ဘက်များ
Vol. 17 Ch. 247
ဆေးရုံတွင် ကုသမှုခံယူပြီးနောက် ချန်မန်သည် သိသိသာသာ ကွဲပြားခြားနားသွားချေသည်။ ထိုမတိုင်မီက သူသည် အိပ်မပျော်ခြင်းကြောင့် ဒုက္ခရောက်ခဲ့ရသော်လည်း အနည်းဆုံးတော့ သတိရှိနေခဲ့သည်။ ယခုမူ သူသည် ကြောင်တောင်တောင် ဖြစ်နေပြီး မျက်လုံးများပင် မှုန်မှိုင်းနေလေသည်။
ချန်မန်သည် ဆေးသောက်ပြီးနောက် သတ္တမထပ်သို့ သွားရန် ပြင်ဆင်နေခဲ့သည်။ သို့သော် သူ လှည့်ကြည့်လိုက်သောအခါ စီတုအန်းကို မြင်လိုက်ရသည်။ သူသည် စီတုအန်းအပေါ် တွယ်တာသော ခံစားမှုများ ဖြစ်ပေါ်လာပြီး မိဘများမှလွဲ၍ ကမ္ဘာပေါ်တွင် သူ့အပေါ် အကောင်းဆုံးသူမှာ စီတုအန်းသာ ဖြစ်သည်ဟုထူးဆန်းစွာ ခံစားလိုက်ရလေသည်။
"ဥက္ကဋ္ဌစီတုလား။ တွေ့ရတာ ဝမ်းသာပါတယ်ခင်ဗျာ"
ချန်မန်သည် သူ့မိသားစု၏ အကြီးအကဲနှင့် တွေ့ဆုံရသော ကလေးတစ်ဦးနှယ် စိုးရိမ်တကြီးနှင့် ယဉ်ကျေးစွာ နှုတ်ဆက်လိုက်သည်။
စီတုအန်းသည် ချက်ချင်း ပြန်မဖြေဘဲ ခွင့်ပြုချက်တောင်းသည့်အလား လုဇန်ထံသို့ လှည့်ကြည့်လိုက်သည်။
"သူက ကျုပ်တို့ရဲ့ မိသားစုဝင်အသစ်ပါ၊ သူ ခုနှစ်လွှာမှာ နေပါလိမ့်မယ်"
လုဇန်က 'မိသားစု' ဟူသော စကားလုံးကို ထည့်သွင်းပြောဆိုလိုက်သည်။
ထိုစကားကို ကြားလိုက်သောအခါ စီတုအန်း၏ မျက်နှာအမူအရာမှာ ပြောင်းလဲသွားပြီး တောက်ပစွာ ပြုံးလိုက်သည်။
"မင်းက မိသားစုဝင်ဖြစ်နေပြီဆိုတော့ နောက်ဆိုရင် ဘာပဲလိုအပ်လိုအပ် ငါ့ကို ပြောပါ ၊ငါ ဟန်ဟိုင်းမှာ အဆက်အသွယ်တွေ ရှိပါသေးတယ်"
"ကျွန်….ကျွန်တော်... ဘာပြောရမှန်းတောင် မသိတော့ဘူးဗျာ ၊ ခင်ဗျားက ဗွီဒီယိုထဲမှာထက်တောင် ပို ကြင်နာတတ်သူပါလား"
ချန်မန်သည် စီတုအန်းကို ဤကဲ့သို့ မမျှော်လင့်ထားခဲ့ချေ။ သူသည် အရိုအသေပေးကာ ဦးချကန်တော့မတတ်ပင် ဖြစ်သွားသည်။
ကောင်းမင်သည် အရာအားလုံးကို အကဲခတ်နေခဲ့သည်။ ချန်မန် ကုသမှုမခံယူမီက သူ့နှလုံးသားတွင် နာကျင်မှုများစွာ ရှိနေခဲ့သည်။ သူသည် အလွန်အထိမခံ၊ မာနကြီးသောသူဖြစ်သည်။ လူသတ်သမားအများစုသည် သူတို့၏ စရိုက်လက္ခဏာများကြောင့် လူသတ်သမား ဖြစ်လာကြခြင်းဖြစ်သည်။ သို့သော်လည်း သူ့မျက်စိရှေ့တွင် လူတစ်ဦးသည် စရိုက်လက္ခဏာ ပြောင်းလဲသွားသည်ကို သူ မြင်လိုက်ရသည်။ ချန်မန်အား စီတုအန်း ဆက်ဆံပုံသည် သူ့မိဘများက သူ့ကို ဆက်ဆံပုံထက်ပင် ပိုကောင်းနေလေသည်။
"တစ်ခုခုတော့ မူမမှန်ဘူး"
ကောင်းမင်သည် ဆက်မနေလိုတော့ချေ။ သူသည် ဆေးဝါးများပါသော တွန်းလှည်းကို ယူကာ ပြန်ရန် ပြင်ဆင်လိုက်သည်။
ချောင်းခြောက်ဆိုးသံတစ်ခု ထွက်ပေါ်လာပြီး တွန်းလှည်းကို တွန်းလာသည့် ဒေါက်တာလုက ကောင်းမင်၏ လမ်းကို ပိတ်ဆို့လိုက်သည်။ သူက သူ့နောက်မှ တံခါးကို ပိတ်လိုက်ပြီး
"ခင်ဗျား ဒါတွေကို ယူသွားလို့ မရဘူး"
"ရှောင်လု၊ အရမ်း မရိုင်းစိုင်းနဲ့"
လုဇန်က အသံတိုးတိုးဖြင့် သတိပေးလိုက်ပြီး ကောင်းမင်အား တောက်ပသော အပြုံးတစ်ခုဖြင့် ပြုံးပြလိုက်သည်။
"သူက ဒေါက်တာလုပါ ၊ သူက ဆရာဝန်အသစ်လေ ၊ ကျုပ်တို့က မြို့ တစ်မြို့တည်းကလာတာလေ"
ကောင်းမင်သည် ထိုစကားကို သံသယရှိသွား၏။ ဒေါက်တာလုတို့ နှစ်ဦးလုံးမှာ ပုံမှန်မဟုတ်ပေ။ သူတို့၏ ဇာတိမြို့သည် အရူးများ၏နေရာတစ်ခု ဖြစ်ပုံရသည်။
"ဒါက..."
လုဇန်သည် ကောင်းမင်အား အခြားလူနာများနှင့်မတူဘဲ သီးခြား ဆက်ဆံနေသည်ကို စီတုအန်းက ချက်ချင်း သတိထားမိလိုက်သည်။
"သူလည်း စိတ်ရောဂါကု ဆရာဝန်တစ်ဦးပါ ၊ သူ ဆေးညွှန်းတချို့ကို ယူဖို့ ဒီရောက်လာတာပါ"
လုဇန်က စီတုအန်းကို ထပ်မံ၍ အသေးစိတ် မပြောပြဘဲ
"သူက အနာဂတ်မှာ ငါ့ရဲ့ လုပ်ဖော်ကိုင်ဖက်တစ်ယောက် ဖြစ်လာနိုင်ပါတယ်"
ဟုသာ ထပ်ပြောလိုက်သည်။ ထို့နောက် လုဇန်သည် တမင်တကာ စကားလမ်းကြောင်း ပြောင်းလိုက်ပြီး အခြားဆရာဝန်ကို လက်ယပ်ခေါ်လိုက်သည်။
"ရှောင်လု၊ ကောင်းမင်ကို ဆေးဆိုင်ကို ခေါ်သွားလိုက်ပါ ၊ငါ ဥက္ကဋ္ဌစီတုအန်းနဲ့ ဆွေးနွေးစရာ ရှိလို့"
ဒေါက်တာလုက စာရင်းကို ကြည့်လိုက်ပြီး ကောင်းမင်ကို ပြုံးပြလိုက်သည်။
"လာပါ ၊ခင်ဗျားလိုအပ်တဲ့ ဆေးက ဒီမှာပဲ"
ဗီဒီယိုထဲတွင် ကောင်းမင်နှင့် ဒေါက်တာလုတို့သည် ချန်မန် စတင်ဝင်ရောက်ခဲ့သော အခန်းထဲသို့ ဝင်ရောက်သွားကြသည်။ ကောင်းမင် ထွက်သွားပြီးနောက် လုဇန်က ချန်မန်ကို အခန်းထဲမှ ထွက်သွားရန် ပြောလိုက်ပြီးနောက် လိုက်ကာများကို ဖြည်းညှင်းစွာ ဆွဲဖွင့်လိုက်သည်။ အလင်းရောင် မှာ ပိတ်ဆို့ခံလိုက်ရသည်။ အိပ်မက်ဆိုးနှင့် လက်တွေ့ကမ္ဘာကြားရှိ တံခါးသည် တဖြည်းဖြည်း ပိတ်သွား၏။နောက်ဆုံး အလင်းရောင် ပျောက်ကွယ်သွားသောအခါ လုဇန်သည် နောက်သို့ လှည့်လိုက်သည်။
သူ၏ မျက်နှာတစ်ခြမ်းတွင် အမာရွတ်များနှင့် ထူးဆန်းသော ပုံသဏ္ဌာန်များ ဖုံးလွှမ်းနေပြီး သားရဲများ ကိုက်ဖြတ်ခံထားရသကဲ့သို့ ဖြစ်နေသည်။ သူ့ နှုတ်ခမ်းများက တွန့်ကွေးသွားရာ အမာရွတ်များသည် အရေခွံများ ဖုံးလွှမ်းနေသည့် နဂါးတစ်ကောင်ပုံစံဖြစ်ပေါ်လာလေသည်။လူနာဆောင်သည်လည်း ပြောင်းလဲသွား၏။ နံရံများပေါ်တွင် နီညိုရောင် ရေညှိများ ကြီးထွားလာလေသည်။၎င်းတို့သည် အသက်ရှူနေသော လူ့မျက်နှာများသဖွယ် ဖြစ်ပေါ်လာစေရန် စုဝေးလာကြသည်။ နံရံပေါ်တွင် ခြောက်ခြားဖွယ်ရာ ရုပ်ပုံများ ပေါ်ပေါက်လာခဲ့သည်။ လူနာများအားလုံး၏ မျက်လုံးများသည် စည်းနှောင်ခြင်း ခံထားရသည်။ လူနာများသည် အဆုံးမရှိသော မကောင်းဆိုးဝါးများ၏ စောင့်ကြည့်ခြင်းကို ခံနေရပြီး လူနာဆောင်၏ ထောင့်တွင် ရူးကြောင်ကြောင် အပြုံးများဖြင့် ထိုင်နေကြလေသည်။စားပွဲပေါ်ရှိ ကွန်ပျူတာအဟောင်းမှ တဂျစ်ဂျစ် အသံများ ထွက်ပေါ်နေ၏။ စခရင်ပေါ်ရှိ တဂျစ်ဂျစ်အသံများထက် ထူးဆန်းသော လူများ၏ အော်ဟစ်သံများလည်း ရှိနေလေသည်။ကြီးမားသော စီပီယူထံမှ မီးခိုးများ ထွက်ပေါ်နေလေသည်။
"ဒါမှ ပိုပြီး သက်သာသလို ခံစားရတယ်"
စီတုအန်းသည် ထိုအရာကို နေသားကျနေပြီ ဖြစ်သည်။ သူသည် စင်ပေါ်မှ စာအုပ်တစ်အုပ်ကို ကျပန်း ကောက်ယူလိုက်သည်။ စာရွက်များက လူ့အရေခွံများနှယ် ခံစားရပြီး စာအုပ်ထဲမှ စာလုံးများက ညည်းညူနေကြသည်။
"မင်း နောက်ဆုံးအကြိမ် ငှားသွားတဲ့ စာအုပ်တောင် ပြန်မရောက်သေးဘူးနော်"
လုဇန်သည် ရင်းနှီးသော အပြုံးကို ဆက်လက်ဆင်မြန်းထားဆဲ ဖြစ်သည်။
"အဲဒီစာအုပ်ကို ကျုပ်ပျက်စီးသွားအောင် လုပ်လိုက်ပြီ"
စီတုအန်းက ခေါင်းမော့လိုက်ပြီး ပြောလိုက်သည်။
"ခင်ဗျားကို ကိစ္စတချို့ ပြောပြဖို့ ကျုပ်ဒီကို ရောက်လာတာ ၊ ရှင်းလုရဲ့ အိမ်ကို ရှာတွေ့သွားပြီ။ အဲဒီမြို့က ထိန်းချုပ်လို့ မရအောင် ဖြစ်လာပြီ ၊ ကျုပ်တို့ အစီအစဉ်ကို ရှေ့တိုးလိုက်ရမလား"
"အလျင်လိုဖို့ မလိုပါဘူး ၊ ငါတို့နောက်ထပ် နှစ်ဝက်လောက် စောင့်နိုင်ပါသေးတယ်"
လုဇန်က စားပွဲပေါ်သို့ မှီလိုက်သည်။
“ လက်တွေ့ကမ္ဘာက မင်းထင်ထားသလို ရိုးရှင်းတာ မဟုတ်ဘူး ၊ ငါတို့ သတိထားဖို့ လိုတယ်"
"လူသားတွေက အမည်မသိစွမ်းအားတွေကို ရမယ်ဆိုရင်တောင် အရိပ်ကမ္ဘာက သရဲတွေအများကြီးကို ဘယ်လို ခုခံနိုင်မှာလဲ"
စီတုအန်းက ထိုမေးခွန်းကို အမြဲမေးလိုခဲ့သည်။
"အရိပ်ကမ္ဘာက ဘာလို့ ဒီလောက်တောင် သတိထားနေရတာလဲ။"
"ငါတို့ နှစ်ပေါင်းများစွာ ပူးပေါင်းဆောင်ရွက်ခဲ့ပြီးပြီလေ ၊ မင်းလည်း အရိပ်ကမ္ဘာကို နားလည်မှု တစ်ချို့ရှိပြီပဲ ၊ ဒီရိုးရိုးရှင်းရှင်းပြဿနာကို မင်းစဉ်းစားဖူးသလား"
လုဇန်က ထိတ်လန့်ဖွယ် ကိစ္စရပ်အချို့ကို ပြောပြနေ၏။
"လူသားနဲ့ သရဲဆိုတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်တွေနဲ့ မင်း စိတ်ရှုပ်ထွေးမနေပါနဲ့ ၊ ကြောက်စရာကောင်းတဲ့ မကောင်းဆိုးဝါးတွေက အရိပ်ကမ္ဘာထဲမှာ ဘာကြောင့် ပိတ်မိနေရတာလဲလို့ မင်း စဉ်းစားမိဘူးသလား၊ ဒါဟာ သူတို့က စိတ်ပျက်အားငယ်မှုနဲ့ အခြား အဆိုးမြင်စိတ်ခံစားချက်တွေကနေ ရုန်းထွက်ချင်လို့ မဟုတ်လို့လား"
"ခင်ဗျား ဘာကိုပြောချင်တာလဲ။"
"ဖြစ်ကောင်းဖြစ်နိုင်တာက ဒီကမ္ဘာမှာ ငါတို့က သရဲတွေ ဖြစ်နေပြီး အရိပ်ကမ္ဘာမှာ ပထမဆုံး သေဆုံးခဲ့ကြသူတွေက လူသားတွေ ဖြစ်နေတာ ဖြစ်နိုင်တယ် ၊ လက်တွေ့လောကကို သရဲတွေက သိမ်းပိုက်လိုက်ပြီး ငါတို့ မြင်တွေ့နေရတဲ့ အရာအားလုံးက အိပ်မက်ရဲ့ လှလှပပဖန်တီးထားတဲ့ အရာတစ်ခုပဲ၊ လက်တွေ့မှာတော့ လူသားအစစ်တွေက ဖုတ်ကောင်တွေနဲ့ မကောင်းဆိုးဝါးတွေ ဖြစ်လာကြပြီ ၊ သူတို့ဟာ သူတို့ ပိုင်ဆိုင်သင့်တဲ့အရာတွေကို ပြန်ယူဖို့ ကြိုးစားရင်း အော်ဟစ်မြည်တမ်းနေကြတယ် ၊ ဒါပေမဲ့ အရိပ်ကမ္ဘာ ပျက်ဆီးသွားပြီ ဖြစ်လို့ သူတို့ မလုပ်နိုင်ကြဘူး"
လုဇန်က စီတုအန်းကို တည်ငြိမ်စွာ ကြည့်လိုက်သည်။
"ဘယ်ဘက်က အစစ်အမှန်ကမ္ဘာလဲဆိုတာ အဆုံးသတ်မှာ ဘယ်သူ အသက်ရှင်ကျန်ခဲ့သလဲဆိုတဲ့အပေါ်မှာ မူတည်တယ်။ ကျန်ရစ်သူတွေက လူသားတွေ ဖြစ်ပြီး သေဆုံးသူတွေကတော့ သရဲတွေပဲ"
စီတုအန်းက တိတ်ဆိတ်စွာ ထရပ်လိုက်သည်။ သရဲများ၏ ငိုကြွေးသံများသည် သူ့ နားထဲတွင် ပဲ့တင်ထပ်နေလေသည်။
"ငါ စနေတာပါ"
လုဇန်က ပုံမှန်အတိုင်း ပြုံးလိုက်သည်။
"ဒီကိစ္စတွေကို ခဏ ရွှေ့ဆိုင်းထားရအောင် ၊ မင်း မကြာသေးခင်က လူဘယ်နှစ်ယောက်ကို ကယ်တင်နိုင်ခဲ့ပြီလဲ ၊ မူမမှန်မှုတွေ မပေါ်ပေါက်ခင်မှာ ယဇ်ကောင်တွေကို တတ်နိုင်သမျှ များများ စုဆောင်းထားဖို့ လိုတယ်။"
"ဟန်ဟိုင်း ပရဟိတအဖွဲ့တစ်ခုလုံးကို ကျုပ်သိမ်းပိုက်ထားပြီးပြီ ၊ သူတို့ ကယ်တင်တဲ့လူတွေကလည်း ကျုပ်လူတွေပဲ"
စီတုအန်းသည် တစ်စုံတစ်ရာကို စဉ်းစားလိုက်သည်။
"ကျုပ်အရာအားလုံး ပြင်ဆင်ထားပြီးပြီ ၊ ဒါပေမဲ့ ကျုပ်စိုးရိမ်နေတုန်းပဲ ၊ ဟန်ဟိုင်းမှာ ကျုပ်ကလွဲလို့ တခြား မိဘတွေ ရှိသေးလား ၊ အစကတည်းက ခင်ဗျား ကျုပ်ကိုရှာတွေ့ခဲ့သလို အရိပ်ကမ္ဘာက သူတို့ဆီကိုလည်း ဆက်သွယ်နိုင်လိမ့်မယ်"
လုဇန်က ခေါင်းငြိမ့်လိုက်သည်။
“သေချာတာပေါ့ ၊ မရဏနတ်ဘုရားတစ်ပါးချင်းစီက မိဘတစ်ယောက်ချင်းဆီနဲ့ ဆက်နွယ်နေတာပဲလေ”