မျက်စိများ
Vol. 17 Ch. 242
ငါဟာ ငကြောက်တစ်ကောင်ပါပဲ ။ညဘက်တွေဆိုရင် တံခါးအပြင်ဘက်က တစ်စုံတစ်ခုက ငါ့ကို စောင့်ဆိုင်းနေသလို ခံစားရလို့ ဘယ်တော့မှ အပြင်မထွက်ရဲခဲ့ဘူး။ငါ့အတွက် လုံခြုံတယ်လို့ ခံစားရတဲ့ တစ်ခုတည်းသော နေရာက အိမ်ပါပဲ။ ဒါပေမဲ့ အဖေနဲ့အမေ ပျောက်သွားကတည်းက အရာအားလုံး ပြောင်းလဲသွားခဲ့တယ်။ အဖေနဲ့အမေက အိမ်ထဲမှာပဲ ပျောက်သွားခဲ့တာ။ အဲဒီညက ငါ့မိဘတွေက ငါ့ကို နိုးခဲ့တယ်။ သူတို့က ငါ့ကို ထွက်ပြေးပြီး အိမ်ကနေ ထွက်သွားဖို့ပြောခဲ့တယ်။ ဒါပေမဲ့ ငါ မျက်လုံးဖွင့်လိုက်တဲ့အခါ ငါ့အိမ်က ထိတ်လန့်စရာကောင်းလောက်အောင် တိတ်ဆိတ်နေခဲ့တယ်။
ငါ စောင်အောက်မှာ ပုန်းနေရင်း ဧည့်ခန်းထဲကို ချောင်းကြည့်လိုက်တယ်။ ပရိဘောဂတွေနဲ့ လျှပ်စစ်ပစ္စည်းတွေ အားလုံး အဲဒီမှာ ရှိနေတယ်။ ဘာမှ ပျောက်မနေဘူး။ ပြောရမယ်ဆိုရင်တော့... အရိပ်တွေပဲ ပိုပိုများနေခဲ့တယ်။ သူတို့ဟာ မတ်မတ်ရပ်နေတဲ့ ခေါင်းတလားတွေလိုပဲ တိတ်တဆိတ် ငြိမ်သက်နေခဲ့ကြတယ်။
နောက်ဆုံးတော့ မိုးလင်းလာခဲ့တာပေါ့။ ငါလဲ လိုက်ကာကို ဆွဲဖွင့်ပြီး အဖေအမေရဲ့နာမည်တွေကို အော်ခေါ်ရင်း ဧည့်ခန်းထဲ ပြေးဝင်သွားခဲ့တယ်။ ဘာအဖြေမှ မရှိခဲ့ဘူး။ ပင်မအိပ်ခန်းတံခါးကို ငါတွန်းဖွင့်လိုက်တယ်။ ငါ့မိဘတွေ ပျောက်ဆုံးနေခဲ့ပြီလေ။ ငါ ရဲကို အမြန်ခေါ်လိုက်တယ်၊ ဒါပေမဲ့ အိမ်နီးချင်းတွေက မိဘတွေကို ငါသတ်ခဲ့တယ်လို့ ရဲကို ပြောနေကြတယ်။သူတို့ပြောတာက တစ်ညလုံး ငါ့အိမ်ကနေ စကားများငြင်းခုံသံတွေနဲ့ တောင်းပန်သံတွေကို ကြားခဲ့ရတယ်တဲ့။ သူတို့က ငါ့ကို စိတ္တဇလူသတ်သမားလို့ ခေါ်ခဲ့ကြတယ်။ ငါ့မိဘတွေက တစ်ညလုံး ငါ့နာမည်ကို အော်ဟစ်နေတာ ကြားခဲ့ရတယ်လို့ သူတို့ ပြောကြတယ်။
အခုချိန်အထိ ရဲတွေက ငါ့မိဘတွေကို ရှာမတွေ့ခဲ့ကြဘူး။ ဒီကမ္ဘာမှာ သူတို့ကို ဘယ်မှာ ဝှက်ထားလဲဆိုတာ ငါတစ်ယောက်တည်းပဲ သိသင့်တယ်လေ။အိုး… ကြည့်ပါဦး... သူတို့ အခု ဒီမှာ ရောက်နေပြီပဲ...။
ညသည် လီစန်းဆေးရုံအား ဝါးမြိုလိုက်ချေပြီ။ နောက်ဆုံး အလင်းတန်း ပျောက်ကွယ်သွားပြီးနောက် အိုင်စီယူအခန်းများ၏ တံခါးများသည် နံရံများကို မှီနေသော ခေါင်းတလားများ ဖြစ်လာကြလေသည်။ အရိပ်များက ရေညှိများသဖွယ် ပျံ့နှံ့လာ၏။ မျက်ခွံမရှိသော အမျိုးသားသည် ကုတင်ပေါ်တွင် လှဲလျောင်းလျက် ရုန်းကန်နေခြင်း ရပ်တန့်သွားသည်။ သူ အိပ်ပျော်သွားပြီးနောက် တံခါးများပေါ်တွင် အဖြူရောင်မျက်လုံးများ ထွက်ပေါ်လာတော့သည်။သက်ရှိလူသားနှင့် မတူသည့် အမျိုးမျိုးသော သတ္တဝါများ တွားသွားထွက်လာကြသည်။ ထိုလူ၏ စိတ်ကူးယဉ်မှုမှ ထွက်ပေါ်လာသော ခြောက်ခြားစရာများမှာ အမှန်တကယ် ဖြစ်လာတော့သည်။ သူတို့သည် သူအိပ်ပျော်သွားပြီးနောက် သူ့ကုတင်ဆီသို့ တွားတက်လာကြသည်။
ထိုစွမ်းအားသည် သာမန်သရဲကြီးတစ်ကောင်၏ စွမ်းအားထက် ကျော်လွန်နေ၏။ လူနာသုံးဦးက ကုတင်ဘေးတွင် ဝိုင်းအုံနေကြသည်။ ဖိနပ်များကို ပွေ့ဖက်ထားသော ဆုမိုသည် ကုတင်အောက် ပြေးပုန်းချင်စိတ် ပေါက်လာလေသည်။
“သန္ဓေပြောင်းရင်းမြစ်က သူ့ ဦးနှောက်လား”
တစ်စုံတစ်ယောက်က ကြမ်းပြင်အား ပြင်းပြင်းထန်ထန် နင်းလိုက်သကဲ့သို့ ကြမ်းပြင်က တုန်ခါသွားသည်။ လက်ချောင်းများသည် ပြတင်းပေါက်များကို ကုတ်ခြစ်နေကြသည်။ လူတိုင်းသည် စူးစူးရှရှ အော်ဟစ်သံတစ်ခုကို ကြားလိုက်ရသည်။ အိုင်စီယူ လူနာဆောင်တံခါးတွင် ဧရာမမျက်နှာတစ်ခု ပေါ်ထွက်လာ၏။ ၎င်းသည် သက်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ဦး၏ မျက်နှာဖြစ်သည်။ သူမသည် ပြင်းထန်သောနာကျင်မှုနှင့် ပင်ပန်းနွမ်းနယ်မှုတို့ကို ခံစားနေရသည်။ သူမ၏ ပါးပြင်များသည် ရွက်တစ်ခုသကဲ့သို့ ဖောင်းပွနေလေသည်။
“ချန်မန်! ချန်မန်!”
ထိုမျက်နှာသည် အခန်းထဲသို့ အတင်းတိုးဝင်လိုသော်လည်း တံခါးများကြားရှိ ပါးလွှာသောကြိုးမျှင်များက ၎င်းကို တားဆီးထားသည်။ မရေမတွက်နိုင်သော ခေါင်းလောင်းများမှာ တချွင်ချွင်မြည်နေတော့သည်။
“ဒါက သူ့အမေလား”
ရွှမ်ဝမ်က ရှေ့သို့ လျှောက်သွားလိုက်သည်။သို့သော် သူမသည် ခြေလှမ်းတစ်လှမ်းသာ လှမ်းရသေးချိန်တွင် မူးဝေစေသည့် ခံစားမှုတစ်ခုက သူမကို တိုက်ခိုက်လိုက်သည်။ ကြမ်းပြင်ပေါ်ရှိ အရိပ်သည် ချောက်ကမ်းပါးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပုံရသည်။ သူမ ဆက်လက်ရွေ့လျားပါက အရိပ်ကမ္ဘာထဲသို့ ကျဆင်းသွားလိမ့်မည်ဖြစ်သည်။ ထိုမကောင်းဆိုးဝါးသည် စူးရှစွာ အော်ဟစ်ရင်း လူနာဆောင်ထဲသို့ ဝင်ရောက်ရန် ကြိုးစားနေ၏။ ပါးလွှာသောကြိုးမျှင်များသည် တစ်ခုပြီးတစ်ခု ပြတ်တောက်သွားပြီး သွေးများ နေရာအနှံ့ ပျံ့ကျဲသွားသည်။ စိတ်ခံစားချက် အပိုင်းအစများ လွင့်ပျံသွား၏။ ခေါင်းလောင်းများက ပိုမိုမြန်ဆန်စွာ တုန်ခါနေတော့သည်။ထိုခေါင်းလောင်းသံများသည် ထိုလူ၏ နှလုံးခုန်နှုန်းနှင့် ထပ်တူကျနေ၏။ လူနာဆောင်တစ်ခုလုံး တုန်ခါနေသကဲ့သို့ ခံစားနေရသည်။
“ဒီကြိုးမျှင်တွေက သာမန်ကြိုးတွေ မဟုတ်ဘူး ၊ ဒါတွေကက အဲ့ဒီလူရဲ့ တင်းကျပ်နေတဲ့ အာရုံကြောတွေကို ကိုယ်စားပြုနေပုံရတယ် ၊ ဒါတွေ အားလုံး ပြတ်တောက်သွားရင် သူ ဘယ်တော့မှ ပြန်နိုးလာတော့မှာ မဟုတ်ဘူး”
လက်တွေ့ကမ္ဘာသည် အရိပ်ကမ္ဘာ၏ ပြောင်းပြန် ဖြစ်သော်လည်း နှစ်ခုစလုံးသည် တစ်ခုထက်တစ်ခု လျော့၍ စစ်မှန်သည်ဟု မဆိုနိုင်ပေ။ နောက်ဆုံးတွင် မိခင်ဖြစ်သူ၏ မျက်နှာသည် လူနာဆောင်ထဲသို့ ဝင်ရောက်လာခဲ့သည်။ ယင်းက ကြိုးမျှင်အများစုကို ဆွဲဖြဲလိုက်ပစ်လိုက်သည်။ သူမ၏ ဧရာမဦးခေါင်းသည် ပိုမိုပြန့်ကားလာပြီး ကုတင်ပေါ်ရှိ အိပ်ပျော်နေသော ထိုလူကို စိုက်ကြည့်နေ၏။ အကယ်၍ လူနာဆောင်သည် ထိုလူ၏ နှလုံးသားဖြစ်ပါက အတိတ်တွင် သူ့မိခင်ပြုလုပ်ခဲ့သည့် တစ်စုံတစ်ခုသည် သူ့နှလုံးသားအား အပြည့်အဝ လွှမ်းမိုးထားပြီး ထို့ကြောင့်ပင် သူသည် ထိုအရာ၏ ခြောက်လှန့်ခံနေရခြင်းကို မတားဆီးနိုင်ဖြစ်နေခြင်းဖြစ်သည်။
ထိုလူ၏ ခန္ဓာကိုယ်သည် အလိုအလျောက် ကွေးကောက်သွား၏။ လူနာဆောင်၏ ဝန်ပိနေသောနံရံသည် မှေးမှိန်သွားပြီး ၎င်းအောက်ရှိ အရိုးဖြူများ ထွက်ပေါ်လာလေသည်။ ၎င်းသည် အဖြူဆွတ်ဆွတ်ကျောရိုးတစ်ခုဖြစ်ပြီး ဖခင်ဖြစ်သူက ၎င်းကျောရိုးအတွင်း နေထိုင်နေခဲ့ခြင်းဖြစ်သည်။ ဖခင်ဖြစ်သူသည် အရိုးစုသာ ကျန်တော့သည်အထိ ပျက်စီးယိုယွင်းသွားခဲ့သည်။ ဖခင်ဖြစ်သူ ပေါ်လာပြီးနောက် ခေါင်းတရွတ်ဆွဲနေသော အိပ်မပျော်သူသည် တွန့်ဆုတ်မနေတော့ပဲ ဆေးပြားဘူးတစ်ဘူးကို ထုတ်ယူလိုက်သည်။ သူသည် ကုတင်ပေါ်သို့ တက်ကာ ဆေးပြားများအားလုံးကို ထိုလူ၏ပါးစပ်ထဲသို့ ထိုးထည့်လိုက်သည်။အိပ်ပျော်နေသော ထိုလူ၏ ခန္ဓာကိုယ်သည် တစ်စုံတစ်ရာ ဝင်ရောက်လာသကဲ့သို့ ပြင်းထန်စွာ တောင့်တင်းသွားသည်။ စွမ်းအားနှစ်ခုမှာ သူ့ခေါင်းထဲတွင် တိုက်ခိုက်ကြတော့သည်။
မိခင်၏မျက်နှာတွင် အသက်အရွယ်အိုမင်းသည် အစက်အပြောက်များ စတင်ပေါ်ပေါက်လာ၏။ ၎င်းသည် လျင်မြန်စွာ အိုမင်းသွားပြီး ရွတ်တွကာ ကွာကျသည်အထိ ဖြစ်သွားသည်။
ကျောရိုးထဲမှ ဖခင်သည် အပြင်သို့ ရုန်းထွက်ရာတွင် မအောင်မြင်ပဲ စွမ်းအားတစ်ချို့ကြောင့် ပြန်လည် ဆွဲသွင်းခံလိုက်ရသည်။ နံရံသည် ဖြည်းညှင်းစွာဖြင့် ပုံမှန်အတိုင်း ပြန်ဖြစ်လာလေသည်။ အော်ဟစ်သံများနှင့်စူးရှရှ ငိုကြွေးသံများသည် အရိပ်များထံသို့ ပြန်လည်ဆုတ်ခွာသွား၏။ ကုတင်ပေါ်ရှိ အမျိုးသားသည် မျက်နှာကာကို ချွတ်လိုက်ပြီး နိုးထလာလေတော့သည်။
သူ အိပ်မပျော်မီနှင့် အိပ်ယာမှ နိုးပြီးနောက် သူ၏ လူနာဆောင်သည် များစွာ မပြောင်းလဲခဲ့ပေ။ သူ့အတွက် တစ်ခုတည်းသော ပြောင်းလဲမှုမှာ တံခါးများစွာကြားတွင် ကြိုးမျှင်အပြတ်များ ပိုများပြားလာခြင်း ဖြစ်သည်။
“ခင်ဗျား သရဲတွေကို မြင်ခဲ့တယ်၊ ဟုတ်တယ်မလား၊ ကျွန်တော် အိပ်ပျော်တာနဲ့ သူတို့ ထွက်လာလိမ့်မယ်! သူတို့ ကျွန်တော့်ကို လာရှာလိမ့်မယ်!”
ထိုလူသည် သူ့ဆံပင်ကို ဆောင့်ဆွဲလိုက်သည်။ သူ့မျက်လုံးများမှာ နီရဲနေ၏။
“ကျွန်မ ရှင့်ကို ကုသဖို့ နီးစပ်နေပြီလို့ ထင်တယ်၊ ဒါပေမဲ့ အဲဒါကို လုပ်ဖို့ ရှင့်ရဲ့ အပြည့်အဝ ပူးပေါင်းဆောင်ရွက်မှု လိုအပ်တယ်”
ရွှမ်ဝမ်က တံခါးများကြားရှိ ကြိုးမျှင်များကို ထိတွေ့လိုက်သည်။
“ရှင် ဒီကိုမလာခင် ဘာအလုပ်လုပ်လဲ”
ထိုလူသည် အချိန်အနည်းငယ်ကြာပြီးနောက် စိတ်ငြိမ်သွားသည်။ သူသည် သူ့မျက်လုံးနီများဖြင့် ရှေ့သို့ ကြည့်လိုက်သည်။
“ကျွန်တော်က သရုပ်ဆောင်တစ်ယောက်ပါ ၊ ကျွန်တော်ငယ်ငယ်က လူအများကြီးက ကျွန်တော့်ကို ချစ်ခဲ့ကြတယ်”
“ရှင့်ရဲ့ အိပ်မက်ထဲမှာ ရှင့်ကို စိုက်ကြည့်နေတဲ့ မျက်လုံးတွေအမျာကြေီး ရှိတယ်၊ အရင်က ရှင့်မှာ နောက်ယောင်ခံလိုက်ခံခဲ့တာမျိုး ရှိဖူးလား”
ရွှမ်ဝမ်သည် သူ့အိပ်မက်မှ အရာအားလုံးကို ပြန်လည်တည်ဆောက်၍ အရိပ်ကမ္ဘာနှင့် ဆက်စပ်မှုကို ရှာဖွေရန် စီစဉ်လိုက်သည်။
များစွာသောသရဲနီများသည် သရဲခြောက်သောအိမ်များကို ပိုင်ဆိုင်ကြသည်။ သို့သော်လည်း သူတို့ထဲတွင် ကြောက်စရာအကောင်းဆုံးမှာ ကျန်းတင်းကဲ့သို့သော လူများ ဖြစ်ကြသည်။ သူတို့သည် သူတို့၏ နာကျင်ဖွယ်မှတ်ဉာဏ်ကို သူတို့၏ သရဲခြောက်သောအိမ်များတွင် ပြန်လည်ပြသနိုင်သည်။ အိုင်စီယူထဲမှ ဒီလူသည် ယင်းကဲ့သို့သော သရဲတစ်ကောင် ဖြစ်ပုံရသည်။ သို့သော် သူသည် သူ့စွမ်းအားကို အပြည့်အဝ မထိန်းချုပ်နိုင်သေးပေ။
“အဲဒါက ကျွန်တော့် ရောဂါနဲ့ ဘယ်လို ပတ်သက်နေလို့လဲ”
ထိုလူက ဖြေကြားရန် ဝန်လေးနေသည်။
“ကျွန်မ အခု ရှင့်ကို မေးမယ့် မေးခွန်းတိုင်းက ရှင့်အတွက် ဖြေဖို့ အရမ်းခက်ခဲလိမ့်မယ်၊ဒါတွေက ရှင့်ရဲ့ နှလုံးသားနဲ့ အတွေးတွေကို ဖော်ထုတ်ပေးလိမ့်မယ် ၊ ဒါပေမဲ့ ကျွန်မတို့ သန္ဓေပြောင်းလဲမှုကို ရှင့်ရဲ့ စနစ်ကနေ ဖြတ်ထုတ်ဖို့ လိုအပ်တယ်”
ရွှမ်ဝမ်က ဆုမိုအား ကုတင်အောက်မှ ဆွဲထုတ်လိုက်သည်။
“ရှင်က အရမ်းအန္တရာယ်များတယ် ၊ ရှင် ပူးပေါင်းဆောင်ရွက်တာ မလိုချင်ရင် ကျွန်မ အခုပဲ ထွက်သွားလိုက်မယ်”
“ကျွန်တော် နေမကောင်းခင်က အတော်လေး ရုပ်ချောခဲ့ပါတယ်၊ ဒါပေမဲ့ ဘယ်တော့မှ နာမည်မကြီးခဲ့ဘူး ၊ ဒါကြောင့် ရေပန်းစားတာကို တိုးတက်လာအောင်လို့ ကျွန်တော့် သူငယ်ချင်းကို ပါပါရာဇီအဖြစ် ဟန်ဆောင်ပြီး ကျွန်တော့်ကို လိုက်ခိုင်းဖို့ တောင်းဆိုခဲ့တယ် ၊ စိုက်ကြည့်ခံရတဲ့ ခံစားချက်ကို ကျွန်တော်တကယ် သဘောကျခဲ့တယ် ၊ ကမ္ဘာကြီးက ကျွန်တော့်ရဲ့ စင်မြင့်လို ခံစားခဲ့ရတယ်…”
“ပြီးတော့ ဘာဆက်ဖြစ်လဲ”
“ကျွန်တော့် သူငယ်ချင်းက ကားမတော်တဆမှုနဲ့ သေသွားခဲ့တယ် ၊ သူတို့ရဲ့ မျက်လုံးတွေက ကျွန်တော့်ဆီမှာ ရှိနေတုန်းပဲ ၊ ကျွန်တော် အဲ့တာတွေကို ခွာမထုတ်နိုင်ဘူး ဖြစ်နေတယ်၊ ကျွန်တော်လည်း ကော်ရစ်ဒါမှာ အလောင်းတွေ ရှိနေသလိုလို ၊ ထောင့်မှာ အလောင်းတွေ ရှိနေသလိုလို စပြီး သံသယဝင်လာခဲ့တယ်၊ ကျွန်တော် ဘယ်မှ မသွားရဲတော့လို့ အိမ်မှာပဲ နေနေခဲ့ရတယ်”
ထိုလူသည် ကြောက်ရွံ့မှုကြောင့် မျက်လုံးများ ပြူးကျယ်လာ၏။
“ပြီးတော့ ချောင်းကြည့်နေတဲ့ မျက်လုံးတွေက ကျွန်တော့်အိမ်မှာပါ ပေါ်လာခဲ့တယ် ၊ ကျွန်တော့်မိဘတွေကလည်း သူတို့ခန္ဓာကိုယ်ကို တစ်ခုခု ဝင်ပူးထားသလို အရမ်းထူးဆန်းလာခဲ့တယ်”