အမှန်တရား
Vol. 17 Ch. 244
ထိုလူသည် ယုံကြည်၍မရပေ။ ယင်းက သူ့အမှားလည်းမဟုတ်ပေ။အဘယ်ကြောင့်ဆိုသော် သူသည် အမှန်တရားကို မခွဲခြားနိုင်သောကြောင့်ဖြစ်သည်။
“ဟန်ဟိုင်းမှာ အချမ်းသာဆုံးလူက ဒီလိုနေရာမျိုးကို ဘာလို့လာရမှာလဲ ၊ သူ အိမ်မက် မက်နေတာ ပဲဖြစ်မယ်”
ဆုမိုက ထိုလူ ထပ်လိမ်နေပြန်ပြီဟု တွေးလိုက်သည်။ သူ့စကားများသည် အဓိပ္ပာယ်မရှိပေ။ စီတုအန်းက ဗီဒီယိုကို ထုတ်ပြန်ခဲ့ပြီးနောက်တွင် ဆုမိုအပါအဝင် သာမန်နိုင်ငံသားအများစုသည် သူ့အား လူကောင်းတစ်ယောက်ဟု ယူဆခဲ့ကြသည်။သူကား အမှန်တရားကို ဖော်ထုတ်ရန်အတွက် သူ့အသက်ကို စွန့်စားခဲ့သူပင်။
“မဖြစ်နိုင်ဘူး မဟုတ်ဘူး”
ရွှမ်ဝမ်က သူ့ကို သတိပေးလိုက်သည်။
“အနောက်ဘက်အဆောက်အအုံက ဖိနပ်တွေရှိနေတဲ့ အခန်းကို မေ့နေပြီလား ၊ ဖိနပ်တွေ အားလုံးက စီတုအန်းကို ကိုးကွယ်နေကြတာလေ ၊ ဒီဆေးရုံက သူ့ရဲ့ အိမ်ခြံမြေတွေထဲက တစ်ခု ဖြစ်ရမယ်”
စီတုအန်းနှင့် နှိုင်းယှဉ်ပါက ရွှမ်ဝမ်က အခြားတစ်ယောက်ကို ပိုစိတ်ဝင်စားနေသည်။
“အဲ့ဒီနေ့က ဟန်ရှန်းအကျဉ်းထောင်က စိတ်ရောဂါကုဆရာဝန်တစ်ယောက် ရှိတယ်လို့ ရှင်ပြောခဲ့တယ်နော် ၊ သူက ဘယ်လိုပုံစံလဲ”
“စိတ်ရောဂါကုဆရာဝန်ဆိုတာ အသက်သုံးဆယ်ကျော်လောက် ရှိရမယ်လို့ ခင်ဗျားမျှော်လင့်ထားမှာပေါ့ ဒါပေမယ့် အဲ့ဒီလူက အရမ်းငယ်တယ် ၊ အသက်နှစ်ဆယ်ကျော်လေးပဲ ရှိသေးတယ်”
ထိုလူက ရှင်းရှင်းလင်းလင်း မမှတ်မိပေ။
“ကျွန်တော် ခင်ဗျားကို မလိမ်ပါဘူး ၊ ခင်ဗျား မယုံရင် ဆေးရုံမှတ်တမ်းတွေကို စစ်ကြည့်လို့ရတယ် ၊ အကြံပေးခန်းထဲမှာ ကင်မရာတွေ ရှိတယ် ၊ အစည်းအဝေးအားလုံးကို မှတ်တမ်းတင်ထားပြီး ဖိုင်တွဲထားတာပဲ”
“လူနာရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စတွေအတွက် ဆေးရုံတွေမှာ အကြံပေးခန်းတွေကို မှတ်တမ်းတင်ထားမှာ မဟုတ်ပါဘူးလေ”
“ဒါပေမဲ့ သူတို့ ဒီမှာ လုပ်တယ် ၊ လူနာတွေ ရန်လိုလာပြီး ဆရာဝန်တွေကို တိုက်ခိုက်လာရင် အနောက်ဘက်အဆောက်အအုံက ဆရာဝန်တွေကို ကာကွယ်ဖို့ ဖြစ်နိုင်တယ် ၊ဥပဒေအရ ဆေးရုံက ဝန်ထမ်းတွေကို ကာကွယ်ပေးရတယ်”
ထိုလူ၏ စိတ်ရှည်မှုမှာ ကုန်ဆုံးသွားပြီဖြစ်သည်။
“တခြားလူနာတွေက ဘယ်လိုလဲတော့ မသိဘူး၊ ဒါပေမဲ့ ကျွန်တော်အခြေအနေကတော့ ဒီကိုလာပြီးနောက်မှာ ပိုဆိုးလာတယ် ၊ ကျွန်တော် ကုသမှု ပိုလုပ်လေ၊ ပိုနာကျင်လေပဲ ၊ ဒီက ဆရာဝန်အများစုက ယုံကြည်လို့ မရဘူး”
ထိုလူက ရွှမ်ဝမ်ကို ခိုးကြည့်လိုက်သည်။ သူ ဘာတွေးနေသည်ဆိုတာ ရှင်းနေ၏။
ရွှမ်ဝမ်က ဒါကို သတိထားမိသည်။ သို့သော် သူမက ဘာကိုမှ ငြင်းဆိုခြင်း မရှိပေ။ မည်သို့ပင်ဖြစ်စေ သူမက ဆရာဝန် မဟုတ်ပေ။
“ရက်စွဲကို မှတ်မိလား ၊ကျွန်မကို ဆေးရုံမှတ်တမ်းတွေ သိမ်းထားတဲ့နေရာ ခေါ်သွားပါ”
“အပြင်မှာ မှောင်နေပြီလေ၊ ညမှောင်ရင် အနောက်ဘက်အဆောက်အအုံကို သွားလို့ မရဘူး”
ထိုလူ၏ မျက်လုံးများက ကျီးကန်းတောင်မှောက် ဖြစ်နေ၏။ သူကိုယ်တိုင်ပင် ထိုနေရာကို ကြောက်ရွံ့နေခြင်းဖြစ်သည်။
“လမ်းပြပေးပါ ၊ ရှင့်ကို ကုသနိုင်မယ့် နည်းလမ်းတစ်ခု ကျွန်မ ရှာပေးပါ့မယ်”
ရွှမ်ဝမ်သည် ဆေးရုံတွင် စီတုအန်း အဘယ်ကြောင့်ရှိနေရသည်ကို ဂရုမစိုက်ပေ။သူမက ထိုလူငယ် စိတ်ရောဂါကုဆရာဝန်ကို ပိုစိတ်ဝင်စားနေခြင်းဖြစ်သည်။ သူမ သိထားသလောက်ဆိုရင် အသက်နှစ်ဆယ်ကျော်ဖြင့် ဟန်ရှန်းအကျဉ်းထောင်တွင် စိတ်ရောဂါကုဆရာဝန် ဖြစ်လာသူမှာ တစ်ယောက်တည်းသာ ရှိသည်။ သူမသည် ထိုလူကို အလွန် စိတ်ဝင်စားမိသည်။ ထိုလူ လုပ်သည့် အရာများက သူမကို ရှုပ်ထွေးစေသည်။ သူသည် သူမ လုံးဝ ဖြတ်မမြင်နိုင်သည့် တစ်ဦးတည်းသောသူ ဖြစ်သည်။
“သူ့ စကားကို နားထောင်ဖို့ ကျုပ်အကြံပေးချင်တယ်”
ခေါင်းတရွတ်ဆွဲနေသည့် အိပ်မပျော်သူက ရုတ်တရက် ပြောလိုက်သည်။
“ထူးဆန်းတဲ့လူတချို့က အရှေ့ဘက်အဆောက်အအုံထဲ ဝင်လာပြီး လူနာတွေကို အမဲလိုက်နေကြတယ် ၊ ကျုပ်တို့ ဒီအခွင့်အရေးသုံးပြီး အနောက်ဆောင်မှာ သွားပုန်းကြမယ် ၊ ခင်ဗျား ကြောက်နေတာကို ကျုပ် သိပါတယ် ၊ အခုက လုံးဝ မမှောင်သေးဘူးလေ ၊ ကျုပ်တို့ အကြောက်ဆုံးအရာနဲ့ တိုးနိုင်မှာ မဟုတ်ပါဘူး”
ထိုလူသည် မိနစ်အနည်းငယ်ကြာအောင် တုံ့ဆိုင်းနေပြီးနောက် ထလိုက်သည်။
“ကောင်းပြီ။ မစ္စတာယိ၊ ခင်ဗျား စကား နားထောင်ပါ့မယ်”
ရက်များစွာ ကြာပြီးနောက် ချန်မန်သည် ပထမဆုံးအကြိမ်အဖြစ် အိုင်စီယူမှ ထွက်ခွာလာခဲ့ခြင်းဖြစ်သည်။ သူသည် ညစ်ပတ်နေသော လူနာဝတ်စုံကို ဝတ်ဆင်ထားပြီး မျက်နှာက ဖြူဖျော့နေသည်။
“ဒီဘက်ပဲ”
လေထဲမှ သွေးနံ့က ပိုမိုပြင်းထန်လာသည်။ ချန်မန်က ခေါင်းကို ငုံ့၍ စတုတ္ထထပ် ကော်ရစ်ဒါအတိုင်း လျှောက်သွားလိုက်သည်။ သူသည် လုံခြုံရေးအဖွဲ့ဝင်များကို တိတိကျကျ ရှောင်ရှား၍ စွန့်ပစ်ထားသော ဥယျာဉ်ကို ဖြတ်ပြီး အနောက်ဘက်အဆောက်အအုံ ဝင်ပေါက်သို့ ရောက်ရှိသွားသည်။
“ကျွန်တော်တို့ကို ရှာတွေ့သွားပုံရတယ် ၊ အဲ့ဒီ လူသတ်သမားတွေက ကျွန်တော်နားမလည်နိုင်တဲ့ စွမ်းအားတွေ ရှိနေတယ်”
မစ္စတာယိသည် သူ့ခန္ဓာကိုယ်ကို လှုပ်ယမ်းလိုက်သည်။ သူ့နောက်ကနေ စိုက်ကြည့်နေသော အကြည့်များကို သူ ခံစားမိသည်။
“သူတို့ကို လျစ်လျူရှုလိုက်ပါ ၊ အနောက်ဘက်အဆောက်အအုံကို ဦးတည်သွားပါ”
“ အဲ့ဒီအရာတွေ နိုးမလာသေးဖို့ မျှော်လင့်တယ်”
ချန်မန်သည် ဘေးတံခါးမှတစ်ဆင့် အနောက်ဘက်အဆောက်အအုံထဲ ဝင်သွားသည်။ သူသည် ဖိနပ်များရှိသောအခန်းကို ရှောင်၍ အမှိုက်များ ပြည့်နေသော ကော်ရစ်ဒါထဲ ဝင်လိုက်သည်။
“ဒီမှာ အကြာကြီး မနေနဲ့”
ထိုအဖွဲ့သည် အလွန် လျင်မြန်ကြသည်။ သူတို့ စတုတ္ထထပ်သို့ အလျင်အမြန် သွားလိုက်ကြသည်။ သူတို့သည် ဆိုင်းဘုတ်များကို လိုက်လာပြီး လွန်ခဲ့သော ခြောက်လက ချန်မန် ဆရာဝန်နှင့် တွေ့ခဲ့သည့် စိတ်ရောဂါ အကြံပေးခန်းကို ရှာတွေ့ခဲ့သည်။ အပြင်ဘက်မှ ကြည့်လျှင် ထိုအခန်းသည် ပုံမှန်အခန်းသာဖြစ်သည်။ ထူးခြားသည်မှာ ဆေးရုံဆောင်နှင့် မတူခြင်းသာ ဖြစ်သည်။
သစ်သားတံခါးကို ဖြတ်ကျော်ခဲ့ပြီးနောက် သော့ခတ်မထားသော သံတံခါး နောက်ထပ်တစ်ခု ရှိနေခဲ့သည်။၎င်းမှာ အနည်းငယ် ထူးဆန်းနေသည်။ အခန်း၏ အတွင်းပိုင်းမှာ ကြီးမားသည်။ ဆေးရုံဆောင် သုံးခုသည် တစ်ခုနှင့်တစ်ခု ဆက်သွယ်ထား၏။ ထိုနေရာသည် နေ့စဉ် သန့်ရှင်းရေး လုပ်ထားပုံရသည်။ယင်းသည် လွန်ခဲ့သည့် ခြောက်လက ပုံစံအတိုင်းပင် ရှိနေသည်။
“ဒီမှာ တစ်ယောက်ယောက် နေနေတာလား”
အဖြူရောင် နံရံများ၊ မီးခိုးရောင် ကြွေပြားများ… အဝါရောင် စားပွဲပေါ်တွင် ကွန်ပျူတာ အဟောင်းနှင့် စားပွဲတင်မီးအိမ်အပျက်တစ်လုံး ရှိနေသည်။
“ကျွန်တော် အဲဒီမှာ ထိုင်ခဲ့တာ မှတ်မိတယ်၊ စီတုအန်းနဲ့ စိတ်ရောဂါကုဆရာဝန်က အခြားအခန်းထဲမှာ…”
“မှတ်တမ်းတွေက ဘယ်မှာလဲ”
ရွှမ်ဝမ်က သူ့စကားကို ဖြတ်ပြောလိုက်သည်။
“အတွင်းဘက်အကျဆုံး အခန်းကို စစ်ကြည့်လိုက်ပါ”
ချန်မန်သည် ရွှမ်ဝမ် အလွန်စိတ်ဝင်တစား ဖြစ်နေခြင်းသည် သူ့ကို ကုသပေးချင်သောကြောင့်ဟု တွေးမိသော်လည်း တစ်ခုခု မှားယွင်းနေသည်ဟု ခံစားလိုက်ရသည်။
ရွှမ်ဝမ်က နောက်ဆုံးတံခါးကို ဖွင့်လိုက်သည်။ သူမသည် ကင်မရာ၏တည်နေရာကို စစ်ဆေးလိုက်ပြီး ကွန်ပျူတာကို ဖွင့်ကာ ရက်စွဲကို သုံး၍ ဗီဒီယိုများကို စစ်ထုတ်လိုက်သည်။ ကွန်ပျူတာ အဟောင်းသည် ဖျော့တော့စွာ လင်းနေခဲ့သည်။ လွန်ခဲ့သော လအနည်းငယ်အတွင်းက ဗီဒီယိုများကို ဖျက်ပစ်ပြီးဖြစ်သည်။ ရွှမ်ဝမ်က စာရိုက်လိုက်ပြီး သူမ၏ အကြည့်မှာ ရှုပ်ထွေးသွားသည်။ ချန်မန် ဆေးရုံကို ရောက်လာသည့်နေ့သည် ရှင်းလုတွင် ပထမဆုံး မူမမှန်ဖြစ်ရပ် ပေါ်ပေါက်လာသည့်နေ့ဖြစ်သည်။ ရွှမ်ဝမ်က ထိုနေ့က မှတ်တမ်းကို ဖွင့်လိုက်သည်။ထိုနေ့တွင် လူနာများစွာ ရှိနေသည်ကို ရွှမ်ဝမ် သတိပြုမိသည်။ သူတို့ အားလုံးမှာ ချန်မန်ကဲ့သို့ပင် တူညီစွာ တုံ့ပြန်ခဲ့ကြသည်။ သူတို့သည် တစ်နည်းနည်းဖြင့် လမ်းပျောက်သွားကြပြီး ဆရာဝန်များကြောင့် အနောက်ဘက်အဆောက်အအုံသို့ ရောက်လာခဲ့ကြခြင်း ဖြစ်သည်။
“ကြည့်ရတာ ရှင်လမ်းပျောက်သွားတာ မဟုတ်ဘဲ အနောက်ဘက်အဆောက်အအုံက အရိပ်ကမ္ဘာရဲ့ မျိုးစေ့တွေအဖြစ် လေ့ကျင့်ပေးဖို့ သင့်တော်တဲ့ လူနာတွေကို ရွေးချယ်နေခဲ့တာနဲ့တူတယ်”
ရွှမ်ဝမ်က သော့ချက်ကို ချက်ချင်း မြင်လိုက်သည်။
“လီစန်းဆေးရုံရဲ့ အနောက်ဘက်အဆောက်အအုံဟာ အရိပ်ကမ္ဘာကနေ တကယ့်ကမ္ဘာကို ကျူးကျော်ဝင်ရောက်မယ့်အခြေစိုက်စခန်းပဲ”
ရွှမ်ဝမ်က ဗီဒီယိုကို အမြန်ရစ်လိုက်ပြီး ချန်မန်ကို မြင်လိုက်သည်။
လွန်ခဲ့သော ခြောက်လက ချန်မန်သည် လုံးဝ ကွဲပြားသောသူတစ်ယောက် ဖြစ်သည်။ သူသည် အရပ်ရှည်ပြီး ရုပ်ချောသည်။ သို့သော် သူ့တွင် တွေဝေငေးမှိုင်နေသော အသွင်အပြင် ရှိသည်။
ရွှမ်ဝမ်က အသံခလုပ်ကို ချဲ့လိုက်ပြီး ချန်မန်နှင့် ဆရာဝန်၏ စကားဝိုင်းကို နားထောင်လိုက်သည်။
“ကျွန်တော် ကောင်းကောင်း မအိပ်ရတာ ကြာပါပြီ ၊ ကျွန်တော့် သူငယ်ချင်းအကြောင်း အိပ်မက်တွေ ဆက်တိုက် မက်နေတယ်”
“ခင်ဗျား အိပ်မက်အကြောင်းကို အသေးစိတ် ပြောပြပေးနိုင်မလား”
“တစ်ညမှာ ကျွန်တော့်ကားနဲ့ သူ့ကို မတော်တဆ ဝင်တိုက်မိခဲ့တာ ၊ အိပ်မက်က အရမ်း လက်တွေ့ဆန်တယ်လို့ခံစားရတယ် ၊ သူ့မျက်နှာက လေကာမှန်ပေါ် ရောက်လာတယ် ၊ သူ့မျက်လုံးတွေက ပြူးကျယ်နေပြီး သူ့လက်တွေနဲ့ ခြေထောက်တွေက ဧရာမပင့်ကူတစ်ကောင်လို ကျွန်တော့်ကားပေါ်မှာ ကားယားကြီးဖြစ်နေခဲ့တယ်”
ဗီဒီယိုထဲက ချန်မန်က နာကျင်စွာ ရှင်းပြနေသည်။ သူသည် အဲဒီအချိန်က ပုံမှန်အတိုင်း ရှိနေသေးသည်။
“အဲဒီအခါ ခင်ဗျား လန့်နိုးသွားလား”
“တစ်ခါတလေ နိုးတယ်၊ တစ်ခါတလေ မနိုးဘူး။ ကျွန်တော်…”
ချန်မန်က ဖြည်းညှင်းစွာ ပြောလိုက်သည်။
“ကျွန်တော် သူ့အလောင်းကို စွန့်ပစ်ထားတဲ့ ဆောက်လုပ်ရေးဆိုက်တစ်ခုမှာ မြှုပ်ခဲ့တယ်လို့ အိပ်မက် မက်တယ် ၊ သူ့မျက်လုံးတွေက ကျွန်တော့်ကို စိုက်ကြည့်နေတယ် ၊ ကျွန်တော် အရမ်းကြောက်လို့ သူ့ကို အပိုင်းပိုင်းဖြတ်ပြီး နေရာမျိုးစုံမှာ ဝှက်ထားခဲ့တယ်”
“ခင်ဗျား သူ့ကို မသတ်ခဲ့ဘူးလို့ သေချာလား”
“မဖြစ်နိုင်တာပဲဗျာ! သူက ကျွန်တော့်ရဲ့ အချစ်ဆုံးသူငယ်ချင်းပါ!”
ချန်မန်က စိတ်လှုပ်ရှားလာသည်။ထိုအချိန်တွင် တစ်စုံတစ်ယောက်က တံခါးကို ခေါက်လိုက်သည်။ ဟန်ရှန်းအကျဉ်းထောင် ယူနီဖောင်းဝတ် အမျိုးသားတစ်ဦး ဝင်လာခဲ့လေသည်။
ရွှမ်ဝမ်က ဗီဒီယိုကို ခဏရပ်လိုက်သည်။ သူမသည် မျက်နှာပြင်ပေါ်ရှိ ထိုလူကို စိုက်ကြည့်နေသည်။
“ကောင်းမင်!”