← Chapters

သူတို့၏ လပြည့်ည ပွဲတော်

Vol. 76 Ch. 1189

သူတို့၏ လပြည့်ည ပွဲတော်

Vol. 76 Ch. 1189

ရွှေရောင် ကတ္တီပါငှက်ပုတီးများ၏ ဖျော်ဖြေရေးနေရာတွင် အုံအုံကြွကြွ ဖြစ်ပွားပြီးနောက်တွင် ဖျော်ဖြေနေသော နတ်သူငယ်က အရှက်ရစွာလျက် ထွက်ခွာ သွားခဲ့သည်။

ခုနက လေပြင်းတစ်ချက် တိုက်ခတ် ပြီးနောက်တွင် နတ်သူငယ်က ကိုယ်ပေါ် ထူးဆန်းသော ယားယံမှုကို ရုတ်တရက် ခံစားလိုက်ရပြီး သူ့ကို အလိုလို ကုတ်စေခဲ့သည်။ ဂီတကလည်း သံစဉ် လွဲချော်သွားခဲ့သည်။ ရွှေရောင် ကတ္တီပါ ငှက်ပုတီးများကို နတ်သူငယ်မှ ထိန်းချုပ် ထားသော်လည်း ထိုသို့သော ဂီတ၏ ‘အမိန့်’အောက်တွင် သူတို့က ခဏတာ ပတ်ပတ်လည် ပျံသန်းသွားခဲ့ကြသည်။ မြင်ကွင်း ရုတ်တရက် ရှုပ်ယှက်သွားခဲ့၏။

ထိုအချိန်တွင် ရွှေရောင် ကတ္တီပါ ငှက်များကို ဖမ်းဆီးရာတွင် သူ့ကို ကူညီပေးခဲ့သော ‘ကြင်နာတတ်သည့် နှလုံးသား’နှင့် နတ်သူငယ် မိန်းကလေး ၂ဦးကို ကျေးဇူးတင်ရမည် ဖြစ်ပေသည်။ ခဏအကြာ ယားယံမှုသည် တဖြည်းဖြည်း ငြိမ်သက်သွားပြီးနောက် နတ်သူငယ်က ထိုနေရာ၌ နောက်တစ်ကြိမ် ဖျော်ဖြေရန် မရဲတော့ပေ။ လိုလီ ၂ဦးကို ကျေးဇူးတင် ပြီးနောက်တွင် သူက ရွှေရောင် ကတ္တီပါ ငှက်ပုတီးများနှင့်အတူ အလျင်အမြန်ပင် ထွက်ခွာသွားခဲ့သည်။

“ခုနက ကိုင်ရတာ ... မဆိုးဘူးဟုတ်။” အဲလစ်က ပြုံးဖြီးဖြီး လုပ်လိုက်သည်။

“အင်း..” အစိမ်းရောင် ဆံပင် ကောက်ကောက်နှင့် မိန်းကလေးက အလျင်အမြန် ခေါင်းညိတ်လိုက်ပြီး သူက လေးစားလျက် ပြောလိုက်၏။ “နင်က အရမ်း မိုက်တာပဲ။ အဲဒီ အမှုန့်တွေကို ဘာနဲ့ လုပ်ထားတာလဲ။ အထဲမှာ အပင်ရဲ့ တစ်စိတ်တစ်ပိုင်း အငွေ့အသက်ကို အာရုံ ခံမိခဲ့တယ်။ ဒါပေမဲ့ အဲဒါက တစ်ခါမှ မမြင်ဖူးတဲ့ အပင်တစ်ပင်ပဲ။”

အဲလစ်က ပုလင်းငယ်လေး တစ်လုံးကို ထုတ်လိုက်သည်။ “ဒါက အယားမှုန့်၊ ငါ ဒါကို လိုင်ရာ... အဲ ဟိုးအဝေးကြီးက နေရာတစ်ခုကနေ ဝယ်ခဲ့တာ။ ခုနက ငါ နည်းနည်းပဲ သုံးခဲ့လို့။ မဟုတ်ရင် သူ အကြာကြီး ယားနေမှာ။ နင် ကြိုက်ရင် ပေးမယ်လေ။ ဒါပေမဲ့ သုံးတဲ့အခါမှာ သတိထား။ ဒါနဲ့ နင် သုံးလိုက်တဲ့ လေသာ မရှိခဲ့ရင် ငါတို့ အောင်မြင်မှာ မဟုတ်ဘူး။”

“ဝိုး! ကျေးဇူးပဲ...” ဆံပင်အစိမ်းနှင့် လိုလီက ပုလင်းငယ်လေးကို ယူလိုက်ပြီး တွန့်ဆုတ်နေရင်းနှင့် အမည်အရင်းကို ပြောလိုက်သည်၊ “ငါ့နာမည်က မီရှယ်၊ နင်က...”

“ငါ့နာမည်က အဲလစ်...”

မီရှယ်က အဲလစ်သည် သူ၏ နာမည် အရင်းအပေါ် အထူးတုံ့ပြန်မှု မရှိဘဲ အလွန် ပေါ့ပါးနေဆဲ ဖြစ်ကြောင်း တွေ့လိုက်ရသည်။ ၎င်းက နတ်သူငယ် မင်းသမီးလေးကို အလွန်ပင် ဝမ်းမြောက် သွားစေသည်။

လိုလီ ၂ဦးက စကားပြောလေလေ၊ ပို၍ ရင်းနှီးလေလေ ဖြစ်လာသည်။ အစပိုင်း အဲလစ်သည် အမှောင်လ နယ်မြေတွင် မိတ်ဆွေ လုံးဝနီးပါး မရှိခဲ့ဘဲ ထို့နောက် သူက တဖြည်းဖြည်း ရရှိလာခဲ့သည်။ သို့သော်လည်း မီရှယ်တွင် ဘလန့်ချ်နှင့် ပျောက်သွားခဲ့သော ‘ရစ်ချက်’ မှလွဲ၍ စစ်မှန်သော မိတ်ဆွေ လုံးဝနီးပါး မရှိခဲ့ပေ။ သူတို့နှစ်ဦးက ချက်ချင်း သဘောတွေ့ပြီး မသိလိုက်ခင်မှာပင် တစ်နာရီကျော်ကြာ စကားစမြည် ပြောနေခဲ့ကြသည်။

“ဝိုး၊ ဒီလို ရွက်စိမ်း ကိတ်မုန့်ကို ငါ ပထမဆုံး အကြိမ် စားဖူးတာပဲ။ နင် ဒါကို တကယ်ကြီး ကိုယ်တိုင် လုပ်ခဲ့တာပဲ။ ကောင်းမှကောင်း!” အဲလစ်က မီရှယ် နေရာလွတ် လက်စွပ်မှ ထုတ်လိုက်သော အချိုပွဲကို စားလိုက်၏။

“နင် လုပ်ခဲ့တဲ့ ပူတင်းကလည်း အရသာ ရှိတယ်!” မီရှယ်လည်း အဲလစ် ပေးခဲ့သော အချိုပွဲငယ်လေးကို စားလိုက်လေသည်။ “နင်လည်း တော်တာပဲ!”

“ဟားဟား၊ ငါတို့ နှစ်ယောက်စလုံးက အစားပုတ်တွေပဲ။” အဲလစ် ရယ်နေပြီး မီရှယ်၏လက်ကို ကိုင်လိုက်သည်။ “ဒါဆို ငါတို့က မိတ်ဖက်တွေ ဖြစ်ပြီလို့ တရားဝင် ကြေညာတယ်။”

မီရှယ်က ထိုစကားလုံးကို ယခုမှ ပထမဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်သည်။ “မိတ်ဖက် ဟုတ်လား။”

“ဒါက စိတ်တူကိုယ်တူ ရှိကြတဲ့ မိတ်ဆွေတွေကို ပြောတာ။” အဲလစ်က ဂုဏ်ယူစွာဖြင့် ပြောလိုက်သည်။ “ဒါက ငါ့အစ်ကို ငါ့ကို သင်ပေးခဲ့တဲ့ စကားလုံး အသစ်ပဲ။ အရသာရှိတဲ့ အစားအစာတွေကို ငါတို့ အတူတူ လုပ်လို့ရတယ်။ ပျော်ပွဲစား အတူတူ သွားလို့ရတယ်။ အယားမှုန့် အတူတူ ထည့်လို့ရတယ်။ ပြီးတော့ ရွှေရောင်ကတ္တီပါငှက်ပုတီးကို အတူတူ ကိုင်ကြည့်လို့ရတယ်...”

မီရှယ်က အံ့ဩသော အမူအရာကို ပြသခဲ့ပြီး အသည်းအသန် ခေါင်းညိတ် လိုက်၏။ “ဟုတ်တယ်။ ငါတို့တွေက မိတ်ဖက်တွေပဲ!”

အဲလစ်က သူ၏ မိတ်ဖက်အသစ်မှာ နတ်သူငယ် မျိုးနွယ်စု၏ မင်းသမီးလေး ဖြစ်ကြောင်း မသိခဲ့ပေ။ မီရှယ်လည်း သူ၏ အရှေ့မှ ‘နတ်သူငယ်’ မိတ်ဆွေမှာ အမှန် တကယ်တွင် နတ်ဆိုးဘုံမှ မင်းသမီးလေး ဖြစ်ကြောင်း မသိခဲ့ပေ။ မသိလိုက်ဘဲနှင့် မင်းသမီးငယ်လေး နှစ်ယောက် ပထမဆုံး တွေ့ဆုံမှုတွင် ရင်းနှီးသော မိတ်ဆွေများ ဖြစ်သွားခဲ့ကြလေသည်။

စကားစမြည် ပြောနေရင်း အစားအစာ အများအပြားကို အပြောင်ရှင်းပြီးနောက် မီရှယ်က ဖောင်းတင်းနေသော ဝမ်းဗိုက်ကို ထိပြီး ပြောလိုက်သည်။ “အဲလစ်၊ ငါတို့ မြင်းပြိုင်ကွင်းကို သွားကြမလား။ အဲဒီမှာ ငါ့ကို စောင့်နေတဲ့ မိတ်ဆွေတစ်ယောက် ရှိတယ်။”

“သွားတာပေါ့...”

အဲလစ် ဖြေလိုက်သည်နှင့် ဘေးနားမှ ရင်းနှီးသော အသံတစ်ခုကို ကြားလိုက် ရလေသည်။ “အဲလစ်...”

“အစ်ကို!” အဲလစ်က ပျော်ရွှင်စွာဖြင့် ခုန်တက်လိုက်သည်။ သူငယ်ချင်းကောင်း တစ်ယောက်နှင့် တွေ့ပြီးတော့ အစ်ကိုက ငါ့ရဲ့ မျက်လုံးတွေ အရှေ့မှာ အလိုလို ပေါ်လာခဲ့တယ်။ နတ်ဆိုးဘုရားသခင်ရဲ့ ကောင်းချီးကို ငါ တကယ် ရနေတာပဲ။

အဲလစ် ခုန်ပျံတက်ပြီး ‘နတ်သူငယ်’၏ လည်ပင်းတွင် တွဲခိုနေသည်ကို မြင်ရာ မီရှယ်သည် မနာလိုသော အမူအရာကို ပြသနေခဲ့သည်။ ဒါဆိုရင် ဒါက အဲလစ် ပြောနေခဲ့တဲ့ ‘အစွမ်းထက်ပြီးတော့ သူ အရမ်း သဘောကျတဲ့ အစ်ကို’ ပေါ့။

မီရှယ်တွင် အစ်ကို မရှိပေ။ ငယ်စဉ် ကတည်းက သူနှင့်အတူ တိုက်ခိုက်ခဲ့သော အစ်မသာ ရှိသည်။ သူအတွက် အများ ပြည်သူရှေ့ တော်ဝင် ဓလေ့ထုံးတမ်းကို ချိုးဖောက်သည့် ထိုသို့ လွန်လွန်ကျူးကျုး လုပ်ဆောင်ချက်များကို ပြုလုပ်ရန်မှာ ပို၍ မဖြစ်နိုင်ပေ။ မင်းသမီး အဆင့်အတန်းနှင့် မသင့်လျော်ဟု သတ်မှတ်ခံထားရသည့် ဘာသာစကား အလေ့အထ အချို့ကိုပင် အတင်းအကျပ် ပြင်ဆင်ခိုင်းခဲ့သည်။

ချန်လွေ့က ‘အဲလစ်၏ ဖက်ထိုင်ခြင်း’ နှင့် ကျင့်သားရနေပြီဖြစ်ရာ ဘာကိုမှ မခံစားမိခဲ့ပေ။ သူက အဲလစ်ကို ပွေ့ပြီး လှည့်လိုက်ကာ သူ့ကို ချထားပြီးနောက် မူလက သူ့ကို ကျောပေးနေခဲ့သော နတ်သူငယ် မိန်းကလေးကို တိုက်ဆိုင်စွာ တွေ့လိုက်လေသည်။ သူက လွှတ်ခနဲ ပြောလိုက်၏။ “မီရှယ်...”

မီရှယ်က နတ်သူငယ် မျိုးနွယ်စု၏ မင်းသမီး ဖြစ်သည်။ ‘အဲလစ်၏အစ်ကို’ ကဲ့သို့သော အရွယ်ရောက်ပြီး နတ်သူငယ် တစ်ဦးမှ မှတ်မိသည်မှာ အံ့ဩစရာ မဟုတ်နေပေ။ အံ့အားသင့်စရာ ကောင်းသည်မှာ ချန်လွေ့က သတိကြီးစွာ ဦးညွှတ်ခြင်းမရှိ၊ မင်းသမီး ဟူ၍လည်း မခေါ်ဘဲ ရိုးရှင်းသော အပြုံးတစ်ခုကိုသာ ပြသခဲ့သည်။ ထိုသို့သော ခံစားချက်မျိုးက နှစ်ပေါင်းများစွာ မိတ်ဆွေဟောင်းတစ်ဦး ဖြစ်ခဲ့သကဲ့သို့ပင် လူအများကို နွေးထွေးပြီး စိတ်သက်သာရာရစေ၏။

အဲလစ်က ထူးဆန်းစွာ မေးလိုက်သည်။ “အစ်ကိုက မီရှယ်ကို ဘယ်လို သိတာလဲ။”

“ဟားဟား... ဒါက လျှို့ဝှက်ချက်ပါ။”

အဲလစ်၏ ဖောင်းနေသော ပေါင်မုန့် မျက်နှာကို မြင်ရာ ချန်လွေ့က ပြုံးနေရင်း ပေါင်မုန့်ကို ဖိလိုက်သည်။ ထိုကဲ့သို့ ရင်းနှီးသော အမူအရာက မီရှယ်ကို ထပ်မံ၍ မနာလို ဖြစ်သွားစေခဲ့သည်။

“အစ်ကို။ မီရှယ်နဲ့ ကျွန်မက တခြား မိတ်ဆွေ တစ်ယောက်ကို သွားရှာဖို့ မြင်းပြိုင်ကွင်းကို သွားတော့မလို့။ အတူတူ သွားရအောင်။”

ချန်လွေ့က ခေါင်းညိတ်လိုက်ပြီး လိုလီ ၂ဦးနှင့်အတူ မြင်းပြိုင်ကွင်းဘက်သို့ လျှောက်သွားခဲ့သည်။ မူလက သူသည် အဲလစ်၏ လက်ကိုသာ ကိုင်ထားပြီး အဲလစ်က မီရှယ်ကို ဦးဆောင်နေခဲ့သည်။ နောက်ပိုင်း အဲလစ်က သူငယ်ချင်းကောင်း၏ မနာလိုမှုကို မြင်လိုက်ပြီး ချန်လွေ့က လက်တစ်ဖက်စီ လိုလီတစ်ယောက်စီ ကိုင်ထားခဲ့သည်။

မြင်းပြိုင်ကွင်းက အစီအရင်ပါဝင်သော အထူးနေရာတစ် ခုဖြစ်ပြီး ထိုနေရာတွင် ပါဝင်သူ အားလုံးနှင့် မြင်းစီးများ၏ စွမ်းအားက အဆင့်တူတွင် ဖိနှိပ်ခြင်း ခံထားရသည်။ ထို့ကြောင့် သူတို့က မြင်းစီးစွမ်းရည်များနှင့် မြင်းများအပေါ် နားလည်မှုဖြင့်သာ အနိုင်ရရှိနိုင်၏။

“သူ့နာမည်က လေဖြူ။ သူက ငါ့မှာ ကျန်ခဲ့တဲ့ တစ်ဦးတည်းသော မိတ်ဆွေပဲ။”

မီရှယ်၏ ‘မိတ်ဆွေ’မှာ အဖြူရောင် သိင်္ဂဿတစ်ကောင် ဖြစ်နေ၏။

“သိင်္ဂဿ...” အဲလစ်က သိင်္ဂဿကို စူးစမ်းလျက် ကြည့်လိုက်သည်။ ချန်လွေ့ တစ်ချိန်က ပြောခဲ့ဖူးသည်မှာ ထိုသို့သော သားရဲမျိုးက ရှားပါးပြီး အားကောင်းသော ခြေထောက်များရှိနေကာ နတ်ဆိုးဘုံ၏ နတ်မိစ္ဆာ သားရဲနှင့် နှိုင်းယှဉ်နိုင်သည် ဟူ၍ပင်။

သိင်္ဂဿက ဆံပင်ရွှေရောင်နှင့် ‘နတ်သူငယ်’မိန်းကလေး၏ အငွေ့အသက်မှာ သာမန် နတ်သူငယ်များနှင့် ကွဲပြားကြောင်းကို ခံစားမိပုံရသည်။ ၎င်းက ခွာများကို မြှောက်ပြီး အလွန် ရန်လိုနေပုံ ရသည်။

မီရှယ်က အဲလစ် အရှေ့တွင် အမြန် ရပ်လိုက်သည်။ “လေဖြူ၊ ဒါက ငါ့ရဲ့ မိတ်ဆွေအသစ် အဲလစ်ပဲ။ နင်တို့ နှစ်ယောက် အနာဂတ်မှာ ကောင်းကောင်း ပေါင်းသင်းသင့်တယ်။”

သိင်္ဂဿက အလွန် ဉာဏ်ကောင်းသော သတ္တဝါ ဖြစ်သည်။ မီရှယ်ကို မျက်စိမှိတ် နားထောင်မည့်အစား ၎င်းက ‘ရန်သူ’မှ တွေဝေစေခြင်း ခံရသည်ဟု ထင်မြင်ပြီး ပို၍ပင် ကြမ်းတမ်းလာခဲ့သည်။ အဲလစ် ကြောက်လန့်ပြီး ချန်လွေ့ကို တင်းတင်း ကျပ်ကျပ် မှီခိုလိုက်ကာ လှုပ်ရှားရဲခြင်း မရှိတော့ပေ။

ထိုအခိုက်အတန့်တွင် လေဖြူသည် မီရှယ်ကို ရှောင်ကွင်းသွားပြီး ချန်လွေ့နှင့် အဲလစ် အရှေ့သို့ ရောက်ရှိလာခဲ့သည်။ သိင်္ဂဿက မူလက ရန်သူဟု သံသယ ရှိသော အဲလစ်ကို ပစ်မှတ်ထား ခဲ့သော်လည်း ချန်လွေ့ ချဉ်းကပ်လာရာ ၎င်း၏ မျက်လုံးများတွင် ရုတ်တရက် ရှုပ်ထွေးသော အမူအရာတစ်ခု ပေါ်လာပြီး ‘နတ်သူငယ်’ကို တွန့်ဆုတ်လျက် ကြည့်နေလိုက်သည်။

ချန်လွေ့ လက်ကို ဖြည်းဖြည်းချင်း ဆန့်တန်းလိုက်ရာ လေဖြူက ရင်းနှီးသော အငွေ့အသက်တစ်ခု ခံစားမိလိုက်သည်။ ၎င်းက သူ၏နှာခေါင်းကို နောက်တစ်ကြိမ် လှုပ်ရှားလိုက်ပြီး နောက်ဆုံး တစ်ခုခုကို အတည်ပြုလိုက်၏။ ၎င်းက ရုတ်တရက် စိတ်လှုပ်ရှားသွားပြီး နှာမှုတ်လိုက်ကာ တက်ကြွစွာ ရှေ့သို့ တိုးလာပြီး လက်ကို သူ့မျက်နှာအား ထိခွင့်ပြုလိုက်သည်။

မီရှယ် အံ့အားသင့်သွားသည်။ သူ၏ ပတ်လည်မှ နတ်သူငယ်များသည်လည်း လှမ်းကြည့်လိုက်ကြလေသည်။ လေဖြူက ကျောက်စိမ်း သစ်တော ပင်လယ်က နာမည်ကျော် ပြဿနာအိုးပဲ။ မင်းသမီး ငယ်လေးကလွဲရင် ဘယ်နတ်သူငယ်မှ သူ့ရဲ့အနားကို မကပ်နိုင်ဘူး။ ဘာလို့ အခု သူက ယဉ်ပါးနေရတာလဲ။

“အစ်ကို...” အဲလစ်သည်က ချန်လွေ့ လေဖြူနှင့် ရင်းနှီးနေသည်ကို တွေ့ရာ သူ သိင်္ဂဿကို ကိုင်ကြည့်ချင်ခဲ့သော်လည်း တိုက်ခိုက်ခံရမည်ကို ကြောက်နေခဲ့သည်။

“မကြောက်နဲ့။ ဒါကို ပေးလိုက်။”

ချန်လွေ့က အဲလစ်၏ လက်ထဲသို့ အသီး တစ်လုံးကို ထည့်ပေးလိုက်သည်။ လေဖြူက နှလုံးသားချင်း ဆက်သွယ်မှုမှ ထို‘နတ်သူငယ်မဟုတ်သောမိန်းကလေး’ မှာ ချန်လွေ့၏ ဆွေမျိုး ဖြစ်ကြောင်း သိနှင့်ပြီး ဖြစ်ကာ ထိုအရှိန်အဝါအသီးမှာ သူ အကြိုက်ဆုံး နှုတ်မြိန်စာ ဖြစ်သည်။ ထို့ကြောင့် အဲလစ် သတ္တိမွေးပြီး သူ၏ ပါးစပ်သို့ လွှဲပေးလိုက်သော အသီးကို ယူရန်အတွက် ချက်ချင်းပင် ခေါင်းကို လှည့်လိုက်၏။

အဲလစ်က သိင်္ဂဿကို ကိုင်ကြည့်ရန် သတ္တိ မွေးလိုက်သည်။ သိင်္ဂဿက ခုခံခြင်း မရှိသည်ကို မြင်သောအခါ သူက အလွန် ဝမ်းမြောက်သွားခဲ့လေသည်။ ချန်လွေ့၏ ထောက်ခံမှုဖြင့် သူက လေဖြူ ကျောပေါ် တက်စီးလိုက်၏။

လေဖြူက တွန်းလှန်ခြင်း မရှိခဲ့ပေ။ အမှန်တကယ်၌ ၎င်းက အလွန်ပင် ဝမ်းမြောက်နေပုံရပြီး မြင်းပြိုင်ကွင်းတွင် စတင်ပြေးလွှားနေတော့သည်။

ထိုမြင်ကွင်းက အနားပတ်ဝန်းကျင်မှ နတ်သူငယ်များ၏ မေးရိုးများကို ထပ်မံ ပြုတ်ကျသွားစေ၏။ ဒါ အသီး တစ်လုံးနဲ့ အလွယ်လေး လှည့်စား ခံရတဲ့ ယဉ်ပါးတဲ့ မြင်းတစ်ကောင်လား။ ဒါက ပုံမှန်ဆို သောင်းကြမ်းတဲ့ သိင်္ဂဿ ဟုတ်ရဲ့လား။

“ရှင်က...” အရှိန်အဝါ အသီးကို မြင်ရာ မီရှယ်က သူ့ကို စိတ်သက်သာရာ ရစေခဲ့သော ‘အဲလစ်၏အစ်ကို’မှာ မည်သူ ဖြစ်ကြောင်း နောက်ဆုံး သိရှိသွားသည်။ လေဖြူ ထိုမျှလောက် ယဉ်ပါးနေသည်မှာ အံ့ဩစရာ မဟုတ်‌တော့ပေ။

ချန်လွေ့ မီရှယ်ကို ပြုံးပြလိုက်၏။ “ဒီစကားက နည်းနည်း နောက်ကျနေပေမဲ့ ပြောလိုက်ပါဦးမယ်။ ငါတို့ နောက်တစ်ခါ တွေ့ကြပြန်ပြီနော်။ မီရှယ်။”

ထိုစဉ်က သိဒ္ဓိကျောင်းတော်ကို သူက စော်ကားခဲ့၍ သူ့ကို မှတ်မိမရဲခဲ့ပေ။ သူ၏ မိတ်ဆွေများ ထိခိုက်မည်ကို စိုးရိမ်နေ၏။ ချန်လွေ့၏ ယခုလက်ရှိ စွမ်းအားဖြင့် သူက ကောင်းကင် တမန်တော် သုံးပါးကို မျက်နှာချင်းဆိုင် ရင်ဆိုင်နိုင်ပြီ ဖြစ်နေရာ ထိုစဉ်ကလို စိုးရိမ်ရန် မလိုတော့ပေ။

နတ်သူငယ် မိန်းကလေးက နီရဲတော့ မျက်လုံးများဖြင့် ချန်လွေ့၏ လက်မောင်း ထဲသို့ ပစ်ဝင်သွားလေသည်။ “ရစ်ချတ်... အဟင့်...”

ပတ်ဝန်းကျင်မှ နတ်သူငယ်များတွင် ပြောစရာ မရှိတော့ပေ။ သိင်္ဂဿကို ထိုထူးဆန်းသော နတ်သူငယ်က ခေါ်သွား ခဲ့ပြီးနောက်တွင် မင်းသမီးငယ်လေးလည်း ရယူခြင်း ခံလိုက်ရသည်။

အချိန် အတော်လေး ကြာပြီးမှသာ မီရှယ်က တည်ငြိမ်သွားပြီး သူ၏ခေါင်းကို မော့လိုက်သည်။ “ကျွန်မ ရှင့်ကို အဲလစ်လို ‘အစ်ကို’လို့ ခေါ်လို့ရမလား။”

“ရတာပေါ့။ ဒီလို ချစ်စရာကောင်းတဲ့ ညီမတစ်ယောက် ရတာ ဝမ်းသာတယ်။” ချန်လွေ့က မီရှယ်၏ ဆံပင်ကို ထိလိုက်စဉ် နတ်သူငယ် မိန်းကလေး၏ သန့်စင်ပြီး အပြစ်ကင်းသော စိတ်ခံစားချက်များကို ရှင်းလင်းစွာ ခံစားနိုင်၏။ ထိုသို့သော ညီမတစ်ယောက် ရှိခြင်းအတွက် သူလည်း ကံကောင်းပေသည်။

ထိုအချိန် ပတ်လည်တွင် ခရာသံများ ထွက်ပေါ်လာခဲ့လေသည်။ နတ်သူငယ် မိန်းကလေးက မျက်လုံးများမှ ဝမ်းသာ မျက်ရည်များကို သုတ်လိုက်ပြီး သူက တစ်ပတ်ပြေးပြီး ပြန်လာသော လေဖြူကို ကြည့်လိုက်ပြီး လက်ဝှေ့ယမ်းလိုက်၏။ “အဲလစ်။ မြင်းပြိုင်ပွဲ စတော့မယ်။ နောက်ပိုင်းမှာ ဆုတွေ အများကြီး ရှိလိမ့်မယ်။ စာရင်းသွင်းကြရအောင်!”

ခဏအကြာ မြင်းပြိုင်ပွဲ စတင်ခဲ့သည်။ ပြေးလွှားနေသော အဖြူရောင်သိင်္ဂဿ၏ ကျောပေါ်မှ စိတ်လှုပ်ရှားနေသော လိုလီ ၂ဦးကို ကြည့်နေရင်း ချန်လွေ့က သူ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပြသနေ၏။ သူက ခေါင်းကို အဝေးမှ လားရာတစ်ခုသို့ လှည့်လိုက်ပြီး ၎င်းမှာ မြှားပစ်ကွင်း ဖြစ်လောက်ပေသည်။

ပြိုင်ပွဲက အမျိုးမျိုးသော မှော်အတားအဆီးကို ဖြတ်ကျော်ရမည် ဖြစ်လေသည်။ စွမ်းအား ဖိနှိပ်ထားသော အခြေအနေအောက်တွင် လေဖြူအတွက် ၎င်းကို အချိန်တို အတွင်း ပြီးမြောက်ရန် မဖြစ်နိုင်ပေ။ ချန်လွေ့ ခဏတာ စဉ်းစားလိုက်ပြီးနောက်တွင် အဲလစ်၏ စိတ်ခေါ်ဆိုမှုကို အသက်သွင်းကာ သူ့ကို နှုတ်ဆက်လိုက်ပြီး မြှားပစ်ကွင်းဘက်သို့ လျှောက်သွားခဲ့သည်။

ချန်လွေ့ မြှားပစ်ကွင်းသို့ သွားရောက် ရခြင်း၏ အကြောင်းရင်းမှာ သူသည် ထိုနေရာ၌ ချိတ်ဆက်ထားသူ ၂ဦးကို အာရုံခံမိ၍ပင်။ တစ်ချိန်တည်းမှာပင် နတ်သူငယ်အများအပြား စုဝေးနေကြ၏။ လာလာရီယာ မဟုတ်လျှင် ဇိုလာက ပြဿနာ ရှာနေသလား သူ မသိနိုင်၍ သွားကြည့်ရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်။

မြှားပစ်ကွင်းသို့ ရောက်လာချိန်တွင် ချန်လွေ့က ဇိုလာနှင့် လာလာရီယာကို အသေအချာပင် တွေ့လိုက်ရသော်လည်း အုံလိုက်ဖြစ်နေသော နတ်သူငယ်များ၏ အာရုံစူးစိုက်မှုမှာ သူတို့ မဟုတ်ဘဲ အခြား ၂ယောက် ဖြစ်နေ၏။

သူတို့ နှစ်ယောက်က မြှားပစ်ပြိုင် နေကြသည်။

တစ်ဦးမှာ ချောမောသော ငွေရောင် ဆံပင်နှင့် အမျိုးသားနတ်သူငယ် ဖြစ်ပြီး အခြား တစ်ဦးမှာ ချန်လွေ့၏ နတ်သူငယ် တစ်ပိုင်း အစေခံအသစ် တေးလို့စ်ပင်။

All Chapters