ပြင်းထန်သော ရောဂါလက္ခဏာ
Vol. 17 Ch. 241
ရွှမ်ဝမ်၏ လေသံသည် အရင်ကနှင့် လုံးဝကွဲပြားနေသည်။ သူမသည် ထိုကိစ္စကို နက်နက်နဲနဲ ဂရုစိုက်နေသည်မှာ ထင်ရှားသည်။ လက်တွေ့ကမ္ဘာဖြစ်စေ၊ အရိပ်ကမ္ဘာဖြစ်စေ၊ ရွှမ်ဝမ်ကို လှုပ်ခါနိုင်သည့် အရာများမှာ များများစားစား မရှိခဲ့ပေ။ သူမနှင့် ကောင်းမင်တို့၏ ရှုပ်ထွေးသော ဆက်ဆံရေးသာလျှင် သူမကို စိတ်ပူပန်စေနိုင်လေသည်။ ထိုစိတ်ခံစားမှုများသည် သူမ တကယ်ခံစားရသည့်အရာများ မဟုတ်ဘဲ၊ ကံကြမ္မာ၏ အချုပ်အနှောင်များသာ ဖြစ်သည်ဟု သူမ ယုံကြည်ထားခဲ့သည်။
“ဆက်ဆံရေးတွေကို ဂရုစိုက်နေတာထက် ပိုက်ဆံ၊ အနာဂတ်၊ ဒါမှမဟုတ် ပြဿနာတွေကို အာရုံစိုက်လိုက်တာပဲ ပိုကောင်းပါတယ်”
ရွှမ်ဝမ်၏ စကားများက ဆုမိုကို နူတ်ဆိတ်သွားစေ၏။ အချစ်ရေးအတွေ့အကြုံ လုံးဝမရှိသူအနေဖြင့် ရွှမ်ဝမ်ကို မည်သည့်အရာက ထိုမျှလောက် ဒုက္ခပေးနေမှန်း သူ နားမလည်ခဲ့ပေ။ သူက ဖုန်းထဲမှအသံသည် မည်သူဖြစ်ကြောင်း သိချင်နေရုံသာ ဖြစ်သည်။
“စုံစမ်းစစ်ဆေးရေးဌာနက လူတွေ မကြာခင်ရောက်လာတော့မယ် ၊ ငါတို့ ဒီနေရာကနေ ထွက်သွားမှ ဖြစ်မယ် ၊ စွမ်းအားတွေေ လုံလုံလောက်လောက် စုစည်းပြီးမှ သူတို့နဲ့ သွားတွေ့ကြတာပေါ့”
ရွှမ်ဝမ်က အခန်းထဲမှ ထွက်ခွာသွားသည်။ သူမသည် ထိုအမျိုးသား၏ဖုန်းကို မဖြေမီအထိ အလွန်တည်ငြိမ်နေခဲ့ခြင်းဖြစ်သည်။
“ဘယ်လောက်တောင် ကြောက်စရာကောင်းတဲ့ မိန်းမလဲ”
ဆုမိုသည် ညည်းညူလိုက်ရင်း ဖိနပ်တစ်ရံကို ကိုင်၍ အဖွဲ့၏နောက်ဆုံးသို့ လျှောက်သွားလိုက်သည်။
ညနေခင်းအလင်းရောင်ကို တိမ်မည်းများက တဖြည်းဖြည်း မျိုချလိုက်သည်။ ညသည် လူတိုင်း၏ မျက်လုံးများကို ဖုံးအုပ်ထားသော ဧရာမလက်ကြီးများနှယ် ဖြစ်နေ၏။ အဆောက်အအုံတစ်ဝိုက်တွင် ခြေသံများ ပဲ့တင်ထပ်နေသည်။ လူနာများသည် ညအတွက် နောက်ဆုံးပြင်ဆင်မှုများကို လုပ်နေကြသည်။ ရွှမ်ဝမ်၏အဖွဲ့သည်လည်း ထူးမခြားနားပင်။ အိုင်စီယူသည် အန္တရာယ်အများဆုံး အလွှာဖြစ်သည်။သန္ဓေပြောင်းလူနာအများစုသည်လည်း ထိုနေရာတွင် ရှိကြသည်။ သို့သော် သူတို့အများစုသည် မှောင်ပြီးနောက်မှသာ ပေါ်လာခြင်းဖြစ်သည်။ နေ့ဘက်တွင် လှုပ်ရှားသွားလာချင်သူများသည် အမှောင်ထု၏ ဖျက်ဆီးခြင်းကို အပြည့်အဝ မခံရသေးသူများ ဖြစ်သည်။ တစ်နည်းအားဖြင့် နေ့ဘက်တွင် လှည့်လည်သွားလာသော လူနာများကို ၆၀ ရာခိုင်နှုန်း လူသားဖြစ်သည်ဟု သတ်မှတ်နိုင်သည်။
“ခင်ဗျားဆီ ကျွန်တော် နောက်ထပ်ခေါ်လာမယ့် လူနာကလည်း အိပ်မပျော်သူပါပဲ။ ဒါပေမဲ့ သူ့ရဲ့ ရောဂါလက္ခဏာတွေက ကျွန်တော့်ထက် အများကြီး ပိုဆိုးတယ်နော် ၊ သူ့ကိုတွေ့လို့ ခင်ဗျား ကြောက်မသွားဖို့ မျှော်လင့်ပါတယ်”
ရှည်လျားလှသောဦးခေါင်းရှိသည့် အိပ်မပျော်သူသည် ရွှမ်ဝမ်ကို ကော်ရစ်ဒါလမ်းတစ်လျှောက် ဦးဆောင်ခေါ်သွားသည်။ကော်ရစ်ဒါအဆုံးတွင် အဖြူရောင်တံခါးများ အစုအပုံလိုက် ရှိနေ၏။၎င်းသည် လူနာဆောင်အချို့ကို တစ်ခုပေါ်တစ်ခု ထပ်ထားသကဲ့သို့ ဖြစ်နေသည်။အရိပ်သည် လက်တံများနှယ် ပတ်ပတ်လည် ပျံ့နှံ့နေသည်။ တစ်စုံတစ်ယောက်က အဖြူရောင်တံခါးများကို ခေါင်းလောင်းများ ချိတ်ဆွဲထားသော ကြိုးမျှင်များဖြင့် ဆက်သွယ်ထားလေသည်။ တံခါးများကြားမှ အဟများကို ချောင်းကြည့်ပါက အဖြူရောင်မျက်လုံးများကို တစ်ခါတစ်ရံ မြင်တွေ့နိုင်ပေသည်။
“ဒါက သရဲခြောက်တဲ့အိမ်တစ်လုံးနဲ့ ပိုတူနေတယ် ၊ နောက်ဆုံးတော့ကျွန်မတို့က ဆေးရုံမှာ သရဲနီတစ်ကောင်ကို သွားတွေ့ရတော့မှာလား”
ရွှမ်ဝမ်သည် ပုံမှန်အတိုင်း ပြန်ဖြစ်လာလေသည်။နံရံများသည် ကော်ရစ်ဒါဆီသို့ စတင်ကွေးညွတ်လာကြသည်။ ရွှမ်ဝမ်က တံခါးများကို တွန်းဖွင့်ရန် သူမ၏လက်ကို မြှောက်လိုက်သည်။ ထိုအခိုက်အတန့်တွင် ကြိုးမျှင်များ အားလုံး လှုပ်ခါသွားပြီး ခေါင်းလောင်းများ တချွင်ချွင် မြည်လာတော့သည်။ နံရံပေါ်ရှိ အဖြူရောင်ဆေးသားများ ကွာကျလာ၏။ ကြမ်းပြင်မှ ပိုးဟပ်များ တွားသွားထွက်လာကြသည်။ အမှောင်ထုသည် လျင်မြန်စွာ ပျံ့နှံ့သွားတော့သည်။ ရွှမ်ဝမ်သည် အိပ်မက်ဆိုးတစ်ခုထဲသို့ ဝင်ရောက်သွားသကဲ့သို့ ဖြစ်သည်။ တံခါးများ ပွင့်ဟလာခဲ့သည်။ တံခါးမဏ္ဍိုင်များသည် ကမ္ဘာနှစ်ခုကြားတွင် တည်ရှိနေပုံရသည်။
“ဒီလူနာမှာ ပိုပြင်းထန်တဲ့ ရောဂါလက္ခဏာ ရှိနေတာပဲ”
သွေးစွန်း ကုတ်အင်္ကျီကို ဝတ်ဆင်ထားသည့် ရွှမ်ဝမ်သည် အခန်းထဲသို့ ဖြည်းညှင်းစွာ ဝင်ရောက်သွားသည်။
တံခါးအတွင်းဘက်တွင် “ပထမ အိုင်စီယူ လူနာဆောင်” ဟူသော ဆိုင်းဘုတ်ကိုချိတ်ဆွဲထားသည်။
ဆေးဘက်ဆိုင်ရာ ကိရိယာများ သို့မဟုတ် ဆရာဝန်ပစ္စည်းများ မရှိပေ။ ရွဲ့စောင်းပုံပျက်နေသော အခန်းထဲတွင် ဧရာမအဖြူရောင်ကုတင်ကြီးတစ်လုံးသာ ရှိသည်။ အခန်းသည် ဗလာဖြစ်နေသော်လည်း ထောင့်များမှ ထူးဆန်းသောအသံများ ဆက်လက်ထွက်ပေါ်နေ၏။ ၎င်းအသံများသည် သွားကြိတ်သံ၊ လွှသံ၊ တူထုသံ၊ ဝါးစားသံနှင့် ကျီးကန်းများ၏ အသံများ ဖြစ်ကြသည်။
တစ်ဖွဲ့လုံး အခန်းထဲ ဝင်လိုက်သောအခါ သူတို့နောက်မှ တံခါးများသည် အလိုလို ပိတ်သွားလေသည်။ ထို့နောက် ၎င်းတို့သည် အလိုလို ပြန်ပွင့်လာ၏။ ဤကဲ့သို့ အကြိမ်အနည်းငယ် ပြန်ဖြစ်ပြီးနောက် ၊ လူများ ထပ်မံဝင်ရောက်လာသကဲ့သို့ အခန်းထဲတွင် အသံများ ပိုမိုထွက်ပေါ်လာခဲ့သည်။ဆုမိုက တစ်ခုခု မှားနေသည်ကို ပထမဆုံးခံစားမိသည်။သူသည် လူအုပ်ကြားထဲတွင် ဖိကြိတ်ခံနေရသကဲ့သို့ အသက်ရှူရ ခက်ခဲလာသည်။ သူ့ နှလုံးခုန်နှုန်းပင် နှေးသွားခဲ့သည်။
“နည်းနည်းလောက် သည်းခံလိုက်ပါဦး”
ရွှမ်ဝမ်သည် ကုတင်ဆီသို့ လျှောက်သွားပြီး ကုတင်အခင်းကို လှန်၍ အောက်သို့ ငုံ့ကြည့်လိုက်သည်။ ကုတင်အောက်တွင် လူငယ်တစ်ဦး ပုန်းအောင်းနေလေသည်။ သူ မျက်လုံးများသည် အချိန်ကြာမြင့်စွာ အိပ်မပျော်ခဲ့သည့်အလား ရဲရဲနီနေ၏။ ပို၍ ထိတ်လန့်စရာကောင်းသည်မှာ သူသည် မျက်လုံးများကို ထာဝရ ပိတ်မရစေရန်အတွက် သူ့မျက်ခွံများကို သူကိုယ်တိုင် ဖြတ်ထားပုံ ရသည်။
“သူက ဆရာဝန်အသစ်ပါ ၊သူ မင်းကို ကူညီဖို့ ဒီရောက်လာခဲ့တာ”
ကျန်အိပ်မပျော်သူက သတိထား၍ ပြောလိုက်သည်။
“မစ္စတာယိ၊ ကျုပ် အမှတ်ရပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ ဒါပေမဲ့ ကျုပ်ရဲ့ အခြေအနေက ခင်ဗျားနဲ့ မတူပါဘူးလေ”
မျက်ခွံမရှိသော ထိုလူငယ်သည် သူ့ဦးခေါင်းကို အုပ်ထား၏။သူသည် အခြားလူများနှင့် ပြောဆိုဆက်ဆံလိုပုံ မရချေ။
မစ္စတာယိသည် သန္ဓေပြောင်းဦးခေါင်းရှိသည့် အိပ်မပျော်သူ၏ နာမည်ဖြစ်ပုံရသည်။ သူတို့နှစ်ဦးသည် ရောဂါဆင်တူရှိသောကြောင့် ဆက်နွယ်မှု ရှိသွားကြခြင်း ဖြစ်သည်။
“ငါ့ကို ယုံပါ ၊ သူက တခြားဆရာဝန်တွေနဲ့ မတူပါဘူး”
မစ္စတာယိက အနည်းချော့မော့အပြီးတွင် နောက်ဆုံးလူငယ်က ကုတင်အောက်မှ ထွက်လာလေသည်။ ရွှမ်ဝမ်က ထိုလူကို လျင်မြန်စွာ စစ်ဆေးလိုက်သည်။ သူမသည် ထိုလူတွင် မည်သည့်သန္ဓေပြောင်းအရာ တစ်ခုမှ ရှာမတွေ့ခဲ့ပေ။ ရောဂါလက္ခဏာများသည် စိတ်ပိုင်းဆိုင်ရာသာ ဖြစ်ပေလိမ့်သည်။
“ရှင့်ရဲ့ မျက်ခွံတွေကို ရှင်ကိုယ်တိုင် ဖြတ်ထားတာလား”
ရွှမ်ဝမ်သည် ထိုလူနာဆောင်သို့ မဝင်ခင်က တံခါးများကြားရှိ အဟများကြားတွင် အဖြူရောင်မျက်လုံးများစွာကို မြင်ခဲ့ရသည်။ သို့သော်လည်း ထိုလူ၏ မျက်လုံးများသည် ပေါက်ကွဲတော့မတတ် နီရဲနေခြင်းဖြစ်သည်။
“ဟုတ်ပါတယ်”
ထိုလူက ကုတင်ပေါ်တွင် ထိုင်လိုက်သည်။ သူသည် သူ့ဘေးပတ်လည်တွင် သရဲများ ဝန်းရံနေသကဲ့သို့ အလွန်စိုးရိမ်နေလေသည်။
“ရှင်လည်း အိပ်မပျော်ရောဂါ ခံစားနေရတာလား”
“အိပ်မရတာ မဟုတ်ပါဘူး၊ ကျွန်တော် မအိပ်ရဲတာပါ”
ထိုလူ သမ်းဝေလိုက်သည်။
“ကျွန်တော်မျက်လုံးမှိတ်လိုက်တာနဲ့ သရဲတွေ ပေါ်လာတယ်ဗျာ ၊ မျက်လုံး ဖွင့်လိုက်ရင် သူတို့ ပျောက်သွားကြတယ်”
“သရဲတွေလား ၊ သူတို့က ဘယ်လိုပုံစံတွေလေ”
ရွှမ်ဝမ်က ထိုလူဆီသို့ လျှောက်သွားလိုက်ပြီး သူ့မျက်လုံးထဲ တည့်တည့်စိုက်ကြည့်လိုက်သည်။
“ကျွန်တော် ပြော... ပြောလို့မရဘူး ၊ သူတို့က ပုံစံအမျိုးမျိုးရှိတယ်ဗျ ၊ကျွန်တော် မျက်လုံးဖွင့်ထားရင် ကျွန်တော် သူတို့ကို မမြင်ရဘူး ၊ ဒါပေမဲ့ ကျွန်တော် အိပ်ဖို့ကြံလိုက်ရင် သရဲတွေ ပေါ်လာလိမ့်မယ်၊ တချို့က ဧည့်ခန်းထဲမှာ ဒူးထောက်နေကြတယ်၊ တချို့က ကျွန်တော့်ကုတင်ပေါ် တွားတက်လာကြတယ်၊ တချို့က ခေါင်မိုးပေါ်မှာ လှဲနေပြီး၊ တချို့က ကြိုးဆွဲချခံထားရတယ် ၊ မဟုတ်ဘူး! မဟုတ်ဘူး! ကျွန်တော် ဆက်မပြောနိုင်တော့ဘူး ၊ သူတို့ ကြားသွားလိမ့်မယ်!”
ထိုလူသည် ခေါင်းကို ရူးသွပ်စွာ ခါယမ်းလိုက်သည်။ သူ့မျက်လုံးများသည် သွေးများ ယိုစီးကျလာသကဲ့သို့ ဖြစ်နေပုံရသည်။
“သူတို့ ဒီမှာ ရှိနေတုန်းပဲ!သူတို့က ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ ရှိနေတာ! ကျွန်တော် သိတယ်! သူတို့ ဒီမှာ ရှိနေတာ သိတယ်!”
“အဲ့ဒါကြောင့် ရှင့်မျက်ခွံတွေကို ရှင်ဖြတ်ပစ်လိုက်တာလား”
ရွှမ်ဝမ်သည် ထိုလူ၏ဦးခေါင်းကို ဆွဲကိုင်လိုက်သည်။
“ရှင် ဘယ်လောက်ကြာကြာ နိုးနေခဲ့တာလဲ”
“အချိန် အရမ်းကြာပြီ ၊ ဆေးရုံမှာ စာရင်းသွင်းခဲ့ကတည်းက ကျွန်တော် မအိပ်ရသေးဘူး ၊ ကျွန်တော် အရမ်းကြောက်တယ်။ ကျွန်တော် သေတော့မှာလား”
“အဆင်ပြေပါတယ် ၊ ကျွန်မတို့အားလုံး ရှင့်အခန်းထဲမှာ နေပေးမယ် ၊ရှင့်ကုတင်ဘေးမှာ စောင့်ကြည့်နေပေးမယ် ၊ရှင်အခု အိပ်ဖို့ ကြိုးစားကြည့်ပါ”
ရွှမ်ဝမ်သည် ထိုလူအား မျက်နှာကာတစ်ခု ပေးလိုက်သည်။
“လှဲချပြီး မျက်လုံးပိတ်လိုက်ပါ ၊ ရှင့်ရဲ့ အိပ်စက်ခြင်းထဲက ကမ္ဘာကို ကျွန်မ ကြည့်ပါရစေ”
ထိုလူသည် သူမကို ငြင်းဆန်ချင်သော်လည်း ရွှမ်ဝမ်က သူ့အာား ကုတင်ပေါ် ဖိချလိုက်သည်။ သူသည် ချက်ချင်းပင် အိပ်ချင်လာတော့သည်။
“ရှင် အိပ်သွားပြီလား ရှင့်စိတ်ထဲမှာ၊ ဒီလူနာဆောင် ပေါ်လာသလား”
“ပေါ်လာတယ်! ကျွန်တော် အိပ်လို့မရဘူး! သရဲတွေ ရောက်လာတော့မယ်!”
ထိုလူသည် အလွန်အိပ်ချင်နေသော်လည်း အဝေးတွင်နေရန် အလွန်ကြိုးစားနေ၏။
“ကျွန်မတို့ကို အိပ်မက်ထဲမှာ မြင်ရလား”
ရွှမ်ဝမ်က ပတ်ပတ်လည်ကို ကြည့်လိုက်သည်။
“မြင်ရတယ်! ခင်ဗျားတို့အားလုံး ဒီမှာ ရှိနေတယ်! သတိထား! တစ်ခုခုလာနေပြီ!”
ထိုလူက အော်ဟစ်လိုက်ရာ တံခါးသည် တွန်းဖွင့်ခံလိုက်ရသည်။
“သရဲတွေ! နေရာတိုင်းမှာ သရဲတွေကြီးပဲ!”
တံခါးအဟများကြားတွင် မျက်လုံးများ အစုံလိုက် အစုံလိုက် ထွက်ပေါ်လာလေသည်။ထိုသူ မျက်လုံးမှိတ်လိုက်ပြီးနောက် သူစိတ်ကူးယဉ်လိုက်သည့် ကြောက်မက်ဖွယ် အရာများ ထွက်ပေါ်လာလေတော့သည်။