← Chapters

မြေပုံ

Vol. 17 Ch. 250

မြေပုံ

Vol. 17 Ch. 250

မှောင်သွားပြီးနောက် လီဆန်ဆေးရုံသည် သူ့ပုံစံအစစ်အမှန်ကို ဖော်ပြလိုက်သည်။ ဗီဒီယိုထဲက အိပ်မက်ဆိုးသည် လက်တွေ့ဘဝတွင် တဖြည်းဖြည်း အစစ်အမှန် ဖြစ်လာနေလေသည်။ ဆေးရုံထဲ ပိတ်မိနေသူများသည် ထိုနှစ်ခုကြားကို ခွဲခြားနိုင်စွမ်းမရှိတော့ချေ။ သူတို့က အိပ်မက်ဆိုးထဲ ပိတ်မိနေပြီး မနိုးထနိုင်တာလား၊ ဒါမှမဟုတ် သူတို့ရဲ့ဘဝတွေက အိပ်မက်ဆိုးတွေအဖြစ် ပြောင်းလဲသွားတာလား။

“ခုနှစ်လွှာက အတွင်းလူနာဆောင်တွေကို သွားကြ!”

လီစန်းဆေးရုံ၏ အနောက်ဘက်အဆောက်အအုံ၏ ပုံသဏ္ဌာန်ပြောင်းလဲမှုအရှိန်သည် မြန်ဆန်နေခဲ့သည်။ ထိုအရာသည် ရွှမ်ဝမ် ကြုံတွေ့ခဲ့ဖူးသည့် တခြားသော ခြောက်ခြားဇာတ်လမ်းများနှင့် ခြားနားပေသည်။ ပုံမှန်အားဖြင့် ခြောက်ခြားဇာတ်လမ်းသည် သန်းခေါင်ကျော်ပြီးမှ တကယ့်ကမ္ဘာထဲကို ဖြည်းဖြည်းချင်း ထိုးဖောက်ဝင်ရောက်တတ်သည်။ သို့သော် ဆေးရုံ၏ အနောက်ဘက်အဆောက်အအုံမှာ အရိပ်ကမ္ဘာကနေ ရောက်လာသကဲ့သို့ ဖြစ်နေသည်။ ဆုမိုသည် ထုံထိုင်းနေ၏။ အနောက်ဘက်အဆောက်အအုံက သရဲတွေအတွက်တောင် ကြောက်စရာကောင်းနေတာ၊ လူတွေအတွက်ဆိုရင်တော့ ပြောစရာတောင်မလိုဘူး။

အတွင်းပိုင်းရှုပ်ထွေးနေေသည့် ချင်မန်နှင့် ထူးဆန်းသော ပုံပန်းသဏ္ဌာန်ရှိသည့် မစ္စတာယိတို့အပြင် ကလေးလူနာနှစ်ယောက်ပါ အလွန်လျင်မြန်စွာ ပြေးနေကြသည်။ သူတို့ပင် ကြောက်လန့်နေကြခြင်းဖြစ်သည်။ ဆုမိုက လေကိုအမြန် ရှူသွင်းနေရသည်။ ပတ်ဝန်းကျင်ကို စူးစမ်းလေ့လာဖို့ပင် သတ္တိမရှိချေ။ သူ့ရှေ့ကလူ ရပ်သွားသည်အထိ ပြေးနေရန်သာ အာရုံစိုက်ထား၏။ သူက မသိစိတ်ဖြင့် လှည့်ကြည့်လိုက်မိသည်။ကော်ရစ်ဒါပြတင်းပေါက်များကို သူမြင်လိုက်ရသည်။ ကြည်လင်နေသည့် မှန်ပြတင်းပေါက်များ၏ ထိပ်မှ သွေးများတစက်စက် ကျဆင်းနေလေသည်။ ပြတင်းပေါက်အပြင်ဘက်တွင် အရှေ့ဘက်အဆောက်အအုံ ရှိနေသည်။ ထိုအခါကျမှ အရှေ့ဘက်အဆောက်အအုံသည် အနောက်ဘက်အဆောက်အအုံနဲ့ ဗိသုကာပုံစံတူညီနေသည်ကို သူ သဘောပေါက်သွားသည်။ အဆောက်အအုံ နှစ်ခုလုံးမှာ အတူတူပင်ဖြစ်သည်။ သို့သော် အရှေ့ဘက်အဆောက်အအုံသည် အလင်းရောင်ထဲတွင် လင်းလက်နေပြီး အနောက်ဘက်အဆောက်အအုံမှာ အရှေ့ဘက်အဆောက်အအုံ၏ အရိပ်ကဲ့သို့ ဖြစ်နေခြင်းဖြစ်သည်။

“အစ်ကိုရှုံးနဲ့ ကျန်တဲ့သူတွေ ဘယ်လိုနေမလဲ မသိဘူး၊ သူတို့ အနောက်ဘက်အဆောက်အအုံထဲ ဝင်မလာကြပါစေနဲ့လို့ ငါမျှော်လင့်တယ်”

ဆုမိုသည် အလွန်ကို ကြင်နာသူတစ်ယောက်ဖြစ်သည်။ ဒီလိုအချိန်မျိုးမှာပင် သူ့ညီအစ်ကိုများအတွက် စိုးရိမ်နေဆဲဖြစ်သည်။

“ကျွန်မနဲ့အတူ လိုက်ခဲ့! နီးနီးကပ်ကပ်နေကြ!”

ရွှမ်ဝမ်က တံခါးလက်ကိုင်ကို ဆုပ်ကိုင်လိုက်သည်။ တံခါးထဲတွင် ပုန်းအောင်းနေသော သွေးကြောများက ဆားဖြူးခံလိုက်ရသကဲ့သို့ ကျုံ့သွားကြသည်။

ရွှမ်ဝမ်က တံခါးကို ခြေထောက်နဲ့ ကန်ချလိုက်သည်။ အခြေအနေများ အဆိုးဆုံးမရောက်ခင်တွင် ခုနှစ်လွှာရှိ ဆေးရုံဆောင်သို့ သူတို့ရောက်အောင် သွားနိုင်ခဲ့ကြသည်။

“ထွက်ပေါက်က ပထမထပ်မှာ မဟုတ်ဘူးလား ၊ ငါတို့က ဘာလို့ ဒီရောက်နေရတာလဲ”

ဂိမ်းဦးထုပ်ဆောင်းထားသည့် ကလေးက ညည်းညူလိုက်သည်။ သူ့ဦးနှောက်ထဲတွင် ရွှမ်ဝမ်က ဂိမ်းအသစ်တစ်ခုကို ထည့်ပေးထားခဲ့သည်။ သူ့အကျင့်စရိုက်သည် ပြောင်းလဲနေသည်။ သူသည် လူသတ်ဖို့ မပြောတော့သော်လည်း တစ်ညတည်းနဲ့ ပုံမှန်ပြန်ဖြစ်ရန်မှာ ခက်ခဲသည်။

“ဝင်ကြ! ဆေးလုံးတွေ ရှာဖို့အတွက် မတူညီတဲ့ ဆေးရုံဆောင်တွေထဲ ဝင်ကြည့်ကြ!”

ရွှမ်ဝမ်က နားကြပ်ဖြင့် ဗီဒီယိုထဲက အသံကို နားထောင်နေသည်။ သူမသည် မည်သို့ထွက်ရမည်မှန်း သိသော်လည်း လုဇန်က ဆေးလုံးများရဲ့ ပုံစံအတိအကျကို မပြောခဲ့ပေ။ မှန်ကန်သည့် ဆေးလုံးကို ရှာရန်အတွက် သူတို့ ရှာတွေ့သော ဆေးဝါးများကို စမ်းသောက်ကြည့်ရမည် ဖြစ်သည်။

“ဟေး၊ ကျွန်တော်တို့ ဒီဆေးရုံဆောင်တွေထဲ အတင်းဝင်လို့ မဖြစ်ဘူးနော်”

မစ္စတာယိသည် ထိုဆေးရုံတွင် အရင်က အင်မတန်တော်သည့် သူနာပြုတစ်ဦး ဖြစ်ခဲ့ဖူးသည်။ သူက အနောက်ဘက်အဆောက်အအုံအကြောင်းကို တစ်ခုခု သိပုံရသည်။ သန္ဓေပြောင်းလဲမှုက စတင်ပျံ့နှံ့လာနေ၏။ လက်ရန်းများသည် အသားစိုင်များအဖြစ် ပြောင်းလဲနေကြသည်။ သံချေးများ ကြမ်းပြင်ပေါ်ကျဆင်းလာသည့်အချိန်တွင် ၎င်းတို့သည် လက်သည်းကျိုးများ ဖြစ်လာကြသည်။ အပေါ်သို့ မော့ကြည့်လိုက်ပါက လက်ရန်းများသည် လက်ချောင်းများ ဖြစ်လာကြပြီဖြစ်သည်။ လွန်ခဲ့သော တစ်စက္ကန့်က ပုံမှန်ကဲ့သို့မြင်ရသည့် အရာများသည် နောက်တစ်စက္ကန့်တွင် ပြောင်းလဲသွားကြသည်။ တကယ့်အစစ်အမှန်ဟု ခံစားရသည့် တစ်ခုတည်းသောအရာမှာ ရင်ဘတ်ထဲမှ ခုန်ထွက်တော့မတတ် ဖြစ်နေသည့် နှလုံးသားပင်။

“ဆေးလုံးတွေ ရှာကြစမ်း”

ရွှမ်ဝမ်ရဲ့ လေသံက ပြောင်းလဲသွားသည်။ လီစန်ဆေးရုံထဲ ဝင်ရောက်ပြီးကတည်းက သူမသည် ယခုလို လေသံမျိုးအား ပထမဆုံးအကြိမ် အသုံးပြုခြင်း ဖြစ်သည်။ယင်းလေသံသည် အရင်ကနှင့် ကွာခြားပုံမပေါ်သော်လည်း ဆုမိုနဲ့လူနာများ၏ ခန္ဓာကိုယ်များသည် ရွှမ်ဝမ်ကထိန်းချုပ်နေသကဲ့သို့ အလိုအလျောက် ရွေ့လျားသွားကြသည်။သူတို့သည် ပထမ တံခါးကို တွန်းဖွင့်လိုက်သည်။ အဖြူရောင် ဧရာမကုတင်တစ်လုံးပေါ်တွင် တစ်စုံတစ်ခု လဲလျောင်းနေလေသည်။ ၎င်းအား ပုပ်သိုးနေသော စောင်တစ်ထည်ဖြင့် ဖုံးလွှမ်းထားသည်။ သူ့နောက်ဘက် နံရံတွင် သွေးကြောထဲ ဆေးသွင်းသည့် အိတ်များ ချိတ်ဆွဲထားသည်။ ဆေးပိုက်များသည် အောက်ဘက်ကို ဆင်းသွားပြီး စောင်အောက်ကို ရောက်ရှိသွားသည်။

“ဒါကြီးက အသက်ရှင်နေတုန်းပဲ!”

စောင်လှုပ်သွားသည်ကို ဆုမို မြင်လိုက်ရသည်။ စောင်အောက်က အရာကြီးမှာ အလွန် နာကျင်နေပုံရသည်။

“လူနာကို အနှောင့်အယှက် မပေးနဲ့ ၊ ဆေးလုံးတွေကိုပဲ အာရုံစိုက်”

ကောင်းမင် အလျင်စလို လာနေပြီဖြစ်ကြောင်း ရွှမ်ဝမ် သိသည်။ ထို့ကြောင့် သူမက အသည်းအသန် ထွက်သွားချင်နေခြင်းဖြစ်သည်။ ဆေးရုံမှ ဆရာဝန်များသည် လွန်ခဲ့သောနှစ်ဝက်က ကောင်းမင် ပြန်လာလိမ့်မည်ကို သိထားကြပုံရသည်။အချို့သောအရာများသည် ကံကြမ္မာဖြင့် ချည်နှောင်ခံထားရပုံပေါ်လေသည်။

သူတို့ တိတ်တဆိတ် သွားလာနေကြသည်။ နောက်ဆုံးတွင် သူတို့က ချိတ်ထားသည့် ဆေးသွင်းအိတ်များဆီ လှည့်လိုက်ကြသည်။

“အဲ့ဒါတွေကို အရည်ဖျော်ထားတဲ့ ဆေးလုံးတွေလို့ သတ်မှတ်လို့ရလား”

ချင်မန်သည် ခုနှစ်လွှာသို့ ရောက်လာပြီးနောက် အနည်းငယ်ပုံမှန်မဟုတ်သလို ဖြစ်နေခဲ့သည်။ ပတ်ဝန်းကျင်သည် သူ့အတွက် ထူးဆန်းစွာ ရင်းနှီးနေသလို အရင်ကထိုနေရာတွင် သူနေခဲ့ဖူးသလိုမျိုး ဖြစ်နေ၏။

“အဲ့ဒါတွေကို သောက်ရင် အကြောင်းအရာတွေကို ရှင်မေ့သွားလိမ့်မယ်”

တစ်ယောက်ယောက်က ဆေးလုံးကို သောက်လိုက်သည်နှင့် အိပ်မက်ထဲက နိုးထလာပြီး အစစ်အမှန်ကမ္ဘာဆီ ပြန်သွားလိမ့်မည်ဖြစ်သည်။ဆေးသွင်းအိတ်များထဲမှ ဆေးရည်များသာ လုဇန် ပြောခဲ့သည့် ဆေးလုံးများဆိုပါက စောင်အောက်က အရာကြီးမှာ နိုးထလာနှင့်ပြီးဖြစ်ပေလိမ့်မည်။ ရွှမ်ဝမ်သည် ကုတင်ပေါ်က အရာကြီးကို အနှောင့်အယှက်မပေးဘဲ သူတို့အား အနောက်ခန်းဆီ ရွှေ့လျားစေလိုက်သည်။

“လူနာဆောင် ၇၀၀၂”

တံခါးဖွင့်လိုက်သည်နှင့် ကြောက်မက်ဖွယ်ကောင်းသည့် အနံ့အသက်များက သူတို့အား ရိုက်ခတ်လာသည်။

“ရှင်တို့ မခံနိုင်ရင် အပြင်မှာ နေလို့ရတယ်”

ရွှမ်ဝမ်က မျက်မှောင်ကြုတ်လိုက်သည်။ သူမ အခန်းထဲ ဝင်လိုက်သည်နှင့် မသက်မသာ ခံစားလိုက်ရသည်။ကြမ်းပြင်ပေါ်တွင် ကော်ဇောအထူကြီး ခင်းထားပေသည်။ ရွှမ်ဝမ်က ၎င်းကို သူမ၏ ဖိနပ်ထိပ်ဖြင့် တွန်းလိုက်သည်။တကယ်တမ်းတွင် ကော်ဇောသည် လူ့အရေပြား အပိုင်းအစများ ဖြစ်နေသည်ကို ရွှမ်ဝမ် သဘောပေါက်လိုက်သည်။ ဆေးရုံဆောင်ထဲရှိ အရာအားလုံးသည် အရေခွံလဲနေကြခြင်းဖြစ်သည်။နံရံများသည် ကြိမ်ဖန်များစွာ ကွဲအက်၍ ပြုတ်ကျနေကြသည်။

ကုတင်အား ထိလိုက်တာရာ အရေပြားကဲ့သို့ အဖတ်လိုက် ကွာကျလာလေသည်။ထူထဲလှသော ဖုန်မှုန့် အလွှာအောက်တွင် အခန်းထောင့်တစ်နေရာမှ ခုံးထွက်လာသော တောင်ပူစာလေးတစ်ခု စတင်ပေါ်ပေါက်လာသည်။

ပုံသဏ္ဌာန်သည် ဘောလုံး ဒါမှမဟုတ် လူဦးခေါင်းနဲ့ဆင်တူသည်။ ပုံသဏ္ဌာန်သည် ပိုမို ရှင်းလင်းလာသည်နှင့်အမျှ ယင်းမှာအရေပြားအောက်တွင် ဖြည်းညင်းစွာ ရွေ့လျားလာလေသည်။ ခေါင်း၊ လက်ချောင်းများ၊ ခန္ဓာကိုယ်။ထိုအရာကြီးသည် ရုတ်တရက် အရှိန်မြှင့်လိုက်ပြီး တံခါးဆီ အပြေးအလွှား ပြေးကပ်လာ၏။ ရွှမ်ဝမ်က လျင်မြန်စွာ နောက်ဆုတ်၍ တံခါးကို ပိတ်လိုက်သည်။

“ဒီက ကုသမှုတွေက ဘာဖြစ်နေတာလဲ”

အစစ်အမှန် သန္ဓေပြောင်းလဲခြင်းသည် ရောက်လာခဲ့ချေပြီ။ယခုချိန်ထိ ရွှမ်ဝမ်တွေ့ခဲ့ရသော လူနာများသည် ရောဂါလက္ခဏာအနည်းအကျဉ်း ရှိသူများဟုသာ သတ်မှတ်နိုင်သေးသည်။

ရွှမ်ဝမ်က တံခါးကို သော့ခတ်လိုက်သည်။ ဆေးရုံဆောင်အားလုံး၏ သော့ခလောက်များက အပြင်ဘက်တွင် ရှိနေခြင်းဖြစ်သည်။ ထိုအစီအစဉ်သည် ဆေးရုံက လူနာများသည် သူတို့ ဆေးရုံဆောင်များမှ သူတို့ဘာသာ ထွက်သွားမည်ကို စိုးရမ်ခြင်းကြောင့်ဖြစ်နိုင်သည်။မှောင်မိုက်နေသော ကော်ရစ်ဒါကို ကြည့်လိုက်ရင်း ထိုနေရာကြီးသည် ရွှမ်ဝမ် ထင်ထားသည်ထက် ပိုကြီးမားနေလေသည်။ ဆေးရုံဆောင်တစ်ခုစီတိုင်းက အန္တရာယ်ရှိသည်။

“ငါ့အတွက်တောင် ဆေးလုံးကို ရှာဖို့ အရမ်းခက်ခဲနေတယ် ၊ အဲ့ဒီတုန်းက သာမန်လူတစ်ယောက်ဖြစ်နေတဲ့ ကောင်းမင်က ဒါကို ဘယ်လိုလုပ်နိုင်ခဲ့တာလဲ , ဆေးလုံးက တကယ့်အစစ်အမှန်ဆိုတာကို သူ ဘယ်လိုသိခဲ့တာလဲ”

ရွှမ်ဝမ်က လူနာဆောင် ၇၀၀၃ တံခါးကို ဖွင့်ရင်း စဉ်းစားလိုက်သည်။ အခန်းထဲတွင် ထူးဆန်းသည့် အနံ့အသက်များ မရှိသော်လည်း ရွှမ်ဝမ်သည် တံခါးဝတွင် ရပ်၍ တုန်လှုပ်သွားသည်။ နံရံများ၊ ကြမ်းပြင်နဲ့ ကုတင်ပေါ်တွင် အနုတ်ကိန်းများနှင့်ဖော်မြူလာများ ဖုံးလွှမ်းနေ၏။ နားမလည်နိုင်သည့် သင်္ကေတများစွာလည်း ရှိနေချေသည်။

ရွှမ်ဝမ်က တခြားလူနာများကို ဆေးရုံဆောင်ထဲ ဝင်ခွင့်မပေးခဲ့ချေ။ ရွှမ်ဝမ်က ခြေဖျားထောက်ပြီး သူမ၏ စွမ်းအားကို အသုံးပြုလိုက်သည်။ သူမသည် ဖော်မြူလာများကို နားလည်ရန် ကြိုးစားခဲ့သော်လည်း အဓိပ္ပာယ်မရှိဖြစ်နေ၏။

“ဒီလူနာက တကယ့်ကမ္ဘာ တည်ရှိနိုင်ခြေကို တွက်ချက်ဖို့ ကြိုးစားခဲ့ပုံရတယ်…”

ရွှမ်ဝမ်သည် အခန်းပတ်ပတ်လည် လျှောက်သွားလိုက်ပြီး နံရံများပေါ်တွင် ချန်ထားခဲ့သည့် ဝေါဟာရအချို့ကို သတိထားမိလိုက်သည်။ထိုလူနာသည် အိပ်မက်ကို ခွဲခြမ်းစိတ်ဖြာ၍ ပြန်လည်တည်ဆောက်ရန် ကြိုးစားခဲ့သည်။ သူတို့သည် အနှစ်ချုပ်ကောက်ချက်တစ်ခု ရောက်ရန်အတွက် အိပ်မက်ထဲက အရာဝတ္ထုတိုင်း၊ ဖြစ်ရပ်တိုင်းနဲ့ အခြေအနေတိုင်းကို မှတ်တမ်းတင်ခဲ့ကြသည်။ စာလုံးများနှင့် ဖော်မြူလာများသည် လူတစ်ယောက်ကို စုပ်ယူနိုင်သော ဝဲဂယက်တစ်ခုကဲ့သို့ ဖြစ်နေလေသည်။

“လူနာက ဒီမှာ မရှိဘူး ၊ သူတို့ ဘယ်မှာလဲ”

ရွှမ်ဝမ်က အခန်းကို စစ်ဆေးလိုက်သည်။ သူမ၏အကြည့်များက နံရံအလယ်တွင် ချိတ်ဆွဲထားသည့် မြေပုံတစ်ခုဆီ ရောက်သွားသည်။ တခြားဆေးရုံဆောင်များတွင် မြေပုံမရှိခဲ့ချေ။ဤအခန်းမှာ ထူးခြားနေသည်။ ရွှမ်ဝမ်သည် မြေပုံကို ကြည့်နေရင်း တဖြည်းဖြည်း ချဉ်းကပ်သွားသည်။ သူမက မြေပုံပေါ်ရှိ တစ်စုံတစ်ခုကို မြင်လိုက်သောအခါ သူမ၏ မျက်လုံးများက ကျဉ်းမြောင်းသွားသည်။

“ဒါ မဖြစ်နိုင်ဘူး!”

မြေပုံတွင် မြို့များအားလုံးကို အမှတ်အသား ပြုလုပ်ထားသည်။ တစ်ခုတည်းသော အရာမှာ ဟန်ဟိုင်း ရှိသင့်သည့် နေရာတွင် ပင်လယ်တစ်စင်း ရှိနေခြင်းပင်!။

“ဒါက တကယ့် ဟန်ဟိုင်းအစစ်လား ၊ ဟန်ဟိုင်းဆိုတာ မရှိဘူးလား”

All Chapters