မိနှစ်ပိုင်းပဲ ကြာတယ်
Vol. 20 Ch. 297
လူတစ်ထောင်ကျော်ရှိတဲ့ ပရိသတ်ကြီးက တအံ့တဩ ညည်းညူသံများနဲ့ တိတ်ဆိတ်သွားကြသည်။
လျူယောင်ရဲ့ စွမ်းရည်က သူတို့ မျှော်လင့်ထားတာထက် များစွာကျော်လွန်နေသည်။ ယခုအခါ လျူယောင်က စွမ်းရည်အပြည့်ဖြင့် တိုက်ခိုက်နေလေသည်။
လျူယောင်က ကျားတစ်ကောင်လို အထူးလက်ရွေးစင်များထဲကို ပြေးဝင်သွားခဲ့သည်။ သူ့ရဲ့ တိုက်ခိုက်ပုံက ခွန်အားတစ်ခုတည်းဖြင့် လုပ်ဆောင်နေခြင်းမဟုတ်ပေ။
နည်းပြအက်တာ အစကတော့ သူ မလှုပ်ရှားဖို့ ရည်ရွယ်ခဲ့ပေမဲ့ ယခုအခါ အော်ဟစ်ကာ ပြေးဝင်သွားတော့သည်။ ထိုအခါ လေထုကို ဖြတ်သန်းသံနှင့်အတူ ကြီးမားလှတဲ့ လက်သီးတစ်ချက်ဖြင့် ကြိုဆိုခြင်းကိုသာ သူ ခံလိုက်ရသည်။ ဒီ လက်သီးချက်က မြန်ဆန်ပြီး အလွန်အားပြင်းလှသည်။
နည်းပြအက်တာက အတွေ့အကြုံရှိတာကြောင့် ဒီလက်သီးချက်ကို မြင်လိုက်တာနဲ့ တစ်ခုခုမှားနေပြီဟု ခံစားလိုက်ရသည်။
ထိုလက်သီးကို ရှောင်ဖို့ကလည်း နောက်ကျနေပြီဖြစ်တာကြောင့် လက်နှစ်ဖက်လုံး မြန်မြန်ဆန်ဆန်နဲ့ ထိုလက်သီးကို တားဆီးရန် ဖမ်းဆုပ်လိုက်သည်။
" ဖြောင်း..."
ဒီလို ဖမ်းမိရန် မျှော်လင့်နေစဉ်မှာပင် သူ့ရဲ့လက်နဲ့ ထိုလက်သီး ထိတွေ့လိုက်တဲ့အခါ လုံးဝတွန်းလှန်မရနိုင်အောင် ပြင်းထန်တဲ့ စွမ်းအားတစ်ခုကို ခံစားလိုက်ရပြီး နောက်ကို ခြေလှမ်းအနည်းငယ် ဆုတ်သွားခဲ့ရသည်။
အက်တာ အံ့အားသင့်သွား၏။ ပြီးနောက် လျူယောင်ကို စိုက်ကြည့်နေခဲ့သည်။ လျူယောင်က တော့ သူ့နောက်ကို ဆက်မလိုက်တော့ဘဲ အထူးလက်ရွေးစင်နှစ်ဦးကို လက်သီးနှစ်လုံး ပစ်သွင်းလိုက်သည်။
" ဖောင်း..ဖောင်း..."
မကြာခင်မှာပဲ တိုက်ခိုက်ရေးကွင်းပေါ်တွင် လူနှစ်ဆယ်ကျော်အနက် ငါးဦးထက်မပိုတဲ့ လူများသာ မတ်တပ်ရပ်နေနိုင်ပြီး ကျန်လူများကတော့ မြေပြင်ပေါ် လဲကျနေခဲ့သည်။
နည်းပြအက်တာက အော်ဟစ်ကာ လျူယောင်ရဲ့ ကျောပြင်ကို ခွန်အားအပြည့်ဖြင့် ပြေးထိုးလိုက်သည်။ ထိုအချိန်တွင် လျူယောင်က အခြားအထူးလက်ရွေးစင်တစ်ဦးကို လက်သီးဖြင့် ထိုးနေချိန်ဖြစ်သည်။
နည်းပြအက်တာ အခွင့်အရေးရလိုက်တာကြောင့် ဝမ်းသာအားရ ဖြစ်သွားသည်။ ထို့နောက် သူ့ရဲ့ လက်သီးကို အားအပြည့်ဖြင့် လျူယောင့် နောက်ကျောဘက်ကိုထိုးချလိုက်တော့သည်။
“ငါ့အောက်ကို ဒူးထောက်လာစမ်း ”
အက်တာ စိတ်ထဲကနေ ပျော်ရွှင်စွာ တွေးလိုက် ၏။
ထိုအချိန်မှာပဲ သူ့ရဲ့လက်သီးဆီမှ ပြင်းထန်တဲ့ တုန့်ပြန်မှုတစ်ခုကို ချက်ချင်း ခံစားလိုက်ရတာကြောင့် နည်းပြအက်တာ မျက်နှာက သိသိသာသာ ပြောင်းလဲသွားပြီး မတ်တပ်ပင် မရပ်နေနိုင်တော့ဘဲ နောက်သို့ ခြေနှစ်လှမ်း သုံးလှမ်းခန့် ဆုတ်သွားခဲ့ရသည်။
လျူယောင် နောက် လှည့်ကြည့်လိုက်ပြီး နည်းပြအက်တာရဲ့ ကိုယ်ကို ကန်လိုက်သဖြင့် နည်းပြအက်တာ မြေပြင်ပေါ်သို့ လဲကျသွားခဲ့သည်။
" ဖောင်း..."
နည်းပြအက်တာ မြေပြင်ပေါ်ကို ပြင်းပြင်းထန်ထန် လဲကျသွားပြီး ကမ္ဘာကြီးတစ်ခုလုံး လည်နေသဖြင့် ခဏတာအတွင်း မထနိုင်တော့ပေ။
လျူယောင် ကျန်ရှိနေတဲ့ အထူးတပ်ဖွဲ့ဝင် သုံးဦးကိုလည်း လက်သီးဖြင့် ထိုးလိုက်သဖြင့် လူအားလုံး မြေပြင်ပေါ် လဲကျသွားကြသည်။ ယခုအခါ တိုက်ခိုက်ရေးကွင်းပေါ်တွင် လျူယောင်တစ်ဦးတည်းသာ ရပ်နေပြီး ကျန်လူများအားလုံးမှာ မြေပြင်ပေါ်တွင် လဲလျောင်းနေခဲ့ရသည်။
တိတ်ဆိတ်ခြင်းက လွှမ်းမိုးသွားသည်။
ဗိုလ်ချုပ်ကြီးဆက် အပါအဝင် လူတိုင်းက ထိတ်လန့်တုန်လှုပ်နေတဲ့ အကြည့်များဖြင့် လျူယောင်ကို ကြည့်ကာတိတ်ဆိတ်သွားကြသည်။
“ဘာလို့ ဒီလိုဖြစ်ရတာလဲ...”
“သူတို့တွေဟာ ငါတို့ရဲ့ အထူးစစ်ဆင်ရေးလက်ရွေးစင်တွေ မဟုတ်ဘူးလား... ဘာလို့ မြေပေါ်မှာ အားလုံးလဲကျနေရတာလဲ..."
လူတိုင်းက အချိန်အတော်ကြာတဲ့အထိ တုန့်ပြန်နိုင်ခြင်း မရှိတော့ပေ။ အစောပိုင်းက တိတ်ဆိတ်နေတဲ့ ကွင်းက ရုတ်တရက် အော်ဟစ်သံများဖြင့် ပြည့်နှက်သွားသည်။
“မယုံနိုင်စရာပဲ... ငါ့မျက်စိနဲ့ ကိုယ်တိုင်မမြင်ရရင် အသတ်ခံရရင်တောင်မှ ငါယုံမှာမဟုတ်ဘူး...”
"လူ ၂၃ ယောက်ကို ၃ မိနစ်အတွင်းမှာ အနိုင်ယူလိုက်တာလား..."
" ဒီ ယန်နိုင်ငံ က ဘယ်လိုတောင် အစွမ်းထက်လာတာလဲ..."
အရာရှိနှင့် စစ်သား တစ်ထောင်ကျော်အနက် ဘယ်သူမှ တိတ်ဆိတ် မနေနိုင်ကြတော့ပေ။ အချို့က တိုက်ခိုက်ရေးကွင်းကို စိုးရိမ်တကြီးကြည့်နေကြသလို အချို့ကလည်း သူတို့ရဲ့အပေါင်းအဖော်များနဲ့ ထိတ်လန့်တုန်လှုပ်စွာ စကားပြောနေကြသည်။
နည်းပြ အက်တာနှင့် အခြားလူများက တစ်ဦးပြီးတစ်ဦး ပြန်ထလာကြသည်။ လျူယောင်က သူတို့အား ပြင်းပြင်းထန်ထန် ထိုးကြိတ်ခြင်း မရှိခဲ့တာကို ခန့်မှန်းနိုင်သည်။ သူ့ရဲ့ ခွန်အား ၂၀ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းအထိပင် အသုံးမပြုခဲ့ခြင်း ဖြစ်နိုင်လောက်သည်။
မဟုတ်ရင် သူတို့ဘယ်လိုလုပ်ပြန်ထနိုင်မှာလဲ။ လျူယောင်ကသာ အားကုန်သုံးပြီး တိုက်ခိုက်ခဲ့မယ်ဆိုရင် သူတို့ရဲ့အရိုးတွေတောင် အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားနိုင်သည်။
ဗိုလ်ချုပ်ကြီးဆက်က လေးစားကြည်ညိုုတဲ့ အကြည့်ဖြင့် လျူယောင်ထံ လျှောက်လာပြီး ပြောလိုက်သည်။
“မစ္စတာလျူ.. မင်းတို့ သုံးယောက်က အဲဖရက်ရဲ့ လူနှစ်ရာနီးပါးကို သတ်နိုင်ခဲ့တာကို အခုတော့ ငါယုံကြည်သွားပါပြီ...."
“အဲဖရက်ဆိုတာ ဘာမှမဟုတ်ဘူး...မင်းသာ ငါတို့အတွက် ရုတ်ဒက်စ် လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်တွေရဲ့ နေရာတွေကို ရှာပေးနိုင်မယ်ဆိုရင် သူတို့ကိုလည်း ငါ သတ်နိုင်ပါတယ်..”
လျူယောင် ပြုံးကာ ပြန်ပြောလိုက်၏။
“စိတ်မပူပါနဲ့...ရုဒ် လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်တွေရဲ့ နေရာကို ရှာဖွေပြီး ခင်ဗျားတို့ရဲ့ အမဲလိုက်မှု့အတွက် အချက်အလက်တွေ ပေးဖို့ ငါတို့ အပြည့်အဝ ကြိုးစားသွားမှာပါ...”
ယခုအခါ ဝံပုလွေကြေးစားများ လေကျင့်ဖို့အတွက် ဂျောင်ရှီတပ်စခန်းတွင် ဆောက်လုပ်ပြီးစီးခဲ့ပြီပဲ ဖြစ်သည်။ နည်းပြအက်တာအပါအဝင် လူ ၂၃ ဦးကို ၃ မိနစ်အတွင်း လျူယောင် အနိုင်ယူခဲ့တာကြောင့် ဝန်ကြီးချုပ်ဟာဆန်းက ပိုမို ယဥ်ကျေးလာခဲ့သည်။
လျူယောင်က ဗိုလ်ချုပ်ကြီးဆက်နဲ့အတူ ဆခ်နာတွင် နှစ်ရက်နေရန် တောင်းဆိုခဲ့သည်။ ကျိန်ကန်းနဲ့ ဟီချန်းတို့လည်း ရောက်ရှိလာပြီး လေ့ကျင့်ရေးစခန်းကို ဝင်ရောက် ပူးပေါင်းခဲ့သည်။
နှစ်ရက် သုံးရက်အတွင်း ကျိန့်ကန်းက နိုင်ငံတကာမှ ကြေးစားလေးဦးကို စုဆောင်းနိုင်ခဲ့သည်။
ထိုသူတို့က အငြိမ်းစားယူထားတဲ့ အထူးတပ်ဖွဲ့ဝင်များဖြစ်ကြပြီး ကြေးစားလောကတွင် နှစ်ပေါင်းများစွာ ကျင်လည်နေခဲ့ကြသူများလည်း ဖြစ်ကြသည်။
ဝံပုလွေကြေးစားအဖွဲ့က လစာကောင်းကောင်း ပေးသဖြင့် နှစ်ရက် သုံးရက်အတွင်း ပါဝင်လိုတဲ့ ကြေးစားစစ်သား ဒါဇင်များစွာ ရှိခဲ့သည်။
ကျိန့်ကန်းနဲ့ဘ ဟီချန်းတို့က အရည်အချင်းမြင့်မားတဲ့ သူများကိုသာ ရွေးချယ်လိုသဖြင့် တင်းကြပ်တဲ့ စည်းကမ်းချက်များချမှတ်ကာ လေးဦးကိုသာ ရွေးချယ်ခဲ့သည်။
တစ်နည်းအားဖြင့် ကျိန့်ကန်းနဲ့ဟီချန်းတို့ အပါအဝင် ဝံပုလွေကြေးစားအဖွဲ့တွင်အဖွဲ့ဝင် ၇ ဦ ရှိလာခဲ့သည်။
လျူယောင် သူတို့ကို လေ့ကျင့်ရေးစခန်းမှာ တွေ့ပြီး အားပေးစကား ပြောကြားခဲ့သည်။ ဒါ့အပြင် တစ်ဦးချင်းစီကို မျိုးဗီဇပြောင်းဆေးဝါးများ ပေးခဲ့သည်။
လျူယောင်က အိမ်မွေးတိရစ္ဆာန်ချပ်ပြားမှတစ်ဆင့် သူတို့တစ်ဦးစီအား စွမ်းရည်အမှတ် ၁၀၀ စီ ပေါင်းထည့် ပေးလိုက်သည်။
အနည်းငယ်လေ့ကျင့်လိုက်ရုံနဲ့ သူတို့ဟာ ကမ္ဘာပေါ်တွင် အစွမ်းအထက်ဆုံး ကြေးစားဘုရင်များ ဖြစ်လာကြပေလိမ့်မည်။
စွမ်းရည်အမှတ် ၁၀၀ ကို လျှော့မတွက်သင့်ပေ။ စွမ်းရည်အမှတ် ၁၀၀ ပေးပြီးတာနဲ့ သူတို့ရဲ့ ခန္ဓာကိုယ်ကြံ့ခိုင်မှု့က တစ်ပြိုင်နက် တိုးတက်လာသည်။ ဥပမာအားဖြင့် သူတို့ရဲ့ ခွန်အားက နှစ်ဆတိုးလာပြီး တုံ့ပြန်မှုအရှိန်နှင့် ခံနိုင်ရည်တို့ကလည်း အလုံးစုံ မြှင့်တင်ခံခဲ့ရသည်။
ဒီလူတွေအား သူ့အပေါ် သစ္စာရှိရမည်၊ ခေါင်းဆောင်ရဲ့ စကားကို တိတိကျကျနာခံရမည်ဟု လျူယောင် ဟောပြောခဲ့သည်။
သစ္စာမရှိပါက ဝံပုလွေကြေးစားအဖွဲ့ မှ ဖယ်ရှားခံရမှာဖြစ်သည်။ ဒီလို ဖယ်ရှားခံရပါက သူတို့က မျိုးဗီဇဆိုင်ပြောင်းဆေးဝါးများကို သောက်သုံးရန် အခွင့်အရေး မရှိတော့ပေ။
လျူယောင်က သူတို့သောက်ခဲ့တဲ့ မျိုးဗီဇပြောင်းဆေး အာနိသင်မှာ အမြဲတမ်း မတည်မြဲဘဲ သက်တမ်း တစ်နှစ်သာ ရှိတယ်ဟု ပြောခဲ့သည်။ ဒါက သူတို့ကို လိမ်လည်ပြောဆိုခြင်း သာဖြစ်သည်။
ဒီလိုပြောရခြင်းရဲ့ရည်ရွယ်ချက်မှာ သူတို့အား ပိုသစ္စာရှိလာစေရန်ဖြစ်သည်။
သူ၏ အဖွဲ့သားများ ပိုမို့ အားကောင်းလာစေရန် လျူယောင် မျှော်လင့်ထားသည်။ မျိုးဗီဇပြောင်းဆေးကို သောက်သုံးပြီးနောက် သူတို့က မကြာမီမှာပင် ပိုမိုအားကောင်းလာတာကို ခံစားရမှာဖြစ်သဖြင့် ထိုအစွမ်းများ ဆက်လက်တည်ရှိနေရန် လိုအပ်နေမှာပဲ ဖြစ်သည်။ဒီနည်းလမ်းဖြင့် ဝံပုလွေကြေးစားအဖွဲ့မှ ဘယ်သူ့မှ နုတ်ထွက်လိုခြင်း ရှိမှာမဟုတ်ပေ။
ဒါ့အပြင် လျူယောင်က သူတို့အား ယခုပေးထားတဲ့ ဆေးမှာ အခြေခံအကျဆုံး မျိုးဗီပြောင်းဆေးသာဖြစ်ပြီး အဆင့်မြင့်မျိုးရိုးဗီဇပြောင်းဆေးများနဲ့ အထူးအဆင့်မြင့် မျိုးရိုးဗီဇပြောင်းဆေးများလို အဆင့်များစွာ ရှိသေးကြောင်း ပြောကြားခဲ့သည်။
ပိုမိုသန်မာလာလိုပါက အနာဂတ်တွင် ပိုမိုကောင်းမွန်တဲ့ မျိုးဗီဇပြောင်းဆေးဝါးများ သောက်သုံးနိုင်ဖို့က သူ့အပေါ် လုံးဝသစ္စာရှိရမည်ဖြစ်သည်။
လေ့ကျင့်မှုအပြီးတွင် လျူယောင်က တစ်ဦးစီအား မျိုးရိုးဗီဇပြောင်းဆေးများပေးပြီးနောက် စိတ်အေးချမ်းသာစွာ ထွက်လာခဲ့သည်။
ထို့အပြင် အနာဂတ်တွင် တစ်စုံတစ်ဦးသစ္စာဖောက်ပါက လျူယောင် ထိုသူ့အတွက် ပေါင်းထည့်ထားတဲ့ အမှတ်များကို ပြန်လည်ရယူနိုင်ပေသည်။
ဆခ်နာတွင် နှစ်ရက် သုံးရက်ခန့်နေပြီးနောက် လျူယောင် ထွက်ခွာတော့မှာဖြစ်သည်။
အဲဖရက် သေဆုံးပြီးတဲ့နောက် အမေရိကန်ဒေါ်လာ ၂.၁ ဘီလီယံကျော် သူ ရရှိခဲ့သည်။ ကြေးစားအဖွဲ့ စခန်းကိုလည်း ထူထောင်ပြီးပြီ ဖြစ်သည်။
ဝံပုလွေကြေးစားအဖွဲ့က အနာဂတ်အတွက် နောက်တစ်ဆင့်မှာ လေ့ကျင့်ခြင်း၊ ပြေးခြင်းနှင့် အချင်းချင်းနားလည်မှု့ တည်ဆောက်ခြင်းတို့ က သူတို့ဘာသာ လုပ်ရမှာပဲ ဖြစ်သည်။
ယန်နိုင်ငံကို လျူယောင် ပြန်ရန် နီးကပ်လာတဲ့အခါ ဝန်ကြီးချုပ်ဟာဆန်းက ရုဒ် လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က သူ့ရဲ့ သင်္ဘောကြီးဖြစ်တဲ့ လိန်ရှင်း သင်္ဘောကို ပစ်မှတ်ထားနေကြောင်း ထောက်လှမ်း ရေးမှ ရတဲ့ သတင်းတစ်ခုအားလျူယောင်ကို ပြောပြလိုက်သည်။