အရိုးများကို ချိုးကာ အမှုန့်များ ဖြစ်သွားစေမည်
Vol. 1 Ch. 24
“မင်းက ငါ့အသက်ကို လိုချင်တာလား”
ဤကဲ့သို့ သေရေးရှင်ရေး ဖြစ်နေသော အခြေအနေတွင် မာဖေးသည် သိဝင်လာခဲ့သည်။ ငွေရောင်ဓားမြှောင်လေး တစ်ချောင်းသည် သူ့လက်တွင်းမှ ထွက်ပေါ်လာခဲ့သည်။ ဓားကို ပြုလုပ်ထားသော အသားကို ကြည့်လျှင် အဆင့်မြင့် လက်နက်တစ်ခု ဖြစ်မည်မှာ သေချာသည်။
“နဂါးအဆိပ် သိုင်းကွက်”
မာဖေးသည် အော်ဟစ်လိုက်သည်။ အတွင်းအားများသည် သူ၏လက်ဝါးမှ ဖြာထွက်လာခဲ့သည်။ ငွေရောင် ဓားမြှောင်လေးသည် ကျောချမ်းစရာ အငွေ့အသက်တို့နှင့် ပိုမို တောက်ပလာခဲ့သည်။ ဓားမြှောင်လေးသည် သူ၏လက်ထဲတွင် လည်ပတ် သွားပြီးနောက် ကျန်းရီ၏လက်သီး ရှိရာသို့လေထုကို ပစ်ခွင်း၍ တိုးဝင်လာခဲ့သည်။
တကယ့် တန်ဖိုးကြီးလက်နက် တစ်ခုပဲ ဒီလူငယ်သည် မာမိသားစုတွင် မြင့်မားသော အဆင့်အတန်းတစ်ခု ပိုင်ဆိုင်ထားသည် ထင်သည်။
လက်နက်များကို အဆင့်နိမ့်သည်မှ မြင့်ရာသို့ အမျိုးအစား လေးခု ခွဲခြားထားသည်။ ကြီးမားလေးလံသည့် လက်နက်၊ တန်ဖိုးကြီး လက်နက်၊ နတ်ဘုရား အဆင့် လက်နက်နှင့် အနှိုင်းမဲ့ လက်နက်တို့ ဖြစ်ကြသည်။
ကျန်းရီသည် ဆွံ့အနေခဲ့သည်။ သူသည် ဤကဲ့သို့ အဖိုးတန်ရတနာမျိုးကို တစ်ကြိမ်သာ မြင်ဖူးခဲ့သည်။ ထိုတစ်ကြိမ်သည် လွန်ခဲ့သော နှစ်နှစ်က ဂိုဏ်း၏ ဆုချီးမြှင့်ပွဲတွင် ကျန်းဟန်ရွှေ၏ လက်ထဲတွင် တွေ့ခဲ့ရခြင်း ဖြစ်သည်။
“ပုံရိပ်ယောင် လက်သီး”
ကျန်းရီသည် သူ၏သိုင်းကွက်ကို ချက်ချင်းပြောင်းလဲ လိုက်သည်။ သူ၏လက်သီးသည် ပုံရိပ်ယောင် သုံးခုအဖြစ် ခွဲထွက်သွားကာ မာဖေးဆီ ပျံသန်းသွားခဲ့သည်။
ဟမ့်...သည်ကောင်စုတ် လေးက ဒီလိုမျိုး တိုက်ခိုက်နိုင်တယ်။ သူက သဏ္ဌာန်သုံးဆင့် အသွင်ပြောင်းခြင်း ဒုတိယအဆင့်မှာပဲ ရှိသေးတာ မဟုတ်ဘူးလား...လက်သီး တစ်ခုမှသည် သုံးခုအဖြစ် ပြောင်းလဲ သွားသည်ကို ရုတ်တရက် မြင်လိုက်သောအခါ မာဖေးသည် အံ့အားသင့်မှုကို ခံစားလိုက်ရသည်။ သူသည်အံကို တင်းတင်းကြိတ်ကာ ငွေရောင် ဓားမြှောင်လေးကို ကျန်းရီ၏ ရင်ဘတ်ထံ ဦးတည်ရာ ပြောင်းလဲ စေလိုက်သည်။ ကျန်းရီသာ သူ့ကိုပုံရိပ်ယောင် လက်သီးနှင့် ထိုးဝံ့လျှင် ကျန်းရီ၏ရင်ဘတ်သည် ရုပ်ပျက်ဆင်းပျက် ဖြစ်သွားသည်မှာ သေချာနေခဲ့သည်။
“ဝှစ်”
ကျန်းရီ၏ လက်သီးသည် တုံ့ဆိုင်းနေခြင်း မရှိဘဲ ကြယ်ကြွေသကဲ့သို့ လေထုကို ဖြတ်သန်းသွားခဲ့သည်။ သို့သော် သူတို့သည် မာဖေး၏ လက်ဝါးများနှင့် ထိတွေ့သွားသာအခါ လက်သီးများသည် ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည်။ လက်တစ်ဖက်သည် ရေမှော်ပင်ကဲ့သို့ ကွေ့ဝိုက်ကာ မာဖေးဆီ တိုးဝင်သွားခဲ့သည်။
ကျန်းရီသည် အနက်ရောင် အတွင်းအားတစ်မျှင်ကို သူ၏မျက်လုံးဆီ စောစောကပင် ပို့ဆောင်ထားပြီး ဖြစ်သည်။ ထို့ကြောင့် သူသည် မာဖေး၏ ဓားဦးတည်ရာ လမ်းကြောင်းကို ကြိုတင် ခန့်မှန်းနိုင်ခဲ့သည်။ ထိုဓားကို လက်နှင့် ဖမ်းရလောက်အောင် သူသည် အရူးမဟုတ်ပေ။
“အား”
ကျန်းရီသည် သိုင်းကွက် တစ်ခုကို ထပ်မံပြောင်းလဲ လိုက်ပြန်သည်။ မာဖေးသည် တိုက်ခိုက်မှုကို ရှောင်တိမ်းရာမှ မဖြစ်နိုင်သောကြောင့် သူ၏ လက်ကောက်ဝတ်သည် လွယ်လွယ်ကူကူပင် ဖမ်းဆုတ်ခြင်း ခံလိုက်ရသည်။ ကျန်းရီသည် အားစိုက်ကာ မာဖေး၏ လက်ကောက်ဝတ်ကို ချိုးလိမ်လိုက်သည်။ နာကျင်မှုကြောင့် မာဖေးသည် သူ၏ ဓားမြှောင်ကို ထိန်းချုပ်နိုင်စွမ်း မဲ့သွားခဲ့သည်။
“ဝှစ်”
ကျန်းရီ၏ အခြား လက်တစ်ဖက်သည် မာဖေး၏ မျက်နှာဆီ တည့်တည့်ပစ်ဝင် သွားခဲ့သည်။ သူ၏ နှာခေါင်းမှ သွေးများလျှံထွက် လာကာ နောက်သို့ ဆုတ်သွားရသည်။ မြေပြင်ပေါ်ကို ကျလာတာ ကျန်းရီသည် လွင့်ကျလာသော ဓားမြှောင်ကိုဖမ်းလိုက်ကာ လျှပ်စီးလက်သလို အရှိန်နှင့် မာဖေး၏လည်ချောင်းကို ထောက်ထားလိုက်သည်။ သူသည် အေးစက်စွာ အမိန့်ပေးလိုက်သည်...
“မင်းတို့ သခင်လေးကို မသေစေချင်ရင် အားလုံး ရပ်လိုက်ကြ ”
“ကျွတ်..ကျွတ်”
အိမ်တော်ထိန်း လျှိုသည် ကျန်းရီရှိနေသော နေရာနှင့် တစ်မီတာ၏ သုံးပုံနှစ်ပုံခန့် အကွာတွင်သာ ရှိနေခဲ့သည်။ အစောင့်များမူကား ကျန်းရီ၏ နှစ်ဖက်လုံးတွင် တိုက်ခိုက်ရန် အဆင်သင့် ရှိနေခဲ့ကြသည်။ ထိုခဏတွင် သူတို့အားလုံးသည် တိုက်ခိုက်မှု အားလုံးကို ရပ်တန့်ခဲ့ကြပြီး နောက်သို့ ဆုတ်သွားခဲ့သည်။
မာဖေးသည် မာမိသားစုတွင်းတွင် မြင့်မားသော အဆင့်အတန်းရှိရာ မာဖေးသာ သေဆုံးသွားလျှင် သူတို့အားလုံးလည်း သေရမည်မှာ ကျိန်းသေပင်။ ပုံမှန်အားဖြင့် သူတို့သည် ထိုအကျိုးဆက်ကို မခံစားလိုကြပေ။
အိမ်တော်ထိန်း လျှို၏ မျက်လုံးထဲတွင် ရက်စက်သော အရိပ်အယောင်များ ယှက်သန်းနေခဲ့သည်။ သူသည် ကျန်းရီကို အော်ပြောလိုက်သည်။
“ကျန်းဂိုဏ်ရဲ့ လူယုတ်မာကောင် ငါ့သခင်လေးကို အခုချက်ချင်း လွှတ်ပေး မဟုတ်လျှင် မင်းအခု သေရမယ်”
ကျန်းရီသည် ဓားမြှောင်ကို ပို၍ပင် တင်းတင်းကျပ်ကျပ် ဖိလိုက်သည်။ သူသည် အနည်းငယ်ပို၍ အားသုံး လိုက်သည်နှင့် မာဖေး၏ လည်ပင်းကို အလွယ်တကူ ထိုးဖောက် သွားလိမ့်မည် ဖြစ်သည်။ ကျန်းရီ၏ အေးစက်သော အကြည့်သည် လူတိုင်းအပေါ် ဖြတ်သန်း သွားခဲ့ပြီး အော်ပြောလိုက်သည်။
“မင်းတို့အားလုံး နောက်ကို ဆယ်ပေဆုတ်ကြ ”
“နောက်ဆုတ်ကြ”
အကြီးအကဲလျှိုသည် နောက်ကို စတင် ဆုတ်လိုက်ကာ အံကြိတ်ရင်း အမိန့်ပေးလိုက်သည်။ အခြား အစောင့်များသည်လည်း နောက်သို့ အလျင်အမြန် ဆုတ်လိုက်ကြသည်။ ယနေ့ ဖန်းယွီ ဆောင်ကြာမြိုင်သည် မဖွင့်သည်မှာ ကံကောင်းပေသည်။ အပျော်မယ်များသည် အပေါ်ထပ်တွင်သာ ရှိကြသည်။ သို့မဟုတ်ပါလျှင် ရုတ်ရုတ်သဲသဲ ဖြစ်သွားမည်မှာ သေချာပေါက်ပင်။
“ကောင်းတယ်...ကောင်းတယ်...ခွေးကောင်လေး”
သူသည် ကျန်းရီ၏ အသတ်ခံရလု နီးပါး ဖြစ်သွားသည်ကို တွေးမိလျှင် မာဖေး၏ အသံသည် ရှက်ရွံ့စွာ ဒေါသသကြီး ထွက်ပေါ်လာခဲ့သည်။
ကျန်းရီသည် သူ့ကို အဖတ် မလုပ်ချေ။ မာဖေး၏ လည်ပင်းပေါ်ရှိ လက်သည် အလျင်အမြန် လှုပ်ရှားသွားခဲ့ပြီး မာဖေး၏ လက်ကို တစောင်းရိုက်ချ လိုက်သည်။ မာဖေး၏ လက်တွင်းမှ အမိန့်ပေး တံဆိပ်ပြားသည် လွတ်ကျသွားခဲ့သည်။ ကျန်းရီသည် အမိန့်ပေး တံဆိပ်ပြားကို အမြန်ဖမ်းလိုက်ပြီး ခပ်လှမ်းလှမ်းတွင် ထားလိုက်သည်။ ထို့နောက်တွင် သူသည် မာဖေး၏ လည်ပင်းကို ပြန်ချုပ်ထား လိုက်ပြီး ဟန်ဆောင်ပြုံးကာ မေးလိုက်သည်။
“သခင်လေးမာ...မင်းအဖေက တခြားသူတွေကို ကိုယ်ချင်းစာစိတ် ထားရမယ်ဆိုတာ သင်မပေးလိုက်ဘူးလား...ငါ့လက်လေးသာ အမှတ်တမဲ့ လှုပ်လိုက်ရင် မင်းက မြေအောက်လောက အရှင်ဆီ တန်းတန်းမတ်မတ် ရောက်သွားလိမ့်မယ်”
“ဟား...ဟား...”
မာဖေးသည် ရယ်မောလိုက်သည်။ သူသည် နောက်ကိုလှည့်ကာ ကျန်းရီကို သတ်ဖြတ်ချင်စိတ် အပြည့်ဖြင့် ပြောလိုက်သည်။
“မြေအောက်လောက အရှင်နဲ့ တွေ့ရမယ်...မင်းက ဒီသခင်လေးကို သတ်ရဲလို့လား...ငါ့အဖေက မာယုံ...မင်းငါ့ကိုသတ်ဖို့ သတ္တိ ရှိတယ် ဆိုရင်တောင် ကျန်းဂိုဏ်ချုပ်က မင်းကို ကယ်နိုင်မှာ မဟုတ်ဘူး...ဒီနေ့ မင်းလုပ်ခဲ့တာနဲ့ ပတ်သက်ပြီး အဆတစ်ရာ ပြန်ခံစားရအောင် လုပ်ပေးမယ်...ငါမာဖေးက မင်းကို အသုံးမဝင်တဲ့ကောင် ဖြစ်အောင် မလုပ်နိုင်ဘူးဆိုရင်...ငါ့ကိုယ်ငါ အဆုံးစီရင်လိုက်မယ်...”
“ဟူး...”
မာဖေး၏ စကားလုံးများသည် ကျန်းရီကို တုန်လှုပ်သွားခဲ့သည်။ သူသည်သက်ပြင်း တစ်ချက်ချလိုက်ပြီး ခေါင်းယမ်းကာ ပြောလာခဲ့သည်။
“မင်းတို့ လူပေါ်ကြော့ သခင်လေးတွေရဲ့ ဦးနှောက်က ချီးတွေနဲ့ပဲ ပြည့်နေတာလား...မင်းကငါ့ကို အနှေးနဲ့အမြန် အရှုံးပေးရမှာပါပဲ...အနည်းဆုံးတော့ ဒီသခင်လေးက အဆုံးသတ်ခါနီး နေတာ မဟုတ်ဘူးလေ...ဟုတ်တယ်မလား...”
“ဝှစ်”
ကျန်းရီသည် ဓားမြှောင်ကို အလျင်အမြန် မြောက်လိုက်ခါ ဒန်တျန်းရှိရာ နေရာကို တိုက်ရိုက်ဦးတည်ကာ မာဖေး၏ ဝမ်းဗိုက်ဆီဓားနှင့် ထိုးချလိုက်သည်...
“မဟုတ်ဘူး...မလုပ်နဲ့...”
“ရပ်လိုက်”
“ကျန်းဂိုဏ်းရဲ့ မျိုးမစစ်ကောင် ရဲတင်းလိုက်တာ...”
အိမ်တော်ထိန်းလျှိုနှင့် အစောင့်များသည် ချောက်ချားစွာ အော်ဟစ်လိုက်သည်။ သို့သော် သူတို့သည် မာဖေး၏ ဝမ်းဗိုက်ထဲသို့ ငွေရောင်ဓားမြှောင် ဝင်သွားသည်ကို ကြည့်နေရုံမှ တစ်ပါး ဘာမှ မတတ်နိုင်ခဲ့ပေ။
ငါလုပ်လိုက်ပြီ…
အိမ်တော်ထိန်းလျှိုသည် တုန်လှုပ်သွားကာ ကြမ်းပြင်ပေါ်သို့ ပစ်လဲသွားသည်။ သူသည် ကျန်းဂိုဏ်း၏ လူငယ်မှာ ထိုမျှ ရက်ရက်စက်စက် လုပ်ရဲလိမ့်မည်ဟု ထင်မထားခဲ့ပေ။ မာဖေးသည် ဒန်တျန်း ပျက်စီး သွားသောကြောင့် တစ်သက်တာတွင် အသုံးမဝင် ဖြစ်သွားခဲ့လေပြီ။ သူတို့ကို စောင့်ကြိုနေသော ကံကြမ္မာကား လှပလိမ့်မည် မဟုတ်ချေ။
“အား...အား...အား...”
ကျယ်ကျယ်လောင်လောင် အော်ဟစ်လိုက်သံသည် ထွက်ပေါ်လာခဲ့သည်။ မာဖေးသည် ဝမ်းဗိုက်ဆီမှ နာကျင်မှုကို ခံစားနေရသည်။ ကျန်းဂိုဏ်းမှ မျိုးမစစ်ကောင်သည် သူ့ကို အသုံးမဝင် ဖြစ်အောင် လုပ်ဝံ့ခဲ့သည်...သူတကယ်ကြီးကို လုပ်ရဲသည်လား...
ရှောင်နူ...ဒီသခင်လေးက မင်းအတွက် လက်စားချေပေး ပြီးပြီ။
ကျန်းရီသည် မျက်လုံးများကို မှိတ်ကာ သက်ပြင်းရှည်တစ်ချက် ချလိုက်သည်။ သူသည် ဓားမြှောင်ကို မာဖေး၏ ရင်ဘတ်ဆီ ထပ်မံချိန်ရွယ်ကာ ထိုးချလိုက်သည်။ သူသည် အိမ်တော်ထိန်းလျှိုကို ကြည့်ကာ အော်ပြောလိုက်သည်...
“ဖန်းယွီ ဆောင်ကြာမြိုင်နှင့် ငါ့ရဲ့ ရန်ငြိုးက ဒီမှာ ပြီးပြီ...မာမိသားစုက ငါ့ကို လက်စားချေဖို့ လာရှာချင်တယ်ဆို လွတ်လွတ်လပ်လပ် လာရှာနိုင်တယ်...အိမ်တော်ထိန်း...ငါ့ရဲ့ခရမ်းရောင် ရွှေတွေကို ပြန်ပေး...မဟုတ်ရင် မင်းရဲ့သခင်လေးက အသုံးမဝင်တဲ့လူ ဖြစ်သွားရုံတင် မကဘူး သေပါသွားလိမ့်မယ်”
ကျန်းရီ၏ ကြေညာချက်သည် အိမ်တော်ထိန်းလျှိုကို ပို၍ချောက်ချား သွားစေခဲ့သည်။ သူသည် ကျန်းရီ ပေးထားသော ရွှေသစ်ရွက်လေးကို သူ၏ဝတ်ရုံထဲမှ ထုတ်လာကာ ကျန်းရီကို ပစ်ပေးလိုက်သည်။ ကျန်းရီသည် လက်တစ်ဖက်နှင့် ဖမ်းလိုက်ကာ မာဖေးကို ဆွဲရင်း တံခါးဝဆီ တစ်လှမ်းချင်း သွားလိုက်သည်။ တံခါးအပြင်ဘက် ရောက်သောအခါ သူသည် မာဖေးကို ကန်ထုတ်လိုက်သည်။ မာဖေး၏ ဓားမြှောင်ကား သူ၏လက်ထဲတွင် ရှိနေဆဲဖြစ်သည်။
“မျိုးမစစ်လေး မင်းဘယ်ကိုသွားဖို့ စဉ်းစားနေတာလဲ...”
အစောင့် သုံးယောက်သည် ဒေါသတကြီး ပြေးလိုက်လာကြသည်။ သို့သော် အိမ်တော်ထိန်း လျှိုသည် အော်ပြောလာခဲ့သည်။
“ပြေးလိုက်လည်း အသုံးမဝင်ဘူး...စွမ်းအား နည်းနည်းလေးနဲ့ မင်းတို့အခန်းကို မင်းတို့ပြန်တာ ပိုမကောင်းဘူးလား...”
လူသုံးယောက်သည် ရှက်ရွံ့စွာ နောက်ပြန်ဆုတ် လိုက်ကြသည်။ သူတို့ အားလုံးထဲတွင် အိမ်တော်ထိန်းလျှိုသည် အားအကောင်းဆုံး ဖြစ်သည်။ သူတောင် ကျန်းရိ၏ ပြိုင်ဘက်မဟုတ်လျှင် ကျန်သူများ ပြေးလိုက်သည်မှာ အဓိပ္ပာယ် မရှိပေ။ သူတို့သည် မာဖေးကို ဒဏ်ရာများ ကုသရန် အခန်းတစ်ခုအတွင်း ချက်ချင်း ခေါ်သွားခဲ့သည်။
“အစေခံတွေ ဂိုဏ်းကို အခုချက်ချင်း သွားအကြောင်းကြား...အိုး...မေးလိုက်တော့...မင်းတို့တွေက သခင်လေးကို ကောင်းကောင်း ဂရုစိုက်လိုက်...ငါပဲသွားတောင်းပန် လိုက်မယ်”
သူသည် အပြင်ဘက်သို့ ခြေတစ်လှမ်း လှမ်းရုံမျှပင် ရှိသေးသည်။ အေးစက်စက် အသံတစ်ခုသည် ထွက်ပေါ် လာခဲ့သည်။
“နေဦး...နေဦး”
“သခင်လေး...ညွှန်ကြားစရာ တစ်ခုခုများ ရှိပါသလား”
အိမ်တော်ထိန်း လျှိုသည် မာဖေးကို အလျင်အမြန် ပြန်ကြည့်လိုက်သည်။ သူသည် အေးစက်ပြီး ကြောက်စရာ ကောင်းသော မျက်လုံးအစုံနှင့် တွေ့မိသောအခါ ကြက်သီးများသည် ကျောရိုးတစ်လျှောက်မှပင် စိမ့်တက်လာခဲ့သည်။
မာဖေးသည် မျက်လုံးများကို ပိတ်ကာ အသံပြင်းပြင်း တစ်ချက်ရှူလိုက်သည်။ ခဏမျှ နားလိုက်ပြီးနောက် သူသည် ဆက်ပြော လာခဲ့သည်။ ဒီမတော်တဆမှု အကြောင်းကို ဂိုဏ်းကို အကြောင်းမကြားနှင့်။ ငါ့အဖေကိုပဲ လျှို့ဝှက် သတင်းပို့ပေး။ ပြီးတော့ ဆယ်ရက်အတွင်း ငါ့ကိုဒီလို လုပ်သွားတဲ့ မျိုးမစစ်ကောင် အကြောင်း အားလုံး သိချင်တယ်။ မလုပ်နိုင်ဘူး ဆိုရင် မင်းတို့ အသက်တွေ ဆုံးပြီးလို့ မှတ်လိုက်တော့”
အိမ်တော်ထိန်း လျှိုသည် စိတ်သက်သာရာ ရသွားကာ တည်ငြိမ်သော လေသံနှင့် ပြန်ဖြေလိုက်သည်။ မာဖေးသည် ဂိုဏ်းကိုအကြောင်း မကြားစေချင်လျှင် သူတို့သည်လည်း ဂိုဏ်၏ အပြစ်ပေးခြင်းကို ခံရတော့မည် မဟုတ်ချေ။ ကျန်းရီအကြောင်းကို စုံစမ်းမို့လား...သူတို့သာ ကျန်းရီနှင့် ကျန်းရှောင်လူ၏ ပုံတူပန်းချီများကို ဆွဲကာ ကျန်းဂိုဏ်၏ အစေခံများကို ပိုက်ဆံပေး မေးမြန်းလိုက်လျှင် အချက်အလက် အားလုံးကို ရနိုင်ပေသည်။
ကျန်းဂိုဏ်းရဲ့ မျိုးမစစ်ကောင်...
မာဖေးသည် အိမ်တော်ထိန်းလျှိုကို ထပ်မံဂရုစိုက် မနေတော့ပဲ မျက်နှာကြက်ကိုသာ ခါးသီးစွာ စိုက်ကြည့် နေခဲ့သည်။ ငါ...မာဖေး..မင်းရဲ့ အရိုးတွေကို ချိုးပစ်ပြီး မင်းရဲ့ ပြာတွေကို တစ်စစီ ကြဲပစ်မယ်လို့ ကျိန်ဆိုတယ်...အဲဒီလိုမှ မလုပ်နိုင်ရင် ငါ့ကိုယ်ငါ အဆုံးစီရင် ပစ်မယ်...
***
ကျန်းရီသည် သိုင်းခန်းမသို့ တိုက်ရိုက် ပြန်မသွားခဲ့ပဲ အိမ်သို့သာ အမြန်ပြန်လာခဲ့သည်။ ကျန်းအိမ်တော်ဝင်း အတွင်း ခြေချမိသော အခါမှသာ စိတ်အေးသွားခဲ့သည်။
ကျန်းရုလုံသည် မာမိသားစုမှ လူနှစ်ယောက်ကို အိပ်ရာမှ မထနိုင်သည်အထိ ရိုက်လွှတ်လိုက် သော်လည်း မာမိသားစုသည် ကျန်းအိမ်တော်၏ တံခါးကို လာမခေါက်ရဲခဲ့ပေ...ထို့ကြောင့် ကျန်းရီသည် သူ့အိမ် ကျန်းအိမ်တော် အတွင်း ရှိသရွေ့ ဘေးကင်းနေမည်ကို သိခဲ့သည်။
မာဖေးသည် ကျန်းရီထက် နှစ်နှစ်သုံးနှစ်မျှ ပိုကြီးသော်လည်း သဏ္ဌာန်သုံးဆင့် အသွင်ပြောင်းခြင်း စတုတ္ထ အဆင့်တွင်သာ ရှိသည်ကို ကြည့်ခြင်းအားဖြင့် မာဖေး၏ စွမ်းရည်သည် အကန့်အသတ် ရှိသည်မှာ အသေအချာပင်။ သူသည် အသုံးမဝင်သူ တစ်ယောက် ဖြစ်သွားသော်လည်း မာမိသားစုသည် ရေးကြီးခွင့်ကျယ် လုပ်မည် မဟုတ်ချေ...အများရှိမှ မာဖေး၏ အဖေသည် ဒေါသတကြီး ဖြစ်ပြီး ကျန်းရီကို ချောင်းမြောင်း သတ်ဖြတ်ရန် ကြိုးစားလိမ့်မည်။
ထို့ကြောင့် ကျန်းရီသည် သိုင်းခန်းမအစား ကျန်းအိမ်တော်သို့ ပြန်ရန်သာ ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ သူသာ ကျန်းအိမ်တော်နှင့် သိုင်းခန်းမကို သွားလိုက်ပြန်လိုက် လုပ်နေပါလျှင် ဆယ်ရက်ထက် အသက်ပိုရှင်နိုင်မည် မဟုတ်ချေ။
သူသည် အပြန်လမ်းတွင် လအနည်းငယ် ပုန်းနေရန် စဉ်းစားလာခဲ့သည်။ သူ့ကိုယ်သူ ကာကွယ်နိုင်သော အခါတွင်မှသာ သူ့စိတ်ကြိုက် သွားလာနိုင်ပေမည်။ သူသည် ကျန်းအိမ်တော် အတွင်းတွင် ဘေးကင်းသော်လည်း သိုင်းခန်းမတွင် သိုင်းလေ့ကျင့်ဖက် အဖြစ် ငါးနှစ်တာ အလုပ် လုပ်ရပေဦးမည်။ သဘောတူညီမှုကို ဖောက်ဖျက်မည် ဆိုလျှင် အကျိုးဆက်သည် မာမိသားစုကို အပြစ်လုပ်သည် ထက်ပင် ပိုမို ပြင်းထန်ပေသည်...
သူသည် သိုင်းခန်းမတွင် လအနည်းငယ် ပုန်းမနေခင် ကျန်းဂိုဏ်းအတွင်းရှိ သူ့ကိစ္စများကို အရင်ရှင်းရန် လိုအပ်ပေသည်။
“သုံးလ...သုံးလပြီးရင် မာမိသားစုက ငါရှိတဲ့နေရာကို ရှာတွေ့မှာ မဟုတ်ဘူး...ငါ့ရဲ့ ကျင့်ကြံဆင့်ကလည်း အနည်းဆုံး သဏ္ဌာန်သုံးဆင့် အသွင်ပြောင်းခြင်း စတုတ္ထအဆင့် ဒါမှမဟုတ် ပဉ္စမအဆင့်ကို ရောက်နေလောက်ပြီ...အနက်ရောင် အတွင်းအားနဲ့ ပေါင်းစပ်လိုက်ရင် ငါ့စွမ်းအားက သဏ္ဌာန်သုံးဆင့် အသွင်ပြောင်းခြင်း အဋ္ဌမအဆင့်လောက်ကို ရောက်သွားမယ်...အဲဒီအချိန်လောက်ဆို မာမိသားစုက လုပ်ကြံသူတွေ လွှတ်လိုက် ရင်တောင် ဒီသခင်လေးက ကြောက်စရာ မလိုတော့ဘူး...သူတို့က ခရမ်းရောင် နန်းတော်ရှင် အဆင့်ရှိသူ တစ်ယောက်ကို ပို့လိုက်ရင်ရော”
ကျန်းရီသည် ပြေးလွှားရင်းနှင့်ပင် ရေရွတ်နေခဲ့သည်။ သူ့အိမ်ခြံဝင်းလေးကို ကြည့်ရင်း သူ့မျက်နှာသည် စိုးရိမ်မှုတို့ဖြင့် ညှိုးငယ်နေခဲ့သည်။ သိုင်းခန်းမသည် အခြားလူ တစ်ယောက် ခေါ်လာခြင်းကို လုံးဝ တားမြစ်ထားခဲ့သည်။ သို့သော် သူသည် ရှောင်နူကဲ့သို့ ရိုးရိုးအအ မိန်းကလေး တစ်ယောက်ကို အိမ်တွင် တစ်ယောက်တည်း မည်သို့ စိတ်ချလက်ချ ထားခဲ့နိုင်ပါမည်နည်း...
***