အစောက့်အရှောက် စစ်သင်္ဘော
Vol. 20 Ch. 298
“ဘာ...လိန်ရှင်း သင်္ဘောကို တိုက်ခိုက်ဖို့ ကြံစည်နေတာလား...”
လျူယောင် စိတ်ထဲကနေ လှောင်ပြောင်လိုက်သည်။ ဒီရုဒ် လက်နက်ကိုင်အဖွဲ့က အဲဖရက် အတွက် လက်စားချေရန် ကြိုးစားနေပုံရသည်။
“ဝန်ကြီးချုပ် ဒီသတင်းပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ခင်ဗျား...”
ဝန်ကြီးချုပ် ဟာဆန်းက စိုးရိမ်တကြီး ပြောလိုက်၏။
“ကျွန်တော်တို့ရထားတဲ့ သတင်းအချက်အလက်အရ ရုဒ် လက်နက်ကိုင်အဖွဲ့က သူတို့ရဲ့ အဖွဲ့ဝင်တွေကို ဆိုမာလီယာ ပင်လယ်ဓားပြပုံစံ ဝတ်ဆင်ထားပြီး မစ္စတာလျူရဲ့..ကုမ္ပဏီပိုင် သင်္ဘောကို တိုက်ခိုက်ဖို့ ပြင်ဆင်နေပါတယ်...”
ရုဒ်လက်နက်ကိုင်အဖွဲ့က ဆိုမာလီယာ ပင်လယ်ဓားပြပုံစံ ဟန်ဆောင်ရတဲ့အထိ နိမ့်ကျသွားခဲ့ပြီဖြစ်တာကြောင့် လျူယောင် ထိုအဖွဲ့ကို အထင်သေးသွားခဲ့သည်။
ရုဒ် လက်နက်ကိုင်အဖွဲ့က နိုင်ငံတကာရဲ့ ပြစ်တင်ရှုတ်ချခြင်းကို ကြောက်သဖြင့် ပေါ်တင်လုပ်ရဲခြင်း မရှိပေ။
ဒီလို ကြောက်ရွံ့ခြင်းသာ မရှိပါက လက်နက်တပ်ဆင်ထားတဲ့ စစ်သင်္ဘောများ ရဟတ်ယာဉ်များဖြင့် တိုက်ခိုက်နိုင်တာ ကို သူတို့ သိထားသည်။
ဝန်ကြီးချုပ် ဟာဆန်းက စိုးရိမ်တကြီး မေးလိုက်သည်။
“မစ္စတာလျူ..ကျွန်တော်တို့ရဲ့ စစ်သင်္ဘောတစ်စီးကို 'လိန်ရှင်း " နဲ့ လိုက်ပါပေးဖို့ လိုအပ်ပါသလားခင်ဗျာ..."
လျူယောင်က ခေါင်းယမ်းကာ ပြန်ဖြေလိုက်သည်။
“မလိုပါဘူး..ဝန်ကြီးချုပ်ရဲ့ စေတနာကို ကျေးဇူးတင်ပါတယ်..အေဒင်ပင်လယ်ကွေ့မှာ ရှိတဲ့ ကျွန်တော်တို့ရဲ့ စစ်သင်္ဘောအုပ်စုနဲ့ ဆက်သွယ်လိုက်ပါ့မယ်...”
“ဒီလိုဆိုလည်း ကောင်းတာပေါ့ဗျာ..”
ဝန်ကြီးချုပ် ဟာဆန်း ပြန်ဖြေလိုက်၏။
ဟာဆန်းက လျူယောင်အား ဆခ်နာလေဆိပ်ကို ကိုယ်တိုင်လိုက်ပို့ပေးခဲ့တဲ့အထိ ယဉ်ကျေးနေခဲ့သည်။
လေဆိပ်ကို သွားတဲ့ လမ်းတွင် လျူယောင် ကားထဲ၌ပင် လိပ်ကြီးနဲ့ ဆက်သွယ်ခဲ့သည်။
လိပ်ကြီးက အိန္ဒိယသမုဒ္ဒရာတွင် ရှိနေတာဖြစ်ပြီး ယခုလက်ရှိတည်နေရာက အာရေဗျပင်လယ်တွင် ဖြစ်တာကြောင့် အေဒင်ပင်လယ်ကွေ့နှင့် သိပ်မဝေးပေ။ လိပ်ကြီးရဲ့ အလျင်နှုန်းနဲ့ဆို "လိန်ရှင်း "ရှိတဲ့ ပင်လယ်ပြင်ကို နှစ်နာရီ ဒါမှမဟုတ် သုံးနာရီအတွင်း ရောက်ရှိနိုင်မှာပဲ ဖြစ်သည်။
ဒါပေမဲ့ လျူယောင်က လိပ်ကြီးကို အသုံးပြုရန် ရည်ရွယ်ချက်မရှိဘဲ ယန်နိုင်ငံရဲ့ အေဒင်ပင်လယ်ကွေ့မှာရှိတဲ့ အစောင့်အရှောက် စစ်သင်္ဘောအုပ်စုကို တယ်လီဖုန်းဖြင့် ဆက်သွယ်ခဲ့သည်။
ပင်လယ်ထဲတွင် Universal ရဲ့ ကွန်တိန်နာသင်္ဘောကြီးဖြစ်တဲ့ "လိန်ရှင်း "က ရွက်လွှင့်နေပြီး နောက် နှစ်နာရီခန့်ဆို ပင်လယ်နီထဲသို့ ဝင်ရောက်တော့မှာ ဖြစ်သည်။
ကပ္ပတိန် စွန်မင်းက အေဒင်ပင်လယ်ကွေ့ကို ဖြတ်သန်းသွားရတဲ့အခါတိုင်း ပင်လယ်ဓားပြ စပိဒ်ဘုတ်များနှင့် တွေ့ကြုံမှာကို စိုးရိမ်ခဲ့ရသဖြင့် စိတ်သက်သာရာရသွားသည်။
ကံကောင်းစွာပင် ခရီးစဉ်က အေးအေးဆေးဆေးဖြစ်နေပြီး ပင်လယ်ဓားပြ စပိဒ်ဘုတ်များကိုလည်း မတွေ့ခဲ့ရပေ။
ပင်လယ်နီထဲကို ဝင်ရောက်ပြီးနောက် သင်္ဘောများက ယေဘုယျအားဖြင့် လုံခြုံပေသည်။ ပင်လယ်နီတွင် လှုပ်ရှားနေတဲ့ ပင်လယ်ဓားပြများက အလွန်နည်းပါးတာကိုလည်း ကပ္ပတိန်စွန်မင်း သိထားသည်။
နှစ်နာရီကြာပြီးနောက် လိန်ရှင်းသင်္ဘောက ပင်လယ်နီ ရေပြင်ကို ရောက်ရှိလာသဖြင့် ကပ္ပတိန် စွန်မင်းလည်း လုံးဝစိတ်အေးသွားခဲ့သည်။
ပင်လယ်နီကို ဖြတ်ပြီး ဆူးအက်တူးမြောင်းကို ဖြတ်သန်းသွားပါက မြေထဲပင်လယ်ကို ရောက်ရှိပြီးနောက်တွင် နိုင်ငံ D မှ ဆိပ်ကမ်းကြီးကို ရောက်ရှိမှာပဲ ဖြစ်သည်။
လိန်ရှင်းသင်္ဘောက ကွန်တိန်နာ ၁၃,၀၀၀ အပြည့် တင်ဆောင်လာတဲ့ သင်္ဘောအသစ်တစ်စီးဖြစ်ပြီး Universal ရဲ့ အကြီးဆုံး ကွန်တိန်နာသင်္ဘောများထဲမှ တစ်စီးလည်း ဖြစ်သည်။
ရုတ်တရက် ကပ္ပတိန်စွန်မင်းရဲ့ မျက်လုံးများက မှေးစင်းသွားသည်။ အဝေးက ပင်လယ်ထဲမှာ လှုပ်ရှားမှု့တစ်ခုခု ရှိနေပုံရသဖြင့် သူက မှန်ဘီလူးကို အမြန်ယူလိုက်ပြီး ကြည့်လိုက်တော့ အနက်ရောင်အစက်သေးသေးလေး ငါးစက်က သူတို့ဘက်ကို အမြန်မောင်းနှင်လာတာကို တွေ့လိုက်ရသည်။
“ဒါ ပင်လယ်ဓားပြ စပိဒ်ဘုတ်တွေများလား”
“မဟုတ်လောက်ပါဘူး...ဒါ ပင်လယ်နီပဲလေပင်လယ်ဓားပြတွေက ဒီအထိရောက်လာတာလား...”
ကပ္ပတိန်စွန်ရှင်း နှစ်မိနစ် သုံးမိနစ်ကြာအောင် ကြည့်ပြီးနောက် မှန်ဘီလူးထဲမှ ပိုရှင်းရှင်းလင်းလင်းမြင်လိုက်ရသည်။ ထိုအရာများက တကယ်ပဲ ပင်လယ်ဓားပြ စပိဒ်ဘုတ်များပင် ဖြစ်သည်။
တစ်စီးစီတွင် လက်နက်ကိုင်အများအပြား ပါရှိပြီး AK47 လို လက်နက်များ ကိုင်ဆောင်ထားကာ ပင်လယ်ဓားပြတစ်ဦးစီက ခေါင်းပေါင်းနှင့် အနက်ရောင် ဒါမှမဟုတ် အဖြူရောင် ဝတ်စုံရှည်ကို ဝတ်ဆင်ထားကြ သည်။
" တောင် တောင် တောင် တောင်..."
“ပင်လယ်ဓားပြတွေ... ပင်လယ်ဓားပြတွေ လာနေပြီ...”
ကပ္ပတိန်စွန်မင်း ကျယ်လောင်စွာ အော်ဟစ်ပြီး သင်္ဘောပေါ်က အချက်ပြခေါင်းလောင်းကို ကိုယ်တိုင်တီးလိုက်သည်။ ချက်ချင်းဆိုသလိုပင် သင်္ဘောသားအားလုံး အခြေအနေကို သိသွားကြသည်။
“ပင်လယ်ဓားပြတွေ လာနေပြီ!”
“မြန်မြန်ပုန်း.. ခေါင်းမပေါ်စေနဲ့..”
ကြောက်လန့်နေသော သင်္ဘောသားအချို့မှလွဲပြီး ကျန်သင်္ဘောသားအများစုက စိတ်အေးလက်အေး ရှိနေကြသည်။ ဒီအရာက အရေးပေါ် လေ့ကျင့်ခန်းများ ပုံမှန်ပြုလုပ်နေခြင်းကြောင့်လည်း ပါဝင်သည်။ Universal ရဲ့ သင်္ဘောတိုင်းက ပင်လယ်ဓားပြအရေးပေါ် လေ့ကျင့်ခန်းများ အပါအဝင် အရေးပေါ်လေ့ကျင့်ခန်းအမျိုးမျိုးကို ပြုလုပ်လေ့ရှိသည်။
ပင်လယ်ဓားပြတွေရဲ့ စပိဒ်ဘုတ်များက ပိုမိုနီးကပ်လာခဲ့ သည်။
ရုတ်တရက် သင်္ဘောသားတစ်ဦးက အံသြစွာ အော်ပြောလိုက်သည်။
“ကပ္ပတိန်.. ကျွန်တော်တို့နောက်ကို ... ကြည့်ပါအုံး...”
လိန်ရှင်းသင်္ဘောရဲ့ နောက်ဘက်တွင် အေဒင်ပင်လယ်ကွေ့ဘက်မှ ဒုံးပျံဖရီးဂိတ်စစ်သင်္ဘောတစ်စီးက လေနှင့်လှိုင်းများကို ကျော်ဖြတ်ပြီး အမြန်မောင်းနှင်လာနေတာကို တွေ့လိုက်ရသည်။
“ဒါက ကျွန်တော်တို့နိုင်ငံရဲ့ စစ်သင်္ဘောဖြစ်ပါစေလို့ မျှော်လင့်ပါတယ်...”
ကပ္ပတိန်စွန်မင်း မှန်ဘီလူးကိုယူပြီး စစ်သင်္ဘောကိုကြည့်လိုက်ရာ သူ့မျက်နှာပေါ်တွင် အံ့အားသင့်မှုများ ပေါ်ပေါက်လာသည်။
ဒီစစ်သင်္ဘောက သူတို့နိုင်ငံရဲ့ အစောင့်အရှောက် စစ်သင်္ဘောဖြစ်တာကို သူရှင်းရှင်းလင်းလင်း မြင်ရပြီး လေထဲတွင် လွှင့်နေသည့် အလံနီကလည်း အထူးထင်ရှားနေသည်။
“ဝိူး..အရမ်းရင်ခုန်စရာပဲ..အရမ်းစိတ်လှုပ်ရှားစရာပဲ..”
“စိတ်အေးအေးထားကြ..ငါတို့ရဲ့စစ်သင်္ဘောက ငါတို့ကို ကယ်ဆယ်ဖို့ လာနေတာပါ..”
လိန်ရှင်း သင်္ဘောပေါ်မှ သင်္ဘောသားများက ပျော်ရွှင်နေကြသည်။ စစ်သင်္ဘောက ဒီပင်လယ်ဓားပြများကို သေချာပေါက် သတိထားမိခဲ့ပြီးဖြစ်ကာ စစ်သင်္ဘောပေါ်မှ ရဟတ်ယာဉ်တစ်စီးကလည်း ပင်လယ်ဓားပြများဆီကို တိုက်ရိုက် ပျံသန်းနေပြီဖြစ်သည်။
" ဒက် ဒက် ဒက် ဒက်.. "
ရဟတ်ယာဉ်ပေါ်က စက်သေနတ်ဖြင့် ပင်လယ်ရေပြင်ပေါ်ရှိ ပင်လယ်ဓားပြ စပိဒ်ဘုတ်များကို ပစ်ခတ်လိုက်သည်။ ရေမျက်နှာပြင်ပေါ်တွင် ကျည်ဆန်များက လှိုင်းလုံးများကို ထပျံစေခဲ့ သည်။
မကြာမီတွင် ပင်လယ်ဓားပြ စပိဒ်ဘုတ်တစ်စီး ရပ်တန့်သွားပြီး မီးခိုးများ ထွက်ပေါ်လာသည်။ကပ္ပတိန်စွန်မင်းက မှန်ဘီလူးဖြင့် ရှင်းရှင်းလင်းလင်း မြင်လိုက်ရတာက စပိဒ်ဘုတ်ပေါ်ရှိ ပင်လယ်ဓားပြအားလုံး သေဆုံးသွားခြင်းပင် ဖြစ်သည်။
ရဟတ်ယာဉ်ပေါ်ရှိ စက်သေနတ်များက ဆက် လက်ပစ်ခတ်နေတာနဲ့အမျှ ကျန်ပင်လယ်ဓားပြ စပိဒ်ဘုတ်များကလည်း အမြန်နူန်း နှေးကွေးသွားပြီး မီးခိုးများ ထွက်လာတော့သည်။
အဝေးက စစ်သင်္ဘောပေါ်မှ အနောက်ဘက် တံခါးပေါက် ပွင့်သွားပြီး စပိဒ်ဘုတ်နှစ်စီး ထွက်လာကာ သူတို့ဘက်သို့ အမြန်နှုန်း အပြည့်နဲ့ မောင်းနှင်လာခဲ့သည်။ အကွာအဝေး နီးကပ်လာတာနဲ့အမျှ စပိဒ်ဘုတ်များပေါ်ရှိ စက်သေနတ်များဖြင့် ပင်လယ်ဓားပြများအား စတင်ပစ်ခတ်တော့သည်။
" ဒက် ဒက် ဒက် ဒက်..."
လိန်ရှင်း သင်္ဘောပေါ်မှ သင်္ဘောသားများက အလွန်စိတ်လှုပ်ရှားနေကြသည်။
လူတိုင်း မှန်ဘီလူးများမှတစ်ဆင့် ပင်လယ်ပြင်ပေါ်မှ အခြေအနေများကို မြင်တွေ့ရပြီး ပင်လယ်ဓားပြများ တစ်ဦးပြီးတစ်ဦး ကျဆုံးသွားတာကို တွေ့မြင်ရတာကြောင့် စိတ်လှုပ်ရှားနေခဲ့ကြသည်။
........
ဟွာဟိုင်းမြို့ကို ပျံသန်းနေတဲ့ ခရီးသည်တင်လေယာဉ်ပေါ်တွင် လျူယောင် တစ်ရေးအိပ်ပြီးနောက် နိုးလာခဲ့သည်။
လေယာဉ်ပေါ်မှ ပထမတန်းစားဝန်ဆောင်မှု့က အလွန်ကောင်းမွန်လှသည်။ အိပ်တော့မယ်ဆိုရင် လေယာဉ်မယ်တစ်ဦးက စောင်လာပေးပြီး နိုးလာတဲ့အခါတွင်လည်း လေယာဉ်မယ်တစ်ဦးက စကားလာပြောပေးသည်။
လျူယောင်က ရေသန့်တစ်ခွက် တောင်းလိုက်ပြီး အနည်းငယ်သောက်လိုက်သည်။ ထို့နောက် ရေချိုးခန်းကိုသွားပြီး အချိန်ကိုကြည့်လိုက်၏။
“လေယာဉ်မယ်... ဟွားဟိုင်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ရောက်ဖို့ ဘယ်လောက်ကြာဦးမလဲ..”
လေယာဉ်မယ်က ချိုသာစွာပြုံးပြလိုက်ပြီး ဖြေဖို့ပြင်ဆင်လိုက်စဉ် လေယာဉ်ပေါ်မှ ကြေညာချက်တစ်ခု ထွက်ပေါ်လာသည်။
“ခရီးသည်အပေါင်းတို့ရှင်... ကျွန်မတို့လေယဥ်က ဟွာဟိုင်း အပြည်ပြည်ဆိုင်ရာလေဆိပ်ကို နောက် မိနစ် ၃၀ အတွင်း ရောက်ရှိပါတော့မယ်ရှင်...”
မိနစ်သုံးဆယ်သာ လိုတော့တာကို လျူယောင်စိတ်ထဲမှ သိလိုက်ရသည်။သူက သုံးနာရီ လေးနာရီလောက် အိပ်ပျော်သွားခဲ့သည်။
အချိန် မိနစ်သုံးဆယ်က အလွန်လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။ လျူယောင်က ခရီးဆောင်အိတ်များမပါတာကြောင့် လက်ဗလာဖြင့် လေယာဉ်ပေါ်မှ ဆင်းခဲ့သည်။ လေဆိပ်မှ ထွက်ခွာတော့မဲ့အချိန်တွင် အနီးနားက အမှိုက်ပုံးတစ်ခုကို တွေ့လိုက်သည်။
သူ့ရဲ့ အိတ်ကပ်ထဲမှ ပထမတန်းစားလေယာဉ်မယ် ပေးခဲ့တဲ့ စာရွက်ငယ်လေးကို အမှိုက်ပုံးထဲသို့ လျူယောင် ပစ်ထည့်လိုက်သည်။
“ဒီစာရွက်ထဲက ဖုန်းနံပါတ်ကိုတော့... ငါ ဘယ်တော့မှ ဆက်မှာ မဟုတ်ဘူး....”
လျူယောင် စိတ်ထဲကနေ တွေးလိုက်သည်။
သူ လေဆိပ်အပြင်ဘက်ကို လျှောက်လာရင်း အဝးမှ လီချန်လဲ့ကို မြင်လိုက်ရသည်။
သူမက ဟိုဘက်ဒီဘက်လှည့်ပတ်ကြည့်နေပြီး သူမဘေးတွင် အနီရောင် ပေါ်ရှေးကားတစ်စီး ရပ်ထား၏။
သူမအား လက်ဝှေ့ယမ်းပြလိုက်ပြီး လျူယောင် လျင်မြန်စွာ လျှောက်လာခဲ့သည်။
လျူယောင်ကို နောက်ဆုံးတွင် မြင်လိုက်ရတာကြောင့် ဝမ်းသာအားရဖြင့် လီချန်လဲ့ ပြေးလာခဲ့သည်။
ဒီလို ပြေးသွားတာကို လူအများအပြားက အာရုံစိုက်ကြည့်ရှုနေကြပြီး အထူးသဖြင့် လူငယ်များက လီချန်လဲ့ကို ကြည့်နေကြသည်။
လီချန်လဲ့က လှပပြီး အသားအရေ ဖြူဖွေးကာ ခြေတံလည်း ရှည်လျား၏။ နွေရာသီဖြစ်သဖြင့် ခြေတံအရှည်ကြီးတစ်စုံတည်းကပင် မိန်းကလေးအများစုကို အနိုင်ယူနေပြီ ဖြစ်သည်။
“အစ်ကိုယောင် ”
လီချန်လဲ့ ပျော်ရွှင်စွာအော်ဟစ်ပြီး လျူယောင်ကို ပွေ့ဖက်လိုက်သည်။
လျူယောင်ကလည်း လီချန်လဲ့ရဲ့ ခါးကို ညင်သာစွာ ပွေ့ဖက်လိုက်တော့သည်။