← Chapters

အိမ်မက်နှင့်အစစ်အမှန်

Vol. 17 Ch. 243

အိမ်မက်နှင့်အစစ်အမှန်

Vol. 17 Ch. 243

“လူသေတွေရဲ့ စိုက်ကြည့်မှုဟာ ဘယ်တော့မှ ပျောက်ကွယ်သွားမှာ မဟုတ်ဘူး။ ကျွန်တော့် သူငယ်ချင်းက အလောင်း ဖြစ်သွားပေမယ့် ကျွန်တော့်ကို ဆက်ပြီး စိုက်ကြည့်နေတာကြောင့် သူ ကျွန်တော့်ကို သတိရနေတုန်းပဲ ၊ ကျွန်တော့်မိဘတွေက ညဘက်ဆို အိပ်ခန်းထဲမှာ လှည့်ပတ်သွားလာနေတယ် ၊ တစ်ခါတလေကျရင် သူတို့နှစ်ယောက်စလုံးက ကျွန်တော့်ကုတင်ဘေးမှာ ရပ်နေကြတယ် ၊ သူတို့ရဲ့ အမူအရာတွေကလည်း သူစိမ်းတွေလို့ ကျွန်တော့်ကို ထင်လာစေခဲ့တယ်၊ သူတို့မှာ ကျွန်တော့်ရဲ့ သေသွားတဲ့သူငယ်ချင်းရဲ့ မျက်နှာ ရှိနေပုံရတယ်”

ထိုလူက သူ့ခေါင်းကို အုပ်လိုက်သည်။ သူ အိပ်စက်ရန် မဝံ့ရဲတော့ပေ။ သူ မျက်လုံး ပိတ်လိုက်သည်နှင့် အဲဒီသရဲများကို မြင်ရပေလိမ့်မည်။

“ကျွန်တော် ကိုယ့်ကိုယ်ကို ကယ်တင်ဖို့ ကြိုးစားခဲ့ပါတယ် ၊ ကျွန်တော်ဟာ ကျွန်တော့်သူငယ်ချင်းရဲ့အိမ်ကို သွားပြီး သူ့အိပ်ခန်းထဲ ဝင်ခဲ့တယ် ၊ အဲဒီအခါကျမှ သူဟာ ကျွန်တော့်ကို အချိန်အတော်ကြာအောင် ချစ်နေခဲ့တယ်ဆိုတာကို သိလိုက်ရတယ်၊ သူ့ဆီမှာ ကျွန်တော့်ငယ်ဘဝက ဓာတ်ပုံတွေတောင် ရှိနေခဲ့တယ် ၊ သူ့အခန်းထဲမှာ ပိုစ့်အမျိုးမျိုးနဲ့ ကျွန်တော့်ရဲ့ ပုံတွေ အပြည့်ရှိနေခဲ့တယ် ၊ ကျွန်တော်က သူ့ကို အချစ်ဆုံးသူငယ်ချင်းလို့ သဘောထားခဲ့ပေမယ့် ကျွန်တော်ဟာ သူ့အတွက် ကစားစရာအရုပ်လေးတစ်ရုပ်ပဲ ဖြစ်ခဲ့တာ ၊ သူ့ကွန်ပျူတာပေါ်မှာ သူရိုက်ထားတဲ့ ဗီဒီယိုတွေကို ကျွန်တော် တွေ့ခဲ့တယ် ၊သူက ကျွန်တော် သူ့ကို မသိခင်ကတည်းက ကျွန်တော့်နောက်ကို လိုက်နေခဲ့တာ ၊ ပါပါရာဇီ လုပ်မယ့်အကြံဆိုတာကလည်း သူ့ရဲ့ ဖောက်ပြန်မှုကို စိတ်ကျေနပ်အောင် လုပ်တဲ့ နည်းလမ်းတစ်ခုပဲဖြစ်ခဲ့တာ”(သူငယ်ချင်းက မိန်းကလေးပါ)

နီရဲနေသော သူ့မျက်လုံးများတွင် နာကျင်မှုနှင့် အပြစ်ရှိစိတ်များ ပြည့်နှက်နေခဲ့သည်။

“ရှင့်သူငယ်ချင်းက နောက်ယောင်ခံလိုက်ရတာ ကြိုက်တယ်၊ ရှင်က နောက်ယောင်ခံလိုက်ခံရတာ ကြိုက်တယ် ၊ ရှင်တို့နှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် လုံးဝ လိုက်ဖက်ကြတာပဲ”

ရွှမ်ဝမ်က ထိုလူအား သနားကြင်နာမှု မပြခဲ့ပေ။

“ကျွန်တော်က သူ့ကို သူငယ်ချင်းတစ်ယောက်လိုပဲ သဘောထားခဲ့တာဗျ”

“ရှင့်မှာ ဒီလို သူငယ်ချင်းမျိုး တစ်ယောက်ထက်မက ရှိသင့်တယ် မဟုတ်လား”

ရွှမ်ဝမ်က ထိုလူ၏ နှလုံးသားကို ထွင်းဖောက်မြင်သည်။

“ရှင့် သူငယ်ချင်း ဘယ်လို သေဆုံးသွားလဲဆိုတာ ကျွန်မကို ပြောပြနိုင်မလား”

ကုတင်ပေါ် ထိုင်နေသော ထိုလူ၏ မျက်နှာအမူအရာသည် ပို၍ နာကျင်လာသည်။ သူက ခေါင်းခါပြီး ထိုအကြောင်းကို ဆက်စဉ်းစားရန် ငြင်းဆိုလိုက်သည်။

“ရှင် မပြောဘူးပေါ့ ၊ဒါ ရှင်က သူ့ရဲ့ သေဆုံးမှုနဲ့ ပတ်သက်နေလို့များလား၊ရှင် သူ့ကို သတ်ခဲ့တာလား ၊ သူက ရှင့်ရဲ့ ပထမဆုံး သတ်ဖြတ်မှုလား”

ရွှမ်ဝမ်က လူနာဆောင်ထောင့်မှ လက်ထိတ်များကို ကောက်ယူလိုက်သည်။

“ရှင် အိုင်စီယူထဲ ရောက်နေတဲ့အချိန်မှာ ဖမ်းဆီးခံရဖို့အတွက် လူဘယ်နှစ်ယောက် သတ်ခဲ့ပြီးပြီလဲ”

ထိုလူနှင့် ပတ်သက်သည့် လူတိုင်းသည် သေဆုံးသွားကြပုံရသော်လည်း သူကတော့ အသက်ရှင်နေဆဲပင်။ယင်းသည် အလွန်သံသယဖြစ်စရာ ကောင်းလှသည်။

“ကျွန်တော် မမှတ်မိဘူး! ဒါပဲ! အချို့အရာတွေက အိပ်မက်ဆိုးထဲမှာ ဖြစ်ခဲ့တာ။ သူတို့ဟာ တကယ့်ဘဝနဲ့ ဘာမှ မဆိုင်ဘူး!”

ထိုလူသည် စိတ်လှုပ်ရှားလာသည်။

“ကျွန်တော် တကယ့်ကမ္ဘာမှာ ဘယ်တုန်းကမှ လူမသတ်ခဲ့ဘူး ၊ ကျွန်တော် စည်းကျော်တဲ့အလုပ်တွေ ဘာမှ မလုပ်ခဲ့ဘူး ၊ ကျွန်တော်က နစ်နာသူပါ ! သူတို့က သရဲတွေပဲ!”

“စိတ်လျှော့ပါဦး ၊ ဒါဆို ပြောပြပါ ၊ အိပ်မက်ဆိုးထဲမှာ ရှင် ဘာတွေ လုပ်ခဲ့လဲ”

ရွှမ်ဝမ်သည် ဘယ်အရာမှ ကောက်ချက်မချသေးပေ။ ထိုလူနာ၏ အခြေအနေမှာ ရှုပ်ထွေး၏။ ကလေးလူနာသည် လက်တွေ့နဲ့ ဂိမ်းကို ခွဲခြားမသိနိုင်ခဲ့ပေ။ထိုလူကတော့ အိပ်မက်ဆိုးနှင့် လက်တွေ့ကမ္ဘာကို ပေါင်းစပ်ပစ်လိုက်ပုံရသည်။ သူ့အခြေအနေသည် ကလေးထက် ပိုဆိုးပေသည်။

“အိပ်မက်ဆိုးထဲမှာ…”

ထိုလူသည် ဆက်မပြောမီ အချိန်အကြာကြီး တုံ့ဆိုင်းနေခဲ့သည်။

“ကျွန်တော့်ရဲ့ အချစ်ဆုံးသူငယ်ချင်းက ပင့်ကူတစ်ကောင် ဖြစ်သွားတယ် ၊ သူ့ခေါင်းက ဧရာမ ပင့်ကူကြီးရဲ့ ခန္ဓာကိုယ်ပေါ်မှာ ပေါက်လာတာလေ ၊ သူက ကျွန်တော့်နောက်ကို ပြေးလိုက်နေရင်း တဟုန်ထိုး ပြေးလွှားနေခဲ့တယ် ၊ သူက ကျွန်တော့်ကို ဧရာမ ပင့်ကူအိမ်ကြီးမှာ ချည်နှောင်ထားဖို့ စေးကပ်တဲ့ ကြိုးတွေကို ထွေးထုတ်ခဲ့တယ်”

“ရှင့်ရဲ့ အချစ်ဆုံးသူငယ်ချင်းက ပင့်ကူတစ်ကောင် ဖြစ်သွားတယ်”

ရွှမ်ဝမ်က စဉ်းစားလိုက်သည်။

“ဆက်ပြောပါ”

“တကယ့်ကမ္ဘာမှာ လူတစ်ယောက်က ဘယ်လိုလုပ် ပင့်ကူ ဖြစ်လာနိုင်မှာလဲ ၊ ဒါကြောင့် ဒါဟာ အိပ်မက်ဆိုးပဲ ဖြစ်ရမယ်! အိပ်မက်ထဲမှာ ကျွန်တော် ချောင်ပိတ်မိနေခဲ့တယ် ၊ နောက်ဆုံးတော့ ကျွန်တော်လည်း ပုဆိန်တစ်လက် ရှာတွေ့ပြီး သူ့ကို မလှုပ်နိုင်အောင် လုပ်ပစ်လိုက်တယ် ၊ ဒါပေမဲ့ သူက အိပ်မက်ဆိုးထဲမှာ အရမ်းကြမ်းတမ်းတယ် ၊ သူဟာ အမြဲတမ်း ပြန်ထလာနေတာ ၊ကျွန်တော့်မှာ သူ့ကို မြေမြှပ်ပစ်ရုံကလွဲလို့ တခြားရွေးချယ်စရာ မရှိခဲ့ဘူး”

ထိုလူက ကြောက်ကြောက်လန့်လန့်ဖြင့် ပြောလိုက်သည်။

“ဒါက အိပ်မက်ဆိုးထဲမှာ ဖြစ်ခဲ့တာပဲ ၊ လက်တွေ့ဘဝနဲ့ ဘာမှ မဆိုင်ဘူး ၊ ကျွန်တော်က သူ့ခေါင်း ပေါက်နေတဲ့ ဧရာမ ပင့်ကူတစ်ကောင်ကိုပဲ သတ်ခဲ့တာ”

“ရှင်က အိပ်မက်ဆိုးနဲ့ လက်တွေ့ကမ္ဘာကို ရောထွေးနေတာ ဖြစ်နိုင်မလား ၊ ပင့်ကူမျှင်က စေးကပ်တယ်လို့ ရှင်ပြောခဲ့တယ် ၊ ဒါဟာ သူ ရှင့်အပေါ်ထားတဲ့ ထိန်းချုပ်လိုတဲ့ ချစ်ခြင်းမေတ္တာကို ကိုယ်စားပြုတာ ဖြစ်နိုင်မလား”

ထိုလူ ပြန်မပြောနိုင်ခင် ရွှမ်ဝမ်က တံခါးများကြားတွင် ချိတ်ဆွဲထားသော ကြိုးမျှင်များဆီသို့ လျှောက်သွားလိုက်သည်။

“ဒီကြိုးတွေက ရှင့်ရဲ့ စိတ်ခံစားချက်တွေနဲ့ အာရုံကြောတွေကို ကိုယ်စားပြုသလိုပဲပေါ့”

ရွှမ်ဝမ်က ခွဲစိတ်ဓားတစ်ချောင်း ထုတ်ပြီး ကြိုးမျှင်တစ်ချောင်းကို လှီးဖြတ်လိုက်သည်။ ခေါင်းလောင်းသံ မြည်လာပြီး ကြိုးမျှင်က သွေးထွက်လာခဲ့သည်။ထိုလူသည် အသားလှီးခံလိုက်ရသကဲ့သို့ တောင့်တင်းလာလေသည်။

“အိပ်မက်ဆိုးဟာ တကယ့်ကမ္ဘာထဲကို ထိုးဖောက်ဝင်ရောက်လာခဲ့တယ် ၊ ရှင့်ရဲ့ ရောဂါလက္ခဏာဟာ တကယ်ကို ရှားပါးပါတယ်”

ရွှမ်ဝမ်က ပြတ်သွားသော ကြိုးကို ပြန်ချည်လိုက်သည်။ သို့သော် နာကျင်မှုနဲ့ ဒဏ်ရာကိုတော့ ဖျက်ပစ်၍မရတော့ပေ။

“ရှင့် မိဘတွေက ရှင့်အိပ်မက်ဆိုးထဲမှာ ဘယ်လို သေဆုံးခဲ့တာလဲ”

“သူတို့က…”

ထိုလူသည် အရာအချို့ကို ဖြည်းဖြည်းချင်း မှတ်မိလာသည်။

“အမေရဲ့ ကိုယ်ခန္ဓာက အရိုးတွေ အားလုံး ပျောက်ဆုံးသွားတယ် ၊ ကျွန်တော့် အိပ်မက်ဆိုးထဲမှာ သူ့က ပျော့ပြဲနေတဲ့အရေခွံ့ပဲ ရှိတော့တယ်၊ သူဟာ ပုံစံအမျိုးမျိုး ပြောင်းလဲနိုင်တယ် ၊ ကျွန်တော် ပင်လယ်အကြောင်း အိပ်မက်မက်တဲ့အခါ သူက လှေ ဖြစ်လာတယ်၊ ကျွန်တော် ကောင်းကင်ပေါ်က ပြုတ်ကျတဲ့အခါ သူက မိုးပျံပူဖောင်း ဖြစ်တယ် ၊ အဖေရဲ့ ကိုယ်ခန္ဓာက အရိုးတွေနဲ့ လုပ်ထားတဲ့ အိမ်ဖြူတစ်လုံးထဲမှာ ပုန်းနေခဲ့တယ် ၊ ကျွန်တော် အိပ်မက်ဆိုး မက်တဲ့အခါတိုင်း သူ့ခန္ဓာကိုယ်ကနေ လုပ်ထားတဲ့ အရိုးအိမ်ကို ရှာရတယ် ၊ အဲဒီအိမ်ကို ရှာတွေ့တာနဲ့ အိပ်မက်ဆိုးက ပြီးသွားတယ်”

“ရှင့် အမေက ရှင့်ကို ကာကွယ်ပေးနေတာပဲ၊ ရှင့်အဖေက အိပ်မက်ဆိုးကို အဆုံးသတ်ဖို့ သော့ချက်ပဲ”

ရွှမ်ဝမ်က သူမ၏ အစောပိုင်း ကောက်ချက်သည် မှန်ကန်သည်ဟု ခံစားရသည်။ ထိုလူသည် သူ့မိဘများကို သတ်ခဲ့ခြင်း မဖြစ်နိုင်ပေ။

ဆုမိုသည် သူကြားခဲ့ရသော ထိုကိစ္စများကို အံ့ဩတုန်လှုပ်နေခဲ့သည်။သူ့လို သာမန်လူတစ်ယောက်သည် အရူးများရဲ့ ကမ္ဘာကို နားမလည်နိုင်ခဲ့ပါချေ။

“ကျွန်မ အစောပိုင်းတုန်းက ရှင့်အမေက ရှင့်ကို ချန်မန်လို့ ခေါ်နေတာ မှတ်မိတယ်”

ရွှမ်ဝမ်က သူမ၏ ဖုန်းကို ထုတ်ပြီး အွန်လိုင်းတွင် ရှာဖွေလိုက်သည်။ ချန်မန်တွေ အများကြီး ရှိသော်လည်း ထိုလူရဲ့ ပုံပန်းသဏ္ဌာန်နဲ့ အလုပ်အကိုင်နှင့် ကိုက်ညီသူမှာ တစ်ယောက်တည်း ရှိသည်။

“တွေ့ပြီ…”

လွန်ခဲ့တဲ့ ခြောက်လက မြို့ဟောင်းတွင် အမှုတစ်ခုဖြစ်ပွားခဲ့သည်။ လူသတ်သမားများသည် သရုပ်ဆောင် ချန်မန်၏ မိဘများ ဖြစ်သည်။ လူသတ်သမားများကို ဖုံးကွယ်ပေးခဲ့ခြင်းကြောင့် ချန်မန်၏ ဘဝသည်လည်း ပျက်စီးသွားခဲ့ရသည်။ ဆောင်းပါးများစွာကို ဖတ်ရှုပြီးနောက် ရွှမ်ဝမ်က ခန့်မှန်းချက်တစ်ခု ရလိုက်သည်။

“လွန်ခဲ့တဲ့ ခြောက်လကစပြီး ရှင်ဟာ တကယ့်ကမ္ဘာကို ရှင့်ရဲ့ အိပ်မက်ဆိုးနဲ့ စတင်မှားယွင်းလာခဲ့တယ် ၊ ရှင်က လူသတ်သမားအစစ်ပဲ ၊ ရှင့်မိဘတွေက ရှင့်ကြောင့် ဆွဲချခံခဲ့ရတာပဲ၊ သူတို့က ရှင့်ရဲ့ အပြစ်တွေကို ဝန်ခံခဲ့တယ် ၊ ဒါဟာ ရှင့်ရဲ့ အိပ်မက်တွေထဲမှာ သူတို့ အဲဒီပုံစံနဲ့ ပေါ်လာရတဲ့ တစ်ခုတည်းသော အကြောင်းပြချက်ပဲ”

“မဖြစ်နိုင်ဘူး! ကျွန်တော့် မိဘတွေ ပျောက်ဆုံးနေတာ! သူတို့ကို အိပ်မက်ဆိုးက ခေါ်သွားတာ! ကျွန်တော်လည်း သူတို့ကို ရှာနေတာပဲ!”

ထိုလူ၏ စကားများသည် အပြည့်အဝ ယုံကြည်၍ မရပေ။ အဘယ်ကြောင့်ဆိုသော် သူသည် အိပ်မက်နဲ့ တကယ့်အဖြစ်အား ခွဲခြားမသိနိုင်လို့ပင်။ တစ်နည်းအားဖြင့် သူသည် ကိုယ့်ကိုယ်ကို လိမ်နေခြင်း ဖြစ်နိုင်၏။

“အဲဒါထက်စာရင် ကျွန်မ ပိုသိချင်တာက လွန်ခဲ့တဲ့ ခြောက်လက ရှင်ဘာဖြစ်ခဲ့လဲဆိုတာပဲ ၊ရှင်ဘာလို့ တကယ့်အဖြစ်အပျက်နဲ့ အိပ်မက်ကို ခွဲခြားဖို့ ခက်ခဲလာတာလဲ”

ရွှမ်ဝမ်က အဓိက မေးခွန်းကို မေးလိုက်သည်။

“လွန်ခဲ့တဲ့ ခြောက်လက… ကျွန်တော် အိပ်မပျော်လို့ ဆေးရုံကို အကြံဉာဏ်ရယူဖို့ လာခဲ့တယ်… ဟုတ်တယ် ၊ လီစန်းဆေးရုံပဲ”

ထိုလူက ပါးစပ်ကို ဖွင့်လိုက်သည်။ သူ့မျက်လုံးတွေထဲရှိ သွေးများက လှုပ်ရှားနေ၏။

“အဲဒီနေ့က ကျွန်တော် လမ်းမှားဝင်သွားခဲ့တယ်၊ မတော်တဆနဲ့ ကျွန်တော် အနောက်ဘက် အဆောက်အအုံထဲ ဝင်မိသွားတယ် ၊ အနောက်ဘက် အဆောက်အအုံရဲ့ စတုတ္ထထပ်မှာ ဆရာဝန်တစ်ယောက်က ကျွန်တော့်ကို ကူညီခဲ့တယ် ၊ သူက ကျွန်တော့်ကို ဆေးတောင် ပေးခဲ့သေးတယ်”

“အနောက်ဘက် အဆောက်အအုံကို နှစ်ပေါင်းများစွာ စွန့်ပစ်ထားခဲ့တာလေ ၊ ဆရာဝန်တစ်ယောက် ဘယ်လို ရှိနိုင်မှာလဲ”

“ဆရာဝန် တကယ် ရှိခဲ့တာ ၊ ကျွန်တော် ရှင်းရှင်းလင်းလင်း မှတ်မိတယ် ၊ အဲဒီနေ့က ဟန်ဟိုင်း ပရဟိတရဲ့ ဒုတိယဥက္ကဋ္ဌ စီတုအန်းလည်း အဲဒီဆရာဝန်ကို လာတွေ့တာ ၊ သူ ထွက်မသွားခင်မှာ ဆေးဖိုး ပေးစရာ မလိုဘူးလို့တောင် ကျွန်တော့်ကို ပြောခဲ့သေးတယ်”

ထိုလူက ထပ်ပြောသည်။

“ဟုတ်တယ် ၊ နောက်ဘက် အဆောက်အအုံရဲ့ စတုတ္ထထပ်က စိတ်ရောဂါ အကြံပေးဆောင်ထဲမှာပါ ၊ အဲဒီအချိန်တုန်းက ဟန်ရှန်း အကျဉ်းထောင်က စိတ်ရောဂါကုဆရာဝန်တစ်ယောက်လည်း ဆေးဖြည့်ဖို့ အဲဒီမှာ ရှိနေခဲ့တယ်”

All Chapters