်သည်။ အဲလစ် မြှား၁၀ချောင်းဖြင့် ပစ်မှတ်လွဲစဉ်က လူများစွာ မရှိသေးပေ။ လာလာရီယာ ပစ်လိုက်ရာ နတ်သူငယ် အများအပြား သူတို့ကို ဝန်းရံလိုက်၏။

တစ်ချိန်တည်းပင် လာလာရီယာက နတ်သူငယ်များတွင် ကွဲပြားသော အကြည့်များ ရှိနေသည်ကို သတိပြုမိ လိုက်သည်။ အချို့မှာ အထင်သေးနေ၏။ အချို့ သက်ပြင်းချနေသည်။ ပိုများသော အရာမှာ သနားနေခြင်းပင်။ အဲလစ်က အခြေအနေ မဟန်ကြောင်း မြင်လိုက်ရာ ပါးနပ်စွာဖြင့် အရင်ဆုံး ထွက်ပြေး သွားခဲ့၏။ ပတ်ဝန်းကျင်မှ နတ်သူငယ်များ တိုးတိုးလေး ဆွေးနွေးစပြုလာခဲ့ကြသည်။

“ဒီကလေးက ဘယ်မိသားစုကလဲ။ သူ့ရဲ့ မြှားပစ်စွမ်းရည်က တကယ်ပဲ ဒီလောက်တောင် ဆိုးနေတယ်။”

“သူက ငယ်သေးလို့ နေမယ်။”

“ငါ သူ့အရွယ်တုန်းက ပစ်လိုက်တိုင်း အလယ်တည့်တည့်ကို ထိတယ်။”

“သူ ငယ်ငယ်တုန်းက မိဘတွေကို ဆုံးရှုံးခဲ့ရတာလား။ ဘယ်သူမှ သူ့ကို မသင်ပေးခဲ့ဘူးလား။”

“...”

လာလာရီယာက သူ အကြိုက်ဆုံး ရလဒ်များကို ပြင်းထန်စွာ အထင်သေးခြင်း ခံရမည်ဟု မမျှော်လင့်ထားခဲ့ပေ။ သူက ပေါက်ကွဲတော့မည့်အချိန်တွင် အမျိုးသမီး နတ်သူငယ်တစ်ဦးက ရှေ့သို့ တိုး၍ ရောက်လာသည်။ “ညီမလေး၊ ဘာမှ မဖြစ်ပါဘူး။ အစ်မ သင်ပေးမယ်။”

ညီမလေး ဟုတ်လား။ လာလာရီယာ ဒေါသတကြီး ဖြစ်သွားသည်။ ငါက မင်းတို့ သက်တမ်းတိုတဲ့ နတ်သူငယ်တွေထက် အသက် အများကြီး ကြီးတယ်။

“ဟွန့်! မင်း ငါ့ကို ဘာများ...” လာလာရီယာ၏ မျက်လုံးများ အမျိုးသမီး နတ်သူငယ်အပေါ်သို့ ကျရောက်သွားရာ သူက အကြည့်ကို မလွှဲနိုင်တော့ပေ။ ထိုအမျိုးသမီး နတ်သူငယ်က အလွန် လှပသည်။ အားလုံး ချောမောသော ယောက်ျားနှင့် လှပသော အမျိုးသမီး ဖြစ်သော နတ်သူငယ်များ အကြားတွင်ပင် သူက အထူးသဖြင့် ထင်ရှားနေသည်။

“အစ်မ...” မဒမ် လာလာရီယာက သူ၏သိက္ခာကို လျင်မြန်စွာ လွှင့်ပစ်ပြီး နတ်သူငယ်၏ သွယ်လျသော ခါးကို ပွေ့ဖက်လိုက်သည်။

အမျိုးသမီးနတ်သူငယ်က လာလာရီယာ၏ ပွေ့ဖက်ခြင်းကို ခံလိုက်ရ သောအခါ မိခင်အသိစိတ် နှိုးဆော်ခြင်း ခံလိုက်ရသည်။ သူက လာလာရီယာ၏ ဆံပင်ကို ညင်သာစွာ သပ်ပေးလိုက်၏။ “နာမည်ဘယ်လိုခေါ်လဲ။ ညီမလေး။”

“လာလာရီယာပါ...” လှည့်ကွက် အလွယ်တကူ အောင်မြင်ခဲ့သော မဒမ် လာလာရီယာက ခေါင်းကို ပြည့်ဖြိုးသော ရင်သားတစ်စုံထဲတွင် ပျော်ရွှင်စွာဖြင့် မြှုပ်နှံနေလိုက်သည်။

အမျိုးသမီး နတ်သူငယ်က နတ်သူငယ် ကလေးမလေးသည် သူကြောင့် ရင်ထဲထိ သွားသည်ဟူ၍သာ ထင်ခဲ့သော်လည်း ၎င်းမှာ နတ်သူငယ် အရေခြုံထားသော နဂါးဖြစ်လိမ့်မည်ဟု လုံးဝ မတွေးမိခဲ့ပေ။ “ငါ့နာမည်က အယ်လ်တာနီ။ ဟိုဘက်ကို သွားကြရအောင်။ အစ်မ နင့်ကို မြှားပစ် သင်ပေးမယ်။”

အယ်လ်တာနီ... မဒမ် လာလာရီယာ ခဏတာ အေးခဲသွား၏။ ကြားဖူးသလိုပဲ။ ဟုတ်တယ်၊ ဒါ အရင်က အမှောင် နတ်သူငယ်...

ဘာပဲဖြစ်ဖြစ် အဲဒီအမှောင်နတ်သူငယ် ပျောက်သွားတာ ကြာပြီ။ ဒီလိုမျိုး လှပတဲ့ အမျိုးသမီးက ငါ့ဆီကို လာသင့်တယ်။ ဘယ်သူ လုယူရဲပါစေ၊ ငါ အသည်းအသန် တိုက်ခိုက်မယ်။ အဲဒီလူသားတောင် ခြွင်းချက် မဟုတ်ဘူး။ အိုဟိုဟိုဟို...

အခြား တစ်ဖက်တွင်မူ အောင်မြင်စွာ ထွက်ပြေးလွတ်မြောက်ခဲ့သော အဲလစ်က လာလာရီယာကို မစောင့်နေခဲ့ပေ။ ဘာပဲဖြစ်ဖြစ် လာလာရီယာရဲ့ စွမ်းအားနဲ့ သူ ဒီမှာ အန္တရာယ် မဖြစ်လောက်ဘူး။ ငါ အစ်ကို့ကို သွားရှာတာ ပိုကောင်းမယ်။

ခုနက အဲလစ်သည် လာလာရီယာနှင့် စပန်ကို ထိုသို့သော ကြိုတင် ကြံစည်မှုများဖြင့် တမင် ခွဲထုတ်ခဲ့၏။ အစ်ကိုနဲ့ နှစ်ယောက်တည်း ‘ချိန်းတွေ့’ မယ်!

သူ့ကို ရှာဖွေနေစဉ်မှာပင် အဲလစ်က ဖျော်ဖြေမှုကြောင့် ဆွဲဆောင်ခံလိုက်ရ၏။

သစ်ပင်ကြီး အောက်တွင် အမျိုးသား နတ်သူငယ်တစ်ဦးနှင့် ရွှေရောင် ကတ္တီပါ ငှက်ပုတီး အုပ်စုတစ်စု ဖျော်ဖြေနေကြရာ ကလေးများစွာ၏ လက်ခုပ်သံများကို ဆွဲဆောင်ခဲ့သည်။ ရွှေရောင် ကတ္တီပါ ငှက်ပုတီးက နူးညံ့သော ငှက်အမျိုးအစား တစ်မျိုး ဖြစ်သည်။ ၎င်းမှာ လက်သီး တစ်လုံး အရွယ်ခန့် ရှိသည်။ ၎င်းတွင် ကိုယ်ထည်ဝဝ ရှိသည်။ ခန္ဓာကိုယ် တစ်ခုလုံးကို အမွေးများဖြင့် ဖုံးအုပ်ထားပြီး အတောင်ပံများမှာ အလွန်သေးငယ်၏။ သူတို့က လေထဲတွင် သားမွေးဘောလုံး ကဲ့သို့ပင် ခတ်နေကြသည်။ နတ်သူငယ် ဂီတညွှန်ကြားသူနှင့်အတူ ၎င်းက အပြစ် ကင်းစင်သော လှုပ်ရှားမှု အမျိုးမျိုးကို ပြုလုပ်နေခဲ့သည်။

“ဝိုး၊ အရမ်း ချစ်စရာကောင်းတာပဲ။” မိန်းကလေးများက ထိုသို့ တိရစ္ဆာန် အမျိုးအစား အပေါ်တွင် ခုခံနိုင်စွမ်း အနည်းဆုံး ရှိသောကြောင့် အဲလစ်က ချက်ချင်း ဆွဲဆောင်ခံလိုက်ရသည်။

“ဟုတ်တယ်။” ဘေးမှ နတ်သူငယ် မိန်းကလေးလည်း သဘောတူခဲ့သည်။ ထိုသူမှာ အဲလစ်နှင့် အရွယ်အစား အတူတူခန့် ရှိသော မိန်းကလေး တစ်ယောက် ဖြစ်သည်။ သူ့တွင် ချွန်ထက်သော နားရွက်များ၊ အစိမ်းရောင် ကောက်ကွေးသော ဆံပင်နှင့် လှပပြီး ချစ်စရာကောင်းသော မျက်နှာသွင်ပြင်များ ရှိနေသည်။ သူ၏ မျက်လုံးဝိုင်းဝိုင်းက ရွှေရောင်ကတ္တီပါငှက်ကို စိုက်ကြည့် နေသည်။ “ငါ အဲဒါကို တကယ်ပဲ ကိုင်ကြည့်ချင်တယ်။”

“အင်း...” အဲလစ်လည်း ထိုကဲ့သို့ ချစ်စရာကောင်းပြီး အမွေးပွ ငှက်များကို ကိုင်ကြည့်ချင်ခဲ့သည်။ သူက လျင်မြန်စွာ ခေါင်းညိတ်လိုက်၏။

“နင်လည်း ကိုင်ကြည့်ချင်တာလား။ အတူတူ သွားမယ်လေ။” နတ်သူငယ် မိန်းကလေး၏ မျက်လုံးများ လင်းလက် သွားသော်လည်း သူ၏ မျက်နှာက ထပ်မံ ခါးသက်သွားပြန်သည်။ “ဒါပေမဲ့ အဲဒီလူက သေချာပေါက် ငါတို့ကို ကိုင်ခွင့်ပေးမှာ မဟုတ်ဘူး။”

အဲလစ် ခဏ စဉ်းစားလိုက်ပြီးနောက် နတ်သူငယ် မိန်းကလေးအား စကား အနည်းငယ် တိုးတိုးလေး ပြောလိုက်၏။ မိန်းကလေး၏ မျက်လုံး တောက်ပလာပြီး လိုလီ နှစ်ယောက်က ဆိုးသွမ်းသော အပြုံးများဖြင့် အချင်းချင်း ကြည့်လိုက် ကြလေသည်။

All Chapters