ငါတို့ သုံးယောက်ပဲ ရှိတယ်
Vol. 20 Ch. 290
လျူယောင် အနည်းငယ် အံ့အားသင့်သွားသည်။
လျူယောင်ရဲ့ အံ့အားသင့်မှု့ကို သတိပြုမိပုံရတဲ့အတွက် ဂျိီးစနက်က ရှင်းပြလိုက်သည်။
"မစ္စတာလျူ... ကျွန်တော့်အဖေက ယန်တိုင်းပြည်သွေးတစ်ဝက်ပါပါတယ်..ကျွန်တော့်ရဲ့ မန်ဒရင်စကားကိုလည်း ကျွန်တော့်အဖေက သင်ပေးခဲ့တာပါ..."
ထိုသို့ဖြင့် လျူယောင်လည်း အခြေအနေကို နားလည်သွားသည်။
ဒီလူ မန်ဒရင်စကား ပြောနိုင်တာက သူ့အတွက် ပိုမိုသက်သောင့်သက်သာ ဖြစ်စေသည်။ဘာကြောင့်လဲဆိုတော့ သူ့ ရဲ့ အင်္ဂလိပ်စကားက အနည်းငယ် ပြောဆိုရန် ခက်ခဲတာကြောင့် ဖြစ်သည်။
ဂျိီးစနက်က အသေးစိတ် ရှင်းပြလိုက်သည်။
"မစ္စတာလျူ ကျွန်တော်တို့ ရှင်းလင်းစွာ စုံစမ်းပြီးပါပြီ... အဲရဖက်က လက်ရှိ ရုဒ် လက်နက်ကိုင်အဖွဲ့ ထိန်းချုပ်ထားတဲ့ တာကီ လို့ခေါ်တဲ့ မြို့ငယ်လေးတစ်ခုမှာ ရှိနေပါတယ်.. အဲဒီမှာ ရုဒ် လက်နက်ကိုင် အဖွဲ့ဝင် ၁၅၀ ကနေ ၂၀၀ လောက် ရှိပြီး သံချပ်ကာကားတွေ၊ တင့်ကားတွေနဲ့ တခြားလက်နက်ကြီးတွေလည်း ရှိပါတယ်.."
လျူယောင် အာရုံစိုက်ကာ နားထောင်နေသည်။
တာကီ ဘယ်မှာရှိလဲဆိုတာကို သူလည်း သိသည်။အဲ့နေရာကို မော်တော်ကားဖြင့် သွားရင် အနည်းဆုံး ဆယ်နာရီကြာမှာပဲ ဖြစ်သည်။ အဝေးပြေးလမ်းမ မရှိတာကြောင့် ဖြစ်၏။
ဂျိီးစနက်က မဆိုးဘူးလို့ လျူယောင် ခံစားရသည်။ သတင်း အချက်အလက်ကို နားထောင်ပြီးနောက် လျူယောင် မေးလိုက်သည်။
"ငါ တို့ အဲရဖက် ကို တိုက်ခိုက်ဖို့ သွားမယ်... ခင်ဗျား ပူးပေါင်းဖို့ ဆန္ဒရှိလား.."
ဂျိီးစနက်က ပိုပြီး လိမ္မာပါးနပ်သည်။ သူက သဘောတူရန် အလျင်စလို မလုပ် ၊ ဆုကြေးအကြောင်းကိုလည်း မမေးဘဲ ပြန်မေးလိုက်သည်။
"မစ္စတာလျူ..ခင်ဗျားမှာ လူဘယ်နှစ်ယောက်ရှိပါသလဲ.."
လျူယောင် ပြန်ဖြေလိုက်သည်။
"ငါ တို့ သုံးယောက်ပဲ ရှိတယ်"
"သုံးယောက်ပဲလား..."
ဂျိီးစနက် အံ့အားတသင့် ဖြစ်သွားပြီး သတိပေးလိုက်သည်။
"မစ္စတာလျူ..တာကီ မြို့ငယ်လေးမှာ လက်နက်ကိုင် အဖွဲ့ဝင် အနည်းဆုံး ၁၅၀ ရှိပါတယ်..."
လျူယောင် ဂရုမစိုက်ပဲ ပြန်ပြောလိုက်သည်။
"လက်နက်ကိုင် ၁၅၀ ဆိုတော့ ဘာဖြစ်လဲ.. တကယ်တော့ ငါတို့ သုံးယောက်တည်းနဲ့ လုံလောက်ပါတယ်.. ခင်ဗျား ပါလာရင်တော့.. ပိုကောင်းတာပေါ့.. "
"စိတ်မပူပါနဲ့..ခင်ဗျားက တာကီ မြို့ငယ်လေးရဲ့ အပြင်ဘက်မှာပဲ နေရမှာပါ.. လက်နက်ကိုင်တွေ ထွက်ပြေးလာရင် သေနတ်နဲ့ ပစ်ပေးရုံပါပဲ.. မြို့ထဲမှာ ဒုက္ခခံစရာ မလိုပါဘူး... ခင်ဗျားအတွက် ဆုကြေး ဒေါ်လာ ၁ သန်း ကို ကျွန်တော် ပေးနိုင်တယ်..."
"အိုး ဒေါ်လာ ၁ သန်းလား.."
ဂျိီးစနက် အလွန်စိတ်လှုပ်ရှားသွား၏။ သူက ပိုက်ဆံအတွက် ကြေးစားလုပ်နေခြင်း ဖြစ်သည်။ တကယ်လို့ ဒေါ်လာ ၁ သန်းသာ ရရှိပါက ဒီအလုပ်ပြီးတာနဲ့ အငြိမ်းစားယူနိုင်သည်။
"ကောင်းပြီ...ခင်ဗျားကို ကျွန်တော် ကတိပေးတယ်..."
ဂျီးစနက် ပြန် ပြောလိုက်၏။
လျူယောင် ကျေနပ်စွာ ပြုံးလိုက်သည်။ အခြေအနေကို ကောင်းစွာသိတဲ့ ဂျိီးစနက် ပူးပေါင်းပါဝင်လာပါက ပိုမိုအဆင်ပြေမှာပဲ ဖြစ်သည်။
ဒါပေမဲ့ နောက်ထပ် လူနှစ်ဦး သုံးဦး ထပ်ရှိပါက ပိုကောင်းမှာပဲ ဖြစ်သည်။ လျူယောင် အစီအစဥ်ကို ပြောပြလိုက်သည်။
"ခင်ဗျား ကျွန်တော့်အတွက် လူနှစ်ယောက်လောက် ထပ်ရှာပေးပါလား... ဆုကြေးက တစ်ဦးကို ဒေါ်လာ ၅ သိန်း.. ဒါ့အပြင် ရဟတ်ယာဉ်တစ်စီးလည်း ရှာပေးပါအုံး.."
"ကောင်းပါပြီ... ကျွန်တော် ချက်ချင်းသွားလိုက်ပါမယ်.."
ဂျိီးစနက်က ပြန်ဖြေလိုက်သည်။
သူတို့က လေဝံပုလွေကြေးစားအဖွဲ့ မှ ဖြစ်ကြပေမဲ့ ကိုယ်ပိုင်အလုပ်များကို လုပ်ခွင့်ပြုထားသည်။ ခေါင်းဆောင်အချို့လည်း မကြာခဏ ဒီလိုမျိုး ပြုလုပ်ကြပြီး ဂျိီးစနက်လည်း ထိုအထဲမှ တစ်ဦးဖြစ်သည်။
ဂျိီးစနက် ထွက်သွားတာကို ကြည့်ပြီးနောက် လျူယောင် သူ့အိတ်ကပ်မှ ဖန်ပုလင်းငယ်နှစ်ခုကို ထုတ်ယူလိုက်သည်။
"ခဗျားတို့ ဒါကို သောက်လိုက်ကြ...ဒါက . ခင်ဗျားတို့ရဲ့ စွမ်းအားကို ထပ်တိုးတက်စေလိမ့်မယ်...ဒီနေ့ တိုက်ပွဲ ရှိနိုင်တယ်..."
ကျိန့်ကန်းနဲ့ဟီချန်းတို့က ဖန်ပုလင်းငယ်တစ်လုံးစီ ယူလိုက်ကြပြီး စိတ်ထဲတွင် အနည်းငယ် စိတ်လှုပ်ရှားနေသည်။ ဒါက မျိုးရိုးဗီဇပြောင်းဆေး ဆိုတာ သူတို့ သိသည်။
သူတို့ ယခင်က သောက်ခဲ့တဲ့ မျိုးရိုးဗီဇပြောင်းဆေးက အပြာရောင်ပုလင်း ဖြစ်ပေမဲ့ ဒီတစ်ကြိမ်မှာ တော့အဝါရောင်ပုလင်း ဖြစ်နေသည်။
လျူယောင် ပြုံးကာ ရှင်းပြလိုက်သည်။
"ဒါက မျိုးရိုးဗီဇပြောင်းဆေးရဲ့ အဆင့်မြှင့်တင်ထားတဲ့ ဗားရှင်းပဲ..ခင်ဗျားတို့ သောက်ပြီးရင် ခင်ဗျားတို့ရဲ့ ကိုယ်ခန္ဓာကြံ့ခိုင်မှု့က အကြီးအကျယ် တိုးတက်လာလိမ့်မယ်.."
"အဆင့်မြှင့်တင်ထားတဲ့ ဗားရှင်းလား.."
နှစ်ဦးစလုံး ပိုမို စိတ်လှုပ်ရှားသွားကြသည်။ လျူယောင်ကို ကျေးဇူးအမြန်တင်လိုက်ပြီး သူတို့ မဆိုင်းမတွ သောက်လိုက်ကြသည်။
"အား ..အရသာလည်းရှိတယ်...နည်းနည်းချိုတယ်"
သူတို့ သောက်ပြီးနောက် အိမ်မွေးတိရစ္ဆာန်ချပ်ပြားကို လျူယောင် ဖွင့်လိုက်ပြီး သူတို့နှစ်ဦးစီအား ခွန်အား၊ ခန္ဓာကိုယ်ကြံ့ခိုင်မှု့နဲ့ လျင်မြန်မှု့အတွက် အမှတ် ၅၀၀ စီ ပေါင်းထည့်ပေးလိုက်သည်။
သူတို့ကို ယခင်က အမှတ် ၂၀၀ စီ လျူယောင် ပေးခဲ့ဖူးပြီး နှစ်ဦးစလုံးက စူပါမင်းနီးပါး ဖြစ်ခဲ့ကြသည်။ ဒီတစ်ကြိမ်တွင်လည်း အမှတ် ၅၀၀ စီ ထပ်မံပေးလိုက်တဲ့အခါ သူတို့က အစစ်အမှန် စူပါမင်းများ ဖြစ်သွားကြပြီပဲ ဖြစ်သည်။
ခွန်အားနှင့် ပတ်သက်ပြီး သူတို့ရဲ့ ကိုယ်ပိုင်ခွန်အား အမှတ်နဲ့ ပေါင်းလိုက်ရင် အမှတ် ၈၀၀ နီးပါး ရှိမယ်လို့ ခန့်မှန်းရသည်။
အမှတ် ၈၀၀ ခွန်အားက ကားငယ်လေးတစ်စီးကိုပင် မီတာ ၁၀ ကျော်အထိ လွယ်ကူစွာ ပစ်ပေါက်နိုင်ပေသည်။
လျင်မြန်မှု့အမှတ် ၈၀၀ နီးပါးက အမြန်နှုန်းမြင့်မားပြီး တုံ့ပြန်မှု့ မြန်ဆန်တာကြောင့် အခြားသူများက သူတို့ကို ထိနိုင်လိမ့်မည် မဟုတ်ပေ။ သူတို့ရဲ့ တုံ့ပြန်မှု့အမြန်နှုန်းက အလွန်မြန်ဆန်တာကြောင့် ဖြစ်သည်။
ခန္ဓာကိုယ်ကြံ့ခိုင်မှု့အမှတ် ၈၀၀ နီးပါးက အခြေခံအားဖြင့် အလွန်ကြောက်စရာကောင်းလှသည်။ တစ်ဆက်တည်း ၂၀၀ ၃၀၀ ကီလိုမီတာ ပြေးခြင်းက ကြီးမားတဲ့ ပြဿနာမဟုတ်တော့ပေ။
ယခုအခါ သူတို့နှစ်ဦးမှာ အစစ်အမှန် စူပါမင်းများ ဖြစ်နေကြပြီပဲ ဖြစ်သည်။
တကယ်တော့ လျူယောင်က သူတို့ကို အမှတ်များ ပို ပေးနိုင်သေးသည်။လိပ်ကြီးတွင် အမှတ် ၃၀၀၀၀ ကျော် ရှိပြီး ဒါက လိပ်ကြီးရဲ့အမှတ်များကို မလျှော့ဘဲ အခြားသူများကို အမှတ် ၃၀၀၀၀ ကျော် ပေးနိုင်သေးသည်။
လျူယောင် သူတို့ကို အမှတ် ၅၀၀ စီ ပေးတာက လုံလောက်တယ်လို့ ယုံကြည်သည်။ ဒီကမ္ဘာပေါ်တွင် သူက လွဲပီး ထိုနှစ်ဦးနှဲ့ ယှဉ်နိုင်တဲ့သူ မရှိလောက်ပေ။
ဂျိီးစနက်က အလွန်အလုပ်လုပ်နိုင်စွမ်းရှိကာ တစ်နာရီမပြည့်မီ ပြန်လာခဲ့သည်။ သူ့ နောက်တွင် စစ်သားနှစ်ဦးလည်း ပါလာခဲ့သည်။ တစ်ဦးက လူမည်း ပြီး တစ်ဦးက လူဖြူ ဖြစ်ကာ နှစ်ဦးစလုံးက လေဝံပုလွေကြေးစား အဖွဲ့ဝင်များ ဖြစ်ကြသည်။
သူတို့က ရဟတ်ယာဉ်ကိုလည်း ငှားရမ်းလာခဲ့၏။ ငှားခမှာ အတော်လေးစျေးကြီးပြီး ဒေါ်လာ ၁ သိန်း ကုန်ကျသည်။ လျူယောင် လုံးဝ စျေးမဆစ်ဘဲ ချက်ချင်း သဘောတူလိုက်သည်။
လျူယောင်တို့ ခြောက်ဦး ရဟတ်ယာဉ်ပေါ်သို့ တက်ကာ တာကီ ကို ဦးတည် ထွက်လာခဲ့ကြသည်။
ရဟတ်ယာဉ်က မြန်နှုန်းမြင့်မားတာကြောင့် ၅၀၀ ကီလိုမီတာကို နှစ်နာရီပင် မကြာဘဲ ရောက်ရှိခဲ့သည်။
ထိုအချိန်တွင် ရဟတ်ယာဉ်က ပျံသန်းမှု့ အမြင့်ကို လျှော့ချလိုက်ပြီး အောက်ဘက်တွင် ကျယ်ပြန့်တဲ့ ဂိုဘီသဲကန္တာရ ရှိနေ၍ လမ်းတစ်လျှောက်လုံး မြင်တွေ့ခဲ့ရတဲ့ မြင်ကွင်းနဲ့ အတူတူပင် ဖြစ်သည်။
ရှေ့ ၂၀ မှ ၃၀ ကီလိုမီတာအကွာတွင် တာကီ မြို့ငယ်လေး ရှိ၏ ။ ဖုံးကွယ်ထားရန်အတွက် ရဟတ်ယာဉ်ရဲ့ ပျံသန်းနူန်းအမြင့်ကို ထပ်မံလျှော့ချပြီး သဲကန္တာရနဲ့ ကပ်၍ ပျံသန်းနေခဲ့သည်။
တောင်ကုန်းငယ်တစ်ခုရဲ့ နောက်ကျောကို ပျံသန်းပြီးနောက် ရဟတ်ယာဉ်ကို ဆင်းသက်လိုက်ကာ ဂျီးစနက်က ရှင်းပြလိုက်သည်။
"မစ္စတာလျူ... ဒီတောင်ကုန်းပေါ်ကနေ တာကီကို မြင်နိုင်ပြီး အကွာအဝေးက သုံးလေးကီလိုမီတာပဲ ရှိပါတယ်..."
လျူယောင် ခေါင်းညိတ်ပြလိုက်၏။ ရဟတ်ယာဉ် ထွက်ခွာသွားပြီးနောက် လျူယောင် အလုပ်များကို ခွဲဝေ ပေးလိုက်သည်။
ဂျိီးစနက်တို့သုံးဦးက နောက်တန်းတိုက်ခိုက်သူများ ဖြစ်ကြသည်။ အဓိကအားဖြင့် လျူယောင်တို့သုံးဦးအတွက် လက်နက်ခဲယမ်းများကို သယ်ဆောင်ပြီး အပြင်ဘက်တွင် တုန့်ပြန်ရန် တာဝန်ယူရမည် ဖြစ်သည်။ ထွက်ပြေးလာတဲ့ လက်နက်ကိုင်များကို တွေ့ပါက သေနတ်ဖြင့် ပစ်ပေးရန်သာ သူတို့ တာဝန်ယူရသည်။
ဂျိီးစနက်နဲ့ ကျန်နှစ်ဦးက လက်နက်ခဲယမ်းအများအပြားကို သယ်ဆောင်ကာ လျူယောင်တို့သုံးဦးရဲ့နောက်မှ လိုက်ပြီးတောင်ကုန်းပေါ်ကို အတူတူ တက်လာခဲ့ ကြသည်။
တောင်ကုန်းထိပ်တွင် လျူယောင်က မြို့ငယ်လေးရဲ့ အခြေအနေကို မှန်ပြောင်းဖြင့် ကြည့်ရှုခဲ့သည်။ဒါက မြို့ကြီးတစ်မြို့ မဟုတ်ဘဲ မြို့ငယ်လေးဆိုတာထက် ရွာငယ်လေးနှင့် ပိုဆင်တူနေသည်။
အနိမ့်ပိုင်းအဆောက်အအုံများဖြစ်ပြီး ဒေသခံရွာသားများကို မမြင်ရပေမဲ့လက်နက်ကိုင်အချို့ကိုတော့ လျူယောင် မြင်ရသည်။
လျူယောင် မှာခဲ့လိုက်သည်။
"ခဲယမ်းလုံလောက်အောင် ယူပြီး ထွက်ကြစို့..ဂျိီးစနက် ဂရုတစိုက် နေခဲ့..."
ကျိန့်ကန်းနဲ့ဟီချန်းတို့ တစ်ဦးစီတွင် ပြောင်းချောသေနတ်၊ ပစ္စတိုနှင့် လက်ပစ်ဗုံးများစွာ ပါရှိပြီး ကျည်ဆံများလည်း လုံလောက်စွာ ပါသည်။ နှစ်ဦးစလုံးတွင် ကျည်ကာအင်္ကျီ မရှိပေမဲ့ လက်နက်အပြည့်အစုံ တပ်ဆင်ထားသည်။
လျူယောင်ကလည်း အခြေခံအားဖြင့် ဒီအတိုင်းပင်။ သူ့ရဲ့ အဓိကလက်နက်က ပြောင်းချောသေနတ်တစ်လက်နဲ့ ကျည်ကဒ် ၁၂ ခုကျော် ဖြစ်သည်။
"သွားမယ် ... သွားကြစို့"
လျူယောင် တာကီ ဘက်ကို ဦးစွာ ပြေးသွားခဲ့သည်။ သူ့ရဲ့ အမြန်နှုန်းက အလွန်မြန်ဆန် နေပြီး မီတာ ၁၀၀ ကို နှစ်စက္ကန့် သုံးစက္ကန့်အတွင်း ရောက်ရှိနိုင်တယ်ဟု ခန့်မှန်းရသည်။
" ဘုရားရေ ဒါ ဒါ..."
ဂျီးစနက်တို့သုံးဦးသား ပါးစပ်အဟောင်းသားနဲ့ အံ့အားသင့် နေကြသည်။
"လခွမ်း ဒါက လူသားတစ်ယောက်ရဲ့ အမြန်နှုန်းလားဟ....ဒီလူတွေ ဘာလို့များ ဒီလောက်မြန်မြန် ပြေးနိုင်ရတာလဲ..."
သူတို့ကို ပို အံ့အားသင့်စေတာက ကျိန့်ကန်းနဲ့ ဟီချန်းတို့ကလည်း အလွန်မြန်ဆန်ပြီး နှေးကွေးခြင်း မရှိကြပေ။
ထိုသုံးဦးက အရိပ်မည်းသုံးခုလို လျင်မြန်စွာ ရွေ့လျားနေကြပြီး တာကီ မြို့ငယ်လေးနဲ့ ပိုပိုပြီး နီးကပ်လာကြသည်။
" ဒက် ဒက် ဒက် ဒက်..."
သေနတ်သံကို မကြားရမှီ အချိန်အထိ ဂျီးစနက်တို့ သုံးဦးက ထိတ်လန့်တုန်လှုပ်မှု့ထဲတွင် နစ်မြုပ်နေကြဆဲပင်။