နေ့တိုင်း တိုးတက်လာအောင် ကြိုးစား ကျင့်ကြံမယ်
Vol. 9 Ch. 120
အကာအကွယ် ဝင်္ကပါနှင့် ကြုံပြန်ပလား။
လင်းကျွင်းကျွင်း၏ စကားများ ထွက်ပေါ်လာသည့် အခါတွင် အန်လင်းသည် သူ၏ခေါင်းအား ပွတ်လိုက်သည်။ "အာ ... ဟီးဟီး ... ကျွန်တော် ပြောခဲ့တာက အနှောင့်အယှက် ပေးမိတဲ့အတွက် အားနာပါတယ် ... အခုတော့ တာ့တာနော် ..."
"အိုး ... နောက်တစ်ပိုင်း ကျန်နေသေးတယ် မဟုတ်ဘူးလား ..." လင်းကျွင်းကျွင်းသည် အပြုံးလေးနှင့် မေးလိုက်သည်။
"နောက်တစ်ပိုင်းလား ..."
အန်လင်းသည် နတ်ဘုရား စစ်ဆေးမှု နည်းစနစ်အား အသက်သွင်း လိုက်ပြန်သည်။ ရုတ်တရက် ဆိုသလို သူ၏ လက်ချောင်းများမှနေ အားကောင်းသည့် စွမ်းအင် စီးကြောင်းတစ်ခု ထွက်ပေါ်လာပြီး လေထု တစ်နေရာအား ပစ်ခတ်လိုက်သည်။
ဘုန်း ...
အကာအကွယ် ဝင်္ကပါသည် နောက်တစ်ဖန် ပွင့်သွားပြန်လေသည်။
အန်လင်း၏ ခန္ဓာကိုယ်သည် နောက်တစ်ဖန် ပြုတ်ကျ သွားပြီးနော် "နောက်တစ်ပိုင်းက ခင်ဗျား ဆွဲထားတဲ့ ကြိုးကြာဖြူက တကယ်ရယ်ရတာ ... ဟားဟားဟား ..."
လင်းကျွင်းကျွင်းသည် အန်လင်း ပြုတ်ကျသွားသည့် နေရာအား စိုက်ကြည့်လိုက်သည်။ သူမ၏ ရင်ဘက်မှာလည်း ဒေါသကြောင့် နိမ့်ချည် မြင့်ချည် ဖြစ်နေလေသည်။
စိတ်ထိန်း ... စိတ်ထိန်း ...
သို့သော်လည်း အဆုံးတွင် သူမ၏ နှလုံးသားလေးနှင့် အသည်းမှာ ဒေါသကြောင့် ဆွဲညှစ်ခံထား ရသလို နာကျင်နေဆဲ ဖြစ်သည်။
သူမသည် အံကို တင်းတင်း ကြိတ်ကာဖြင့် "အန်လင်း ... နင့်ကို သေချာပေါက် မှတ်ထားမယ် ..."
ပြုတ်ကျ နေချိန်တွင် အောက်သို့ ကျဆင်းသည့်အရှိန် မြန်လာသည်နှင့် အမျှ အားကောင်းသော ကမ္ဘာမြေ၏ ဆွဲငင်အားကို ခံစားမိ လာသည်။
ထိုအချင်းအရာအား ကာကွယ်ရန် မပြုလုပ်ဘဲ ပို၍မြန်ဆန် လာစေရန် ပြုလုပ်လိုက်သည်။
သူ၏နားထဲတွင် လေတဟူးဟူး တိုက်သံများ ကြားနေရပြီး အသက်ရှူလိုက်သည့် အချိန်တိုင်းတွင် မြင်ကွင်းများသည် ပြောင်းလဲ သွားသည်သာ ဖြစ်သည်။
တဖြည်းဖြည်းနှင့် တောင်၏ တည်ရှိမှုအား ခံစားမိလာသလို လေ၏ စွမ်းအားကိုပါ ခံစားမိလာသည်။
အောက်ဘက်မှနေ မမြင်နိုင်သည့် စွမ်းအားတစ်ခု ဖြစ်တည်လာပြီး သူ၏ ပြုတ်ကျနေမှု အရှိန်အား တဖြည်းဖြည်းချင်း လျော့ကျ သွားစေသည်။
သို့သော်လည်း သူ၏ ကျဆင်းမှုသည် အလွန် မြန်ဆန်နေဆဲ ဖြစ်သည်။
အန်လင်းသည် သူ့ခန္ဓာကိုယ်အား အစိတ်စိတ် အပိုင်းပိုင်း ဖြစ်စေမည့်ဘေးမှ ကာကွယ်နိုင်စွမ်း ရှိသည်ဟု ယုံကြည်နေဆဲ ဖြစ်သည်။
သို့သော်လည်း ပေ ၃၀၀၀၀ မှစကာ မြေပြင်သို့ ကြမ်းတမ်းစွာ ကျဆင်းလာပြီး လေထု ခံနိုင်ရည်စွမ်းမှာလည်း လျော့ကျ လာလေသည်။
အမည်မသိ စွမ်းအား တစ်ခုသည် လေအား ခုခံနေလေသည်။
နောက်ဆုံးအလျင် ကျိုးပျက်သွားပြီး နောက်တွင် သူ၏ကျဆင်းနှုန်းမှာ ပို၍ မြန်ဆန် လာပြန်သည်။
ဒီဖေ ... ဘယ်လို အခြေအနေကြီးတုန်း ...
အန်လင်းသည် ထိတ်လန့်ဖွယ် အခြေအနေ တစ်ခုအတွင်း ကျရောက်နေခြင်း ဖြစ်သည်။
ချောမွေ့သည့် လေသည် ရေထုသဏ္ဌာန်ဖြင့် သူခန္ဓာကိုယ်ကို လှည့်ပတ်နေသည်။ လေထု ခံနိုင်ရည်စွမ်း ထပ်မံ ကျဆင်း သွားပြန်သည်။
လေထုထဲတွင် ပျံသန်းနိုင်ရန် လေထုအား လက်နက်တစ်ခု သဖွယ် အသုံးပြုရမည်။
အန်လင်းမျက်လုံးများ တောက်ပလာပြီးနောက် ဉာဏ်အလင်း ပွင့်လာလေပြီ။
ဝှစ် ...
မြေပြင်မှ မီတာတစ်ထောင် အကွာသို့ ရောက်လာသည့် အခါတွင် သူ၏ ပြုတ်ကျနှုန်းသည် အသံ၏ အလျင်ကိုပင် ကျော်လွန် သွားလေပြီ။
မြေပြင်အား စိုက်ကြည့်ကာဖြင့် တဖြည်းဖြည်း နီးကပ်လာသည့် အခါတွင် သူ၏ နှလုံးသားလေးထဲတွင် ကြောက်ရွံ့မှုများ မြင့်တက် လာပြန်သည်။
"စနစ်က အခုထိတောင် အသိပေးချက် မဝင်သေးဘူးလား ... ငါက သေရတော့မယ် ..."
အရှိန်မြင့် လာသည်နှင့်အမျှ သူသည် လူသားဗုံးတစ်ခုဟု ခံစားနေမိသည်။
မြေပြင်နှင့် ရိုက်ခတ်မိမည် ဆိုပါက သူ၏ အတွင်းကလီစာများ ကွဲအက်ရုံတင် မကဘဲ နေရာတွင်ပင် သေဆုံး သွားနိုင်လေသည်။
ထိုနှုန်းဖြင့် မီတာတစ်ထောင် အကွာအဝေးသည် စက္ကန့်ပိုင်းအတွင်း ရောက်ရှိလာတော့မည် ဖြစ်သည်။
“တင်း တောင် ...”
ထိုအသံအား ကြားလိုက်သည်နှင့် ချက်ချင်း အန်လင်းသည် အုတ်ခဲနက်အား ဆင့်ခေါ် လိုက်လေသည်။
သို့သော်လည်း အောက်သို့ ဆင်းသက်နေသည့် အဟုန်အား လွယ်ကူစွာ တားဆီးနိုင်ခြင်း မရှိပေ။
ဘုန်း ...
မြေပြင်ရှိ အရာများသည် အဘက်ဘက်သို့ လွင့်စဉ် သွားပြီးနောက် ကြီးမားသည့် ချိုင့်ဝှမ်းတစ်ခု ပေါ်လာသည်။
ဖုန်မှုန့်များ အတွင်းတွင် အမျိုးသား တစ်ဦး၏ နာကျင်စွာ ညည်းညူသံအား ကြားနိုင်ပေသည်။
အန်လင်းသည် ချိုင့်ဝှမ်းထဲမှ တုန်ယင်စွာဖြင့် ထွက်ပေါ်လာသည်။ ဖုန်နှင့် သဲများသည် သူ့မျက်နှာအား ဖုံးအုပ်ထားသည်။ သူ့ခန္ဓာကိုယ် တစ်ခုလုံးသည် တစ်စစီ ပြုတ်ထွက်သွား မတတ် ခံစားနေရသည်။
ကံကောင်းသည်မှာ အသက်ရှင် နေဆဲပင် ဖြစ်သည်။
လေစိတ်ဝိညာဉ် နည်းစနစ်သည် သူ၏ခန္ဓာကိုယ်အတွင်း စတင်စီးဆင်း နေလေသည်။
ထိုအချိန်တွင် အန်လင်းသည် အဆိုပါ နည်းစနစ်၏ ရှုပ်ထွေးမှုများကို နားလည်သဘောပေါက် လာပြီး အဆင့် ၁ သို့ အောင်မြင်စွာ ရောက်ရှိ သွားလေသည်။
လေစိတ်ဝိညာဉ် နည်းစနစ်သည် အမှန်တကယ်တွင် ချီအနှစ်သာရများ ပါဝင်နေသည့် နည်းစနစ် တစ်ခုသာ ဖြစ်သည်။
အရှိန် ထိန်းချုပ်ခြင်း၊ လှုပ်ရှားမှုများအား လိုသလို အသုံးပြုနိုင်ခြင်း၊ တာတိုပျံသန်းခြင်း ... စသည်ဖြင့် အသုံးဝင်မှုများစွာ ရှိသည်။
အန်လင်းသည် ကျေနပ်မှု အပြည့်ဖြင့် ပြုံးလိုက်ပြီးနောက် စနစ်၏ မျက်နှာပြင်အား ဖွင့်လိုက်ပြန်သည်။
လေစိတ်ဝိညာဉ် နည်းစနစ်အား ကျွမ်းကျင် ပိုင်နိုင်သွားပြီ ဖြစ်သည့်အတွက် စနစ်ထဲတွင် တာဝန်အသစ် တစ်ခု ပေါ်နေပြီ ဖြစ်သည်။
'ကျင့်ကြံခြင်း နည်းစနစ်' ထဲတွင် ...
အဆင့် ၁ အမြဲစိမ်း နည်းစနစ် _ လိုအပ်ချက် : သစ်သား အမျိုးအစား အင်မော်တယ် ဆေးလုံး ၅ လုံးအား ဆက်တိုက် စားရမည်။
လိုအပ်ချက်အား မြင်လိုက်ရသည့် အခါတွင် အန်လင်းသည် အတော်လေး အံ့အားသင့် နေမိသည်။
အင်မော်တယ် ဆေးလုံး ၅ လုံး ...။ ချမ်းသာသည့် ကျင့်ကြံသူများ သာလျှင် စွမ်းဆောင်နိုင်မည့် တာဝန်ဖြစ်သည်။
ကံကောင်းသည်မှာ သူသည် ချမ်းသာသည့် ကျင့်ကြံသူ ဖြစ်နေခြင်းပင်။
ကောင်းကင်ဘုံ ပိုင်နက်သို့ ပြန်ရောက်ပါက တုန်ရွှာနန်းတော်သို့ ခရီးဆက် ရပေလိမ့်မည်။
အန်လင်းသည် ရေအမျိုးအစား ကျင့်ကြံခြင်း နည်းစနစ်အား ကြည့်လိုက်သည်။
အဆင့် ၁ နတ်ရေစင် ဖန်ဆင်းခြင်း နည်းစနစ် _ လိုအပ်ချက် : ဝိညာဉ်ဖွဲ့စည်းခြင်း အဆင့်ရှိ ချိုနဂါး၏ စွမ်းအင် အဆီအနှစ်များအား စုပ်ယူရမည်။
ဝိညာဉ်ဖွဲ့စည်းခြင်း အဆင့် နဂါးဆိုသည်မှာ အရှေ့ဘက် ပင်လယ်တွင်ရှိသော နဂါးမင်း ပိုင်နက်၏ နဂါးဘုရင်ကို ဆိုလိုခြင်း ဖြစ်သည်။
အန်လင်း၏ လက်ရှိ အနေအထားမှာ နဂါးမျိုးနွယ်စုနှင့် ရန်ငြိုးဖွဲ့နိုင်စွမ်း မရှိရုံသာမက ထိုလိုအပ်ချက်အား ဖြည့်ဆည်း ပေးနိုင်ရန် လုံလောက်သည့် စွမ်းအားလည်း မရှိသေးချေ။ ထို့ကြောင့် နောက်များမှသာ ဆောင်ရွက် ရပေမည်။
နောက်ဆုံး အနေဖြင့် ကျင့်ကြံခြင်း အခြေခံအား ကြည့်လိုက်သည်။
စိတ်ဝိညာဉ် ပျိုးထောင်ခြင်း အလယ်အဆင့် _ လိုအပ်ချက် : နေ့စဉ်နေ့တိုင်း တိုးတက် လာစေရန် ကြိုးစား ကျင့်ကြံရမည်။
အန်လင်း : “…”
အရမ်းကောင်းတယ်။ အံ့ဖွယ်ပဲဟေ့။
သားရဲအမြုတေ ဖြစ်တည်နေသော ကျင့်ကြံသူ တစ်ဦးအနေဖြင့် ...
မည်ကဲ့သို့ ကျင့်ကြံရမည်နည်း။
ဝ သ ဖ ...
စနစ်သည် သူ့အား လူသားအသွင် ပြန်လည် ပြောင်းပေးနိုင်မည် ဆိုပါက သုံးရက် သုံးညတိတိ အရိုက်ခံမည် ဖြစ်သည်။
ထိုဖြစ်ရပ်သည် သူ့အား ထောင်ချောက် ဆင်ထားခြင်း ဖြစ်ကြောင်း သိသာလွန်း လှသည်။
အန်လင်း၏ နှလုံးသားလေးမှာ နာကျင်လျက် ရှိပြီး ခက်ခဲစွာဖြင့် အသက်ရှူ နေရသည်။
သူ၏ စိတ်ခံစားချက်အား ကြိုးစားမြှင့်တင်ခဲ့ သော်လည်း ယခုအခါတွင် နောက်တစ်ဖန် ချိုးနှိမ်ခံလိုက် ရပြန်သည်။
ထို့ကြောင့်မို့ ...
အချိန်ရောက် လာခဲ့လျှင် ရှောင်ချိုးအား မည်ကဲ့သို့ ကျင့်ကြံသည်ကို မေးမြန်းမည်။
ထို့ထက်ပို ဆိုးဝါးလာလျှင် လူသားဘဝအား စွန့်လွှတ်လိုက်မည်။
အန်လင်းသည် သူ၏ အာရုံခံ အဆောင်လက်ဖွဲ့အား ထုတ်ကာဖြင့် ရှောင်ချိုး၏ တည်နေရာအား ထောက်လှမ်းလိုက်သည်။
သူတို့သည် တိမ်တိုက်တောင် အနီးဝန်းကျင်တွင်သာ ရှိနေဆဲဖြစ်သည်။
အန်လင်းသည် အာရုံခံ အဆောင်လက်ဖွဲ့အား လက်တွင် ကိုင်ဆောင်၍ အုတ်ခဲပျံပေါ်မှနေ ရှောင်ချိုးအား ရှာဖွေလိုက်သည်။
ခေတ္တမျှ ပျံသန်းပြီးနောက်တွင် မွှေးပျံ့သည့် ရနံ့တစ်ခုအား ရရှိလိုက်လေသည်။
ဆန်းကြယ်သည့် ရနံ့ဖြစ်သည်။ မတူကွဲပြားသည့် ရနံ့များအားလည်း ရရှိနေသေးသည်။
သူ၏ ခန္ဓာကိုယ် တစ်ခုလုံးမှာ တုန်ရီလာလေပြီ။ ထိုရနံ့သည် သက်တံနွား ဖြစ်ပေလိမ့်မည်။
အရှိန်မြှင့်လိုက်ပြီး နောက်တွင် "ငါ့ကိုစောင့်ပါဦး သက်တံနွားရေ ... ဟားဟားဟား ..."
သေချာလှပေသည်။ လောင်ကျိပင်နှင့် အခြားသူများ ဖိုထားသည့် မီးဖိုအား အဝေးမှနေ မြင်လိုက်ရသည်။
အုတ်ခဲနက်သည် မြေပြင်သို့ ဆင်းသက်ရန် ပြင်လိုက်ပြီး အန်လင်းသည် ချက်ချင်း ခုန်ဆင်းလိုက်သည်။ "မင်းတို့က သက်တံနွားကို စားနေကြတာ ဟုတ်တယ်မလား ..."
လူတိုင်းသည် သူ့အား ကရုဏာသက်စွာဖြင့် ကြည့်လိုက်ပြီးနောက် ခေါင်းညိတ် လိုက်ကြသည်။
ထိုမြင်ကွင်းသည် သူ၏နှလုံးသားလေးအား အတော်လေး မသက်မသာ ဖြစ်စေသည်။
"ဘာမှ ... မကျန်တော့ဘူးလား ..." သူ့မျက်လုံးထဲတွင် မျက်ရည်စများ ဝေ့သီလာသည်။
မုန့်ထျန်းသည် အလွန် ကျေနပ်နေမိသည်။
စွန်းရှန့်လျန်သည် အေးစက်စွာဖြင့် ပြုံးလိုက်ပြီး "အဖွဲ့ခေါင်းဆောင်က နောက်ကျသွားတယ် ..."
"အဆင်ပြေတယ်ဆိုရင် ဒါလေးတွေကို စွပ်ပြုတ် လုပ်သောက်လိုက်လေ ... အတော်လေး အရသာ ရှိနေဦးမှာပါ ..." မုန့်ထျန်းသည် ရယ်မောကာဖြင့် မြေပြင်ပေါ်ရှိ အရိုးများအား ညွှန်ပြလိုက်သည်။
အန်လင်းသည် မျှော်လင့်ချက် ကင်းမဲ့စွာဖြင့် မြေပြင်ပေါ်သို့ လဲကျသွားသည်။ "ငါ့ရဲ့ သက်တံနွားလေး ... မင်းတို့က ဘာလို့များ အခုလို လုပ်နိုင်ကြတာလဲ ..."
မြေပြင်ပေါ်ရှိ အရိုးများသာလျှင် ကျန်ရှိသော်လည်း သက်တံနွား၏ သင်းပျံ့သည့် ရနံ့သည် လေထုထဲတွင် ရစ်ဝဲနေဆဲ ဖြစ်သည်။ သူ့အား ညှဉ်းပန်း နေသည်နှင့်ပင် တူနေတော့သည်။
ဆာလောင်နေချိန်တွင် ကြက်ကြော်များ၊ နံရိုးကြော်များ စားသောက်ပြနေ သကဲ့သို့ ဖြစ်ပြီး မျှော်လင့်ချက်မဲ့စွာဖြင့် ငေးကြည့်ရုံသာ တတ်နိုင်လေသည်။
စိတ်အား ငယ်မိသည်။
လောင်ကျိပင်သည် အန်လင်း၏ နာကျင်မှုအား စကားလုံးများဖြင့် ဖြေလျော့ပေးရန် ကြိုးပမ်းလာသည်။ "အစ်ကိုကြီးအန်က အနည်းဆုံးတော့ တောင်ပေါ်ကနေ ခုန်ချတဲ့ အတွေ့အကြုံ ရခဲ့တယ်လေ ..."
လောင်ကျိပင်သည် ထိုစကားအား မပြောခဲ့ပါက သူ့အနေဖြင့် အဆင်ပြေနိုင်သည်။
သို့သော်လည်း ချက်ချင်းဆိုသလို လင်းကျွင်းကျွင်း၏ အနိုင်ကျင့် နှိပ်စက်မှု၊ ပေတစ်သိန်းအမြင့်မှ ခုန်ချရသည့် ကြောက်မက်ဖွယ် အတွေ့အကြုံတို့ အပြင် စနစ်၏ "နေ့တိုင်း တိုးတက်အောင် ကြိုးစားကျင့်ကြံပါ" ဟူသော မက်ဆေ့ချ် ...။
စိတ်အားငယ်မိရုံ သာမက သူ၏မျက်လုံးများ သည်လည်း နီရဲလာလေသည်။
ရှောင်ချိုးသည် အန်လင်းအား နှစ်သိမ့်ရန် ကြိုးစား လိုက်သော်လည်း ထိုအချိန်တွင် သူတို့ ရောက်ရှိနေသည့် ရေကန်၏ ကန်ရေပြင်မှနေ ကြီးမားသည့် လှိုင်းလုံးများ မြင့်တက်လာသည်။
ဘန်း ...
ရေကန်အတွင်းမှ ဧရာမ ပုံရိပ်တစ်ခု ခုန်ထွက်လာပြီး ၎င်းနှင့်အတူ များပြားသည့် ရေစက် ရေပေါက်များကိုပါ ယူဆောင်လာသည်။
အလွန် အားကောင်းသည့် အော်ရာသည် အဘက်ဘက်သို့ ပျံ့နှံ့သွားပြီး အန်လင်းတို့သည် မမြင်နိုင်သည့် ဖိအား၏ ဖိနှိပ်မှုအောက်သို့ ရောက်ရှိသွားသည်။
"ငါကို ဘယ်ကောင် ဆင့်ခေါ်တာတုန်းကွ ..."
ထိုသတ္တဝါ၏ အသံမှာ လွန်စွာ ကျယ်လောင်ပြီး မိုးကြိုးပစ်သံကဲ့သို့ ဆူညံလျက် ရှိနေလေသည်။
***