နိုးထခြင်း
Vol. 17 Ch. 253
“မင်း အနီရောင်တစ္ဆေတွေအကြောင်း သိတယ်ပေါ့ ၊ မင်းက အရိပ်ကမ္ဘာနဲ့ တစ်ဖက်တည်းပဲ”
ခန္ဓာကိုယ်ကြီးမားသော ထိုလူသည် သူ၏ ဓားလက်ကိုင်ကို လက်ဆယ်ချောင်းဖြင့် ဆုပ်ကိုင်လိုက်သည်။ သူ့ခန္ဓာကိုယ်ထဲမှ သွေးများအား သရဲမျက်နှာက အဆက်မပြတ် စုပ်ယူနေ၏။ ဖြည်းညင်းစွာပင် သူ့ အရိပ်သည် နှစ်မီတာ အမြင့်ရှိသော သွေးနီရောင်အရိပ်အဖြစ်သို့ ပြန့်ကားလာခဲ့သည်။
ခန္ဓာကိုယ်ကြီးမားသော ထိုလူနှင့် သူ၏နောက်ကွယ်မှ အရိပ်သည် ဓားသွားကို တစ်ချိန်တည်း မြှောက်လိုက်ကြသည်။ သူက ဓားကို ထိန်းချုပ်နေစဉ် အရိပ်က သူ၏ စိတ်ဝိညာဉ်ကို ထိန်းချုပ်ထားသည်။ မည်သည့် သတိပေးချက်မှမရှိဘဲ ထိုလူက ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်ပြီး ၊ သူ့ နောက်ကွယ်မှ အခြားအဖွဲ့ဝင်များက စတင်ပစ်ခတ်လိုက်သည်။ ကျန်ရှိနေသော အဖွဲ့ဝင်များက စက်ပစ္စည်းအမျိုးမျိုးကို ဖွင့်လိုက်ကြသည်။ ပုံမှန်အဖွဲ့ဝင်များ အသုံးပြုသော စက်ပစ္စည်းများနှင့် မတူဘဲ လုံခြုံရေးအဖွဲ့ဝင်များ အသုံးပြုသော စက်ပစ္စည်းများသည် သူတို့အသက်ကို စွန့်စား၍ မူမမှန်ဖြစ်ရပ်များမှ ထုတ်ယူလာခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့ တစ်ခုစီတိုင်းတွင် သွေးများနှင့် ကျိန်စာများ စွန်းထင်းနေလေသည်။
“မင်းက ပန်းချီကား အပြင်ဘက်မှာ ရှိပြီး ငါက ပန်းချီကား အတွင်းထဲမှာ ရှိတယ် ၊ မင်း ငါ့ကို ဘယ်လို ထိခိုက်အောင် ရည်ရွယ်ထားတာလဲ ၊ အဲ့သလိုပဲ အိပ်မက်ထဲက လူသားတစ်ယောက်က အိပ်မက်အပြင်ဘက်က သရဲတစ်ကောင်ကို ဘယ်လို သတ်နိုင်မှာလဲ”
ရှရန်သည် မှောင်မဲနေသော ကော်ရစ်ဒါအား ကြင်နာစွာ ကြည့်လိုက်သည်။ သူ၏ အကြည့်တွင် လုံခြုံရေးအဖွဲ့ဝင်အားလုံး၏ ပုံရိပ်များ ရောင်ပြန်ဟပ်နေလေသည်။ထိုသည်မှာ သေခြင်းရှင်ခြင်းတိုက်ပွဲ ဖြစ်သည်။ ရှရန်သည် သူ့ကို သတ်နိုင်သည့် နည်းလမ်းမား သူတို့ မဖော်ထုတ်နိုင်မီ လူတိုင်းကို သတ်ပစ်ရန် လိုအပ်ပေသည်။
………………………………..
တံတောင်ဆစ်က ပြတင်းပေါက်ကို ရိုက်ခွဲလိုက်သည်။ ကောင်းမင်က ခုန်ချလိုက်ပြီး စွန့်ပစ်ထားသော ဥယျာဉ်၏ မြက်ခင်းပေါ်သို့ ဆင်းသက်လိုက်သည်။ ကောင်းမင်သည် မြေပြင်ပေါ်ရှိ ပုံမှန်မဟုတ်သော ခြေရာများကို စစ်ဆေးပြီးနောက် အပေါ်သို့ မော့ကြည့်လိုက်သည်။ အနောက်ဘက်အဆောက်အအုံသည် အရှေ့ဘက်အဆောက်အအုံ၏ ရောင်ပြန်ဟပ်မှုကဲ့သို့ ဖြစ်နေပြီး ဖိအားများစွာကို ထုတ်လွှင့်နေလေသည်။ သူ ချဉ်းကပ်လိုက်သည်နှင့် သားစားကြူးနတ်ဘုရားက ဟိန်းဟောက်လိုက်သည်။ သူ့ နှလုံးသားထဲမှ သေဆုံးမှတ်ဉာဏ်များသည် တစ်ခုနှင့်တစ်ခု တိုက်မိသွားကြသည်။
“ငါ အရင်က ဒီကို ရောက်ဖူးတယ်ထင်တယ်…”
သေဆုံးမှတ်ဉာဏ်များသည် လီစန်ဆေးရုံ၏ အနောက်ဘက်အဆောက်အအုံနှင့် မသက်ဆိုင်သော်လည်း ကောင်းမင်သည် ထိုနေရာကို ရင်းနှီးနေသေးသည်ဟု ခံစားရသည်။ ညလေပြေက မြက်ခင်းပြင်ကို လှုပ်ခါစေလိုက်ပြီး ကလေးများက ထူးဆန်းသော သားချော့တေးကို သီဆိုနေကြသည်။ ကောင်းမင်သည် လှေကားထစ်များပေါ်တွင် ပုံပျက်နေသော မျက်နှာရှိသည့် လူငယ်တစ်ဦး ထိုင်နေသည်ကို မြင်လိုက်ရသည်။ သူသည် အမြန်စား စားသောက်ဆိုင် ယူနီဖောင်းကို ဝတ်ဆင်ထားသည်။ သူက ဒူးများကို ပွေ့ဖက်၍ နံပါတ်အချို့ကို တီးတိုးရွတ်ဆိုနေသည်။
“သူက ခြောက်ခြားဂိမ်းကစားသမားလား ဒါမှမဟုတ် ဒီက လူနာလား”
ကောင်းမင် တံခါးကို ချဉ်းကပ်လိုက်သောအခါ ထိုလူက ခေါင်းကို ဂရုတစိုက် မော့ကြည့်လိုက်သည်။
“မိန်းမလှလေးတစ်ယောက် ဖမ်းခံရပြီး အနောက်ဘက်အဆောက်အအုံကို ခေါ်သွားတာကို မင်း မြင်ခဲ့လား”
ကောင်းမင် ဓာတ်ပုံကို မထုတ်ခင်မှာပင် ထိုလူက ခေါင်းညိတ်လိုက်သည်။
“သူက အရမ်းလှတယ် ဒါပေမဲ့ အရမ်းလည်း ကြောက်စရာကောင်းတယ် ၊ ကျွန်တော့်အမေက သူ့ကို ရှာဖို့ ကျွန်တော့်ကို လွှတ်လိုက်တာလေ”
ထိုလူက ခက်ခက်ခဲခဲ ထရပ်လိုက်သည်။
“မင်းရဲ့အမေလား ၊ မင်းဘာလို့ သူ့ကို ရှာနေတာလဲ”
“ဘာလို့လဲဆိုတော့ ကျွန်တော့်ညီလေးနဲ့ ညီမလေးက ဗိုက်ဆာနေလို့…”
ထိုလူသည် အဆောက်အအုံထဲ ဝင်ရန် သတ္တိမရှိခဲ့ပေ။ သူသည် သူ၏စိုစွတ်နေသော အင်္ကျီလက်များမှ သူ့လက်ကို ထုတ်လိုက်သည်။ သူ့လက်သည်းများတွင် ရွှံ့ပုတ်များဖြင့် ညစ်ပတ်နေလေသည်။ သူ့ မိသားစုသည် အညစ်အကြေးထဲတွင် နေထိုင်ပုံရသည်။
“မင်းနာမည် ဘယ်သူလဲ ၊ မင်း ပုံမှန်ဆို ဒီမှာ နေတာလား”
ကောင်းမင်၏ လက်ချောင်းများက သူ့ ရင်ဘတ်ကို ထိလိုက်သည်။ သူ၏ နှလုံးခုန်နှုန်း မြန်လာ၏။
“ယန်ယု”
ထိုလူက အသံကို တိုးလိုက်သည်။
“အမေက ကျွန်တော် သူစိမ်းတွေနဲ့ အရမ်းကြာကြာ စကားပြောတာကို မကြိုက်ဘူး ၊ ခင်ဗျား တစ်ယောက်ယောက်ကို ဒီမှာလာရှာတာဆိုရင် ပြန်သွားဖို့ အကြံပေးချင်ပါတယ်”
“ဘာလို့လဲဆိုတော့ ဒီနေရာက အရမ်းအန္တရာယ်များလို့လား”
“လူတွေအများကြီး သူတို့ရဲ့ မိသားစုကို ရှာဖို့ ဒီကို လာခဲ့ကြပေမဲ့ သူတို့ထဲက တစ်ယောက်မှ ဒီဆေးရုံကနေ ထွက်သွားနိုင်ခဲ့ခြင်း မရှိခဲ့ဘူး ၊ အရှေ့ဘက်နဲ့ အနောက်ဘက်အဆောက်အအုံတွေက မတူညီတဲ့ ကမ္ဘာနှစ်ခုပဲ ၊ မတူညီတဲ့ အရာတွေကို ခင်ဗျားမြင်ရလိမ့်မယ်”
ထိုလူက နောက်လှည့်ပြီး အနောက်ဘက်အဆောက်အအုံဘက်သို့ လျှောက်သွားလိုက်သည်။ သူ၏ ကျောဘက်တွင် သွေးထွက်နေသော ကြိမ်ဒဏ်ရာများ ဖုံးလွှမ်းနေ၏။
“ခဏလေး”
ကောင်းမင်သည် သူ၏ ရှေးဦးသူနာပြုစုသေတ္တာထဲမှ ပတ်တီးများနှင့် ဆေးလုံးများကို ထုတ်လိုက်သည်။ သူက ယန်ယုဆီ ပစ်ပေးလိုက်သည်။ သူ တခြားဘာမှ မမေးခဲ့ပေ။ သူ အနောက်ဘက်အဆောက်အအုံထဲ ဝင်ခါနီးတွင် ယန်ယု၏ အသံက သူ့နောက်ဘက်မှ ထွက်ပေါ်လာလေသည်။
“ခင်ဗျား ဘယ်သူ့ကို ရှာနေမှန်းတော့ မသိဘူး၊ ဒါပေမဲ့ လူအများကြီးက စတုတ္ထထပ်က စိတ်ရောဂါကု ဆွေးနွေးခန်းကို သွားခဲ့ကြတယ် ၊ အမေ ပြောတာက အရေးကြီးတဲ့ အရာတွေ အများကြီး အဲ့ဒီမှာ ဝှက်ထားတယ်တဲ့”
“ကျေးဇူးတင်ပါတယ်”
ကောင်းမင်သည် ယန်ယုကို မထိခိုက်ခဲ့ပေ။ သူ၏ အာရုံစိုက်မှုက တစ်ခုတည်းသာ ဖြစ်သည်။ ၎င်းမှာ ရွှမ်ဝမ်ကို ရှာဖွေရန် ဖြစ်သည်။
ကောင်းမင်၏ မျက်လုံးများသည် မူမမှန်မှုများဖြင့် လွှမ်းမိုးသွားသည်။ စက်ပစ္စည်းများနှင့် ကိရိယာအားလုံးတွင် အသားများ ကြီးထွားလာလေသည်။
“ဒါ ဘာတွေလဲ”
အနက်၊ အဖြူနှင့် အနီရောင်တို့သည် ဆေးရုံထဲရှိ အရာအားလုံးကို ဖန်တီးထားသည်။ ထိုပေါင်းစပ်မှုသည် အနောက်ဘက်အဆောက်အအုံထဲသို့ လျှောက်လာသူတိုင်းကို တုန်လှုပ်စေနိုင်သည်။ ကောင်းမင်သည် ထိုနေရာတွင် စက္ကန့်အနည်းငယ်သာ ရပ်နေခဲ့ပြီး တစ်ခုခုက သူ့ကို ပစ်မှတ်ထားလာ၏။ မလှမ်းမကမ်းရှိ အခန်းတံခါးတစ်ခု ပွင့်လာပြီး တံခါးဝတွင် ဖိနပ်အဟောင်းတစ်ရံ ထွက်ပေါ်လာခဲ့သည်။ ဖိနပ်များသည် သူ့ကို ညွှန်ပြနေသည်။ ကောင်းမင်က တစ်စုံတစ်ယောက်၏ အကြည့်သည် သူ့အပေါ် ကျရောက်နေသည်ကို ခံစားလိုက်ရသည်။ သူက သူ့ နှလုံးခန်းထဲမှ ချိန်းကြိုးများကို ထုတ်ယူရန် ကြိုးစားလိုက်သည်။ နောက်တစ်စက္ကန့်တွင် ဖိနပ်အစုံများစွာသည် အခန်းထဲမှ ပြေးထွက်လာခဲ့ကြသည်။ လူအုပ်ကြီး ပြေးထွက်လာသည်နှင့် တူလေသည်။
ခြေသံများက ဗုံတီးသံကဲ့သို့ ဖြစ်နေ၏။ ကောင်းမင်သည် တွန့်ဆုတ်မနေတော့ဘဲ ကော်ရစ်ဒါထဲသို့ ပြေးဝင်သွားလိုက်သည်။
စွန့်ပစ်ထားသော ဥယျာဉ်ထဲမှ နာရီကြီးသည် ရွဲ့စောင်းနေ၏။ အနက်ရောင် အရိပ်မျာက ကလန့်ကာများနောက်တွင် ပုန်းကွယ်နေကြသည်။ ဆေးရုံထဲရှိ စက်ပစ္စည်းများက စတင် အသက်ဝင်လာသည်။ တဝီဝီမြည်သံနှင့် အော်ဟစ်သံများက မတူညီသော အခန်းများမှ ထွက်ပေါ်လာကြသည်။
ကောင်းမင်သည် ဖိနပ်အစုံလိုက်၏ လိုက်လံခြင်းကို ခံနေရသည်။ သူသည် လမ်းကြောင်းကို စစ်ဆေးမနေသော်လည်း သူ့ခန္ဓာကိုယ်က ဘယ်သွားရမှန်း သိနေပုံရသည်။ သူက ရပ်တန့်ပြီး ခေါင်းမော့ကြည့်လိုက်သောအခါ သူ့ရှေ့ရှိ ဆေးရုံဆောင်၏ အမည်ကို မြင်လိုက်ရသည်။
- စိတ်ရောဂါကု ဆွေးနွေးဆောင်။
ကောင်းမင်က တံခါးကို တွန်းဖွင့်ပြီး ဝင်လိုက်သည်။ သူ နောက်ကျောက တံခါးကို ပိတ်လိုက်ပြီး တံခါးပေါ်ရှိ ပြတင်းပေါက်ကို ကလန့်ကာဖြင့် ဖုံးလိုက်သည်။ တံခါးအပြင်ဘက်မှ ခြေသံများက ဖြည်းဖြည်းချင်း လျော့ပါးသွားသည်။ တံခါးလက်ကိုင်ကို ကိုင်ထားသော ကောင်းမင်၏ လက်ချောင်းများကို ဖြည်းဖြည်းချင်း လျှော့ချလိုက်သည်။ သူက နဖူးပေါ်ရှိ ချွေးအေးများကို သုတ်လိုက်သည်။ သူ အခန်းကို လေ့လာကြည့်ရှုလိုက်သည်။ ပုံသဏ္ဌာန်ပြောင်းလဲနေသော အပြင်ကမ္ဘာနှင့် နှိုင်းယှဉ်ပါက ဤအခန်းသည် နှိုင်းယှဉ်ကြည့်လျှင် ပုံမှန်ဖြစ်နေလေသည်။
“ဒါက စိတ်ရောဂါကု ဆွေးနွေးခန်းပဲ၊ ငါက စိတ်ရောဂါကု ဆရာဝန်ပဲ။ ဘယ်လို တိုက်ဆိုင်ချက်လဲ”
ကောင်းမင်သည် အခန်းထဲရှိ ကုလားထိုင်များနှင့် စားပွဲများကို လေ့လာကြည့်ရှုလိုက်သည်။ သူက စင်ပေါ်မှ စာအုပ်တစ်အုပ်ကို ကျပန်း ဆွဲထုတ်လိုက်သည်။ ထူးဆန်းသော ခံစားမှုက သူ့ကို ထပ်မံရိုက်ခတ်လာလေသည်။ သူသည် လူ့အရေခွံစာအုပ်ထဲရှိ အကြောင်းအရာများကို မြင်ဖူးသည်ဟု ခံစားရသည်။
“ငါ လီစန်းဆေးရုံကို ရောက်ဖူးတယ်၊ ဒါပေမဲ့ ဒီကို ရောက်ဖူးတာကိုတော့ မမှတ်မိဘူး”
ကောင်းမင်၏ နှလုံးသားတွင် သေဆုံးမှတ်ဉာဏ်များ အလွန်များပြားနေသည်။ ထို့ကြောင့် သူသည် ထူးဆန်းပြီး ရင်းနှီးသော ခံစားချက်ကို ပထမတွင် ဂရုမစိုက်ခဲ့ပေ။
“တစ်ယောက်ယောက် ငါ့ထက် အရင် ဒီကို ရောက်ဖူးတယ်”
ကောင်းမင်သည် ကွန်ပျူတာဟောင်းဘေးတွင် ပစ်ချထားသော နားကြပ်များကို ကြည့်လိုက်သည်။ သူ ကွန်ပျူတာကို ဖွင့်ရန် ကြိုးစားခဲ့သော်လည်း စခရင်ပေါ်တွင် အော်ဟစ်နေသော သရဲအရိပ်တစ်ခုသာ ရှိနေသည်။
“သူတို့ ဘယ်လို အချက်အလက်တွေ ရသွားခဲ့တာလဲ ၊ သူတို့ ဘာလို့ ဒီကို လာခဲ့ကြတာလဲ”
ကောင်းမင်က အတွင်းခန်း၏ တံခါးကို တွန်းဖွင့်လိုက်သည်။ စင်ပေါ်တွင် နတ်ဘုရားများ၏ ကျိုးပဲ့နေသော ရုပ်တုများကို စီတန်းထားလေသည်။ ကောင်းမင်သည် အခန်းထဲရှိ လုံခြုံရေးအဖွဲ့ဝင်များ၏ ခြေရာများကို သတိပြုမိလိုက်သည်။
“သူတို့က ရုပ်တုတွေကို ဖျက်ဆီးခဲ့တာလား”
လုံခြုံရေးအဖွဲ့ဝင်များသည် နတ်ဘုရားများကို လေးစားမှု မပြခဲ့ကြပေ။ သူတို့သည် အရာအားလုံးကို ကိရိယာများအဖြစ် သဘောထားခြင်းဖြစ်သည်။ ကောင်းမင်သည် အခန်းအလယ်တွင် တိတ်ဆိတ်စွာ ရပ်နေခဲ့သည်။
“သူတို့ ဘာလို့ ဒီအခန်းကို လာခဲ့ကြတာလဲ”
ကောင်းမင်က လျှောက်ပတ်ကြည့်လိုက်သည်။သူသည် မည်သည့်အရာကိုမှ မကျန်ရစ်စေလိုခဲ့ပေ။ သူဦးနှောက် လည်ပတ်နေစဉ် သူ့မသိစိတ်မှ စာအုပ်စင်ဘေးရှိ ကုလားထိုင်ကို ယူမိလိုက်သည်။ သူ့ အသက်ရှူသံမှာ ပြင်းလာခဲ့သည်။ ရုတ်တရက် ကျောရိုးတစ်လျှောက် အေးစက်သွားသည်ကို ကောင်းမင် ခံစားလိုက်ရသည်။ သူသည် ထူးဆန်းသော လူတစ်ယောက်၏ အသံကို ကြားလိုက်ရလေသည်။
“ဒါဆို… မင်း နိုးလာပြီလား”