← Chapters

မြှားပစ်ပြိုင်ပွဲ

Vol. 76 Ch. 1190

မြှားပစ်ပြိုင်ပွဲ

Vol. 76 Ch. 1190

“ဆာ-ပွန်ရို။ လုပ်ထား!”

“ရုပ်ဆိုးဆိုးနဲ့ နတ်သူငယ် တစ်ပိုင်းကို အနိုင်ယူပစ်!”

“ဒီနိမ့်ကျတဲ့ကောင်က အယ်လ်တာနီရဲ့ အလှအပကို တကယ် တပ်မက်နေတာပဲ?။ ခင်ဗျားကိုတောင် စိန်ခေါ်ရဲတယ်။”

“သူ့ကို သေအောင်လုပ်ပစ်!”

“...”

အသံအားလုံး နီးပါးက ပွန်ရို အမည်ရှိ နတ်သူငယ် တစ်ပိုင်း၏ ပြိုင်ဘက်ကို အားပေးနေကြလေသည်။

ချန်လွေ့သည်က ထိပ်မှ ပွဲကြည့်စင်ရှိ ဇိုလာဆီသို့ လျှောက်သွားခဲ့သည်။ မစ်-နတ်မိမယ်နဂါးက သူ ရောက်ရှိကြောင်း သတိပြုမိပြီး ပြုံးလိုက်သည်။ သူက ချန်လွေ့၏ လက်ကို အရင်ကိုင်လိုက်၏။ ထိုလုပ်ရပ်က ဇိုလာ၏ အလှအပကြောင့် ဆွဲဆောင်ခြင်း ခံထားရသော အမျိုးသား နတ်သူငယ်များကို ဝမ်းနည်းသွားစေ၏။

ချန်လွေ့က မိမိ၏ နတ်သူငယ်တစ်ပိုင်း သူ၏ နတ်သူငယ်တစ်ပိုင်း အစေခံ အသစ် ငွေလကောင်းကင် မြို့တော်သို့ ဝင်ခဲ့ပြီး ပျောက်ကွယ် သွားခဲ့ကြောင်း ဇိုလာထံမှ သိရှိခဲ့သည်။ သူ ပြန်ပေါ်သောအခါ မမျှော်လင့်ဘဲ အဓိက အဖြစ်အပျက် တစ်ခု၏ ဇာတ်ဆောင် ဖြစ်နေခဲ့သည်။

အဖြစ်အပျက်၏ ဖြစ်စဉ်မှာ ဝတ္ထု များစွာမှ ဇာတ်လမ်းများနှင့် အတူတူပင် ဖြစ်၏။ မင်းသားနှင့် မင်းသမီးတို့သည် ချစ်ကြိုက်နေသော စုံတွဲတစ်တွဲ ဖြစ်သည်။ မင်းသမီး မိသားစုမှ အပြင်းအထန် ဆန့်ကျင်မှုကြောင့် သူတို့က ခွဲခွာနေကြ ရသည်။ မင်းသမီးက သူ မကြိုက်သော ယောက်ျား တစ်ဦးနှင့် အတင်းအကျပ် လက်ထပ်ခြင်းခံခဲ့ရ၏။ ထို့ပြင် မင်းသားက မင်းသမီး မင်္ဂလာဆောင်အတွင်း အချိန်မီ ပေါ်ပေါက်လာခဲ့သည်။ ဝတ္ထုမှ အပိုင်း အများစုတွင် ပျော်စရာ အဆုံးသတ်များ ရှိသည်။ အကြောင်းမှာ ၎င်းတို့သည် ကြေကွဲစရာများထက် လက်ခံရန် ပိုမို လွယ်ကူ၍ပင်။ သို့သော် လက်တွေ့မှာ ရက်စက်သည်၏။ နတ်သူငယ်တစ်ပိုင်းက ချစ်သူ အယ်လ်တာနီကို တွေ့ပြီးနောက် စကား အနည်းငယ် မပြောနိုင်ခင်မှာပင် အယ်လ်တာနီကို တိတ်တဆိတ် လိုက်လံ နေခဲ့သော ပွန်ရိုမှ တွေ့ရှိသွားခဲ့သည်။ ပွန်ရိုက အယ်လ်တာနီ၏ စေ့စပ်ထားသူ ဖြစ်သည်။ စေ့စပ်ထားသူက ‘နောင်တမရ’ ဘဲ နိမ့်ကျပြီး ရုပ်ဆိုးသော နတ်သူငယ် တစ်ပိုင်းနှင့် ရှိနေဆဲ ဖြစ်သည်ကို မြင်ရာ သူက ဒေါသတကြီး ဖြစ်သွားပြီး သူ့ကို နာကျင်စွာ သေဆုံးစေချင်ခဲ့သည်။

ပွန်ရိုက တိုက်ရိုက် ဘာမှမလုပ်ခဲ့ သော်လည်း စည်းကမ်း ထိန်းသိမ်းသော နတ်သူငယ် အစောင့်များနှင့် လပြည့်ည ပွဲတော်တွင် ပါဝင်သော နတ်သူငယ် အများအပြားကို စုစည်းခဲ့သည်။ ခဏလေး အတွင်းမှာပင် လပြည့်ည ပွဲတော်ကို ‘ညစ်ညမ်းစေ’ပြီး ခိုးဝင်၍ လာခဲ့သော နတ်သူငယ် တစ်ပိုင်းက လူတိုင်း၏ ရန်သူ ဖြစ်လာခဲ့သည်။

ထိုအရာမှာ ပွန်ရို ပါးနပ်သည့် နေရာပင် ဖြစ်သည်။ ထိုပြိုင်ဘက်၏ သရုပ်က အလွန် ထူးခြားနေရာ သူကိုယ်တိုင်က မည်သည်မှ လုပ်စရာ မလိုအပ်ဘဲ ဒေါသ ထွက်နေကြသော နတ်သူငယ်များ၏ သတ်ဖြတ်ခြင်းကို ခံရပေလိမ့်မည်။ အယ်လ်တာနီက သူ့ကို အသည်းအသန် ကာကွယ်လျှင်ပင် အသုံးမဝင်ပေ။

ပွန်ရိုက လုပ်လိုက်နိုင်ပြီဟု ထင်လိုက်မိ စဉ်မှာပင် မမျှော်လင့်ထားသော အရာ တစ်ခု ဖြစ်ပွားခဲ့၏။ ထင်ရှားပေါ်လွင်ခြင်း မရှိသော ‘ဇာတ်ပို့’တစ်ဦးက အခြေအနေ တစ်ခုလုံးကို ပြောင်းပြန် လှန်လိုက်သည်။ ၎င်းမှာ အယ်လ်တာနီ ဘေးမှ ‘နတ်သူငယ် မိန်းကလေးငယ်’ တစ်ဦးပင်။

ပွန်ရိုက အယ်လ်တာနီ မြှားပစ်ကွင်း၌ တွေ့ဆုံခဲ့သော ထိုမိန်းကလေးငယ်ကို သိသည်။ မိန်းကလေးငယ်၏ မြှားပစ် စွမ်းရည်မှာ အလွန်ညံ့ဖျင်းပြီး နတ်သူငယ် မျိုးနွယ်စုအတွက် အရှက်ရစရာ နီးပါး ဖြစ်ကာ လူတိုင်း၏ လှောင်ပြောင်ခြင်းကို ခံခဲ့ရသည်။ သို့တိုင် အယ်လ်တာနီက မိန်းကလေးငယ်ကို ကြင်နာစွာ နှစ်သိမ့် ပေးခဲ့ပြီး မြှားပစ်စွမ်းရည်အချို့ သင်ကြား ပေးခဲ့၏။ မိန်းကလေးက အယ်လ်တာနီကို အလွန် သဘောကျသွားပုံရပြီး သူ၏ ပတ်လည်တွင် ကပ်တွယ်၍ နေခဲ့သည်။ အယ်လ်တာနီ တေးလို့စ်နှင့် တွေ့ဆုံရာ၌ ထွက်ခွာရန်ပင် ငြင်းဆန်ခဲ့သည်။

သို့သော်လည်း ထိုသို့ အားနည်းသော ‘မိန်းကလေး’က နတ်သူငယ်အစောင့် အားလုံးကို တုန်လှုပ်သွားစေသည့် ကြောက်မက်ဖွယ်ရာ အငွေ့အသက် တစ်ခုကို ပေါက်ကွဲထွက် စေခဲ့သည်။ မည်သူမျှ ရှေ့သို့ ခြေတစ်လှမ်း တိုးရဲခြင်း မရှိခဲ့ပေ။ ၎င်းမှာ ခဏတာ တိုးမရ ဆုတ်မရ အခြေအနေ ဖြစ်လာခဲ့သည်။

ထိုအဖြစ်အပျက်က အယ်လ်တာနီ၏ ဖခင်၊ နတ်သူငယ် အကြီးအကဲ ချီရိုပန်ကို သတိပေးလိုက်ပြီးနောက် ပွန်ရို၏ ဖခင်၊ အခြား အကြီးအကဲ ဖာလီသည်လည်း ရောက်ရှိလာခဲ့သည်။ အယ်လ်တာနီက သဘာဝအတိုင်းပင် မိတ်ဆွေ အသစ် လာလာရီယာအား ဖခင်ဖြစ်သူကြောင့် ထိခိုက်စေလိုစိတ် မရှိဘဲ လာလာရီယာကို ပတ်သက်စေချင်စိတ် ပို၍ပင် မရှိခဲ့ပေ။ သို့သော် အယ်လ်တာနီက ထိုအရာသည် သူနှင့် တေးလို့စ်၏ နောက်ဆုံးအခွင့်အရေး ဖြစ်ကြောင်းကို သိလေသည်။ အကယ်၍ လွဲချော်ခဲ့ပါက ထိုမုန်းစရာကောင်းသော ပွန်ရိုနှင့် လက်ထပ်ရမည် ဖြစ်ပြီး တေးလို့စ်က သတ်ဖြတ်ခံရနိုင်သည်။

ထို့ကြောင့် အယ်လ်တာနီက ဒေါသ ဒေါသထွက်နေသော ဖခင်ဖြစ်သူကို အသက်ဖြင့် ခြိမ်းခြောက်ရန် စိတ်ပိုင်းဖြတ် ခဲ့လေသည်။ လရောင် နတ်ဘုရားမအား ကျိန်ဆိုလျက် သူက တေးလို့စ်နှင့် ပွန်ရိုတို့အား မြှားပစ်ပြိုင်ပြီး အချင်းချင်း ယှဉ်ပြိုင်စေသည့် သဘောတူညီချက် တစ်ခုကို အဆိုပြုခဲ့ပြီး လောင်းကြေးမှာ သူကိုယ်တိုင်ပင်။

မြှားပစ်ပြိုင်ပွဲက နတ်သူငယ်များ၏ အတွေ့အများဆုံးနှင့် သဘောအကျဆုံး ပြိုင်ပွဲဖြစ်သည်။ ပွန်ရိုက မှော်လေးသမား ဗိုလ်ခြေ၏ ထိပ်တန်းလေးသမား ဖြစ်၏။ သူ၏ မြှားပစ်စွမ်းရည်မှာ အဆင့်တူ ပြိုင်ဘက်များ အထဲတွင် လုံးဝနီးပါး ပြိုင်ဘက်ကင်း ဖြစ်လေသည်။ ထိပ်တန်း လေးသမား၏ မျက်နှာအတွက်ဆိုလျှင်ပင် သူက ထိုသဘောတူညီချက်ကို ငြင်းမည် မဟုတ်ပေ။

သို့နှင့် ပြိုင်ဘက်နှစ်ဦးအကြား မြှားပစ် ပြိုင်ပွဲ စတင်ခဲ့ရာ ၎င်းမှာ တိုက်ပွဲကို ကြည့်ရှုရန် နတ်သူငယ် အများအပြားကို ဆွဲဆောင်ခဲ့သည်။ အယ်လ်တာနီ မှလွဲ၍ နတ်သူငယ်တိုင်း နီးပါးက ပွန်ရိုအတွက် အားပေးနေကြလေသည်။

မြင်းပြိုင်ကွင်းကဲ့သို့ပင် မြှားပစ်ကွင်းက လမ်းကြောင်းနှင့် ကွင်းပြင် တစ်ခုနှင့် ဆင်တူသော ကြီးမားသော လေဟာပြင် ကွင်းတစ်ခု ဖြစ်သည်။ ၎င်းကို ပွဲကြည့် ပရိသတ်များအတွက် ပွဲကြည့်စင်များဖြင့် ဝန်းရံထား၏။ အတွင်းတွင် အထူး အစီအရင် တစ်ခုကို ချထားလေသည်။ ပြိုင်ပွဲဝင်များကို စွမ်းအား အဆင့်တူ၌ ကန့်သတ်ထားသည်။

တရားဝင်မြှားပစ် ပြိုင်ပွဲ၏ စည်းမျဉ်း များက လွယ်ရာမှ ခက်ရာသို့၊ အဆင့်ဆင့် တိုးမြှင့်သွား၏။

သူတို့ ပထမဆုံး ကြုံတွေ့ခဲ့ရသည်မှာ ပဏမ ပြိုင်ပွဲ ဖြစ်သည်။ စည်းမျဉ်းမှာ အလွန် ရိုးရှင်း၏။ ရလဒ်ကို ဆုံးဖြတ်ရန် မြှား ၁၀ချောင်း ပစ်ရမည် ဖြစ်သည်။ ၅စက္ကန့် အတွင်း မြှား ၁၀ချောင်းကို ပစ်ခတ်ပြီး ပစ်မှတ်များများကို ထိမှန်သူ အနိုင်ရပေလိမ့်မည်။

ထိုအရာက လာလာရီယာ ပစ်ခတ် ကစားလေ့ရှိသော လေ့ကျင့်ရေး ပစ်မှတ် မဟုတ်ပေ။ ပစ်မှတ်က အလွန်သေးငယ်ရုံ သာမက အကွာအဝေးမှာ အနည်းဆုံး နှစ်ဆခန့် ပိုဝေးသည်။ အခက်ခဲဆုံးမှာ ၎င်းတို့မှာ ပုံသေပစ်မှတ်များ မဟုတ်ဘဲ ရွေ့လျားပစ်မှတ်များ ဖြစ်ခြင်းပင်။

ပေါ်လာသော ပစ်မှတ်များ အားလုံးက ပုံမှန် မဟုတ်ဘဲ ရွေ့လျားနေကြသည်။ အချို့မှာ အောက်မှအပေါ် ပျံသန်းနေ၏။ အချို့မှာ ဘေးတစ်ဖက်စီ ယိမ်းနေသည်။ အချို့မှာ ငှက်များကဲ့သို့ ကွေ့ဝိုက်၍ သွားနေကြသည်။

ပွန်ရိုနှင့် တေးလို့စ်တို့က လေးများနှင့် မြှားများကို ကိုင်ဆောင်လျက် ကွင်းထဲသို့ သွားခဲ့ကြသည်။ ပွန်ရိုက မှော်လေးသမား ဗိုလ်ခြေ၏ နံပါတ်တစ် လေးသမား ဖြစ်ထိုက်ပေသည်။ သူက ကွင်းထဲသို့ ဝင်ရောက်သည်နှင့် မျက်လုံးများထဲမှ ဒေါသနှင့် မနာလိုမှု ပျောက်ကွယ်သွားပြီး အဝေးမှ ရွေ့လျားပစ်မှတ်များ အပေါ်တွင် စူးစိုက်နေခဲ့သည်။ သူ အလွန်ပင် အာရုံ စူးစိုက်နေခဲ့လေသည်။

တေးလို့စ်လည်း အတူတူပင် ဖြစ်သည်။ ပြိုင်ပွဲ၏ သဲနာရီ လှန်လိုက်ရာ သူတို့ နှစ်ဦးက အရင်ဆုံး လှုပ်ရှားမှု မပြုဘဲ ပစ်မှတ်များကို တိတ်တဆိတ် ကြည့်နေ ခဲ့လေသည်။ ၁စက္ကန့်၊ ၂စက္ကန့် ထို့နောက် တတိယမြောက် စက္ကန့်တွင် သူတို့နှစ်ဦး တစ်ချိန်တည်း ပစ်လိုက်ကြသည်။

သာမန်စွမ်းအားနှင့် နတ်သူငယ်များက သူတို့ နှစ်ယောက်၏ လှုပ်ရှားမှုများကို ရှင်းလင်းစွာ မြင်နိုင်ရန် ခဲယဉ်းပေသည်။ သူတို့က အဝေးမှ ပြုတ်ကျသွားသော ပစ်မှတ်ကိုသာ မြင်တွေ့နိုင်၏။ ၅စက္ကန့် လျင်မြန်စွာ ကုန်လွန်သွားပြီး သူတို့ နှစ်ဦးယောက်၏ မြှားအိမ်များထဲမှ မြှား ၁၀ချောင်းလုံး ပစ်ခတ်ပြီး ဖြစ်သည်။

ရလဒ်များ ခဏအကြာ ထွက်လာ၏။

ပွန်ရို - ပစ်မှတ် ၂၀

တေးလို့စ် - ပစ်မှတ် ၂၀

နတ်သူငယ်များ အုတ်အော်သောင်းတင်း ဖြစ်သွားကြ၏။ နတ်သူငယ် တစ်ပိုင်းရဲ့ အမှတ်က ထိပ်တန်း ပွန်ရိုနှင့် တကယ် တူနေတယ်။

ပစ်မှတ် ၂၀ဆိုတဲ့ သဘောတရားက ဘာကို ဆိုလိုတာလဲ။

၃စက္ကန့် အတွင်း မြှားတစ်ချောင်းစီက ပစ်မှတ်၂ ခုကို ပစ်ချခဲ့တာပဲ။

အချို့မှာ ခဲတစ်လုံးနှင့် ငှက်နှစ်ကောင် သတ်ခြင်း ဖြစ်နိုင်ပြီး အချို့မှာ ပြင်းအားကြောင့် ဖြစ်ပွားနိုင်သော်လည်း မည်သို့ပင်ဖြစ်စေ ၎င်းမှာ ထက်မြက်သော အမြင်၊ တိကျသော တွက်ချက်မှုနှင့် ထူးကဲသော မြှားပစ်စွမ်းရည် လိုအပ်၏။

ပထမ ၂စက္ကန့်တွင် သူတို့ နှစ်ယောက် စလုံးက ပြင်ဆင်နေကြပြီး ကိုယ်ပိုင် အခြေအနေကို ညှိနှိုင်းရန် သာမက ပစ်မှတ်များ အာရုံခံရန်လည်း ဖြစ်သည်။ ပစ်မှတ် လမ်းကြောင်း ပြောင်းသော်လည်း ယေဘုယျအားဖြင့်ဆိုလျှင် အထူးကြိမ်နှုန်း သို့မဟုတ် စည်းချက်တစ်ခု ရှိနေသည်။ ထိုစည်းချက်ကြောင့်ပင် သူတို့နှစ်ဦးက ထိုသို့ မယုံနိုင်လောက်သော ရလဒ်များကို ရရှိနိုင်ခဲ့ကြခြင်း ဖြစ်သည်။

ပွန်ရိုတွင် ထိုသို့ မြှားပစ်စွမ်းရည်မျိုး ရှိသည်ကို နတ်သူငယ်များ မအံ့ဩ ကြသော်လည်း နတ်သူငယ်သွေး တစ်ဝက် သို့မဟုတ် ဒီထက်နည်းသော နတ်သူငယ် တစ်ပိုင်းက ထိုကဲ့သို့ လုပ်နိုင်ခဲ့သည်မှာ နတ်သူငယ်များစွာ မျှော်လင့်သည်ထက် အမှန်တကယ် ကျော်လွန်နေ၏။

ပွန်ရို၏ မျက်နှာက မည်းမှောင်သွားပြီး အေးစက်စွာဖြင့် လှောင်ရယ်လိုက်သည်၊ “အရမ်းကြီး ကျေနပ်မနေနဲ့။ ဒီပြိုင်ပွဲက သရေကျရင်တောင်မှ နောက်ထပ် အလယ်အလတ် ပြိုင်ပွဲကျ ကံကောင်းမှာ မဟုတ်ဘူး။”

တေးလို့စ်က ပွန်ရိုကို အာရုံမစိုက်ဘဲ ကွင်းပြင်အပြင်ဘက်မှ စိုးရိမ်နေပုံရသော အယ်လ်တာနီကိုသာ ကြည့်နေခဲ့သည်။ သူတို့ နှစ်ဦး အကြည့်ချင်း ဆုံသောအခါ စကားလုံး ထောင်နှင့်ချီ ထိုက်တန်ပေ၏။

ပွန်ရို၏ မျက်နှာက ၎င်းမြင်ပြီးနောက် ပို၍ပင် ကြည့်မကောင်း ဖြစ်သွားခဲ့သည်။ စည်းမျဉ်းအရ ပထမပြိုင်ပွဲ သရေကျခဲ့ပြီး ဒုတိယ အလယ်အလတ်ပွဲ စတော့မည် ဖြစ်သည်။ အလယ်အလတ် ပြိုင်ပွဲ၏ စည်းမျဉ်းမှာ အစီအရင်မှ ပုံဖော်ထားသော တူညီသော စွမ်းအားအဆင့်ရှိ နတ်ဆိုး သားရဲများကို ကိုင်တွယ်ရန်ပင်။

ထိုသို့ နတ်ဆိုးသားရဲတွင် လုံးဝနီးပါး လက်တွေ့ကျသော တိုက်ခိုက်ရေး အသိစိတ် ရှိပြီး ရပ်နေသော ပစ်မှတ်တစ်ခု သေချာပေါက် မဟုတ်ပေ။ ၎င်းသည် ကြမ်းတမ်းသော တိုက်ခိုက်မှုများကို ထုတ်လွှတ်လိမ့်မည် ဖြစ်ရာ ဆိုလိုသည်မှာ မြှားများပစ်လျှင် သူတို့က သူတို့၏ ကိုယ်ပိုင် စွမ်းအားနှင့် နှိုင်းယှဉ်နိုင်သော တိုက်ခိုက်မှုများကို ရှောင်တိမ်းရမည် ဖြစ်သည်။ အခက်အခဲမှာ ယခင် ရပ်လျက် ပစ်ခြင်းထက် အဆများစွာ ပိုမြင့်မား၏။

ထိုပြိုင်ပွဲအတွက် အချိန်မှာ ၅မိနစ် ဖြစ်ပြီး မြှား ၁၀ချောင်းလည်း ရှိသည်။ ၅မိနစ် အတွင်းတွင် နတ်ဆိုးသားရဲများကို မြှား အနည်းဆုံးဖြင့် သတ်ဖြတ်နိုင်သူက အနိုင်ရပေလိမ့်မည်။

ပြောရမည်ဆိုလျှင် ၄မိနစ် အတွင်း နတ်ဆိုးသားရဲများကို သို့မဟုတ် ၃မိနစ် အတွင်း သတ်ဖြတ်ခြင်းတွင် အကယ်၍ ပထမတစ်ယောက်က မြှား ၃ချောင်း အသုံးပြုခဲ့ပါက အတူတူပင် ဖြစ်သည်။ အကယ်၍ ဒုတိယတစ်ယောက်က မြှား ၄ချောင်း သုံးခဲ့ပါက ပထမတစ်ယောက် အနိုင်ရပေမည်။ မှန်ပေသည်။ အကယ်၍ ၅မိနစ်အတွင်း နတ်ဆိုးသားရဲ တစ်ကောင်မှ မသတ်နိုင်ခဲ့လျှင် သို့မဟုတ် နတ်ဆိုးသားရဲများကို ရှုံးနိမ့်သွားခဲ့ပါက ပြိုင်ပွဲကို ရှုံးနိမ့်သည်ဟု စီရင်ချက်ချမည် ဖြစ်သည်။

နတ်ဆိုးသားရဲများကို မဲနှိုက်၍ ကျပမ်း ဆုံးဖြတ်ပေမည်။ ပွန်ရိုက မီးမြွေကို ရရှိခဲ့ပြီး ၎င်းမှာ ကြီးမားသော်လည်း အတော်အတန် နှေးကွေးလှပေသည်။ တေးလို့စ်မှာမူ ကံမကောင်းပေ။ သူက အမြန်နှုန်း ပါရမီရှိသော လေကျားသစ်ကို နှိုက်မိခဲ့သည်။

မဲနှိုက်ပြီးနောက်တွင် နှစ်ဖက်လုံးက ကွင်းထဲသို့ ဝင်ရောက်ကြ၏။ အစီအရင်က ရန်သူများကို အလိုလို စတင်၍ ထုတ်လုပ်လာခဲ့သည်။ ထုတ်လုပ်ခြင်း ကုန်ဆုံးလျှင် အချိန်တိုင်းကိရိယာ စတင် ရေတွက်မည် ဖြစ်သည်။

ပဏာမ ပြိုင်ပွဲနှင့် ဆင်တူသည်မှာ စွမ်းအားအဆင့်တူ နတ်ဆိုးသားရဲများကို ရင်ဆိုင်ရာတွင် ပွန်ရိုနှင့် တေးလို့စ်တို့က အလျင်စလို မပစ်ခတ်ကြဘဲ ရန်သူကို လေ့လာရင်း တိုက်ခိုက်မှုကို ရှောင်တိမ်း နေခဲ့ကြသည်။

တိုက်ပွဲကို ကြည့်နေသော ချန်လွေ့က တိတ်တဆိတ် ခေါင်းညိတ်လိုက်သည်။ အကယ်၍ ယခင်ပြိုင်ပွဲသည် လက် အမြန်နှုန်းနှင့် တိကျမှု အကြောင်း ဖြစ်ခဲ့ပါက ယခုပြိုင်ပွဲမှာ စိတ်ရှည်မှုနှင့် အချိန်အခါကို ဆုပ်ကိုင်နိုင်စွမ်း အကြောင်း ဖြစ်သည်။

ယခုမှာ ပွန်ရိုက မီးမြွေကို ပထမဆုံး ရင်ဆိုင်ခြင်း မဟုတ်သည်မှာ သေချာ၏။ သူက ထိုနတ်ဆိုးသားရဲ၏ တိုက်ခိုက်ရေး အလေ့အထများကို ကောင်းစွာ သိသည်။ မီးမြွေ၏ အချို့စည်းချက်ကို ရှာတွေ့ပြီး နောက်တွင် မီးမြွေ၏ အဆက်မပြတ် ပေါက်ထွက်လာသော မီးတောက်များကို လျင်မြန်စွာ ရှောင်လိုက်ကာ မီးမြွေ၏ မီးတောက် စွမ်းအား ရပ်တန့်သွားသည့် အခိုက်တွင် မြှားကို ပစ်ခတ်လိုက်သည်။

ထိုမြှားတွင် တဝီဝီ မြည်သော လျှပ်စီး ပါဝင်နေပြီး မီးမြွေ မျက်လုံးသူငယ်အိမ်ထဲ ထိုးဖောက်ဝင်သွားကာ အခြား မျက်လုံး သူငယ်အိမ်မှ ထွက်လာခဲ့သည်။ မီးမြွေက တရှူးရှူး အသံပြုလိုက်ပြီး နာကျင်စွာဖြင့် လူးလွန့်ကာ နောက်ဆုံး တဖြည်းဖြည်း အားကုန်သွားပြီး ကွင်းပြင်မှ ပျောက်ကွယ် သွားခဲ့သည်။

ဖြစ်စဉ်တစ်ခုလုံး ၃မိနစ် ကြာမြင့်ခဲ့ပြီး မြှားတစ်ချောင်းသာ ပစ်ခဲ့ရလေသည်။ အနီးအနားမှ နတ်သူငယ်များ အားလုံး အာမေဍိတ်သံများ ပြုလုပ်လိုက်ကြသည်။ ယှဉ်ကြည့်လျှင် အခြားဖက်မှ တေးလို့စ်မှာ တင်းမာနေပုံ ရသည်။ နတ်သူငယ်များ အတွက် အထူးမြင့်မားသော လျင်မြန်မှု ရှိနေသည့် လေကျားသစ်က အဓိကရန်သူ ဖြစ်သည်။ မျက်နှာချင်းဆိုင် တိုက်ခိုက်မှု၏ အခက်အခဲမှာ မီးမြွေထက် ပိုမြင့်မား၏။ ပွန်ရို မီးမြွေကို မြှားတစ်ချောင်းတည်းနှင့် သတ်ဖြတ်ခြင်းဖြင့် အကောင်းဆုံးရလဒ်ကို ရရှိပြီးလေပြီ။ အကယ်၍ တေးလို့စ်လည်း မြှားတစ်ချောင်းတည်း အသုံးပြုပြီး လေကျားသစ်ကို အနိုင်မယူနိုင်ခဲ့ပါက သည်းထိပ်ရင်ဖို ဖြစ်စရာကို နောက်ထပ် ပြိုင်ပွဲအထိ သိမ်းဆည်း ထားရပေမည်။ သို့မဟုတ်လျှင် သူက သေချာပေါက် ရှုံးနိမ့်ပေမည်။ သို့သော် လေကျားသစ်၏ အရူးအမူး အရှိန်မြင့် အနီးကပ်တိုက်ခိုက်မှု အောက်တွင် တေးလို့စ်၏ ကိုယ်ပေါ်တွင် အမာရွတ်များစွာ ရှိနေပြီ ဖြစ်သည်။ သူက တန်ပြန်တိုက်ခိုက်မှု လုံးဝ မလုပ်နိုင်ခဲ့ပေ။ အစီအရင်ထဲမှ ပြိုင်ပွဲဝင်များက အကာအကွယ် ခံထားရပြီး အမှန်တကယ် သေဆုံးမည် မဟုတ်သော်လည်း ထိခိုက်မှု အချို့က ကွင်းပြင်မှ ထွက်ခွာပြီးနောက် ခန္ဓာကိုယ်နှင့် ဝိညာဉ်အပေါ်တွင် တန်ပြန် ပေလိမ့်မည်။

အချိန်က တစ်စက္ကန့်ပြီး တစ်စက္ကန့် ကုန်လွန်သွားခဲ့၏။ ၅မိနစ်က လုံးဝနီးပါး ကုန်ဆုံးသွားပြီ ဖြစ်သည်။

ခုန်လွှားမှုတစ်ခု လွဲချော်ပြီးနောက်တွင် လေကျားသစ်က အစိမ်းရောင်ဖျော့ဖျော့ အလင်းများဖြင့် တောက်ပ လာခဲ့သည်။ ၎င်း၏ ပါရမီကြောင့် တိုးမြှင့်ခြင်းခံရပြီး နောက်တွင် အမြန်နှုန်း နောက်တစ်ကြိမ် ခုန်တက်သွားခဲ့ပြန်သည်။ ၎င်းက လေထဲ မယုံနိုင် လောက်သော လှည့်ပတ်မှု တစ်ခုကို ပြုလုပ်လိုက်ပြီး တေးလို့စ်ကို ကိုက်လိုက်၏။ အယ်လ်တာနီက သူ အမှန်တကယ် သေမည် မဟုတ်ကြောင်း သိလျှင်ပင် ထိုမြင်ကွင်းကြောင့် သူက ထိတ်လန့်လျက် ပါးစပ်ကို အုပ်လိုက်မိဆဲ ဖြစ်နေသည်။

လေကျားသစ်သည် နောက်တစ်ကြိမ် လွဲချော်သွားခဲ့ပြန်သည်။ ‘တေးလို့စ်’မှာ အမှန်တကယ်တွင် ထင်ယောင်ထင်မှား ပုံရိပ်တစ်ခု ဖြစ်နေ၏။ တစ်ချိန်တည်းပင် အနီရောင်အလင်းက လေကျားသစ်၏ ဖွင့်ထားသော ပါးစပ် အထဲသို့ လက်ခနဲ ဝင်ရောက်သွားခဲ့သည်။ လေကျားသစ်က လျှပ်စီးထိမှန်သကဲ့သို့ လေထဲမှ တန်းတန်း ပြုတ်ကျပြီး ပျောက်ကွယ်သွားခဲ့သည်။

တေးလို့စ် အနည်းငယ် မောဟိုက်နေပြီး မျက်နှာပေါ်မှ သွေးနီ မှော်ပုံစံကွက်များ တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။ နတ်သူငယ် တစ်ပိုင်းက ထင်ယောင်မှား ပုံရိပ်တစ်ခုကို ဖန်တီးရန် မှော်ပုံစံကွက် စွမ်းအားကို အသုံးပြုခဲ့ပြီး နောက်ဆုံး အရေးကြီးသော အခိုက်အတန့်တွင် မြှား တစ်ချောင်းတည်းဖြင့် အင်အားကြီးသော ရန်သူကို သတ်ဖြတ်နိုင်ခဲ့ကြောင်း ချန်လွေ့ တွေ့မြင်ခဲ့ရသည်။

ထိုအချိန်တွင် ၅မိနစ် ပြည့်သွားခဲ့သည်။ ပွန်ရိုက တိုက်ပွဲကို အဆုံးသတ် ခဲ့သည်မှာ ကြာခဲ့ပြီ ဖြစ်သော်လည်း စည်းမျဉ်းအရ ပြိုင်ပွဲက သရေကျနေဆဲ ဖြစ်သည်။ ပြိုင်ပွဲ (၂)ပွဲ၊ သရေ (၂)ကြိမ်...

နတ်သူငယ်များက ပါးနပ်ကြပေသည်။ သူတို့က နတ်သူငယ် တစ်ပိုင်း၏ မြှားပစ် ကျွမ်းကျင်မှုမှာ ပွန်ရိုထက် မနိမ့်ကြောင်း နားလည်ပြီး ဖြစ်သည်။ နတ်သူငယ်များစွာ မနာလိုသော အမူအရာများကို ပြသခဲ့ ကြလေသည်။ ပထမ ပြိုင်ပွဲ (၂)တွင် သရေကျခဲ့သော်လည်း တေးလို့စ်၏ စွမ်းအား သုံးစွဲမှုမှာ ပွန်ရိုထက် သိသာစွာ ပိုမြင့်မားပြီး အစီအရင် တုံ့ပြန်မှုကလည်း သူ့အပေါ် ထိခိုက်မှုအချို့ ဖြစ်စေခဲ့သည်။ ထို့ကြောင့် နောက်ပြိုင်ပွဲ၌ သေချာပေါက် သက်ရောက်မှု ရှိပေလိမ့်မည်။

ချန်လွေ့က ဇိုလာ၏ လက်ကို ကိုင်ပြီး တေးလို့စ်နှင့် ပွန်ရို အကြားမှ ပြိုင်ပွဲကို အဝေးမှ ကြည့်နေသော်လည်း မကူညီခဲ့။ သူကိုယ်တိုင် ပြောခဲ့သည့်အတိုင်း သူက နတ်သူငယ် တစ်ပိုင်း၏ ယုံကြည်မှုနှင့် သတ္တိရလဒ်ကို ကိုယ်တိုင် မြင်ချင်ခဲ့သည်။

အခြေအနေက နတ်သူငယ်တစ်ပိုင်းကို ဆန့်ကျင် နေသော်လည်း တိုက်ပွဲက ယခုအထိ မျှတနေဆဲ ဖြစ်သည်။

တတိယ ပြိုင်ပွဲမှာ ပိုမို၍ သာလွန်သည်။ ပထမ ပြိုင်ပွဲ နှစ်ပွဲနှင့် မတူဘဲ ထိုပြိုင်ပွဲက သရေကျခြင်း သေချာပေါက် ရှိလိမ့်မည် မဟုတ်ပေ။ အကြောင်းမှာ ယခုတစ်ကြိမ် စည်းမျဉ်းမှာ မြှားပစ်တိုက်ပွဲ ဖြစ်နေ၍ပင်။

All Chapters