ထူးဆန်းသည့်လူ
Vol. 1 Ch. 2
ကျင်းယွီခန်းမ အတွင်းပိုင်းက ကျယ်ဝန်းလှပေသည်။ အမျိုးမျိုးသော ကျင့်ကြံခြင်း အရင်းအမြစ်များက မျက်စိပသာဒဖြစ်ဖွယ် တန်းစီလျက်ရှိ၏။
ကျင့်ကြံ သူများက စကားပြောဆိုရင်း နှစ်သက်ရာ အဖိုးတန်ပစ္စည်းများကို ရွေးချယ်နေကြသည်။
ထန်ထျန်းက ကြာကြာမကြည့်ဘဲ တိုက်ရိုက်ပင် ကောင်တာသို့ သွားကာ အားနေသည့် အရောင်းဝန်ထမ်းတစ်ဦးကို ရှာတွေ့ခဲ့သည်။
သူ ချက်ချင်းပင် ရှေ့တိုးသွားပြီး စကားပြောရန် ပြင်လိုက်သည်။
သို့သော် သူ့စကားမစခင်မှာပင် ဘေးမှ အံ့အားသင့် သည့် အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
"ထန်ထျန်းလား"
ထန်ထျန်း အံ့သြသွားကာ ခေါင်းလှည့်ကြည့်လိုက်သည်။
ထိုသူမှာ အဖြူရောင်ဝတ်ရုံရှည်ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ဦးဖြစ်ပြီး မျက်နှာသွင်ပြင်က လှပကာ သိုလှောင်လက်စွပ်ပေါ်တွင် ငွေရောင်အနားသတ်မျဥ်း သုံးခုရှိနေ ပြီး တောက်ပနေသည်။
ဤသည်မှာ အတွင်းစည်းတပည့်များ၏ အမှတ်အသားပင် ဖြစ်သည်။
"မင်းက..."
ထန်ထျန်း မျက်နှာက အနည်းငယ် တွေဝေနေ၏။ ထိုအမျိုးသမီးကို ရင်းနှီးသည်ဟု ခံစားရသော်လည်း ချက်ချင်းပင် မည်သည့်နေရာတွင် တွေ့ဖူးသည်ကို မမှတ်မိနိုင်ခဲ့ပေ။
သို့သော် သူ၏ဤအမူအရာက အမျိုးသမီးကို မျက်မှောင်ကြုတ်စေခဲ့သည်။
"ထန်ထျန်း၊ ကျွန်မတို့ အရင်က သဘောထားကွဲလွဲမှုတွေ ရှိခဲ့ပေမဲ့ နင်က မသိသလိုဟန်ဆောင်နေ စရာ မလိုပါဘူး" ဟု အမျိုးသမီးက အေးစက်စွာ ပြောလေ သည်။
ထန်ထျန်း ချက်ချင်း မျက်မှောင်ကြုတ်လိုက်သည်။ ဒီအမျိုးသမီးက လူကောင်း ဟုတ်ပုံမရပေ။
ထို့နောက် သူက မှတ်ဉာဏ်ထဲတွင် ရှာဖွေစူးစမ်းကြည့်လိုက်သည်။
မကြာမီပင် သူက ဤအမျိုးသမီး၏ ပုံရိပ်ကို ရှာတွေ့ခဲ့သည်။
သူမ၏နာမည်မှာ လင်းယွဲ့ ဖြစ်ပြီး ထန်ထျန်း၏ ငယ်ဘဝသူငယ်ချင်းပင်။ သူတို့နှစ်ဦး ချင်းယွဲ့ဂိုဏ်းသို့ အတူတကွ ရောက်လာခဲ့ကြသည်။
ထန်ထျန်းက သူ၏ မူရင်းဘဝကို စွန့်လွှတ်ကာ လင်းယွဲ့နှင့်အတူ ချင်းယွဲ့ဂိုဏ်းသို့ ဝင်ခဲ့သည်ဟု ဆိုရပေမည်။
မည်သည့်နေရာတွင်မဆို သူတို့နှစ်ဦး ပျော်ရွှင်စွာ အတူနေနိုင် မည်ဟု ထင်ခဲ့ကြသည်။
ကံမကောင်းစွာဖြင့် လက်တွေ့ဘဝက ရက်စက်လွန်းသည်။
ထန်ထျန်း၏ ကျင့်ကြံ မှုပါရမီမှာ ဝိညာဉ်စက်ဝန်း တစ်လွှာ ပင် မထုတ်ဖော်နိုင်ခဲ့သော်လည်း လင်းယွဲ့မှာမူ ဝိညာဉ်စက်ဝန်း ငါးလွှာ ပါရမီရှိသည့် ပါရမီရှင်လေးတစ်ဦး ဖြစ်သည်။
ဂိုဏ်းသို့ စဝင်သည်နှင့် လင်းယွဲ့က အပြင်စည်းတပည့်တစ်ဦး ဖြစ်လာခဲ့သော်လည်း ထန်ထျန်းမှာမူ အောက်ဆုံးအဆင့် သာမန်တပည့်ဘဝသို့ ရောက်ခဲ့ရသည်။
သို့သော် ထိုအချိန်က သူတို့နှစ်ဦး၏ ချစ်ခြင်းမေတ္တာမှာ အဆင်ပြေနေ ဆဲပင်။
လင်းယွဲ့က ထန်ထျန်း၏ အခြေအနေကို ဂရုမစိုက်ခဲ့ဘဲ ထန်ထျန်းကလည်း လင်းယွဲ့ကို အမြဲတမ်း ပံ့ပိုးပေးခဲ့သည်။ မိမိ၏ ကျင့်ကြံ ရေးအရင်းအမြစ်အားလုံးကို သူမအား ပေးခဲ့ရုံမက အလုပ်များစွာ လုပ်ခဲ့ရသည်မှာ ချစ်ရသူအား ကျင့်ကြံ ရေးလမ်းကြောင်းပေါ်တွင် ပို ဝေးဝေးသွားနိုင်ရန်အတွက်သာ ဖြစ်ပေသည်။
နောက်ဆုံးတွင် တစ်နှစ်ကြာပြီးနောက် လင်းယွဲ့က တစ်ဆင့်ပြီး တစ်ဆင့် တိုးတက်လာကာ စမ်းသပ်မှု အောင်မြင်ပြီး ဂုဏ်ယူစရာ အတွင်းစည်း တပည့်တစ်ဦး ဖြစ်လာခဲ့သည်။
သို့သော် ထန်ထျန်းက ပျော်ရွှင်စွာ ဂုဏ်ပြုရန်သွားစဉ်တွင် သူ့အား အရိုးစွဲ( လုံးဝမေ့လို့မရ) စေ ခဲ့သည့် စကားတစ်ခွန်းကို ကြားခဲ့ရသည်။
"ထန်ထျန်းရေ၊ ကျွန်မတို့က တစ်ကမ္ဘာတည်းက လူတွေ မဟုတ်ကြတော့ ဘူး၊ အတူတူ ဆက်သွားလို့ မဖြစ်နိုင်တော့ ဘူး။"
"နောင်မှာ အချင်းချင်း ဒုက္ခပေးနေရမယ့်အစား ဒီနေ့ပဲ ဖြတ်တောက်လိုက်တာက ပိုကောင်းပါလိမ့်မယ်။"
"ကျွန်မ ရဲ့ကျင့်ကြံခြင်းက တိုးတက်နေတယ်၊ ရှင်ကရော"
ဤစကားတို့က ဆယ်ကျော်သက် လူငယ် လေး၏ နှလုံးသားကို လုံးဝ ထိခိုက်နာကျင်စေခဲ့သည်။
ထိုအချိန်မှစ၍ သူက တိတ်ဆိတ်သွားပြီး အားနည်းပျော့ညံ့ကာ အနိုင်ကျင့်ခံရသော်လည်း မတုံ့ပြန်ဝံ့တော့ဘဲ နောက်ဆုံးတွင် သေဆုံးခဲ့ရပြီး ယခုလက်ရှိ ထန်ထျန်း၏ ဝိညာဉ် ကူးပြောင်းဝင်ရောက်ရန် အခွင့်အရေး ရရှိခဲ့ခြင်းပင်တည်း။
ဤမှတ်ဉာဏ်များကို ဖတ်ပြီးနောက် ထန်ထျန်းက လင်းယွဲ့ကို ကြည့်သည့် အကြည့်များ ချက်ချင်း ပြောင်းလဲသွားသည်။
"ကုန်းပေါ်ရောက်တော့ ပထမဆုံး ဓားနဲ့ ကိုယ့်ချစ်သူကိုပဲ ထိုးတာကိုး။"
"တကယ်ကို လူကောင်း မဟုတ်ဘူးပဲ"
အရင်ခန္ဓာကိုယ်ပိုင်ရှင်၏ မှတ်ဉာဏ်များ ဖြစ်သောကြောင့် သူက များစွာ ခံစားချက်မရှိလှသော်လည်း လင်းယွဲ့ကဲ့သို့ အမျိုးသမီးမျိုးကိုမူ လုံးဝနှစ်သက်ခြင်း မရှိပေ။
လင်းယွဲ့၏ မေးခွန်းကို ထန်ထျန်းက စဉ်းစားပြီးနောက် "တစ်နှစ်ကျော်လောက် မင်းကို မတွေ့တာမို့ မမှတ်မိတာပါ။"
"မင်းက မင်း အလုပ်လုပ်တယ်၊ ငါက ငါ့အလုပ်ငါလုပ်တယ်၊ ဒါပါပဲ" ဟု ပြောလိုက်သည်။
သူက ထိုသို့သော အမျိုးသမီးနှင့် မပတ်သတ် လိုဘဲ အမြန်ငွေသုံးခြင်းသာ အဓိကနည်းလမ်း ဖြစ်သည်။
သို့သော် ကံမကောင်းစွာဖြင့် လင်းယွဲ့မှာမူ ထိုသို့မတွေးခဲ့ပေ။
"ရှင် ကျွန်မကို အခုထိ စိတ်ဆိုးနေတုန်းလား"
လင်းယွဲ့က "အဲ့တုန်းက စကားတွေ နည်းနည်းကြမ်းသွားတာကို ကျွန်မ ဝန်ခံပါတယ်" ဟု ပြောသည်။
"ဒါပေမယ့် ကျွန်မပြောတာ မမှန်လို့လား"
"ကျွန်မတို့နှစ်ယောက် ဆက်သွားမယ်ဆိုရင် ဘယ်သူ့အတွက်ပဲဖြစ်ဖြစ် ကြီးမားတဲ့ ထိခိုက်မှု ဖြစ်စေမှာမို့လို့ ကျွန်မ ဒီလိုပဲ လုပ်လိုက်ရတာပါ။"
ထန်ထျန်းက နှုတ်ခမ်းမဲ့ကာ သည်းခံနိုင်မှု အဆုံးသို့ ရောက်နေပါပြီ။
မင်း ဘာကို ပြောချင်တာလဲ
"ဘာမှ အများကြီး မစဉ်းစားပါနဲ့၊ အဲ့ဒီကိစ္စတွေ ငါ မေ့လိုက် ပါပြီ။"
"ကိုယ့်ဘာသာကိုယ် ဂရုစိုက်ပါ၊ အဆင်ပြေ လား"
ထန်ထျန်းက ယဥ်ယဥ်ကျေးကျေး ပြောလိုက်သည်။ ထိုသို့သော အမျိုးသမီးနှင့် စကားပြောခြင်းက အဓိပ္ပာယ်မရှိဆုံးပင်။
သူတို့က လူသတ်မီးရှို့လျှင်ပင် မိမိတို့တွင် အမှားမရှိဟု ထင်နေမည် ဖြစ်သည်။
ထန်ထျန်း၏ အဖြေကို ကြားရသောအခါ လင်းယွဲ့ မျက်မှောင်အနည်းငယ် ကြုတ်သွားပြီး သူ၏ တုံ့ပြန်ပုံက သူမ ထင်ထားသည်နှင့် မတူညီသည်ကို အံ့အားသင့်နေပုံရသည်။
ထိုအချိန်တွင် သူမဘေးရှိ အမျိုးသမီး သူငယ်ချင်းတစ်ဦးလည်း ကပ်လာသည်။
"လင်းယွဲ့၊ ဒါက အရင်က နင့်ကို လိုက်ခဲ့တဲ့ ကောင်လေးလား"
အမျိုးသမီးက ထန်ထျန်းကို အပေါ်အောက် အကဲခတ်ကြည့်ရင်း မထီမဲ့မြင်ပြုသည့် အမူအရာကို အနည်းငယ်မျှပင် မဖုံးကွယ်ထားပေ။
"တကယ်ကို သာမန်ရိုးစင်းပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတာပဲ၊ သူက ဘယ်လိုလုပ် နင့်ကို လိုက်ဖို့ အရည်အချင်းရှိမှာလဲ"
"နင် သတိထားနော်၊ ဒီလိုယောကျ်ားမျိုးက စိတ်ကူးယဉ်နေကြတာ ဘယ်လိုနည်းနဲ့မဆို နင့်ရှေ့ကို ပေါ် လာဖို့ပဲ ကြိုးစားလိမ့်မယ်။"
"ဒီနေ့ မမျှော်လင့်ဘဲ တွေ့ဆုံတာကလည်း သူ ကြိုတင်စီစဉ်ထားတာ ဖြစ်နိုင်တယ်" ဟု ပြောလေ သည်။
သူမ၏ မထီမဲ့မြင်ပြုခြင်းက ရွံရှာမုန်းတီးခြင်းအဖြစ် ပြောင်းလဲသွားခဲ့သည်။
မကောင်းကြံမှုများက မျက်နှာချင်းဆိုင် တိုးလာခဲ့သည်။
ထိုသို့ မျက်နှာချင်းဆိုင် မိမိ၏ ငယ်ဘဝသူငယ်ချင်းကို စော်ကားသူအပေါ် လင်းယွဲ့ကမူ သက်ပြင်းတစ်ချက်ချကာ "ဖန်ဖေး တော်ပါတော့၊ ငါ နားလည်ပါတယ်" ဟု ပြောလိုက်သည်။
ထန်ထျန်းက ကောင်တာရှေ့တွင် ရပ်လျက် သူ့နဖူးပေါ်တွင် "စကားမပြောချင်တော့ဘူး" ဟူသော စာလုံးနှစ်လုံး ရေးထိုးထားသကဲ့သို့ပင်။
ထူးဆန်းသည့်လူများ များလာသည်ကို မကြောက်၊ ထူးဆန်းသည့်လူများ တစ်စုတစ်ဝေးတည်း ရှိနေသည်ကိုသာ ကြောက်ရပေသည်။
တကယ်ကို အပြင်ထွက်တုန်းက ပြက္ခဒိန်မကြည့်ဘဲ ဒီလို ထူးဆန်းတဲ့ နှစ်ယောက်နဲ့ တွေ့ကြုံခဲ့ရတာပင်။
သူတို့နဲ့ စကားတစ်ခွန်း ပိုပြောရတာကိုတောင် ကိုယ့်ရဲ့ ဂုဏ်သိက္ခာကို စော်ကားခံရသလို ခံစားရသည်။
သက်ပြင်းတစ်ချက်ချပြီး ထန်ထျန်းက ကျင်းယွီခန်းမမှ အရောင်းဝန်ထမ်းကို ကြည့်လိုက်သည်။
"မင်္ဂလာပါ၊ ကျွန်တော် ပစ္စည်းလေးတစ်ခု ရောင်းချင်ပါတယ်" ဟု ပြောလိုက်သည်။
အရောင်းဝန်ထမ်းမှာ ဘေးမှနေ၍ အတော်ကြာအောင် အခြေအနေကို ကြည့်နေခဲ့ပြီး မထီမဲ့မြင်ရယ်မောကာ "ဘာရောင်းချင်တာလဲ" ဟု မေးလိုက်သည်။
ထန်ထျန်းက ရင်ဘတ်ထဲမှ ယန်ယွမ်ဆေးလုံးကို ထုတ်ပြလိုက်သည်။
သို့သော် ထုတ်ပြလိုက်သည်နှင့် တစ်ပြိုင်နက် ရယ်မောသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
"ဘုရားရေ၊ ဒီလို အမှိုက်မျိုးကို ကျင်းယွီခန်းမမှာ ရောင်းလို့ရသေးတာလား"
"ဟားဟား၊ သူ ဘယ်လောက်တောင် ဆင်းရဲတာလဲ"
ဖန်ဖေး အသံကျယ်ကျယ် ရယ်မောရင်း ပေါ်ပေါ်ထင်ထင် လှောင်ပြောင်လိုက်သည်။
လင်းယွဲ့ပင်လျှင် အရင်ကလို ပုံစံမျိုးသို့ ပြန်ရောက်သွားပြီး အေးစက်စွာ " ထန်ထျန်းရေ၊ ရှင် စိတ်ဝိညာဉ်ကျောက် လိုနေတယ်ဆိုရင် ကျွန်မကို ပြောလိုက်လေ ဘာပဲဖြစ်ဖြစ် ကျွန်မတို့လည်း သိကျွမ်းခဲ့တာပဲ၊ ကျွန်မ မကူညီဘဲ မနေပါဘူး" ဟု ပြောလိုက်သည်။
ထန်ထျန်း မျက်မှောင် ကြုတ်ရင်း ခေါင်းကို ပွတ်လိုက်ကာ "တကယ်ကို ပါးစပ်ပိတ်ထားလို့ မရတော့ဘူးလား"
"ငါ့အလုပ် ငါလုပ်မယ်၊ မင်းအလုပ် မင်းလုပ်၊ အချင်းချင်း မနှောင့်ယှက်နဲ့၊ ရလား" ဟု ပြောလိုက်သည်။
သူ တကယ်ကို စိတ်ပျက်သွားပြီဖြစ်ပြီး ကြက်တူရွေးဘာသာစကားပင် ထွက်လာတော့သည်။
လင်းယွဲ့က ကြက်တူရွေးဘာသာစကားကို နားမလည်သော်လည်း ထန်ထျန်း၏ သဘောထားကိုမူ နားလည်ခဲ့သည်။ ထိုအမူအရာမှာ ဖုံးကွယ်၍ မရသည့် ရွံရှာမုန်းတီးမှုပင် ဖြစ်သည်။
အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး သူမ လှည့်ထွက်သွားကာ ဆက်လက်ဂရုမစိုက်တော့ပေ။
သို့သော် ဖန်ဖေးမှာမူ သူ့ကို လှောင်ပြောင်ရင်း ကြည့်နေဆဲပင်။
ထန်ထျန်း ခေါင်းယမ်းလိုက်သည်။ အရင်ကသူ ဘာအကုသိုလ်တွေ လုပ်ခဲ့လို့ ဒီလိုလူမျိုးတွေနဲ့ တွေ့ခဲ့ရတာလဲ မသိတော့ပေ။
အရောင်းအဝယ် ဆက်လုပ်သည်။
ဆိုင်ဝန်ထမ်းက ယန်ယွမ်ဆေးလုံးကို ယူကြည့်ပြီး "မင်းရဲ့ ဆေးလုံးက အရည်အသွေး အရမ်းညံ့တယ်၊ အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက် တစ်တုံး ပဲ ပေးနိုင်မယ်" ဟု ပြောလေ သည်။
ယန်ယွမ်ဆေးလုံးကို မြင်ရသောအခါ သူ့၏အမူအရာမှာလည်း တောင့်တင်းလာခဲ့သည်။
ထန်ထျန်း ဂရုမစိုက်ပေ၊ သူသည် စိတ်ဝိညာဉ်ကျောက်ကို အမြန်လိုနေ ခြင်းသာ ဖြစ်သည်။
"ရပါတယ်၊ ရောင်းပါ့မယ်"
မကြာမီပင် အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက် တစ်တုံး သူ့ လက်ထဲ ရောက်လာခဲ့သည်။
ခက်ခက်ခဲခဲ ရရှိထားသော စိတ်ဝိညာဉ်ကျောက်ကို ကိုင်ပြီး ထန်ထျန်း သက်ပြင်းတစ်ချက်ရှိုက်လိုက်ကာ အရောင်းဝန်ထမ်းကို ထပ်မံခေါ်လိုက်သည်။
"ကျွန်တော် ဒီ စိတ်ဝိညာဉ်ကျောက်နဲ့ပဲ ဒီပုလင်းကို ပြန်ဝယ်ချင်ပါတယ်"
အရောင်းဝန်ထမ်း ချက်ချင်းပင် တောင့်ခနဲ ဖြစ်သွားပြီး ဘေးမှ ဖန်ဖေးပင်လျှင် ထန်ထျန်း၏ ဤလုပ်ရပ်ကြောင့် အံ့အားသင့်သွားသည်။
ခုနကမှ ရောင်းပြီး ခုမှ ပြန်ဝယ်တာလား
ဒါ ဘယ်လိုမျိုးလဲ
အရောင်းဝန်ထမ်း အနည်းငယ် တောင့်ခနဲဖြစ်ပြီး ဒေါသတကြီး "ခင်ဗျား ကျွန်တော့်ကို လာနောက်နေတာလား" ဟု ပြောလိုက်သည်။
ထန်ထျန်း မျက်နှာအမူအရာက ပုံမှန်အတိုင်းပင် "ကျွန်တော်က ပစ္စည်းဝယ်ချင်ရုံပဲ၊ မဟုတ်ရင် ခင်ဗျားပဲ စိတ်ဝိညာဉ်ကျောက် တစ်တုံးတန်တဲ့ ပစ္စည်းတစ်ခု ရှာပေးပါ" ဟု ပြောလိုက်သည်။
အရောင်းဝန်ထမ်း အံ့အားသင့်သွားသည်။ သူသည် ဒီလိုထူးဆန်းသည့် ဝယ်ယူသူမျိုးကို ပထမဆုံးအကြိမ် တွေ့ဖူးခြင်းပင်။
သူက စိတ်မရှည်စွာဖြင့် "ကျွန်တော်တို့မှာ စိတ်ဝိညာဉ်ကျောက် တစ်တုံးတန်တဲ့ အဆင့်နိမ့်ပစ္စည်း မရှိပါဘူး၊ ခင်ဗျား တကယ်ဝယ်ချင်တယ်ဆိုရင် ယန်ယွမ်ဆေးလုံး ပုလင်း တစ်ဝက်ပဲ ပေးနိုင်မယ်" ဟု ပြောလိုက်သည်။
ပြောပြီးသည်နှင့် သူသည် ခုနက ယန်ယွမ်ဆေးလုံး ပုလင်းထဲမှ တစ်ဝက်ကို သွန်လိုက်သည်။
တူညီသော ယန်ယွမ်ဆေးလုံး၊ ရောင်းတုန်းက စိတ်ဝိညာဉ်ကျောက် တစ်တုံး ယခုဝယ်သည့်အခါတွင်မူ တစ်ဝက်သာ ရရှိပေသည်။
ပုံမှန်အခြေအနေအရဆိုလျှင် မည်သူမျှ ထိုသို့သော အရောင်းအဝယ်ကို ပြုလုပ်လိမ့်မည် မဟုတ်ပေ။
သို့သော် ထန်ထျန်းမှာမူ ပြုံးယောင်သန်းနေသည်။
"ရပါတယ်"
ထို့နောက် သူက စိတ်ဝိညာဉ်ကျောက်ကို ချထားလိုက်ပြီး ယန်ယွမ်ဆေးလုံး တစ်ဝက်ကို အမြန်ယူလိုက်သည်။ အရောင်းဝန်ထမ်း စိတ်ပြောင်းသွားမည်ကို ကြောက်နေသကဲ့သို့ပင်။
ဤလုပ်ရပ်ကြောင့် ဘေးမှ ဖန်ဖေးက ချက်ချင်း အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်သည်။ "လင်းယွဲ့၊ သူက ဆင်းရဲရုံတင်မကဘူး၊ ဦးနှောက်ပါ ချို့ယွင်းနေတာပဲ"
ဖန်ဖေးတင်မက ကျင်းယွီခန်းမမှ အရောင်းဝန်ထမ်းနှင့် ဘေးနားရှိ အခြားကျင့်ကြံ သူအချို့ပင် ကြည့်မိကြသည်။ ဤကဲ့သို့ ပစ္စည်းရောင်းဝယ်သူမျိုးကို သူတို့လည်း ပထမဆုံးအကြိမ် တွေ့ဖူးခြင်းပင်။
သို့သော် ထန်ထျန်း၏ မျက်နှာတွင်မူ အပြုံးများ ပိုမိုဝေဆာလာခဲ့သည်။
အကြောင်းမှာ စနစ်၏ အသိပေးသံက သူ၏ ခေါင်းထဲတွင် ထွက်ပေါ်လာခဲ့ပြီ ဖြစ်သောကြောင့်ပင်။
"သင်သည် အောင်မြင်စွာ သုံးစွဲမှုတစ်ခု ပြုလုပ်ခဲ့ပြီး ပုံမှန်အရောင်းအဝယ် ကန့်သတ်ချက်အတွင်း သုံးစွဲမှုအမှတ် 0.0001 မှတ် ရရှိခဲ့သည်"
"သင်သည် အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက် တစ်တုံး ကို အောင်မြင်စွာ သုံးစွဲခဲ့ပြီး သုံးစွဲမှု ပြန်အမ်းငွေကြောင့် အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက် +၂ ရရှိသည်"
စနစ်အတွင်းပိုင်းတွင် ငြိမ်သက်စွာရှိနေသည့် အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက် နှစ်တုံးကို ကြည့်ရင်း ထန်ထျန်းက အတိုင်းမသိ ကျေနပ်မှုကို ခံစားလိုက်ရသည်။
ထို့နောက် အမျိုးမျိုးသော အံ့အားသင့်သည့် အကြည့်များကြားမှ သူက စိတ်ဝိညာဉ်ကျောက် နှစ်တုံး ကို ထုတ်ယူကာ ကောင်တာပေါ်တွင် တင်လိုက်သည်။
"ကဲ၊ ဒီတစ်ခါတော့ ယန်ယွမ်ဆေးလုံး တစ်ပုလင်း အပြည့် ပေးပါ"